← Chapters

ဒီလောက်ပဲလား

Vol. 86-89 Ch. 1330

ဒီလောက်ပဲလား

Vol. 86-89 Ch. 1330

*ဟမ်*

ဝူချီဖုန်း ချက်ချင်း မျက်မှောင်ကြုတ်သွားမိသည်။ သူ သံကြိုးသံ ခပ်သဲ့သဲ့ကို သေချာပေါက် ကြားလိုက်ရပါသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*အဲ့ကောင် တစ်စစီ ဖြစ်သွားသင့်တာ ကြာနေပြီပဲ၊ ဒီလို လှုပ်ရှားမှုမျိုး ဖြစ်မလာနိုင်ပါဘူး*

ထို့နောက် သူ့သားကို သူ ပြန်ကြည့်လိုက်သည်။

“ခုနက မင်း သံကြိုးသံ ကြားလိုက်လား”

“သံကြိုးသံလား မကြားပါဘူး”

ဝူကျောယိုက ခေါင်းခါလိုက်ပြီး ပဟေဠိ ဖြစ်ဟန် ပေါ်လာသည်။

“ကျွန်တော် သေနတ်သံတွေပဲ ကြားနေရတာပါ”

ဟဲရှုကလည်း မျက်မှောင်ကြုတ်၍ ဝင်ပြောလေသည်။ ဝူချီဖုန်း စိတ်ပျက်လက်ပျက် အကြည့်လွှဲလိုက်မိသည်။

*ဒီအရူးနှစ်ကောင်ကို မေးလည်း အလကားပဲ*

သူ ချက်ချင်း လက်မြှောက်၍ အမိန့်ပေးလိုက်သည်။

“ရပ်”

ယဲ့ဖန် ရှိနေသော နေရာ၌ မီးခိုးငွေ့များနှင့် ပြည့်နှက်နေပြီး ကတ္တရာလမ်းမပေါ်တွင် ကျည်ဆံရာများနှင့် ပြည့်နေ၏။ မလှမ်းကမ်းမှ သစ်ပင်များတွင်လည်း ကျည်ဖောက်ရာများ ရှိနေပြီး ရပ်ထားသော ကားများတွင်လည်း အပေါက် များနှင့် အစင်းရာများ ရှိနေလေသည်။

ဝူချီဖုန်းက နားစွင့်၍ ဂရုတစိုက် နားထောင်လိုက်သည်။

“အဖေ စဉ်းစားမနေပါနဲ့၊ ဒီလို ပစ်ခတ်မျိုးကို အဖေတောင် မခံနိုင်တာ၊ သူဆို ပိုဆိုးတာပေါ့၊ သူ့ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ကျွန်တော်တို့ကြောင့် ပျက်စီးသွားပြီလို့ ထင်တာပဲ”

ဝူကျောယိုက ပေါ့ပျက်ပျက် ပြောလိုက်သည်။ ယဲ့ဖန်ကို သူ မနှိပ်စက်နိုင်သော်လည်း အသေသတ်လိုက်နိုင်သည် မဟုတ်ပါလော။

“ဟုတ်တယ် ဦးလေး အဲ့ကောင် ပြာတောင် ဖြစ်နေလောက်ပြီ”

ဟဲရှုကလည်း ရယ်နေ၏။ လူတိုင်း ထိုသို့ ဖြစ်မည်ဟု ထင်နေကြသည်။ ဤပစ်ခတ်မှုမျိုးအား ဝူချီဖုန်းပင် ခုခံနိုင်စွမ်း မရှိချေ။ ထိုလူငယ်လေး ပြာမဖြစ်သွားမှသာ ထူးဆန်းပေလိမ့်မည်။

လက်ရှိတွင် သူတို့၏ မျက်နှာ၌ သရော်ဟန်များ ပေါ်နေသည်။ ယဲ့ဖန်က ဝူချီဖုန်းအပေါ် မဟုတ်တမ်းတရားများ ပြောခဲ့သည့်အတွက် သူက အလွန် ထူးချွန်လွန်းသည်ဟု သူတို့ တွေးမိသော်လည်း  ဝူချီဖုန်း ရောက်လာသည်နှင့် သူ ချက်ချင်း အသတ်ခံလိုက်ရသည်။

*အဓိပ္ပာယ် မရှိလိုက်တာ*

ပို၍ ထင်ရှားသောအချက်မှာ ဝူချီဖုန်းကိုယ်တိုင် မတိုက်ခိုက်ရသေးခင်မှာပင် သူ သေသွားခြင်း ဖြစ်သည်။

*ဒီလောက်လေးနဲ့ ဝူချီဖုန်းကို စိန်ခေါ်ရဲတယ်ပေါ့လေ၊ ရယ်တောင် မရယ်နိုင်တော့ဘူး*

“အဘိုးကြီး ခင်ဗျားလို အသုံးမကျတဲ့ကောင်က ငါနဲ့ ရန်သူ လာလုပ်မှတော့ အခု မင်း ဇာတ်သိမ်းရပြီ”

ဝူကျောယိုက ဟွမ်ထျန်းချန်အား ခက်ထန်သော အကြည့်များဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူ့မျက်လုံး၌ စိတ်လှုပ်ရှားဟန်များ ပေါ်လွင်နေသည်။ ယဲ့ဖန် သေသွားသော်လည်း သူ နှိပ်စက်ရန် ဟွမ်ထျန်းချန် ကျန်နေ သေးသည် မဟုတ်ပါလော။ ဟွမ်ထျန်းချန်ကို ဒုက္ခိတဖြစ်အောင် သူ နှိပ်စက်ချင်သေးသည်။

“ဖြောင်း ဖြောင်း …”

ထိုအခိုက်တွင် သံကြိုးသံများ ထပ်မံ ထွက်ပေါ်လာ၏။ ယခုတစ်ခေါက်တွင် ဝူချီဖုန်းသည် လေအေးကို ရှူသွင်းလိုက် မိသကဲ့သို့ ဖြစ်သွားပြီး ခေါင်းမွေးထောင်ကာ တထောင်းထောင်း ထနေသော ယမ်းမီးခိုးငွေ့များအား မယုံသလို ကြည့်နေမိသည်။ မီးခိုးငွေ့များကို ဖောက်ထွင်းမြင်ရပြီးနောက် သူ့မျက်လုံးတွင် ကြောက်စိတ် ပေါ်လာ၏။

ဝူချီဖုန်း၏ အမူအရာနှင့် အပြုအမူကိုကြည့်ပြီး လူတိုင်း မှင်တက်သွားကြသည်။ အဘယ်ကြောင့် ဝူချီဖုန်း စိတ်ရှုပ်ထွေးနေမှန်း သူတို့ မသိကြချေ။ ထိုအကြည့်က သရဲသဘက်ကို တွေ့နေရသလိုပင်။

“ဖြောင်း”

ထိုစဉ် သံကြိုးသံက ရှင်းလင်းစွာ ထွက်ပေါ်လာသဖြင့် လူတိုင်း သေချာကြားလိုက်ရသည်။

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ဝူချီဖုန်းသည် သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်ဟန်ဖြင့် ထအော်လေသည်။

*ဒီကောင် အသက်ရှင်နေသေးတာလား*

“တကယ် သံကြိုးသံ ရှိနေတာပဲ၊ ဟိုကောင် အသက်ရှင်နေသေးတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလောက် ကြောက်စရာကောင်းတဲ့ ပစ်ခတ်မှုက အားလုံးကို အမှုန့်ဖြစ်သွားနိုင်တာကို”

ဝူကျောယို တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာ ပြာနှမ်းလာ၏။ ဤနေရာ၌ ရှိနေသည့် လူချမ်းသာများ သည်လည်း လည်မျိုအညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဒေါက် ဒေါက် ဒေါက်”

ချက်ချင်းဆိုသလိုပင် ခြေသံများနှင့် သံကြိုးသံများ ပြိုင်တူ ထွက်ပေါ်လာသည်။ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယမ်းမီးခိုးငွေ့များ ကြားမှ နတ်ဆိုးသဖွယ် ထူးဆန်းသော ပုံရိပ်တစ်ခုက အရိုးကွဲမတတ် အေးစက်သော မျက်နှာထားနှင့်အတူ ထွက်လာလေသည်။

“မသေဘူးလား၊ မင်း ဘာလို့ ဒီလို မသေရတာလဲ”

လူတိုင်း ကြက်သေ သေနေကြသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က သံမဏိများဖြင့် ပြုလုပ်ထားလေသလားဟု သူတို့ သံသယ ဝင်လာ၏။ ဤသို့သော ပစ်ခတ်မှုမျိုးမှ ဘာမှမဖြစ်ဘဲ ရှိနေသည်က ပုံမှန် မဟုတ်ချေ။

“မင်း ပြီးပြီလား၊ ဒါဆို အခု ငါ့အလှည့်ပဲ”

ငါ့အလှည့်ဟူသော စကားအဆုံး၌ ယဲ့ဖန်၏ လက်ထဲမှ နတ်ဘုရား သံကြိုးနှစ်ချောင်းက ကောင်းကင်ယံသို့ ပြိုင်တူ မြောက်တက်သွားသည်။

“ဖြောင်း”

ထိုနတ်ဘုရား သံကြိုး၌ နတ်စွမ်းအင်များ ရှိနေပုံ ရသည်။ ယင်းသည် ကောင်းကင်ယံသို့ မြောက်တက်သွားသည်နှင့် စစ်ရဟတ်ယာဉ် နှစ်စီးကို ရိုက်ချသွားသည်။

“ဝုန်း ဝုန်း”

စစ်ရဟတ်ယာဉ် နှစ်စီး ပြိုင်တူ ပေါက်ကွဲသွားပြီး လေထဲမှနေ၍ အပိုင်းအစများ လွင့်စဉ်ကျလာသည်။ ထို့နောက် ယဲ့ဖန်သည် ဝူချီဖုန်းထံသို့ ပြေးတက်လာပြီး သူတို့သားအဖအား ဓားသဖွယ် စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့် နေလေသည်။

သူ့ရည်ရွယ်ချက်က သိသာပေသည်။ အပြုအမူက အလွန် ကြမ်းကြုတ်၍ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ငလျင်ပင် လှုပ်လိုက်သည်။

သူတို့အရှေ့မှလူသည် တစ်ခုခု ပူးနေသလို ထင်မှတ်ရသည်။ ခြေလှမ်းတိုင်းက တောတောင်တို့အား တုန်ခါစေပြီး အရှိန်အဝါ၌ မုန်းတီးရိပ်များ ပြည့်နှက်နေ၏။

“သူ့ကိုတား၊ သူ့ကို မြန်မြန်တား”

ဝူကျောယို ခေါင်းမွေးထောင်သွားပြီး အလန့်တကြား‌ အော်ဟစ်လေသည်။ ယဲ့ဖန်၏ မျက်လုံးထဲတွင် သူ မဖော်ပြတတ်သော လူသတ်ချင်စိတ်ကို မြင်နေရသည်။ သူသည် မိစ္ဆာတစ်ကောင်နှင့် တူနေပြီး ယခု ရူးသွပ်နေ လေပြီ။

ယဲ့ဖန်၏ ခက်ထန်မှုနှင့် သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများကြောင့် လူတိုင်း ထိတ်လန့် ကြောက်ရွံ့လာကြသည်။

“ကျွီ ကျွီ ကျွီ”

တင့်ကားသုံးစီး၏ ပြောင်းဝက ယဲ့ဖန်ကို ပြိုင်တူ ချိန်လာသည်။ ကမ္ဘာ့ဖျက်ဆီးရေး တင့်ကားသည် ဘုရင်အဆင့် များကို တိုက်ခိုက်ရန် အထူးသီးသန့် တီထွင်ထားသော တင့်ကား ဖြစ်သည်။ ၎င်း၏ သေစေနိုင်စွမ်းက အံ့ဩစရာ ကောင်းလှသည်။ ၎င်းဖြင့် ပစ်ခတ်လိုက်လျင် အရာအားလုံး ပျက်စီးနိုင်ပေသည်။

“ပစ်”

ဝူချီဖုန်း၏ မျက်နှာသည် အညှာအတာ ကင်းမဲ့နေ၏။

*ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီမျိုးမစစ်ကောင်ကို အသက်ရှင်လျက် ထွက်သွားခိုင်းလို့ မဖြစ်ဘူး*

ယဲ့ဖန်သည် သူ့အား ကြက်သီးထအောင် ပြုလုပ်နိုင်သည့် ပုန်းကွယ်နေသော အန္တရာယ် ဖြစ်သည်။

“ဒုန်း”

တင့်ကားဖြင့် ပစ်သံ ထွက်ပေါ်လာသည်။ ပြောင်းဝမှ လောကကို စုတ်ဖြဲနိုင်သည့် ခန့်မှန်းမရသော စွမ်းအင်များ ပါဝင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖန်အား ပစ်ခတ်လေသည်။

ထိုစဉ် အလင်းတန်း ရှေ့၌ ရှိနေသော ယဲ့ဖန်သည် လူတိုင်း ထိတ်လန့်သွားစေမည့် အံ့ဩဖွယ်ကောင်းသော လှုပ်ရှားမှုကို ပြုလုပ်လာ၏။

သူသည် လက်ကို အသာမြှောက်၍ အလင်းတန်းကို ရိုက်ချလိုက်သည်။

“ဖြောင်း”

ထိုအသံနှင့်အတူ အလင်းတန်း ချက်ချင်း ကြေမွသွားသည်။ သူ့ပုံစံက သက်တောင့်သက်သာ ရှိကာ လွယ်ကူ လွန်းသည်။ အနားလာပျံသန်းနေသည့် ယင်ကောင်ကို ရိုက်ထုတ်လိုက်သလိုပင်။ အလွန် အထင်သေးဟန်လည်း ပေါ်နေသည်။

လူတော်တော်များများသည် ကိုယ့်ဆံပင် ကိုယ်ပြန်ဆွဲကာ ရူးမတတ် ဖြစ်နေကြသည်။ ဤမြင်ကွင်းကြောင့် သူတို့ နှလုံး ပေါက်ကွဲမတတ် ဖြစ်နေ၏။

*လက်တစ်ချက်လှုပ်လိုက်ရုံနဲ့ ဒီတားမရနိုင်တဲ့ တင့်ကားနဲ့ ပစ်လိုက်တဲ့ အလင်းတန်းက ချက်ချင်း ပျက်စီး သွားတာလား*

*ဒီလူ … သူ လူမှ ဟုတ်သေးရဲ့လား*

ထို့နောက်တွင်မူ ယဲ့ဖန်က လွှားခနဲ ခုန်လွှား၍ ကမ္ဘာ့ဖျက်ဆီးရေး တင့်ကားထံသို့ ဝင်ရောက်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဒုန်း”

ကမ္ဘာ့ ဖျက်ဆီးရေး တင့်ကားတစ်စီးလုံး ပျက်စီးကာ ချက်ချင်း တစ်စစီ ဖြစ်သွားလေသည်။ လူတိုင်း သူတို့ အမြင်မှားလေသလားဟု တွေးနေမိသည်။

*တစ်စီးတစ်စီးကို ခေါင်ခိုက်နေတဲ့ တန်ကြေးရှိတဲ့ ကမ္ဘာ့ ဖျက်ဆီးရေးတင့်ကား၊ အကောင်းစား သံမဏိများဖြင့် ပြုလုပ်ထားပြီးတော့ ဘုရင်အဆင့်က ဖျက်ဆီးချင်ရင်တောင် ဖျက်ဆီးမရတဲ့ တင့်ကားလေ*

*ဒါကို ဒီလူက လက်သီးနဲ့ တစ်ချက် ထိုးလိုက်ရုံနဲ့ ပျက်စီးသွားတာလား*

*တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာ*

*ကြောက်ဖို့ကောင်းလွန်းတယ်*

*ဒီလူက နတ်ဆိုးလိုပဲ*

“ဒုန်း”

ယဲ့ဖန်၏ လက်သီးချက်ကြောင့် နောက်ထပ် တင့်ကားတစ်စီး ပေါက်ကွဲသွားပြန်သည်။

“ဒုန်း ဒုန်း ဒုန်း”

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လမ်းတစ်ဖက်တစ်ချက်မှ စစ်ဘက်သုံး မော်တော်ယာဉ်များအားလုံး ပျက်စီးသွားလေသည်။ မည်သည့် ယာဉ်ကမှ သူ့လက်သီးချက်ကို မခုခံနိုင်ပါ။

ဤမြင်ကွင်းက လူတိုင်းကို သွေးပျက်သွားစေသည်။

*ဒီစစ်သေနတ်လိုလူက ဘယ်သူလဲ*

သူတို့ကို ကြောက်လန့်စေသည့် ယာဉ်များက လူယောင်ဆောင်ထားသော မိစ္ဆာဟု ထင်မှတ်ရသည့် ယဲဖန်နှင့် တွေ့သောအခါ အားနည်းလွန်းနေပြီး စက္ကူကျားလိုပင်။

တစ်စီး၊ ဆယ်စီး၊ နောက်ဆုံးတွင် မော်တော်ယာဉ်များအားလုံး ပျက်စီးပေါက်ကွဲသွား၏။ လက်ရှိတွင် ယဲ့ဖန်သည် ဝူချီဖုန်းနှင့် သူ့သားရှေ့သို့ ရောက်နေသည်။ လေထု အပူချိန်က သုညမှတ်သို့ ထိုးကျသွားသည်။ အရာအားလုံး တိတ်ဆိတ်ကာ လူတိုင်း မှင်တက်နေသည်။

*လူတစ်ယောက်တည်းနဲ့ စစ်တပ်ကို ဖြိုထားလား*

ထောင်ချီသော စစ်သားများလည်း ယဲ့ဖန်ကို ကြောက်လန့်နေကြပြီး သေနတ်နှင့်ပစ်ရန် မေ့နေကြသည်။ သူတို့ အထင်သေးရာမှ ကြောက်လန့်လာသည်။ မဖြစ်နိုင်ဟု၍ ရယ်မောခဲ့ကြပြီးမှ ငြိမ်ဝပ်သွားလေသည်။

လက်ရှိတွင် လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေပြီး အလွန်အမင်း ကြောက်ရွံ့နေ၏။ သူတို့သည် ဤမိစ္ဆာကောင်က ဝူချီဖုန်းကို သတ်နိုင်လေမလားဟုပင် တွေးမိလာကြသည်။

“မင်း … မင်း ဘာကောင်လဲ”

ဝူချီဖုန်း အံကြိတ်၍ မေးလိုက်သည်။ သူ့မျက်နှာ အလွန်အမင်း မည်းမှောင်နေ၏။ သူသည် စစ်သားတို့၏ ဘုရင် ဝူချီဖုန်း ဖြစ်ပြီး ရှုကျိုး၏ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်ဖြစ်ကာ အနာဂတ်၌ စစ်နတ်ဘုရား ဖြစ်လာရန် အလားအလာ ရှိသူ ဖြစ်သည်။

သို့သော် ဤလက်ရွေးစင်အဖွဲ့နှင့် ရင်ဆိုင်ရလျင် သူ ယဲ့ဖန်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်မည် မဟုတ်သလို လက်နက် အပြည့်အစုံ ပါသော ယာဉ်များကို သူတစ်ယောက်တည်း ဖျက်ဆီးနိုင်မည် မဟုတ်မှန်း သိနေ၏။

*ဒီကောင်က လုံးဝ လူမဟုတ်ဘူး*

“အရေးမပါတာတွေ ပြောမနေနဲ့ သေလိုက်တော့”

ယဲ့ဖန်က သူ့အား အေးစက်စွာ ကြည့်နေပြီး မလိုသော စကားများ ပြောချင်စိတ် ရှိပုံမရဘဲ ဝူချီဖုန်းအား တန်း၍ ထိုးနှက်လိုက်သည်။

“သေချင်နေတာပဲ”

ဝူချီဖုန်း ဒေါပွသွားသည်။ မည်သူမှ သူ့ကို ဤသို့ အထင်မသေးရဲချေ။ ယဲ့ဖန်၏ မောက်မာမှုက သူ့အား အတော်လေး ထိခိုက်စေသည်။

ထို့နောက် ဝူချီဖုန်းသည် လက်တစ်ဖက်ကို လှုပ်လိုက်သောအခါ လက်ထဲ၌ လှံရှည်တစ်လက် ပေါ်လာပြီး ၎င်းကိုယ်ထည် တစ်ခုလုံးတွင် နတ်ဘုရား သင်္ကေတများ ထွင်းထုထားသည်။ ယင်းသည် ထက်ရှသော လက်နက် ဖြစ်ပြီး သူ၏ ဆရာဖြစ်သူကိုယ်တိုင် သူ့အတွက် ကိုယ်တိုင် ထုလုပ်ထားခြင်း ဖြစ်ကာ ပြိုင်စံရှားပေသည်။

ပြီးနောက် သူသည် လှံရှည်ဖြင့် ဒေါသတကြီး အရှေ့သို့ ဆန့်တန်း၍ ယဲ့ဖန်၏ လက်သီးကို ထိုးစိုက်လေသည်။ မှော်လက်နက်ဖြင့် ယဲ့ဖန်၏ လက်သီးကို တိုက်ခိုက်လျင် ယဲ့ဖန် မသေနိုင်ဟု သူ မယုံကြည်ပါ။ ထိုအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

*ယဲ့ဖန်က လက်နက်ကို လက်နဲ့ တကယ် ချမလို့လား၊ သူ့ကိုယ်သူ ဖျက်ဆီးမရနိုင်ဘူးလို့များ ထင်နေတာလား*

သူတို့စိတ်ထဲမှ ထိတ်လန့်စိတ်အား ယဲ့ဖန်၏ မောက်မာ၍ ရူးမိုက်သော အပြုအမူက လွှမ်းခြုံသွားသဖြင့် သူတို့ မျက်နှာတွင် အထင်သေးဟန်များ ပေါ်လာ၏။

သူသာ သေချာ တိုက်ခိုက်မည်ဆိုလျင် တကယ်ပင် အံ့ဩစရာ တစ်ခုကို ဖန်တီးနိုင်ပြီး ဝူချီဖုန်းအား အနိုင်ယူ နိုင်လောက်သည်။

*ဒီကောင်က တော်တော် သွေးကြီးတာပဲ၊ ဝူချီဖုန်းရဲ့ နဂါးလှံရှည်ကိုတောင် လက်သီးနဲ့ ထိုးချင်နေတယ်*

ဝူချီဖုန်း၏ နဂါးလှံရှည်အား သူတော်စင်သခင်အဆင့်ဖြစ်သော သူ့ဆရာမှ ကိုယ်တိုင် ပြုလုပ်ပေးထားခြင်း ဖြစ်ပြီး အစွမ်းက ခန့်မှန်းမရပေ။ သူတော်စင်သခင်အဆင့်ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်သည်ဟု ပြောကြသည်။

*လက်သီးနဲ့ထိုးတာက သူ့အတွက် သေလမ်းရှာသလို ဖြစ်မနေဘူးလား*

လက်ရှိတွင် ဝူကျောယိုနှင့် ဟဲရှုတို့ကလည်း ထီမထင်ဟန် ပြုံးလာကြပြီး ယဲ့ဖန်၏ လက်သီး ကြေမွသွားမည်ဟု မြင်ယောင်နေ၏။

“ဝုန်း”

နှစ်ဘက်လုံး၏ တိုက်ခိုက်မှု တွေ့ဆုံသွားလေသည်။ ဝူချီဖုန်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ဤလူငယ်လေးက အဆုံးအထိ လက်သီးကို မရုတ်ဘဲ နေလိမ့်မည်ဟု သူ ထင်မထားမိပါ။

*သူ တကယ် ထိပ်တိုက်တွေ့တာပဲ*

*ဒီလိုဆိုရင် သူ့လက် ပျက်စီးမသွားဘူးလား*

ထိုသို့စဉ်းစားမိပြီးနောက် ဝူချီဖုန်း မချိုမချဉ် ပြုံးလိုက်သည်။ သို့သော် နောက်ဆက်တွဲအဖြစ်က သူ့အပြုံးအား အေးခဲသွားစေသည်။

“ဂျွတ်”

မသဲမကွဲအသံတစ်သံက မိုးခြိမ်းသံအလား ထွက်ပေါ်လာပြီး နဂါးလှံရှည်၏ ထိပ်ပိုင်း ပျက်စီးသွားသည်။

“ဂျွတ် ဂျွတ်”

နဂါးလှံရှည်၏ အလယ်ပိုင်း ကြေမွသွားပြန်သည်။ ယဲ့ဖန်က ခက်ထန်သော မျက်လုံးများဖြင့် ဝူချီဖုန်းကို စူးစိုက် ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက်ပဲလား”

All Chapters