အခန်း ၁၈၃
Vol. 19 Ch. 183
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၃
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ယီစင်း၏ အခြေအနေနှင့် ပတ်သက်၍ ကြားရသည့်အခါတိုင်း သူ့ဆရာ ဝေဝူရွှမ်သည် ယီစင်း၏ ဆရာဖြစ်သူထံမှ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို အမြဲတမ်း ရရှိတတ်၏။
ဝေဝူရွှမ်အနေဖြင့် သတင်းများကို ဤမျှ လျင်မြန်စွာ မည်သို့ရရှိနိုင်သည်ကို မူလက လင်းချန် သိပ်နားမလည်ပေ။
ယခုလေးတင် ဝေဝူရွှမ် ထုတ်ယူလိုက်သည့် သလင်းကျောက်ကို မြင်လိုက်ရမှသာ လင်းချန် သဘောပေါက်သွားခြင်းဖြစ်၏။
တန်ယွမ်ဂိုဏ်း၏ ရတနာသိုက်ကို ရရှိပြီးနောက် ဤကမ္ဘာရှိ ပစ္စည်းများနှင့် ပတ်သက်သည့် ဗဟုသုတများ လင်းချန်၌ ပိုမိုကျယ်ပြန့်လာသည်။ သူ နားလည်ထားသည့် အချက်အလက်များသည် ကမ်းရိုးတန်းပြည်နယ်တစ်ခုတည်း၌သာ ကန့်သတ်ထားခြင်းမရှိတော့ပေ။
သူ့ဆရာ ထုတ်ကြည့်သည့် ပစ္စည်းမှာ ဆက်သွယ်ရေး သလင်းကျောက်ဟု ခေါ်၏။ နာမည်အတိုင်းပင် ထူးခြားသည့် သလင်းကျောက်အမျိုးမျိုးဖြင့် ဖန်တီးထားသော ထိုစိတ်ဝိညာဉ်ပစ္စည်းကို သတင်းစကားများ ပေးပို့ရန်အတွက် အသုံးပြုကြသည်။
သို့သော် ဆက်သွယ်ရေး သလင်းကျောက်များကို အမြဲတမ်း အတွဲလိုက် သို့မဟုတ် အများအပြား ပြုလုပ်ကြ၏။ အဘယ်ကြောင့်ဆိုသော် တူညီသည့် အတန်းအစားထဲမှ သလင်းကျောက်များကသာ အချင်းချင်း သတင်းပေးပို့ခြင်းနှင့် လက်ခံခြင်းကို ပြုလုပ်နိုင်သောကြောင့်ပင်။
သိသာထင်ရှားသည်မှာ သူ့ဆရာ ဝေဝူရွှမ်နှင့် ဓားနတ်ဘုရားဂိုဏ်းမှ ဓားသူတော်စင်မယ်တို့၌ တူညီသည့် အတန်းအစားမှ ဆက်သွယ်ရေး သလင်းကျောက် တစ်စုံ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အချင်းချင်း သတင်းစကားများ ဖလှယ်နိုင်ကြခြင်းဖြစ်၏။
သူ့ဆရာနှင့် ဓားသူတော်စင်မယ်တို့ကြား၌ မည်သည့် ပတ်သက်မှုမှ မရှိဟု လာပြောလျှင် လင်းချန် ယုံမည်မဟုတ်ပေ။
လင်းချန်၏ အကြည့်များကို မြင်သည့်အခါ ဝေဝူရွှမ်က မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်စွာ ပြောလိုက်သည်။
"ဘာကြည့်နေတာလဲ ကောင်လေး။ ကြောင်မနေနဲ့။ သူတို့ကို သွားကြိုလိုက်။ ငါတို့ သင်္ဘောနား ရောက်နေပြီ။"
ရုတ်တရက် လေကို ခွင်းသွားသံတစ်သံ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကောင်းကင်နယ်ပယ်မှ လေဟုန်စစ်သည်တစ်ဦး လင်းချန်၏ ဘေး၌ ပေါ်လာကာ ဒူးတစ်ဖက်ထောက်လိုက်သည်။
"အရှင်မင်းကြီး ကျူးကျော်သူတွေ စစ်သင်္ဘောနား ကပ်လာနေပါတယ်။ တိုက်ပွဲဝင်အမြောက်တွေကို အသင့်ပြင်ထားပါပြီ။ ရန်သူတွေ လှုပ်ရှားတာနဲ့ အချိန်မရွေး ပစ်ချလို့ ရပါတယ်။"
လင်းချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆူပူလိုက်၏။
"ဘာ... ပစ်ချမယ် ဟုတ်လား။ ဧကရီခေါင်ကြီး ပါလာတာ မင်း မမြင်ဘူးလား။"
ထို့နောက် လင်းချန်က ဝေဝူရွှမ်ကို သနားကမား ကြည့်လိုက်သည်။
"ဆရာ... သူတို့ကို တည်နေရာ ပြောပြမယ်ဆိုရင်လည်း ကျွန်တော်နဲ့ အရင်တိုင်ပင်ဦးမှပေါ့။ ဘယ်လိုလုပ်ပြီး တန်းလွှတ်လိုက်ရတာလဲ။"
စကားဆုံးသည်နှင့် လင်းချန် အလျင်အမြန် ထွက်ခွာသွား၏။ အခန်းထဲ၌ ကျန်ရစ်သူများမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြရသည်။
ထိုအချိန်၌ လင်းချန် ရှိနေသည့် စစ်သင်္ဘော၏ ပတ်ဝန်းကျင်ရှိ တိမ်တိုက်နှင့် မြူခိုးများကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ကြီးမားသော သင်္ဘောကိုယ်ထည်ကြီးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
အထူးသဖြင့် မည်းမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အမြောက်ပြောင်းဝများအတွင်း၌ တောက်ပနေသော စိတ်ဝိညာဉ်အလင်းတန်းများ၏ အားကောင်းသည့် လှိုင်းဂယက်များ ပါဝင်နေပြီး အာရုံခံမိသူ မည်သူ့ကိုမဆို ထိတ်လန့်သွားစေနိုင်၏။
စိတ်ဝိညာဉ်အလင်းတန်းများ လက်ခနဲ ဖြစ်နေသည့် အမြောက်များနှင့် ရင်ဆိုင်နေရချိန်၌ ပျံဝဲနေသော အမျိုးသမီးအုပ်စု၏ ရှေ့ဆုံးတွင် လက်တစ်ဖက်၌ ဓားကို ကိုင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမက မျက်မှောင်ကြုတ်ကာ သူမဘက်သို့ ချိန်ရွယ်ထားသော အမြောက်ပြောင်းများကို ကြည့်လိုက်သည်။
အမြောက်ပြောင်းများအတွင်း၌ ပါဝင်နေသည့် စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများ၏ ပြင်းထန်မှုကို သူမ ရှင်းလင်းစွာ ခံစားနေရ၏။
အမြောက်များအားလုံး တစ်ပြိုင်နက် ပစ်ခတ်လျှင်တောင် သူမအနေဖြင့် သူမကိုယ်သူမ ကာကွယ်နိုင်သော်လည်း ပေါက်ကွဲမှုမှ ထွက်ပေါ်လာမည့် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများက နောက်မှလိုက်ပါလာသော တပည့်များကို သေစေနိုင်သည်။ သို့မဟုတ် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်၏။
ထိုအမျိုးသမီး၏ ဘေး၌ ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး ရှိနေပြီး မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေကာ မေးလိုက်သည်။
"စီနီယာအစ်မ ဘာတွေဖြစ်နေတာလဲ။ အစ်မပြောတော့ ကျွန်မတို့ နတ်ဓားဂိုဏ်းကို လာရှာတာဆို။ ဒါတွေက ဘာတွေလဲ။"
ငွေရောင်ဆံပင်နှင့် အမျိုးသမီးသာမက ဓားကိုင်ထားသည့် အမျိုးသမီးလည်း အံ့ဩနေပုံရ၏။
ထိုအခိုက် စစ်သင်္ဘောအပေါ်မှ နေရာတစ်ခုဆီက အသံတစ်သံ ထွက်ပေါ်လာပြီး သတိပေးလိုက်သည်။
"ရပ်လိုက်စမ်း။ နောက်ထပ်တိုးလာရင် တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်။ ချက်ချင်း ထွက်သွားကြ။"
သင်္ဘောအတွင်းရှိ အခန်းတစ်ခန်းထဲ၌ မရေမတွက်နိုင်သည့် သလင်းကျောက်ပြားများ တွဲဆိုင်းနေပြီး အစီအရင်ကြိုးမျှင်များဖြင့် ယှက်နွှယ်ချိတ်ဆက်ထား၏။ ပညာရှင် ဒါဇင်ပေါင်းများစွာသည် သလင်းကျောက်ပြားများကြား၌ လှုပ်ရှားသွားလာနေကြသည်။
နည်းဗျူဟာမှန်ပြင်ပေါ်၌မူ ထိုအမျိုးသမီးအုပ်စု၏ ပုံရိပ်များ ပေါ်နေ၏။
ဓားကိုင်ထားသည့် အမျိုးသမီးနှင့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးတို့သည် ရှေ့ဆုံး၌ ရပ်နေကြပြီး နောက်ဘက်၌ အမျိုးသမီးတပည့်တစ်သိုက်သည် ပျံလွှားငှက်ကလေးများ ဥဩငှက်ကလေးများပမာ တီတီတာတာ ပြောဆိုလိုက်ပါလာကြသည်။ အမျိုးသားတပည့် အနည်းငယ် ပါဝင်သော်လည်း နှိုင်းယှဉ်ကြည့်လျှင် လက်တစ်ဆုပ်စာမျှသာ ရှိ၏။
နည်းဗျူဟာမှန်ပြင်၏ ရှေ့၌ ပညာရှင်တစ်ဦးက ဦးဆောင်နေသည့် ဓားကိုင်ထားသော အမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
စစ်သင်္ဘောကို ဖုံးလွှမ်းထားသည့် တိမ်တိုက်နှင့် မြူခိုးများကို ဓားချက်တစ်ချက်တည်းဖြင့် ခွဲထုတ်ပြီး သူတို့၏ တည်နေရာကို ဖော်ထုတ်လိုက်သူမှာ သူမပင်။ သို့သော် တစ်ဖက်လူထံမှ မကောင်းသော ရည်ရွယ်ချက်ကိုမျှ အာရုံမခံမိသောကြောင့် သူက သတိထားပြီး ထွက်ခွာသွားရန် သတိပေးလိုက်ခြင်းဖြစ်၏။
အကယ်၍ သူတို့က မေးခွန်းထုတ်လာလျှင် သို့မဟုတ် ချဉ်းကပ်လာလျှင် သူ သေချာပေါက် ညှာတာနေမည်မဟုတ်ဘဲ ပစ်ခတ်ရန် အမိန့်ပေးလိုက်မည် ဖြစ်သည်။
လေထဲ၌ ဓားကိုင်ထားသည့် အမျိုးသမီးက ခေတ္တမျှ စဉ်းစားလိုက်သည်။
"သွားကြစို့။ ဒီနေရာကနေ အရင် ထွက်သွားကြရအောင်။ ငါတို့ အတင်းဝင်ရင် တပည့်တွေ အန္တရာယ်ရှိနိုင်တယ်။"
သူမ၏ နောက်မှ တပည့်များထဲ၌ ငါးယောက်သာ ကောင်းကင်နယ်ပယ်သို့ ရောက်ရှိထားပြီး ကိုယ်တိုင် လေထဲ၌ ပျံဝဲနိုင်စွမ်း ရှိကြ၏။ ကျန်သူများသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသည့် အကာအကွယ်အတွင်း၌ ရပ်နေကြခြင်းပင်။
အကယ်၍ သူတို့သာ ထိုစစ်သင်္ဘောနှင့် အမှန်တကယ် တိုက်ခိုက်ရလျှင် သူမနောက်မှ တပည့်များ အခြေအနေ ဆိုးရွားသွားနိုင်၏။
ကောင်းကင်နယ်ပယ်သို့ ရောက်ရှိနေသည့် အမျိုးသမီးတပည့် ငါးယောက်အနက်မှ တစ်ဦးသည် အဖြူရောင် ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးကို ကာကွယ်ထားသည်။ ထိုမိန်းမပျိုက ရှေ့သို့ တိုးလာ၏။
"ဆရာ... ကျွန်မ စမ်းကြည့်ပါရစေ။"
ဓားကိုင်ထားသည့် အမျိုးသမီးက သူမ၏ တပည့်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ ဘာလုပ်ချင်သည်ကို သဘောမပေါက်ဘဲ မျက်မှောင်ကြုတ်လိုက်၏။
"အမ်"
ထိုအချိန်၌ မိန်းမပျိုလေးသည် ဓားကိုင်ထားသော အမျိုးသမီး၏ ဘေးသို့ လျှောက်သွားပြီး စစ်သင်္ဘောရှိရာဘက်သို့ ကြည့်ကာ အနည်းငယ် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"ဟိုလေ... ကျွန်မတို့က ရန်သူတွေ မဟုတ်ပါဘူး။ ရှင် ကျွန်မကို မှတ်မိလားဟင်။"
ထိုမိန်းမပျိုမှာ ယီစင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။ သူမဘေးမှ ဓားကိုင်ထားသည့် အမျိုးသမီးမှာ ဓားသူတော်စင်မယ်ပင်။
ငွေရောင်ဆံပင်နှင့် အမျိုးသမီးကမူ ဓားနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် မေယွဲ့ရှာ ဖြစ်သည်။
ဓားသူတော်စင်မယ်က သူတို့ကို နတ်ဓားဂိုဏ်း၌ ခိုလှုံခွင့်ရရန် ခေါ်သွားမည်ဟု ကတိပေးထားသော်လည်း နတ်ဓားဂိုဏ်းတံခါးဝသို့ မရောက်ဘဲ ဤလေထဲသို့ ရောက်ရှိလာ၏။ ထို့နောက် ဓားချက်တစ်ချက်တည်းဖြင့် တိမ်တိုက်နှင့် မြူခိုးများကို ခွဲထုတ်လိုက်ရာ ကြီးမားသည့် စစ်သင်္ဘောကြီး ပေါ်လာသည်။
စစ်သင်္ဘောကြီးကို မြင်လိုက်ရသည့်အခါ တပည့်များ အားလုံး ထိတ်လန့်သွားကြရ၏။ အထူးသဖြင့် အမြောက်များက သူတို့ဘက်သို့ ချိန်ရွယ်ထားသည်ကို မြင်သောအခါ ကျောချမ်းသွားကြရသည်။
သို့သော် ယီစင်းကမူ စစ်သင်္ဘောသည် လင်းချန်နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ဝိုးတဝါး ခံစားမိ၏။ လင်းချန်ကို မမြင်ရသော်လည်း လင်းချန်က အခြေအနေကို စောင့်ကြည့်နိုင်လိမ့်မည်ဟု သူမထင်သည်။
သို့သော် သူမ၏ စိတ်ထဲ၌ လုံးဝ မသေချာသေးပေ။ စမ်းကြည့်ရုံဖြင့် ပြဿနာမရှိနိုင်ဟု ယုံကြည်ထား၏။
ယီစင်း၏ လုပ်ရပ်ကို ကြည့်ရင်း မေယွဲ့ရှာက တိုးတိုးလေး ရယ်မောလိုက်သည်။ "ဟားဟား။"
"စင်းစင်းရယ်။ ဒီလို စစ်သင်္ဘောကြီးကို ထိန်းချုပ်နိုင်တဲ့သူက ငါတို့လိုလူကို ဘယ်လိုလုပ် မှတ်မိမှာလဲ။ သမီး တစ်ခုခုကို နားလည်မှုလွဲနေတယ်လို့ ထင်တယ်။"
ဓားသူတော်စင်မယ်သည်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ခဏအကြာ၌ ခေါင်းခါလိုက်၏။
"ငါကိုယ်တိုင်လည်း အခြေအနေအတိအကျကို နားမလည်ဘူး။ ရထားတဲ့ သတင်းအရ နတ်ဓားဂိုဏ်းက လူတွေ အဲဒီစစ်သင်္ဘောပေါ်မှာ ရှိနေတယ်ဆိုလို့ လာခဲ့တာပဲ။"
သူမ၏ အစ်မစကားကို ကြားသောအခါ မေယွဲ့ရှာက ကြီးမားသည့် စစ်သင်္ဘောကြီးကို ကြည့်ကာ အံ့ဩသင့်သွားရ၏။
"ဟင်။ နတ်ဓားဂိုဏ်းက ဘယ်တုန်းက ဒီလိုစစ်သင်္ဘောကြီးကို ရသွားတာလဲ။"
ထိုအခိုက် စစ်သင်္ဘော၏ ထိန်းချုပ်ခန်းထဲရှိ နည်းဗျူဟာမှန်ပြင် ရှေ့မှ ပညာရှင်သည် ရှေ့ထွက်လာသည့် လှပသော မိန်းမပျိုလေးကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားပြီး နေမထိထိုင်မသာဖြစ်သွားကာ အော်ဟစ်လိုက်သည်။
"ကျွန်တော်မျိုး ဧကရီခေါင်ကြီး ကြွချီလာတာကို မသိလိုက်မိပါဘူး။ အရှင်မကို ပြစ်မှားမိတာ သေဒဏ်ပေးသင့်တဲ့ အပြစ်ပါပဲ။" ဓားသူတော်စင်မယ်နှင့် မေယွဲ့ရှာတို့ ဆွေးနွေးနေစဉ် ရုတ်တရက် စစ်သင်္ဘောရှိရာဘက်မှ တောင်းပန်သံတစ်သံ ထွက်ပေါ်လာ၏။
"ဧကရီခေါင်ကြီး။"
လူတိုင်း ယီစင်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ အံ့ဩမှုများနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team