အခန်း ၁၈၂
Vol. 19 Ch. 182
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ စကားသံဆုံးသည်နှင့် ရှိနေသူအားလုံး သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။
ချင်ဝူရွှမ်က ခါးသက်သက် ရယ်မောလိုက်ပြီး လူတိုင်း၏ အတွေးကို ပြောလိုက်၏။
"မင်းကတော့ကွာ... တကယ် ပြောတတ်ပါတယ်။ ရှန်ထျန်ဂိုဏ်းက နှစ်ပေါင်းများစွာ ကမ်းရိုးတန်းပြည်နယ်ရဲ့ အသန်မာဆုံး အင်အားစုအဖြစ် ရပ်တည်လာတာလေ... ဘယ်လိုလုပ် အလွယ်တကူ ချေမှုန်းလို့ရမှာလဲ။"
ချင်ဝူရွှမ် ပြောပြီးပြီးချင်းမှာပင် ဝေဝူရွှမ်ကလည်း ဝင်ပြောလိုက်သည်။
"ရှန်ထျန်ဂိုဏ်းထဲမှာ အရမ်းစွမ်းအားကြီးတဲ့ ဖြစ်တည်မှုတစ်ခု ရှိနေတယ်။"
အလွန်စွမ်းအားကြီးသည့် ဖြစ်တည်မှုတစ်ခု... ဝေဝူရွှမ်၏ စကားကို ကြားလိုက်ရသည့်အခါ လူတိုင်းက ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ကြ၏။
လက်ရှိ ကမ်းရိုးတန်းပြည်နယ်၌ မြင်တွေ့ရသည့် အင်အားအရ စစ်ဧကရာဇ် ဝေဝူရွှမ်ကို အသန်မာဆုံးဟု သတ်မှတ်ထားကြသည်။ ယခု ကမ်းရိုးတန်းပြည်နယ်၏ အသန်မာဆုံးသူ ကိုယ်တိုင်က ရှန်ထျန်ဂိုဏ်းထဲ၌ အလွန်စွမ်းအားကြီးသည့် ဖြစ်တည်မှုတစ်ခု ရှိနေသည်ဟု ပြောလာ၏။
ဝေဝူရွှမ်က အတိတ်ကို ပြန်လည်အောက်မေ့ရင်း ပြောပြလိုက်သည်။
"အဲဒီအချိန်တုန်းက ငါ ရှန်ထျန်ဂိုဏ်းကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာက ငါ့ခန္ဓာကိုယ်ထဲမှာ အဆိပ်ပြင်းမိထားလို့ပဲ။ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စိတ်ဝိညာဉ်နယ်ပယ် အဆင့်ကို ထိန်းထားဖို့ အချိန်သိပ်မကျန်တော့ဘူးလေ။ အဲဒါကြောင့် နတ်ဓားဂိုဏ်းအတွက် ကြီးမားတဲ့ အရာတစ်ခုခု လုပ်ပေးချင်လို့လေ။"
"အမှန်အတိုင်းပြောရရင် ငါ ရှန်ထျန်ဂိုဏ်းထဲ ဝင်စီးခဲ့တယ်။ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စိတ်ဝိညာဉ်နယ်ပယ် အဆင့်ဆိုတာ ကမ်းရိုးတန်းပြည်နယ်မှာ ပြိုင်ဘက်ကင်းနီးပါးပဲ။ ငါကိုယ်တိုင်လည်း အဲဒီလိုပဲ ယုံကြည်ခဲ့တာ။"
"ဒါပေမဲ့... ရှန်ထျန်ဂိုဏ်းထဲမှာ တကယ်ပဲ အရမ်းစွမ်းအားကြီးတဲ့ ဖြစ်တည်မှုတစ်ခု ရှိနေခဲ့တယ်။ အဲဒါကတော့ ယွမ်ဝူကျီပဲ။"
ဝေဝူရွှမ်၏ နှုတ်မှ ထိုနာမည် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ ရှိနေသူအားလုံး တုန်လှုပ်သွားကြပြီး အံ့သြတကြီး ဖြစ်သွားကြ၏။
ချင်ဝူရွှမ်သည်လည်း အံ့သြလွန်းသဖြင့် လေကို ရှိုက်သွင်းလိုက်မိသည်။
"အကိုကြီး... နောက်နေတာ မဟုတ်ပါဘူးနော်။ တကယ်ပဲ ယွမ်ဝူကျီအကြောင်း ပြောနေတာလား။ အဲဒီလူက အသက်ရှင်နေသေးလို့လား။"
"သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က ပုဂ္ဂိုလ်ကြီးလေ... အခုထိ အသက်ရှင်နေသေးတယ် ဟုတ်လား။"
လူတိုင်း အံ့သြနေကြသည်ကို မြင်သည့်အခါ လင်းချန်သည်လည်း သူတို့ကို တုန်လှုပ်သွားစေသော ယွမ်ဝူကျီဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အလွန် သိချင်စိတ် ပြင်းပြလာ၏။
ဆရာဦးလေး၏ ပြောပြချက်ကို နားထောင်ပြီးနောက် လင်းချန် အမှန်တကယ် အံ့သြသွားသည်။
ဤကမ္ဘာ၌ သိုင်းဝိညာဉ်ပညာရှင်များသည် သဘာဝတရားမှ စိတ်ဝိညာဉ်စွမ်းအင်များကို သိုင်းဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲကျင့်ကြံကြသည့်အတွက် သူတို့၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ မြင့်တက်လာပြီး ယခင်ခေတ်များထက် သက်တမ်း ပိုမိုရှည်ကြာကြ၏။
သာမန်လူများသည် အနည်းဆုံး အသက် ၈၀ အထိ နေနိုင်ကြပြီး အခြေခံနယ်ပယ်သုံးဆင့်မှ သိုင်းဝိညာဉ်ပညာရှင်များသည် အသက် ၁၀၀ ဝန်းကျင်အထိ နေနိုင်ကြသည်။
နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိသွားပါက သက်တမ်းသည် နှစ်ပေါင်း ၁၅၀ ကျော်အထိ ရှည်ကြာနိုင်သည်။
ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသူများသည် အသက် ၂၀၀ ကျော်အထိ နေထိုင်နိုင်၏။
သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိသည့် သိုင်းဝိညာဉ်ပညာရှင်များသည် သက်တမ်း ၃၀၀ ကျော်အထိ ရှည်ကြာကြောင်း လင်းချန် သူ၏ဆရာ ဝေဝူရွှမ်ထံမှ ကြားဖူးသည်။
သို့သော် ဆရာဦးလေး ပြောသည့် ယွမ်ဝူကျီဆိုသူမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က ပုဂ္ဂိုလ်ကြီးဖြစ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်၏ သက်တမ်းပင်လျှင် သူ့ကို ထိုမျှကြာအောင် အသက်ရှင်နေထိုင်ခွင့် ပေးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိ၏။ ယွမ်ဝူကျီသည် သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျော်လွန် ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
သို့သော် အကယ်၍သာ ထိုသို့အမှန်တကယ် ဖြစ်ခဲ့ပါက ရှန်ထျန်ဂိုဏ်းသည် လွန်ခဲ့သည့် နှစ်များစွာကတည်းက ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားပြီး ဖြစ်ပေလိမ့်မည်။
နားမလည်နိုင် ဖြစ်နေသည့် လင်းချန်က တိုက်ရိုက်ပင် မေးလိုက်သည်။
"ဆရာ... ဒီ ယွမ်ဝူကျီဆိုတာ ဘယ်သူလဲ။ ပြီးတော့ သူက သေခြင်းရှင်ခြင်းနယ်ပယ်ကို ဖောက်ထွက်ပြီး ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို ရောက်သွားတာလား။"
ဝေဝူရွှမ်က ရှင်းပြလိုက်၏။
"ဒီ ယွမ်ဝူကျီဆိုတာ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်က ရှန်ထျန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အဲဒီတုန်းက ငါတို့ နတ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျူယွမ်နဲ့အတူ သူတို့နှစ်ယောက်ကို ကမ်းရိုးတန်းပြည်နယ်ရဲ့ သူရဲကောင်းနှစ်ဖော်လို့ ခေါ်ကြတယ်။"
"သူတို့ခေတ်တုန်းက ကမ်းရိုးတန်းပြည်နယ်ရဲ့ ပါရမီရှင်တွေက သူတို့နှစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ မူလက ရှိခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်း ၊ ဌာနခွဲငါးခုဆိုတဲ့ တည်ဆောက်ပုံကို သူတို့နှစ်ယောက်က ဖျက်ဆီးခဲ့တာပဲ။"
ထိုစကားကို ကြားရသည့်အခါ လင်းချန် လေးစားသွားမိ၏။
ယခု ကမ်းရိုးတန်းပြည်နယ်၌ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းသည် အင်အားမျှခြေကို ထိန်းထားသကဲ့သို့ပင် အခြေအနေသည် နှစ်ပေါင်း ၃၀၀ ကျော်ကြာ ပြောင်းလဲခြင်း မရှိခဲ့ပေ။
ယခု အကြီးမားဆုံး ပြောင်းလဲမှုမှာ ရှန်ထျန်ဂိုဏ်းက အခြားအင်အားစုများကို ဝါးမျိုချင်နေသည့် ရည်မှန်းချက်သာ ဖြစ်၏။
သို့သော် အင်အားစုများအချင်းချင်း အပြန်အလှန် ဝါးမျိုနေကြသည်မှာ သဘာဝပင်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ က ယွမ်ဝူကျီနှင့် လျူယွမ်တို့ လုပ်ဆောင်ခဲ့သကဲ့သို့ ကမ်းရိုးတန်းပြည်နယ်ကို သိမ်းပိုက်ထားသည့် ဧရာမအင်အားကြီးတစ်ခု၏ လက်ထဲမှ အသက်ရှူပေါက်ရအောင် ဂိုဏ်းငယ်နှစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းမှာ အလွန် ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်သည်။
သို့သော် ထိုအချက်ကပင် ထိုလူနှစ်ဦး၏ စွမ်းရည်ကို ပြသနေ၏။
"ဒါပေမဲ့ တကယ်တမ်း နှိုင်းယှဉ်ရမယ်ဆိုရင် ယွမ်ဝူကျီက ဂိုဏ်းချုပ် လျူယွမ်ထက် ပိုကြောက်စရာကောင်းတယ်။ အမြဲတမ်း ခြေတစ်လှမ်း သာနေတတ်တယ်။"
"နောက်ပိုင်းမှာ သူတို့ရဲ့ သက်တမ်း ကုန်ခါနီးအချိန် ရောက်လာတော့ သူတို့နှစ်ယောက် တိုက်ခိုက်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ နေရာကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး။ လျူယွမ် ပြန်ရောက်လာမှ သူတို့ ပင်လယ်ပြင်ဘက် ထွက်သွားကြမှန်း သိရတာ။"
"သူတို့တိုက်ပွဲရဲ့ ရလဒ်ကို ဘယ်သူမှ မသိရဘူး။ လျူယွမ်ကလည်း နှုတ်ပိတ်ထားခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ ဒီလျှို့ဝှက်ချက်ကို ငါ့ဆရာသခင်က ငါနဲ့ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကို ပြောပြခဲ့ဖူးတာ။"
"ယွမ်ဝူကျီ မသေသေးဘူးဆိုတာကိုတော့ မထင်ထားမိဘူး။ စီနီယာလျူယွမ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် သူ ဉာဏ်အလင်းတစ်ခု ရသွားပြီး ပြန်ရောက်တဲ့အခါ အဆင့်တက်ဖို့ ကြိုးစားခဲ့ပုံရတယ်။ ဒါပေမဲ့ သူ ကျရှုံးခဲ့တယ်။"
"အဆင့်တက်ဖို့ ကျရှုံးခဲ့ပေမဲ့ ယွမ်ဝူကျီရဲ့ အင်အားက သေခြင်းရှင်ခြင်းနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ။ ဒါပေမဲ့ သူ့သက်တမ်းကတော့ တိုးမလာဘူး။ ဒါကြောင့် သူက သက်တမ်းကို တတ်နိုင်သမျှ ဆွဲဆန့်ဖို့အတွက် အိပ်စက်ခြင်းအခြေအနေကို ဝင်ရောက်ပြီး ဟန်ဆောင်သေဆုံးဖို့ ရွေးချယ်ခဲ့တာ။ ရှန်ထျန်ဂိုဏ်း အကျပ်အတည်း ကြုံလာရင် ဝင်ပါနိုင်အောင်လို့ပေါ့။"
ဝေဝူရွှမ်က ဖြည်းညှင်းစွာ ပြောပြရင်း အဖြစ်မှန်ကို လူတိုင်းအား ရှင်းပြလိုက်၏။
ဝေဝူရွှမ် ပြောသည့်အတိုင်းပင် ယွမ်ဝူကျီသည် ရှန်ထျန်ဂိုဏ်း အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နောက်ဆုံးလက်နက်အဖြစ် ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဝေဝူရွှမ် ရှန်ထျန်ဂိုဏ်းကို ဝင်ရောက်စီးနင်းစဉ်က အခြေအနေသည်လည်း ထိုအတိုင်းပင် ဖြစ်၏။
ယွမ်ဝူကျီအနေဖြင့် ဝေဝူရွှမ်ကို သတ်နိုင်သော်လည်း လှုပ်ရှားလိုက်ပါက သူ၏ သက်တမ်း များစွာ လျော့နည်းသွားမည်ကို သိနေသည်။
နှစ်ပေါင်းတစ်ရာ အိပ်စက်နိုင်မည့် အခွင့်အရေးသည် များစွာ လျော့နည်းသွားမည့် အခြေအနေမျိုး ဖြစ်သွားနိုင်၏။
ထို့အပြင် ဝေဝူရွှမ် အဆိပ်ပြင်းမိထားပြီး သေနေ့စေ့နေပြီဖြစ်ကြောင်း သူ မြင်တွေ့ခဲ့သည်။
ထို့အတွက်ကြောင့် ဝေဝူရွှမ်နှင့် သဘောတူညီမှု ရယူခဲ့၏။ သူတို့ ရန်ငြိုးဖွဲ့မှုကို ရပ်တန့်မည်ဖြစ်ပြီး ရှန်ထျန်ဂိုဏ်းက လျော်ကြေးပေးမည်ဖြစ်သည်။
အစားပြန်ရသည့်အနေဖြင့် ဝေဝူရွှမ်က ရှန်ထျန်ဂိုဏ်းကို ပစ်မှတ်ထားတော့မည် မဟုတ်ပေ။
ယွမ်ဝူကျီ၏ တွက်ချက်မှုအရ သေခါနီးလူတစ်ယောက်အတွက် သူ၏ အချိန်ကို အကုန်ခံရခြင်းက မတန်ပေ။ ဝေဝူရွှမ်ကို အဆိပ်က သတ်သွားမည့်အချိန်ကိုသာ စောင့်လိုက်လေမည်။ ထို့နောက်မှ ရှန်ထျန်ဂိုဏ်းက နတ်ဓားဂိုဏ်းကို ချေမှုန်းမည် ဖြစ်၏။
သို့သော် သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ လင်းချန် ရောက်ရှိလာပြီး ဝေဝူရွှမ်ကို ပြန်လည် ကုသပေးပေးနိုင်လိုက်ခြင်းပင်။
ဝေဝူရွှမ်က လင်းချန်ကို ခေါင်းခါပြလိုက်သည်။
"အခု ယွမ်ဝူကျီနဲ့ တိုက်ခိုက်ရင် နိုင်ချေက ၆၀-၄၀ လောက် ရှိတယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ သူ့ကို သတ်နိုင်မလားဆိုတာတော့ မသေချာဘူး။ သူကလည်း ငါ့ကို မသတ်နိုင်ဘူး။ ဒါကြောင့် ရှန်ထျန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ မင်းအကြံပြုချက်က ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒါ့အပြင် ရှန်ထျန်ဂိုဏ်းက အခု သွေးနက်မျိုးနွယ်နဲ့ မဟာမိတ် ဖွဲ့ထားသေးတယ်။"
ဝေဝူရွှမ်၏ စကားကို ကြားသည့်အခါ ကျန်လူများအားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ လင်းချန်တစ်ယောက်သာ တိတ်ဆိတ်စွာ စဉ်းစားနေပြီး ဖြစ်နိုင်ချေ အားလုံးကို တွေးတောနေသည်။
ဂိုဏ်းအချင်းချင်း အကြီးစားစစ်ပွဲ ဆင်နွှဲရာ၌ သူ၏ ကိုယ်ပိုင် စစ်တပ်ဖြင့်ဆိုလျှင် အပြတ်အသတ် အသာစီးရမည်ဟု လင်းချန် ယုံကြည်ထားသည်။
သို့သော် သူတို့ဘက်၌ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်ပြီး ဖြေရှင်းရန် လိုအပ်နေသေး၏။ အလွန်ကောင်းမွန်သော လက်နက်ကိရိယာများ တပ်ဆင်ထားသည့် စစ်တပ်နှင့် အပြစ်အနာအဆာကင်းသော ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်တိုင် ၊ သူ၏ ဧကရာဇ်အာဏာစွမ်းရည်ဖြင့် အားဖြည့်ပေးထားလျှင်ပင် သူ့ဆရာကဲ့သို့သော လူတစ်ယောက်၏ ရှေ့မှောက်၌ လူတစ်ထောင်ပါသည့် တပ်ဖွဲ့တစ်ဖွဲ့သည် လက်ဝါးတစ်ချက် ရိုက်ရုံဖြင့် ပျက်စီးသွားနိုင်နေသည်။
ရုတ်တရက် ဝေဝူရွှမ် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး စက်ဝိုင်းပုံ သလင်းကျောက်တစ်ခုကို ထုတ်ကာ သူ၏ အသိစိတ်ဖြင့် ဝင်ရောက်စစ်ဆေးလိုက်သည်။ ထို့နောက် ပြုံးလိုက်၏။
"ဟေ... ကောင်လေး... မင်းအတွက် သတင်းကောင်း ရှိတယ်။"
"ဗျ။"
"မင်းရဲ့ စေ့စပ်ထားသူ ရောက်လာပြီ။"
ဆရာ၏ စကားကို ကြားလိုက်ရသည့်အခါ လင်းချန်၏ မျက်နှာ၌ အံ့သြသော အမူအရာများ ပေါ်လာ၏။ သူ ရှိနေသည့်နေရာကို ယီစင်းအား မပြောပြခဲ့ဘဲနှင့် သူမ မည်သို့ ရှာတွေ့ခဲ့သည်နည်း။
ဝေဝူရွှမ်လက်ထဲမှ သလင်းကျောက်ကို ကြည့်ရင်း လင်းချန် နားမလည်နိုင် ဖြစ်သွားရသည်။
"ဆရာ... ဓားသူတော်စင်မယ်ဆီက သတင်းကြားတာတော့ မဟုတ်ပါဘူးနော်။ ဆရာနဲ့ သူနဲ့က ဘယ်လို ပတ်သက်မှု ရှိနေတာလဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team