ပါရာဂွန်တစ်ဦးကို ကျွန်ပြုခြင်း
Vol. 97 Ch. 1348
=ပဉ္စမဝဲ ပြိုကွဲသွားသောအခါ ၎င်း၏အားလှိုင်းက အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။ မန်ဟို အန်လိုက်ရသော သွေးထဲ၌ ကလီစာအစအနများပင် ပါလာသည့်တိုင် သူ့မှာ ပါရာဂွန်စစ်မြေပြင်ထံ လွင့်ထွက်သွားပြန်လေသည်။ ယခုတွင် ထိုနေရာမှ မီတာသုံးသောင်းသာ ကွာဝေးတော့၏။
“ဒီနေ့ ကောင်းကင်ဘုံ (၁) အတွက် ငါ မင်းကို သတ်ပစ်မယ်” အပြင်သူအင်ပါယာသခင်က ကြိမ်းဝါးသည်။ သူ ရှေ့တက်၍ နောက်ဆုံးသော ဆဋ္ဌမဝဲကို စေစားလိုက်စဉ် သူ၏မျက်လုံးများက နီရဲတောက်နေသည်။
မန်ဟို ပဉ္စမဝဲ၏ရိုက်ခတ်မှုက ခံနိုင်သည့်အချက်အရ သူ မည်မျှသန်မာလဲ ပေါ်လွင်လေသည်။ သူသည် အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်ထက် သာနေပြီဖြစ်သော်လည်း ပါရာဂွန်တစ်ပိုင်းအဆင့် အင်ပါယာသခင်တစ်ဦးကို ရင်ဆိုင်ရသည့်အခါ မယှဉ်နိုင်ပုံပေါ်သည်။
ဆဋ္ဌမဝဲသည် အားလုံးအထဲ အင်အားအကြီးဆုံးဖြစ်ပြီး လောလောဆယ်တွင် ကြယ်တာရာကောင်းကင်ကို တွန့်လိမ်ပုံပျက်နေစေ၏။ ဝဲကြီး မန်ဟို့ထံ လည်ထွက်သွားနေစဉ် သဘာဝနိယာမအားလုံး၊ မှော်ဥပဒေအားလုံး ပြိုကွဲလွင့်စစ်ကုန်သည်။ ၎င်း သူ့အပေါ် ထိုးဆင်းလာသည့်အခါ မန်ဟို့မျက်လုံးများ နီစွေးသွားသည်။ သူ့လက်က စစ်လက်နက်ကို ဆင့်ခေါ်ရင်း မြောက်တက်သွား၏။ အသားဂျယ်လီသည် ချပ်ဝတ်အသွင်ဖြင့် ပေါ်လာပြီး သွေးခွေးကြီးက ခြုံထည်ဖြစ်လာသည်။ မန်ဟိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း မီတာသုံးထောင်မြင့်မားလာ၏။ တစ်ချိန်တည်းမှာပင် စစ်လက်နက်လည်း ရှည်ထွက်လာပြီး ပိုမိုကြောက်စရာကောင်းလာသည်။
မန်ဟိုက နောက်မဆုတ်။ ဤတိုက်ကွက်ကို မရှောင်နိုင်မှန်း သိ၍ စစ်လက်နက်ကို ပင့်မြှောက်ကာ ဆဋ္ဌမဝဲထံသို့ ပိုင်းချလိုက်သည်။
“ပြတ်သွားစမ်း” သူက ဟိန်းဟောက်သည်။ စစ်လက်နက်က လင်းလက်တောက်ပသွားပြီး ဆဋ္ဌမဝဲကို ပိုင်းချလိုက်သော အလင်းတန်းတစ်တန်း ဖြစ်လာသည်။ ဝဲတစ်ဝဲလုံး နှစ်ပိုင်းပိုင်းခံလိုက်ရသဖြင့် တဂျုန်းဂျုန်းမြည်သံများ ကြားလိုက်ရ၏။
သို့သော် မန်ဟိုမှာ ရလဒ်အနေဖြင့် အတော်လေးပေးဆပ်လိုက်ရသည်။ စစ်လက်နက် ပျောက်ကွယ်သွားပြီး ချပ်ဝတ်ကြေမွသွား၍ အသားဂျယ်လီက ပြဲပြဲလန်အောင် အော်သည်။ သွေးခွေးကြီးလည်း နာကျင်စွာ ညည်းတွားပြီး ကြက်တူရွေးမှာလည်း တဆတ်ဆတ်တုန်နေသည်။ မန်ဟိုမှာတော့ အရိုးအမျိုးစုကျိုးကြေသွားလေပြီ။ တစ်ချိန်တည်းမှာပင် သူ့အသားတစ်ဝက်ကျော်မှာ တစစီ ပြဲထွက်ပေါက်ကွဲသွားသည်။
သူ့အသိစိတ်မှာ ဝေဝါးလာပြီး သူ့တစ်ကိုယ်လုံးမှာ အရိုးစုကြီးပမာဖြစ်နေတော့၏။ ထို့အပြင် သူကား ပါရာဂွန်များတိုက်ခိုက်နေသောနေရာနှင့် မီတာသုံးထောင်ပင် မကွာတော့ပေ။
အပြင်သူအင်ပါယာသခင်က သူ၏ကျင့်ကြံခြင်းအခြေခံကို အနားပေးပြီးနောက် ကောက်ကျစ်စွာ ပြုံးလျက် ခေါင်းမော့လာသည်။
“အခု မင်း သေချာပေါက် သေပြီပဲ” စကားသံသည် အင်ပါယာသခင်၏ပါးစပ်မှ ထွက်လာခြင်းမဟုတ်၊ မန်ဟို့အနောက်မှ လာ၏။ ပြောသူကား ... အပြင်သူပါရာဂွန်အောဂူမှတစ်ပါး အခြားမဟုတ်ပေ။
သူ၏ဒေါသထွက်နေသောအသံ မြည်ဟည်းနေစဉ် သူသည် ပါရာဂွန်အိပ်မက်ထံမှ ရုန်းထွက်၍ မန်ဟို့ထံ ဦးတည်လာ၏။ ပင်လယ်အိပ်မက်အနေဖြင့် သူ့ကို အတိုင်းအတာတစ်ခုအထိသာ ချုပ်ထားနိုင်ပြီး မီတာသုံးထောင်က ထိုအတိုင်းအတာအတွင်း၌ ဖြစ်သည်။
မန်ဟိုသည် ယခုတွင် ထိုမီတာသုံးထောင်အတိုင်းအတာတွင် ရှိနေ၏။ သို့သော် ဤအခိုက်အတန့်ကို စောင့်နေခဲ့သကဲ့သို့ ... ကျေနပ်နေသောအပြုံးက သူ့မျက်နှာပေါ်၌ ဖြစ်ထွန်းလာသည်။
ခိတိဂဗ္ဗမျက်နှာမှာတော့ သွေးမရှိတော့။ ပင်လယ်အိပ်မက်မှာမူ အခြေအနေက သိပ်ထူးဆန်းနေသည်ဟု ခံစားနေရသည့်အလား မျက်မှောင်ကြုတ်နေသည်။ သို့သော် လက်ရှိအဖြစ်ကို ပြောင်းလဲနိုင်မည့်နည်းလမ်း၊ တားနိုင်သည့်နည်းလမ်း လုံးဝမရှိပေ။ အပြင်သူပါရာဂွန်နှင့် အင်ပါယာသခင်က မန်ဟို့ကို ပေါင်းသတ်နေကြသည်မဟုတ်ပါလော။
သိသိသာသာပင် အင်ပါယာသခင်မှာ မန်ဟို့ကို သူ့ဘာသာသူ သတ်နိုင်ဖို့ ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် သူက အခြေအနေကို ကိုင်တွယ်ရန် အရိုးရှင်းဆုံးနှင့် အပေါ်ထင်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့သည်... ယင်းက မန်ဟိုအား ပါရာဂွန်များအနားရောက်အောင် တွန်းပို့၍ ပါရာဂွန်အောဂူ လှုပ်ရှားနိုင်မည့် မီတာသုံးထောင်ဧရိယာထဲ ရောက်သွားစေရန်ပင်။
မန်ဟိုမှာ တိုက်ပွဲတွင် လက်ဦးမှုမရယူနိုင်ခဲ့သည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေအထိ တဖြေးဖြေး တွန်းပို့ခံခဲ့ရပုံပေါ်သည်။ အမှန်တွင် အပြင်သူအင်ပါယာသခင်မှာ မန်ဟို၏မိုးကြိုးဒယ်အိုးကို လန့်၍ ၎င်းကို ရင်ဆိုင်ရန် အထူးအတတ်တစ်ခုကိုပင် ပြင်ဆင်ခဲ့သည်။
ထို့ကြောင့် မန်ဟို ဘာကြောင့် နေရာချင်းလဲဖို့ မကြိုးစားသေးသည်ကို သူ မသိချင်ဘဲမနေပေ။
ထို့အပြင် အင်ပါယာသခင်သည် မန်ဟို့အပြုံးကို မြင်လိုက်ရ၍ ရင်ဒိန်းခနဲ ခုန်သွားတော့၏။ နှလုံးသားအား တွင်းနက်ထဲ ဆွဲချခံလိုက်ရသကဲ့သို့ အသည်းအေးသွား၍ သူ့မျက်နှာရိပ်ခနဲ ဖြစ်သွားတော့သည်။
သို့သော် မည်သည့်နေရာတွင် ပြဿနာရှိနေလဲ သူ စဉ်းစားတတ်ပေ။
သေရတော့မည့်အခြေအနေတွင် မန်ဟိုက ဘာကြောင့် ပြုံးနေသနည်း။
“သူ့ရဲ့အာကာသအနှစ်သာရကြောင့်လား။ အဲဒီလိုအနှစ်သာရတောင်မှ ပါရာဂွန်တစ်ဦးရဲ့ တိုက်ကွက် မခံနိုင်ဘူး
“ဒါဆို ဘာများဖြစ်နိုင်လဲ။ ဒီကောင်လေး ဘာလို့ ပြုံးနေတာလဲ။ မသိရင် စောင့်နေတဲ့အတိုင်းပဲ။ ငါက သူ့ကို ပါရာဂွန်စစ်မြေပြင်အနားရောက်အောင် တွန်းလိုက်သလိုထင်ရပေမယ့် .... သူက အဲဒီကို တမင်သက်သက်သွားနေသလိုပဲ
“တစ်ခုခုတော့ လွဲနေပြီ” အပြင်သူအင်ပါယာသခင်မှာ မည်မျှစဉ်းစားစဉ်းစား၊ အဖြေမထွက်ပေ။
အပြင်သူပါရာဂွန်မှာ မန်ဟို့အပြုံးကို မမြင်ရသော်လည်း ပါရာဂွန်တစ်ဦးအနေဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့ပြီးလေပြီ။ မန်ဟို ရည်ရွယ်ချက်ရှိရှိ လုပ်နေသာအရိပ်အယောင်များကို သတိမထားမိဘဲ ရှိမည်လော။ သို့သော် မန်ဟိုက ထိုသို့လုပ်ဖို့ ဘာကြောင့်ယုံကြည်ချက်ရှိနေမှန်း သူပင် မသိပေ။
“ကဲ မင်း ဘာတွေပဲဉာဏ်ဆင်ဉာဏ်ဆင် ပါရာဂွန်တစ်ယောက်နဲ့ ဒီလောက်နီးကပ်နေတဲ့ ဘယ်သူမှ အသက်မရှင်နိုင်ဘူး” ပါရာဂွန်အောဂူက အထင်သေးနေပြီး ပါရာဂွန်တစ်ဦးဖြစ်သည်နှင့်အတူ ယုံကြည်ချက်ရှိနေ၏။
သူက ရှေ့သို့လျှောက်သွားပြီး ညာလက်သီးကို ဆုပ်ကာ မန်ဟို့အား ထိုးနှက်လိုက်သည်။
ပါရာဂွန်စွမ်းအား လိမ့်ထွက်လာသည်။ ဤလက်သီးချက်သည် မန်ဟို့ကိုတင်မက၊ ဟင်းလင်းပြင်ကိုပင် ဖျက်စီးနိုင်သည်အထိ အင်အားကြီးမား၏။ ၎င်းကား ကြယ်တာရာကောင်းကင်ကို ဖျက်စီး၍ မန်ဟိုတည်ရှိသော ဧရိယာကို ဖယ်ရှားပစ်တော့မည့်အလားပင်။
ပါရာဂွန်တစ်ဦး၏စွမ်းအားသည် အနှစ်သာရကို ဖိနှိပ်နိုင်သည်။ မည်သည့်အရာကိုမဆို လွှမ်းမိုးနိုင်သည်။ အနှစ်သာရ ၈ ခု ပါရာဂွန်မှလွဲ၍ မည်သူမှ မန်ဟို့ကို မကယ်နိုင်ဟု ပါရာဂွန်အောဂူ ယုံကြည်ချက်အပြည့်ရှိသည်။
အနှစ်သာရ ၈ ခု ပါရာဂွန်ရှိလျှင်တောင်မှ ယခုလိုအခြေအနေတွင် လှုပ်ရှားရန် အချိန်ရှိမည်မဟုတ်။
ယနေ့ မန်ဟို မုချသေရလိမ့်မည်။
ပါရာဂွန်၏လက်သီးအတွက် မန်ဟို့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများပန်းထွက်သွားစေရန် မျက်စိတစ်မှိတ်သာကြာလိုက်သည်။ မဖော်ပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ့ထံ ရိုက်ခတ်လိုက်သဖြင့် မန်ဟို့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ ကြေမွသွားတော့သည်။
တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံး စိုးရိမ်တကြီး အော်လိုက်ကြသည်။ ဆန့်ကျင်ဘက်တွင် အပြင်သူများမှာ အူလှိုက်သည်းလှိုက် ပျော်နေကြ၏။ သူတို့ကား သူတို့၏မွေးရပ်မြေကို ဖျက်စီးပစ်သည့်အတွက် မန်ဟို့အား သည်းခြေထဲမှအထိ မုန်းသော်လည်း ကြောက်လည်းကြောက်ကြလေသည်။ ထို့ကြောင့် လက်ရှိဖြစ်ပျက်နေသောအရာက သူတို့ကို ဝမ်းမြောက်စေသည်။
တောင်ပင်လယ်သခင်အားလုံး မှင်သက်နေပြီး မျက်နှာအမူအရာအမျိုးမျိုး ရှိကြသည်။ ဘိုးဘိုးမန်မှာ တုန်ရီနေပြီး မျက်ရည်များက သူ၏ပါးတစ်လျှောက် စီးကျနေသည်။ စတုတ္ထတောင်ပင်လယ်တွင် ရှုချင်မှာ သူမအတွက် အရာအားလုံး အဓိပ္ပါယ်မဲ့သွားသည့်အလား မျက်နှာလေးဖြူဆုပ်နေ၏။
ခိတိဂဗ္ဗသည် တွေတွေကြီး ရပ်နေပြီး နဝမတောင်ပင်လယ်ရှိ ရွေးချယ်ခံအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ မန်ဟို တကယ်ကြီး သေသွားမည်ဟု သူတို့ မထင်ခဲ့ကြပေ။
ဖန်ရှုံ့ဖုန်းသည် ခေါင်းနောက်လှန်၍ ခံပြင်းစွာ အော်ဟစ်၏။ ဖန်မျိုးနွယ်အားလုံး ပူဆွေးငိုကြွေးနေကြသည်။ သို့သော် ဘာမှမတတ်နိုင်။
ပင်လယ်အိပ်မက်၏တုံ့ပြန်မှုသာ မတူပေ။ သူမသည် မျက်မှောင်ကြုတ်ထားဆဲဖြစ်သော်လည်း ဝင်ရောက်ဟန့်တားခြင်းမရှိ၊ မန်ဟို့ကို အတွေးများဖြင့် ကြည့်နေသည်။
ပါရာဂွန်စွမ်းအားက မန်ဟို့ကို ဖိနှိပ်နေပြီး သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ကြေမွနေသည်။ တစ်ခါမှမခံစားခဲ့ဖူးသော သေခြင်းတရားကို သူ ခံစားလိုက်ရပြီး ကြောက်ခမန်းလိလိစွမ်းအား သူ့ကို အပေါ်မှ ဖိနှိပ်နေစဉ် သူသည် အပြင်သူပါရာဂွန်အောဂူ၏ ဧရာမခန္ဓာကိုယ်ကြီးကို လှည့်ကြည့်လိုက်၏။
သူကား ပြိုင်ဘက်ကို အကဲခတ်နေသည့်အလားပင်။
ယခုတွင် အပြင်သူအင်ပါယာသခင်မှာ သူ့ရင်ထဲတွင် တစ်ခုခုလွဲနေကြောင်း အော်ပြောနေသော အသံတစ်သံရှိနေသည့်အလား စိတ်လေးလာသည်။
သို့သော် စေ့စေ့ငှငှ စဉ်းစားပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်ပြီးနောက်တွင်ပင် မူမမှန်သည့်အရာတစ်ခုကိုမှ သူ မတွေ့ရပေ။
ထိုအခိုက်အတန့်မှာပင် မန်ဟိုက တစစီပြိုကွဲတော့မည့်အချိန် တဟားဟားရယ်သည်။ တစ်ကိုယ်လုံးစုတ်ပြတ်နေသည့်တိုင် သူသည် မိုးနှင့်မြေကို မထီမဲ့မြင်သည့်အလား ဟားတိုက်ရယ်နေ၏။
ပါရာဂွန်အောဂူမှာ ထိုရယ်သံကို ကြားသည်နှင့် မယုံနိုင်ဖြစ်သွားသည်။ သူ့အမူအရာတွင် ကောင်းကင်ဘုံ (၁) ပြိုကျတုန်းကထက်ပင် ပြင်းထန်နေသော ထိတ်လန့်ကြောက်ရွံခြင်းအား အတိုင်းသားမြင်လာရတော့၏။
“မင်း ...” သူက အက်ကွဲကွဲပြောရင်း အမြန်ဆုံးနောက်ဆုတ်လိုက်သည်။
ဤမြင်ကွင်းက တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံးကို မှင်သက်သွားစေသည်။ အပြင်သူများ ကြက်သေသေကုန်သည်။ ခိတိဂဗ္ဗ၏မျက်လုံးများ ဝိုင်းစက်သွားပြီး ပါရာဂွန်ပင်လယ်အိပ်မက်မှာ မြင်နေရသောအရာကို မယုံနိုင်သည့်အလား အသက်ပြင်းစွာရှူနေရသည်။
သူမ မယုံနိုင်သည့်အရာမှာ အပြင်သူပါရာဂွန် ထွက်ပြေးနေသည့်အဖြစ်မဟုတ်ဘဲ တခြားအရာပင်။
အပြင်သူပါရာဂွန် အထိတ်တလန့် မချင့်မရဲ ထွက်ပြေးသည့်အခိုက်အတန့်မှာပင် မန်ဟို၏အက်ကွဲကွဲအသံက ပျံ့လွင့်လာသည်။
“မင်း မလွတ်ဘူး ပါရာဂွန်အောဂူ”
အပြင်သူအင်ပါယာသခင်မှာ ထိုစကားလုံးများကို ကြားလျှင် ချာချာလည်သွားပြီး မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း တုန်ပင်တုန်ရီနေလေသည်။
ပါရာဂွန်တစ်ဦး ယခုလိုထွက်ပြေးသည်အား သူ စိတ်ကူးပင်မကြည့်နိုင်ပေ။ ပါရာဂွန်အောဂူသည် ကြောက်ပင်ကြောက်နေပုံရသည်။ ထိုကဲ့သို့အမူအရာတစ်ခုကို ပါရာဂွန်၏မျက်နှာပေါ်တွင် အင်ပါယာသခင် တစ်ခါမှ မမြင်ခဲ့ရဖူးပေ။
“ဒါ...ဒါ...” သူက တဆတ်ဆတ်တုန်လျက် တွေးသည်။ စဉ်းပင်မစဉ်းစားမိလိုက်လဲ သူ့မှာ ဆုတ်ခွာသွားတော့သည်။ မန်ဟိုသည် စဉ်းစားကြည့်၍ပင်မရနိုင်သော လျှို့ဝှက်ချက်များဖြင့် နှောင်ဖွဲ့နေသူတစ်ယောက်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေပြီ။
မန်ဟို စကားပြောလိုက်သည့်အချိန်တွင် ပါရာဂွန်အောဂူက မချိတင်ကဲအော်သည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဣန္ဒြေမဆည်နိုင်ခြင်း၊ ပထမဆုံးအကြိမ် လုံးလုံးလျားလျား ကြောက်လန့်နေခြင်းဖြစ်သည်။ အမှန်တွင် ဤသည်မှာ သူ ပါရာဂွန်တစ်ဦးဖြစ်လာကတည်းက ဝိညာဉ်အထိ ကြောက်ရွံ့မိသော ပထမဆုံးအကြိမ်ဖြစ်လေသည်။
“မင်းက ဘယ်သူလဲ၊ မင်းက တောင်ပင်လယ်လောကက ကျင့်ကြံသူမဟုတ်ဘူး။ ဘယ်သူလဲ
“ငါ အောဂူ ပါရာဂွန်တစ်ဦးအနေနဲ့ ကျွန်မခံနိုင်ဘူး
“မင်း ... မင်းက ဘယ်သူလဲကွ” ပါရာဂွန်အောဂူ၏ စူးစူးဝါးဝါးအော်သံသည် တောင်ပင်လယ်တစ်လောကလုံးတွင် ပဲ့တင်ထပ်နေ၏။ ကြယ်တာရာကောင်းကင်နှင့် တောင်ပင်လယ်များ တသိမ့်သိမ့် တုန်သွားပြီး ကျင့်ကြံသူများ၊ အပြင်သူများ သွေးအန်လိုက်ကြရသည်။
ဖြစ်ပျက်နေသောအရာကို မန်ဟို၊ ပါရာဂွန်အောဂူနှင့် ပင်လယ်အိပ်မက်မှတစ်ပါး ဘယ်သူမှ မမြင်ရပေ။ သူတို့မြင်ရသည်မှာ မန်ဟို့အရှေ့တွင် အရိပ်မြူထု ဖြစ်ပေါ်လာသည်ကိုပင်။ ထိုမြူအတွင်း၌ မည်သည့်အရာရှိမှန်း မမြင်ရသော်လည်း ၎င်းက အကြောက်တရား၏အထိအတွေ့ကို ခံစားနေရစေသည်။
ထို့နောက် မြူထဲမှ မီးခိုးရောင်အမျှင်များ ထွက်လာပြီး ပါရာဂွန်အောဂူထံသို့ လျင်မြန်စွာ ရွေ့လျားလာကာ သူ့ကို ရစ်ပတ်လိုက်ကြ၏။
ထို့နောက် ၎င်းတို့က သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်၍ သူ့အရေပြားပေါ်၌ မှော်သင်္ကေတများ တဖျတ်ဖျတ်လက်လာစေသည်။ ထိုသင်္ကေတများကို လူတိုင်းနီးပါး မမြင်ရနိုင်ပေ။
ပါရာဂွန်အောဂူ၏အော်သံများကို တုံ့ပြန်သည့်အနေဖြင့် မြူထဲမှ မည်သည့်အသံမှ ထွက်မလာ။ မီးခိုရောင်အမျှင်များသာ ထပ်ထွက်လာပြီး အောဂူမလွတ်အောင် သူ၏ကံကြွေးကို တုပ်နှောင်နေကြပုံရသည်။ တစ်ချိန်တည်းမှာပင် သူ့အပေါ်၌ တဖျတ်ဖျတ်လက်နေသော မှော်သင်္ကေတအရေအတွက်မှာလည်း တိုးများလာ၏။
“ငါ့ဆီ လာခဲ့” မန်ဟိုက ပြုံးရင်း ပြောသည်။ “အခုကစပြီး ငါက ထာဝစဉ်တစ်လျှောက်လုံး မင်းသခင်ပဲ....” မြစိမ်းဧကရာဇ်ထာဝရဂါထာ၏ကျေးဇူးကြောင့် သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ သက်သာလာနေပြီး သူ၏မျက်လုံးများက ဆန်းကြယ်စွာ တောက်ပနေသည်။
စကားလုံးများ သူ့နှုတ်မှ ထွက်သွားလျှင်ချင်း ပါရာဂွန်အောဂူမှာ တုန်ရီသွားပြီးနောက် မန်ဟို့ဆီ ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။
စောင့်ကြည့်နေကြသူတိုင်းအတွက် ၎င်းကား အလွန်ဆန်းပြားသောမြင်ကွင်းတစ်ခု ဖြစ်ပေသည်။
အပြင်သူအင်ပါယာသခင်မှာ ချာချာလည်မူးဝေနေပြီး လူသေကောင်လို မျက်နှာဖြူဆုပ်နေသည်။ သူသည် တစ်ချိုးတည်း ထွက်ပြေးတော့၏။ သူ့ရင်ထဲတွင် မန်ဟို့အပေါ် ကြောက်စိတ်တို့ ပြည့်ကြပ်နေပြီး မန်ဟိုထံမှ ဝေးရာရောက်ဖို့ထက် သူတောင့်တသည့်အရာ မရှိတော့ပေ။