အခန်း (၇၆၁-၇၆၂)
Vol. 55 Ch. 761-762
အပိုင်း ၇၆၁ - နက်နဲသောနတ်သမီးနွယ်ပင်
ဟန်လိက စဉ်းစားခန်းဝင်နေစဉ်မှာပင် ဝေဝူယာထံမှ ရှည်လျားသော သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။
ဝေဝူယာသည် လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို အလင်းတစ်ချက်အတွင်း သိမ်းဆည်းလိုက်ပြီး ဝမ်းသာအားရ ပြောလာသည်။
"မဆိုးဘူး။ ဒါက တကယ်ပဲ အသွင်ပြောင်းပြီးသား အဆိပ်နဂါးရဲ့ အကြေးခွံတွေပဲ။ ကျုပ်အတွက်တော့ အင်မတန် သင့်တော်တာပေါ့။ ကျုပ်ရဲ့ မှော်ရတနာကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီ"
ထို့နောက် သူက ခေါင်းမော့ကာ ဟန်လိကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး... "အမှန်အတိုင်း ပြောရရင် မိတ်ဆွေက ဒီလို ရှားပါးရတနာတွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ကျုပ် လုံးဝ မထင်ထားမိဘူး။ ဒီအဆိပ်နဂါး အကြေးခွံတွေက ကျုပ်အတွက် အထူးပဲ အရေးကြီးပါတယ်။ ကျုပ်တို့ဟာ လိုအပ်တာချင်း လဲလှယ်ခဲ့ကြတာ မှန်ပေမဲ့ မိတ်ဆွေဟန်က ကောင်းကင်တောင်ပိုင်းကိုယ်စား လောင်းကြေးတိုက်ပွဲမှာ ပါဝင်ပေးရဦးမှာပဲလေ။ ဒါကြောင့် ဒီလိုလုပ်ကြရအောင်... ကျုပ်ဆီမှာ နောက်ဆုံးကျန်နေတဲ့ ရွှေအနှစ်သာရ အတုံးလေး တစ်တုံး ရှိသေးတယ်။ အစကတော့ ဒါကို ကျုပ်ရဲ့ မျိုးဆက်တွေကို ပေးဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ မိတ်ဆွေဟန် လိုအပ်နေတယ်ဆိုမှတော့ ခင်ဗျားကိုပဲ ပေးလိုက်ပါ့မယ်။ အဲ့ဒါမှ ကျုပ်က ခင်ဗျားအပေါ် အမြတ်ထုတ်တယ်လို့ အပြောမခံရမှာ မဟုတ်လား"
သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြက်ဥအရွယ်ခန့်ရှိသော ရွှေအနှစ်သာရ အတုံးတစ်တုံး ပေါ်လာပြီး ဟန်လိထံသို့ ပစ်ပေးလိုက်တော့သည်။
ဤ ရွှေအနှစ်သာရ အတုံးကိုပါ ရရှိလိုက်သဖြင့် သူ၏ ပျံသန်းဓား သုံးဆယ့်ခြောက်လက်ကို အားဖြည့်ရန်အတွက် လုံလောက်သည်ထက် ပိုသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရှားပါးပစ္စည်းများ ထုတ်ပြခဲ့သည့် ရည်ရွယ်ချက်မှာလည်း အောင်မြင်သွားခဲ့လေပြီ။ အမှန်အတိုင်းဆိုရလျှင် အဆင့်ရှစ် နတ်ဆိုးပစ္စည်းများသည် ရွှေအနှစ်သာရထက် ပို၍ပင် တန်ဖိုးရှိလှပေသည်။ အကယ်၍ သူတို့က ထိုပစ္စည်းများကို ယူပြီး အခြားဘာမှ ထပ်မပေးဘဲ လောင်းကြေးတိုက်ပွဲတွင်သာ တိုက်ခိုက်ခိုင်းမည်ဆိုပါက အတော်လေး မတရားရာ ကျပေလိမ့်မည်။
သေချာသည်မှာ သူတို့က ဟန်လိအပေါ် ယခုကဲ့သို့ ရက်ရက်ရောရော ပြုမူလာခြင်း၏ ရည်ရွယ်ချက်မှာ ထင်ရှားလှသည်။ သူသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ရွှေအနှစ်သာရကို ယူပြီးမှ သဘောတူချင်ယောင်ဆောင်ကာ ထွက်ပြေးသွားခဲ့လျှင် သူတို့အနေဖြင့် မကျေမနပ် ညည်းညူရုံမှလွဲ၍ ဘာမှ တတ်နိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် တာအိုသခင်နေဝန်းရှင်သည် ပစ္စည်းကို စစ်ဆေးပြီးသွားပြီ ဖြစ်သဖြင့် သူ၏ မျက်နှာတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ သူသည် လိပ်ခွံအပေါ် အတော်လေး စိတ်ကျေနပ်မှု ရှိပုံရ၏။ သို့သော်လည်း ဝေဝူယာက ဟန်လိကို နောက်ထပ် ရွှေအနှစ်သာရ တစ်တုံး ထပ်ပေးလိုက်သည်ကို မြင်သည့်အခါ သူသည် ခေတ္တမျှ တွေဝေသွားပြီးမှ လက်မခန့် အထူရှိပြီး ခြောက်လက်မခန့် ရှည်လျားသော ဝါကျင့်ကျင့် အမြစ်ပိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။
တာအိုသခင်နေဝန်းရှင်က လေးနက်စွာ ပြောလာသည်။
"မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကနေ လျှံထွက်နေတဲ့ သစ်သားဓာတ် ဝိညာဉ်ချီတွေအရ ခင်ဗျားရဲ့ အဓိက ကျင့်စဉ်ဟာ သစ်သားဓာတ် ဖြစ်မယ်လို့ ကျုပ် ယူဆပါတယ်။ ကျုပ်ဆီမှာတော့ ခင်ဗျားကို ပေးဖို့ အသင့်တော်ဆုံး ပစ္စည်းဆိုလို့ ဘာမှ မရှိပေမဲ့၊ ရှေးဟောင်း ကြိမ်နွယ်ပင်ရဲ့ အမြစ်ပိုင်းလေးတစ်ခုတော့ ပေးနိုင်ပါတယ်။ ဒါကို ခင်ဗျားရဲ့ မှော်ရတနာ သန့်စင်တဲ့နေရာမှာပဲ သုံးသုံး၊ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲက သစ်သားဓာတ် ဝိညာဉ်ချီတွေကို အားဖြည့်တဲ့နေရာမှာပဲ သုံးသုံး အများကြီး အသုံးဝင်မှာပါ။ အဆင့်ရှစ် နတ်ဆိုးလိပ်ခွံအတွက် ဒါက အစားပြန်ပေးဖို့ လုံလောက်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်"
ဝေဝူယာသည် ထိုပစ္စည်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သော အမူအရာ ပေါ်လာပြီး... "အာ! ဒါက..." ဟု အသံထွက်သွားတော့သည်။
ဟန်လိမှာ အစကတော့ စိတ်ပျက်သွားသော်လည်း ဝေဝူယာ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လှုပ်ခတ်သွားသည်။ ရှေးဟောင်း ကြိမ်နွယ်ပင် ဟုတ်လား။ ဒါက လမ်းမှန်နှင့် မိစ္ဆာတာအိုတို့က ဝိညာဉ်မြစ်အပင်၏ဝတ်ရည်နှင့် အသက်ပြန်သွင်းရန် ကြိုးစားနေကြသည့် နက်နဲသောနတ်သမီးနွယ်ပင်များ ဖြစ်နေမလား။ ဟန်လိသည် သူ၏ လက်ထဲရှိ ပစ္စည်းကို အံ့ဩစွာဖြင့် ငေးကြည့်လိုက်မိသည်။
ဝေဝူယာက ဤပစ္စည်းကို မှတ်မိသွားသည့်အပေါ် တာအိုသခင်နေဝန်းရှင်သည် အံ့အားမသင့်ပေ။ သူက တည်ငြိမ်စွာပင် ပြောလာသည်။
"အစ်ကိုဟန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလောကမှာ ပေါ်လာခဲ့တဲ့ နက်နဲသောနတ်သမီးနွယ်ပင်အကြောင်း သိထားသင့်ပါတယ်။ နှမြောစရာကောင်းတာက ကျုပ်တို့ ဘယ်လိုပဲ ကြိုးစားကြပါစေ ဒါကို အသက်ပြန်မသွင်းနိုင်ခဲ့တာပါပဲ။ အဆုံးမှာတော့ ကျုပ်တို့က ဒီနွယ်ပင်အပိုင်းအစတွေကို မိစ္ဆာတာအိုနဲ့ အညီအမျှ ခွဲဝေယူခဲ့ကြပြီး မှော်ရတနာ သန့်စင်တဲ့ ပစ္စည်းတွေအဖြစ်ပဲ သတ်မှတ်လိုက်ကြရတယ်။ ဒါက အဲ့ဒီနွယ်ပင်ရဲ့ အမြစ်ပိုင်း လေးပုံတစ်ပုံပါပဲ"
"နက်နဲသောနတ်သမီးနွယ်ပင်"
ဟန်လိသည် ဝါကျင့်ကျင့် အမြစ်ပိုင်းကို လှမ်းဖမ်းလိုက်ပြီး အံ့ဩစွာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
ဟန်လိသည် နက်နဲသောနတ်သမီးနွယ်ပင်အကြောင်းကို ရှေးဟောင်းမှတ်တမ်းများစွာမှတစ်ဆင့် သိရှိထားခဲ့ပြီး ဖြစ်သည်။ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့က ဘာကြောင့် ၎င်းကို အသက်ပြန်သွင်းရန် ကြိုးပမ်းနေကြသနည်းဆိုသည်ကို သူ ယခုမှ နားလည်သွားတော့သည်။
အင်မောတယ်ကြိမ်နွယ်ပင် ဆိုသည်မှာ ထိုကဲ့သို့သော အပင်များအတွက် ယေဘုယျ သုံးနှုန်းသည့် အမည်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ အသုံးဝင်သော နွယ်ပင်အမျိုးအစား ဝိညာဉ်မြစ်များသာ ဖြစ်၏။
သို့သော် နက်နဲသောနတ်သမီးနွယ်ပင်ကမူ တခြားစီပင်။ အလွန်ရှားပါးလှသော ရှေးဟောင်း ကြိမ်နွယ်ပင် အနည်းငယ်သာ 'နက်နဲသော' ဟူသည့် ဘွဲ့မည်နှင့် ထိုက်တန်ကြသည်။ နက်နဲသော နွယ်ပင်များသည် လုံးဝ ခြားနားသည့် အဆင့်အတန်းတစ်ခုတွင် ရှိကြပြီး ရှေးပဝေသဏီ ကာလကတည်းက ဖြစ်တည်လာခဲ့ကြခြင်းပင်။ ထို့ကြောင့် ၎င်းတို့မှ ထွက်ရှိသည့် အသီး သို့မဟုတ် အပွင့်များသည် မည်သူမျှ မခန့်မှန်းနိုင်သော၊ ကောင်းကင်ကိုပင် ဖိဆန်နိုင်သည့် အာနိသင်များ ရှိကြပေသည်။
သို့သော်လည်း နက်နဲသောနတ်သမီးနွယ်ပင်သည် ထိုကဲ့သို့ အံ့ဩဖွယ် စွမ်းအင်များ ရှိသည့် အပင်မျိုး ဖြစ်သော်လည်း လွန်ခဲ့သော ကာလရှည်ကြာကတည်းက ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်ရာ ၎င်း၏အပြင်ပိုင်းအသွင်မှာ အခြားသာမန် ကြိမ်နွယ်ပင် များနှင့် ခွဲခြားရန် ခက်ခဲလှသည်။ ၎င်းကို ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းကျင့်ကြံသူတစ်ယောက်၏လှိုဏ်ဂူထဲ၌ ထိုအကြောင်းနဲ့ပတ်သက်၍ ရှင်းပြချက်သာ ကျန်ရှိမနေခဲ့ပါက ၎င်းကို သာမန်နွယ်ပင်အခွံတစ်ခုအဖြစ်သာ မှတ်ယူကြပေလိမ့်မည်။
အစပိုင်းတွင် ၎င်းကို တန်ဖိုးဖြတ်မရသော ရတနာတစ်ခုအဖြစ် လူတိုင်းက ယုံကြည်ခဲ့ကြသည်။ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့သည်ပင် ၎င်းကို ပိုင်ဆိုင်နိုင်ရန်အတွက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ နောက်ပိုင်းတွင်မှ လမ်းမှန်နှင့် မိစ္ဆာတာအို၏ ထိပ်တန်း ခေါင်းဆောင်များသည် ဤနွယ်ပင်ကို အသက်ပြန်သွင်းနိုင်၊ မသွင်းနိုင်ကို အရင်ဆုံး စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။ ဘာပဲဖြစ်ဖြစ် အကယ်၍ အသက်ပြန်ရှင်လာခဲ့လျှင်ပင် အသီး သို့မဟုတ် အပွင့်များ ရရှိရန်အတွက် နှစ်ပေါင်း သောင်းနှင့်ချီ၍ စောင့်ဆိုင်းရဦးမည် မဟုတ်ပါလား။
ရလဒ်အနေဖြင့် သူတို့သည် ၎င်းကို အသက်ပြန်ရှင်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြပြီး နောက်ပိုင်းတွင် ဝိညာဉ်ရေနှင့် နို့ရည်များကို အသုံးပြု၍ သွန်းလောင်းခဲ့ကြသည်။ သူတို့သည် အိမ်မက်တိမ်တိုက်တောင်တန်းရှိ ဝိညာဉ်မြစ်ပင်မှ ရရှိသော ဝိုင်ဝတ်ရည်ကိုပင် အသုံးပြုခဲ့ကြသေးသည်။ သို့သော်လည်း ထိုကြိုးစားမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ပြီး အင်မောတယ်နွယ်ပင်မှာ အသက်ပြန်ရှင်လာမည့် အရိပ်အယောင် အစအနမျှပင် မပြခဲ့ချေ။
မျှော်လင့်ချက်များ ပျောက်ကွယ်သွားသည့်အခါတွင်မူ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့သည် ၎င်း၏ ပင်စည်နှင့် အကိုင်းအခက်များကို ဆယ်ဂဏန်းကျော်သော အပိုင်းအစများအဖြစ် ခွဲဝေယူရန် ဆုံးဖြတ်ခဲ့ကြတော့သည်။ တာအိုသခင်နေဝန်းရှင်သည် လမ်းမှန်တာအိုမဟာမိတ်အဖွဲ့၏ အဓိက အကြီးအကဲ တစ်ဦး ဖြစ်သဖြင့် သူ့ကို မျက်နှာသာရလိုသူများက ဤအမြစ်ပိုင်းကို လက်ဆောင်အဖြစ် ဆက်သခဲ့ခြင်းပင် ဖြစ်သည်။
ဝေဝူယာကမူ ၎င်းကို အဘယ်ကြောင့် မှတ်မိနေသနည်းဆိုသော် သူ၏ လက်ထဲတွင်လည်း အင်မောတယ်နွယ်ပင်၏ အကိုင်းအခက် အပိုင်းအစလေးတစ်ခု ရှိနေသောကြောင့်ပင်။ ထိုပစ္စည်းမှာ ဟိုလူ့လက်ထဲ၊ဒီလူ့လက်ထဲ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ပြီးနောက် ဝေဝူယာ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နက်နဲသောနတ်သမီးနွယ်ပင်၏ အပိုင်းအစများကို အသက်ပြန်မသွင်းနိုင်မှတော့ ၎င်းတို့မှာ အကောင်းဆုံးဆိုလျှင် ထိပ်တန်းအဆင့် ပစ္စည်းများအဖြစ်သာ သုံးစွဲနိုင်တော့မည်ဖြစ်ရာ တာအိုသခင်နေဝန်းရှင်၏ အမြင်တွင်မူ တန်ဖိုးမှာ များစွာ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ သစ်သားဓာတ် ပစ္စည်းတစ်ခု ဖြစ်နေသဖြင့် သူ၏ ကိုယ်ပိုင်ကျင့်စဉ်များနှင့် မကိုက်ညီသောကြောင့် ဟန်လိကို အများကြီး စဉ်းစားမနေဘဲ ပေးလိုက်ခြင်းပင်။
ဝေဝူယာသည်လည်း တာအိုသခင်နေဝန်းရှင်၏အတွေးကို မကြာမီမှာပင် ရိပ်မိသွားသဖြင့် သူ၏ အံ့အားသင့်မှုများမှာ ပျောက်ကွယ်သွားတော့သည်။
ဟန်လိသည် ထိုနွယ်ပင်၏ ဇစ်မြစ်ကို သိရှိသွားသော်လည်း အနည်းနှင့်အများတော့ စိတ်ပျက်မိသွားသည်ပင်။
လက်ရှိတွင် သူ၏ ထံ၌ ထိပ်တန်းအဆင့် မှော်ရတနာ သန့်စင်သည့် ပစ္စည်းများ လုံလောက်စွာ ရှိနေသည်။ သူ အမှန်တကယ် လိုချင်သည်မှာ ရွှေအနှစ်သာရ ကို ပိုမို ရရှိရန်သာ ဖြစ်၏၊ ထို့ကြောင့်ပင် အဆင့်ရှစ် နတ်ဆိုးပစ္စည်းများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝါးတိမ်အုပ်ဓားများကို အားဖြည့်ရန်အတွက် အချိန်မရှိသလို၊ မှော်ရတနာအသစ်တစ်ခု သန့်စင်ရန်အတွက်လည်း ဝိညာဉ်စွမ်းအား မလောက်ငသောကြောင့်၊ ရွှေအနှစ်သာရကို မရနိုင်လျှင် ရှေးဟောင်း ရတနာများကိုသာ သူ ပို၍ အလိုရှိသည်။ သို့သော် တာအိုသခင်နေဝန်းရှင်ထံတွင် ရွှေအနှစ်သာရ အမှန်တကယ် မရှိတော့သဖြင့် အလွန်တရာ အဖိုးတန်လှသော နက်နဲသောနတ်သမီးနွယ်ပင်၏ အမြစ်ပိုင်းကို ကမ်းလှမ်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဟန်လိသည် ဘာမှ ထပ်မပြောတော့ဘဲ သေတ္တာကို ယူလိုက်ကာ အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ လက်ရှိ အစီအစဉ်မှာမူ သူ့လှိုဏ်ဂူနေအိမ်သို့ ပြန်ရောက်သည့်အခါ ဆန်းကြယ်သော ပုလင်းလေးကို အသုံးပြု၍ ဤနွယ်ပင်ကို အသက်ပြန်ရှင်လာအောင် ကြိုးစားကြည့်ရန်ပင်။ ထိုဆန်းကြယ်သော ပုလင်းလေးမှ ထွက်ရှိသည့် အစိမ်းရောင်အရည်မှာ ခန့်မှန်း၍ မရနိုင်လောက်အောင် အစွမ်းထက်လှပြီး မြင့်မြတ်သောသစ်ပင်သုံးပင်ကိုပင် ရင့်မှည့်စေနိုင်ခဲ့သည် မဟုတ်ပါလား။ ၎င်းသည် နက်နဲသောနတ်သမီးနွယ်ပင်ကို အသက်ပြန်သွင်းပေးနိုင်သည့် အံ့ဖွယ်တစ်ခုကို ဖန်တီးပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။ အခွင့်အရေးက နည်းပါးလှသော်လည်း အကယ်၍သာ အောင်မြင်ခဲ့မည်ဆိုပါက ၎င်းမှာ မယုံကြည်နိုင်လောက်သော ကံထူးမှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူ၏ အစောပိုင်းက စိတ်ပျက်မှုများမှာ ပျောက်ကွယ်သွားတော့သည်။
ဝေဝူယာနှင့် တာအိုသခင်နေဝန်းရှင်တို့ စကားဆက်မပြောနိုင်ခင်မှာပင် ဟန်လိက သက်ပြင်းချလိုက်ပြီး လိမ္မာပါးနပ်စွာ ပြောလာသည်။
"ကျုပ် ရွှေအနှစ်သာရကို ရလိုက်ပြီဆိုမှတော့ ခုနစ်ရက်အကြာမှာ ကျင်းပမယ့် လောင်းကြေးတိုက်ပွဲမှာ ကျိန်းသေ ပါဝင်ပေးပါ့မယ်။ အခုတော့ အချိန်လည်း တော်တော်နှောင်းနေပြီမို့ ကျုပ် အရင် ပြန်ပါရစေဦး။ လာမယ့်စစ်ပွဲအတွက် ကျုပ် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရဦးမယ်"
တာအိုသခင်နေဝန်းရှင်က ပြုံးလျက် ယဉ်ကျေးစွာ ဆိုလာသည်။
"မိတ်ဆွေဟန်က ဒီလောက်အထိ အလျင်လိုတတ်တဲ့သူလို့ ကျုပ် မထင်ထားမိဘူး။ ဘာပဲဖြစ်ဖြစ် စစ်ပွဲက အရေးကြီးတာမို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ချင်တာကတော့ သဘာဝပါပဲလေ။ မိတ်ဆွေကို ကျုပ်တို့ ထပ်ပြီး ဆွဲမထားတော့ပါဘူး"
ဟန်လိသည် ချက်ချင်းပင် ခေါင်းညိတ်ပြကာ သူတို့ကို ဂါဝရပြု နှုတ်ဆက်လိုက်ပြီး ခန်းမအပြင်ဘက်သို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။ သို့သော် ဟန်လိ အပြင်သို့ မရောက်မီမှာပင် ဝေဝူယာသည် သူ့ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းများကို လှုပ်ရှားလျက် အသံလွှင့်၍ ပြောလာသည်။
"မိတ်ဆွေဟန်... ဒီ အဆိပ်နဂါး အကြေးခွံတွေအတွက်ကြောင့် မိတ်ဆွေက နန်ကုန်းဝမ်ကို ခေါ်သွားတဲ့ ကိစ္စကို ကျုပ် လျစ်လျူရှုပေးလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် နတ်သမီးနန်ကုန်းနဲ့ ကျုပ်ရဲ့ တူတော်မောင်တို့ကြားမှာ ရေစက်မပါခဲ့တာဆိုတော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့လေ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟန်လိသည် သူ၏ ခြေလှမ်းများကို မရပ်တန့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ထို့နောက် သူသည် ဝမ်းသာအားရ ဖြစ်သွားမိပြီး၊ နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ ခန်းမအပြင်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ဟန်လိကို မမြင်ရတော့သည့်အခါတွင်မှ တာအိုသခင်နေဝန်းရှင်နှင့် ဝေဝူယာတို့သည် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ ကြည့်လိုက်ကြတော့သည်။
ခဏအကြာတွင် တာအိုသခင်နေဝန်းရှင်က ဖြေးညင်းစွာ ဆိုလာသည်။
"ဘယ်လို ထင်လဲ။ ဟန်လိက အဆင့်ရှစ် နတ်ဆိုးသားရဲ ပစ္စည်းတွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ကျုပ် တကယ်ကို မထင်ထားမိဘူး။ သူ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ပျောက်ကွယ်သွားခဲ့တဲ့ အချိန်အတောအတွင်းမှာ ရှေးဟောင်း ကျင့်ကြံသူတစ်ဦးရဲ့ အမွေအနှစ်အားလုံးကို ရရှိခဲ့တာများလား။ မဟုတ်ရင် သူက ဒီလောက် တိုတောင်းလှတဲ့ အချိန်အတွင်းမှာ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ကို ဘယ်လိုများ ရောက်လာနိုင်ပါ့မလဲ။ သူ့မှာ ရှိနေတဲ့ ရတနာတွေကလည်း မနည်းဘူးလေ"
ဝေဝူယာက မချိပြုံး ပြုံးကာ ပြောလိုက်သည်။
"ဖြစ်နိုင်တာပေါ့! ဒါပေမဲ့ ဒါက ကျုပ်တို့နဲ့ သိပ်မဆိုင်ပါဘူး။ ရှေးဟောင်း ကျင့်စဉ်တွေနဲ့ ရှေးဟောင်း ရတနာတွေကို အမွေဆက်ခံရတာ သူ တစ်ယောက်တည်းမှ မဟုတ်တာ။ ဒီလို ရှားပါးလှတဲ့ အခွင့်အရေးမျိုး ရတာကတော့ အင်မတန် အားကျစရာပါပဲ။ နေပါဦး... ခင်ဗျားက သူ့ရဲ့ ရတနာတွေကို လိုချင်လို့ သူ့ကို သတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။"
တာအိုသခင်နေဝန်းရှင်က တစ်ချက် ရယ်မောလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
"သူ့ကို သတ်ရမှာလား။ အစ်ကိုဝေကတော့ နောက်ပြီ။ အခုလို စစ်ဖြစ်နေချိန်မှာ မဆိုထားနဲ့ဦး၊ ငြိမ်းချမ်းနေတဲ့ အချိန်မှာတောင် အဲ့ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူ မောက်လန် နတ်ဘုရားစစ်သည်တော်လက်ကနေ လွတ်အောင် ပြေးနိုင်တဲ့ စွမ်းရည်တစ်ခုတည်းနဲ့တင် ကျုပ်အတွက်တော့ ဘာအမြတ်မှမထွက်ဘဲ ဒုက္ခရှာသလို ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့ ရတနာတွေက အဖိုးတန်တယ် ဆိုပေမဲ့ အဲ့ဒါတွေက ကျုပ်ကို နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်အောင် ကူညီပေးနိုင်လို့လား။ ပြီးတော့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရယ်၊ ဟို ကျင့်စဉ်တူတူ ကျင့်ကြံတဲ့ ဇနီးမောင်နှံကလည်း အလွယ်တကူ သွားရှုပ်လို့ရတဲ့လူစားတွေ မဟုတ်ဘူးလေ”
အပိုင်း ၇၆၂ - ဝိညာဉ်အဆောင်
ဝေဝူယာနှင့်တာအိုသခင်နေဝန်းရှင်တို့က ခန်းမအတွင်း ကျန်ရစ်ခဲ့ပြီး ဟန်လိအကြောင်း စကားစမြည် ပြောဆိုနေကြစဉ် ကာယကံရှင်ဖြစ်သူ ဟန်လိကတော့ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ မမျှော်လင့်ထားသည်မှာ တုန်ရွှမ်အာကို ပြန်လည် မြင်တွေ့လိုက်ရခြင်းပင်။
ထိုအမျိုးသမီးသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ခေါင်းငုံ့ကာ ခန်းမအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူမသည် မိစ္ဆာအိုကြီးယွန်းဖန်နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သောကြောင့် ကင်းစောင့်နေသည့် ကျင့်ကြံသူများကလည်း သူမကို လျစ်လျူရှုထားကြသည်။
ဟန်လိ ရောက်လာသည်ကို မြင်လိုက်ရသောအခါ တုန်ရွှမ်အာ၏ မျက်နှာတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားသည်။ သူမ၏ မျက်နှာတွင် စဉ်းစားရခက်သော အမူအရာတစ်ခု ပေါ်လာပြီး ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေပုံရသည်။ ထိုအမူအရာများအောက်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်လေး တစ်ခုကိုလည်း ဝိုးတဝါး မြင်တွေ့နေရသည်။
ဟန်လိကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အကျိုးအကြောင်းကို သေချာစွာ နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဟန်လိသည် သူမကို မမြင်လိုက်သည့်အလား ဘေးမှ ကျော်ဖြတ်ကာ အဝေးရှိ လမ်းမကြီးဆီသို့ ဖြေးညင်းစွာ လျှောက်လှမ်းသွားတော့သည်။ သူမကမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ထိုနေရာ၌ပင် ရပ်မြဲရပ်နေပြီး ထွက်ခွာသွားသော ဟန်လိ၏ ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်ရင်း ကျန်ခဲ့လေ၏။
လမ်းထောင့်တစ်ခုသို့ ရောက်သောအခါ သူမ၏ အကြည့်များ သူ့အပေါ်တွင် မရှိတော့သည်ကို သတိပြုမိလိုက်သဖြင့် ဟန်လိသည် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်မိသည်။
ငွေရောင်လ၏ သိချင်စိတ် ဖြစ်ပေါ်နေသော အသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ "သခင်... အဲ့ဒီ အမျိုးသမီးကျင့်ကြံသူကို သိနေတာလား"
ဟန်လိက မထူးခြားနားစွာပင် ပြန်ဖြေလိုက်သည်။
"အသိဟောင်း တစ်ယောက်ပါ။ ဒါပေမဲ့ ကျုပ်တို့ ဆက်ဆံရေးက ကောင်းတယ်လို့တော့ ပြောလို့မရဘူး"
"အဲ့လိုလား... သူမရဲ့ အမူအရာကို ကြည့်ရတာတော့ သခင်နဲ့ သူမကြားမှာ ထူးခြားတဲ့ ပတ်သက်မှု ရှိခဲ့ပုံပဲ။ သခင်က တစ်ခါတုန်းက..."
ငွေရောင်လက ပြုံးလျက် စကားကို တမင်ဖြတ်ကာ ရပ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ တော်တော့။ ကျုပ် သူမအပေါ်မှာ ကောင်းတဲ့ အမြင်မရှိဘူး။ တစ်ခါတုန်းကဆို ရန်သူတွေတောင် ဖြစ်ခဲ့ဖူးသေးတာ"
ဟန်လိသည် စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ငွေရောင်လသည် မချိပြုံး ပြုံးကာ လိမ္မာပါးနပ်စွာဖြင့်ပင် နှုတ်ဆိတ်သွားတော့သည်။
ဟန်လိက ငွေရောင်လကို ကယ်တင်ပေးခဲ့ပြီးနောက် ခရမ်းရောင်တိမ်လွှာကြိုးနှင့် ရှေးဟောင်းပန်းခြင်းတို့ အသိမ်းခံရသည့်ကိစ္စအပေါ် မည်သို့မျှ အပြစ်မဆိုခဲ့သည့်အတွက်ကြောင့် ငွေရောင်လသည် ဟန်လိနှင့် ပို၍ ရင်းနှီးလာခဲ့သည်။ သူမသည် သူ၏ရှေ့တွင် အလွန်အကျွံ မရိုင်းစိုင်းဝံ့သော်လည်း စကားပြောဆိုရာတွင်မူ အရင်ကထက် ပို၍ ပွင့်လင်းလာခဲ့သည်။ ၎င်းကို ဟန်လိလည်း သတိထားမိပြီး သူမအပေါ် ပို၍ ယုံကြည်လာခဲ့ရာ သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်းပင်။
မျောလွင့်တိမ်တိုက်ဂိုဏ်းစခန်းသို့ ပြန်ရောက်သည့်အခါ ဟန်လိသည် အစည်းအဝေးအကြောင်းကို လုလောနှင့်အမြန် ဆွေးနွေးလိုက်သည်။
လုလောက စိုးရိမ်တကြီး ပြောလာသည်။
"သိုင်းညီလေးအနေနဲ့ အသက်ကိုရင်းပြီး ဒီလောင်းကြေးတိုက်ပွဲမှာ ပါဝင်ဖို့ မလိုအပ်ပါဘူး။ ရွှေအနှစ်သာရက ရှားပါးတာ မှန်ပေမဲ့ မင်းရဲ့ အသက်က တစ်ချောင်းတည်း ရှိတာလေ။ ဒါက မကောင်းဘူး ထင်တယ်!"
ဟန်လိက ပြုံးလျက် ဂရုမစိုက်ဟန်ဖြင့် ဆိုလာသည်။
"စီနီယာအစ်ကိုလု... စိတ်အေးအေးထားပါ။ ကျုပ် ဒီတိုက်ပွဲကနေ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ မဟုတ်ရင် ကျုပ် ဒီလောက် လွယ်လွယ်နဲ့ ဘယ်သဘောတူပါ့မလဲ။ ဒါပေမဲ့ တိုက်ပွဲမတိုင်ခင်အထိတော့ ဂိုဏ်းတပည့်တွေရဲ့ ဘေးကင်းရေးကို ကျုပ် အာရုံစိုက်ပေးနိုင်မှာ မဟုတ်ဘူး။ စီနီယာအစ်ကိုလုကပဲ သူတို့ကို တစ်ယောက်တည်း ကြည့်ရှုပေးရလိမ့်မယ်"
ဟန်လိ၏ စကားကို ကြားရသောအခါ လုလောသည် စိတ်သက်သာရာရသွားသည့် အမူအရာ ပေါ်လာသည်။ "လာမယ့်အပတ် တိုက်ပွဲမှာတော့ ဂိုဏ်းတပည့်တွေကို ကျုပ် သေသေချာချာ စောင့်ရှောက်ပေးပါ့မယ်။ သူတို့အတွက် စိတ်မပူပါနဲ့။ သိုင်းညီလေးက လောင်းကြေးတိုက်ပွဲအတွက် ယုံကြည်မှု ရှိနေမှတော့ ကျုပ် ထပ်ပြီး အထွန့်မတက်တော့ပါဘူး။ ဒါနဲ့ ကျုပ်တို့ ဂိုဏ်းတပည့်တွေကို ခိုင်းစရာတစ်ခုခုများ ရှိသေးလား"
ဟန်လိက ပြုံးလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ဟန်လိက ဖြေးညင်းစွာ ဆိုလာသည်။ "လာမယ့် တိုက်ပွဲအတွက် ကျုပ် ပြင်ဆင်စရာအချို့ ရှိပါတယ်။ ကျုပ်အတွက် လိုအပ်တဲ့ ပစ္စည်းအချို့ကို သိုင်းတူလေးတွေကို လိုက်ရှာခိုင်းပေးပါဦး"
ဟန်လိသည် ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပြားကို ထုတ်ယူကာ လုလောထံ ကမ်းပေးလိုက်သည်။
လုလောက ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး ပြတ်သားစွာ ပြောလာသည်။
"စိတ်ချပါ။ ကောင်းကင်ဦးမြို့မှာသာ ရှိမယ်ဆိုရင် ဒီပစ္စည်းတွေကို မင်းအတွက် မရရအောင် ရှာပေးပါ့မယ်"
ထိုစကားကြောင့် ဟန်လိ၏ ရင်ထဲတွင် နွေးထွေးသွားကာ ခေါင်းညိတ်ပြလိုက်ပြီး ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ထွက်ခွာခဲ့တော့သည်။
သူ လုလောကို ပေးခဲ့သည့် ကျောက်စိမ်းပြားထဲတွင် ဝိညာဉ်ဖိနှပ်ချုပ်ချယ်ခြင်းအဆောင်အတွက် လိုအပ်သည့် အရန်ပစ္စည်းများကို အသေးစိတ် ရေးသားထားခြင်းပင်။ စခန်းသို့ အပြန်လမ်းတွင် သူသည် လက်ရှိစွမ်းရည်ဖြင့် လောင်းကြေးတိုက်ပွဲကို ပြဿနာမရှိ ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း သတိကြီးစွာ ထားခြင်းက အကောင်းဆုံးဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုပြင်ဆင်မှုများထဲတွင် ဝိညာဉ်ဖိနှပ်ချုပ်ချယ်ခြင်းအဆောင်သည်လည်း တစ်ခုအပါအဝင် ဖြစ်၏။
( ဘာသာပြန်သူမှတ်ချက်။ ။ အမှောင်နယ်မြေ၌ ဟန်လိသည် မဟာအဆောင်တစ်ခုသန့်စင်ဖန်တီးရန်အတွက် အဆောင်သန့်စင်ခြင်းပညာရပ်တစ်ခုကို ရရှိခဲ့ခြင်းပင်။ ထိုအကြောင်းကို အပိုင်း(၅၉၁) တွင် ပြန်ဖတ်ရှုနိုင်ပါသည်။)
၎င်းသည် ရက်အနည်းငယ်အတွင်း သူ ပြင်ဆင်နိုင်မည့် တစ်ခုတည်းသော အသက်ဘေးကင်းစေမည့် လက်နက်ပင် ဖြစ်သည်။ သူ စိုးရိမ်နေသည့် တစ်ခုတည်းသော အချက်မှာ ၎င်းကို သန့်စင်ရာတွင် အောင်မြင်မှုနှုန်း မည်မျှ ရှိမည်နည်း ဆိုသည်ပင်။ သူ ပျံသန်းဓားများကို ရွှေအနှစ်သာရဖြင့် အားဖြည့်ရန်နှင့် ရွှေရောင်ဓားအစီအရင်ကို ကျင့်ကြံရန်အတွက်မူ ရက်ပိုင်းမျှနှင့် မဖြစ်နိုင်ပေ။
သူသည် အစကတော့ စိတ်တိုင်းကျမည့် ဝိညာဉ်အဆောင် စုတ်တံတစ်ခုကို အရင်ရှာဖွေပြီး အဆောင်ရေးဆွဲသည့် ပညာရပ်ကို ပိုမို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးမှသာ ဝိညာဉ်ဖိနှပ်ချုပ်ချယ်ခြင်းအဆောင်ကို စတင်ဖန်တီးရန် စိတ်ကူးထားခဲ့ခြင်းပင်။ သို့သော် ယခုမူ အချိန်က ရက်ပိုင်းမျှသာ ကျန်တော့သဖြင့် အောင်မြင်မှုနှုန်း နိမ့်ပါးနေလျှင်ပင် သူ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။ အကယ်၍ သူ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါက သူ့တွင် နောက်ထပ် အစွမ်းထက်သည့် လက်နက်တစ်ခု တိုးလာမည် ဖြစ်သည်။ ကျရှုံးသွားခဲ့လျှင်လည်း ဘာမှ မတတ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် လာမည့် ရက်အနည်းငယ်အတွင်း တခြား မည်သို့သော ပြင်ဆင်မှုမှ သူ၏ အစွမ်းကို တိုးတက်လာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ထိုသို့ တွေးတောရင်း ဟန်လိသည် သူ နေထိုင်ရာ နေရာသို့ တည်ငြိမ်စွာ ပြန်ရောက်လာပြီး သူ၏ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
နှစ်ရက်မျှသာ ကြာသည့်အချိန်တွင် ဟန်လိ တောင်းဆိုထားသည့် ပစ္စည်းများ အားလုံး စုံလင်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အတော်လေးဝမ်းသာသွားပြီး မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု တစ်ဖန် ခံစားလိုက်ရပြန်သည်။
ပစ္စည်းများ ရရှိလာသည်နှင့် ဟန်လိသည် ချိပ်ပိတ်ထားသော အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ အခန်း၏ အလယ်ဗဟိုတွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီးနောက် ပစ္စည်းများကို ရှေ့တွင် စီစဉ်ထားလိုက်ကာ သူ၏ သိုလှောင်အိတ်ထဲမှ အစိမ်းရင့်ရောင်ပုလင်းလေးတစ်လုံးကို ဂရုတစိုက် ဖွင့်လိုက်သည်။
"ဝှစ်" ခနဲ မြည်သံနှင့်အတူ ပုလင်းထဲမှ နီရဲသော အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ကြိုတင်ပြင်ဆင်ထားသော ဟန်လိသည် တည်ငြိမ်စွာပင် လက်ကို မြှောက်ကာ လေဟာနယ်ကို လှမ်းဖမ်းလိုက်သည်။ ချက်ချင်းပင် မိုးပြာရောင် အလင်းလက်ဝါးကြီးတစ်ခု ပေါ်လာပြီး နီရဲသော အလင်းလုံးကို လှမ်းဖမ်းလိုက်တော့သည်။ မိုးပြာရောင် အလင်းလက်ဝါးမှာ အလင်းများ တဖျတ်ဖျတ် လက်ကာ တုန်ခါသွားပြီးနောက် နီရဲသော အလင်း၏ အစစ်အမှန် ပုံသဏ္ဌာန်မှာ ပေါ်လာတော့သည်။ ၎င်းမှာ လက်မအနည်းငယ်မျှသာ ရှည်လျားသော နီရဲသည့် နဂါးတစ်ကောင်ပင်။ ၎င်းသည် လက်ဝါးအတွင်း၌ အဆက်မပြတ် လှည့်ပတ်နေပြီး လွတ်မြောက်ရန် ကြိုးစားနေသော်လည်း ဘေးပတ်လည်မှ မိုးပြာရောင် အလင်းတံတိုင်းများက ချောင်ထဲပိတ်မိနေသည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ ထိုနဂါးကို မြဲမြံစွာ ပိတ်လှောင်ထားလေသည်။
ဟန်လိသည် သူ၏ မျက်လုံးများကို မှေးစင်းလိုက်ရာ သူ၏ သူငယ်အိမ်များမှ အပြာရောင်အလင်းများ ဖြာထွက်လာသည်။ သူသည် နဂါးဝိညာဉ်၏ အသေးစိတ် အချက်အလက်တိုင်းကို တစ်ခဏချင်းမှာပင် မြင်တွေ့လိုက်ရသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ဖမ်းဆီးခဲ့စဉ်ကအတိုင်းပင် အသက်ဝင်နေဆဲ ဖြစ်ပုံရသော်လည်း သူ၏ ကြည်လင်အမြင် ဝိညာဉ်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါတွင်မူ ထူးခြားချက်တစ်ခုကို မြင်တွေ့လိုက်ရသည်။
နဂါးဝိညာဉ်၏ စွမ်းအားမှာ အံ့ဩဖွယ်ကောင်းလောက်အောင် အားကောင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏ မျက်လုံးများထဲမှ အလင်းရောင်များမှာမူ မှိန်ဖျော့နေခဲ့ပြီ ဖြစ်သည်။ ထင်ရှားသည်မှာ ၎င်း၏ ဉာဏ်ရည်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခြင်းပင်။ ယခုအခါတွင် ဤဝိညာဉ်၌ စွမ်းအားသာ ရှိတော့ပြီး စိတ်ဓာတ်မှာမူ အဆင့်မတက်သေးသည့် သာမန်နဂါးတစ်ကောင်နှင့် အတူတူပင် ဖြစ်နေခဲ့ပြီ။ လွတ်မြောက်ရန် ကြိုးစားနေခြင်းမှာလည်း ပင်ကိုယ်ဗီဇအရသာ ဖြစ်လေသည်။
ဟန်လိက သက်ပြင်းချလိုက်မိသည်။ သူသည် အလွန်တရာ အစွမ်းထက်လှသည့် အဆင့်ရှစ်အဆိပ်နဂါးအကြောင်းကို ပြန်လည် အောက်မေ့လိုက်မိ၏။ ထိုမျှ အစွမ်းကြီးလှသူသည် နှစ်ပေါင်း ဆယ်ဂဏန်းမျှ ကုန်လွန်သွားချိန်တွင် ရိုင်းစိုင်းသော ဝိညာဉ်လေးတစ်ခုအဖြစ်သို့ လျော့ကျသွားခဲ့ရလေပြီ။ ဤကွဲပြားခြားနားမှုကြီးက သနားစဖွယ်ပင် ကောင်းလှ၏။ သည်အဖြစ်က ဟန်လိကို ကျင့်ကြံခြင်းလမ်းစဉ်ရှိ ကြီးမားလှသော စိန်ခေါ်မှုများအပေါ် ပို၍ သတိထားမိစေခဲ့သည်။ အကယ်၍ တစ်နေ့တွင် သူ၏ အသွေးအသား ခန္ဓာကိုယ် ဆုံးရှုံးသွားခဲ့ပြီး သူ၏ မူလဝိညာဉ်သည် ရန်သူ့လက်ထဲသို့ ကျရောက်သွားခဲ့လျှင် သူသည်လည်း ဤ အဆိပ်နဂါးကဲ့သို့ပင် ဖြစ်သွားနိုင်သည် မဟုတ်လား။
ဟန်လိသည် ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။ သူက လက်ကို ခါယမ်းလိုက်ရာ နီရဲသော နဂါးဝိညာဉ်သည် သူ၏ ဦးခေါင်းအထက် သုံးမီတာခန့် အကွာတွင် ပေါ်လာပြီး မိုးပြာရောင် အလင်းအရံအတားအတွင်း၌သာ ဆက်လက် ပိတ်မိနေတော့သည်။
အဆိပ်နဂါးဝိညာဉ်ကို ထပ်မံ အာရုံမစိုက်တော့ဘဲ ဟန်လိသည် သူ၏ ရှေ့ရှိ ပစ္စည်းများကို ငုံ့ကြည့်လိုက်သည်။ သူက အမည်မသိ ဝိညာဉ်သားရဲတစ်ကောင်၏ မြစိမ်းရောင် သားရေကို လက်ညှိုးထိုးလိုက်ရာ ၎င်းသည် သူ၏ထံသို့ ပျံသန်းရောက်ရှိလာသည်။
သူ၏မျက်လုံးများမှ အလင်းတစ်ခု လက်ခနဲ ပေါ်လာပြီးနောက် ပါးစပ်ကို ဟကာ မိုးပြာရောင် စဦးမီးလျှံ အနည်းငယ်ကို ဝိညာဉ်သားရေပေါ်သို့ ထွေးထုတ်လိုက်သည်။ ထူးဆန်းသည်မှာ ထိုမီးလျှံများသည် ဝိညာဉ်သားရေကို လောင်ကျွမ်းစေခြင်း မရှိဘဲ ၎င်းအား လွှမ်းခြုံထားလိုက်ခြင်းပင်။
ဟန်လိသည် လက်နှစ်ဖက်ကို မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်ကာ လက်ချောင်းများကို အဆက်မပြတ် တောက်ထုတ်လိုက်ရာ ဝိညာဉ်သားရေပေါ်သို့ မန္တာန်တံဆိပ်များစွာ တရစပ် ကျရောက်သွားတော့သည်။ စဦးမီးလျှံသည် တဖျတ်ဖျတ် လက်ကာ အလင်းများ တုန်ခါနေသည်။ ထို့နောက် ဟန်လိက မန္တာန်ရွတ်ခြင်းကို ရပ်တန့်လိုက်ပြီး ဖြူဖွေးသော ကျောက်စိမ်းသေတ္တာလေး တစ်ခုထံသို့ လက်ညှိုးညွှန်လိုက်သည်။ သေတ္တာလေးသည် သူ၏ထံသို့ ပျံသန်းလာပြီး ပွင့်ဟသွားရာ တောက်ပနေသော ငွေရောင် အမှုန်အမွှားများကို မြင်တွေ့လိုက်ရသည်။
သူက ကျောက်စိမ်းသေတ္တာကို အသာအယာ တောက်လိုက်ရာ ငွေရောင်အမှုန် အနည်းငယ်မှာ မိုးပြာရောင် စဦးမီးလျှံထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး မီးလျှံအတွင်း၌ ငွေရောင် မီးပွားလေးများ ဖြစ်ပေါ်လာစေသည်။ ဟန်လိ၏ မန္တာန်ချိပ်ဟန်များ ထိန်းချုပ်မှုအောက်တွင် မီးလျှံများသည် ဝိညာဉ်သားရေကို အလယ်ဗဟိုသို့ ဆွဲယူသွားပြီးနောက် သားရေကို ကြီးမားလှသော ငွေရောင်ကြာပန်းကြီး တစ်ပွင့်အဖြစ် ပြောင်းလဲသွားစေကာ မီးလျှံများအတွင်း၌ ဖြေးညင်းစွာ လည်ပတ်နေစေသည်။
ဟန်လိ၏ မျက်နှာမှာ ပို၍ လေးနက်လာပြီး ရှေ့တွင်ရှိသော ဗူးများ သေတ္တာများထံသို့ တစ်ခုပြီးတစ်ခု လက်ညှိုးညွှန်လိုက်ရာ အမျိုးမျိုးသော ပစ္စည်းများမှာ မီးလျှံများအတွင်းသို့ ဝင်ရောက်သွားပြီး တောက်ပစွာ လောင်ကျွမ်းသွားကြတော့သည်။ ထိုသို့ လောင်ကျွမ်းသွားသည်နှင့်အမျှ ဝိညာဉ်သားရေမှာ ငွေရောင်မှ အနက်ရောင် အနက်ရောင်မှ အစိမ်းရောင်သို့ အဆင့်ဆင့် ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင် ၎င်းသည် နီရဲသော အရောင်သို့ ပြောင်းလဲသွားသည့် အခါတွင်မှ ဟန်လိသည် အသက်ကို ရှူထုတ်လိုက်ကာ ပစ္စည်းများ ထည့်သွင်းခြင်းကို ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို စတင် ရေရွတ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းအချို့မှာ တုန်ယင်သွားပြီး လက်ချောင်းထိပ်များမှ မိုးပြာရောင် အလင်းမျှင်အချို့ ထွက်ပေါ်လာကာ ဝိညာဉ်သားရေ၏ မျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ထိမှန်သွားတော့သည်။ ထိုမိုးပြာရောင် အလင်းမျှင်များ၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်သားရေမှာ လည်ပတ်နေခြင်းကို ရပ်တန့်သွားပြီး ထူးဆန်းသော စည်းချက်တစ်ခုဖြင့် ယိမ်းထိုးလာသည်။
ဟန်လိက မန္တာန်ကို ဆက်လက် ရေရွတ်နေစဉ် ဝိညာဉ်သားရေထံမှ အနက်ရောင်ချီများ စတင် ထွက်ပေါ်လာပြီး ၎င်း၏ အရွယ်အစားမှာလည်း အနည်းငယ် သေးငယ်သွားသည်။ ထိုအနက်ရောင်ချီများက နီရဲနေသော စဦးမီးလျှံနှင့် ထိတွေ့သည့်အခါ လောင်ကျွမ်းသွားပြီး လေထဲတွင် ငါးညှီနံ့သင်းသင်းတစ်ခု ပျံ့နှံ့သွားတော့သည်။
ဟန်လိသည် ၎င်းကို လျစ်လျူရှုထားသည့်အလား မီးလျှံများကို နှစ်နာရီခန့် ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ဝိညာဉ်သားရေထံမှ နောက်ဆုံး ကျန်ရှိနေသော အနက်ရောင်ချီများ အားလုံး သန့်စင်ပြီးသွားသည့် အခါတွင်မှ ဟန်လိ၏ မျက်နှာမှာ ပြေလျော့သွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
သူသည် နောက်ထပ် ပစ္စည်းအချို့ကို မီးလျှံထဲသို့ ပစ်ထည့်လိုက်ပြီး ခေတ္တမျှ ထပ်မံ လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် ဟန်လိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် မီးလျှံများသည် "ဖောက်" ခနဲ အသံနှင့်အတူ ငြိမ်းသတ်ခြင်း ခံလိုက်ရပြီး နီရဲသော ဝိညာဉ်သားရေ တစ်ခု ပေါ်ထွက်လာတော့သည်။ ဤအခိုက်အတန့်တွင် ၎င်းသည် လက်ဝါးပြင်အရွယ်အစားမျှသာ ရှိတော့သည်။
ဟန်လိသည် ဝိညာဉ်သားရေ၏ ပြောင်းလဲမှုအပေါ် ကျေနပ်သွားပုံရသည်။ ထို့နောက် သူက သူ၏ အထက်ရှိ နဂါးဝိညာဉ်ထံသို့ မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ လက်ညှိုးညွှန်လိုက်ရာ ၎င်းကို ဝန်းရံထားသည့် အရံအတားမှာ အလင်းစက်များအဖြစ် ပြန့်ကြဲသွားတော့သည်။ သည့်နောက်တွင် မမြင်ရသော အားတစ်ခု၏ ဆွဲငင်မှုကြောင့် နဂါးဝိညာဉ်သည် နီရဲသော ဝိညာဉ်သားရေအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
"ဖူး" ခနဲ မြည်သံနှင့်အတူ ၎င်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။