← Chapters

မင်းတို့ အော်ငိုရမယ်

Vol. 86-89 Ch. 1327

မင်းတို့ အော်ငိုရမယ်

Vol. 86-89 Ch. 1327

“သူ့ကို တစ်စစီဖြစ်အောင် လုပ်လိုက်”

ယဲ့ဖန်၏ ဂရုမစိုက်၍ အထင်သေးသော လေသံကို ကြားရပြီးနောက် ဝူကျောယို ဒေါသူပုန် ထသွားလေသည်။

“မင်းတို့ ကြားတယ်မလား၊ လုပ်ကြတော့လေ”

ဟဲရှုကလည်း ဒေါသများ ပြည့်နှက်နေသော မျက်လုံးဖြင့် အော်ဟစ်လေသည်။

“သွားကြ၊ ရှေ့တက်ကြ၊ အဲ့မျိုးမစစ်ကောင်ကို သတ်ပစ်ကြ”

ဝူကျောယိုဘေးနားမှ အပေါင်းအပါများအားလုံးကလည်း သူ၏ ပုန်းကွယ်နေသော သိုင်းပညာရှင်များကို အော်ဟစ်၍ အမိန့်ပေးလာသည်။

“သတ်”

လက်ရှိတွင် စကားတစ်ခွန်းသာ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ ဝူကျောယို၏ အနောက်မှ နဂါးအသွင်ပြောင်း ခြင်းအဆင့် ဆယ်ယောက်ကျော်က ပြိုင်တူ ခုန်တက်လာသလို အမှောင်ထဲ၌ ပုန်းနေသည့် နဂါးအသွင်ပြောင်း ခြင်းအဆင့် အယောက်နှစ်ဆယ်တို့လည်း ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် လူချမ်းသာများအားလုံး အေးစက်နေသော လေကို ရှူရှိုက်မိသကဲ့သို့ ဖြစ်သွားပြီး အသက်ရှူ ရခက်သလို ခံစားလာရသည်။

တိုးပွားလာသည့် ကြမ်းကြုတ်သော လူသတ်လိုသည့် အငွေ့အသက်များက မြစ်တစ်စင်းတစ်ခုအဖြစ်သို့ ပေါင်းစပ် သွားပုံ ရပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားကာ သူတို့၏ ပေါင်ခွကြား စိုစွတ်လုနီးပါးအထိ ကြောက်လန့် သွားစေသည်။

အမှောင်ထဲ၌ နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ဆယ် ပုန်းနေလိမ့်ဦးမည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။ ယခုဆိုလျင် နဂါးအသွင်ပြောင်းခြင်းအဆင့်က လေးဆယ်ကျော်နီးပါး ရှိလာလေပြီ။

နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ်တို့၏ လူသတ်လိုသော အငွေ့အသက်က မှင်တက်ဖွယ် ကောင်းလှသလို သူတို့၏ ယန်စွမ်းအင်များ ပေါင်းစည်းနေသောအခါ ဤနေရာတစ်ခုလုံး မီးကင်ခံရလုနီးပါး ဖြစ်လာရသည်။

သူတို့၏ ယန်စွမ်းအင်က အလွန်အမင်း ပူလောင်လွန်းသလို လူသတ်လိုသော အငွေ့အသက်ကလည်း အေးစက် လွန်းပေသည်။

လူတိုင်း ယဲ့ဖန်ကို သနားသလို ကြည့်လာကြသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ်က သူ့ကို သတ်ရန် ပြိုင်တူ လှုပ်ရှားလာသဖြင့် သူ မည်သို့ အသက်ရှင်နိုင်ပါဦးမည်နည်း။

ဝူကျောယိုက ဂုဏ်ယူစွာ ပြုံးနေ၏။

*ဒါပဲလေ၊ ငါ့ကို အာခံရင် ဒီလိုပဲ အဆုံးသတ်ရလိမ့်မယ်*

ဟဲရှုသည်လည်း ထီမထင်ဟန် ပြုံးနေလေသည်။

“ဟေ့ကောင် မင်းကို နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ် လာတိုက်တာကို ဂုဏ်ယူသင့်တယ်ကွ”

ယဲ့ဖန်က လူအယောက်လေးဆယ် တဖြည်းဖြည်း နီးကပ်လာသည်ကို ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ ကြည့်နေပြီး မသိလျင် တိုက်ခိုက်ခံရမည့်လူက သူ မဟုတ်သလိုပင်။

သူ့အပြုအမူက လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်လန့်နေသော အပြုအမူဟု ထင်ဟပ်နေသည်။ ဤသို့သော တိုက်ပွဲမျိုးအား မြင်မိသည့် မည်သူမဆို ကြောက်လန့်ကာ ရူးသွားနိုင်ပေသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က ဘောင်းဘီမစိုသေးသည့်အတွက် စိတ်မာသည်ဟုပင် ထင်နေ၏။

“မင်းတို့အားလုံး အခု နောက်ဆုတ်မယ်ဆိုရင် အသက် ရှင်နိုင်မယ်”

ထိုစဉ် ယဲ့ဖန်ဘက်က စကားစလာသည်။ သူ့လေသံက တည်ငြိမ်အေးဆေးလွန်းသည်။

“ဟားဟားဟား …”

သူ ထိုစကားပြောလိုက်သည်နှင့် လူတော်တော်များများက ဟားတိုက် ရယ်မောကြသည်။

*ဒီကောင် လာပြောင်နေတာလား*

*နောက်ဆုတ်ရင် အသက်ရှင်မယ် ဟုတ်လား*

*မသိရင် ဒီလူလေးဆယ်ကတောင် သူ့ကို မနိုင်တဲ့ပုံနဲ့၊ ဒါ အရမ်း လေမကျယ်လွန်းဘူးလား*

“ဟေ့ကောင် မင်း ဘယ်အချိန်အထိ ဒီလို လုပ်နေမှာလဲ၊ အခုထိ လေလုံးထွားချင်နေသေးတာလား”

ဟဲရှုက သရော်လိုက်သည်။ ယဲ့ဖန်၏ စကားကို သူတို့ မည်သို့ ကြောက်ရွံ့ပါမည်နည်း။

“အရူး အခု သူ ဒူးထောက်ပြီး တောင်းပန်ရင်တောင် မလုံလောက်နိုင်တာကို၊ သူက ဟန်ဆောင်ချင်နေသေးတယ်၊ သူ တကယ် သေချင်နေတာပဲ”

ကျန်သော အပေါင်းအပါများကလည်း ဝိုင်းသရော်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး၌ ရယ်မောသံများ ပြည့်နေ၏။ မည်သူမှ ယဲ့ဖန်၏ ခြိမ်းခြောက်စကားကို ခေါင်းထဲမထည့်ကြချေ။

နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ်တို့သည်လည်း ဒေါသထွက်လာကြသည်။ တစ်ဖက်လူက သူတို့ကို အထင်သေးနေသည် မဟုတ်ပါလော။

ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်နှာထားများက ပိုမိုကြမ်းကြုတ်လာကြသည်။ သူတို့သည် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ လွှားခနဲ ရောက်လာသည်နှင့် သူတို့၏ အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်ဖော်ကာ ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်ကြလေသည်။

“ဝုန်း”

ထိုအခိုက်တွင် ပြင်းထန်သော အဖျက်စွမ်းအင်လှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ လူတိုင်း မျက်နှာ မပျက်ဘဲ မနေနိုင်ကြချေ။ နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ် ပြိုင်တူ တိုက်ခိုက်လာခြင်းက ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားနီးနီး ရှိလေသည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်ကလည်း လှုပ်ရှားလာသည်။ သူ ရှေ့သို့ တစ်လှမ်း တိုးလာ၏။ ထိုခြေလှမ်း၌ မှော်စွမ်းအင်များ ပါဝင်နေပုံ ရပြီး အတောမသတ်အောင် သတ်ဖြတ်လေတော့သည်။

များစွာသော လူများ၏ အကြည့်အောက်တွင် ထိုခြေလှမ်းသည် ငရဲမှနေ၍ လောကထဲသို့ ခြေချလာသော ခြေလှမ်းသို့ ထင်မှတ်ရပြီး သိုင်းပညာရှင် အယောက်လေးဆယ်အား ငရဲသို့ ဆွဲချသွားသလိုပင်။

သူ့ထံမှ အခြားသော လှုပ်ရှားမှုကို မမြင်ရဘဲ ခြေတစ်လှမ်း လှမ်းလိုက်သည်ကိုသာ မြင်လိုက်ရသည်။ သူတို့သတ်ရန် အနားသို့ ရောက်လာသည့် သိုင်းပညာရှင်များ ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် နေရာ၌ လှုပ်ရှားမှုမရှိဘဲ ငြိမ်ကျသွားသည်။

ရှေ့ဆုံးမှလူသည် ကျားတစ်အောင် ခုန်အုပ်တော့မည့် ပုံစံအတိုင်း ရှိနေပြီး သူ၏ လက်သည်းများက ယဲ့ဖန်၏ နဖူးနှင့် တစ်စင်တီမီတာမျှသာ ကွာဝေးလေသည်။ လူတိုင်း ကျောက်ရုပ်သဖွယ် ငြိမ်သက်နေ၏။

ထိုအခိုက်တွင် လေထုပင် တန့်ခနဲ ဖြစ်နေပုံရပြီး လူအယောက်လေးဆယ်က ရုပ်ရှင် ဖန်သားပြင် မလှုပ်သကဲ့သို့ ငြိမ်သက်နေသဖြင့် အလွန် ထူးဆန်းလှသည်။ လူတိုင်း မှင်တက်သွားပြီး ကြောက်စိတ်ဝင်လာကြသည်။

*ဘာဖြစ်သွားတာလဲ*

*ဘာလို့ ဒီလူတွေ မလှုပ်တာလဲ*

ထို့နောက် သူတို့ အလွန် ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။ ထိုသိုင်းပညာရှင် အယောက်လေးဆယ်၏ မျက်လုံးများက တုန်လှုပ်နေပြီး အတောမသတ်နိုင်‌သော ကြောက်စိတ်များ ထင်ဟပ် နေသည်။

*သူတို့ သရဲသဘက်ကို တွေ့လိုက်သလို ကြောက်နေပါလား*

မယုံနိုင်သော အကြည့်များက ယဲ့ဖန်ပေါ် စုပြုံကျရောက်လာ၏။ သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ဒါတွေအားလုံးကို ယဲ့ဖန် လုပ်လိုက်တာလား*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

*သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေမှာလဲ*

နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်အား စက္ကန့်ပိုင်းအတွင်း သတ်နိုင်ခြင်းအား သူတို့ နားလည်နိုင်ပါသည်။ သို့သော် နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ်ကို စက္ကန့်ပိုင်းအတွင်း ရှင်းလင်းနိုင်သည့် အချက်ကိုမူ သူတို့ နားမလည်နိုင်ပါ။

*သူက ဘုရင်အဆင့်များလား*

ထိုအခိုက်တွင် ပို၍ ကြောက်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က အေးတိအေးစက် ပြုံးလိုက်ပြီး ခြေတစ်ဖက်ကို ဆောင့်လိုက်သည်။ ထိုအခါ နှိုင်းယှဉ်မရသော စွမ်းအင်တစ်ခု ထွက်ပေါ်လာ၏။

“ဖောင်း ဖောင်း”

သိုင်းပညာရှင်များအားလုံး ပြိုင်တူ ပေါက်ကွဲသွားပြီး သွေးအိုင်ဖြစ်သွားကာ သွေးစက်အချို့ကလည်း သူတို့ကို လာစဉ်လေသည်။

အားလုံး တိတ်ဆိတ်ကာ သွေးပျက်သွားကြသည်။ လူတိုင်း ဤမြင်ကွင်းကြောင့် အကြောက်လွန်၍ ငြိမ်သက်နေကာ ယဲ့ဖန်အား ရီဝေဝေ ကြည့်လာကြသည်။ အားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူတို့ သတိဝင်ချိန်ပင် မရလိုက်ပါ။

*သေသွားပြီ*

*နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်လေးဆယ်လုံး သေကုန်ပြီ*

*ဒီမိစ္ဆာကောင်က*

*သူ ဘာတွေလုပ်လိုက်တာလဲ*

လူတိုင်း လည်ပင်းအညှစ်ခံထားရသလို ဖြစ်ကာ ယဲ့ဖန်ကို ကြောက်လန့်လာ၏။ ခြေတစ်ချက် ဆောင့်လိုက်ခြင်းက သိုင်းပညာရှင် အယောက်လေးဆယ်အား ပုရွက်ဆိတ် နင်းသတ်သကဲ့သို့ ပေါက်ကွဲ၍ သေဆုံးသွားစေသည်တဲ့လား။

ဟဲရှုနှင့် အခြားသူများ ကြောက်လန့်လာကြပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

“အခု နောက်ဆုတ်ရင် အသက်ရှင်မယ်၊ ရှေ့တိုးလာရင် သေမယ်လို့ ပြောခဲ့တဲ့ စကားက ဒီကောင် နောက်နေတာ မဟုတ်ဘူးပဲ”

အစောပိုင်းက ယဲ့ဖန် သူတို့ကို သတိပေးခဲ့ပါသည်။ သို့သော် မည်သူမှ ယဲ့ဖန်၏ ခြိမ်းခြောက်စကားကို စိတ်ထဲ မထားခဲ့ချေ။ ယခု ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရလေပြီ။

သူတို့ မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ကွဲသွားလေသည်။ သူတို့ ယခုလောက် တစ်ခါမှ အရှက်မကွဲ ဘူးသလို ဆောက်တည်ရာမရသလိုလည်း မဖြစ်ခဲ့ပေ။ သူတို့၏ သက်တော်စောင့်များအားလုံး တစ်စုံတစ်ယောက် ထံ၌ ချက်ချင်း အသတ်ခံလိုက်ရသည်။

ယခု သူတို့ ယဲ့ဖန်ကို အဘယ်အရာနှင့် ရင်ဆိုင်ရမည်နည်း။

“မင်းတို့ ဘာတွေသွေးပျက်နေတာလဲ”

ဝူကျောယိုက ချက်ချင်း ငေါက်ငမ်းလေသည်။ သူ့မျက်နှာက ပိုပို၍ သုန်မှုန်လာ၏။

“ဘယ်သူ့ပိုင်နက်ထဲ ‌ရောက်နေတာလဲဆိုတာကိုလည်း မမေ့နဲ့ဦး၊ ငါဆိုတဲ့ ဝူကျောယိုက ရှုကျိုးတစ်ခုလုံးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့လူ၊ ငါ့ကို ရန်စတဲ့လူတိုင်း သေရမယ်”

ဝူကျောယို ရူးမတတ် ပေါက်ကွဲနေ၏။ သူ့နောက်ကွယ်၌ ရှုကျိုး၏ အသန်မာဆုံးလူ ရှိသည်။ ယဲ့ဖန်က ဘုရင်အဆင့် ဖြစ်နေလျင်တောင်မှ ဘာအရေးနည်း။ သူ သေကိုသေရမည်ပင်။

“ဟုတ်တယ် သွေးမပျက်နဲ့၊ အစ်ကိုကြီးဝူရဲ့ အဖေက ဝူချီဖုန်း၊ စစ်သားတွေရဲ့ဘုရင်၊ ရှုကျိုးမှာ သူ့ကို ဘယ်သူ စိန်ခေါ်ရဲလို့လဲ”

“ဟုတ်တယ် ဟုတ်တယ်၊ အစ်ကိုကြီးဝူရဲ့ အဖေရဲ့ ကိုယ်ပိုင်ခွန်အားအပြင် သူ့နောက်ကွယ်မှာ ထူးဆန်းတဲ့ မျှော်စင်သခင် ရှိတယ်မဟုတ်လား၊ ဒါဆို ဒီကောင့်ကို ရှင်းရတာ လွယ်မှာပဲလေ မဟုတ်ဘူးလား”

ထိုသခင်လေးများအားလုံး ရုတ်တရက် အသိပြန်ဝင်လာပြီး စိတ်အေးကာ ယဲ့ဖန်အား မုန်းတီးသော အကြည့်များဖြင့် တစ်ဖန်ပြန်၍ ကြည့်လာကြသည်။

သူတို့၏ သက်တော်စောင့်များကို သတ်ခြင်း၊ သူတို့အား လူလယ်ခေါင်၌ အရှက်ကွဲခြင်းအပြင် သူတို့ကို ဤသို့ ဆိုးဆိုးရွားရွား နစ်နာအောင် လုပ်ခဲ့သဖြင့် ဤမျိုးမစစ်ကောင် သေကိုသေရမည်ဟု သတ်မှတ်လာလေသည်။

ထိုအခိုက်တွင် ဝူကျောယိုက သူ့ဖုန်းကို ထုတ်ကာ ဖခင်ဖြစ်သူထံ ဖုန်းဆက်လေသည်။ ထို့နောက် သူက အေးတိအေးစက် ခနဲ့လိုက်သည်။

“နေနှင့်ဦးပေါ့၊ ငါ့အဖေ ဒီကို နာရီဝက်အတွင်း ရောက်လာလိမ့်မယ်”

“သူ့လူတွေကို သတ်ခဲ့တဲ့ကောင်ကို အရေခွံနွှာပြီး မချိုးဖဲ့ရရင် သူ့ကိုယ်သူ ဝူချီဖုန်းလို့ မခေါ်တော့ဘူးလို့တောင် ပြောလိုက်သေးတယ်”

သူ့စကားကို ကြားသော် လူတိုင်း ထိတ်လန့်သွားကြသည်။

*ဝူချီဖုန်း လာမှာလား၊ အဲ့လူက သူကိုယ်တိုင် ဒီလူငယ်ကို သတ်မယ်ပေါ့လေ*

*ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ*

လူတိုင်း ယဲ့ဖန်ကို ရယ်ချင်ပက်ကျိ မျက်နှာထားနှင့် ကြည့်လာသည်။ ယဲ့ဖန်၏ ခွန်အားက ကောင်းမွန်သော်လည်း ဝူချီဖုန်းနှင့် ရင်ဆိုင်ရလျင် သူ သေခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်သည်။

ဝူချီဖုန်းက မည်သူနည်း၊ စစ်သားတို့၏ ဘုရင် မဟုတ်ပါလော။ စစ်နတ်ဘုရားအိုကြီး၏ ဆက်ဆံသူဟု ကျော်ကြားပြီး နောင်တွင် တော်ဝင်မြို့တော်သို့ ဝင်ရောက်နိုင်ချေ ရှိသည့် နာမည်ကျော် စစ်သူကြီး ဖြစ်လေသည်။

ဒဏ္ဍာရီများအရ သူသည် မိစ္ဆာမျှော်စင်၏ မျှော်စင်သခင်နှင့်လည်း ပတ်သက်သည်ဟု ဆိုသည်။ ဆရာတပည့်များ ဖြစ်သည်ဟု ပြောကြသည်။ သူ၏ ခွန်အားသာမက သူ၏ နောက်ခံကိုပါ ဤလူငယ်လေး မယှဉ်နိုင်ပါ။

ယဲ့ဖန်က သူတို့ကို ဆက်တိုက် အံ့ဩမှုများ ဖြစ်အောင် လုပ်နိုင်သော်လည်း ဝူချီဖုန်း ရောက်လာသည်နှင့် သူ သေရမည် ဖြစ်သည်။

ဝူကျောယိုက မောက်မာသော်လည်း သူ့စကားများက မမှားပေ။ ဤရှုကျိုးနယ်မြေက တကယ်ပင် သူ့နယ်မြေ ဖြစ်လေသည်။ သူ့ကို ဤနယ်မြေ၌ ရန်စခြင်းက သေဆံဒးခြင်းဖြင့်သာ အဆုံးသတ်ပေမည်။

“ဟဲဟဲ မျိုးမစစ်ကောင် မင်းက ဘုရင်အဆင့် ဖြစ်နေလည်း ရှောင်ထွက်သွားနိုင်မယ် ထင်နေလား၊ မင်း သိအောင် ပြောလိုက်မယ်၊ ငါ့အ‌ဖေ ရောက်လာရင် ခွန်အားခြင်း ကွာဟတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မင်း နားလည်လာလိမ့်မယ်”

ဝူကျောယိုက မကျေမချမ်း အကြည့်နှင့်‌ ပြောလေသည်။

“ဘုရင်အဆင့်လား ငါ့မျက်လုံးထဲမှာ သူက ပုရွက်ဆိတ်လိုပဲ”

ယဲ့ဖန်က အထင်သေးစွာ ပြောလိုက်သည်။ တစ်ဖက်လူက သူ့ကို ဘာမဟုတ်သော ဘုရင်အဆင့်နှင့် တိုက်ခိုက် ခိုင်းခြင်းက ရယ်စရာ ကောင်းလှသည်။

ယခုအခါမှ သူ ဝူကျောယို၏ နောက်ခံကို သိတော့သည်။

*လတ်စသက်တော့ သူက ဝူချီဖုန်းရဲ့သားကိုး*

*အဆင်ပြေသွားတာပဲ၊ ရန်ငြိုး အဟောင်းနဲ့ အသစ်ကို အတူတူ ဆပ်လိုက်တာပေါ့*

ယဲ့ဖန် ပြောလိုက်သောစကားက လူတိုင်းကို ဆူညံပွက်လောရိုက်သွားစေသည်။

*ဘုရင်အဆင့်ကို ပုရွက်ဆိတ်လိုပဲတဲ့လား*

*မောက်မာလွန်းတယ်*

*ဒီကောင့်စကားတွေက တော်‌တော် တင်စီးတာပဲ*

လူအုပ်ကြားထဲ၌ ဆူညံကာ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ လူတိုင်း သူတို့ နားကြားမှားလေသလားဟု ထင်နေ ကြသည်။

အင်ပါယာအတွင်း၌ အလွန် နည်းပါးသော အရေအတွက်ဖြင့်သာ ရှိနေသည့် ဘုရင်အဆင့် သိုင်းပညာရှင်များသည် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။ သို့သော် ဤလူငယ်လေးက ဘုရင်အဆင့်ကို ပုရွက်ဆိတ်ဟု ပြောနေသည် တဲ့လား။

“ငါ နားကြားမှားတာလား၊ ဒီကောင်က ဘုရင်အဆင့်ကို ပုရွက်ဆိတ်လို့ ပြောလိုက်သလိုပဲ”

“ငါလည်း ကြားလိုက်တယ်၊ မောက်မာလွန်းတယ်ကွ၊ သူက ဝူချီဖုန်းကို မျက်လုံးထဲတောင် မထည့်ဘူးလို့ ပြောချင်တာလား၊ သူ့ကိုယ်သူ သူတော်စင်သခင်အဆင့်များ မှတ်နေလား မသိဘူး၊ ဟာသပဲ”

“ချီးဦးနှောက်နဲ့ကောင်၊ ဒီကောင့်ခေါင်းထဲမှာ ချီးတွေ ပြည့်နေတာ သေချာတယ်၊ နဂါးအသွင်ပြောင်းခြင်း အဆင့်တွေကို သတ်နိုင်တာနဲ့ မာန်တက်နေတာ၊ အခု ဘယ်သူမှ သူ့ကို အသာထားမှ မဟုတ်ဘူး၊ သူ အသေ အဆော်ခံရမှာ”

သခင်လေးများက အထင်သေးစွာ လှောင်ပြောင်ကြလေသည်။ ယဲ့ဖန်က သူတို့ကို သူက သူတော်စင်သခင် အဆင့်ပါလို့ ပြောချင်နေလေသလား။ ထိုသို့ဖြစ်နိုင်ပါမည်လော၊ ရယ်ချင်စရာ ကောင်းလှသည်။

“မင်းတို့က ရယ်ရတာကို သဘောကျတာလား”

ထိုစဉ် ယဲ့ဖန်က သူတို့ကို မျက်မှောင်ကြုတ်၍ ကြည့်လာသည်။ သူတို့က အလွန် ဆူညံကာ စကားပြောလိုက် ရယ်လိုက် လုပ်နေသောကြောင့် ယဲ့ဖန် စိတ်မသက်မသာ ဖြစ်သလို ခံစားလာရသည်။

ထိုအခါ ဘယ်သခင်လေးကမှ သူ့ကို ပြန်သရော်မနေဘဲ သေလူကို ကြည့်နေသကဲ့သို့ အထင်သေးသလိုသာ ပြုံး၍ ကြည့်လာကြသည်။

“ငါ မင်းတို့ ရယ်တာကို မကြိုက်ဘူး၊ အဲ့တော့ မင်းတို့ အော်ငိုရမယ်”

ယဲ့ဖန်က ဒေါသတကြီး ပြောလိုက်ပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်သည်။

All Chapters