အခန်း ၁၈၄
Vol. 19 Ch. 184
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၄
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
စစ်သင်္ဘောပေါ်ရှိ အပေါ်ထပ်အဆောက်အအုံ၏ အခမ်းနားဆုံးအခန်းထဲ၌ ယီစင်းနှင့် ဓားနတ်ဘုရားဂိုဏ်းမှ အခြားသူများ ရောက်ရှိနေကြ၏။ ယီစင်း၏ ရှေ့၌ ပညာရှင် ဒါဇင်ပေါင်းများစွာက ဒူးထောက်ထားကြပြီး သူမကို တောင်းပန်နေကြသည်။
ယီစင်းက အလျင်အမြန် ရှေ့တိုးသွားပြီး ပညာရှင်များကို ထူမပေးရန် လက်ကမ်းပေးလိုက်၏။
"ဒီလိုလုပ်ဖို့ မလိုပါဘူး။ မမြင်လိုက်လို့ ဖြစ်သွားတာပဲ။ ရပါတယ်။ ကိစ္စမရှိပါဘူး။"
စစ်သင်္ဘောကို ထိန်းချုပ်ရန် တာဝန်ယူထားသည့် ခေါင်းဆောင်ပညာရှင်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သောလေသံဖြင့် ပြောလိုက်သည်။ "ဧကရီခေါင်ကြီးက ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးရင်တောင် အမှားအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ပါဘူး။"
ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ ယီစင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ သူမရှေ့မှ ပညာရှင်များသည် မထဘဲ ဒူးထောက်နေကြပြီး အပြစ်အတွက် မရပ်မနား နောင်တရနေကြသည်။ မည်မျှပင် ဖျောင်းဖျစေကာမူ အရာထင်ပုံမရပေ။
ထိုအချိန်၌ ဓားသူတော်စင်မယ် ဝေချင်းချင်း ၊ မေယွဲ့ရှာနှင့် တပည့်များသည် သူတို့မျက်စိရှေ့၌ ဖြစ်ပျက်နေသမျှကို စိတ်ဝင်တစား ကြည့်ရှုနေကြ၏။
ယီစင်း ဂိုဏ်းသို့ ပြန်ရောက်စက သူမဘေး၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ကောင်းကင်နယ်ပယ် အဆင့်ကိုး ပညာရှင်ကိုးဦး အမြဲတမ်းပါရှိပြီး သူမကို အနီးကပ် စောင့်ရှောက်ကာကွယ်ပေးခဲ့သည်ကို သူတို့ မှတ်မိနေကြသည်။ ထိုသူများသည် သူမ၏ အမိန့်ကို မသွေမတိမ်း နာခံခဲ့ကြ၏။
ထို့အပြင် ထိုအမျိုးသမီးပညာရှင် ကိုးဦးသည်လည်း ယခု သူတို့ရှေ့မှ ပညာရှင်များကဲ့သို့ပင် ယီစင်းကို ဧကရီခေါင်ကြီးဟု ခေါ်ဝေါ်ခဲ့ကြသည်။
သို့သော် စာပေပညာရှင်များကဲ့သို့ ဝတ်ဆင်ထားသည့် ထိုပုဂ္ဂိုလ်များသည် အမျိုးသမီးပညာရှင် ကိုးဦးနှင့် ကွာခြားနေသည်ကို သူတို့ သတိပြုမိလိုက်ကြ၏။
ယီစင်းဘေး၌ ရှိခဲ့ဖူးသော အမျိုးသမီးပညာရှင် ကိုးဦး၏ မျက်လုံးများထဲ၌ မည်သည့် ခံစားချက်အပြောင်းအလဲမျှ မရှိခဲ့ပေ။ သူတို့သည် အမိန့်များကို အေးစက်စွာသာ လိုက်နာဆောင်ရွက်ခဲ့ကြပြီး ခံစားချက်မရှိသော သက်ရှိများကဲ့သို့ ဖြစ်နေခဲ့သည်။
ယခု သူတို့ရှေ့မှ ပညာရှင်များမှာမူ နက်ရှိုင်းသည့် ခံစားချက်များ ပိုင်ဆိုင်ထားပုံရ၏။
ယီစင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်၌ ဝင်ပေါက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ "ဧကရီခေါင်ကြီးက မင်းတို့ကို ခွင့်လွှတ်ပေးပြီးပြီပဲ။ ကိုယ့်တာဝန်ကိုယ် သွားလုပ်ကြတော့။"
အသံလာရာ တံခါးပေါက်ဆီသို့ ယီစင်း လှမ်းကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လင်းချန် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ခေါင်းဆောင်ပညာရှင်က မျက်ရည်ဝဲလျက် အရိုအသေပေးလိုက်သည် "ဧကရာဇ်မင်းမြတ်..."
သို့သော် လင်းချန်က လက်ဝှေ့ယမ်းလိုက်၏။ "မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ အမှားတစ်ခုပဲ။ မောင်မင်းတို့အားလုံး အပြစ်ကင်းတယ်။ စစ်သင်္ဘောကို ကောင်းကောင်း ထိန်းချုပ်ကြ။ တိမ်တိုက်တွေကို ပြန်စုစည်းဖို့က အရေးအကြီးဆုံးပဲ။"
"ပြီးတော့ တစ်နေရာတည်းမှာ ရပ်မနေနဲ့။ တိမ်တိုက်တွေကို စုစည်းလွှမ်းခြုံထားပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေပါစေ။"
အမိန့်ကို လက်ခံရရှိပြီးနောက် ပညာရှင်အဖွဲ့သည် နောက်ဆုံး၌ မတ်တတ်ထရပ်လိုက်ကြပြီး လင်းချန်နှင့် ယီစင်းတို့ကို လေးစားစွာ ဦးညွှတ်ကာ အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
အခြေအနေ ပြေလည်သွားပြီးနောက် ယီစင်းက သက်ပြင်းချလိုက်သည်။ "ဟူး... ချန်လေး ၊ ရှင့်လူတွေက အရမ်းကို ယဉ်ကျေးလွန်းနေတယ်။"
ပညာရှင်များ၏ သူမအပေါ် ဆက်ဆံပုံက ယီစင်းကို အံ့ဩစေပြီး ကျေနပ်ဂုဏ်ယူစေ၏။
လင်းချန်က နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး မတတ်သာသည့်အဆုံး ခေါင်းခါလိုက်သည်။ "အကုန်လုံး ကိုယ့်ဆရာ့ကြောင့်ပဲ။ မိန်း လာမယ်ဆိုတာ ကြိုပြောထားရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။"
ယီစင်းက လင်းချန်ကို မေယွဲ့ရှာဘေးမှ လှပသည့် အမျိုးသမီးဆီသို့ အမြန်ဆွဲခေါ်သွားပြီး မိတ်ဆက်ပေးလိုက်၏။ "ဟုတ်သားပဲ။ ချန်လေး... ဒီမှာ ကျွန်မဆရာ ဓားသူတော်စင်မယ် ဝေချင်းချင်းလေ။ ဆရာ... ဒါ လင်းချန်ပါ။"
ယီစင်း ညွှန်ပြသည့် လူကို မြင်လိုက်ရသောအခါ လင်းချန် ချက်ချင်း အံ့ဩသွားပြီး ဝေချင်းချင်းကို အံ့ဩသံသယဖြင့် ကြည့်လိုက်မိသည်။
သူတို့ရှေ့မှ ဝေချင်းချင်းသည် ကောလာဟလများအရ အသက်ခြောက်ဆယ်ကျော်နေပြီ ဖြစ်၏။ ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးအတွက် နုပျိုသည့် ရုပ်ရည်ကို ထိန်းသိမ်းထားခြင်းမှာ အတော်လေး ဖြစ်နိုင်ခြေရှိသော ကိစ္စဖြစ်၏။
သို့သော် လင်းချန်ကို တုန်လှုပ်သွားစေသည်မှာ သူမ၏ နုပျိုသည့် ရုပ်ရည်ကြောင့် မဟုတ်ဘဲ ရုပ်ရည်သွင်ပြင်က သူ့ဆရာ ဝေဝူရွှမ်နှင့် မည်မျှတူညီနေသနည်း ဆိုသောအချက်ကြောင့် ဖြစ်သည်။
အထူးသဖြင့် မျက်လုံးများပင်။ ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသကဲ့ တူနေ၏။
လင်းချန်က သူ့စိတ်ထဲ၌ ပေါ်လာသည့် ဖြစ်နိုင်ချေတစ်ခုကို အံ့ဩစွာဖြင့် အသံထွက် ရေရွတ်လိုက်မိသည်။ "စီနီယာဝေက... ကျွန်တော့်ဆရာရဲ့ အမေများ ဖြစ်နေမလား။"
"ဘန်းးး"
လင်းချန်၏ စကားသံဆုံးသည်နှင့် သူ့ခေါင်း၏ အနောက်ဘက်သို့ ရိုက်ချက်တစ်ခု ကျရောက်လာသည်။
ဝေဝူရွှမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဒီကောင်စုတ်လေးကတော့... ဝေချင်းချင်းက ငါ့ရဲ့ အစ်မအရင်းကွ။ ဘာအမေလဲ။"
သူ့ဆရာ၏ ရှင်းပြချက်ကို ကြားသည့်အခါ လင်းချန် ပို၍ အံ့ဩသွားပြီး မယုံနိုင်သလို ဖြစ်သွားသည်။ "အစ်မအရင်း ဟုတ်လား... တကယ်ကြီးလား။"
လင်းချန်၏ ကြောင်အမ်းအမ်း အကြည့်ကို မြင်သည့်အခါ ဝေဝူရွှမ်က ဂရုမစိုက်စွာ ပြောလိုက်၏။ "ဒါပေါ့။ အကြောင်းရင်း အတိအကျကိုတော့ မင်းကို ပြောပြလို့ မရဘူး။ မင်းလိုပဲ ငါ့မှာလည်း လျှို့ဝှက်ချက်တွေ ရှိတာပေါ့။"
"လျှို့ဝှက်ချက်တွေ..." ထိုစကားကြောင့် လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိပြီး သူ့ဆရာသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်ကြောင်း သဘောတူလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လင်းချန် တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အတွက် ဖြစ်၏။ ထိုသည်မှာ သူ့ဆရာ၏ အံ့ဩမှုပင်။
သူ့ဆရာသာမက ဝေချင်းချင်းလည်း ထိုနည်းလည်းကောင်းပင်။ ဤနေရာသို့ မလာမီ လင်းချန်သည် ဖြစ်ပျက်ခဲ့သမျှကို အတည်ပြုရန်အတွက် ကွပ်ကဲမှုစင်တာ၌ ဗီဒီယိုမှတ်တမ်းကို ပြန်ကြည့်ခဲ့သည်။
အနိမ့်အမြင့် အတက်အကျများပြီး အထီးကျန်ဆန်သည့် ယခင်ဘဝ၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများကြောင့် လင်းချန်သည် လူတို့၏ မျက်နှာအမူအရာများကို ဖတ်ရှုခြင်းနှင့် အပြုအမူများမှတစ်ဆင့် နောက်ဆက်တွဲ အကြောင်းအရာများကို ကောက်ချက်ချခြင်းတို့၌ အလွန် ကျွမ်းကျင်ခဲ့၏။
ထို့ကြောင့် ဝေချင်းချင်း၏ စစ်သင်္ဘောကို ကြည့်သော အံ့ဩသည့် အကြည့်သည် သူ့ဆရာ၏ အကြည့်နှင့် ထပ်တူညီနေသည်ကို လင်းချန် သတိထားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အံ့ဩမှုသည် အခြားသူများနှင့် လုံးဝ ကွဲပြားနေသည့်အတွက် ဖြစ်၏။
အခြားသူများသည် စစ်သင်္ဘောကို မြင်သည့်အခါ ယခင်က မမြင်ဖူးသောကြောင့် အံ့ဩကြသည်။ ဤကဲ့သို့သော အရာမျိုး ကမ္ဘာပေါ်၌ ရှိနေသည်ကို အံ့ဩကြ၏။ ထို့အတူ သူတို့၏ မျက်လုံးများထဲ၌ မနာလိုဝန်တိုမှုအချို့လည်း ပါဝင်နေပြီး ထိုသည်မှာလည်း ပုံမှန် လူသားသဘာဝ ခံစားချက်ပင်။
ဤမျှ ခမ်းနားထည်ဝါသည့် စစ်သင်္ဘောမျိုးကို မည်သူက မပိုင်ဆိုင်ချင်ဘဲ နေမည်နည်း။ ယခင်ဘဝတုန်းက လင်းချန်သည်လည်း လက်တွေ့ဘဝ၌ ဤကဲ့သို့သော စစ်သင်္ဘောမျိုး ပိုင်ဆိုင်နိုင်ရန် အိပ်မက်မက်ခဲ့ဖူး၏။
သို့သော် သူ့ဆရာဖြစ်စေ ၊ ဝေချင်းချင်းဖြစ်စေ သူတို့ကို အံ့ဩစေသည်မှာ နိဗ္ဗာန်နယ်ပယ်အဆင့် သိုင်းဝိညာဉ်ပညာရှင်တစ်ယောက် အနေဖြင့် ဤမျှ ကြီးမားသည့် စစ်သင်္ဘောကြီးကို မည်သို့ ပိုင်ဆိုင်ထားနိုင်သည်နည်း ဆိုသည့်အချက်ပင်။
စစ်သင်္ဘောနှင့် ပတ်သက်၍မူ အခြားသူများ ပြသသကဲ့သို့ မနာလိုဝန်တိုမှု အရိပ်အယောင် လုံးဝ မရှိပေ။ ထိုအစား သူတို့က ဂရုမစိုက်သလို နေကြပြီး စိတ်ဝိညာဉ်စွမ်းအင်အမြောက်ကို မြင်တွေ့မှသာ အနည်းငယ် အံ့ဩမှုကို ပြသကြ၏။
သူ့ဆရာ၏ စကားအရ ကမ်းရိုးတန်းပြည်နယ်၏ ပြင်ပ၌ ထိပ်တန်းအင်အားစုများသာလျှင် ဤကဲ့သို့သော စစ်သင်္ဘောမျိုးကို ပိုင်ဆိုင်နိုင်ကြသည်။
ထိုသို့ဖြစ်လျှင် သာမန် ကမ်းရိုးတန်းပြည်နယ်မှ လာသည့် သူတို့မောင်နှမသည် အဘယ်ကြောင့် ဤစစ်သင်္ဘောကို ဂရုမစိုက်သလို ဖြစ်နေကြသည်နည်း။
ထိုအချိန်၌ ကမ်းရိုးတန်းပြည်နယ်မှ သူ့ဆရာ၌ မိဘ သို့မဟုတ် ဆွေမျိုးများ မရှိဘူးလားဟု ချင်ဝူရွှမ်ကို စူးစမ်းလိုစိတ်ဖြင့် မေးခဲ့ဖူးသည်ကို လင်းချန် ရုတ်တရက် ပြန်သတိရလိုက်၏။
သို့သော် ချင်ဝူရွှမ်က ခေါင်းခါခဲ့သည်။ "နတ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တပည့်တွေကို လက်မခံခင် နောက်ကြောင်းရာဇဝင်ကို သေချာပေါက် စစ်ဆေးမှာပဲ။ ဒါပေမဲ့ အစ်ကိုကြီးမှာတော့ ဘာနောက်ခံမှ မရှိဘူး။ လေထဲကနေ ရုတ်တရက် ပေါ်လာသလိုမျိုးပဲ။ သူ့ရဲ့ နောက်ခံဇာစ်မြစ်က လုံးဝ လျှို့ဝှက်ဆန်းကြယ်နေတယ်။"
ထိုအကြောင်းကို တွေးမိရင်း လင်းချန်သည်လည်း ခေါင်းခါလိုက်၏။ လူတိုင်း၌ ကိုယ်ပိုင် လျှို့ဝှက်ချက်လေးများ ရှိကြသည်။ သူ့၌လည်း ရှိသလိုပင် သူ့ဆရာ၌လည်း လျှို့ဝှက်ချက်များ ရှိမှာ ဧကန်ပင်။
သူနှင့် သူ့ဆရာကြားရှိ ဆရာတပည့် သံယောဇဉ်သည် စစ်မှန်ပြီး ခိုင်မာကြောင်း လင်းချန် သိထား၏။ ထိုသည်က လုံလောက်ပြီဖြစ်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team