သူတို့ပြောတာ မှားနေတယ်
Vol. 1-9 Ch. 43
အပိုင်း(၄၃) သူတို့ပြောတာ မှားနေတယ်
ဖန်းမျိုးရိုးမိန်းကလေးအကြောင်းနှင့် ပတ်သတ်၍ သူ့မှတ်ဉာဏ်များကို လှန်လှောကြည့်သောအခါ သတင်းတစွန်းတစကို ရန်ကျောက်ကဲ ပြန်လည် အမှတ်ရသွားသည်။
နေသူတော်စင်ဂိုဏ်းသည် ထူးကဲယင်သရဖူအား အသုံးပြုနိုင်မည့် နည်းလမ်းကို ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သော ထိပ်သီးနယ်မြေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ထူးကဲယင်မိန်းမပျိုများကို စတင် ရှာဖွေစုဆောင်းနေခဲ့သည်။
မူလက နေသူတော်စင်ဂိုဏ်းသည် ဤကိစ္စနှင့် ပတ်သတ်သော အရာအားလုံးကို ထိပ်တန်းလျှို့ဝှက်ချက်အနေဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။
အခြားထိပ်သီးနယ်မြေများပင် နေသူတော်စင်ဂိုဏ်း၏ထူးကဲယင်မိန်းမပျိုအကြောင်းကို ရေရေရာရာ စုံစမ်း၍ မရခဲ့ပေ။
အချိန်အတန်ကြာမှ သူတို့သည် တန်ဖိုးကြီးသတင်းအချို့ကို ရရှိနိုင်ခဲ့သည်။ ၎င်းတို့ထဲမှ အသေအချာ အတည်မပြုရသေးသော သတင်းတစ်ခုရှိသည်။
နေသူတော်စင်ဂိုဏ်း၏ထူးကဲယင်မိန်းမပျိုမှာ ဖန်မူကီဆိုသည့် အမျိုးသမီးတပည့်ဖြစ်သည်။
ဝမ်းနည်းဖို့ကောင်းစွာပဲ နာမည်က လွဲလျှင် ထိုမိန်းကလေးနှင့် ပတ်သတ်သည့် အခြားတန်ဖိုးရှိအချက်အလက်တစ်စုံတစ်ရာကိုမျှ စုဆောင်း၍မရခဲ့ပေ။ သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံပန်းသဏ္ဌာန်ကိုလည်း လုံးဝ မသိရှိရပေ။
သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်က ကျင်းပသော ပထမဆုံး ထူးကဲယင်ပြိုင်ပွဲ၌ မန်ဝမ်သည် ပွဲဦးထွက်လာခဲ့၏။
ဤသို့ မန်ဝမ် ပွဲထွက်လာခြင်းဖြင့် ဖန်မူကီနှင့် ပတ်သတ်သော ကောလဟာလအားလုံးကို နေသူတော်စင်ဂိုဏ်းက ပြည်ဖုံးကားချခဲ့သည်။
သူ့ရှေ့က ဖန်ယွမ်ရှန်းကို ကြည့်ရင်း ရန်ကျောက်ကဲသည် ထိုနှစ်ယောက်ကို ဆက်စပ်တွေးတောမိသည်။
ထူးကဲယင်မိန်းမပျိုတစ်ယောက်က ထူးကဲယင်သရဖူအတွက် ဝါဒတောင်ဂိုဏ်းဘက်မှ ကိုယ်စားပြုတိုက်ခိုက်ပေးနိုင်ခဲ့ပါက ထိုသို့သော လူတစ်ယောက်၏တန်ဖိုးသည် နေသူတော်စင်ဂိုဏ်းမှ သစ္စာဖောက်လာသည့် သာမာန်တပည့်တစ်ယောက်နှင့် ကမ္ဘာပေါင်းများစွာ ကွာခြားလေသည်။
ရှားပါးသော အရာများသာ တန်ဖိုးရှိသည်။ နေသူတော်စင်ဂိုဏ်းမှာ မန်ဝမ်ရှိနေသော်လည်း ဝါဒတောင်ဂိုဏ်း၌ ယနေ့အထိ ထူးကဲယင်မိန်းမပျို တစ်ယောက်မျှ မရှိသေးပေ။
"ဂိုဏ်းက ထွက်မပြေးခင်ကတည်းက ဖန်မူကီက ဖန်ယွမ်ရှန်းဖြစ်နေပါပြီ"
သို့သော် ဖန်ယွမ်ရှန်း၏စကားကို ကြားပြီး သူမမျက်နှာမှ အမူအရာကို မြင်သောအခါ ရန်ကျောက်ကဲ၏စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်။
တစ်ဖက်လူပြောသောစကားများ၏အဓိပ္ပာယ်မှာ အတိတ်က ဆက်နွယ်မှုများကို ဖြတ်တောက်လို၍ နာမည်ပြောင်းလဲလိုက်ခြင်း ဟုတ်ပုံမရပါ။
"မင်းရဲ့ထူးကဲယင်ခန္ဓာကိုယ်က တစ်ခုခုဖြစ်သွားလို့လား" ရန်ကျောက်ကဲက မျက်မှောင်ကုပ်လျက် မေးလိုက်သည်။ "နေသူတော်စင်ဂိုဏ်းက ထွက်မပြေးခင်ထဲက မင်းရဲ့ထူးကဲယင်ခန္ဓာကိုယ်ကို ဆုံးရှုံးသွားတာလား"
ပြန်တွေးကြည့်လျှင် ထိုသို့ ဖြစ်သွားခဲ့ဟန်တူသည်။ မဟုတ်ပါက နေသူတော်စင်ဂိုဏ်းသည် သူတို့၏ထူးကဲယင်မိန်းမပျိုကို ပြင်ပကမ္ဘာ၌ သူမသွားချင်သလို လျှောက်သွားခွင့်ပြုလိမ့်မည်မဟုတ်ပါ။
သူတို့တွင် မန်ဝမ်ရှိနေသော်လည်း ဖန်ယွမ်ရှန်းက အခြားထိပ်သီးနယ်မြေသို့ ဘက်ပြောင်းဝင်မည့်အရေးကို သူတို့ လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် မန်ဝမ်ကို ပိုင်ဆိုင်ပြီးဖြစ်သော်လည်း သူတို့သည် ဖန်ယွမ်ရှန်းကို ပြုစုပျိုးထောင်ရန် အားထုတ်ဦးမည်သာဖြစ်သည်။
ဖန်ယွမ်ရှန်းက သိုင်းတာအိုတွင် အလွန်အမင်း ပါရမီရှိသည်ဟူသော အချက်ကို ထည့်မတွက်လျှင်တောင်မှ ထူးကဲယင်မိန်းမပျိုနှစ်ယောက်ကို တပြိုင်တည်း ပိုင်ဆိုင်ထားခြင်းက နေသူတော်စင်ဂိုဏ်းအား ဂုဏ်တက်စေပြီး အနည်းဆုံးတော့ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က သိုင်းဆရာသခင်အဆင့်ကို ရောက်သည်နှင့် နေသူတော်စင်ဂိုဏ်းမှ စိုက်ထုတ်ခဲ့သည့် တန်ဖိုးမကသော အကျိုးကျေးဇူးကို ပြန်လည်ခံစားရနိုင်လေသည်။
မီးတောက်မိစ္ဆာကမ္ဘာမှ ဖိအားက သူတို့အပေါ် ကျရောက်နေသည့်အပြင် ထူးကဲယင်မိန်းမပျိုအရေအတွက်က အနည်းငယ်မျှသာ ရှိလေရာ ထူးကဲယင်ပြိုင်ပွဲတွင် ထိပ်သီးနယ်မြေတစ်ခုမှ ထူးကဲယင်မိန်းမပျိုတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဆိုသော စည်းမျဉ်းကို ချမှတ်မထားကြချေ။
နေသူတော်စင်ဂိုဏ်းအတွက် မန်ဝမ်နှင့်အတူ ဖန်ယွမ်ရှန်းပါ ပါဝင်ယှဉ်ပြိုင်နိုင်လျှင် သူတို့အတွက် အနိုင်ရနိုင်ချေ နှစ်ဆမြင့်တက်လာသည်နှင် ညီမျှပေသည်။
သူမ၏မျက်နှာသည် နဂိုအတိုင်း ခပ်အေးအေးပြန်ဖြစ်သွားပြီး ထိုကိစ္စကို စိတ်ထဲ မထားသည့် ပုံစံဖြင့် ရယ်မောလိုက်သည်။ "တကယ်လို့ ဖန်းယွမ်ရှန်းက ဖန်းမူကီအဖြစ်ပဲ ရှိသေးရင် ကျွန်မရဲ့ဆရာဘိုးဘိုးကလည်း မကွယ်လွန်သေးရင် ရှောင်ရှန်းက ဒီလိုမျိုး လာနှောက်ယှက်ရဲမှာ မဟုတ်ဘူး၊ ကျွန်မလည်း ထွက်ပြေးနေရမှာ မဟုတ်ဘူး"
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ "အမှန်ပဲ၊ ရှောင်ရှန်း ချောင်ယွမ်လုံနဲ့ အခြားသူတွေက မင်းကို ရှာနေတာပဲ၊ မင်း ခုနကတုန်းက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို ရောက်သွားသေးတာလား"
ဖန်ယွမ်ရှန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မကို ခြေရာခံမလိုက်နိုင်အောင်လို့ ကျွန်မ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ခဏလောက် ပုန်းနေသေးတယ်၊ ကိုယ်ပေါ်က ဒဏ်ရာတွေထဲက အနည်းစုဟာလည်း အဲ့က ရတာပဲ"
"ဘယ်လိုလုပ် မင်းရဲ့ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးသွားတာလဲ။"
"တစ်ရက် ဂိုဏ်းပြင်ပမှာ လေ့ကျင့်နေတုန်း ငရဲအစပ်နားကို ကျွန်မ နယ်ကျွံသွားတယ်၊ မိစ္ဆာယင်နယ်မြေထဲကို မတော်တဆ ရောက်သွားမိပြီး အဲ့က အရမ်းများပြားလွန်းတဲ့ ယင်ချီပမာဏကြောင့် ကျွန်မ တန်ပြန်ဒဏ်ထိပြီး ကျွန်မရဲ့ အကြောတွေနဲ့ ထူးကဲယင်ခန္ဓာကိုယ်ပျက်စီးသွားတာပဲ"
ရန်ကျောက်ကဲက သူမ၏အနာကျင်ရဆုံးကိစ္စကို မေးမြန်းသော်လည်း ဖန်ယွမ်ရှန်း၏မျက်နှာက အနည်းငယ်မျှပင် မပြောင်းလဲပေ။
"အဲ့အချိန်တုန်းက ကျွန်မ ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေပြီလို့ ခံစားမိတယ်၊ ဂိုဏ်းကို ပြန်လာနေတုန်းမှာ ကျွန်မခန္ဓာကိုယ်ထဲက ယင်စွမ်းအားက တဖြည်းဖြည်းနဲ့ အဆက်မပြတ် စိမ့်ထွက်နေတယ်၊ နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားတာပဲ"
ဖန်ယွမ်ရှန်း မချိတင်ကဲဖြင့် ရယ်မောလိုက်သည်။
သူမ၏အကြည့်ထဲတွင် စက်ဆုတ်မှု တစွန်းတစပါ ပါဝင်နေသည်။ "အဲ့တုန်းက ဆရာဘိုးဘိုး ကွယ်လွန်တာ မကြာသေးဘူး၊ ကျွန်မကပါ ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးသွားတာပဲ"
"ဒါကို တွေ့တော့၊ ရှောင်ရှန်းက ကျွန်မအပေါ် အသာယူဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ကျွန်မ ဆရာဘိုးဘိုးထားခဲ့တဲ့ အကာအကွယ်ရတနာကြောင့် သူ ဒဏ်ရာအပြင်းအထန်ရသွားတယ်"
"သူ့အဖိုး ဒေါသထွက်သွားပြီး ကျွန်မက ရှောင်ရှန်းကို ဖျားယောင်ဖို့ မအောင်မြင်တော့ ရှက်ပြီး သူ့မြေးကို အလစ်တိုက်ခိုက်တယ်လို့ လီဆယ် လုပ်ကြံ စွပ်စွဲတယ်၊ သူ့မြေးကို ဒဏ်ရာရအောင် လုပ်လို့ ကျွန်မကို သတ်ချင်နေတာ"
"ကံကောင်းချင်တော့ ဒုက္ခက တံခါးလာမခေါက်ခင် ကျွန်မဆရာမက ဒီသတင်းကို ကြိုရသွားပြီး ကျွန်မကို တိတ်တဆိတ် ကူညီလို့ ဂိုဏ်းကနေ ထွက်ပြေးလာနိုင်တာ"
ဖန်းယွမ်ရှန်းကို စိတ်ဝင်စားစွာ ကြည့်ရင်း ရန်ကျောက်ကဲ ရုတ်တရက် ရယ်မောလိုက်သည်။ "အိုး…..၊ ရှောင်ရှန်း စွပ်စွဲတာက အမှန် ဖြစ်နေရင်ကော၊ မင်းအပြစ်ကင်းတယ်လို့ ငါ မြင်အောင် မင်းက ဖန်တီးပြောဆိုတယ်ဆိုရင်ကော"
ဖန်းယွမ်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်မကသာ ဖျားယောင်ချင်ရင် ရှောင်ရှန်းကို ဖျားယောင်စရာလား၊ ဟွမ်ကျိကတော့ ကျွန်မနဲ့ အဆက်အသွယ်သိပ်မရှိတော့ သူ့အကြောင်း သိပ်မသိဘူး၊ စီနီယာအကိုကြီးတန်က သူ့ထက် အများကြီး ပိုအစွမ်းမထက်ဘူးလား"
ရန်ကျောက်ကဲက ပုခုံးတွန့်ပြလိုက်ပြီး မည်သည့်စကားမျှ မပြောဘဲ ပြုံးနေ၏။
အကယ်၍ ရှောင်ရှန်း စွပ်စွဲတာကသာ ယုတ္တိရှိခဲ့လျှင် နေသူတော်စင်ဂိုဏ်းက ဖန်းယွမ်ရှန်းအား ဖမ်းဆီးရန် ထိပ်တန်းကျင့်ကြံသူတွေ စေလွှတ်နေလောက်ပြီဖြစ်သည်။ ရှောင်ရှန်းနှင့် သူရင်းနှီးသော တပည့်အနည်းငယ်ကသာ လိုက်လံဖမ်းဆီးနေလိမ့်မည် မဟုတ်ပါ။
ရှောင်ရှန်း၏အဖိုးက နေသူတော်စင်ဂိုဏ်း၏မဟာအကြီးအကဲဖြစ်သော်လည်း မိုးကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် မဖုံးကွယ်နိုင်သလို ဂိုဏ်းအတွင်း သူ လုပ်ချင်ရာ လုပ်လို့ရသည်တော့ မဟုတ်ပေ။
ဖန်းယွမ်ရှန်း၏ ဆရာဘိုးဘိုးက ကွယ်လွန်သွားခဲ့လေပြီ။ သို့သော် နေသူတော်စင်ဂိုဏ်းထဲတွင် ရှောင်ရှန်း၏အဖိုးနှင့် မသင့်မြတ်သော ပြိုင်ဘက်များ ရှိသည်သာဖြစ်သည်။
သို့သော် ထိုပုဂ္ဂိုလ်က ဖန်းယွမ်ရှန်းဘက်မှ ရပ်တည်ပြီး သူမနာမည် ရှင်းလင်းပေးဖို့အထိ အလုပ်ရှုပ်ခံလိမ့်မည် မဟုတ်ပေ။
ရှောင်ရှန်းနှင့် ဖန်းယွမ်ရှန်းတို့ကြား ပဋိပက္ခတွင် သက်သေမရှိဘဲ သူတို့နှစ်ယောက်၏ ထွက်ဆိုချက်များသာရှိသည်။
သို့သော် ဖန်ယွမ်ရှန်းမှာ အရေပြားပင် မပွန်းပဲ့ခဲ့သော်လည်း ရှောင်ရှန်းသည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။
"ဒီနေ့ ကျွန်မ နေသူတော်စင်ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့အပြင် ဒီသုံးယောက်ကိုပါ သတ်ဖြတ်ခဲ့တယ်၊ နေသူတော်စင်ဂိုဏ်းက ကျွန်မကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး"
ဖန်ယွမ်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်မဂိုဏ်းက ဒီအချိန်ကစပြီး ရှောင်ရှန်းဘက်က နေမှာပဲ၊ ပြီးတော့ ကျွန်မမှာလည်း ထူးကဲယင်ခန္ဓာကိုယ် မရှိတော့ဘူး"
"ရှင်တို့ဂိုဏ်းက ကျွန်မကို လက်မခံချင်တာက ပုံမှန်ပါပဲ၊ စီနီယာအကိုကြီးရန်က မတားဆီးဘဲ ကျွန်မကို သွားခွင့်ပေးဖို့ မျှော်လင့်ပါတယ်"
"နေသူတော်စင်ဂိုဏ်းတစ်ခုလုံးရဲ့အသည်းအသန်လိုက်ဖမ်းခံရတာ ကြောက်ဖို့ကောင်းပေမယ့် အလွန်ဆုံးမှ ကျွန်မ သေရုံပဲ ရှိတာပေါ့၊ ကံစွပ်ကံကောင်းနဲ့ ကျွန်မ အသက်ရှင်ရင်လည်း ရှင်မှာပါလေ"
"ထူးကဲယင်ခန္ဓာကိုယ်မရှိတော့ပေမယ့် ကျွန်မ လက်ထဲမှာ ဓားရှိတယ်၊ အခွင့်အရေးရှိတယ်ဆို ကြိုးစားကြည့်မှာပေါ့၊ မရှိလဲ ကြိုးစားရမှာပဲလေ"
ရန်ကျောက်ကဲက မည်သည့်စကားမျှ ပြန်မပြောဘဲ သူမကိုသာ အသေးစိတ်အကဲခတ်နေသည်။
ဖန်းယွမ်ရှန်း အနည်းငယ် မျက်မှောင်ကုပ်သွားသည်။ သို့သော် သူ့အကြည့်တွင် မည်သည့်ညစ်ညမ်းသော ရည်ရွယ်ချက်မျှ မတွေ့ရသဖြင့် သူမ ဆိတ်ဆိတ်သာ ဆက်နေသည်။
ဤနေရာ၌ သူမ ဆက်နေခဲ့လျှင် သူမကို ရှာဖွေနေကြသော အခြားနေသူတော်စင်ဂိုဏ်းတပည့်များ ဤနေရာသို့ ရောက်လာနိုင်ပြီး သူမကို တွေ့ရှိသွားနိုင်သည်။
သို့သော် ရန်ကျောက်ကဲဘက်မှ မည်သည့်စကားမျှ မပြောသေးသရွေ့ သူမ ထွက်သွားလို့မရပေ။
ဖန်ယွမ်ရှန်း ခေါင်းယမ်းလိုက်ပြီး အလောင်းသုံးလောင်းထံမှ ကောင်းနိုးရာရာများကို ရှာဖွေယူလိုက်သည်။
ထို့နောက် သူမ၏ အတွင်းချီ အနည်းငယ်ကို ထည့်သွင်း၍ အနက်ရောင်ဓားတိုကို ဝေ့ရမ်းကာ ဓား၏စွမ်းအားကို ထုတ်ဖော်လိုက်သည်။
သူမ၏ဝိဉာဉ်လက်နက်မှ ထုတ်လွှတ်သော ဝိဉာဉ်ချီက ငရဲမီးတောက်သဖွယ် အသွင်ပြောင်းသွားပြီး အလောင်းသုံးလောင်းအား အစအနမကျန်အောင် လောင်ကျွမ်းသွားသည်။
ရန်ကျောက်ကဲက သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
ဖန်းယွမ်ရှန်း ရှက်မသွားပေ။ သူမ မျက်ခုံးကို ပင့်လျက် ရန်ကျောက်ကဲအား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ရန်ကျောက်ကဲက သူမအကြည့်ကို လျစ်လျူရှု့ပြီး အတွေးနက်နေ၏။
တခဏကြာပြီးနောက် သူ့နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။ "ဖန်းယွမ်ရှန်းက ဖန်မူကီအဖြစ်ကို ပြန်ပြောင်းလို့ မရတာတော့ မဟုတ်ဘူး"
ဖန်ယွမ်ရှန်း တခဏမျှ ကြောင်အသွားသည်။ "နေသူတော်စင်ဂိုဏ်းချုပ်ကိုယ်တိုင်က မဖြစ်နိုင်တော့ဘူးလို့ ကောက်ချက်ချခဲ့တာပဲ၊ အဲ့တုန်းက ဂိုဏ်းထဲက အခြားထိပ်သီးကျင့်ကြံသူတွေလည်း ရှိနေတာပဲ"
"သူတို့ပြောတာကို အတည်ယူလို့ မရဘူး" ရန်ကျောက်ကဲက ခပ်အေးအေးအမူအရာဖြင့် ပြောလိုက်သည်။
ဖန်းယွမ်ရှန်းက သူမပါးစပ်ကို ဖွင့်လိုက်သည်။ အချိန်အတန်ကြာသည့်တိုင် စကားမပြောနိုင်ဘဲ ဖြစ်နေ၏။
ထို့နောက် ခါးသက်သက်အပြုံးတစ်ခု ဆယ်ကျော်သက်အရွယ် မိန်းကလေး၏မျက်နှာ၌ ပေါ်လာသည်။ "ရှင်က ကျွန်မထက်တောင် ယုံကြည်မှု ပိုရှိနေတဲ့ပုံပဲ၊ ကောင်းပါပြီ၊ ရှင့်ရဲ့ယုံကြည်မှုက ဘယ်ကလာလဲ ကျွန်မ မသိပေမယ့် ကျွန်မရဲ့ ထူးကဲယင်ခန္ဓာကိုယ်သာ ပြန်လည်ရရှိနိုင်မယ်ဆို ကျွန်မ အရမ်းပျော်မိမှာပါ"
"စီနီယာအကိုကြီးပြောချင်တာက ဝါဒတောင်ဂိုဏ်းက ကျွန်မကို လက်ခံမယ်ဆိုတဲ့ သဘောလား၊ ဒီကိစ္စမှာ ရှင့်ဂိုဏ်းကို ရှင် ဘယ်လောက်ပြောပေးနိုင်မလဲ ကျွန်မ မသိသေးဘူး"
ပြုံးရင်း ရန်ကျောက်ကဲ ပြောတော့မည့် အချိန်မှာတင် သူ့နားရွက်က အနည်းငယ် တွန့်လိမ်သွားသည်။
တောင်ကြားအပြင်ဘက်တွင် စောင့်ကြပ်နေကြသော အနက်ရောင်ဝတ်ကျင့်ကြံသူများ ရိပ်ခနဲ ပျောက်သွားကြပြီး သူ့အနားတွင် ပြန်ပေါ်လာကြသည်။
လူတစ်ယောက်သည် တောင်ကြားအနီးသို့ ချည်းကပ်လာ၏။ ထိုသူ၏ကျင့်ကြံမှုက သာမာန်မဟုတ်ပေ။
အလွန်လျင်မြန်စွာဖြင့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး တောင်ကြားထဲသို့ တစ်လှမ်းချင်းဝင်လာ၏။ ထိုသူ၏ မေးစေ့အောက်တွင် မုတ်ဆိတ်ကြီးက လှုပ်ရမ်းနေပြီး ၎င်းမှာ ရှောင်ရှန်းပင် ဖြစ်တော့သည်။