အခန်း (၇၅၇-၇၅၈)
Vol. 55 Ch. 757-758
အပိုင်း ၇၅၇ - ထိပ်သီးများ ဆုံစည်းခြင်း
တုန်ရွှမ်အာသည် ဟန်လိကို မြင်လိုက်ရသဖြင့် အတော်လေး ကြောင်အနေဆဲ ဖြစ်သော်လည်း တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“သူက ကျမရဲ့ အသိဟောင်းတစ်ယောက်ပါ။ မတွေ့ရတာ နှစ်အတော်ကြာပြီဖြစ်လို့ သူ့ကို ဒီမှာ ရုတ်တရက် မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားတာပါ”
“အသိဟောင်း ဟုတ်လား။ အဲ့ဒီ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူက ဒီနေ့ အစည်းအဝေးကို တက်ရောက်ခွင့် ရတယ်ဆိုတော့... ပြီးတော့ သူ့ရဲ့ ငယ်ရွယ်တဲ့ ရုပ်သွင်ကို ကြည့်ရင် မကြာသေးခင်ကမှ နာမည်ကျော်နေတဲ့ မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်ရမယ်။ သူက ဟန် မျိုးရိုးလို့ ကြားတယ်။ မင်း အရင်က ပြောဖူးတဲ့သူနဲ့ အတူတူပဲလား”
မိစ္ဆာအိုကြီးယွန်းဖန်သည် သူမ၏တုံးတိအဖြေကြောင့် ဒေါသထွက်ခြင်း မရှိပေ။ ထိုအစား သူက သူမနှင့် ထူးခြားသော ပတ်သက်မှုရှိသည့်အလား တည်ငြိမ်စွာပင် ပြောဆိုနေသည်။
တုန်ရွှမ်အာ၏ မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်သွားသော်လည်း ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။ မိစ္ဆာအိုကြီးယွန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လက်ခနဲ ပေါ်လာ၏။ သူက နှာခေါင်းတစ်ချက် ရှုံ့ကာ ထိုကိစ္စကို လက်လွှတ်လိုက်သော်လည်း မျက်မှောင်ကြုတ်မိသွားဆဲပင်။
မိစ္ဆာအိုကြီးယွန်းဖန်သည် သူမကို အဆောက်အဦရှေ့အထိ ခေါ်ဆောင်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော အမြုတေဖွဲ့စည်းခြင်း အဆင့် အစောင့်များကလည်း သူ့ကို ချက်ချင်းပင် အထဲဝင်ခွင့် ပြုလိုက်ကြသည်။ သို့သော် တုန်ရွှမ်အာကိုမူ အထဲဝင်ခွင့် မပြုခဲ့ချေ။ သူမကို ဘေးဘက်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ခေတ္တအနားယူစေခဲ့သည်။
ဟန်လိသည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် အစည်းအဝေးခန်းမ၏ အဝင်ဝကို မြင်လိုက်ရသဖြင့် အထဲသို့ အလျင်အမြန် ဝင်လာခဲ့သည်။ အစည်းအဝေးခန်းမကို အတော်လေး ရိုးရိုးရှင်းရှင်းပင် ပြင်ဆင်ထားသည်။ ကြီးမားသော ကျောက်တိုင်ကြီး အနည်းငယ်အပြင် ခန်းမ၏အလယ်ဗဟိုတွင် နေရာကျယ်တစ်ခု ရှိပြီး ထိုနေရာတွင် လက်ရာမြောက်လှသော သစ်သားကုလားထိုင် ဆယ့်ခုနစ်လုံးကို တစ်လုံးနှင့်တစ်လုံး မီတာအနည်းငယ်စီ ခြားကာ ချထားသည်။
ကုလားထိုင်များပေါ်တွင် ကျင့်ကြံသူ ရှစ်ဦးမှာ နေရာအသီးသီး၌ ထိုင်နေကြပြီ ဖြစ်သည်။ ဟန်လိ ဝင်လာသည့်အခါ သူ့ကို မထူးခြားနားစွာ လှမ်းကြည့်သူအချို့ ရှိသလို၊ လုံးဝ လစ်လျူရှုထားသူများနှင့် တရားထိုင်ကျင့်ကြံနေသူများလည်း ရှိကြသည်။ သူတို့အားလုံးမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်အာရုံနှင့်ကိုယ် ရှိနေကြခြင်းပင်။
သို့သော်လည်း သူ ဝင်လာသည့်အခါတွင် သူ့ကို ကြင်နာစွာ ပြုံးပြသူ တစ်ဦး ရှိနေ၏။ သူက ဟန်လိကို လက်ယပ်ခေါ်လိုက်ပြီး...
“မိတ်ဆွေဟန်... ခင်ဗျား တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ။ စိတ်ထဲ မထားဘူးဆိုရင် ကျုပ်ဘေးမှာ လာထိုင်ပါဦးလား”
ထိုသူမှာ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်၊ ဖီးနစ်အော်မြည်သံဂိုဏ်းမှ လုံဟန့်ပင် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုလုံ”
ဟန်လိသည် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး ခန်းမအတွင်းရှိ အခြားကျင့်ကြံသူများကို တိတ်တဆိတ် စူးစမ်းကြည့်လိုက်သည်။
ခဏအကြာတွင် မိစ္ဆာအိုကြီးယွန်းဖန် ခန်းမထဲသို့ ဝင်လာသည်။ သူက ခန်းမအတွင်းရှိ လူများကို ဝေ့ကြည့်ကာ တစ်ချက် ရယ်မောလိုက်ပြီး လွတ်နေသော ကုလားထိုင်တစ်ခုပေါ်တွင် မောက်မာစွာ ထိုင်ချလိုက်သည်။ သူ ထိုင်လိုက်သော နေရာမှာ ဖြူဖွေးသော ကျောက်စိမ်းအရက်ခွက်နှင့် စိမ်းမြမြ ပုလင်းလေးကို ကိုင်ကာ တစ်ဦးတည်း အရက်သောက်နေသည့် ဝတ်စုံပြာနှင့်အဖိုးကြီး၏ ဘေးတွင် ဖြစ်သည်။
မိစ္ဆာအိုကြီးယွန်းဖန် သူ့ဘေးတွင် လာထိုင်သည့်အခါ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော မွှေးရနံ့များမှာ အဖိုးကြီးထံသို့ လွင့်ပျံ့သွားသဖြင့် အဖိုးကြီးက မိစ္ဆာအိုကြီးကို ဒေါသတကြီး စိုက်ကြည့်ကာ သူ့ကံကိုယ်သူ ကျိန်ဆဲနေတော့သည်။ မိစ္ဆာအိုကြီးကမူ ထိုအဖိုးကြီး၏ မကျေနပ်မှုကို ဂရုမစိုက်ဘဲ ဟန်လိကိုသာ စိတ်ဝင်တစားဖြင့် သေချာကြည့်နေသဖြင့် ဟန်လိမှာ စိတ်မသက်မသာ ဖြစ်သွားရသည်။
ဟန်လိက မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများကို တင်းတင်းပိတ်ကာ မျက်နှာသေဖြင့်သာ နေလိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ ဤမိစ္ဆာအိုကြီးနှင့်တုန်ရွှမ်အာတို့ မည်သို့ ပတ်သက်နေသလဲဆိုသည်ကို တွေးတောနေမိသည်။
အတိတ်တုန်းက တုန်ရွှမ်အာသည် သဟဇာတအနှောင်အဖွဲ့ဂိုဏ်းမှ သခင်လေး၏ ဖျားယောင်းသိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထိုဂိုဏ်းသို့ ဝင်ရောက်ခဲ့ရခြင်း ဖြစ်သည်။ ဤမိစ္ဆာအိုကြီး၏ ဂုဏ်သတင်းမှာ အလွန်ဆိုးဝါးသော်လည်း သူ၏ကိုယ်ပိုင်ဂိုဏ်းမှ တပည့်များကိုမူ ရန်ပြုလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ဦးကြားတွင် အခြားသော ပတ်သက်မှုတစ်ခုခု ရှိနေမှာ သေချာသည်၊ မဟုတ်လျှင် သူသည် ဤအစည်းအဝေးသို့ တုန်ရွှမ်အာကို ခေါ်လာလိမ့်မည် မဟုတ်ချေ။
ဟန်လိက ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် လူအများအပြား ခန်းမထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။ သူတို့အားလုံးမှာ စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ခန်းမထဲတွင် ထိုင်နေသူအများစုနှင့် ရင်းနှီးသူများ ဖြစ်ကြသည်။ သူတို့ကြားတွင် အငြှိုးအတေးများ ရှိနေကြသဖြင့် နှုတ်ဆက်စကားများ ပြောဆိုနေကြရင်း တစ်ဖက်ကိုတစ်ဖက် လှောင်ပြောင် သရော်နေကြသူများလည်း ရှိသည်။
ထိုအခိုက်တွင် မိစ္ဆာအိုကြီးယွန်းဖန်၏ အကြည့်မှာ ဟန်လိထံမှ ဖယ်ခွာသွားသော်လည်း ဟန်လိမှာမူ ဘာသိဘာသာပုံစံဖြင့် ရှိနေဆဲပင်။ သူသည် ခန်းမထဲရှိ အခြားကျင့်ကြံသူများကို မသိသဖြင့် သွားရောက် နှုတ်ဆက်နေရန်လည်း မလိုပေ။
“မိတ်ဆွေဝိညာဉ်ကြွေ… ခင်ဗျား ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ ခင်ဗျားရဲ့ ဝိညာဉ်ကိုးပါးပညာရပ်က အသွင်ပြောင်းလဲခြင်း အဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ ဂုဏ်ယူပါတယ်ဗျာ”
‘ဝိညာဉ်ကြွေ’
ထိုအမည်ကို ကြားလိုက်ရသည့်အခါ ဟန်လိ၏ရင်ထဲတွင် လှုပ်ခါသွားပြီး အလိုလို မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။ အလွန်ပင် ပိန်ချောင်နေသော မီးခိုးရောင်ဝတ်စုံနှင့်အဖိုးကြီးတစ်ဦးကို ခန်းမအတွင်းရှိ ဝတ်စုံနက်နှင့်ကျင့်ကြံသူတစ်ဦးက ရင်းနှီးစွာ ခေါ်ဆိုနေသည်ကို မြင်လိုက်ရ၏။ မီးခိုးရောင်ဝတ်စုံနှင့်အဖိုးကြီးက ထိုစကားကို ကြားသောအခါ ပြုံးလျက် ဝတ်စုံနက်ကျင့်ကြံသူထံသို့ လျှောက်လှမ်းလာလိုက်သည်။
ဟန်လိ၏လှုပ်ရှားမှုကို သတိပြုမိသွားသော လုံဟန့်က ပြုံးလျက် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မိတ်ဆွေဟန်က တာအိုရသေ့ဝိညာဉ်ကြွေကို အရင်က မြင်ဖူးလို့လား”
မကြာသေးခင်က ယွဲ့ဒေသသို့ သွားခဲ့သည့် ခရီးစဉ်အတွင်း ဝိညာဉ်ကြွေ၏ တပည့်များကို သုတ်သင်ခဲ့သည်ကို သတိရသွားသော်လည်း ဟန်လိက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ ကျုပ်ရဲ့ စီနီယာအစ်ကိုချန်း က သူ့အကြောင်း တစ်ခါပြောဖူးလို့ ကြားဖူးရုံပါ။ သူ့ရဲ့ စွမ်းရည်တွေက အတော်လေး နက်နဲတယ်လို့ ကြားရပါတယ်”
လုံဟန့်က ထပ်မံပြုံးလျက် ပြောလိုက်သည်။
“ဟဲဟဲ! ဒါက မဆန်းပါဘူး။ ကျုပ်မှတ်မိသလောက်ဆိုရင် အကြီးအကဲချန်း က သူ့ကို တစ်ခါ တိုက်ခိုက်ဖူးပြီး အတော်လေး အရေးနိမ့်ခဲ့ရဖူးတာကိုး။ အဲ့ဒါကြောင့်ပဲ သူ့အပေါ်မှာ အမှတ်တရတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာ ဖြစ်မှာပါ။ ဒါပေမဲ့ မိတ်ဆွေဟန် ရဲ့ အခုဂုဏ်သတင်းနဲ့ဆိုရင်တော့ သူ့ကို ကြောက်နေစရာ မလိုပါဘူး။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတွေထဲမှာ ခင်ဗျား လုံးဝ မစော်ကားသင့်တဲ့ လူတစ်ယောက် ရှိတယ်။ ကျင့်ကြံသူ အကျော်အမော် သုံးဦးတောင် သူ့ကို ကိုင်တွယ်ရတာ ခေါင်းကိုက်နေကြရတာ”
ဟန်လိက မျက်နှောင်ကြုတ်လိုက်ပြီး အံ့ဩဟန် ပြလိုက်သည်။ “ကျင့်ကြံသူ အကျော်အမော် သုံးဦးတောင် ခေါင်းကိုက်စေနိုင်တဲ့သူ ဟုတ်လား? အဲ့ဒီလိုလူမျိုး တကယ် ရှိနေတာလား?”
လုံဟန့်က သေသေချာချာ ရှင်းပြသည်။ “ရှိတာပေါ့။ အဲ့ဒီလူက ကျင့်ကြံသူ အကျော်အမော် သုံးဦးထဲက တစ်ဦးဖြစ်တဲ့ မိတ်ဆွေတာအိုသခင်နေဝန်းရှင် နဲ့ တိုက်ခိုက်ခဲ့ဖူးပြီး၊ လွတ်မြောက်သွားနိုင်ဖို့အတွက် မိတ်ဆွေတာအိုသခင်နေဝန်းရှင် ကို ဒဏ်ရာအပြင်းအထန် ရအောင်အထိ လုပ်နိုင်ခဲ့တဲ့သူပဲ။ ဒါကြောင့်ပဲ သူ့ကို ကျင့်ကြံသူ အကျော်အမော် သုံးဦးနဲ့ အဆင့်အတန်းတူတဲ့ တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ထားကြတာ။ ဒါပေမဲ့ ဒီကျင့်ကြံသူက တစ်ဦးတည်း သီးခြားနေတတ်တဲ့သူ။ အခု မောက်လန် တွေ ကျူးကျော်လာတာတောင် သူ လာမလား၊ မလာဘူးလားဆိုတာ ပြောရခက်တယ်။ သူသာ လာမယ်ဆိုရင်တော့ ကျုပ်တို့အတွက် အများကြီး အထောက်အကူ ဖြစ်မှာပဲ”
ဟန်လိက သူ၏နှုတ်ခမ်းကို စေ့လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ဟုတ်လား။ သူက တကယ်ကို ထူးခြားတဲ့သူ ဖြစ်ရမယ်။ သူက ဘယ်သူလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား”
လုံဟန့်က ခပ်ပြုံးပြုံးဖြင့် ဆက်၍ ပြောပြသည်။
“ခင်ဗျား သူ့နာမည်ကို ကြားဖူးမှာပါ။ သူ့နာမည်က လူထူးဆန်းကောင်းကင်ကလဲ့စား တဲ့”
ဟန်လိက မချိပြုံးပြုံးမိသည်။ သူက ဝန်ခံသည်။
“လူထူးဆန်းကောင်းကင်ကလဲ့စားလား… ဟုတ်ပါတယ်၊ သူ့ရဲ့ ကြီးကျယ်တဲ့ ဂုဏ်သတင်းကို ကျုပ် ကြားဖူးတာ ကြာပါပြီ”
သူသည် မြင့်မြတ်သော သစ်ပင်နယ်မြေသို့ သူလျှိုများ ဝင်ရောက်ခဲ့စဉ်က ကိစ္စကို ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က လမ်းမှန်နှင့်မိစ္ဆာတာအို သူလျှိုများသည် အဆင့်နိမ့် ကျင့်ကြံသူများကို သတ်ဖြတ်ရန် ဝန်လေးနေခဲ့ကြသည်၊။ အကြောင်းမှာ ထိုသူများထဲမှ တစ်ဦးသည် လူထူးဆန်းကောင်းကင်ကလဲ့စား၏ မျိုးဆက်ဖြစ်နေမှာကို စိုးရိမ်ခဲ့ကြသောကြောင့်ပင်။
ဟန်လိက မျက်တောင်ခတ်လိုက်ပြီး ရယ်မောလိုက်သည်။
“ဒါပေမဲ့လည်း အစ်ကိုလုံ နဲ့ ခင်ဗျားရဲ့ ဇနီးတို့ ပူးပေါင်းလိုက်ရင်လည်း ကျင့်ကြံသူ အကျော်အမော် သုံးဦးနဲ့ တန်းတူတဲ့ တည်ရှိမှုတွေ မဟုတ်ဘူးလား”
လုံဟန့်က ထိုစကားကို ကြားသောအခါ ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာပင် ဆိုသည်။
“ဖုန်းပင်း နဲ့ ကျုပ်က အင်အားတစ်ခုခုတော့ ပိုင်ဆိုင်ထားတာ မှန်ပေမဲ့၊ တစ်ယောက်တည်းဆိုရင်တော့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက် အတူရှိနေမယ်ဆိုရင်တော့ ဒါက လုံးဝ တခြားစီ ဖြစ်သွားမှာပေါ့လေ”
ဟန်လိက ပြုံးလိုက်ပြီး တစ်ခုခု ပြောရန် ဟန်ပြင်စဉ် တစ်စုံတစ်ဦး၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအကြည့်မှာ ရေခဲတမျှ အေးစက်နေပြီး မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေ၏။ ဟန်လိ၏ စိတ်ထဲတွင် သတိကြီးစွာ ထားလိုက်ပြီး သူ၏ မျက်နှာမှာ တည်တင်းသွားတော့သည်။ ထို့နောက် သူက ထိုအကြည့်ရှင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ... မရင်းနှီးသော ဝတ်စုံစိမ်းနှင့် မုတ်ဆိတ်ရှည်အဖိုးကြီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အဖိုးကြီးသည် ဟန်လိ သူ့ကို လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး အခြားတစ်နေရာသို့ မထူးခြားနားစွာ လှည့်ကြည့်သွားသည်။ သို့သော်လည်း ဤသည်က ဟန်လိကို စိတ်မအေးသွားစေခဲ့ပေ။ ထိုအစား သူက ထိုအဖိုးကြီးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
ဖြစ်ပျက်သမျှကို မြင်တွေ့လိုက်ရသော လုံဟန့်က ပြုံးလျက် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မိတ်ဆွေဟန်က ဒီလူကို မသိနေဘူးလား”
ဟန်လိက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
“အစ်ကိုလုံ…ပြောပုံအရဆိုရင် ကျုပ်က သူ့ကို သိသင့်နေတာလား”
“ဒီလူက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း ရဲ အဓိက အကြီးအကဲ အကြီးအကဲတုန်းမန်ထူပဲ။ သူက ဂိုဏ်းထဲမှာ အာဏာအရှိဆုံးသူပေါ့။ ကျုပ်လည်း ဒီလူနဲ့ စကားမပြောဖူးပေမဲ့၊ သူနဲ့ ကူရွှမ်းဖု ကြားက သံယောဇဉ်ဟာ အတော်လေး နက်ရှိုင်းတယ်လို့ ကြားဖူးတယ်။ ကူရွှမ်းဖုက မောက်လန် သူလျှိုဖြစ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေတာကြောင့် သူ ဘာမှ ထုတ်မပြောနိုင်ပေမဲ့၊ ခင်ဗျားက သူ့ကို သတ်လိုက်တဲ့အပေါ်မှာတော့ ခင်ဗျားအပေါ် အာဃာတ ထားနေမှာ သေချာတယ်။ ခင်ဗျား သတိထားတာ အကောင်းဆုံးပဲ”
ဟန်လိသည် သူ၏ နှာခေါင်းကို ပွတ်သပ်ရင်း မချိပြုံး ပြုံးလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ခန်းမအတွင်းရှိ ကုလားထိုင် အများစုမှာ လူပြည့်သွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ် အတော်လေး ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့ရသည်။ မိစ္ဆာတာအို ကျင့်ကြံသူ အားလုံးနီးပါးမှာ ခန်းမ၏ ညာဘက်ခြမ်းတွင် ထိုင်နေကြပြီး၊ လမ်းမှန်တာအို ကျင့်ကြံသူ အများစုမှာမူ ဘယ်ဘက်ခြမ်းတွင် ထိုင်နေကြသည်။ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ နှင့် ကိုးပြည်ထောင်စုမှ ကျင့်ကြံသူများကမူ အဆင်ပြေသလို နေရာယူထားကြသည်။
ထိုကျင့်ကြံသူများထဲတွင် ဟန်လိသည် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်၊ သူက နယ်စည်းမခြားဂိုဏ်းမှ ကျင့်ကြံသူကောင်းပင်။ သူသည် လက်ရှိတွင် မိစ္ဆာတာအိုဘက်ခြမ်း၌ ထိုင်နေ၏။ ဟန်လိ သူ့ကို လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူက ဟန်လိကို ပြုံးပြလိုက်ပြီး ဟန်လိကလည်း ခေါင်းညိတ်ကာ ပြန်လည် တုန့်ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုံဟန့်သည် ဟန်လိထံသို့ အသံလွှင့်ကာ အခြားသော ကောင်းကင်တာအို ကျင့်ကြံသူ နှစ်ဦးအကြောင်းကို ရှင်းပြနေသည်။ တစ်ဦးမှာ သာမန်ရုပ်သွင်နှင့် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ သနားစရာကောင်းသော ရုပ်သွင်ရှိသည့် အဖိုးကြီးတစ်ဦး ဖြစ်သည်။ ဟန်လိသည် ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ ရုပ်သွင်ကို မှတ်သားထားလိုက်သည်။
ခန်းမထဲတွင် လူအများအပြား ရှိနေခြင်းကြောင့်လားမသိ သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်လာကြပြီး တစ်ဦးကိုတစ်ဦး အေးစက်စွာ စူးစမ်းကြည့်ရင်း တိတ်ဆိတ်နေကြတော့သည်။ ဤကျင့်ကြံသူများမှာ ကောင်းကင်တောင်ပိုင်း၏ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြပြီး၊ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ လာကြသူများ ဖြစ်သည့်အပြင် ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် အတွေးအမြင် အသီးသီး ရှိနေကြသူများလည်း ဖြစ်သည်။
ဤလူများထဲတွင် ဟန်လိကို အထူးခြားဆုံးဟု သတ်မှတ်နိုင်သည်။ ဟန်လိသည် ထိုထိပ်သီးများ၏ အားကောင်းသော စိတ်ဝိညာဉ်အာရုံများ သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်စစ်ဆေးနေသည်ကို ခွင့်ပြုထားလိုက်သည်။ သူ၏ အခြားသူများနှင့်ယှဉ်လျှင် နိမ့်ပါးသော ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသည့်အခါ သူ ဘယ်သူလဲဆိုသည်ကို အားလုံးက သိရှိသွားကြသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သော နှစ်ဝက်အတွင်း ဟန်လိ၏ ဂုဏ်သတင်းမှာ ဤထိပ်သီးများ၏ နားထဲအထိ ပျံ့နှံ့ရောက်ရှိနေခဲ့ပြီး ဖြစ်သည်ကိုး။ သို့သော်လည်း သူတို့ မြင်တွေ့ရသည်မှာ ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေသည့် ဟန်လိကိုသာ ဖြစ်သည်။ သူသည် လက်ရှိ အခြေအနေများအပေါ် လုံးဝ တည်ငြိမ်နေပုံ ရသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ လေးနက်သော အငွေ့အသက်များ ဖုံးလွှမ်းနေစဉ်မှာပင် လူသုံးဦးမှာ ခန်းမအတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်လာကြသဖြင့် ထိုထိပ်သီးများ၏ အာရုံမှာ ချက်ချင်းပင် ထိုသူတို့ဆီသို့ ရောက်သွားတော့သည်။ ထိုသူများမှာ ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းကာ ဝတ်စုံနက် ဝတ်ထားသော အဖိုးကြီးတစ်ဦး၊ အစိမ်းရောင်ဆံပင် ပိုင်ဆိုင်ထားသည့်အဖိုးကြီးတစ်ဦးနှင့် ကျောတွင် ဓားတစ်လက် လွယ်ထားသော ကျင့်ကြံသူတစ်ဦးတို့ ဖြစ်ကြသည်။
ဟန်လိ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ တဒိတ်ဒိတ် ခုန်နေတော့သည်။ ဤသုံးဦးမှာ ကောင်းကင်တောင်ပိုင်း၏ ကျင့်ကြံသူ အကျော်အမော် သုံးဦး ဖြစ်ကြပြီး၊ ဤတိုက်ကြီးပေါ်ရှိ ပြိုင်ဘက်မဲ့လှသော စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများပင် ဖြစ်သည်။ သူတို့အားလုံးမှာ အသက်တစ်ထောင်ကျော် ရှိနေကြပြီ ဖြစ်သည်။ လူအချို့လောက်ကလွဲ၍ အများစုမှာ ဟန်လိကဲ့သို့ပင် သူတို့၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ကြပြီး ထိုသုံးဦး စကားစပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။
အပိုင်း ၇၅၈ - အသက်နှင့်ရင်းရသော လောင်းကြေး
လူသုံးဦးသည် ခန်းမ၏ အလယ်ဗဟိုသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာကြပြီး ဘေးချင်းယှဉ် ရပ်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသောရုပ်သွင်နှင့် ဝတ်စုံနက်ဝတ်ထားသော လူကြီးက အေးစိမ့်သော လေသံဖြင့် စကားစတင်လိုက်သည်။
“ကျုပ်တို့ ဘယ်သူတွေလဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ။ အထူးတလည် မိတ်ဆက်နေဖို့ မလိုတော့ဘူး ထင်တယ်။ ဒီနေ့ အစည်းအဝေးကို ကျုပ်တို့ သုံးယောက်ကပဲ ဦးဆောင်သွားမယ်။ ဘယ်သူများ ကန့်ကွက်ချင်တာ ရှိသေးလဲ”
သူ စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော ဝိညာဉ်ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ခန်းမအတွင်းရှိ ကျင့်ကြံသူများသည် နက်ရှိုင်းလှသော ဝိညာဉ်ချီ လှိုင်းဂယက်များကို ခံစားလိုက်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာများမှာ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားကြသည်။
ဟန်လိသည် ထိုသူ၏ အံ့ဩဖွယ်ကောင်းသော စွမ်းအားကြောင့် တုန်လှုပ်သွားရသည်။ သူ၏ အေးစိမ့်သော မိစ္ဆာအော်ရာအရ သူသည် မိစ္ဆာအိုကြီးဟီ ဖြစ်ရပေမည်။ ဤမိစ္ဆာအိုကြီး၏ ရုပ်သွင်မှာ သူ ထင်ထားသည်နှင့် ကွဲပြားနေ၏။ အမှန်အတိုင်းဆိုရလျှင် သူ၏ရုပ်သွင်မှာ တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးနှင့် ပို၍ ဆင်တူနေသည်။
ဟန်လိ မသိသည်မှာ သဟဇာတအနှောင်အဖွဲ့ဂိုဏ်း၏ အဓိက အကြီးအကဲတိုင်းကို မျိုးဆက်တစ်ခုပြီးတစ်ခု မိစ္ဆာအိုကြီးဟီဟု ဘွဲ့အမည် ပေးထားခြင်းပင် ဖြစ်သည်။ ထိုဝတ်စုံနက်နှင့် လူကြီးမှာ သဟဇာတအနှောင်အဖွဲ့ဂိုဏ်းနှင့် သိပ်မပတ်သက်သော မိစ္ဆာပညာရပ်တစ်ခုကို ကျင့်ကြံထားသော်လည်း ဤဘွဲ့အမည်ကိုသာ မဖြစ်မနေ အသုံးပြုရခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အခြားသူများသည်လည်း ထိုလူကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိကြသည်။ သူတို့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြသော်လည်း မည်သူကမျှ ကျင့်ကြံသူ အကျော်အမော်သုံးဦး၏ အာဏာကို မိုက်မိုက်ကန်းကန်း မစိန်ခေါ်ဝံ့ကြချေ။ ခဏတာအတွင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခြင်းမှာ မိစ္ဆာအိုကြီးဟီ၏စကားကို တိတ်တဆိတ် သဘောတူလိုက်သည့်အလားပင်။
ဝတ်စုံနက်နှင့်လူကြီးက စိတ်ခံစားချက် ကင်းမဲ့ဟန်ဖြင့် ဆက်ပြောလာသည်။
“ကောင်းပြီ... ကန့်ကွက်သူ မရှိဘူးဆိုရင်တော့ အပိုစကားတွေ ပြောမနေတော့ဘူး။ အမှန်အတိုင်းပြောရရင် ကျုပ်တို့မှာ အချိန်မရှိဘူး။ ဒီနေ့ မနက်မှာတင် မောက်လန်တွေက စစ်ကြေညာစာလွှာ တစ်စောင် ပေးပို့လာတယ်။ အကယ်၍ ကျုပ်တို့က သူတို့ရဲ့ အခြေအနေတွေကို မလိုက်လျောဘူးဆိုရင် ခုနစ်ရက်အတွင်းမှာ အသေအကျေ တိုက်ပွဲ ဖြစ်လာလိမ့်မယ်”
ခန်းမအတွင်း၌ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။
“စစ်ကြေညာစာလွှာ ဟုတ်လား၊ခုနစ်ရက်အတွင်းတဲ့လား… ဘာအခြေအနေတွေလဲ”
ဓားလွယ်ထားသော တာအိုကျင့်ကြံသူက ရယ်မောလျက် တည်ငြိမ်စွာ ဆိုသည်။
“အစ်ကိုရီ(မိစ္ဆာအိုကြီးဟီ) ပြောတာ မှန်ပါတယ်။ လူတိုင်း အရင်ဆုံး မောက်လန်တွေရဲ့ စစ်ကြေညာစာလွှာကို အရင်ကြည့်လိုက်ကြပါဦး၊ ပြီးမှ သူတို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆွေးနွေးကြတာပေါ့။ စစ်ပွဲက ကျုပ်တို့ မျှော်လင့်ထားတာထက် စောရောက်လာတာ မှန်ပေမဲ့၊ ဒီမှာ ရှိနေတဲ့သူတွေရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မောက်လန်တွေကို ကြောက်နေဖို့ လိုသေးလို့လား”
သူ၏ အသံမှာ သိပ်မကျယ်သော်လည်း ခန်းမအတွင်းရှိ လူတိုင်း၏ နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရပြီး သူတို့၏ စိတ်နှလုံးထဲတွင် အေးမြသော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားစေသည်။ အခြားကျင့်ကြံသူများသည် ဤခံစားချက်ကြောင့် ထိတ်လန့်သွားကြပြီး ဆူညံနေမှုများမှာ ချက်ချင်း ရပ်တန့်သွားတော့သည်။ ထိုစဉ် တစ်စုံတစ်ဦးက... “ထင်ထားသလိုပါပဲလား… မဟာသစ္စာဂိုဏ်းရဲ့ စိတ်ကျင့်စဉ်တွေက တကယ်ကို ထူးခြားတာပဲ” ဟု တီးတိုးရေရွတ်လိုက်သည်။
သတ်လတ်ပိုင်းအရွယ်တာအိုကျင့်ကြံသူက ထိုစကားများကို လျစ်လျူရှုထားလိုက်ပြီး တောက်ပနေသော အနီရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူ့ရှေ့ရှိ အဖိုးကြီးတစ်ဦးထံ ပစ်ပေးလိုက်သည်။ သူက ပြုံးလျက်... “ဒါက မောက်လန် တွေရဲ့ စစ်ကြေညာစာလွှာပဲ။ မိတ်ဆွေ တစ်ချက်လောက် ကြည့်ကြည့်ပါဦး” ဟု ဆိုလာသည်။
ထိုအဖိုးကြီးမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သုန်မှုန်သော မျက်နှာပေးဖြင့် သူ၏ ဘေးမှလူထံ လွှဲပေးလိုက်သည်။ ရလဒ်အနေဖြင့် ထိုသူသည်လည်း စာလိပ်ကို ဖတ်ပြီးနောက်တွင် မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းသွားတော့သည်။
စစ်ကြေညာစာလွှာကို ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး လက်ဆင့်ကမ်း ဖတ်ရှုနေကြစဉ် ဟန်လိက ဓားလွယ်ထားသော သက်လတ်ပိုင်းအရွယ်တာအိုကျင့်ကြံသူရယ်၊ ဝတ်စုံပြာနှင့်အဖိုးကြီးရယ်တို့ကို စူးစမ်းကြည့်လိုက်သည်။ ထိုတာအိုကျင့်ကြံသူမှာ အသက် ၄၀ ခန့်ရှိပုံရသော်လည်း သူ၏ အသားအရေမှာ ကြည်လင်သန့်စင်နေပြီး ပညာရှိတစ်ဦး၏ ရုပ်သွင်မျိုး ရှိသည်။ သူကား လမ်းမှန်တာအိုမဟာမိတ်အဖွဲ့၊ မဟာသစ္စာဂိုဏ်းမှ တာအိုသခင်နေဝန်းရှင်ပင်။ အဖိုးကြီးမှာမူ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ ထူးခြားမှု မရှိလှပေ။ သာမန်ရုပ်ရည်သာ။ သို့သော် ဟန်လိ၏ အာရုံကို ဆွဲဆောင်သွားသည်မှာ ထိုအဖိုးကြီး၏ ရှည်လျားသော လက်သည်းများပင်။ ၎င်းတို့မှာ အလွန်ပင် ထက်ရှဟန်ရှိပြီး ခရမ်းနက်ရောင် သန်းနေကာ တစ်ခါတစ်ရံတွင် အနက်ရောင်အလင်းတန်းလေးများ ထွက်ပေါ်နေတတ်သည်။ ဤသူမှာ ကိုးပြည်ထောင်စု၏ အဓိကအကြီးအကဲ ဝေဝူယာ ဖြစ်ရပေမည်။
ဝေဝူယာသည် ဟန်လိ၏ အကြည့်ကို ခံစားမိသွားသဖြင့် အနည်းငယ် အံ့အားသင့်သော မျက်နှာပေးဖြင့် လှည့်ကြည့်လာပြီး ပြုံးပြလိုက်သည်။ ဟန်လိကလည်း ရှက်ကိုးရှက်ကန်းနှင့် ပြန်လည် ပြုံးပြလိုက်မိသည်။ သူနှင့်နန်ကုန်းဝမ် တို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကိုသာ သိသွားလျှင် ထိုအဖိုးကြီး ခုလို ပြုံးနိုင်ပါဦးမလားဟု သူ တွေးတောနေမိသည်။
သူ ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် လုံ့ဟန်သည် ကျောက်စိမ်းပြားကို ဖတ်ရှုပြီးသွားပြီးဖြစ်၍ မျက်စိမျက်နှာပျက်သွားသည်။ သူက ၎င်းကို ဟန်လိထံ ကမ်းပေးလိုက်သည်။ လူအတော်များများ၏ တုန့်ပြန်မှုကို မြင်တွေ့ထားရသဖြင့် ဟန်လိလည်း အတော်လေး သိချင်နေမိပေပြီ။ သူ၏ စိတ်ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ နှစ်မြှုပ်လိုက်သည်။ ခဏအကြာတွင် ဟန်လိသည် မျက်မှောင်ကြုတ်လျက် စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး အခြားကျင့်ကြံသူတစ်ဦးထံ တိတ်ဆိတ်စွာပင် လွှဲပေးလိုက်တော့သည်။
မကြာမီမှာပင် ခန်းမအတွင်းရှိ လူတိုင်းမှာ ကျောက်စိမ်းပြားကို ဖတ်ရှုပြီးသွားကြပြီ ဖြစ်ပြီး အားလုံး၏ မျက်နှာများမှာ ကြည့်မကောင်းအောင် ပျက်ယွင်းနေကြသည်။ အချို့မှာမူ စာဖတ်ပြီးသည်နှင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကြသည်။
မဟာသစ္စာဂိုဏ်း၏ တာအိုသခင်နေဝန်းရှင်က ဆန်းကြယ်သော အပြုံးဖြင့် မေးလိုက်သည်။ “စစ်ကြေညာစာလွှာကို ဖတ်ပြီးပြီဆိုတော့ လူတိုင်း ဘယ်လို ထင်ကြလဲ”
မျက်နှာကြောတင်းတင်းနှင့် ဝတ်စုံစိမ်းနှင့်လူတစ်ယောက်က အေးစက်စွာ ဆိုသည်။ “ကောင်းကင်တောင်ပိုင်း တိုက်ကြီးရဲ့ တစ်ဝက်ကို သူတို့ကို ပေးရမယ်ဆိုတာ... သူတို့က တော်တော် မောက်မာတာပဲ။ သူတို့က နိုင်မှာ သေချာနေပြီလို့ ထင်နေတာလား”
ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ဦးကမူ စဉ်းလဲသည့်မျက်နှာပေးဖြင့် ဝင်ပြောသည်။
“ဟုတ်ပါတယ်။ နယ်မြေအချို့ကို ပေးလိုက်ရုံနဲ့ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ဘယ်သူက ပြောတာလဲ။ ဒီမောက်လန် တွေဟာ ဆာလောင်နေတဲ့ လင်းတတွေပဲ။ ကျုပ်တို့အနေနဲ့ အသေအကျေ တိုက်ပွဲတစ်ခုကို တိုက်နေဖို့ မလိုပါဘူး။ သူတို့ကို အချိန်ဆွဲထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အင်အားချည့်နဲ့လာပြီး လက်လျှော့သွားကြလိမ့်မယ်”
ထိုဝဝဖိုင့်ဖိုင့် အဖိုးကြီး၏ ဘေးတွင် ထိုင်နေသော ညိုညိုတုတ်တုတ် လူကြီးက ဒေါသတကြီးဖြင့်
“မိတ်ဆွေလု... ခင်ဗျား ဘာကို ပြောချင်တာလဲ။ ခင်ဗျားတို့ရဲ့ ပုံရိပ်တစ်ထောင်ဂိုဏ်းက ကောင်းကင်တောင်ပိုင်းရဲ့ အလယ်ဗဟိုမှာ ရှိနေလို့ ကျန်တဲ့ ကျုပ်တို့ဂိုဏ်းတွေ သေမလား၊ ရှင်မလားဆိုတာ ဂရုမစိုက်တာလား။ အချိန်ဆွဲစစ်ပွဲက ခင်ဗျားတို့ဂိုဏ်းအတွက် ဘာမှမဟုတ်ပေမဲ့၊ ကျုပ်တို့အတွက်ကကော ဘယ်လိုလဲ” ဟု ဝင်ဟောက်လိုက်သည်။
ဝဝဖိုင့်ဖိုင့် အဖိုးကြီးသည် ထိုလူကြီးကို မကြောက်ဘဲ မထူးခြားနားစွာပင်...
“ကျုပ်က အခြားသူတွေအတွက် ထည့်တွက်ပြီး ပြောတာပါ။ ပျက်စီးသွားတဲ့ ဂိုဏ်းတွေကို ပြန်တည်ထောင်လို့ ရပေမဲ့၊ အသက်တွေကိုတော့ အလွယ်တကူ အစားထိုးလို့ မရဘူးလေ” ဟု ဆိုသည်။
အခြားတစ်ဦးကလည်း အေးစက်စွာဖြင့်...
“ဟွန့်! ခင်ဗျားက ပြောတော့ လွယ်တာပေါ့။ အကယ်၍ ကျုပ်တို့တိုင်းပြည်တွေကိုသာ စွန့်ခွာခဲ့မယ်ဆိုရင် ခင်ဗျားတို့ မိစ္ဆာတာအိုဂိုဏ်းတွေအတွက် ကျုပ်တို့က ဘာကြောင့် မောက်လန် တပ်မတော်ကို တားဆီးပေးနေရဦးမှာလဲ။ ကျုပ်တို့ဂိုဏ်းတွေ အကုန်လုံးကို ခင်ဗျားတို့ရဲ့ ထျန်လောဒေသ ထဲကိုပဲ ရွှေ့လိုက်ကြတာပေါ့၊ အဲ့ဒါဆိုရင်တော့ ဘယ်သူမှ သေမှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်သည်။
“မင်း...”
“တော်ကြတော့။ အချိန်ဆွဲစစ်ပွဲဗျူဟာနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဆုံးဖြတ်ချက် ချပြီးသားမို့ ထပ်ပြီး မဆွေးနွေးတော့ဘူး။ အခု ကျုပ်တို့ ဆွေးနွေးရမှာက မောက်လန် မန္တာန်စစ်သည်တပ်မတော်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာပဲ၊ အချင်းချင်း တိုက်ခိုက်နေဖို့ မဟုတ်ဘူး”
ဝတ်စုံနက်နှင့်ကျင့်ကြံသူက ထိုစကားများကို ကြားရသည့်အခါ မျက်နှာပျက်သွားပြီး သူတို့ကို ငေါက်ငမ်းလိုက်သည်။
ထိုသုံးဦးသည် မိစ္ဆာအိုကြီးဟီ၏ ဒေါသသံစွက်နေသော စကားသံကို ကြားလိုက်ရသည့်အခါ အထွန့်တက်ချင်သော်လည်း နာနာခံခံဖြင့်ပင် နှုတ်ဆိတ်သွားကြသည်။ ကျင့်ကြံခြင်းလောကတွင် အင်အားရှိသူ၏ စကားကသာ အတည်ဖြစ်သည် မဟုတ်လား။
တာအိုသခင်နေဝန်းရှင်က လေးနက်စွာဖြင့် ထပ်လောင်းပြောကြားသည်။
“အမှန်အတိုင်းပြောရရင် ခင်ဗျားတို့ သုံးယောက် ဒီကိစ္စကို ဆွေးနွေးနေဖို့ မလိုပါဘူး။ ကျုပ်တို့ ဆုံးဖြတ်ချက် ချပြီးသားပါ။ မောက်လန်တပ်မတော်ရဲ့ အရှိန်အဟုန်နဲ့ ပြင်ပလူတွေရဲ့ ဝင်ရောက်နှောင့်ယှက်မှုတွေအရ အချိန်ဆွဲစစ်ပွဲဆိုတာ မဖြစ်နိုင်ပါဘူး။ ကျုပ်တို့ကသာ ကောင်းကင်တောင်ပိုင်းရဲ့ အင်အားအများစုကို မစုစည်းနိုင်ဘူးဆိုရင် မောက်လန်တွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တိုင်းပြည်တစ်ခုတည်းရဲ့ အင်အားနဲ့သာ သူတို့ကို ရင်ဆိုင်မယ်ဆိုရင် ချက်ချင်း ရှုံးနိမ့်သွားမှာပဲ။ သူတို့က တစ်တိုင်းပြည်ချင်းစီ တစ်ခုပြီးတစ်ခုကို တိုက်ခိုက်လာကြလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ဟာ တိုက်ပွဲမှာ မောက်လန်တွေကို အပြတ်အသတ် ချေမှုန်းရမယ်။ ကံကို ပုံမအပ်ထားနိုင်ဘူး”
ခဏတာ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာပြီးနောက် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
တအောင့်ကြာမှ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏အကြီးအကဲ တုန်းမန်ထူက ပြောလာသည်။
“ဘာလို့ မောက်လန်တွေကို သူတို့ရဲ့ လှည့်ကွက်တွေကို အရင်ဆုံး ထုတ်ပြခိုင်းတာလဲ။ ကျုပ်တို့က ဘာလို့ ဒီလောက် ကြေးကြီးလှတဲ့ လောင်းကြေးတိုက်ပွဲကို အရင်ဆုံး စွန့်စားရမှာလဲ။ ကျုပ်တို့တောင် မထုတ်နိုင်တဲ့ ပစ္စည်းတွေကို လောင်းကြေးအဖြစ် တင်ထားကြတာလေ။ ဆင်းရဲမွဲတေလှတဲ့ မောက်လန်တွေကကော ဒီထက်ပိုပြီး ဘာတွေ ပေးနိုင်ဦးမှာမလို့လဲ”
အခြားကျင့်ကြံသူတစ်ဦးက ရှင်းပြသည်။
“ဒါကို ကျုပ်တို့ ကောင်းကောင်းသိပါတယ်။ မောက်လန်လွင်ပြင်က တကယ်ပဲ ဆင်းရဲနွမ်းပါးပြီး ဝိညာဉ်ကျောက်တုံးမိုင်းတွေလို ပုံမှန်အရင်းအမြစ်တွေ မရှိတာ မှန်ပေမဲ့၊ အဲ့ဒီအစား အလွန်ရှားပါးတဲ့ ပစ္စည်းတွေတော့ ပေါများလှပါတယ်။ ကျုပ်တို့ဆီမှာထက်တောင် ပိုပြီး များပြားလှတဲ့ ရှားပါးပစ္စည်းတွေ သူတို့ဆီမှာ ရှိနေတတ်တယ်”
အကြီးအကဲတုန်းမန်ထူက စဉ်းစားခန်းဝင်နေသော မျက်နှာပေးဖြင့် ဖြေးညင်းစွာ ဆိုသည်။
“အဲ့တာက အဲ့တာပေါ့။ ဒါပေမဲ့ သူတို့က ဒီလောင်းကြေးတိုက်ပွဲမှာ နိုင်မယ်လို့ ဘာကြောင့် ဒီလောက် ယုံကြည်ချက် ရှိနေရတာလဲ။ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေအပြင် တခြားကျင့်ကြံသူတွေလည်း ဒီတိုက်ပွဲမှာ ပါဝင်နိုင်ကြသေးတာပဲ။ ဆယ်ပွဲအထိ တိုက်ရမှာဖြစ်ပြီး အားလုံးက အသေအကျေ တိုက်ပွဲတွေပဲ။ သူတို့က ကျုပ်တို့ကို ဒီစည်းကမ်းချက်တွေအတိုင်း လိုက်နာမယ်လို့ တကယ်ပဲ ထင်နေတာလား”
ခန်းမအတွင်းရှိ ပုဂ္ဂိုလ်များမှာ အလွန်ပင် ပါးနပ်ကြသူများဖြစ်ရာ မောက်လန် တွေက ဤကဲ့သို့ အန္တရာယ်များလှသော တိုက်ပွဲမျိုးကို တောင်းဆိုလာခြင်းမှာ လှည့်ကွက် သို့မဟုတ် အစီအစဉ်တစ်ခုခု ရှိနေမှာကို သိကြသည်။ သူတို့အားလုံး စိုးရိမ်တကြီး စဉ်းစားနေကြတော့သည်။
ဟန်လိသည်လည်း ဤကိစ္စကို ဇဝေဇဝါ ဖြစ်မိနေသည်။ စစ်ကြေညာစာလွှာတွင် ဖော်ပြထားချက်အရ အဆိုပြုထားသော တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ကိုယ်ပိုင်တပ်ဖွဲ့များကို စေလွှတ်ရမည်ဖြစ်ပြီး မည်သည့်မရိုးသားသော နည်းလမ်းကိုမျှ အသုံးမပြုရချေ။ ထိုအစား တိုက်ခိုက်မည့် ကျင့်ကြံသူများသည် သူတို့၏ ရှားပါးပစ္စည်းများကို တိုက်ရိုက် လောင်းကြေးတင်နိုင်ကြပြီး၊ အနိုင်ရသူက ရှုံးနိမ့်သူ၏ သိုလှောင်အိတ်ကို တိုက်ရိုက် သိမ်းယူနိုင်မည်ဖြစ်သည်။
အထူးသဖြင့် သံသယဖြစ်စရာ ကောင်းသည်မှာ ထိုဆယ်ပွဲစလုံးကို တစ်ပြိုင်နက်တည်း ကျင်းပရမည်ဖြစ်ပြီး၊ ရှုံးနိမ့်သူများမှာ ထွက်ပြေးခွင့် မရှိဘဲ စင်မြင့်ပေါ်တွင်ပင် အသက်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် လောင်းကြေးတိုက်ပွဲများကို ချိပ်ပိတ်ထားသော ဟင်းလင်းပြင် အတားအဆီးအတွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ ဤအတားအဆီးကို နှစ်ဖက်စလုံးမှ လူများက စောင့်ကြပ်သွားမည်ဖြစ်ပြီး မည်သူမျှ တိုက်ပွဲကို နှောင့်ယှက်၍ မရနိုင်ပေ။
“ဒါပေမဲ့လည်း မောက်လန်တွေမှာ ဘယ်လိုလှည့်ကွက်တွေပဲ ရှိနေပါစေ၊ ဒါက ကျုပ်တို့အတွက် အခွင့်အရေးကောင်း တစ်ခုပါပဲ။ ကျုပ်တို့ တပ်မတော်တွေ မတိုက်ခိုက်ခင်မှာ အဆင့်မြင့် မန္တာန်စစ်သည် အချို့ကို သတ်နိုင်မယ်ဆိုရင် ဒါက ကျုပ်တို့အတွက် အများကြီး အကျိုးရှိမှာပဲလေ”
“ဟွန့် …မောက်လန် တွေလည်း ခင်ဗျားလိုပဲ တွေးနေလိမ့်မယ်လို့ ကျုပ် စိုးရိမ်မိတယ်”
အခြားတစ်ယောက်က အငေါ်တူးကာ ထိုသို့ ဝင်ပြောပြန်သည်။
နယ်စည်းမခြားကျောင်းတော်မှ ကျင့်ကြံသူကောင်းက အထင်သေးစွာဖြင့် ပြောလာသည်။
“ဘာ…စဉ်းစားနေဖို့ လိုလို့လဲ။ တကယ်လို့ မောက်လန်တွေက လောင်းကြေးတိုက်ပွဲ လုပ်ချင်တယ်ဆိုရင် ကျုပ်တို့က လက်ခံစရာ မလိုဘူးလေ။ ခုနစ်ရက်အတွင်းမှာ ကျုပ်တို့ ကိုယ်ပိုင်အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ အဲ့ဒီလိုဆိုရင်တော့ သူတို့ရဲ့ အစီအစဉ်တွေ အကုန်လုံး အလကား ဖြစ်သွားမှာပဲ”
တာအိုသခင်နေဝန်းရှင်က သက်ပြင်းချကာ မတတ်သာသလို ဆိုသည်။
“ကံမကောင်းတာက ရောင်းရင်းကောင်းရဲ့ စကားတွေက ယုတ္တိရှိပေမဲ့ ကျုပ်တို့က ဒီလောင်းကြေးတိုက်ပွဲမှာ ပါဝင်ရမှာဖြစ်သလို၊ နိုင်လည်း နိုင်ရမယ်”
ကျင့်ကြံသူကောင်းက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ပြန်ပြောသည်။
“ဘယ်လို… တာအိုသခင်နေဝန်းရှင်က ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့က မောက်လန်တွေ စိတ်ကြိုက် ကြိုးဆွဲရာတော့ အပါမခံနိုင်ဘူးလေ”
ခန်းမအတွင်းရှိ အခြားသောထိပ်သီးအများအပြားကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။