← Chapters

မျက်ဝန်းထဲက သွေးအေးသောအလင်းရောင်

Vol. 97 Ch. 1347

မျက်ဝန်းထဲက သွေးအေးသောအလင်းရောင်

Vol. 97 Ch. 1347

မန်ဟိုက ဟက်ခနဲ တစ်ချက်ရယ်၍ သူ့လက်ကို မြှောက်ကာ အပြင်သူတာအိုဥသျှောင်ရောက်နေသော ပန်းချီကားချပ်ရှိရာဘက်တွင် စက္ကူရွက်တစ်ရွက်ကို လုံးလိုက်သကဲ့သို့ ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။ သူ ယခုလေးတင် ဖန်တီးခဲ့သော ကားချပ်မှာ ချက်ချင်းဆိုသလို ပြာကျသွားတော့၏။

အထဲရှိ အပြင်သူတာအိုဥသျှောင်မှာလည်း နာကျင်စွာ အော်ဟစ်ပြီး သေဆုံးသွားသည်။

ထိုလုပ်ရပ်က မန်ဟို့မျက်နှာကို အတန်ငယ်ဖြူဖျော့သွားစေ၍ သူက သက်ပြင်းခိုးချလိုက်သည်။ ကောင်းကင်ဘုံ (၁) ၏ ကမ္ဘာအနှစ်သာရကြောင့် သူ စိတ်ကူးနိုင်သည်ထက်ပင် အင်အားကြီးမားသော အဋ္ဌမမန္တန်၏ အနှစ်သာရကို ဉာဏ်အလင်းရရှိခဲ့လေသည်။ ၎င်းကို အသုံးပြုခြင်းက အလွန်အားကုန်ခမ်းစေသော်လည်း မန္တန်မှော်အစွမ်းများကို သူ၏အခြေခံအနှစ်သာရများအဖြစ် အသုံးချမည့်အကြံအစည်သည် မှန်ကန်ကြောင်း သူ့ကို ပိုမိုယုံကြည်သွားစေခဲ့သည်။

“ကံဆိုးစွာနဲ့ ငါ့လက်ရှိကျင့်ကြံအဆင့်နဲ့ဆို ဒီမှော်အစွမ်းကို တစ်လမှာ တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်" ထိုကန့်သတ်ချက်က မန်ဟို စိတ်ပျက်မိသည့် တစ်ခုတည်းသောအရာပင်။ ၎င်းသည် သူ၏ကျင့်ကြံအဆင့်နှင့် သူ ကိုင်စွဲနိုင်သော အနှစ်သာရစွမ်းအားအပေါ် မူတည်နေ၏။

သူ၏ကျင့်ကြံအဆင့်မှာ မီးငြိမ်းဝိညာဉ်မီးအိမ်ခြောက်လုံးဖြင့် ရှေးဟောင်းနယ်ပယ်အဆင့်သာ မဟုတ်ပါလော။

“အာကာသအနှစ်သာရနဲ့ ငါ အနှစ်သာရ ၆ ခု အဆင့်ကို ချုပ်နိုင်တယ်။ အဲ့ဒါက ငါ့ရဲ့မိုင်ကုန်ပဲ။ အင်ပါယာသခင်တစ်ဦးနဲ့ တိုက်ခိုက်ရင် ရှုံးနိုင်ခြေရှိတယ်။ ပါရာဂွန်အတွက်ကတော့ ...” မန်ဟိုက ခေါင်းကို ခါရမ်းလိုက်သည်။ အရာအားလုံးသည် ကျင့်ကြံအဆင့်တိုးတက်မှုနှင့် အနှစ်သာရစွမ်းအားထိန်းချုပ်နိုင်စွမ်းအပေါ် မူတည်ကြောင်း သူ ကောင်းကောင်းသိ၏။

အမှန်တွင် သူ၏အာကာသအနှစ်သာရအသိအမြင်သည် အောက်ခြေ၌ ကန်သေးသေးလေးတစ်ကန် ရှိသော ဧရာမတွင်းကြီးတစ်တွင်းနှင့်တူသည်။ နောက်ဆုံးတွင် ထိုတွင်းကြီးကား ... အဆုံးမဲ့ကြယ်ပင်လယ်တစ်စင်း ဖြစ်လာလိမ့်မည်။

ထိုမျှသာမက အဋ္ဌမမန္တန်၏အနှစ်သာရဉာဏ်အလင်းသည် မန်ဟို ကမ္ဘာအနှစ်သာရမှ ရရှိခဲ့သော ပထမအကျိုးအမြတ်သာ ရှိသေး၏။ ဒုတိယအကျိုးအမြတ်ကား ...

သူ့သွေးပြောင်းလဲသွားခြင်းပင်။

ကောင်းကင်ဘုံ (၁) ၏ ကမ္ဘာအနှစ်သာရကို စုပ်ယူပြီးနောက် သူ၏လောကပါလတာအိုသွေးဆက်သည် ထူးဆန်းသောပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ကြောင်း မန်ဟို ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။ ထိုပြောင်းလဲမှုက မကြီးမားသော်လည်း မိုးနှင့်မြေကို ပြိုလဲသွားစေနိုင်သော အခြေခံပြောင်းလဲမှုတစ်ခု ဖြစ်သည်။

မည်သည့်အရာက ထိုပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့မှန်း သူ မသေချာသော်လည်း သူ၏လောကပါလသွေးဆက်သည် ... လွန်စွာခြားနားသွားကြောင်း ခံစားလိုက်ရ၏။

သာမန်ထက်ထူးခြားပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခု၊ သူ့ကို အမြင့်ဆုံးသို့ တွန်းပို့ပေးနိုင်သောအရာတစ်ခု လောကပါလသွေးဆက်အတွင်း၌ ငုပ်လျှိုးနေသည်ကို သူ သိသည်။

ထိုပြောင်းလဲမှုဖြစ်ပွားပြီးနောက် သူ၏လောကပါလတာအိုအင်မော်တယ်သွေးသည် ထပ်မံနိုးထလာပြီး သူလည်း စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သောအဆင့်တစ်ခုသို့ ရောက်သွားလိမ့်မည်ဟု ပြင်းပြင်းထန်ထန် ခံစားနေရ၏။

ထိုအဆင့်က သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသည့် နယ်ပယ်တစ်ခုလည်း ဖြစ်ကောင်းဖြစ်မည်။

မည်သည့်နယ်ပယ်မှန်းတော့ မန်ဟို မသိသော်လည်း သူ၏လောကပါလသွေးကို နှိုးချင်လျှင် ကမ္ဘာအနှစ်သာရများစုပ်ယူဖို့ လိုသေးကြောင်းကိုတော့ ဒိဋ္ဌသိသည်။

ကောင်းကင်ဘုံ (၁) ၏ ကမ္ဘာအနှစ်သာရအား အပြည့်အဝစုပ်ယူပြီးနောက်တွင် နိုးထလာသောလက္ခဏာ ခပ်ရေးရေးလေးကို ခံစားသိရှိနိုင်ပေသည်။

မန်ဟို ကမ္ဘာအနှစ်သာရကို ရာနှုန်းပြည့်စုပ်ယူ၍ သူ၏လောကပါလတာအိုအင်မော်တယ်သွေးဆက်မှ ထပ်မံနိုးထလာနေသော လက္ခဏာများ ပြနေသည့်အချိန်မှာပင် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။ ရွှေတုန်းလျှို၏မျက်လုံးများသည် လင်းလက်တောက်ပလာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။

“ဒီကလေး သူ့ကံကြမ္မာသူ ပြောင်းလိုက်ကတည်းက သူ့အနာဂတ်ကို ငါ မမြင်နိုင်တော့ဘူး” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒါပေမဲ့ သူက ... အရာအားလုံးက အလွန်က ၊ အရာအားလုံးရဲ့ အထက်က ... အကြီးမြတ်ဆုံးနယ်ပယ်ကို ရောက်သွားနိုင်တယ်လို့ ငါ ခံစားနေရတယ်

“အဲဒီနယ်ပယ်ထက်တောင် မြင့်ကောင်းမြင့်နိုင်တယ်.... ပါရာဂွန်အင်မော်တယ်လောကထဲမှာတောင် ဒဏ္ဍာရီဖြစ်ခဲ့တဲ့ ... သက်ရှိဖြစ်တည်မှုအစကတည်းက ယနေ့ထက်ထိ လူတွေ ယုံကြည်ကိုးကွယ်ခဲ့တဲ့ ... အတုမရှိအင်မော်တယ်တောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်

“ကြယ်တာရာကောင်းကင်ဖြစ်တဲ့ အာကာပြင်ကျယ်ကြီးထဲမှာ အတုမရှိနတ်ဘုရားနဲ့ အတုမရှိနတ်ဆိုး ရှိနေပေမယ့် အတုမရှိအင်မော်တယ်တော့ မရှိသေးဘူး....” ရွှေတုန်းလျှိုသည် တုန်ရီနေပြီး ကြယ်တာရာကောင်းကင်ကို ဖြတ်၍ မန်ဟို့ထံ လှမ်းကြည့်နေသော သူ၏မျက်ဝန်းများတွင် ပြင်းပြသော မျှော်လင့်မှုနှင့် စူးစိုက်မှုတို့ ပြည့်နှက်နေ၏။

“အတုမရှိအင်မော်တယ်.... အဲဒီစကားလုံး ဖြစ်တည်လာတဲ့အခိုက်အတန့်ကတည်းက ... ဘယ်လူမှ ၊ ဘယ်ဖြစ်တည်မှုမှ အင်မော်တယ်စစ်စစ် ဖြစ်မလာခဲ့ဖူးဘူး .... အတုမရှိအင်မော်တယ်ဟာ အတုမရှိနတ်ဘုရားနဲ့ ရင်ဘောင်တန်းနိုင်၊ အတုမရှိနတ်ဆိုးနဲ့လည်း အင်အားတူညီပြီး ... ကြယ်တာရာကောင်းကင်မှာ ထာဝရတည်ရှိတယ်

“မဟာအင်အားစုကြီးနှစ်စု လာနေတာက အဖိုးထိုက်ရတနာတစ်ပါးကြောင့်။ တစ်စုက အတုမရှိနတ်ဘုရားရဲ့ပြန်အလာကို တောင့်တပြီး ကျန်တစ်စုက အတုမရှိနတ်ဆိုးကို အသက်ပြန်သွင်းလိုတာကြောင့်လို့ မသိတဲ့လူတွေက ထင်ကြတယ်

“ဒါပေမဲ့ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က အဲဒီအရာတွေတင်မကဘူး .... အတုမရှိအင်မော်တယ်ရဲ့ ဖွားမြင်မှုကို တားချင်ကြတာကြောင့်ပဲ

“အတုမရှိအင်မော်တယ်ရဲ့ဖွားမြင်မှုကနေ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားကို ရယူပြီး သူတို့အဖိုးထိုက်ရတနာတွေနဲ့ ပေါင်းစည်းလိုက်မှသာ သူတို့ရဲ့ရည်ရွယ်ချက်အစစ်တွေကို အကောင်အထည်ဖော်နိုင်ကြမှာ

ကြယ်တာရာကောင်းကင်၊ မန်ဟို့ပတ်ဝန်းကျင်တွင် ဘယ်သူမှမမြင်ရသော အရာတစ်ခု ပျံဝဲနေသည်။ ၎င်းက မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်နေသော အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည့် သင်္ဘောတစ်စင်းဖြစ်သည်။ အဘိုးအို၏မျက်ဝန်းထဲတွင် ရှုပ်ထွေးနေသောခံစားချက်များနှင့်အတူ ဉာဏ်အလင်းကို မြင်ရနိုင်သည်။

ဆန့်ကျင်ဘက် သိပ်မလှမ်းမကမ်းတွင်မူ အနက်ရောင်ဝတ်ရုံနှင့် အပြင်သူသည် ဓားအိမ်မှ မထုတ်ရသေးသောဓားတစ်လက်သဖွယ် ပျံဝဲနေ၏။ သူ့အား လွန်စွာသိပ်သည်းသော လူသတ်ငွေ့များ ဝန်းရံထားသော်လည်း သူ ထိုနေရာတွင် မန်ဟို့အား လေ့လာရင်း ရပ်နေသည်ကို မည်သူမှ မမြင်ကြပေ။

မန်ဟို သူ့သွေးဆက်၏ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဉာဏ်အလင်းအနည်းငယ်ရရှိလိုက်၍ သူ့နှလုံးသားထဲတွင် မျှော်လင့်ခြင်းမီးစလေး လင်းလာသည့်တစ်ချိန်တည်းမှာပင် လူတိုင်း မန်ဟို ကောင်းကင်ဘုံ (၁) ကို ဖျက်စီး၍ ၎င်း၏ကမ္ဘာအနှစ်သာရကို စုပ်ယူခဲ့သော မြင်ကွင်းကြောင့် မှင်သက်နေကြဆဲရှိသည့် အောက်ရှိတောင်ပင်လယ်လောကထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။

စတုတ္ထတောင်ပင်လယ်ရှိရာအရပ်မှ နားကွဲလုမတတ်အသံကျယ်ကြီး ဟိန်းထွက်လာပြီး တစ်ချိန်တည်းမှာပင် ပါရာဂွန်၏စွမ်းအားကဲ့သို့ စွမ်းအားတစ်ရပ် ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်ဆက်တည်းမှာပင် ခိတိဂဗ္ဗမှာ မာန်သွင်းဟိန်းဟောက်သည့်တိုင် လူရိပ်တစ်ခု စတုတ္ထတောင်ပင်လယ်မှ ထွက်မသွားနိုင်အောင် မတားနိုင်လိုက်ပေ။

ထိုအရိပ်ကား အပြင်သူအင်ပါယာသခင်မှတစ်ပါး အခြားမဟုတ်။

သူသည် အနှစ်သာရ ၆ ခုအဆင့်၏အထွတ်အထိပ်၊ ပါရာဂွန်တစ်ပိုင်းဖြစ်၏။

အစက ခိတိဂဗ္ဗသည် သူ့ကို ချုပ်ထားနိုင်ခဲ့သော်လည်း ယခုတွင် အပြင်သူအင်ပါယာသခင်က ပါရာဂွန်ပင်လယ်အိပ်မက်ထံမှ ရုန်းမထွက်နိုင်၍ အင်ပါယာသခင်ရုန်းထွက်နိုင်အောင် ကူညီဖို့ စိတ်ပိုင်းဖြတ်ခဲ့သော အပြင်သူပါရာဂွန်၏အကူအညီကို ရရှိနေလေသည်။ အင်ပါယာသခင်သည် အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်လျက် မန်ဟို၏အနှစ်သာရပေါ်ထွက်လာမှုမှ အငွေ့အသက်များကို အခွင့်ကောင်းယူကာ ခိတိဂဗ္ဗထံမှ ရုန်းထွက်၍ တိုက်ခိုက်ရန် ထွက်သွားချေပြီ။

သူသည် ဥက္ကာပျံကြီးပမာ မီးဟုန်းဟုန်းတောက်လျက် ဟင်းလင်းပြင်တစ်လျှောက် ထိုးတက်သွားရင်း မန်ဟို့အနား ချဉ်းကပ်သွား၏။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူသည် ပါရာဂွန်ပင်လယ်အိပ်မက် အပြင်သူပါရာဂွန်ကို တိုက်ခိုက်နေသောနေရာသို့ တဒင်္ဂလှမ်းကြည့်လိုက်သည်။ ကံဆိုးစွာနှင့် သူ့မှာ ပင်လယ်အိပ်မက်အား လှမ်းအချက်မပြနိုင်ရာ အင်ပါယာသခင်ကို ပြန်ကြည့်ပြီး နောက်ဆုတ်မည့်အစား ရှေ့တက်လိုက်သည်။

အပြင်သူအင်ပါယာသခင်သည် လုံးလုံးလျားလျား ထိတ်လန့်ဖွယ်ကောင်းပြီး သူ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ကြောင့် မီးတောက်နေ၏။ သူ့ကျင့်ကြံခြင်းအခြေခံ၏အငွေ့အသက်များအရ အနှစ်သာရစွမ်းအားအလုံးစုံ ထုတ်ဖော်ထားကြောင်း သိသာသည်။ မီးတောက်မီးလျှံများက ဝဲကြီးကဲ့သို့ လည်လာပြီးနောက် ဝဲငါးဝဲ ဆင့်ကဲပေါ်ပေါ်လာသည်။ ထိုဝဲတစ်ခုစီသည် အရှေ့ဝဲထက်ပို၍ ကြီးမား၏။

ဝဲခြောက်ဝဲလုံးကား ကြယ်တာရာကောင်းကင်ကို တုန်ခါစေပြီး စောင့်ကြည့်နေသူများကို ပင့်သက်ရှိုက်မိလိုက်ရစေသော အနှစ်သာရစွမ်းအားကို ထုတ်လွှတ်နေပေသည်။

ဤကြောက်မက်ဖွယ်အင်အားသည် တာအိုဥသျှောင်အင်အားထက် သာလွန်၏ ။ ပါရာဂွန်အဆင့်အောက်တွင် လန့်စရာအကောင်းဆုံးအင်အားအဆင့် ဖြစ်သည်။

ထိုဝဲခြောက်ဝဲအနက် တစ်ဝဲစီ၏အင်အားသည် တာအိုဥသျှောင်အဆင့်၏တစ်ဝက်ကျော် ရှိပြီး ဝဲနှစ်ဝဲဖြင့် ထိုတာအိုဥသျှောင်အဆင့်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်သည်။ ခြောက်ဝဲလုံးကို အတူပေါင်းလိုက်လျှင်တော့ ၎င်းတို့ ထုတ်လွှတ်သည့် အနှစ်သာရစွမ်းအားသည် အင်ပါယာသခင်အား မည်သည့်တာအိုဥသျှောင်ကိုမဆို ချေမှုန်းနိုင်စေလိမ့်မည်။

ဤအင်အားက အင်ပါယာသခင်တစ်ဦး၏ အင်အားဖြစ်ချေသည်။

ဘဝပြန်ဝင်စားခြင်းမြစ်နှင့် မရဏတရားကို ပိုင်စိုးသူ၊ စတုတ္ထတောင်ပင်လယ်မှ မရေမတွက်နိုင်သော ယမနန်းတော်များကို အုပ်စိုးသူ၊ လူသေဝိညာဉ်များစွာ၏ စေတိယမီးစွမ်းအားကို ဆင့်ခေါ်နိုင်သူ ခိတိဂဗ္ဗပင်လျှင် ဤအဆင့်ဖြင့် အပြင်သူအင်ပါယာသခင်ကို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ဤအခြေအနေတွင် အပြင်သူအင်ပါယာသခင်သည် ခိတိဂဗ္ဗကို သုတ်သင်နိုင်သောအစွမ်းအစပင် ရှိ၏။ သူက မှော်သိုင်းကွက်များ၊ မန္တန်များကို အားမကိုးဘဲ သူ၏ကြောက်မက်ဖွယ်အနှစ်သာရစွမ်းအားကို ဆင့်ခေါ်ကာ မန်ဟို့ကို ချေမှုန်းဖို့ အမြန်ဆုံး ပျံတက်သွားသည်။

ထို့နောက် သူသည် လက်နှစ်ဖက်လုံးကို ဆန့်၍ အားပြင်းပြင်းဖြင့် လက်ဝါးချင်းရိုက်လိုက်၏။ ဝဲခြောက်ဝဲထဲမှ ပထမဆုံးဝဲက သူ့ကို ဝေါခနဲ ဖြတ်သွားပြီး မန်ဟို့ထံ လည်ထွက်သွားသည်။

မန်ဟိုက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ တောင်များကို ဆင့်ခေါ်သည်။ ထို့နောက် မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင်ပြောင်း၍ လာနေသော ဝဲထံသို့ လျှပ်စီးလို ပြေးဝင်သွားသည်။

ဝဲသည် အုန်းခနဲ ပြိုကွဲသွားပြီး မန်ဟို၏တောင်များလည်း ကြေမွသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏မိုးပြာရောင်သိမ်းငှက်အသွင်က အပြင်သူအင်ပါယာသခင်ဆီ တရှိန်ထိုး ဦးတည်နေသည်။ ထိုအခိုက်အတန့်တွင် ဒုတိယဝဲက မန်ဟို့အရှေ့တည့်တည့်သို့ ဝေါခနဲ ရောက်ချလာခဲ့သည်။

ဖြစ်ပေါ်လာသောပေါက်ကွဲမှုက ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြက်လက်သွားစေပြီး ကြယ်တာရာများကို တုန်ခါလာစေသည်။ မန်ဟို့မိုးပြာရောင်သိမ်းငှက်အသွင်လည်း ပြိုကွဲသွား၍ သူက ပုံမှန်အသွင်ဖြင့် ညာလက်သီးကို ဆုပ်လျက် လက်သီးတစ်လုံးပစ်သွင်းရင်း ပေါ်လာသည်။

ဝဲသည် တုန်ခါသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။ မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်လိုက်ရသည်။ ထိုအခိုက်မှာပဲ တတိယနှင့်စတုတ္ထဝဲများက ချဉ်းကပ်လာနေပြီဖြစ်သည်။ အင်ပါယာသခင်တစ်ဦး၏ အင်အားအပြည့်အဝ ထုတ်လွှတ်ခံလိုက်ရသဖြင့် သုတ်သင်ခြင်းစွမ်းအားလှိုင်း လိမ့်ဖြာထွက်လာ၏။

မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ယခုတွင် သူ၏အပြင်အားကိုယ်မှာ အထွတ်အထိပ်အခြေအနေတွင် တဂျုန်းဂျုန်းမြည်နေပြီး သူ့ကျင့်ကြံခြင်းအခြေခံလည်း တဝုန်းဝုန်း လည်ပတ်နေသည်။ ပါရာဂွန်တံတားပေါ်လာ၍ နတ်မီးတောက် ဖြာထွက်သွားစဉ် သူက လက်သီးသုံးချက်အား ဆက်တိုက်ပစ်သွင်းလိုက်၏။

အသက်နုတ်လက်သီး

နတ်ဆိုးလက်သီး

နတ်ဘုရားသုတ်သင်ခြင်းလက်သီး

နင်းခြေနေသော ပါရာဂွန်တံတားနှင့် တဟုန်းဟုန်းတောက်နေသော နတ်မီးတောက်ကို လက်သီးချက်သုံးချက်က အဖော်ပြုပေးလိုက်သည်။ တတိယဝဲ ပြိုကွဲသွားပြီး တစ်ဆက်တည်းမှာပင် မန်ဟိုလည်း သွေးတစ်လုပ်အန်ရသည်။ သူက ကြောက်မက်ဖွယ်စတုတ္ထဝဲနှင့် ၎င်း၏အနှစ်သာရစွမ်းအားကို တောင့်ခံဖို့ သူ့အပြင်အားကိုယ်ကို အားကိုးရင်း နောက်ဆုတ်လိုက်၏။

ဘုန်းးးးးးးးးးး။ မန်ဟိုမှာ ပါးစပ်မှသွေးများပန်းထွက်လျက် ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားသည်။ သူ လွင့်ထွက်သွားသည့် အရပ်မျက်နှာက အပြင်သူအင်ပါယာသခင်၏အစီအစဉ်အတိုင်း ဖြစ်နေသယောင်ပင်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် အပြင်သူအင်ပါယာသခင် ကြောင်းပေးလိုက်သော အရပ်မျက်နှာက အပြင်သူပါရာဂွန် ပါရာဂွန်ပင်လယ်အိပ်မက်ကို တိုက်ခိုက်နေသည့်နေရာ ဖြစ်သည်။

မန်ဟိုက မျက်စိမျက်နှာပျက်လျက် ဦးတည်ရာပြောင်းဖို့ ကြိုးစားတော့မည့်ပုံပေါ်နေသည့်အချိန်မှာပဲ အပြင်သူအင်ပါယာသခင်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပဥ္စမဝဲကို လည်ထွက်သွားစေ၏။

မန်ဟို၏ မြစိမ်းဧကရာဇ်ထာဝရဂါထာက သူ့ဒဏ်ရာများကို အသည်းအသန် ကုစားနေသည်။ တစ်ချိန်တည်းမှာပင် သူက ညာလက်ကို မြှောက်၍ မိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်၏။ တောင်ပင်လယ်များ၏စွမ်းအားမှ အားဖြည့်ပေးထားသော ချုပ်နှောင်ခြင်းမှော်စီးကြောင်းများက ပဉ္စမဝဲပေါ် ထိုးဆင်းသွားသဖြင့် တဂျိန်းဂျိန်းမြည်သံများအား ကြားလိုက်ရသည်။

သတ္တမမန္တန်၊ ဆဋ္ဌမမန္တန်၊ ပဉ္စမမန္တန်၊ တတိယမန္တန်၊ ဒုတိယမန္တန်။

သူ၏အဋ္ဌမမန္တန်က အနှစ်သာရဖြစ်လာခဲ့သော်လည်း ကျန်ချုပ်နှောင်ခြင်းမန္တန်ငါးခုက တောင်ပင်လယ်စွမ်းအားကို စုပ်ယူရင်း မီတာသုံးထောင်အရွယ်အစားအထိ ကြီးမားလာသော ချုပ်နှောင်အမှတ်အသားများအသွင် ပြောင်းကာ ပဉ္စမဝဲထံ ဦးတည်သွားကြသည်။

၎င်းတို့ ဝဲကို ဝင်တိုက်လိုက်သည့်အခါ အမှတ်အသားတစ်ခုပြီးတစ်ခု ဖယ်ရှားခံလိုက်ရသဖြင့် မန်ဟိုမှာ သွေးတစ်လုပ်ပြီးတစ်လုပ် အန်လိုက်ရသည်။ တန်ပြန်ရိုက်ခတ်မှုက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသဖြင့် သူ့မှာ လွင့်သွားပြန်သည်။ သို့သော် ပဉ္စမဝဲလည်း ပြိုကွဲသွားလေပြီ။

တစ်ချိန်တည်းမှာပင် သူ့မျက်ဝန်းများ၏အတွင်းထဲ၌ မည်သူမှ မသိထားမိသော .... အခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့် အေးစက်စက်အလင်းရောင် ရှိနေသည်။

All Chapters