အခန်း (၇၅၃-၇၅၄)
Vol. 55 Ch. 753-754
အပိုင်း ၇၅၃ - ချိန်းဆိုခြင်း
“အစ်ကိုဟန်... ဘာကိုမဆို အားမနာတမ်း မေးမြန်းနိုင်ပါတယ်။ ဒီကိစ္စက အလွန်အရေးကြီးတာမို့ ကျမတို့ ဘာတစ်ခုမှ အလွတ်အဟင်း မခံနိုင်ဘူးလေ”
နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိ၏တည်ငြိမ်မှုကို ကြည့်ပြီး တိတ်တဆိတ် ချီးကျူးမိသွားသည်။ သဘာဝမူလဆေးလုံး အကြောင်းကို ကြားလိုက်ရသော်လည်း ဟန်လိကမူ လှုပ်လှုပ်ရှားရှား မဖြစ်သွားဘဲ အေးဆေးနေနိုင်ဆဲပင်။
ဟန်လိက မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။
“ကျုပ် မောက်လန်လွင်ပြင်ကို တစ်ခေါက် သွားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ဘာလို့ ကျုပ်ကိုမှ လာရှာရတာလဲ။ နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးထဲကို ဘယ်လိုဝင်ရမလဲဆိုတာ မြို့စားကြီးနန်းလုံက အသိဆုံးဖြစ်ရမှာလေ။ ဒါမှမဟုတ် ခင်ဗျားတို့မှာ ချောက်ကမ်းပါးထဲဝင်ဖို့ တခြားနည်းလမ်း ရှိနေလို့လား”
“မြို့စားကြီးနန်းလုံဆီမှာ ချောက်ကမ်းပါးထဲဝင်မယ့် နည်းလမ်းရှိတာကို ကျမ သိပါတယ်။ ဒါပေမဲ့ သူလို နာမည်ကြီးတစ်ယောက်ကို ကျမတို့က သူ့ကို ဘယ်လိုလုပ် ယုံကြည်ပြီး တိုင်ပင်ရဲပါ့မလဲ။ အစ်ကိုဟန်ကတော့ အရင်သံယောဇဉ်တွေကို မေ့တတ်တဲ့သူမဟုတ်မှန်း ကျမတို့ သိထားတာမို့ အစ်ကိုနဲ့ဆိုရင် ပိုပြီး စိတ်အေးရပါတယ်။
ချောက်ကမ်းပါးထဲဝင်ဖို့ကတော့... တစ္ဆေဝိညာဉ်ဂိုဏ်းက တပည့်တစ်ယောက် ပြောပြပုံအရ ဆိုရင် သူတို့ဂိုဏ်းက ဒီနည်းလမ်းကို သုတေသနပြုနေတာ ကြာပြီဖြစ်ပြီး အခုဆို အောင်မြင်ခါနီးနေပြီလို့ သိရတယ်။ အသေးစိတ်ကိုတော့ အဲ့ဒီလူလည်း သေချာမသိပေမဲ့ နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးရဲ့ ဟင်းလင်းပြင်အက်ကြောင်းတွေ ပြန်ငြိမ်သက်သွားမယ့် နောက်တစ်ကြိမ်မှာ တစ္ဆေဝိညာဉ်ဂိုဏ်းက ကျိန်းသေပေါက် လှုပ်ရှားတော့မှာပဲ။
တကယ်လို့ အစ်ကိုဟန်ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးဘူးဆိုရင်လည်း ဒီကိစ္စကို လက်လျှော့လိုက်ကြတာပေါ့။ တကယ်လို့ ချောက်ကမ်းပါးထဲကို ဘေးကင်းကင်းနဲ့ ဝင်နိုင်ခဲ့ရင်တောင် အထဲမှာ ဘယ်လိုဘေးအန္တရာယ်တွေ စောင့်ကြိုနေမလဲ ဘယ်သူမှ မသိနိုင်ဘူးလေ”
ဤသို့ပြောပြီးနောက် နတ်သမီးခရမ်းဝိညာဉ်၏မျက်နှာတွင် တွန့်ဆုတ်နေသော အမူအရာတစ်ခု ပေါ်လာသည်။
ဟန်လိသည် အချိန်အတော်ကြာ စဉ်းစားခန်းဝင်နေပြီးမှ သက်ပြင်းချလိုက်သည်။ “တစ္ဆေဝိညာဉ်ဂိုဏ်းမှာလည်း ချောက်ကမ်းပါးထဲဝင်ဖို့ နည်းလမ်းရှိနေတာလား။ ဒါ ကျုပ် ပထမဆုံးကြားဖူးတာပဲ။ ဒါပေမဲ့ ခင်ဗျားပြောပုံအရဆိုရင် သတင်းအချက်အလက်က သိပ်ပြီး မခိုင်လုံသေးတဲ့ပုံပဲ။
ကောင်းပြီ... ဒီလိုလုပ်ကြရအောင်။ ချောက်ကမ်းပါးရဲ့ အက်ကြောင်းတွေ ငြိမ်သက်ဖို့က နှစ်အနည်းငယ် လိုသေးတာပဲ။ အဲ့ဒီအချိန်အတောအတွင်း ဒီသတင်းက အမှန်ဖြစ်မဖြစ်ကို သေချာအောင် စုံစမ်းကြည့်လိုက်ပါဦး။ တကယ်လို့ ဝိညာဉ်ဖယောင်းတိုင်သစ်သီး က အထဲမှာ တကယ်ရှိနေတယ်ဆိုရင်တော့ ကျုပ် စွန့်စားကြည့်မှာပါ။ ကျင့်ကြံမှုအဆင့်အတွက်ကတော့ ခင်ဗျားတို့ စိတ်မပူပါနဲ့။ ကျုပ်တောင် မအောင်မြင်နိုင်ဘူးဆိုရင် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း အောင်မြင်ဖို့ မလွယ်ပါဘူး”
ဟန်လိသည် မြို့စားကြီးနန်းလုံက သူ့ထံ အစောပိုင်းက ကမ်းလှမ်းထားသည့်ကိစ္စကို ထုတ်မပြောခဲ့ပေ။ ဝိညာဉ်ဖယောင်းတိုင်သစ်သီးက ဆွဲဆောင်မှုရှိသော်လည်း ဟန်လိအနေဖြင့် သေချာစဉ်းစားရန် လိုအပ်သေးသည်။ အကယ်၍ တစ္ဆေဝိညာဉ်ဂိုဏ်း၏နည်းလမ်းက ပို၍ ဘေးကင်းမည်ဆိုလျှင် မြို့စားကြီးနန်းလုံကိစ္စကို ပြောနေရန် မလိုတော့ပေ။
ဟန်လိ၏ ဝေဝါးသော အဖြေကြောင့် နတ်သမီးခရမ်းဝိညာဉ်က စိတ်ပျက်မသွားဘဲ ပို၍ပင် ဝမ်းသာသွားသည်။ တစ်ဖက်သူ၏သတိကြီးသော စရိုက်အရ ဤစကားများသည် သဘောတူလိုက်ခြင်းနှင့် မခြားနားကြောင်း သူမ သိပေသည်။ ထို့ပြင် ဟန်လိ၏ လေသံအရ ကောလာဟလများသည် အမှန်ဖြစ်နိုင်ကြောင်း အတည်ပြုပေးလိုက်သကဲ့သို့ပင်။ သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ဝိညာဉ်ဖယောင်းတိုင်သစ်သီးကို ရရှိနိုင်မည့် အခွင့်အရေးက ပို၍ပင် များပြားသွားပေလိမ့်မည်။
ထိုစဉ် သူမက ပြုံးလျက် ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ကျမတို့က အစ်ကိုဟန်ကို အလျင်စလို လာရှာရတာက အရည်အချင်းရှိတဲ့ အဖော်တစ်ယောက်ကို မတွေ့ခဲ့ရင် ဒီကိစ္စက အချည်းနှီးပဲ ဖြစ်သွားမှာကို စိုးရိမ်လို့ပါ။ အခုတော့ အစ်ကိုဟန်က သဘောတူလိုက်ပြီဆိုတော့ ကျမတို့လည်း ပိုပြီး စိတ်အေးအေးနဲ့ စုံစမ်းနိုင်ပြီပေါ့။ ကျမတို့လည်း ချောက်ကမ်းပါးထဲကို ဝင်ချင်ရုံပါ။ ကိုယ့်အသက်ကိုယ်တော့ ဟာသအနေနဲ့ သဘောမထားဘူးပေါ့နော်”
“ဘာ... ခင်ဗျားတို့ သုံးယောက်စလုံးက ချောက်ကမ်းပါးထဲကို လိုက်မလို့လား”
ဟန်လိသည် ထိုစကားကို ကြားသောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
နတ်သမီးခရမ်းဝိညာဉ်က ခါးသီးသော အပြုံးဖြင့် မတတ်သာသလို ပြောလိုက်သည်။
“အစ်ကိုဟန်က ကျမတို့က အဲ့ဒီထဲကို သွားချင်လွန်းလို့လို့ ထင်နေတာလား။ ကျမတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ။ ရှေးဟောင်းမှတ်တမ်း အများစုမှာတော့ ဝိညာဉ်ဖယောင်းတိုင်သစ်သီးရဲ့ အာနိသင်ကိုပဲ ရေးထားကြတာ၊ ဒါပေမဲ့ တချို့မှတ်တမ်းတွေမှာတော့ ဒီအသီးက ခူးပြီးတာနဲ့ ဆက်မရှင်နိုင်ဘူးလို့ ပါရှိတယ်။
ခူးပြီး နာရီဝက်အတွင်းမှာတင် ချက်ချင်း ဆေးဖော်စပ်ရမယ်တဲ့။ အဲ့ဒီအချိန်ထက် ကျော်လွန်သွားရင် ဆေးစွမ်းတွေက အများကြီးလျော့ကျသွားပြီး သုံးရက်ကြာရင်တော့ လုံးဝ ပျောက်ကွယ်သွားမှာပဲ။ အဆိုးဆုံးကတော့ သဘာဝမူလဆေးလုံး ပါပဲ။ ဖော်စပ်ပြီးပြီးချင်း မသုံးဆောင်ရင် ဆေးစွမ်းက လုံးဝ ပျောက်သွားတာ။ ဒါကြောင့် ကျမတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်တွန်းအားပေးပြီး ချောက်ကမ်းပါးထဲကို သွားရမှာပဲ။ ကိုယ့်ရဲ့ ကျင့်ကြံမှုက နှစ်ပေါင်း ရာချီ၊ ထောင်ချီပြီး တစ်နေရာတည်းမှာ ရပ်တန့်နေတာထက်စာရင်တော့ ဒါက ပိုကောင်းပါတယ်လေ”
ဟန်လိက မျက်မှောင်ကြုတ်လိုက်သည်။
“ကျုပ် ရှေးဟောင်းမှတ်တမ်းတွေ အများကြီး ဖတ်ဖူးပေမဲ့ ဝိညာဉ်ဖယောင်းတိုင်သစ်သီးမှာ ဒီလို ကန့်သတ်ချက်တွေ ရှိတာကို တစ်ခါမှ မကြားဖူးဘူး။ ဘာလို့ ကျုပ် ဒါကို မသိရတာလဲ”
“စီနီယာဟန်... ကျမတို့ စုန်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်မှတ်တမ်းစာအုပ်တစ်အုပ် ရှိပါတယ်။ အဲ့ဒီရဲ့ မိတ္တူကို ကျမ ဒီမှာ ယူလာခဲ့ပါတယ်။ စီနီယာ တစ်ချက်လောက် ကြည့်ကြည့်ပါဦး”
ကျင့်ကြံသူစုန်သည် သူမ၏သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ဟန်လိထံ ရိုရိုသေသေ ကမ်းပေးလိုက်သည်။ ဟန်လိက ထိုအမျိုးသမီးကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ကာ စိတ်ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းပြားကို ဖတ်ရှုလိုက်သည်။
ဤရှေးဟောင်းစာအုပ်တွင် ရှေးခေတ်ကာလမှ ဆေးလုံးများနှင့် ဆေးဖက်ဝင်ပစ္စည်းများအကြောင်း ဖော်ပြထားပြီး ဟန်လိ ယခင်က မြင်ဖူးခဲ့သည့် အရာအချို့လည်း ပါဝင်သည်။ ၎င်းတွင် ရွက်လွှာကိုးခု ဝိညာဉ်ဂျင်ဆင်း အကြောင်းနှင့် အရိုးသခင် ပေးခဲ့သော ဆေးညွှန်းအကြောင်းကိုပင် အသေးစိတ် ရှင်းပြထားသေးသည်။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သော ဆေးလုံးအများအပြားကိုလည်း သူ တွေ့ရှိခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းအချို့မှာ ရှေးခေတ်ကတည်းက ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အနာဂတ်တွင် မတော်တဆ တွေ့ရှိခဲ့ပါက ဆေးဖော်စပ်နည်းကို ကြိုသိထားပါက အကျိုးရှိသည်ပင်။ အချို့သော ကျင့်ကြံခြင်း မိသားစုများတွင် ဂိုဏ်းကြီးများ၌ပင် မရှိသော ရတနာအချို့ ရှိနေတတ်သည်မှာ အမှန်ပင် ဖြစ်၏။
သူ၏ အားကောင်းသောစိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ကျောက်စိမ်းပြားထဲမှ ဝိညာဉ်ဖယောင်းတိုင်သစ်သီး အကြောင်းကို အလျင်အမြန် ရှာတွေ့သွားသည်။ မှတ်တမ်းတွင် ပါသည့်အတိုင်း ထိုသစ်သီးနှင့် သဘာဝမူလဆေးလုံးတို့တွင် ထိုကဲ့သို့သော ကန့်သတ်ချက်များ အမှန်တကယ် ရှိနေပေသည်။ ယင်းအချက်ကို ဖတ်ကြည့်ပြီးနောက် ဟန်လိသည် သတိထားမိဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
ခဏအကြာတွင် သူသည် စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ချက်ချင်း စကားမပြောဘဲ ကျောက်စိမ်းပြား၏ ချောမွတ်သော မျက်နှာပြင်ကို ပွတ်သပ်ရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်ကာ စဉ်းစားနေသည်။
ကျင့်ကြံသူစုန်က လိမ္မာပါးနပ်စွာဖြင့် ပြောလိုက်သည်။
“စီနီယာဟန်က ဆေးလုံးဖော်စပ်တဲ့နေရာမှာ အလွန်ထူးချွန်တယ်လို့ အစ်မခရမ်းဝိညာဉ် ပြောပြလို့ သိရပါတယ်။ ဒီရှေးဟောင်းမှတ်တမ်းက ကျမတို့ စုန်မျိုးနွယ်စုအတွက်တော့ သိပ်ပြီး တန်ဖိုးမရှိလှပါဘူး။ ရှေးဟောင်းဆေးညွှန်းတွေ အများကြီးပါပေမဲ့ အဲ့ဒါတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကျမတို့မျိုးနွယ်စုက ဘယ်လိုမှ မရှာနိုင်လို့ပါ။ တကယ်လို့ စီနီယာအနေနဲ့ စိတ်ထဲမထားဘူးဆိုရင် ဒီကျောက်စိမ်းပြားကို ယူထားနိုင်ပါတယ်။ ကျမတို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးတဲ့အတွက် လက်ဆောင်အဖြစ် သတ်မှတ်ပေးပါ စီနီယာ”
ဟန်လိသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ထိုအမျိုးသမီးကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ထို့နောက်မှ ပြုံးလျက် ဖြေးညင်းစွာ ပြောလိုက်သည်။
“ကျုပ်က ဘဝမှာ တစ်ပါးသူဆီကနေ အကျိုးအမြတ်ကို အလကားယူတတ်တဲ့သူ မဟုတ်ဘူး။ တကယ်လို့ ဝိညာဉ်ဖယောင်းတိုင်သစ်သီးက ချောက်ကမ်းပါးထဲမှာ တကယ်ရှိနေမယ်ဆိုရင် ကျုပ်လည်း အကျိုးအမြတ်အများကြီး ရမှာပဲလေ။ ဒါကြောင့် ကျုပ်ကို လက်ဆောင်ပေးဖို့ မလိုပါဘူး။ ကျုပ်လည်း အဲ့ဒီကို သွားဖြစ်မှာ သေချာသလောက်ပါပဲ။
ဒါပေမဲ့ ဒီစာအုပ်က ကျုပ်အတွက် တကယ်ကို အသုံးဝင်ပါတယ်။ ဒါကြောင့် ကျုပ်ဆီမှာရှိတဲ့ ကျင့်ကြံမှုအဆင့် တက်စေတဲ့ ဆေးလုံးအချို့နဲ့ အလဲအလှယ် လုပ်ကြရအောင်။ ဒီဆေးလုံးတွေက ခင်ဗျားရဲ့ လက်ရှိကျင့်ကြံမှုအတွက် သင့်တော်မှာပါ”
ဟန်လိသည် သူ၏ခါးမှ သိုလှောင်အိတ်ထဲမှ စိမ်းဖန့်ဖန့် ဆေးပုလင်းလေးကို ထုတ်ကာ ကျင့်ကြံသူစုန်ထံ ကမ်းပေးလိုက်သည်။
ထိုအမျိုးသမီးသည် ဆေးပုလင်းကို အလိုလို လှမ်းယူလိုက်သော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေသည်။ ထိုသည်ကို မြင်သောအခါ နတ်သမီးခရမ်းဝိညာဉ်က ပြုံးလိုက်သည်။
နတ်သမီးခရမ်းဝိညာဉ်က ရယ်မောလျက် ပြောလိုက်သည်။
“အစ်ကိုဟန်က ပေးမှတော့ အစ်မစုန် ယူထားလိုက်ပါတော့။ အစ်ကိုဟန်ရဲ့ ဆေးဖော်စပ်နည်းတွေက အလွန်ကျယ်ပြန့်တာ။ ဒီဆေးလုံးတွေက အဆင့်မြင့်သားရဲနတ်ဆိုးအမြုတေတွေကနေ ဖော်စပ်ထားတာ ဖြစ်ရမယ်။ ဒါက အစ်မရဲ့ ကျင့်ကြံမှုကို နောက်တစ်ဆင့်တက်ဖို့ ကျိန်းသေ ကူညီပေးနိုင်လိမ့်မယ်။ စီးပွားရေးကိစ္စမှာတော့ အားနာနေဖို့ မလိုပါဘူး”
ကျင့်ကြံသူစုန်သည် နတ်သမီးခရမ်းဝိညာဉ်၏ စကားကို ကြားသောအခါ ဝမ်းသာသွားသည်။ သူမက ဟန်လိကို အထပ်ထပ် ကျေးဇူးတင်စကား ဆိုရင်း ဆေးပုလင်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ဟန်လိက ပြုံးလျက် ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။
“ဝိညာဉ်ဖယောင်းတိုင်သစ်သီးနဲ့ သဘာဝမူလဆေးလုံးကို ကြာရှည်သိမ်းထားလို့မရဘူးဆိုမှတော့ ခင်ဗျားတို့ သုံးယောက်လည်း ချောက်ကမ်းပါးထဲကို လိုက်ရမှာပေါ့။ အကယ်၍ ဝိညာဉ်အသီးဆီကို တိုက်ရိုက်သွားပြီး တခြားနေရာတွေကို လျှောက်မသွားဘူးဆိုရင်တော့ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ အခုလောလောဆယ်တော့ သဘာဝမူလဆေးလုံးအတွက် လိုအပ်တဲ့ တခြားပစ္စည်းတွေကို အရင်ရှာထားလိုက်ကြဦး။ အဲ့ဒီပစ္စည်းတွေက ဝိညာဉ်အသီးလောက် ရှားပါးတာ မဟုတ်ပေမဲ့ ရှာရတော့ ခက်ခဲလိမ့်မယ်”
ဟန်လိက သက်ပြင်းချလိုက်ပြီး လေးနက်စွာ ဆက်ပြောသည်။
“အသေးစိတ်ကိုတော့ အခြေအနေတွေ အကုန်လုံး သိပြီးမှပဲ ကျုပ် ဆုံးဖြတ်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အချိန်လိုသေးတာပဲ။ အကယ်၍ ကျုပ်တို့ မောက်လန်တွေနဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင်တော့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးအရေးကို စဉ်းစားနေလို့တောင် မရတော့ဘူး။ အဲ့ဒီအချိန်ကျရင် ကောင်းကင်တောင်ပိုင်းမှာ ခြေကုပ်မြဲဖို့တောင် အသည်းအသန် ကြိုးစားရတော့မှာ”
ထိုသုံးဦးစလုံးမှာ ဟန်လိ၏ စကားကြောင့် လန့်သွားကြသည်။ မေနင်က မမေးဘဲ မနေတော့ပေ။ “ဘာ... စီနီယာဟန်က ဒီစစ်ပွဲမှာ ကျမတို့ ရှုံးနိုင်တယ်လို့ ထင်နေတာလား”
ဟန်လိက မရေမရာ ပြောလိုက်သည်။
“ဒါက ပြောရခက်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ ကောင်းကင်တောင်ပိုင်း မဟာမိတ်တပ်တွေနဲ့ နယ်မြေအားသာချက်အရ မောက်လန်တွေကို အနိုင်ယူနိုင်သင့်တာပေါ့။ ကောင်းကင်တောင်ပိုင်းက ကျင့်ကြံသူအကျော်အမော်သုံးဦးနဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ လုံ့ဟန်နဲ့ ဖုန်းပင်းတို့က မောက်လန်နတ်ဘုရားစစ်သည်တွေကို တားဆီးနိုင်မယ် ဆိုရင်တောင်မှ အဲ့ဒီ ဝတ်ရုံနက်လူတွေက ဘယ်ကလာမှန်း ကျုပ်တို့ မသိရသေးဘူး။ သူတို့က ပြင်ပအင်အားစုတစ်ခုဖြစ်ပြီး ဒီစစ်ပွဲထဲကို ဝင်နှောင့်ယှက်နေတာပဲ။ သူတို့ကြောင့် မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်”
နတ်သမီးခရမ်းဝိညာဉ်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်။
“အစ်ကိုပြောပုံအရဆိုရင် ဘယ်ဘက်က နိုင်မလဲဆိုတာက တစ်ဝက်စီ ဖြစ်နေတာပေါ့”
“အဲ့ဒီလိုလည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အဖြစ်နိုင်ဆုံးကတော့...”
ဟန်လိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ၏ အသံက တိုးဝင်သွားရာ ထိုအမျိုးသမီး သုံးဦးစလုံးမှာ အံ့အားသင့်သွားကြသည်။
ဟန်လိက ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကဲ... တော်လောက်ပါပြီ။ အနာဂတ်မှာ စစ်ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ တကယ်မသိနိုင်ပါဘူး။ ခင်ဗျားတို့ကတော့ ချောက်ကမ်းပါးထဲဝင်ဖို့ ပြင်ဆင်စရာရှိတာတွေသာ ပြင်ထားလိုက်ကြ။ အဲ့ဒီအချိန်ရောက်မှပဲ ဖြစ်နိုင်မဖြစ်နိုင် ကြည့်ကြတာပေါ့။ ဘာတွေဖြစ်လာမလဲ ဘယ်သူသိနိုင်မှာလဲ”
ထို့နောက်တွင်တော့ ဟန်လိသည် ထိုကိစ္စကို ဆက်မပြောတော့ပေ။ ထိုအစား မေနင်နှင့် နတ်သမီးခရမ်းဝိညာဉ်တို့ သူနှင့်လမ်းခွဲပြီးနောက်ပိုင်း ဘာတွေလုပ်နေခဲ့သလဲဟု သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မောက်လန်နတ်ဘုရားပညာရှိလက်မှ သူ မည်သို့ လွတ်မြောက်ခဲ့သလဲဆိုသည့် စိတ်လှုပ်ရှားဖွယ် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ချောမောလှသည့် အလှလေးသုံးဦးနှင့် စကားစမြည် ပြောဆိုရခြင်းမှာ အလွန်ပင် ပျော်ရွှင်ဖွယ်ကောင်းသောကြောင့် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကောင်းကင်ယံ မှောင်စပြုလာသည်ကို မြင်သောအခါ ဟန်လိသည် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။ ကျင့်ကြံသူစုန်သည်လည်း သူနှင့်အတူ လမ်းခွဲခဲ့ပြီး နတ်သမီးခရမ်းဝိညာဉ်နှင့် မေနင်တို့က တောင်ကြားဝင်ပေါက်အထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
သူတို့ ထွက်ခွာသွားချိန်တွင် မေနင်သည် တစ်ခုခုကို ပြောရန် အကြိမ်ကြိမ် တွန့်ဆုတ်နေသည်ကို ဟန်လိ မြင်တွေ့လိုက်ရသော်လည်း အဆုံးတွင် သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေခဲ့သည်။
သူမ၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို မြင်လိုက်ရသောအခါ ဟန်လိ၏ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားမိသည်။ သူက နတ်သမီးခရမ်းဝိညာဉ်ဘက်သို့ အကြည့်လွှဲလိုက်ရာ သူမက သူ့ကို ဆန်းကြယ်သော အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သည်မိန်းကလေးများနှင့်တော့ ခက်နေပေပြီ။ ဘာကြောင့်ရယ်မသိဘဲ သူလည်း ရှက်သလို ဖြစ်သွား၍ ဤနေရာတွင် ဆက်မနေရဲတော့ပေ။ နှုတ်ဆက်စကားပြောပြီးနောက် ဟန်လိသည် မိုးပြာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျင့်ကြံသူစုန်ကို ခေါ်ဆောင်လျက် ကောင်းကင်ဦးမြို့တော်သို့ ပျံသန်းထွက်ခွာလာခဲ့တော့သည်။
အပိုင်း ၇၅၄ - မီးလျှံများ အသွင်ပြောင်းခြင်း
ဟန်လိနှင့်ကျင့်ကြံသူစုန်တို့သည် ကောင်းကင်ယံထက်တွင် နှစ်ဦးတည်း ပျံသန်းနေကြပြီး စကားတစ်ခွန်းမှ မဆိုကြချေ။ သို့သော် အဝေးဆီမှ ကောင်းကင်ဦးမြို့ကို လှမ်းမြင်လိုက်ရသည့်အခါ အမျိုးသမီးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
“စီနီယာဟန်... စဦးစိတ်ဝိညာဉ် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ထူးတွေတောင် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲကို ဝင်သွားပြီးရင် ဘယ်တော့မှ ပြန်မလာနိုင်ကြဘူးလေ။ ကျမတို့လို အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကော အဲ့ဒီထဲမှာ ဝိညာဉ်အသီးကို ရှာတွေ့ပြီး ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလားဟင်”
သူမ၏မေးခွန်းကြောင့် ဟန်လိ အနည်းငယ် အံ့အားသင့်သွားပြီး သူတို့ပတ်လည်ရှိ အလင်းတန်းများမှာ တုန်ခါသွားကာ အရှိန်လျော့သွားလေသည်။ ထို့နောက် သူက ထိုအမျိုးသမီးကို တစ်ချက် ကြည့်လိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ကျင့်ကြံမှုအဆင့်တစ်ခုတည်းနဲ့ ကြည့်မယ်ဆိုရင်တော့ ခင်ဗျားတို့ဟာ ချောက်ကမ်းပါးထဲမှာ ရတနာရှာခဲ့ကြတဲ့ တခြားကျင့်ကြံသူတွေနဲ့ယှဉ်ရင် အများကြီး လိုအပ်နေပါသေးတယ်။ အကယ်၍ အန္တရာယ်တစ်ခုခုနဲ့ ကြုံခဲ့မယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးက သူတို့ထက် အများကြီး နည်းပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီကျင့်ကြံသူတွေ သေဆုံးခဲ့ကြရတာက လောဘကြောင့်ဖြစ်ဖို့ များပါတယ်။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အများကြီးထဲမှာ တစ်ယောက်စ၊ နှစ်ယောက်စကတော့ ရတနာ တစ်ခု၊ နှစ်ခုနဲ့ ဘေးကင်းကင်း ပြန်ထွက်လာနိုင်ကြမှာပါပဲ။ ဒါပေမဲ့ သူတို့ထဲက အများစုက ရတနာတွေရဲ့ ဆွဲဆောင်မှုအောက်မှာ မျက်စိကွယ်သွားကြတာလေ။ နောက်ထပ် ရတနာတစ်ခု၊ ဒါမှမဟုတ် သက်တမ်းတိုးစေမယ့်၊ ဒါမှမဟုတ် ကျင့်ကြံခြင်းပိတ်ဆို့မှုကို ကျော်ဖြတ်စေမယ့် ဆေးပင်တွေကို ထပ်လိုချင်နေကြတာ။ အဲ့ဒီလိုနဲ့ပဲ သူတို့အသက်ပါ ပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ကြတာ နေမယ်…”
ကျင့်ကြံသူစုန်က စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို စီနီယာပြောပုံအရဆိုရင် ကျမတို့ သေဖို့က သေချာသလောက် ရှိနေတာပေါ့”
“တကယ်လို့ တစ်စုံတစ်ယောက်က ချောက်ကမ်းပါးထဲကို ဝင်ထွက်နိုင်မယ့် ဘေးကင်းတဲ့ လမ်းကြောင်းကို မသိထားဘူးဆိုရင်တော့ သူတို့ ကျိန်းသေပေါက် သေရမှာပါပဲ။ သခင်ကြီး ချန်းကုန်း ကလွဲလို့ ဘယ်သူမှ ချောက်ကမ်းပါးထဲကနေ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ဘူးလေ။
အဲ့ဒီလမ်းကြောင်းကို မရထားဘူးဆိုရင်တော့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးထဲ ဝင်ဖို့ဆိုတာကို စဉ်းတောင် မစဉ်းစားသင့်ဘူး။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ။ ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုက နိမ့်ပေမဲ့ ကိုယ့်ရဲ့ လောဘကို ထိန်းချုပ်နိုင်ပြီး ဝိညာဉ်ဖယောင်းတိုင်သစ်သီး ရဲ့ တည်နေရာကို သေသေချာချာ စုံစမ်းနိုင်မယ်ဆိုရင်တော့ ကံကောင်းရင် အောင်မြင်နိုင်မှာပါ”
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... အဲ့ဒီချောက်ကမ်းပါးက တစ်ကမ္ဘာလုံးမှာ အန္တရာယ်အရှိဆုံးနေရာပဲ။ အကယ်၍ ခင်ဗျားတို့ သေဆုံးသွားခဲ့ရင် နောက်ကွယ်က ကိစ္စရပ်တွေကို အဆင်ပြေအောင် ကြိုတင်စီစဉ်ထားသင့်တယ်။ တစ္ဆေဝိညာဉ်ဂိုဏ်း အနေနဲ့လည်း အဲ့ဒီအသီးအကြောင်းကို သိထားမှာပဲ၊ သူတို့လည်း အဲ့ဒါကို ရအောင်ယူဖို့ ကြိုးစားကြလိမ့်မယ်။ သူတို့က မြို့စားကြီးနန်းလုံထက် အရင်ဦးအောင် အလုအယက် သွားကြမှာဖြစ်လို့ အန္တရာယ်တွေကို စွန့်စားရလိမ့်မယ်။ သူတို့ရဲ့ ချောက်ကမ်းပါးထဲဝင်မယ့် နည်းလမ်းက အတော်လေး စွန့်စားရမယ့်ပုံပဲ”
အမျိုးသမီး၏ မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်လာသည်။
“တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ နည်းလမ်းက အန္တရာယ်ရှိတယ်လို့ စီနီယာ ခန့်မှန်းမိနေရင် ဘာလို့ အစောကတည်းက သူတို့ကို မပြောခဲ့တာလဲဟင်”
ဟန်လိက ပြုံးစစဖြင့် ဆိုသည်။
“တခြားလူတွေရှေ့မှာ အဲ့ဒီလိုပြောဖို့က မသင့်တော်ဘူးလို့ မထင်ဘူးလား။ ဒါမှမဟုတ် ခင်ဗျားက ကျုပ်မှာ တခြားရည်ရွယ်ချက် ရှိနေတယ်လို့ ထင်နေတာလား”
သူမ အံ့အားသင့်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အလျင်အမြန် ပြောလိုက်သည်။ “မဟုတ်ပါဘူး... ကျမ စီနီယာ့ကို မသံသယဖြစ်ဝံ့ပါဘူး”
“စိတ်အေးအေးထားပါ။ ခင်ဗျား သံသယဖြစ်တာက သဘာဝပါပဲ။ ကျုပ် အစောက မပြောခဲ့တာက မကောင်းတဲ့ စိတ်ကြောင့် မဟုတ်ပါဘူး။ ခင်ဗျားနဲ့ မေနင် အတွက်ကတော့ ဒါက အံ့ဩစရာဖြစ်နိုင်ပေမဲ့ ခရမ်းဝိညာဉ်ကတော့ ဒါကို တုန်လှုပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ သိထားရမှာက သဘာဝမူလဆေးလုံး က အရမ်းတန်ဖိုးရှိပေမဲ့ ခင်ဗျားတို့နဲ့ ခရမ်းဝိညာဉ်လို အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ နည်းနည်း ဖြုန်းတီးရာ ရောက်နေတယ်။
မေနင် အတွက်ကတော့ အဲ့ဒီဆေးလုံးကြောင့် အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ အခွင့်အရေး ပိုများသွားပြီး သက်တမ်းလည်း နှစ်ပေါင်း ရာချီ ပိုရှည်သွားလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်ကတော့ ခင်ဗျားတို့ရဲ့ ထူးကဲတဲ့ ပါရမီတွေအရ အချိန်တစ်ခုကြာရင် အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို အလိုလို ရောက်သွားနိုင်မှာပဲ။ အဲ့ဒီဆေးလုံးကို သောက်လိုက်တာက ခင်ဗျားတို့ရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်ဖို့အတွက် နှစ်ပေါင်းတစ်ရာလောက် သက်သာသွားစေရုံပဲ ရှိမှာပါ”
“တစ်ဖက်မှာက နှစ်ပေါင်းတစ်ရာစာ ကျင့်ကြံမှုသက်သာသွားမယ်၊ နောက်တစ်ဖက်မှာက ချောက်ကမ်းပါးထဲဝင်ပြီး သေသွားနိုင်တယ်။ ဒီရွေးချယ်မှုနှစ်ခုက တစ်ဦးချင်းစီအပေါ်မှာပဲ မူတည်ပါတယ်။ ကျုပ်တော့ ခင်ဗျား ဘာရွေးမလဲဆိုတာ မသိပေမဲ့ ခရမ်းဝိညာဉ်ကတော့ ကျိန်းသေပေါက် စွန့်စားလိမ့်မယ်။ နှစ်ပေါင်းတစ်ရာ သက်သာသွားတာက သူမအတွက် နောက်ထပ် နှစ်တစ်ရာ ပိုကျင့်ကြံခွင့်ရတာနဲ့ အတူတူပဲလေ။ သူမက အမြုတေဖွဲ့စည်းခြင်း အဆင့်မှာတင် ရပ်တန့်နေဖို့ စိတ်ကူးမရှိဘူး။ ဒါက သူမအတွက် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းကို အများကြီး ပိုများစေလိမ့်မယ်”
ဟန်လိက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ကျင့်ကြံသူစုန်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
“စီနီယာ ပြောချင်တာက ခရမ်းဝိညာဉ်ဟာ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီးပြီပေါ့။ အဲ့ဒါကြောင့်ပဲ သူမက ချောက်ကမ်းပါးရဲ့ အန္တရာယ်တွေကို စွန့်စားဖို့ ကြိုးစားနေတာလား”
ဟန်လိက အတိတ်က မှတ်ဉာဏ်များကို ပြန်လည်အောက်မေ့နေသကဲ့သို့ နီမြန်းနေသော မိုးကုပ်စက်ဝိုင်းကို လှည့်ကြည့်ကာ ဖြေးညင်းစွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ခရမ်းဝိညာဉ် ရဲ့ အတွေ့အကြုံတွေက ခင်ဗျားတို့နဲ့ မေနင် ထက် အများကြီး ပိုပြီး ခက်ခဲပါတယ်။ သူမဟာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေရဲ့ ဖိအားပေးမှုကို အကြိမ်ကြိမ် ခံခဲ့ရဖူးသလို သူမအမေရဲ့ ဂိုဏ်းကိုတောင် အလုခံခဲ့ရတာ။ သူမ ထွက်ပြေးလာပြီးတဲ့နောက် ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ပေမဲ့ သူမရဲ့ ရည်မှန်းချက်က သာမန်ကျင့်ကြံသူတွေထက် အများကြီး သာလွန်နေတာကို ကျုပ် ခံစားမိတယ်”
ထို့နောက် ကျင့်ကြံသူစုန်၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဟန်လိက ခဏမျှ ရပ်ကာ ပြောလိုက်သည်။ “အကယ်၍ ဝိညာဉ်ဖယောင်းတိုင်သစ်သီး က ချောက်ကမ်းပါးထဲမှာ တကယ်ရှိနေတယ်ဆိုရင်တော့ ကျုပ်လည်း ကြိုးစားကြည့်မှာပဲ။ ဘာပဲဖြစ်ဖြစ် စဦးစိတ်ဝိညာဉ် အဆင့်မှာ ကျင့်ကြံမှု တိုးတက်ဖို့ဆိုတာ အလွန်ခက်ခဲတာလေ။ ကျုပ်သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်မှာတင် ထာဝရ ရပ်တန့်နေနိုင်တယ်။
ဒါပေမဲ့ ချောက်ကမ်းပါးထဲ မဝင်ခင်အထိတော့ ကျုပ် သိပ်ပြီး စိုးရိမ်တကြီး ဖြစ်မနေပါဘူး။ ဝင်ရမယ့် အချိန်ရောက်ရင်တော့ ခင်ဗျားတို့ သတိထားရမယ့် အန္တရာယ်တွေကို ကျိန်းသေ ထောက်ပြပေးမှာဖြစ်သလို တစ္ဆေဝိညာဉ်ဂိုဏ်း ရဲ့ နည်းလမ်းမှာ ရှိနေတဲ့ အားနည်းချက်တွေကိုလည်း ပြောပြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်အစောက ပြောခဲ့တာတွေက ခန့်မှန်းချက်တွေပါပဲ။ တစ္ဆေဝိညာဉ်ဂိုဏ်းမှာ သခင်ကြီးချန်းကုန်းထက် ပိုကောင်းတဲ့ နည်းလမ်း ရှိနေတာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒါကြောင့်လည်း ကျုပ် အစောက ထုတ်မပြောခဲ့တာပါ”
ကျင့်ကြံသူစုန်သည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားသော်လည်း သူမ၏ မျက်လုံးများတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ကဲ... တော်လောက်ပါပြီ။ ကျုပ်က ဒါတွေကို ခင်ဗျားကို ပြောဖို့ စိတ်ကူးမရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျား မေးလာလို့သာ ကျုပ် အဖြေပေးလိုက်တာ။ ကောင်းကင်ဦးမြို့ ကို ပြန်ရောက်တဲ့အခါ ခင်ဗျားတို့ရဲ့ အရေးကြီးဆုံး တာဝန်က လာမယ့်တိုက်ပွဲမှာ အသက်ရှင်ဖို့ပဲ။ အဲ့ဒါက ထိပ်တန်းဦးစားပေးပဲ။ အကယ်၍ ကံမကောင်းလို့ စစ်ပွဲအတွင်း တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ချောက်ကမ်းပါးသွားဖို့ကို စဉ်းစားနေစရာတောင် မလိုတော့ဘူး။ ကျုပ်အတွက်လည်း အတူတူပါပဲ။ မြို့ထဲပြန်ရောက်ရင် ဒီကိစ္စကို ခေတ္တဘေးဖယ်ထားပြီး ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေကို အရင်ကိုင်တွယ်ရလိမ့်မယ်” ဤသို့ပြောပြီးနောက် ဟန်လိက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်သည်။
ကျင့်ကြံသူစုန်သည် သူ၏ စကားများကြောင့် ရင်ထဲ တုန်လှုပ်သွားပြီး ဂါရဝပြုလိုက်သည်။
“စီနီယာ့ရဲ့ အဆုံးအမတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်”
ဟန်လိက လက်ယမ်းပြလိုက်သည်။
“အဆုံးအမရယ်လို့တော့ မဟုတ်ပါဘူး။ ခင်ဗျား သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်မယ့် အရာတွေကို ကျုပ်က အပိုပြောမိသွားတာပါ။ ကဲ... မြို့ထဲ ဝင်ကြရအောင်၊ မိုးလည်း ချုပ်တော့မယ်”
“ဟုတ်ကဲ့ပါ စီနီယာ”
မိုးပြာရောင် အလင်းတန်းသည် အရှိန်အဟုန်ဖြင့် ပြန်လည် ထိုးထွက်သွားပြီး မြို့ဂိတ်တံခါးမှတစ်ဆင့် ဝင်ရောက်သွားတော့သည်။
...
ရက်အနည်းငယ်အကြာတွင် မျောလွင့်တိမ်တိုက်ဂိုဏ်း၏ တပ်စခန်းရှိ အစီအရင်များစွာ ဝန်းရံထားသော လျှို့ဝှက်အခန်းတစ်ခုအတွင်း၌ ဟန်လိ သည် တင်ပလ္လင်ခွေ ထိုင်နေသည်။ သူသည် ဆယ့်ငါးမီတာခန့် ရှည်လျားသော ဓားကြီးတစ်လက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေ၏။ ဓားပေါ်တွင် ထူးဆန်းသော မိုးပြာရောင်နှင့် ခရမ်းရောင် မီးလျှံများ တောက်လောင်နေသည်။ ယင်းတို့မှာ ခရမ်းရောင်အထွတ်အထိပ်မီးလျှံ နှင့် မိုးပြာရောင်မီးအိမ်မှ မိုးပြာရောင်မီးလျှံများပင် ဖြစ်သည်။
ခရမ်းဝိညာဉ်နှင့် တွေ့ဆုံပြီးနောက် ဟန်လိသည် မျောလွင့်တိမ်တိုက်ဂိုဏ်းနှင့် ရင်းနှီးသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအများအပြားနှင့် မိတ်ဆက်ပေးရန် လုလော ကို အကူအညီတောင်းခဲ့သည်။ ထိုအချိန်အတောအတွင်း သူသည် ထိုကျင့်ကြံသူများကို ဤခက်ခဲသော ပြဿနာအား ကြည့်ရှုပေးရန် တောင်းဆိုခဲ့သော်လည်း သူတို့အားလုံးမှာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေခဲ့ကြသည်။
ထိုကျင့်ကြံသူများသည် ဟန်လိ၏ ကြီးကျယ်သော ဂုဏ်သတင်းကို သိထားကြသဖြင့် ပေါ့ပေါ့ဆဆ မပြုမူဝံ့ကြဘဲ သူနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုကြသည်။ အချို့နှင့်ဆိုလျှင် တရင်းတနှီး စကားစမြည်ပင် ပြောဖြစ်ခဲ့သော်လည်း ဟန်လိ အတွက်မူ သူ လိုချင်သည့် အဖြေကို မရခဲ့ပေ။ ထို့နောက် သူသည် တိုက်ပွဲ၏အကြွင်းအကျန်ဖြစ်သော ဘယ်တော့မှ မငြိမ်းသတ်နိုင်သည့် မိုးပြာရောင် မီးလျှံများကို ကိုင်တွယ်ရန် တိတ်ဆိတ်သော အခန်းတစ်ခုကို ချက်ချင်း ရှာဖွေခဲ့တော့သည်။
မီးလျှံများ တောက်လောင်နေသော်လည်း ဓားများမှာ ပျက်စီးခြင်း မရှိပေ။ ၎င်းတို့သည် ခရမ်းရောင်အထွတ်အထိပ်မီးလျှံနှင့် အားပြိုင်နေကြခြင်းပင်။ ထိုမိုးပြာရောင် မီးလျှံမှာ မည်သို့သော နတ်ဆိုးမီးလျှံမျိုးဖြစ်သည်ကို မသိရသော်လည်း ၎င်း၏ စွမ်းပကားမှာ သူ၏ ခရမ်းရောင်အထွတ်အထိပ်မီးလျှံ ကဲ့သို့ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။ အခုလောလောဆယ်တွင် သူသည် အရေအတွက်ပေါ် အားကိုးပြီး မီးလျှံများကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့ကို မည်သို့ သန့်စင်ဖယ်ရှားပစ်ရမည်ဆိုသည်မှာ ပြဿနာ ဖြစ်နေဆဲပင်။
အကယ်၍ ဤမိုးပြာရောင် မီးလျှံများကို မဖယ်ရှားနိုင်ပါက သူသည် သူ၏ ဝါးတိမ်အုပ်ဓားများကို အသုံးပြုနိုင်မည် မဟုတ်သလို၊ နတ်ဘုရားရေခဲမီးလျှံနှင့် ခရမ်းရောင်အထွတ်အထိပ်မီးလျှံ တို့ကိုလည်း လွယ်လင့်တကူ ထုတ်သုံးနိုင်မည် မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် ဟန်လိသည် ဓားကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများမှာ လှုပ်ရှားနေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူသည် ဓားကြီး၏ အပေါ်တွင် လက်ကို မြှောက်ကာ မိုးပြာရောင် မန္တာန်ချိပ်ဟန်တစ်ခုဖြင့် ရိုက်နှက်လိုက်သည်။
ဓားကြီးသည် လေထဲတွင် တစ်ပတ်လည်သွားပြီး မြည်ဟိန်းသံနှင့်အတူ ဓားပျံငယ် အစင်းပေါင်း ဆယ်ဂဏန်းကျော်အဖြစ် ကွဲထွက်သွားသည်။ ဟန်လိ၏ စိတ်ဝိညာဉ်အာရုံ လှုပ်ရှားသွားပြီး သူ၏ဓားပျံ အများစုမှာ မိုးပြာရောင် အလင်းတန်းများအဖြစ် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။ ဓားတစ်လက်တည်းသာ လေထဲတွင် ကျန်ရစ်ခဲ့ပြီး ဟန်လိ ၏ ရှေ့တွင် ဖြေးညင်းစွာ လွင့်မြောနေသည်။
ဟန်လိက ဓားပေါ်မှ မိုးပြာရောင်နှင့် ခရမ်းရောင် မီးလျှံများကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများကို မှေးစင်းလိုက်ပြီး ရုတ်တရက် ပါးစပ်ကို ဟကာ ခရမ်းရောင် မီးလျှံတန်းတစ်ခုကို ထိုဓားပျံ၏မျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ထွေးထုတ်လိုက်သည်။ ဓားပေါ်တွင် ခရမ်းရောင် မီးလျှံများ ဝေဆာလာပြီး မိုးပြာရောင် မီးလျှံများကို ထိန်းချုပ်လိုက်သည်။
ထို့နောက် မန္တာန်ချိပ်ဟန်၏ ထိန်းချုပ်မှုအောက်တွင် တဟုန်းဟုန်း တောက်လောင်နေသော ခရမ်းရောင် မီးလျှံများသည် မိုးပြာရောင် မီးလျှံများကို ဓားဦးဖျားဆီသို့ ဖြေးညင်းစွာ ဖိအားပေးလိုက်ရာ ပဲစေ့အရွယ်ခန့်ရှိသော မိုးပြာရောင် အလင်းလုံးလေးတစ်ခု ဖြစ်သွားတော့သည်။
ထိုသည်ကို မြင်လိုက်ရသောအခါ ဟန်လိ၏ မျက်နှာမှာ လေးနက်သွားသည်။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ချောင်းများကို အလျင်အမြန် လှုပ်ရှားကာ အရောင်အသွေးစုံလင်သော မန္တာန်ချိပ်ဟန်များကို ဓားပေါ်သို့ ဆက်တိုက် ပစ်သွင်းလိုက်သည်။ တစ်ခဏချင်းမှာပင် ဓားပေါ်ရှိ ခရမ်းရောင် မီးလျှံများသည် ပိုမို ပြင်းထန်ပြီး အားကောင်းလာကာ မိုးပြာရောင် ဓားဦးဖျားဆီသို့ မီးလှိုင်းများသဖွယ် တစ်လွှာပြီးတစ်လွှာ တိုးဝင်သွားတော့သည်။
မိုးပြာရောင်မီးလျှံသည် ဓားဦးဖျားတွင် ငြိမ်းတော့မည့်အလား ယိမ်းထိုးလာသည်။ သို့သော် ခရမ်းရောင် မီးလျှံများက ဖိအား ပိုပေးလာလေလေ၊ မိုးပြာရောင် အလင်းမှာ ပိုမို တောက်ပလာလေလေပင်။ ခရမ်းရောင် မီးလျှံများ မည်မျှပင် ကြိုးစားပါစေ၊ မိုးပြာရောင် အလင်းသည် ငြိမ်းသတ်ခြင်း မခံရဘဲ ဓားဦးဖျားတွင် ဆက်လက် တည်ရှိနေခဲ့သည်။
သူ၏ လက်ဟန်မန္တာန်များ ပိုမို မြန်ဆန်လာသည်နှင့်အမျှ သူ၏ မျက်လုံးများတွင် ထိတ်လန့်ရိပ် အနည်းငယ် ပေါ်လာသည်။
ခဏအကြာတွင် ဟန်လိ၏ မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းသွားသည်။ အခြေအနေမှာ ဘာတစ်ခုမှ ပြောင်းလဲခြင်း မရှိခဲ့ချေ။ ထို့နောက် သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လက်ခနဲ ပေါ်လာကာ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်တစ်ဖက်လုံး တောက်ပသော ခရမ်းရောင် မီးလျှံအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထို့နောက် တွန့်ဆုတ်မနေတော့ဘဲ ဟန်လိသည် မိုးပြာရောင်မီးလျှံများကို လက်ဖြင့် ဆွဲကုတ်လိုက်တော့သည်။