အာကာသ၏အနှစ်သာရ
Vol. 97 Ch. 1346
အရွယ်အစားမျိုးစုံရှိသော အာကာသဒိုင်မန်းရှင်းပေါင်း မရေမတွက်နိုင်အောင် မန်ဟို မြင်လိုက်ရသည်။ တချို့က ဝေဝါးနေသည်၊ တချို့က ထင်ရှားသည်။ ၎င်းတို့သည် အမျှင်ပေါင်းများစွာအဖြစ် ပြောင်းလဲနေ၏။ ထိုအမျှင်များနှင့် မန်ဟို အင်မတန်ရင်းနှီးသည်။ သူ အဋ္ဌမမိစ္ဆာမန္တန်ကို ထုတ်လွှတ်လိုက်တိုင်း ဤအမျှင်များက ထွက်ပေါ်လာကာ မန္တန်၏ပစ်မှတ်ကို တုပ်နှောင်၍ ထိုသူ၏ကျင့်ကြံခြင်းအခြေခံနှင့် အနုသုခုမနတ်ခန္ဓာကို ချိတ်ပိတ်ပေးတတ်သည်။
အစတုန်းက အဆိုပါအမျှင်များသည် မိုးနှင့်မြေ၏ သဘာဝနိယာမများဖြစ်သည်ဟု မန်ဟို ယူဆခဲ့၏။ သို့သော် ယခုလို ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အခါ ၎င်းတို့က ... သေချာပေါက် သဘာဝနိယာမလည်းမဟုတ်၊ မှော်ဥပဒေလည်းမဟုတ်ကြောင်း သူ နားလည်သွားလေပြီ။
၎င်းတို့ကား ဒိုင်မန်ရှင်နယ်အာကာသများ ဖြစ်ပေ၏။ {အတိုင်းအမျိုးမျိုးရှိသောအာကာသ - နှစ်ဖက်မြင်(အလျားအနံ အတိုင်းနှစ်ခု)၊ သုံးဖက်မြင်(အလျားအနံအမြင့် အတိုင်းသုံးခု)၊ လေးဖက်မြင်(အလျားအနံအမြင့်အချိန် အတိုင်းလေးခု) အစရှိသဖြင့်}
မရေမတွက်နိုင်သော ဒိုင်မန်ရှင်နယ်အာကာသများသည် တစ်ခုအပေါ်တစ်ခု ထပ်ပြီးနောက် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံနှင့် အနုသုခုမနတ်ခန္ဓာကို ချုပ်နှောင်ဖို့ ထိုကျင့်ကြံသူအပေါ် ဖိအားသက်ရောက်စေလိုက်ခြင်းဖြစ်၏။
“ဟုတ်တယ်။ အဲ့ဒါကမှ လူတစ်ယောက်ကို ချုပ်နှောင်တယ်ခေါ်တာ။ မရေမတွက်နိုင်တဲ့ ဒိုင်မန်ရှင်နယ်အာကာသတွေနဲ့ ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်လိုက်တာမျိုး။ တကယ်တော့ ချုပ်နှောင်တယ်ဆိုတာထက် ... ချိတ်ပိတ်တယ်ဆိုတာက ပိုသင့်တော်တယ်” ပတ်ဝန်းကျင်ရှိ ကမ္ဘာအနှစ်သာရ သူ့ကိုယ်ထဲ ဆက်လက်စီးဆင်းနေစဉ် မန်ဟို့စိတ်သည် ချာချာလည်နေပြီး သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပနေသည်။
ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး သွေးပင်လယ်ကြီးအသွင် ပြောင်းခဲ့သော အပြင်သူက မန်ဟို့ဆီ တစ်ဖန်ပြေးဝင်လာပြန်သည်။ သို့သော် သူ့မှာ မန်ဟို့ကို ဝင်တိုက်မည့်အစား လေဟာနယ်ကို ဖြတ်လိုက်ရသကဲ့သို့ တိုက်ရိုက်ဖောက်ထွက်သွားလေသည်။
မန်ဟိုက တောင်ပင်လယ်လောကတွင် ပျံဝဲနေခြင်းမဟုတ်ဘဲ အတိုင်းမတူသောအာကာသထဲ ရောက်နေသည့်အလားပင်။ ကျန်ခဲ့သည့်တစ်ခုတည်းသောအရာမှာ လူတိုင်းမြင်ရသော်လည်း ထိတွေ့မရသော ပုံရိပ်မျှသာ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ခိတိဂဗ္ဗ၏နှလုံးသားသည် တဒိန်းဒိန်းခုန်နေ၏။ သူ တိုက်ခိုက်နေသော အင်ပါယာသခင်မှာလည်း စိတ်နှလုံးတုန်ရီနေပြီး မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေတော့သည်။
သူတို့သာမဟုတ်၊ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် အပြင်သူပါရာဂွန်အောဂူလည်း တုန်လှုပ်နေသည်။
တောင်ပင်လယ်သခင်များသာမက တောင်ပင်လယ်လောက၏ တာအိုနယ်ပယ်ပညာရှင်အားလုံးသည် မန်ဟို့ကိုယ်ပေါ်၌ အနှစ်သာရအရှိန်အဝါကို ခံစားလိုက်ရသဖြင့် ... မိုးကြိုးပစ်ချခံလိုက်ရသလို ထိတ်လန့်အံ့အားသင့်ကုန်ကြ၏။
မန်ဟို့အမူအရာက တည်ငြိမ်လျက်သာ ရှိသော်လည်း သူ့မျက်ဝန်းထဲရှိ ဉာဏ်အလင်းသည် မျက်စိကျိန်းမတတ် တောက်ပနေပြီး သူ့ပတ်ပတ်လည်ရှိ ကမ္ဘာအနှစ်သာရအလင်းမှုန်များမှာ သူ၏ကိုယ်ထဲသို့ ဝေါခနဲ ဝေါခနဲ စုပ်ယူခံနေရသည်။
၆၀၀၀၀၊ ၇၀၀၀၀၊ ၈၀၀၀၀။
လျှပ်တပြက်သာ ကြာသေးသည်၊ မန်ဟိုကား အလင်းမှုန်ရှစ်သောင်းကျော်ကို စုပ်ယူခဲ့ပြီးလေပြီ။ ထိုမျှသာမက သူ ဝင်ရောက်သွားခဲ့သော အခြေအနေထဲတွင် ... အသစ်ဖြစ်ပေါ်လာသည့်တစ်စုံတစ်ခုသည် သူ့စိတ်ထဲ၌ လွင့်မျောနေ၏။
အာကသာမှ ဖြစ်ပေါ်လာသော အနှစ်သာရ
ဘာကြောင့် ကမ္ဘာတွင် အာကာသ တည်ရှိသနည်း။
အာကာသဆိုသည်က မည်သည့်အရာနည်း။
ကမ္ဘာအနှစ်သာရ၏အကူအညီဖြင့် မန်ဟိုသည် ထိုမေးခွန်းများကို ခွဲခြမ်းစိတ်ဖြာ၍ ဉာဏ်အလင်းရှာဖွေနေနိုင်၏။ ဤအခိုက်အတန့်တွင် သူကား တစ်ခါမှမရောက်ခဲ့ဖူးသော ထိပ်ဆုံးအမြင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ သူ့ထံမှ အဆုံးမဲ့အလင်းရောင်က ကြယ်တာရာကောင်းကင်တစ်ဝန်းလုံးသို့ ဝုန်းခနဲ ဖြာထွက်သွားသည်။
ဤအခိုက်အတန့်တွင် ကျင့်ကြံသူအားလုံး၊ အပြင်သူအားလုံး လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။
အပြင်သူတာအိုဥသျှောင်မှာ စဉ်းစား၍ရသမျှအကုန် လုပ်နေသော်လည်း မန်ဟို့ကို ထိပင်မထိနိုင်ပေ။ သူ လုပ်နိုင်သမျှမှာ မန်ဟို ကြယ်တာရာကောင်းကင်တွင် မျက်လုံးစုံမှိတ်လျက် ပျံဝဲနေသည်ကိုသာ ကြည့်နေနိုင်သည်။
သူကား ယခုတွင် အမှန်တကယ် တာအိုဉာဏ်အလင်းရရှိနေလေပြီ။
“အာကာသက ဘာလဲ...” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း သူ့အသံက ကြယ်တာရာကောင်းကင်ကို ရိုက်ခတ်၍ ပဲ့တင်ထပ်သွား၏။ သူ့မျက်လုံးများသည် ပိတ်နေသော်လည်း သူ၏စိတ်ထဲတွင် ... အဆုံးမရှိသကဲ့သို့ အရပ်လေးမျက်နှာတစ်ခွင် ဆန့်တန်းနေသော ဒိုင်မန်ရှင်နယ်အာကာသ (အတိုင်းမတူညီအာကာသ) များကို မြင်နေရသည်။
“အလျားလည်း .... အာကာသ...
“အနံလည်း .... အာကာသ...
“အမြင့်လည်း ... အာကာသ...
“အရွယ်အစားကိုလည်း ... အာကာသအဖြစ် သုံးနှုန်းလို့ရတယ်...” မရေမတွက်နိုင်သော ဒိုင်မန်ရှင်နယ်အာကာသ (အတိုင်းမတူညီအာကာသ) များကြားတွင် မန်ဟိုသည် ၎င်းတို့ကို အလျား ၊ အနံ ၊ အမြင့်နှင့် အရွယ်အစားဖြင့် ဖော်ပြနိုင်ကြောင်း မြင်လိုက်ရ၏။ သို့သော် ထိုအရာအားလုံးမှာ အာကာသဆိုသောအရာ၏ အစိတ်အပိုင်းလေးတစ်ပိုင်းမျှသာ ဖြစ်သယောင်ပင်။ ထိုအရာအားလုံးက .... အာကာသ၏ ဖော်ပြချက်များသာ ဖြစ်ကြသည်။
သို့သော် မန်ဟိုမှာ ရှင်းလင်းစွာ နားမလည်သေးပေ။ သူ မဖမ်းဆုပ်မိသေးသောအရာ၊ သူ မမြင်နိုင်သောအရာ ရှိနေသည်။ သူသည် မျက်မှောင်ကြုတ်၍ ကမ္ဘာအနှစ်သာရစွမ်းအားကို ထပ်မံစုပ်ယူလိုက်ပြန်၏။
အာကာသအနှစ်သာရ၏ အဓိပ္ပါယ်အစစ်အမှန်ကို ဉာဏ်အလင်းရဖို့ သူ၏ဆင်ခြင်တွေးခေါ်နိုင်စွမ်းနှင့် အသိအမြင်ကို အဆင့်မြှင့်ဖို လိုအပ်သည်။
ဤအခိုက်အတန့်တွင် သူ့မှာ တောင်ပင်လယ်လောကအကြောင်း၊ စစ်ပွဲအကြောင်းတို့ကို လုံးလုံးလျားလျား မေ့လျော့သွားခဲ့ချေပြီ။ သူသည် တာအိုဉာဏ်အလင်းရှာဖွေရာတွင် ဈာန်ဝင်စားနေ၏။
ကျန်ရှိသူများမှာတော့ ကြက်သေသေနေကြသည်။ တောင်ပင်လယ်လောကသားများနှင့် အပြင်သူတို့နှစ်ဖက်လုံး ဆူညံပွက်လောရိုက်နေခဲ့သော်လည်း ယခုတွင် တိတ်ဆိတ်နေကြ၏။ အင်ပါယာသခင်နှင့် ပါရာဂွန်ပင်လျှင် ဘာမှမပြောပေ။
အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ မန်ဟို့ကို သတ်ဖို့ နည်းလမ်းပေါင်းစုံကြိုးစားနေခဲ့သော အပြင်သူတာအိုဥသျှောင်မှာ သူ၏မှော်အစွမ်းများကို မထုတ်လွှတ်ဘဲ နေရန်အပြင် ရွေးချယ်စရာမရှိတော့ပေ။
မည်မျှထုတ်လွှတ်ထုတ်လွှတ် အချည်းနှီးသာ မဟုတ်ပါလော....
မန်ဟို ဉာဏ်အလင်းရှာဖွေနေစဉ် သူ့ပတ်ပတ်လည် ဧရိယာသည် ကျုံ့လိုက်၊ ပြန့်ကားလိုက်နှင့် ပုံပျက်နေသည်။ ရံဖန်ရံခါ ၎င်းက အပေါ်သို့ ဖောင်းကြွသွားတတ်ပြီး ချိုင့်ဝင်သွားတတ်သည်။ တစ်ခါတစ်ရံ ဘယ် သို့မဟုတ် ညာဘက်ဘက်သို့ ကားထွက်သွားတတ်ပြန်သည်။
မီးပင်လယ်အသွင်ဖြင့် အပြင်သူတာအိုဥသျှောင်မှာ တုန်ရီနေသည်။ သူ့မှာ မန်ဟို့ကို မထိနိုင်သည်သာမက သူ့အနားပင် မကပ်နိုင်တော့ပေ။ တိုးကပ်သွားလေလေ၊ ဟင်းလင်းပြင်သည် ပိုမိုမငြိမ်သက်လေလေ ဖြစ်လာပြီး နောက်ဆုံးတော့ အကွဲကြောင်းများပင် ပွင့်ထွက်စပြုလာသည်။ အဆုံးသတ်တွင် သူ့မှာ ထွက်ပြေးလိုက်ရတော့သည်။
လက်ရှိအချိန်တွင် အာကာသအနှစ်သာရနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရရှိနေသော မန်ဟိုမှလွဲ၍ မည်သည့်ဖြစ်တည်မှုမှ ထိုဧရိယာအနား မကပ်နိုင်ပေ။
မန်ဟို့ခန္ဓာကိုယ်သည်လည်း ပြောင်းလဲနေသောအခြေအနေတွင် ဖြစ်၏။ သူက ဝုန်းခနဲ ပြန့်ကားလာပြီး ကျုံ့ဝင်သွားတတ်သည်။ ထို့နောက် မုန်ညင်းစေ့မျှ သေးငယ်သွားတတ်ပြီး ကောင်းကင်ဘုံတမျှ ကြီးမားလာပြန်သည်။
အပြင်သူတာအိုဥသျှောင်က ရှုပ်ထွေးသောခံစားချက်များဖြင့် မန်ဟို့ကို ကြည့်ပြီးနောက် ခါးသီးစွာ ရေရွတ်လိုက်သည်။ “အာကာသအနှစ်သာရ... ရှေးခေတ်က ယနေ့ထက်ထိ အဲဒီအနှစ်သာရကို ဉာဏ်အလင်းရှာဖွေခဲ့တဲ့ တန်ခိုးကြီးပညာရှင်တွေ တစ်ပုံကြီးရှိခဲ့တယ်။ ဒါပေမဲ့ အောင်မြင်ခဲ့တဲ့သူတွေကတော့ ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေလို ရှားပေတယ် ...”
မန်ဟို့ကို စောင့်ကြည့်နေစဉ် ပင်လယ်အိပ်မက်၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာပြီး သူမ၏မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်ထွန်းလာသည်။
လူတိုင်းလူတိုင်းသည် မန်ဟို မျက်လုံးများပိတ်လျက် ဉာဏ်အလင်းရှာဖွေနေသည်ကိုသာ ကြည့်နေကြ၏။ ယခုတွင် သူ၏အခြေအနေက အဋ္ဌမမန္တန်ကို မူလဖန်တီးခဲ့သူ အဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူထက်ပင် ကျော်လွန်သွားလေပြီ။ ထိုစဉ်တုန်းက အဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူမှာ အလျား၊ အနံ၊ အမြင့်နှင့် အရွယ်အစားကိုသာ နားလည်ဖို့ လိုခဲ့သည်။ ထို့နောက် အဋ္ဌမမန္တန်ကို ဖန်တီးနိုင်ခဲ့၏။
အခြားတစ်ဖက်တွင် မန်ဟို သုံးသပ်ဆင်ခြင်နေသောအရာမှာ ထိုနယ်ပယ်ထက် လွန်လေသည်။ သူကား အာကာသ၏အနှစ်သာရကို ခွဲခြမ်းစိတ်ဖြာနေခြင်းမဟုတ်ပါလော။
ထိုအနှစ်သာရသည် အဆုံးမဲ့သောဖြစ်နိုင်ခြေများစွာဖြင့် ပြည့်နှက်နေသည့် အနှစ်သာရတစ်ခု ဖြစ်သည်သာမက မန်ဟိုက ထိုဖြစ်နိုင်ခြေအားလုံးကို သိမြင်ချင်နေသည်။
ပုံမှန်အားဖြင့် ထိုသို့သိမြင်နိုင်ဖို့က မဖြစ်နိုင်သော်လည်း ကမ္ဘာအနှစ်သာရကြောင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။ မန်ဟိုသည် ကမ္ဘာအနှစ်သာအလင်းမှုန်များကို အရူးသဖွယ် အငမ်းမရ ဆက်လက်စုပ်ယူနေသဖြင့် တဝေါဝေါမြည်သံများ ဆူညံနေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုကား အလင်းမှုန်ကိုးသောင်း၊ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို စုပ်ယူခဲ့ပြီးလေပြီ။
သူ၏စုပ်ယူနှုန်းက မြန်သထက် မြန်လာသည်။ သူ၏ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် အသိအမြင်အဆင့်သည်လည်း ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးအလင်းမှုန်တစ်သောင်းကို စုပ်ယူပြီးသည့်အခါတွင် သူ့စိတ်မှာ ဖော်ပြမတတ်နိုင်အောင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးဖြင့် နှစ်ခြမ်းခွဲခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
တဂျုန်းဂျုန်းမြည်သံများ၏အလယ်တွင် သူ့မျက်လုံးများက ဖျတ်ခနဲပွင့်လာပြီး နက်နဲသိမ်မွေ့သောအလင်းရောင်ကို ၎င်းတို့ထဲတွင် မြင်ရသော်လည်း ထူးထူးခြားခြားကွဲပြားသွားသည့်အရာ မရှိပေ။ သို့ပင်ငြား တစ်ချိန်တည်းမှာပင် သူ့သူငယ်အိမ်များ၏ အမည်းရောင်ဧရိယာ နှင့် သူ့မျက်လုံးအိမ်၏ အဖြူရောင်ဧရိယာအကြားက ခြားနားမှုသည် ပို၍ထင်ရှားလာ၏။
သူ့မျက်လုံးများက မိုးနှင့်မြေ၏ မဟာတာအိုတစ်ပါးကို ဖော်ကျူးနေကြောင်း သက်သေပြနေသည့်ပမာ တဖျတ်ဖျတ် လက်နေသည်။
“ဆိုတော့ အဲဒါက အာကာသအနှစ်သာရပေါ့လေ...” သူက မဆိုစလောက်ပြုံးရင်း ပြောသည်။ သူ့ကိုယ်ထဲရှိ အာကာသအနှစ်သာရ မှေးမှိန်ပျောက်ကွယ်နေသည်ကို သူ ခံစားလိုက်ရသည်။ အဆင့်မြင့်သွားသော ဆင်ခြင်တွေးခေါ်နိုင်စွမ်းနှင့် အသိအမြင်တို့လည်း လွင့်စင်ပြိုကွဲလာနေ၏။ သူက သက်ပြင်းချသည်။
မန်ဟို့မျက်လုံးများ ပွင့်လာသောအခိုက်အတန့်မှာပင် ပတ်ပတ်လည်ဟင်းလင်းပြင်၏ ဖောက်ပြန်မှုသည် ပျောက်ကွယ်သွား၏။ ထိုမျှသာမက သူ၏ခန္ဓာကိုယ်က တောင်ပင်လယ်လောကသို့ ပြန်ရောက်လာသည်။ ဒေါသူပုန်ထနေသော အပြင်သူတာအိုဥသျှောင်မှာ ထိုအခြင်းအရာကို မြင်လျှင် သူ၏မီးပင်လယ်အသွင်က ဟုန်းဟုန်းတောက်ပြီး မန်ဟို့ဆီ ပြေးဝင်လာတော့သည်။
“အာကာသဆိုတာ ... ပုံစံတစ်ခုအဖြစ် ဖြစ်တည်နေတဲ့ ကြိုးမျှင်လေးတွေထက် မပိုဘူး။ အဲဒီအမျှင်တွေကနေ ဖြစ်ပေါ်လာတဲ့ ပုံစံတွေဟာ ... အာကာသပဲ" မန်ဟိုက ခေါင်းခါရမ်း၍ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ခြေထောက်အောက်တွင် စက်ဝိုင်းတစ်ဝိုင်း ပေါ်လာစေသည်။
“လက်ရှိအချိန်မှာ ငါက အာကာသထဲမှာပဲ” သူက ငုံ့ကြည့်ရင်း ပြောသည်။ ထို့နောက် သူ၏ဉာဏ်အသိအမြင်သည် ပိုမိုနက်ရှိုင်းသွားသဖြင့် သူက ပြုံးလေသည်။ အပြင်သူတာအိုဥသျှောင်ဖြစ်သော မီးပင်လယ်မှာ မန်ဟို့ကို ဝါးမြိုတော့မည့်ပုံရသော်လည်း သူ၏မီးတောက်မီးလျှံများမှာ စက်ဝိုင်းကို ဖော်ဆောင်ပေးထားသော အမျှင်၏အပြင်တွင်သာ ပိတ်မိနေကြောင်း တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားတော့သည်။
“ဒါ...ဒါက ....” အပြင်သူတာအိုဥသျှောင်မှာ အံ့ဩမဆုံးဖြစ်နေသလို၊ အပြင်သူအင်ပါယာသခင်နှင့် ပါရာဂွန်လည်း ထိုနည်းတူပင်။
“အာကာသ။ သူက အာကာသအနှစ်သာရကို တကယ်ကြီး ဉာဏ်အလင်းရသွားတာပဲ”
မန်ဟိုသည် သူ ဝင်ရပ်နေသည့် အမျှင်မှဖြစ်ပေါ်လာသော စက်ဝိုင်းကို တည်ငြိမ်စွာ ငုံ့ကြည့်ရင်း ပြုံးလိုက်၏။ “ဒီအမျှင်တွေကတော့ ... ငါ ဉာဏ်အလင်းရခဲ့တဲ့ အနှစ်သာရထဲမှာ ပါဝင်နေတာက ဒီအမျှင်တွေ သက်သက်တွေမဟုတ်ဘူး
“ဒီအမျှင်တွေထဲမှာ အလျား၊ အနံ၊ အမြင့်နဲ့ အရွယ်အစား ရှိကြတယ်။ အဲဒီအတိုင်းအတာတွေဟာ အကန့်အသတ်မရှိဘူး။ အာကာသဆိုတာလည်း အဲ့ဒါပဲ ...။ သူတို့က ပြားနေပေမယ့် တကယ်တော့ ....” သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ (၂)ဖက်မြင် (အတိုင်းနှစ်ခု-အလျားနှင့်အနံ) စက်ဝိုင်းထံမှ အမျှင်တစ်မျှင် ထွက်လာပြီး သူ့ကို ဖြတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း စက်ဝိုင်းကား ပြားမနေတော့ဘဲ ... အမြင့်ရှိသော စက်လုံးတစ်လုံး ဖြစ်လာခဲ့လေပြီ။
“အမျှင်တစ်မျှင်နဲ့ဆို စက်ဝိုင်းဟာ စက်ဝိုင်းမဟုတ်တော့ဘဲ ကမ္ဘာလုံးလို စက်လုံးဖြစ်လာတယ်။ ငါ့အသိအမြင်က မပြည့်စုံသေးတာ ဆိုးလွန်းတယ်။ ဒါကို ကြာကြာထိန်းမထားနိုင်ဘူး” မန်ဟို တစ်ယောက်တည်း ပြောနေသည့်အချိန်မှာပင် စက်လုံးပြိုကွဲသွား၍ သူက သက်ပြင်းဖွဖွ ချသည်။
“ငါ့မျက်လုံးထဲမှာတော့ ကမ္ဘာလောကဟာ ... ကားချပ်လေးတစ်ခုသာသာပဲ” မန်ဟိုက အံ့အားသင့်နေသော မီးပင်လယ်အသွင်အပြင်သူကို မော့ကြည့်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မီးပင်လယ်မှာ ရွေ့လျားမရတော့ပေ။ ထို့နောက် မီးတောက်မီးလျှံများသည် စတင်ပြောင်းလဲလာ၏။ ၎င်းတို့က မန်ဟို့ကို ဝိုင်းမနေတော့ဘဲ ကြယ်တာရာကောင်းကင်ဆိုသည့် ကားချပ်ပေါ်တွင် မီးတောက်မီးလျှံများကို ရေးခြယ်လိုက်သကဲ့သို့ ဖြာထွက်သွားသည်။
ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ အမျှင်လေးမျှင်သည် (၂) ဖက်မြင်ဖြစ်သွားသော (အလျားအနံအတိုင်းနှစ်ခုသာရှိသော) မီးတောက်များကို ဘောင်လေးဖက်ခတ်လိုက်သကဲ့သို့ ဝန်းရံလိုက်သည်။
“ဒါက အာကာသပဲ” မန်ဟိုက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် ပြောသည်။
မီးတောက်များသည် ဝုန်းခနဲ တုန်ရီသွား၏။ အတွင်းထဲရှိ အပြင်သူတာအိုဥသျှောင်မှာ ခါးခါးသီးသီး ဟိန်းဟောက်နေလေသည်။ မီးတောက်များက ဘောင်ခတ်ထားသော အမျှင်များကို ကျော်ဖြတ်ရန် ကြိုးစားသော်လည်း မဖြတ်နိုင်ပေ။ နောက်ဆုံးတော့ မီးတောက်များသည် မီးအိမ်မြှောင်ကြီးတစ်ကောင်အဖြစ် စုစည်းသွား၏။ ၎င်းက အမျှင်များကို ခေါင်းနှင့်တိုက်ကြည့်သော်လည်း မထူးပေ။
၎င်းကား ပိတ်မိသွားလေပြီ။ မန်ဟို ဖန်တီးခဲ့သော ... (၂)ဖက်မြင် (အတိုင်းနှစ်ခု) ပန်းချီကားဘောင်ထဲ၌ ပိတ်မိသွားခဲ့လေပြီ။
ကြယ်တာရာကောင်းကင်သည် ကားချပ်တစ်ခုပမာဖြစ်၏။ အာကာသအနှစ်သာရကို ထိန်းချုပ်နိုင်သော မည်သူမဆို သူတို့၏လက်များကို စုတ်တံသဖွယ် အသုံးပြုနိုင်သည်။ စုတ်ချက်နည်းနည်းပါးပါး ရေးခြယ်လိုက်ရုံနှင့် အမျှင်များကို ကောက်ကြောင်းတစ်ခုအဖြစ် ပုံဖော်နိုင်၏။ ထိုကောက်ကြောင်းထဲတွင် တည်ရှိသည်ကတော့ .... အာကာသပင်။
ထိုကားချပ်ကို လိပ်လိုက်လျှင် ဖြစ်ပေါ်လာသော အကြောင်းများသည် ဒိုင်မန်းရှင်းများအကြားက အပေါက် (တစ်နည်းအားဖြင့် ဒိုင်မန်းရှင်းတစ်ခုနှင့်တစ်ခုအကြား ဖြတ်သွားစေနိုင်သော ဒိုင်မန်ရှင်နယ်အကွဲကြောင်း) ဖြစ်၏။ ထိုမျှသာမက ထိုကားချပ်ကို စက်လုံးပုံသဏ္ဍာန်ပေါ်လိုက်သည့်အခါ .. ထိုအာကာသသည် ... ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မည်။