အခန်း (၇၅၉-၇၆၀)
Vol. 55 Ch. 759-760
အပိုင်း ၇၅၉ - ငါးစာ
တာအိုသခင်နေဝန်းရှင်က သုန်မှုန်သော လေသံဖြင့် ဆိုသည်။
“ဒီကိစ္စမှာ သံသယဖြစ်စရာ တစ်ခုခု ရှိနေတယ်ဆိုတာ ကျုပ်တို့ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ မောက်လန်တွေဟာ သူတို့ရဲ့ စစ်ကြောင်းတစ်လျှောက်မှာ ကျင့်ကြံသူ အများအပြားကို ဖမ်းဆီးခဲ့တယ်။ အဲ့ဒီထဲက အများစုက ကိုးပြည်ထောင်စုက ကျင့်ကြံသူတွေ ဖြစ်သလို၊ စစ်ကူသွားပေးတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျုပ်တို့ရဲ့ တပည့်တွေလည်း အများကြီး ပါဝင်နေတယ်။ သူတို့ဆီမှာ စုစုပေါင်း ဖမ်းဆီးခံ ကျင့်ကြံသူ တစ်ထောင်နီးပါး ရှိနေတယ်လို့ တမန်တော်က ပြောသွားခဲ့တယ်”
ထိုစကားကြောင့် ကျင့်ကြံသူကောင်းသည် ထိတ်လန့်သွားပြီး ချက်ချင်း မေးလိုက်သည်။
“သူတို့က ဘာပြောလိုက်တာလဲ။ အကယ်၍ ကျုပ်တို့က သူတို့ရဲ့ အခြေအနေတွေကို မလိုက်လျောရင် အဲ့ဒီ ဖမ်းဆီးခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာလား။ မောက်လန်တွေက ကျုပ်တို့ရဲ့ လက်စားချေမှုကို မကြောက်ကြဘူးလား”
တာအိုသခင်နေဝန်းရှင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
“တမန်တော်က အဲ့ဒီလိုတော့ တိုက်ရိုက် မပြောသွားပါဘူး။ ဒါပေမဲ့ အဲ့ဒီကျင့်ကြံသူတွေကို ကယ်တင်နိုင်မယ့် အခွင့်အရေးတစ်ခုတော့ ပေးထားတယ်။ လောင်းကြေးတိုက်ပွဲ ဆယ်ပွဲမှာ တစ်ပွဲချင်းစီအတွက် တင်ထားတဲ့ ပစ္စည်းတွေအပြင်၊ အနိုင်ရတဲ့ တစ်ပွဲစီအတွက် ဖမ်းဆီးခံ ကျင့်ကြံသူ တစ်ရာစီရဲ့ လွတ်လပ်ခွင့်ကို လောင်းကြေးအဖြစ် တင်ထားတယ်”
ခန်းမအတွင်းရှိ ထိပ်သီးများသည် တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ကျင့်ကြံသူ တစ်ထောင်ဆိုသည်မှာ အများကြီး မဟုတ်သလို၊ အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်ဖို့ များပါသည်။ သူတို့ကို ကယ်တင်ဖို့ မလိုအပ်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးက သူတို့ကို စွန့်ပစ်ဖို့ အဆိုပြုလိုက်လျှင်မူ ထိုသူမှာ ဝေဖန်မှုများ၏ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။
ဤကျင့်ကြံသူများသည် ထိုဖမ်းဆီးခံများကို တစ်ကိုယ်ရည်အရ ဂရုမစိုက်ကြသော်လည်း၊ သူတို့သည် ဂိုဏ်းပေါင်းစုံနှင့် မိသားစုပေါင်းစုံ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ အထူးသဖြင့် မောက်လန် တပ်မတော်၏ အရှိန်ကို လျှော့ချရန် ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရသည့် ကျင့်ကြံသူ အများအပြား ရှိနေသည်။ အကယ်၍ သူတို့ကို မကယ်တင်ခဲ့လျှင် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်မှာ အကြီးအကျယ် ကျဆင်းသွားမည်ဖြစ်ပြီး အဆင့်နိမ့် ကျင့်ကြံသူများသည် အလွန်ပင် စိတ်ပျက်သွားကြသဖြင့် စစ်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်ကြတော့မည် မဟုတ်ချေ။ ကျန်သည့် ကျင့်ကြံသူများသည်လည်း မောက်လန် တွေ၏ ကောက်ကျစ်မှုကို စိတ်ထဲကနေ ကျိန်ဆဲနေကြတော့သည်။
လုံဟန့်က သက်ပြင်းချကာ ထောက်ခံလိုက်သည်။
“ဒီမြက်ခင်းပြင်က အရိုင်းအစိုင်းတွေ ဒီလောက်ထိ ပါးနပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အရင်က ကျူးကျော်မှုတွေမှာ သူတို့က ဒီလို လှည့်ကွက်တွေ သုံးလေ့မရှိဘူး၊ အခုတော့ ပရိယာယ်တွေနဲ့ ပြည့်နေပြီ။ ဒီလို ရုတ်တရက် အပြောင်းအလဲကြီးက ကျုပ်တို့ကို တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေတယ်”
တာအိုသခင်နေဝန်းရှင်က တစ်ခန်းလုံးကို ဝေ့ကြည့်ကာ လေးနက်စွာ ဆိုသည်။
“ကြည့်ရတာ လူတိုင်းပဲ ဒီတိုက်ပွဲက ကျုပ်တို့ ငြင်းပယ်လို့ မရတဲ့အရာဆိုတာ သိနေကြပြီပဲ။ သူတို့ ဘာတွေ ကြံစည်နေပါစေ၊ ကျုပ်တို့ ဒီတိုက်ပွဲမှာ မန္တာန်စစ်သည်တွေကို အပြတ်အသတ် နိုင်မှ ဖြစ်မယ်၊ မဟုတ်ရင် စစ်တပ်ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေလိမ့်မယ်။ ဒါ့အပြင် ဒီလောင်းကြေးတိုက်ပွဲမှာ ဘာလှည့်ကွက်မှ ရှိမနေပုံပဲ။ သူတို့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေဖို့ များပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ ကြုံရမှာကို စိုးရိမ်နေဖို့ မလိုပါဘူး။ အကယ်၍ ခင်ဗျားတို့ သံသယဖြစ်စရာ တစ်ခုခု တွေ့တာနဲ့ ကျုပ်တို့ကိုယ်တိုင် ဒီတိုက်ပွဲတွေကို ရပ်တန့်ပေးမယ်။ ဒါပေမဲ့ ဒါက အသက်နှင့်ရင်းရမယ့် အသေအကျေ တိုက်ပွဲဖြစ်လို့ ဘယ်သူ့ကိုမှ ပါဝင်ဖို့ အတင်းအကြပ် မတိုက်တွန်းပါဘူး”
‘ကိုယ့်သဘောနဲ့ကိုယ် ဟုတ်လား’
ထိပ်သီးများသည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ပြုံးလိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသော်လည်း နှုတ်ဆိတ်နေကြဆဲပင်။
မည်သူမျှ ထိုသို့ လက်ခံဖို့ မိုက်မဲခြင်း မရှိကြချေ။ လောင်းကြေးတိုက်ပွဲတွင် သံသယဖြစ်စရာ မရှိဘူးဆိုလျှင်ပင်၊ မည်သူကမျှ အသေအကျေ မတိုက်ခိုက်ချင်ကြပေ။ ဘာပဲဖြစ်ဖြစ် အခုလို ကျင့်ကြံမှုအဆင့်ထိ ရောက်လာဖို့အတွက် နှစ်ပေါင်း ရာချီအောင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရသည် မဟုတ်ပါလား။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကြားသို့ လွယ်လွယ်နှင့် ပစ်မတင်လိုကြချေ။
ဟန်လိသည်လည်း တိတ်ဆိတ်နေခဲ့သည်။ စစ်ပွဲတွင် သူ၏အင်အားအနည်းငယ်ကို ထုတ်သုံးဖို့ အကြောင်းမရှိသော်လည်း မလိုအပ်ဘဲ စွန့်စားရမည့် အန္တရာယ်များကိုမူ မလိုလားပေ။ နဂါးဝါတောင်တန်း တိုက်ပွဲတွင် သူ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည့် အတွေ့အကြုံကို သူ ထပ်မံ မကြုံတွေ့ချင်တော့ပေ။
လူတိုင်း၏ တိတ်ဆိတ်မှုကို မြင်သောအခါ မိစ္ဆာအိုကြီးဟီက မျက်နှာပျက်သွားပြီး နှာခေါင်းတစ်ချက် အေးစက်စွာ ရှုံ့လိုက်သည်။ ထိုအရိုးထိအောင် အေးစိမ့်သွားသော အသံကြောင့် ထိုင်နေသည့် ကျင့်ကြံသူများသည် ကျောထဲ စိမ့်ခနဲ ဖြစ်သွားကြသော်လည်း သူတို့ကတော့ ဆက်လက်၍ တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်ထားကြသည်။
တာအိုသခင်နေဝန်းရှင်က ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး မတတ်သာသည့် အရိပ်အယောင်များ ပြလိုက်သည်။ ဝေဝူယာသည်လည်း မျက်လုံးများကို မှေးစင်းလျက် ဘာမှ မဆိုဘဲ ငြိမ်သက်နေ၏။
တာအိုသခင်နေဝန်းရှင်က ဤကဲ့သို့ စိတ်အနှောက်အယှက်ဖြစ်စရာ တိတ်ဆိတ်မှုကို ဆက်မထားတော့ဘဲ ပြောလိုက်သည်။
“ကျုပ်တို့ ဒီကို မလာခင်ကတည်းက ဒီကိစ္စကို ဆွေးနွေးထားပြီးသားပါ။ ဒီလောင်းကြေးတိုက်ပွဲတွေက အန္တရာယ်များမှာဖြစ်လို့၊ တိုက်ပွဲက ရလာမယ့် လက်ရပစ္စည်းတွေ အကုန်လုံးကို အနိုင်ရတဲ့သူကပဲ အကုန်လုံး ပိုင်ဆိုင်စေရမယ်။ ဒါက ကြုံတွေ့ရမယ့် အန္တရာယ်အတွက် တစ်ခုခုတော့ အစားပြန်ရသလို မဖြစ်ပေဘူးလား။
ကျုပ် သိထားသလောက်ဆိုရင် မိတ်ဆွေတို့ဆီမှာ ခက်ခက်ခဲခဲ ရှာနေရတဲ့ ရှားပါးပစ္စည်းတွေ လိုအပ်နေကြလိမ့်မယ်။ ကျုပ်တို့ စုဆောင်းထားတဲ့ အထဲမှာ ခင်ဗျားတို့ကို ဆွဲဆောင်နိုင်မယ့် အရာတွေ ပါကောင်း ပါနေပါလိမ့်မယ်”
ဤသို့ပြောပြီးနောက် သူသည် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ပြီး ဟန်လိထံတွင် ရပ်တန့်သွားတော့သည်။
ဟန်လိသည် သူ၏ ရင်ထဲတွင် တုန်ရင်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ အခြားကျင့်ကြံသူများသည်လည်း ထိုနည်းတူပင်။ ဓားလွယ်ထားသောတာအိုကျင့်ကြံသူက ဆွဲဆောင်မှုရှိသော အခြေအနေများကို ပြောပြနေသော်လည်း ရှိနေသူများမှာ စိတ်ဝင်စားဟန်ရှိကြသော်ငြားလည်း မည်သူကမျှ အရင်ဦးဆုံး ထွက်လာပြီး လောင်းကြေးတိုက်ပွဲတွင် ပါဝင်ဖို့ မပြောကြချေ။
သို့သော် ထိုအခိုက်အတန့်တွင် ဝေဝူယာက တာအိုရသေ့ဝိညာဉ်ကြွေဘက်သို့ ရုတ်တရက် လှည့်ကာ အသံလွှင့်၍ စကားပြောလိုက်သည်။ စိတ်ပျက်အားငယ်နေပုံရသော တာအိုရသေ့ဝိညာဉ်ကြွေမှာ ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာ ပေါ်လာတော့သည်။ ထို့နောက် သူက နှုတ်ခမ်းများကို တိတ်တဆိတ် လှုပ်ရှားကာ ဝေဝူယာ နှင့် အသံလွှင့်၍ အပြန်အလှန် စကားပြောနေတော့သည်။
ခဏအကြာတွင် တာအိုရသေ့ဝိညာဉ်ကြွေ၏ မျက်နှာတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာအိုကြီးဟီကလည်း အသံလွှင့်၍ စကားပြောလာပြန်သည်။
မိစ္ဆာအိုကြီးယွန်းဖန်သည် ခန်းမထဲသို့ ဝင်လာကတည်းက မထူးခြားနားသလို ရှိနေခဲ့သော်လည်း သူ၏ ဂိုဏ်းမှ အဓိက အကြီးအကဲ၏ အသံလွှင့်စကားကို ကြားလိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ မျက်နှာမှာ သုန်မှုန်သွားတော့သည်။ သူ့ကို ဘာတွေ ပြောလိုက်သည်ကိုမူ မည်သူမှ မသိကြချေ။
ခဏမျှ စဉ်းစားပြီးနောက် တာအိုရသေ့ဝိညာဉ်ကြွေက နောက်ဆုံးတွင်...
“ကောင်းပြီလေ... ကျုပ်တို့ သဘောတူထားတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့၊ ဒီတစ်ကြိမ်တော့ ကျုပ် စွန့်စားပေးလိုက်ပါ့မယ်” ဟု ဆိုလိုက်ရာ၊ အခြားသူများမှာ လုံးဝကို ဆွံ့အသွားကြတော့သည်။
ထို့နောက် မိစ္ဆာအိုကြီးယွန်းဖန်ကလည်း...
“မိတ်ဆွေဝိညာဉ်ကြွေတောင် ပါဝင်မယ်ဆိုမှတော့၊ ကျုပ်လည်း လိုက်ရမှာပေါ့။ ဒီလို ရှားပါးပစ္စည်းတွေကို လက်လွှတ်လိုက်ရမယ်ဆိုရင်တော့ ကျုပ် တကယ်ပဲ နောင်တရနေမိမှာ” ဟု ဆိုလိုက်သည်။ မိစ္ဆာအိုကြီးက အေးစက်စွာ ပြုံးနေသော်လည်း သူ၏မျက်နှာတွင် ဒေါသအရိပ်အယောင် အနည်းငယ်ကိုမူ ဝိုးတဝါး မြင်တွေ့နေရသည်။
အခြားကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ သူတို့ ဘာမှ မပြောကြသော်လည်း ရင်ထဲတွင်မူ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုနှစ်ဦးကို ဘာတွေနှင့် ဆွဲဆောင်လိုက်သည်ဖြစ်စေ၊ ဤသည်မှာ ကျန်သည့်သူများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျင့်ကြံသူ အကျော်အမော် သုံးဦးစလုံးသည် ခန်းမအတွင်းရှိ ကျင့်ကြံသူများကို တစ်ဦးပြီးတစ်ဦး အသံလွှင့်၍ စကားပြောလာကြတော့သည်။ ထိုကျင့်ကြံသူ အများစုမှာ ဝမ်းသာအားရဖြင့်သော်လည်းကောင်း၊ စိုးရိမ်တကြီးဖြင့်သော်လည်းကောင်း လောင်းကြေးတိုက်ပွဲတွင် ပါဝင်ဖို့ သဘောတူလိုက်ကြသည်။ ကျင့်ကြံသူ နှစ်ဦးသာလျှင် အေးစက်စွာ ခေါင်းယမ်းပြီး ငြင်းဆန်ခဲ့ကြသည်။
ဟန်လိသည် ဤသည်ကို မြင်သောအခါ သူ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးနေတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် တာအိုသခင်နေဝန်းရှင်၏ အသံမှာ သူ၏ နားထဲသို့ ရောက်ရှိလာသည်။ “မိတ်ဆွေဟန်... ခင်ဗျား အခု ‘ရွှေအနှစ်သာရ’ အမြောက်အမြားကို ရှာနေတယ်လို့ ကျုပ် ကြားထားတယ်။ ဒါ တကယ်ပဲလား”
ဟန်လိသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားတော့သည်။ ထိုသူ ဤအကြောင်းကို သိနေခြင်းမှာ မဆန်းလှပေ။ သူသည် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ ကို ရွှေအနှစ်သာရ ရှာဖွေပေးရန် တောင်းဆိုထားခဲ့သည်မှာ လျှို့ဝှက်ချက် မဟုတ်ခဲ့သည်ကိုး။
သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဟန်လိက ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်ရဲ့ မှော်ရတနာကို အားဖြည့်ဖို့အတွက် ရွှေအနှစ်သာရ အချို့ လိုအပ်နေတာပါ။ မိတ်ဆွေနေဝန်းရှင်ဆီမှာ အဲ့ဒါတွေ အမြောက်အမြား ရှိနေလို့လား”
တာအိုသခင်နေဝန်းရှင်က ပြုံးလျက် ရယ်ကာမောကာဖြင့် ပြောဆိုသည်။
“မိတ်ဆွေဟန် ခန့်မှန်းတာ မှန်ပါတယ်။ မိတ်ဆွေဝေနဲ့ ကျုပ်ဆီမှာ ရွှေအနှစ်သာရ အတုံးကြီး တစ်တုံးစီ ရှိနေတယ်။ အဲ့ဒီပမာဏက မိတ်ဆွေ သုံးဖို့အတွက် လောက်ငမှာပါ။ ခင်ဗျား စိတ်ဝင်စားရဲ့လား”
ခဏမျှ စဉ်းစားခန်းဝင်နေပြီးနောက် သူက မရေမရာ ပြန်ဖြေလိုက်သည်။
“ကျုပ် အရင်ဆုံး အဲ့ဒီ ရွှေအနှစ်သာရ ကို ကြည့်ပါရစေဦး၊ ကျုပ် ကျေနပ်မှပဲ တိုက်ခိုက်ဖို့အတွက် စဉ်းစားပါ့မယ်”
တာအိုသခင်နေဝန်းရှင်က ပြုံးလျက် သဘောတူလိုက်သည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်း ကျင့်ကြံသူ ငါးဦးမှာ တိုက်ခိုက်ရန် သဘောတူညီခဲ့ကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ ဟန်လိ ကဲ့သို့ပင်၊ အချိန်တစ်ခုကြာ စဉ်းစားပြီးမှသာ သဘောတူခဲ့ကြခြင်း ဖြစ်သည်။ သူတို့ တွန့်ဆုတ်နေကြလျှင်ပင်၊ သူတို့၏တုန့်ပြန်မှုများမှာ တာအိုသခင်နေဝန်းရှင်ကို ကျေနပ်စေခဲ့သည်။ ထို့နောက် သူသည် အသံလွှင့်ခြင်းကို ရပ်တန့်လိုက်ပြီး မောက်လန် တပ်မတော်ကြီးကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည့် အစီအစဉ်များကို ဆက်လက် ဆွေးနွေးလေတော့သည်။
ထိပ်သီးများသည် အစီအရင် မှော်ကိရိယာများကို မည်သို့ အသုံးပြုရမည်နှင့်၊ မောက်လန် တွေ၏ ဒုက္ခပေးလှသော ဝိညာဉ်ပညာရပ် အစီအရင်များကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို ရုတ်ရုတ်သည်းသည်း ဆွေးနွေးနေကြသော်လည်း ဟန်လိကမူ စိတ်ထဲကနေ ရွှေအနှစ်သာရ အကြောင်းကိုသာ တွေးတောနေမိတော့သည်။
အမှန်အတိုင်းပြောရလျှင် ဟန်လိ =သည် သူ၏ ဝါးတိမ်အုပ်ဓားများ၏ စွမ်းအားအပေါ် စိတ်တိုင်းမကျ ဖြစ်နေခဲ့သည်။ သူ၏ ပျသန်းဓားများသည် အခြားကျင့်ကြံသူများ၏ လက်နက်များထက် နိမ့်ကျနေ၍ မဟုတ်ဘဲ သူ ရင်ဆိုင်ခဲ့ရသော ရန်သူများ၏ ရှေ့တွင် အလွန်အားနည်းနေခြင်းကြောင့်သာ ဖြစ်သည်။
အကယ်၍ အားနည်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင် သူသည် ဓားများကို အသုံးပြုနေရန်ပင် မလိုပေ။ မိုးပြာအနှစ်သာရ ဓားအလင်းတန်း များဖြင့်သာ သူတို့ကို ကိုင်တွယ်နိုင်သည်။ သို့သော် အလွန် အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူ၏ ပျံသန်းဓားများမှာ အစွမ်းသိပ်မပြနိုင်တော့ပေ။
သို့သော်လည်း မိုးပြာအနှစ်သာရဓားပညာရပ်၏ နောက်ဆုံး မှတ်တမ်းတင်ထားသော နတ်စွမ်းရည်ဖြစ်သည့် ‘ရွှေရောင်ဓားအစီအရင်’ သာ ရှိမည်ဆိုလျှင်၊ ဟန်လိ၏ ဝါးတိမ်အုပ်ဓားများ သည် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် အချိန်တစ်ခုအထိ တောင့်ခံ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။ ၎င်း၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်လျှင်ပင် ၎င်းမှာ အလွန်ပင် ထူးခြားလှပေလိမ့်မည်။
ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ပတ်သက်၍မူ သူသည် ၎င်း၏ စစ်မှန်သော စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရသေးချေ။ ငွေရောင်လ ဆီမှသာ ၎င်း၏ အမွှန်းတင်စကားများကို အမြဲတမ်း ကြားနေရသဖြင့် သူသည် ၎င်းအပေါ်တွင် သံသယများ စတင် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။
ဤ ‘ရွှေရောင်ဓားအစီအရင်’ သည် သူ ကျင့်ကြံခြင်းလောကတွင် ခြေကုပ်မြဲစေမည့် ကြီးကျယ်သော နတ်စွမ်းရည်တစ်ခု ဖြစ်သောကြောင့် ထိုအစီအရင်ကို အသုံးပြုနိုင်ရန်အတွက် ရွှေအနှစ်သာရ အမြောက်အမြားကို သူ ရရှိရန် လိုအပ်သည်။ သို့သော်လည်း ဟန်လိ သည် ၎င်းအတွက် လောင်းကြေးတိုက်ပွဲတွင် ပါဝင်ဖို့ကိုမူ ဝေခွဲမရ ဖြစ်နေဆဲပင်။ သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူတို့ ကမ်းလှမ်းသော ရွှေအနှစ်သာရ မည်မျှ ရှိသလဲဆိုသည်ကို အရင်ဆုံး ကြည့်ရှုပြီးမှ ပါဝင်သင့်၊မသင့်ကို ဆုံးဖြတ်တော့မည်။ အကယ်၍ ၎င်းမှာ ‘ရွှေရောင်ဓားအစီအရင်’ ကို သန့်စင်ရန် လောက်ငသော ပမာဏ ဖြစ်မည်ဆိုလျှင်မူ သူသည် သဘောတူမိနိုင်ပါသည်။
သူ ပြိုင်ဘက်မှာ မောက်လန် နတ်ဘုရားစစ်သည်တော်များထဲမှ တစ်ဦး မဟုတ်သရွေ့ သူ့အနေဖြင့် မည်သူ့ကိုမှ ကြောက်နေစရာ မရှိဟု ခံစားရသည်။ အကယ်၍ မောက်လန် တွေက လောင်းကြေးတိုက်ပွဲအတွင်း တစ်ခုခု လှည့်ဖြားဖို့ ကြိုးစားလျှင်ပင် သူသည် သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံနှင့် ခရမ်းရောင်အထွတ်အထိပ်မီးလျှံ ကို အသုံးပြု၍ ထိုအတားအဆီးလေးအတွင်းမှ လွယ်လင့်တကူ လွတ်မြောက်နိုင်သည် မဟုတ်လား။
ဤသို့ တွေးတောပြီးနောက်တွင်မူ ဟန်လိသည် ပြန်လည် တည်ငြိမ်သွားပြီး သူတို့ ဘာတွေ စီစဉ်နေကြသလဲဆိုသည်ကို နားထောင်နေတော့သည်။
ဤအစည်းအဝေးကို တာအိုသခင်နေဝန်းရှင်၏ ဦးဆောင်မှုအောက်တွင် နှစ်နာရီနီးပါး ကျင်းပခဲ့သည်။ မိစ္ဆာအိုကြီးဟီက တစ်ခါတစ်ရံတွင် စကားအချို့ ဝင်ပြောသော်လည်း၊ ဝေဝူယာကမူ တစ်လျှောက်လုံး လုံးဝ နှုတ်ဆိတ်နေခဲ့သည်။
ထူးခြားသည်မှာ တာအိုသခင်နေဝန်းရှင်နှင့် မိစ္ဆာအိုကြီးဟီ နှစ်ဦးစလုံးမှာ လုံဟန့် ကို အလွန် အလေးထားခြင်းပင် ဖြစ်သည်။ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ နှင့် ပတ်သက်သော ကိစ္စရပ်များ ပေါ်လာတိုင်း သူတို့သည် လုံဟန့်၏ သဘောထားကို အမြဲတမ်း မေးမြန်းလေ့ ရှိသည်။ လုံဟန့်နှင့် သူ၏ ဇနီးတို့ ပေါင်းစပ်လိုက်လျှင် ကျင့်ကြံသူ အကျော်အမော် သုံးဦးကိုပင် ယှဉ်ပြိုင်နိုင်သည်ဆိုသည့် သတင်းမှာ အမှန်ဖြစ်ပုံရပေသည်။
ဆွေးနွေးမှုများ ပြီးဆုံးခါနီးအချိန်တွင် လောင်းကြေးတိုက်ပွဲ၌ ပါဝင်ခြင်း မရှိသော ကျင့်ကြံသူများကို သီးခြား တာဝန်အချို့ ပေးအပ်လိုက်ကြသည်။ ထို့နောက် တာအိုသခင်နေဝန်းရှင်က အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး လာမည့်ကိစ္စရပ်များအတွက် သေသေချာချာ ပြင်ဆင်ထားကြရန် တိုက်တွန်းလျက် လူစုခွဲလိုက်တော့သည်။ သို့သော်လည်း ခန်းမအတွင်း၌ ထွက်ခွာခြင်း မရှိဘဲ ကျန်ရစ်နေသူ ကျင့်ကြံသူ သုံးဦး ရှိနေသေးရာ ထိုသူများထဲတွင် ဟန်လိ လည်း တစ်ဦး အပါအဝင် ဖြစ်သည်။
ကျန်သည့်နှစ်ဦးမှာမူ မိစ္ဆာအိုကြီးယွန်းဖန်နှင့် သွေးရောင်ကင်းမဲ့နေသကဲ့သို့ ဖြူရော်သော မျက်နှာပေးရှိသည့် လှပချောမောလှသော အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ ထိုအမျိုးသမီးမှာလည်း ဟန်လိ ကဲ့သို့ ဆွေးနွေးပွဲ တစ်လျှောက်လုံး လုံးဝ နှုတ်ဆိတ်နေခဲ့သူပင်။
အပိုင်း ၇၆၀ - ရေခဲနှင်းပိုးကောင်နှင့်ရွှေအနှစ်သာရ
ကျန်ရှိနေသောသူ အများစု ထွက်ခွာသွားကြပြီးနောက် မိစ္ဆာအိုကြီးဟီက အမူအရာကင်းမဲ့စွာဖြင့်... "သိုင်းညီလေး... ငါ့နောက်ကို လိုက်ခဲ့၊ မင်းနဲ့ ငါ နှစ်ယောက်တည်း ပြောစရာရှိတယ်" ဟု ဆိုကာ ခန်းမအတွင်းမှ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
မိစ္ဆာအိုကြီးယွန်းဖန်က ဘေးဘီဝဲယာသို့ ခဏ ကြည့်ရှုပြီးနောက် တွန့်ဆုတ်စွာဖြင့်ပင် သူ၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားလေသည်။ ကြည့်ရသည်မှာ သူသည် ထိုဝတ်စုံနက်နှင့်လူကြီးကို အတော်လေး ကြောက်ရွံ့နေပုံရသည်။
တာအိုသခင်နေဝန်းရှင်သည် မိစ္ဆာအိုကြီးဟီနှင့် မိစ္ဆာအိုကြီးယွန်းဖန်တို့ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးမှ ဟန်လိနှင့် ဖြူဖတ်ဖြူရော် အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဟန်နဲ့ပိုင်... မိတ်ဆွေတို့ ကျုပ်တို့ သေသေချာချာ စကားပြောကြရအောင်။ ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်းများကို အရင်ကြည့်ကြည့်ပါဦး။ ပြီးမှ လောင်းကြေးတိုက်ပွဲမှာ ပါဝင်မလား၊ မပါဘူးလားဆိုတာ ဆုံးဖြတ်ကြတာပေါ့။ ကျုပ် ခင်ဗျားတို့ရဲ့ အခြေအနေကို နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အလွန်အန္တရာယ်များတာလေ။ ထိုက်တန်တဲ့ ဆုလာဘ်သာ မရှိရင် ဘယ်သူမှ အသက်နဲ့ရင်းပြီး စွန့်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းတွေက ခင်ဗျားတို့ စိတ်တိုင်းကျ ကွက်တိမဖြစ်နေရင်တောင် မိတ်ဆွေတို့နှစ်ယောက်လုံး လောင်းကြေးတိုက်ပွဲမှာ ပါဝင်ပေးကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်"
ဝေဝူယာကမူ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး သူတို့နှစ်ဦးကို တည်ငြိမ်စွာ အကဲခတ်နေလေသည်။
တာအိုသခင်နေဝန်းရှင်၏စကားကို ကြားရသည့်အခါ ဟန်လိက ဘာမှ ပြန်မပြောသော်လည်း ဖြူဖတ်ဖြူရော် လှပသောအမျိုးသမီးကမူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကျမက တစ်ကိုယ်တည်း လျှောက်လှမ်းတဲ့ လမ်းစဉ်ကို ရွေးချယ်ထားတဲ့သူပါ။ မောက်လန်တွေက ကောင်းကင်တောင်ပိုင်းကို ကျူးကျော်တာပဲဖြစ်ဖြစ်၊ ရှင်တို့က မောက်လန်တွေရဲ့ နယ်မြေတွေထဲ ကျူးကျော်တာပဲဖြစ်ဖြစ် ကျမ ဂရုမစိုက်ဘူး။ ရှင့်ရဲ့ သတင်းစကားထဲမှာ ဒီပစ္စည်းအကြောင်းသာ ပါမလာရင် ကျမ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမှာ မဟုတ်ဘူး။ အဆိုးဆုံးကို အရင်ပြောထားရအောင်... ရှင်ပြတဲ့ ပစ္စည်းက ကျမ စိတ်တိုင်းမကျဘူးဆိုရင် ကျမအနေနဲ့ ဘာမှ အားမနာတမ်း ထွက်သွားမှာပဲ"
တာအိုသခင်နေဝန်းရှင်သည် သူမ၏ အေးစက်သော စကားလုံးများကြောင့် ဒေါသထွက်ခြင်းမရှိဘဲ နွေးထွေးသော လေသံဖြင့် ပြန်လည် တုန့်ပြန်လိုက်သည်။
"မိတ်ဆွေပိုင်... အဲ့ဒီလို မပြောပါနဲ့။ အတိတ်တုန်းက ဖြစ်ရပ်တွေအတွက် ကျုပ်မှာ အမှားအယွင်း အချို့ရှိခဲ့တယ်ဆိုပေမဲ့ ကျုပ်က မိတ်ဆွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာပါ"
အမျိုးသမီး၏ မျက်နှာမှာ ပို၍ သုန်မှုန်သွားပြီး...
"အမှား ဟုတ်မဟုတ်ဆိုတာကို ကျမကိုယ်တိုင်ပဲ ဆုံးဖြတ်လိမ့်မယ်။ အတိတ်က ကိစ္စတွေကို ရပ်ထားလိုက်စမ်းပါ၊ အဲ့ဒီပစ္စည်းကိုသာ ထုတ်ပြတော့" ဟု အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောသည်။
ဟန်လိသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ဤစကားများကို ကြားရသည့်အခါ အံ့အားသင့်သွားမိသည်။ ပိုင်မျိုးရိုးနှင့် အမျိုးသမီးသည် တာအိုသခင်နေဝန်းရှင်နှင့် အတိတ်က ပတ်သက်မှုတစ်ခုခုကြောင့် အငြင်းပွားစရာ ရှိနေဟန်တူသည်။
တာအိုသခင်နေဝန်းရှင်သည် အမျိုးသမီး၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ မတတ်သာသလို ခေါင်းယမ်းလိုက်ပြီး သူ၏သိုလှောင်အိတ်ထဲမှ ဖြူဖွေးသော ကျောက်စိမ်းသေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ သာမန်ပစ္စည်းများနှင့် ပြုလုပ်ထားသကဲ့သို့ အတော်လေး ရိုးရိုးရှင်းရှင်းပင် ထင်ရသော်လည်း ၎င်း ပေါ်ထွက်လာသည့် တစ်ခဏချင်းမှာပင် အခန်းတစ်ခုလုံး၏ အပူချိန်မှာ ဆောင်းရာသီ၏ အအေးဆုံးအချိန်သို့ ရောက်သွားသကဲ့သို့ ရုတ်တရက် ကျဆင်းသွားတော့သည်။ ရာသီဥတုဒဏ်ကို လုံးဝ မမှုတော့သော ဟန်လိပင်လျှင် ထိုကဲ့သို့ အေးစိမ့်သောဒဏ်ကြောင့် စိတ်မသက်မသာ ဖြစ်သွားရလေသည်။
ပိုင်မျိုးရိုးနှင့် အမျိုးသမီးမှာမူ သေတ္တာလေးမှ ထွက်ပေါ်နေသော အေးစိမ့်မှုကို ခံစားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် တာအိုသခင်နေဝန်းရှင်သည် အမျိုးသမီးထံသို့ ကျောက်စိမ်းသေတ္တာလေးကို စကားတခွန်းမှ ပြောမနေဘဲ ကမ်းပေးလိုက်သည်။ သူမက ၎င်းကို လက်ခံယူပြီး ဖွင့်ကြည့်လိုက်သည့်အခါ ဟန်လိလည်း ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
၎င်းတို့မှာ ဖန်သားကဲ့သို့ ကြည်လင်နေသော ပိုးအိမ်တစ်စုံပင် ဖြစ်သည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အေးစိမ့်သည့်ချီများကြောင့် ဟန်လိ မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းတို့မှာ ဆန်းကြယ်အင်းဆက်စာရင်းတွင် နောက်ဆုံး၌ ရှိနေသော်လည်း ရှားပါးလှသည့် ရေခဲနှင်းပိုးကောင် များ၏ ပိုးအိမ်များ ဖြစ်ပုံရသည်။
ဤဆန်းကြယ်အင်းဆက်သည် တိုက်ပွဲများတွင် အလွန်အစွမ်းမထက်လှသော်လည်း ရှာဖွေရန် ခက်ခဲလှသည်။ ၎င်းတို့၌ မယုံကြည်နိုင်ဖွယ်ရာကောင်းလှသော ပုန်းကွယ်နိုင်သည့်နတ်စွမ်းရည်တစ်ခု ရှိနေပေသည်။ အကယ်၍ ဤအမျိုးသမီးက ဤအင်းဆက်များကို အမှန်တကယ် လိုအပ်နေသည်ဆိုပါက သူမ လောင်းကြေးတိုက်ပွဲတွင် ပါဝင်ဖို့ သဘောတူလိမ့်မည်မှာ သေချာသလောက် ရှိပေသည်။
"ဒါတွေက ဘာလို့ ပိုးအိမ်တွေ ဖြစ်နေတာလဲ။ အကောင်ပေါက် အခြေအနေမှာတောင် မရှိသေးဘူးပဲ"
ဟန်လိ အံ့အားသင့်သွားရသည်မှာ ထိုပိုးအိမ်များကို မြင်သည့်အခါ အမျိုးသမီး၏ မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းသွားခြင်းပင်။
တာအိုသခင်နေဝန်းရှင်က တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေသည်။
."မိတ်ဆွေပိုင်... ဒီ ရေခဲနှင်းပိုးကောင်တွေကို ရေခဲပြင်အောက် မီတာရာနဲ့ချီတဲ့ အနက်ကနေ ရှာတွေ့ခဲ့တာပါ။ ဒါတွေက သာမန်အမျိုးအစား မဟုတ်ဘူး၊ ထိပ်တန်းအဆင့် ဧကရာဇ်ပိုးကောင် တွေပဲ။ မင်းရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပါ၊ ဒါတွေက ဘယ်လောက်ထိ ထူးခြားလဲဆိုတာ သိရလိမ့်မယ်"
"ဧကရာဇ်ပိုးကောင်တွေ ဟုတ်လား"
အမျိုးသမီး၏ အမူအရာ လှုပ်ခတ်သွားပြီး သံသယစိတ်ဖြင့် သူမ၏ စိတ်ဝိညာဉ်အာရုံကို ပိုးအိမ်များပေါ်သို့ ဖြန့်ကျက်လိုက်သည်။ ခဏအကြာတွင် သူမ၏တင်းမာနေသောမျက်နှာအမူအရာမှာ ပြေလျော့သွားတော့သည်။
"ဘယ်လိုလဲ။ဒီ ဧကရာဇ်ပိုးကောင်တွေက ပိုးအိမ်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုပေမဲ့ မင်းရဲ့ လိုအပ်ချက်အတွက်တော့ လုံလောက်တာထက် ပိုပါလိမ့်မယ်"
ခဏမျှ တွန့်ဆုတ်နေပြီးနောက် အမျိုးသမီးက သေတ္တာလေးကို သိမ်းဆည်းရင်း ပြောလာ၏။
."ဒါဆိုရင်တော့ ကျမ လောင်းကြေးတိုက်ပွဲမှာ ပါဝင်ပေးပါ့မယ်"
တာအိုသခင်နေဝန်းရှင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးလျက် ဆိုလေ၏။ "ကောင်းပြီ။ မိတ်ဆွေပိုင်ရဲ့ နှင်းခဲတိမ်တိုက်ကျင့်စဉ်နဲ့ဆိုရင် အဲ့ဒီမန္တာန်စစ်သည် ပမွှားတွေကို တချက်တည်းနဲ့ ရှင်းပစ်နိုင်မှာပါ"
ထို့နောက်တွင် အမျိုးသမီးက... "ကျမ သွားတော့မယ်" ဟု အမူအရာကင်းမဲ့စွာဖြင့် ပြောဆိုကာ ခန်းမအတွင်းမှ ထွက်ခွာသွားလေသည်။
တာအိုသခင်နေဝန်းရှင်သည် မချိပြုံး ပြုံးလိုက်ပြီး ခေါင်းယမ်းမိတော့သည်။ ဝေဝူယာကမူ ထိုသည်ကို မြင်သည့်အခါ တစ်ချက် ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
အမျိုးသမီး ခန်းမအတွင်းမှ ထွက်သွားပြီးနောက် တာအိုသခင်နေဝန်းရှင်သည် ဟန်လိ ဘက်သို့ အာရုံစိုက်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"မိတ်ဆွေဟန်... ခင်ဗျားမှာ ရွှေအနှစ်သာရ ဘယ်လောက်အထိ လိုအပ်နေတာလဲ"
ဟန်လိကလည်း ပွင့်လင်းစွာပင် ပြော၏။
."ကျုပ် အများကြီး လိုပါတယ်။ များလေ ပိုကောင်းလေပါပဲ။ ဒါပေါ့... ရွှေအနှစ်သာရက အရမ်းတန်ဖိုးရှိတာဆိုတော့ မိတ်ဆွေတို့နှစ်ယောက်က ကျုပ်ဆီကို ယူလာပေးနိုင်မယ်ဆိုရင် ကျုပ်ဘက်ကလည်း ထိုက်တန်တဲ့ တန်ဖိုးနဲ့ ပြန်လဲလှယ်ပေးမှာပါ။ ခင်ဗျားတို့ကို လုံးဝ မနစ်နာစေရပါဘူး"
တာအိုသခင်နေဝန်းရှင်က ရယ်မောကာ ပြောသည်။
"မိတ်ဆွေဟန် ရဲ့ လေသံအရဆိုရင် ခင်ဗျားမှာ အတော်လေး ကြွယ်ဝတဲ့ ပိုင်ဆိုင်မှုတွေ ရှိပုံရတယ်။ ဒါပေမဲ့ မိတ်ဆွေဟန် သိထားရမှာက ကျုပ်တို့အဆင့်မှာဆိုရင် မိတ်ဆွေဝေနဲ့ ကျုပ်ကို ဆွဲဆောင်နိုင်တဲ့ ပစ္စည်းဆိုတာ ရှားပါတယ်။ မဟုတ်ရင် ကျုပ်တို့ ဒီစစ်ပွဲအတွက် ကျုပ်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဒီလောက်အများကြီး စွန့်လွှတ်မှာ မဟုတ်ဘူးလေ"
ဟန်လိက ပြုံးနေရုံသာ ပြုလုပ်ပြီး ဘာမှ ထပ်မဆိုတော့ပေ။ ထိုအစား ဝေဝူယာက သက်ပြင်းချလိုက်ပြီး ရုတ်တရက် စကားပြောလာသည်။
"မိတ်ဆွေနေဝန်းရှင်... ခင်ဗျားရဲ့ လေသံက အတော်လေး မောက်မာနေပေမဲ့၊ မိတ်ဆွေဟန် က စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံမှုလေးနဲ့တင် မောက်လန် နတ်ဘုရားစစ်သည်တော်လက်ကနေ လွတ်မြောက်အောင် ပြေးနိုင်ခဲ့တဲ့သူလေ။ သူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး"
တာအိုသခင်နေဝန်းရှင်က မထူးခြားနားစွာပင် ပြောလိုက်သည်။
"ဟဲဟဲ! ကျုပ် ရိုင်းစိုင်းမိသွားပုံပဲ။ ဒါပေမဲ့ မိတ်ဆွေဟန်က ရွှေအနှစ်သာရ အတွက် ဘာနဲ့ လဲလှယ်ဖို့ စိတ်ကူးထားလဲဆိုတာ မပြောခင်၊ ကျုပ်တို့ဆီမှာ ရှိတာကို အရင်ကြည့်ကြည့်ပါဦး။ အကယ်၍ မိတ်ဆွေဆီမှာ ကျုပ်တို့ကို ဆွဲဆောင်နိုင်တဲ့ ပစ္စည်းတစ်ခုခု တကယ်ရှိမယ်ဆိုရင်တော့ ကျုပ်တို့ဆီမှာရှိတဲ့ ရွှေအနှစ်သာရ အကုန်လုံးကို လဲလှယ်ပေးဖို့ ကျုပ်တို့မှာ ကန့်ကွက်စရာ မရှိပါဘူး"
ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်ရာ အဖြူရောင်အလင်းတစ်ခု သူ၏ လက်ဝါးထဲသို့ ပျံသန်းဝင်ရောက်လာပြီး တောက်ပစွာ လင်းလက်နေသည့် အရွယ်အစားအမျိုးမျိုးရှိသော ရွှေရောင်ကျောက်တုံးသုံးတုံး ပေါ်လာတော့သည်။ သူသည် ၎င်းတို့ကို ဟန်လိ ထံသို့ တစ်ခါတည်း ကမ်းပေးလိုက်လေသည်။
ဟန်လိ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားပြီး ကျောက်တုံးများကို တိုက်ရိုက် လက်ခံယူလိုက်ကာ လောဘတကြီးဖြင့် စူးစမ်းကြည့်လိုက်တော့သည်။
အတုံးကြီးတစ်တုံးနှင့် အတုံးငယ် နှစ်တုံးဖြစ်သော ထိုသုံးတုံးစလုံးမှာ စစ်မှန်သော ရွှေအနှစ်သာရ များပင် ဖြစ်သည်။ အတုံးကြီးမှာ ကုန်သွယ်မှုပွဲတော်တွင် လေလံတင်ခဲ့သည့် အတုံးနှင့် အရွယ်အစား တူညီပြီး သစ်ကြားသီး တစ်လုံးခန့် ရှိသည်။ အတုံးငယ်များမှာမူ ၎င်း၏ တစ်ဝက်ခန့်သာ ရှိသည်။ ဤ ရွှေအနှစ်သာရ ပမာဏသည် သူ ဓားပျံဆယ်လက်ကျော်ကို အားဖြည့်ရန် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း ၎င်းမှာ ဟန်လိ အလိုရှိနေသည့် ပမာဏနှင့်ယှဉ်လျှင် အနည်းငယ် လိုအပ်နေသေးသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများတွင်မူ စိတ်ပျက်ရိပ် အနည်းငယ် ဖြတ်ပြေးသွားလေသည်။
တာအိုသခင်နေဝန်းရှင်သည် ထိုသည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဤလူသည် ရွှေအနှစ်သာရ ဘယ်လောက်တောင် အလိုရှိနေရသနည်း။ ၎င်းမှာ အမှန်တကယ်ပင် စဉ်းစားရခက်လှသည်။ ထိုသို့တွေးကာ သူက ဝေဝူယာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟန်လိ၏ အမူအရာကို မြင်တွေ့လိုက်ရသော ဝေဝူယာသည်လည်း တာအိုသခင်နေဝန်းရှင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အင်္ကျီလက်အိုးအတွင်းမှ လက်သီးဆုပ်ခန့်ရှိသော ရွှေအနှစ်သာရ အတုံးကြီး တစ်တုံးကို တည်ငြိမ်စွာပင် ထုတ်ယူလိုက်တော့သည်။
ဝေဝူယာ၏လက်ထဲတွင် ထိုမျှ ကြီးမားသော ရွှေအနှစ်သာရ အတုံးကြီးကို မြင်လိုက်ရသည့်အခါ ဟန်လိသည် အလွန်ပင် ဝမ်းသာသွားတော့သည်။ ဤရွှေအနှစ်သာရ အတုံးကြီးသည် သူ၏ ဓားပျံ ခုနစ်ဆယ့်နှစ်လက်စလုံးအတွက် မလုံလောက်သေးသော်လည်း၊ ကံကောင်းပါက ဤအတုံးနှင့် အစောက အတုံးငယ် သုံးတုံး ပေါင်းစပ်လိုက်လျှင် အနည်းဆုံး တစ်ဝက်ခန့်အတွက် လုံလောက်ပေလိမ့်မည်။ ရောင်ပြန်ဓားကျင့်စဉ်၏ အကူအညီဖြင့် ဓားပျံ သုံးဆယ့်ခြောက်လက်သာ ရှိလျှင်ပင် အသေးစား ရွှေရောင်ဓားအစီအရင်တစ်ခုကို ဖန်တီးရန် လုံလောက်ပေသည်။
သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားနေရင်း ဟန်လိသည် ဝေဝူယာ ပစ်ပေးလိုက်သော ရွှေအနှစ်သာရ အတုံးကြီးကို လှမ်းဖမ်းလိုက်သည်။ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ စူးစမ်းကြည့်ပြီးနောက် သူက...
"ဒါတွေက ခင်ဗျားတို့ဆီမှာရှိသမျှ ရွှေအနှစ်သာရ အကုန်လုံး ဖြစ်နိုင်ပေမဲ့၊ ကျုပ် လိုအပ်ချက်အတွက်တော့ နည်းနည်း လိုနေပါသေးတယ်။ ဒါပေမဲ့ ကျုပ် လောင်းကြေးတိုက်ပွဲမှာ ပါဝင်ဖို့အတွက်တော့ ဒါက လုံလောက်ပါပြီ။ အခု ဒီပစ္စည်းတွေကို တစ်ချက်ကြည့်ကြည့်ပါဦး၊ ခင်ဗျားတို့ စိတ်တိုင်းကျ ဖြစ်ရဲ့လားလို့"
သူသည် ရွှေအနှစ်သာရများကို သိမ်းဆည်းလိုက်ပြီးနောက် မတူညီသော အရောင်များရှိသည့် ကျောက်စိမ်းသေတ္တာ နှစ်လုံးကို ထုတ်ယူကာ ဝေဝူယာနှင့်တာအိုသခင်နေဝန်းရှင် တို့ထံ တစ်လုံးစီ ကမ်းပေးလိုက်သည်။
သူတို့သည် ကျောက်စိမ်းသေတ္တာများကို အသီးသီး လက်ခံယူလိုက်ပြီး မထူးခြားနားစွာပင် ဖွင့်ကြည့်လိုက်ကြသည်။ ဝေဝူယာသည် သူ၏လက်ထဲရှိ သေတ္တာ၏ အလေးချိန်ကို အရင် ချိန်ဆကြည့်ပြီးမှ အရင်ဆုံး ဖွင့်လိုက်သည်။
သေတ္တာတစ်လုံးထဲတွင် လက်သည်းခွံအရွယ်အစားရှိသော နီရဲနေသည့် အကြေးခွံများစွာ ရှိနေပြီး အခြားသေတ္တာထဲတွင်မူ လက်သီးဆုပ်ခန့်ရှိသော မည်းနက်နေသည့် လိပ်ခွံတစ်ခု ရှိနေသည်။ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ဦးစလုံးမှာ မြင်တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားကြတော့သည်။
"ဒါက ဘာတွေလဲ"
"နတ်ဆိုးသားရဲရဲ့ အစိတ်အပိုင်းတွေပဲ"
ဟန်လိက ရှင်းပြသည်။
"မှန်ပါတယ်။ မိတ်ဆွေဝေရဲ့ လက်ထဲမှာ ရှိတာကတော့ အဆင့်ရှစ် အဆိပ်နဂါးရဲ့ အကြေးခွံတွေပါ။ မိတ်ဆွေနေဝန်းရှင် ရဲ့ လက်ထဲမှာ ရှိတာကတော့ အဆင့်ရှစ် နတ်ဆိုးလိပ်ရဲ့ အခွံပါ။ ဒီပစ္စည်းတွေက ကောင်းကင်ကို ဖိဆန်နိုင်တဲ့ အရာတွေလို့ ကျုပ် မပြောဝံ့ပေမဲ့ အသွင်ပြောင်းလဲပြီးသား ဒီလို နတ်ဆိုးအစိတ်အပိုင်းမျိုးကို ကောင်းကင်တောင်ပိုင်းမှာ မြင်တွေ့ရဖို့ ခဲယဉ်းလှပါတယ်။ ဒါတွေက ရွှေအနှစ်သာရနဲ့ လဲလှယ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုပါလိမ့်မယ်"
ဟန်လိ၏လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏ စကားများတွင် ယုံကြည်မှု အပြည့် ရှိနေသည်။ အဆင့်ရှစ်နတ်ဆိုးသားရဲ အစိတ်အပိုင်းများမှာ ပြန့်ကြဲကြယ်ပင်လယ်များ မှာပင် ရရှိရန် အလွန် ခက်ခဲလှသည်။ ကျင့်ကြံသူ အများအပြားသည် ပြင်ပကြယ်ပင်လယ်များသို့ သွားကြသော်လည်း ထိုအဆင့်ရှိ နတ်ဆိုးသားရဲကို မြင်တွေ့ရသူပင် ရှားပါးလှသည်။ သတ်ဖြတ်နိုင်ဖို့ဆိုသည်မှာမူ ပြောနေရန်ပင် မလိုတော့ချေ။
ကောင်းကင်တောင်ပိုင်းတွင်မူ အဆင့်ခြောက်နှင့် အဆင့်ခုနစ်နတ်ဆိုးသားရဲများမှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သုတ်သင်ခြင်း ခံကြရလေသည်။ ထို့ကြောင့် အဆင့်ရှစ်အထိ တက်လှမ်းနိုင်သောသားရဲဟူ၍ မရှိသလောက်ပင်။ ဂိုဏ်းကြီးများ ထိန်းချုပ်ထားသော နယ်မြေအချို့မှလွဲ၍ ကျန်သည့် နေရာများတွင် အဆင့်မြင့် နတ်ဆိုးသားရဲဟူ၍ လုံးဝ မရှိတော့ချေ။
တာအိုသခင်နေဝန်းရှင်သည် သူ၏ အံ့အားသင့်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့သော်လည်း ဝေဝူယာ မှာမူ ဝမ်းသာအားရဖြင့်... "အဆင့်ရှစ် အဆိပ်နဂါးရဲ့ အကြေးခွံတွေ ဟုတ်လား" ဟု မအော်ဘဲ မနေနိုင် ဖြစ်သွားရသည်။
ဟန်လိသည် ထိုသူ၏တုံ့ပြန်ပုံကြောင့် အံ့အားတသင့်တော့ ဖြစ်သွားသေးသည်။ သို့ပေမည့် ဝေဝူယာသည် အဆိပ်နှင့် ပတ်သက်သော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြောင်း သတိရသွားသည်။ အဆိပ်နဂါး၏ခန္ဓာကိုယ်မှာ အလွန်တရာ အဆိပ်ပြင်းလှသဖြင့် ဤအကြေးခွံများသည် သူ့အတွက် အခြားသော အံ့ဩဖွယ် အသုံးဝင်မှုများ ရှိနေမှာ သေချာသည်။
ဟန်လိသည် ဘာပြောရမည်နည်းဟု တွေးတောနေစဉ်မှာပင် ဝေဝူယာသည် သူ၏ လက်ချောင်းများဖြင့် နီရဲနေသော အကြေးခွံတစ်ခုကို အလျင်အမြန် ကောက်ကိုင်ကာ စမ်းသပ်ကြည့်နေတော့သည်။ သူသည် ၎င်းတို့ကို သေသေချာချာ စစ်ဆေးပြီးနောက်တွင် ဘာတွေ ရရှိနိုင်မလဲဆိုသည်ကို စတင် စဉ်းစားနေပုံရသည်။
တာအိုသခင်နေဝန်းရှင်သည် ဝေဝူယာ၏ ထိုကဲ့သို့ တည်ငြိမ်မှု ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် သူ၏ မျက်နှာတွင် ထူးခြားသော အမူအရာတစ်ခု ပေါ်လာပြီးနောက် ဟန်လိကို ပြုံးလျက်...
"ဟဲဟဲ! မိတ်ဆွေဟန် ရဲ့ ပစ္စည်းက မိတ်ဆွေဝေ ရဲ့ စိတ်ကြိုက် ဖြစ်သွားပုံပဲ။ ကျုပ်လည်း ဒီလိပ်ခွံကို အတော်လေး စိတ်ဝင်စားမိတယ်။ အကယ်၍ ဒါတွေက တကယ်ပဲ အဆင့် ရှစ် နတ်ဆိုးသားရဲ အစိတ်အပိုင်းတွေသာ မှန်မယ်ဆိုရင်တော့ ဒါတွေက ကာကွယ်ရေး မှော်ရတနာတွေ သန့်စင်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတွေဖြစ်လို့ ရွှေအနှစ်သာရ နဲ့ လဲလှယ်ဖို့အတွက် ထိုက်တန်ပါတယ်" ဟု ဆိုလိုက်သည်။
ဟန်လိ၏စကားများမှာ အမှန်ဖြစ်လိမ့်မည်ဟု သူ ခံစားရသော်လည်း ဓားလွယ်ထားသော တာအိုကျင့်ကြံသူသည် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက အဆင့်ရှစ် နတ်ဆိုးသားရဲ အစိတ်အပိုင်းများကို မည်သို့ ရရှိနိုင်ခဲ့သလဲဆိုသည်ကိုမူ ယုံကြည်ရန် ခက်ခဲနေဆဲပင်။ ထို့ကြောင့် သူသည် ထိုလိပ်ခွံမှာ အစစ်အမှန် ဟုတ်၊မဟုတ်ကိုမူ သေသေချာချာ အတည်ပြုရဦးမည် ဖြစ်သည်။