← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၁

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လုရှန်တာ၏ ပြောပြချက်ကို နားထောင်ပြီးနောက် ကျန်းတင်းယွင်၏ စိတ်ထဲတွင် အချိန်အတော်ကြာ တုန်လှုပ်သွားရသည်။

ဝေဝူရွှမ် မသေသေးကြောင်းကို သူ မယုံနိုင်အောင် ဖြစ်နေသည်။ အသုဘအခမ်းအနား ကျင်းပနေစဉ်အတွင်း သူ ရုပ်ဖျက်ကာ တိတ်တဆိတ် သွားရောက်စုံစမ်းခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ကမ်းရိုးတန်းပြည်နယ်၏ နာမည်ကျော် စစ်ဧကရာဇ် ဖြစ်သောကြောင့် လူအများအပြားသည် ဝမ်းနည်းကြောင်း ပြောကြားရန်အတွက် အသုဘအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှန်ထျန်ဂိုဏ်းသည် နတ်ဓားဂိုဏ်း၏ ရန်ဘက်ဖြစ်သော်လည်း အပြင်ပန်းအသွင်အပြင်ကို ထိန်းသိမ်းရန် လိုအပ်သဖြင့် အကြီးအကဲတစ်ဦးအသွင် ရုပ်ဖျက်ကာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဝေဝူရွှမ် အမှန်တကယ် သေဆုံးသွားကြောင်းနှင့် ရုပ်အလောင်း၌ အသက်ရှိသည့် လက္ခဏာ လုံးဝမရှိကြောင်း အတည်ပြုခဲ့သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေ၏။ ဟန်ဆောင်သေဆုံးခြင်းမျိုး လုံးဝ မဖြစ်နိုင်ဟု သူ ယူဆခဲ့သည်။

သို့သော် လုရှန်တာကိုယ်၌က ပြောပြလာသောကြောင့် ဝေဝူရွှမ်သည် အမှန်တကယ် အသက်ရှင်နေနိုင်ပြီး လှည့်ကွက်အချို့ကို သုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း သူမယုံချင်သော်လည်း ယုံလိုက်ရ၏။

သို့သော်လည်း သူ၏ အာရုံကို အဖမ်းစားနိုင်ဆုံးမှာ လင်းချန်နှင့် ပတ်သက်၍ ပြောပြချက်ပင်။ သေခြင်းအရှိန်အဝါကို ခုခံနိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်နှင့် မြို့ကြီးများပမာ ကြီးမားလှသော တိမ်တိုက်လှေငါးစင်း... ထိုအရာများကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေတော့၏။

သူ့ထံ၌လည်း တိမ်တိုက်လှေများ ရှိသော်လည်း လုရှန်တာ ပြောပြသည့် လှေများနှင့် နှိုင်းယှဉ်လျှင် အရွယ်အစားပမာဏချင်း လုံးဝ ယှဉ်၍ မရပေ။

ထိုအခိုက်မှာပင် သူ၏ မျက်လုံးများထဲ၌ လောဘရိပ်များ ဖြတ်ပြေးသွားပြီး ထိုကြီးမားသော တိမ်တိုက်လှေများကိုသာ ရရှိခဲ့ပါက စုဆောင်းနိုင်မည့် ကြွယ်ဝချမ်းသာမှုများကို တွေးတောနေမိသည်။

သူ၏ အတွေးများကို ရိပ်မိပုံရသော လုရှန်တာက ပြောလိုက်သည်။

"ခင်ဗျားသာ ငါ့ရဲ့ စည်းကမ်းချက်တွေကို ကြိုတင်သဘောမတူရင်တော့ အဲဒီ အဆင့်မြင့် တိမ်တိုက်လှေတွေကို ရရှိဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။"

ထိုစကားကြောင့် ကျန်းတင်းယွင် တွေဝေသွားပြီး ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်သွားရ၏။

သူ အနည်းငယ် တွေးတောပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အကြီးအကဲ... တကယ်လို့ ခင်ဗျားရဲ့ စည်းကမ်းချက်တွေကို သဘောတူလိုက်ပြီးမှ ခင်ဗျားက ကတိဖျက်ပြီး ထွက်သွားရင် ကျွန်တော်က အကူအညီတောင်းစရာ လူမရှိဘဲ တစ်သက်လုံး နောင်တရရမယ့် အဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူးလား။"

သူ၏ စိုးရိမ်ပူပန်မှုကို နားလည်သော လုရှန်တာက ပြန်ပြောလိုက်၏။

"အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ခင်ဗျားက အဲဒီ အရည်အသွေးမြင့် တိမ်တိုက်လှေတွေကို လိုချင်သလို ငါလည်း လိုချင်တာပဲ။ ဒီလို တူညီတဲ့ ရည်မှန်းချက် ရှိနေမှတော့ ငါတို့ သေချာပေါက် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်ရမှာပေါ့။"

ဆုံးဖြတ်ချက် မချနိုင်သေးဘဲ မျက်မှောင်ကြုတ်လျက် ဆက်လက် တွေးတောနေရင်း ကျန်းတင်းယွင်က ပြောပြန်သည်။

"အကြီးအကဲ... ကျွန်တော့်ကို နည်းနည်းလောက် ထပ်စဉ်းစားခွင့်ပြုပါဦး။"

ကျန်းတင်းယွင်၏ မျက်နှာထားကို မြင်သောအခါ လုရှန်တာက အေးစက်စွာ ရယ်မောရင်း ပြောလိုက်၏။

"ဟမ့်... ခင်ဗျား ဘာကြံစည်နေလဲဆိုတာ ငါ သိပါတယ်။ ခင်ဗျားက ငါ့ဆီကနေ အကျိုးအမြတ် ပိုရအောင် ညှစ်ထုတ်ဖို့ ကြိုးစားနေတာပဲ။ ခင်ဗျားတို့ ဂိုဏ်းမှာ ငါတောင် ကြောက်ရတဲ့ လူအိုကြီးတစ်ယောက် ရှိနေတာ မဟုတ်ဘူးလား။ သူ ရှိနေတာပဲကို... ငါ ကတိဖျက်မှာကို ခင်ဗျား တကယ်ကြောက်နေတုန်းလား။"

ထိုမှတ်ချက်ကို ကြားလိုက်ရသောအခါ ကျန်းတင်းယွင်၏ မျက်လုံးများထဲ၌ အံ့သြရိပ်များ ဖြတ်ပြေးသွားပြီး မေးလိုက်၏။

"အကြီးအကဲ... ခင်ဗျား ဘယ်လိုလုပ် သိတာလဲ။"

လုရှန်တာက သူ့၏ လက်ချောင်းသုံးချောင်းကို ထောင်ပြရင်း ပြောလိုက်သည်။

"ငါ ဒီကို လာတုန်းက အဲဒီ လူအိုကြီးက သူ့ရဲ့ စိတ်ဝိညာဉ်အာရုံခံစားမှုနဲ့ ငါကို စမ်းသပ်ခဲ့တယ်လေ။ ငါ ထုတ်မပြောခဲ့ရုံပဲ။"

"ကောင်းပြီ။ လှေငါးစင်း... ခင်ဗျားအတွက် သုံးစင်း ၊ ငါ့အတွက် နှစ်စင်း... ဘယ်လိုလဲ။"

ခဏမျှ ဗျာများနေပြီးနောက် ကျန်းတင်းယွင် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး သူ့ရှေ့မှ လူသားမဟုတ်သော ဂြိုဟ်သားကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"အဲဒီလိုဆိုရင်တော့ ကျွန်တော် သဘောတူပါတယ်။"

သူ သဘောတူသည်ကို မြင်သောအခါ လုရှန်တာ ပြုံးလိုက်သည်။

"ငါ့ကို ယုံလိုက်စမ်းပါ... ခင်ဗျားတို့ ဂိုဏ်း ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်အောင် ကူညီပေးပါ့မယ်။"

ထိုစကားကို ကျန်းတင်းယွင်ကလည်း ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒါဆိုရင်တော့ အကြီးအကဲကိုပဲ အားကိုးရတော့မယ်။"

ဂိုဏ်းအတွင်း၌ သူနှင့် သွေးနက်မျိုးနွယ်မှ ဂြိုဟ်သား လုရှန်တာတို့ အကြီးအကျယ် ဆွေးနွေးနေကြသည်။

--------------

တစ်ချိန်တည်း၌မှာပင် စစ်သင်္ဘောငါးစင်းထဲ၌ ချင်ဝူရွှမ်နှင့် ဝေဝူရွှမ်တို့သည်လည်း နတ်ဓားဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ အားလုံးကို စုစည်းကာ အနာဂတ်အတွက် စီစဉ်နေကြ၏။

ချင်ဝူရွှမ်က ထိပ်ဆုံး၌ ထိုင်နေပြီး အကြီးအကဲ အများအပြားကို ငုံ့ကြည့်ကာ မေးလိုက်သည်။

"အခု ကျွန်တော်တို့မှာ လင်းချန်ရဲ့ ကြီးမားတဲ့ စစ်သင်္ဘောကြီးတွေ ရှိနေလို့ နေစရာနေရာ ရှိသွားပြီ။ ဒါပေမဲ့ ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းနောက်မှာပဲ အမြဲတမ်း ပုန်းကွယ်နေရတော့မှာလား။"

လက်ရှိအချိန်တွင် ဝေဝူရွှမ်သည် သူ၏ ဂျူနီယာညီလေးဘေး၌ ထိုင်နေပြီး နှုတ်ဆိတ်နေ၏။ ဂိုဏ်း၏ မူဝါဒများနှင့် ပတ်သက်၍ သူ သိပ်မဝင်စွက်ဖက်ဘဲ လိုအပ်မှသာ ဝင်ရောက် အကြံပြုတတ်သည်။

ပြောစကားအပြီးတွင် အောက်ဘက်ရှိ အကြီးအကဲ အများအပြားကြား၌ ခေတ္တမျှ တိတ်ဆိတ်သွား၏။

နောက်ဆုံး၌ လေချန်၏ အဘိုး လေဟန်က ဂိုဏ်း ပြန်လည်တည်ထောင်ရန် နေရာသစ်တစ်ခု ရွေးချယ်သင့်ကြောင်း ပထမဆုံး အကြံပြုလိုက်သည်။

အခြား အကြီးအကဲ အများစုကလည်း ထိုအကြံပြုချက်ကို အတော်လေး လက်တွေ့ကျသည်ဟု ယူဆကာ သဘောတူကြ၏။

သို့သော် နေရာသစ် ရွေးချယ်ခြင်းက အဆုံးမရှိသော ငြင်းခုံမှုများကို ဖြစ်ပေါ်လာစေသည်။

ပထမအချက်အနေဖြင့် ပြည်နယ် တစ်ခုလုံးကို ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းက နီးပါးခွဲဝေယူထားပြီးဖြစ်ရာ မူလဌာနချုပ် နေရာသာ ကျန်ရှိတော့၏။ အခြားနေရာများ၏ အခြေအနေများမှာ အနည်းငယ် လိုအပ်ချက် ရှိနေသည်။

ကြာရှည်စွာ ဆွေးနွေးပြီးနောက် ကောင်းမွန်သော အကြံဉာဏ် တစ်စုံတစ်ရာ ထွက်မလာခဲ့ပေ။ မည်သို့နေရာပင် ဖြစ်စေ အားနည်းချက်များက အမြဲ ရှိနေ၏။

အချို့နေရာများသည် တည်ထောင်ပြီးပါက စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆ လုံလောက်နိုင်သော်လည်း မြေပြင်အနေအထား ပွင့်လင်းလွန်းသဖြင့် ရန်သူ့တိုက်ခိုက်မှုများကို ခံရနိုင်ခြေ ရှိနေသည်။

ကာကွယ်ရေးအတွက် ကောင်းမွန်သည့် နေရာကို ရွေးချယ်ပြန်လျှင်လည်း စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆက မလုံလောက်ပြန်ပေ။ အချို့နေရာများသည် အချက်နှစ်ချက်လုံးနှင့် ကိုက်ညီသော်လည်း နယ်မြေအကျယ်အဝန်းမှာ ဂိုဏ်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သေးငယ်လွန်းနေ၏။

ရုတ်တရက် ကျယ်ဝန်းသော အခန်းထဲ၌ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော် ထင်တာကတော့... စိတ်ဝိညာဉ်တောင်တန်းက ဂိုဏ်းအသစ်အတွက် အကောင်းဆုံး တည်နေရာပဲ။"

လူတိုင်း လှမ်းကြည့်လိုက်ရာ စကားပြောလိုက်သူမှာ လင်းချန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

ချင်ဝူရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"လင်းချန်... ငါ့တူ... မင်း ဘယ်လို ဝင်လာတာလဲ။ ငါ ဒီအခန်းကို အလုံပိတ်ထားတယ်လို့ မှတ်မိပါတယ်... ဝင်လာဖို့ မဖြစ်နိုင်ပါဘူး။"

လင်းချန်က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

"ဦးလေးကလည်း နောက်မနေပါနဲ့... ဒီစစ်သင်္ဘောတွေက ကျွန်တော့်ဟာတွေလေ။ အခန်းကို အလုံပိတ်တာက အလကားပါပဲ။ တခြားတပည့်တွေကို အပြင်မှာ ထားလို့ရပေမဲ့ ကျွန်တော်ကတော့ ခြွင်းချက်ပေါ့။"

လေဟန်က အားရပါးရ ရယ်မောလိုက်ပြီး လက်ဟန်ပြလိုက်သည်။

"ဂိုဏ်းအစည်းအဝေးက တပည့်တွေကို ဖယ်ထုတ်ထားလို့ ရပေမဲ့ မြေးလေး လင်းချန်ကတော့ ခြွင်းချက်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးက သူ့ရဲ့ ဧည့်ဝတ်ပြုမှုအပေါ် မှီခိုနေရတာလေ... ဟားဟားဟား... လာ... လာ... ငါ့ဘေးမှာ လာထိုင်။"

အကြီးအကဲတစ်ဦးကလည်း ဝင်ပြောသည်။ "တကယ်ပါပဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် လူငယ်ဧကရာဇ်ရဲ့ တိမ်တိုက်လှေတွေပေါ်မှာ နေရတာ သက်တောင့်သက်သာ ရှိလွန်းလို့ ပြန်တောင် မပြန်ချင်တော့ဘူး။"

နောက်တစ်ဦးကလည်း ထောက်ခံလိုက်သည်။ "ဟုတ်တယ်... အထူးသဖြင့် စားသောက်ခန်းမက ဟင်းလျာတွေက ထူးခြားတဲ့ အရသာ ရှိတယ်။"

အခြားတစ်ဦးကပါ ရယ်မောကာ ဝင်ပြော၏။ "ဟေး... အစ်ကိုကျင်းသာ မပြောရင် ကျွန်တော် မေ့နေတော့မလို့။ အထူးသဖြင့် ဟွာရှာဝမ်တောပေါင်ရဲ့ ဆေးဖက်ဝင်လက်ဖက်ရည်က တော်တော် အရသာရှိတယ်။"

အကြီးအကဲများ အချင်းချင်း နောက်ပြောင်နေကြသည်ကို မြင်သောအခါ လင်းချန် ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။

"အကြီးအကဲတို့ရယ်... ကျွန်တော့်ကို စနောက်နေတာ ရပ်ကြပါတော့။"

လင်းချန်၏ အမူအရာကို မြင်သောအခါ အကြီးအကဲများစွာ ရယ်မောလိုက်ကြ၏။

လင်းချန် လေဟန်၏ ဘေးတွင် ဝင်ထိုင်လိုက်သောအခါ ချင်ဝူရွှမ်က စနောက်လိုက်သည်။

"မင်းက ပြဿနာရှာနေတာပဲ လင်းချန်။ စိတ်ဝိညာဉ်တောင်တန်းက ရှန်ထျန်ဂိုဏ်း အခြေစိုက်ထားတဲ့ နေရာလေ။ ဂိုဏ်းအသစ်ကို ဘယ်လိုလုပ် အဲဒီမှာ တည်ဆောက်လို့ ရမှာလဲ။ မင်းက မွှေနေတာ မဟုတ်ဘူးလား။"

လင်းချန်က ပြုံးဖြဲဖြဲဖြင့် ပြန်ပြောလိုက်သည်။

"အဲလိုလား... အဲဒါဆိုရင်... ကျွန်တော်တို့ ရှန်ထျန်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပြီးသွားရင် စိတ်ဝိညာဉ်တောင်တန်းက ကျွန်တော်တို့ ဂိုဏ်းအတွက် နေရာကောင်း ဖြစ်လာမှာပေါ့။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၁ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters