← Chapters

အခန်း (၇၆၃-၇၆၄)

Vol. 55 Ch. 763-764

အခန်း (၇၆၃-၇၆၄)

Vol. 55 Ch. 763-764

အပိုင်း ၇၆၃ - တိုက်ပွဲ ရောက်ရှိလာခြင်း

နဂါးဝိညာဉ်ကို ဝိညာဉ်သားရေထဲသို့ စုပ်ယူပြီးနောက် ဟန်လိသည် လက်ကို တစ်ချက်လှန်လိုက်ရာ တောက်ပနေသော အပြာရောင် အဆောင်စုတ်တံတစ်ချောင်း သူ၏လက်ဝါးထဲတွင် ပေါ်လာသည်။ ၎င်းမှာ ခုနစ်လက်မခန့် ရှည်လျားပြီး အလွန်ပင် လက်ရာမြောက်လှ၏။ သူက အခြားလက်တစ်ဖက်ဖြင့် မိုးပြာရောင် ကျောက်စိမ်းသေတ္တာကို လှမ်း၍ အချက်ပြလိုက်ရာ သေတ္တာထဲမှ ရွှေရောင်အရည်လုံးလေးတစ်လုံး ပျံသန်းထွက်ပေါ်လာသည်။

ဟန်လိသည် လေထဲတွင် ဝဲပျံနေသော အရည်ထဲသို့ စုတ်တံကို အမြန်နှစ်လိုက်ပြီးနောက် ဝိညာဉ်သားရေကို အာရုံစိုက်လိုက်သည့်အခါ သူ၏ မျက်နှာမှာ တည်ငြိမ်အေးစက်သွားသည်။ ထို့နောက် သူသည် အလွန်တရာ ကျွမ်းကျင်လှသော လက်ဟန်ဖြင့် စုတ်တံကို လေထဲတွင် စတင် ရေးဆွဲလိုက်တော့သည်။

နက်နဲခက်ခဲလှသော ရွှေရောင်အဆောင်စာသားများသည် စုတ်တံထိပ်ဖျားမှနေ၍ ဝိညာဉ်သားရေထဲသို့ တိုက်ရိုက် စီးဝင်သွားကြသည်။ သိပ်မကြာခင်မှာပင် ဝိညာဉ်သားရေ၏ အထက်တွင် ရွှေရောင်အလင်းများ တဖျတ်ဖျတ် လက်နေသည့် အဆောင်စာသားမျိုးစုံမှာ အစီအရီ ပေါ်ထွက်လာတော့သည်။

ထိုအဆောင်စာသားများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်သားရေမှာ ပြင်းထန်စွာ တုန်ခါလာပြီး အတွင်းဘက်မှ နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ သားရေမျက်နှာပြင်ပေါ်တွင် တစ်ခုခုက ထိုးထွက်လာမည့်အလား ဖောင်းကြွမှုများ ဖြစ်ပေါ်လာပြီးနောက် နီရဲသော နဂါးဝိညာဉ်သည် ဝိညာဉ်သားရေထဲမှ ထွက်ပေါ်လာကာ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားတော့သည်။

သို့သော် ထိုခဏမှာပင် သားရေအထက်ရှိ ရွှေရောင်အဆောင်စာသားများသည် တောက်ပစွာ လင်းလက်သွားပြီး ပုံသဏ္ဌာန်များ တွန့်လိမ်ကာ နဂါးဝိညာဉ်ကို တင်းကျပ်စွာ တုပ်နှောင်၍ အတွင်းသို့ ပြန်လည် ဆွဲခေါ်သွားတော့သည်။

နဂါးဝိညာဉ်သည် ဉာဏ်ရည်ဉာဏ်သွေးများ ဆုံးရှုံးနေပြီ ဖြစ်သော်လည်း ၎င်းသည် အဆင့်မြင့် သားရဲတစ်ကောင်၏ ဝိညာဉ်ဖြစ်နေဆဲပင်။ ၎င်း၏ ပင်ကိုယ်ဗီဇအရ အန္တရာယ်ကို သိရှိနေသဖြင့် ရွှေရောင်အဆောင်စာသားများကြားမှ လွတ်မြောက်ရန် အဆက်မပြတ် ရုန်းကန်နေခဲ့သည်။ ထိုအချိန်တွင် ဟန်လိသည် အရှိန်မြှင့်ကာ အဆောင်စာသားများကို ရေးဆွဲလိုက်ရာ နောက်ထပ် ရွှေရောင်အဆောင်စာသားများစွာက နဂါးဝိညာဉ်ကို လွှမ်းခြုံသွားပြီးနောက် ၎င်းအား ဝိညာဉ်သားရေအတွင်းသို့ အတင်းအကျပ် ပြန်လည် တွန်းပို့လိုက်တော့သည်။

ဤအခွင့်အရေးကို အသုံးချကာ ဟန်လိသည် ခရမ်းရောင်အရည်ပုလင်းကို ထုတ်ယူ၍ စုတ်တံကို နှစ်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ထူးဆန်းသော သင်္ကေတတစ်ခုကို စတင် ရေးဆွဲလိုက်ပြန်သည်။

၎င်းနောက်တွင် ဟန်လိသည် စုတ်တံတွင် အသုံးပြုသည့် ဟင်္သပြဒါးမင်ရည်ကို လဲလှယ်လိုက်ပြီး အဆောင်စာသားများကို ဆက်လက် ရေးဆွဲနေခဲ့သည်။ သိပ်မကြာခင်မှာပင် ဝိညာဉ်သားရေ အဆောင်စက္ကူမှာ အရောင်စုံ အလင်းတန်းများ တဖျတ်ဖျတ် လက်လာပြီး ဝိညာဉ်ချီများ လှိုင်ထလာတော့သည်။

ဟန်လိ၏ မျက်နှာမှာ ပို၍ လေးနက်လာကာ သူ၏ စုတ်တံအစွဲအချက်များမှာ နှေးကွေးသွားသည်။ သူသည် ကြည်လင်အမြင် ဝိညာဉ်မျက်လုံးများကို အစွမ်းကုန် အသုံးချလိုက်ရာ သူ၏ မျက်လုံးများမှ မိုးပြာရောင်အလင်းများ ဖြာထွက်လာသည်။

နီရဲသော အဆောင်စာသားတစ်ခုကို ဝိညာဉ်သားရေပေါ်တွင် ရေးဆွဲပြီးသွားသည်နှင့်တစ်ပြိုင်နက် မပြီးပြတ်သေးသော ဝိညာဉ်အဆောင်ထံမှ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ဝိညာဉ်ချီ လှိုင်းဂယက်များ ပေါက်ကွဲထွက်လာတော့သည်။

ဟန်လိ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။ သူသည် နောက်ထပ် စဉ်းစားမနေတော့ဘဲ အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ မိုးပြာရောင် ချီတိမ်တိုက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပစ္စည်းများ အားလုံးကို ချက်ချင်း ပြန်သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်ကို သူ့ထံသို့ ဝှေ့ယမ်းကာ မိုးပြာရောင် ဒိုင်းအသေးလေးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းဒိုင်းမှာ မျက်စိတစ်မှိတ်အတွင်း ကြီးမားလာပြီး သူ၏ အရှေ့တွင် ကာဆီးပေးလိုက်တော့သည်။

ဟန်လိ ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် နီရဲသော ဝိညာဉ်သားရေမှာ ပေါက်ကွဲသွားပြီး နားမခံသာလောက်အောင် ကျယ်လောင်သည့် နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ အရောင်စုံ အလင်းတန်းများ တောက်ပစွာ ဖြာထွက်လာပြီးနောက် ကြီးမားလှသော ဝိညာဉ်ချီလှိုင်းလုံးကြီးတစ်ခုက မိုးပြာရောင်ဒိုင်းကို လာရောက် ရိုက်ခတ်တော့သည်။

ဒိုင်းကြီးမှာ အလင်းများ တောက်ပလျက် ထိုတိုက်ခိုက်မှုကို မြဲမြံစွာ တားဆီးနိုင်ခဲ့သဖြင့် ဟန်လိမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ တွက်ဆထားသည်မှာ ဝိညာဉ်အဆောင်၏ စွမ်းအားက အလွန်ကြီးမားလှသဖြင့် ၎င်းသန့်စင်မှု ကျရှုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုမှာလည်း ထပ်တူညီသည့် ဖျက်ဆီးအား ပါဝင်လိမ့်မည်ဟု ဖြစ်သည်။ အခုကဲ့သို့ အလွယ်တကူ တားဆီးလိုက်နိုင်ခြင်းမှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ခြင်းပင်။

ဟန်လိ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နီရဲသော အလင်းတန်းတစ်ခုက ချိပ်ပိတ်ထားသော အခန်း၏ မျက်နှာကြက်ဆီသို့ လွတ်မြောက်ရန် ဦးတည် ပျံသန်းသွားသည်။ သို့သော် ထိုနီရဲသော အလင်းတန်းက မျက်နှာကြက်သို့ ထိမိသည်နှင့်တစ်ပြိုင်နက် အဖြူရောင်အလင်းအလွှာတစ်ခုက တားဆီးလိုက်သဖြင့် အောက်သို့ ပြန်လည် လွင့်စင်လာခဲ့သည်။

နဂါးဝိညာဉ်ကို ပြန်မြင်လိုက်ရသဖြင့် ဟန်လိသည် အလွန် ဝမ်းသာသွားပြီး မည်သို့မျှ တွန့်ဆုတ်မနေတော့ဘဲ လက်ကို မြှောက်ကာ လေဟာနယ်ကို လှမ်းဖမ်းလိုက်သည်။ ချက်ချင်းပင် မိုးပြာရောင် အလင်းလက်ဝါးကြီးတစ်ခု နဂါးဝိညာဉ်၏ အထက်တွင် ပေါ်လာပြီး ၎င်းကို လှမ်းဖမ်းလိုက်တော့သည်။ ထို့နောက် သူက ဒိုင်းကြီးကို အချက်ပြလိုက်ရာ ၎င်းမှာ မိုးပြာရောင် အလင်းလှိုင်းများနှင့်အတူ အလျင်အမြန် သေးငယ်သွားပြီး သူ၏ အင်္ကျီလက်အိုးထဲသို့ ပြန်ဝင်သွားသည်။

၎င်းနောက်တွင် ဟန်လိသည် ပြန်လည် ဖမ်းဆီးရမိသော နဂါးဝိညာဉ်ကို ကြည်လင်အမြင် ဝိညာဉ်မျက်လုံးများဖြင့် တစ်ဖန် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။

"အာ!" ဟန်လိက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ နဂါးဝိညာဉ်မှာ မူလဝိညာဉ်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။ နီရဲသော နဂါးဝိညာဉ်မှာလည်း အားအင်ကုန်ခမ်းနေသည့်ပုံ ပေါ်နေသည်။

ဟန်လိသည် နဂါးဝိညာဉ်ကို ကြည့်ကာ မေးစေ့ကို ပွတ်လျက် စဉ်းစားခန်း ဝင်နေသည်။ ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်း အဆောင်ကို သန့်စင်ရာတွင် ကျရှုံးခြင်းက ဝိညာဉ်ကို ချက်ချင်း ပျက်စီးသွားစေခြင်း မရှိဘဲ စွမ်းအား အနည်းငယ် လျော့ကျသွားရုံသာ ဖြစ်ပုံရသည်။ ထိုသို့ဆိုလျှင် ၎င်းကို သန့်စင်ရန် မည်မျှပင် ခက်ခဲပါစေ သူသည် အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်နိုင်ပေသည်။ သေချာသည်မှာ စမ်းသပ်မှု တစ်ကြိမ်စီတိုင်းတွင် ဝိညာဉ်မှာ ပို၍ အားနည်းသွားမည်ဖြစ်ပြီး ဝိညာဉ်အဆောင်၏ စွမ်းအားမှာလည်း လျော့ကျသွားမည်မှာ အမှန်ပင်။

ဤသည်ကို တွေးတောပြီးနောက် ဟန်လိသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဝိညာဉ်အစွမ်း၏စွမ်းအား လျော့ကျသွားလျှင်ပင် နဂါးဝိညာဉ် အားနည်းနေခြင်းက သန့်စင်ရာတွင် ပိုမို လွယ်ကူစေနိုင်ပေသည်။ သူ၏ သန့်စင်မှု ကျရှုံးခြင်းတွင်ပင် ကံကောင်းမှုတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

ဟန်လိသည် မချိပြုံး ပြုံးလိုက်ပြီးနောက် နောက်ထပ် အရန်ပစ္စည်းအစုံကို ထုတ်ယူလိုက်ကာ ဝိညာဉ်သားရေအသစ်တစ်ခုနှင့် လဲလှယ်လိုက်သည်။

ထို့နောက် သူသည် ဝိညာဉ်သားရေအသစ်ကို သန့်စင်ရန်အတွက် စိတ်အာရုံကို ပြန်လည် စုစည်းလိုက်တော့သည်။

သုံးရက်တာ ကာလပတ်လုံး ဟန်လိသည် ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်း အဆောင်ကို မရမက ကြိုးစား သန့်စင်နေစဉ်အတွင်း ကောင်းကင်ဦးမြို့ တစ်ခုလုံးမှာလည်း စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းပေါင်းစုံနှင့် ကျင့်ကြံသူအားလုံးသည် ရက်အနည်းငယ်အတွင်း ကြီးမားလှသော အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ကို သိရှိထားကြသည်။ ပရမ်းပတာ ဖြစ်နေသည့် ကာလတစ်ခု ကုန်လွန်သွားပြီးနောက်တွင် မြို့အတွင်းရှိ ကျင့်ကြံသူများသည် သူတို့၏ ဂိုဏ်းစခန်းများမှ ထွက်ခွာလာကြပြီး သတ်မှတ်ထားသော ကျင့်ကြံသူစစ်တပ် ဌာနခွဲများဆီသို့ လေးနက်သော အမူအရာများဖြင့် စုဝေးရောက်ရှိလာကြတော့သည်။

ဤတိုက်ပွဲတွင် အနိုင်မရဘဲ မောက်လန်များကို ပြန်လည် မောင်းထုတ်နိုင်ခြင်း မရှိပါက သူတို့သည် ကောင်းကင်တောင်ပိုင်းဒေသကို ကျူးကျော်ဝင်ရောက်လာကြမည် ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ၎င်းက မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အမွေအနှစ်များကို ပျက်သုဉ်းသွားစေလိမ့်မည်။ ထို့ကြောင့် သူတို့၏ စိတ်ဓာတ်မှာ တပ်လှန့်နေစရာ မလိုဘဲ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ လောင်းကြေးတိုက်ပွဲ ဆယ်ပွဲအကြောင်းမှာလည်း လူတိုင်းကြားတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

မောက်လန်သူလျှိုများက လောင်းကြေးတိုက်ပွဲတွင် ပါဝင်မည့် ကျင့်ကြံသူများ၏ အမည်စာရင်းကို ပေါက်ကြားသွားစေမည် စိုးသောကြောင့် ပါဝင်မည့်သူများ၏ အမည်များကို လျှို့ဝှက်ထားခဲ့ကြသည်။ အစည်းအဝေးတွင် ပါဝင်ခဲ့သည့် ထိပ်သီးများမှလွဲ၍ မည်သူမည်ဝါက လောင်းကြေးတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်မည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။

သေချာသည်မှာ ထိုစဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ ဆယ်ဦးမှာ မည်သူများ ဖြစ်နိုင်သနည်းဆိုသည်နှင့် သူတို့၏ အနိုင်ရရှိနိုင်ခြေမှာ မည်မျှ ရှိမည်နည်း ဆိုသည်မှာ ကျင့်ကြံသူများကြား အဓိက ဆွေးနွေးစရာ ခေါင်းစဉ် ဖြစ်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူ တစ်ထောင်ခန့်၏ အသက်ရှင်သန်ရေးမှာ သူတို့အပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား။ မိမိတို့ ဂိုဏ်းဝင်များ အဖမ်းခံထားရသည့် သူများမှာမူ ဤကိစ္စအပေါ် ပို၍ပင် စိုးရိမ်ပူပန်နေကြတော့သည်။

မျောလွင့်တိမ်တိုက်ဂိုဏ်း တပည့်များမှာမူ သူတို့အား သတ်မှတ်ပေးထားသည့် ဌာနခွဲများအတိုင်း ကောင်းကင်ဦးမြို့မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ဟန်လိကို စောင့်ဆိုင်းရန် အမိန့်ပေးခံထားရသော ကျင့်ကြံသူစုန် တစ်ဦးသာ ကျန်ရစ်ခဲ့သည်။ လုလောကမူ အခြား ရွေးချယ်စရာ မရှိသဖြင့် ကျန်ရှိသော မျောလွင့်တိမ်တိုက်ဂိုဏ်း တပည့်များနှင့်အတူ လိုက်ပါသွားခဲ့လေသည်။

သိပ်မကြာခင်မှာပင် ကောင်းကင်ဦးမြို့ကြီးမှာ ကင်းစောင့်နေသည့် ကျင့်ကြံသူ အနည်းငယ်မှလွဲ၍ လုံးဝ ဆိတ်ငြိမ်သွားတော့သည်။

ရက်အနည်းငယ် ထပ်မံ ကုန်လွန်သွားသည့်အခါ ကျင့်ကြံသူစုန်သည် ပို၍ စိုးရိမ်လာသည်။ ဟန်လိမှာ ခုထိ ပြန်ထွက်မလာသေးသလို သူ၏ လုံခြုံရေး တင်းကျပ်ထားသော နေအိမ်အတွင်းမှ နဂါးအော်သံများနှင့် ပေါက်ကွဲသံများကိုပါ ဝိုးတဝါး ကြားနေရသဖြင့် သူမမှာ အတော်လေး စိတ်ပူနေမိသည်။

ပဉ္စမမြောက်နေ့သို့ ရောက်သောအခါ သူမ၏ သိုင်းဦးလေးဟန်သာ တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်မထွက်လာခဲ့လျှင် သူမသည် သတ္တိမွေးကာ အထဲသို့ အတင်းအကျပ် ဝင်ရောက်သွားတော့မည်ဟု ကျင့်ကြံသူစုန်က ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူမ နောက်ထပ် တစ်ရက်သာ ထပ်စောင့်မည်ဆိုပါက တိုက်ပွဲဆီသို့ အချိန်မီ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ကျင့်ကြံသူစုန်သည် စိတ်ပူပန်မှုများဖြင့် ဂိုဏ်းစခန်း၏ ပင်မခန်းမအတွင်း ထိုင်နေသည်။ သူမသည် ခန်းမအပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်နေမိပြီး နေဝင်ရီတရော အလင်းရောင်ကို ဝိုးတဝါး မြင်တွေ့နေရသည်။ ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်စပြုလာသည်နှင့်အမျှ သူမ၏ မျက်နှာမှာလည်း ဂနာမငြိမ် ဖြစ်လာတော့သည်။ သူမသည် ထရပ်လိုက်ကာ မျက်မှောင်ကြုတ်လျက် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။

သို့သော် သူမ ခန်းမထဲမှ မထွက်မီမှာပင် အပြင်ဘက်မှ ကြည်လင်သော ခေါင်းလောင်းသံများကို ကြားလိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာ ပေါ်လာတော့သည်။

ခဏအကြာတွင် မိုးပြာရောင် အလင်းတစ်ချက်နှင့်အတူ ဟန်လိသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

"သိုင်းဦးလေးဟန်ကို နှုတ်ဆက်ပါတယ်"

ကျင့်ကြံသူစုန်သည် အလျင်အမြန် ရှေ့သို့ တိုးလာကာ ဂါဝရပြု နှုတ်ဆက်လိုက်သည်။

"ဘယ်နှစ်ရက် ရှိသွားပြီလဲ။ မြို့ထဲက ကျင့်ကြံသူတွေ အကုန်လုံးနီးပါး ထွက်သွားကြပြီပဲ"

ဟန်လိ အခန်းထဲမှ ထွက်လာသည့်အခါ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် မြို့တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရာ ကျင့်ကြံသူ အနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရှိလိုက်ရသည်။ သူ အခန်းထဲတွင် ရှိနေစဉ်က အချိန်ကုန်လွန်သွားသည်ကို အကြမ်းဖျဉ်းသာ သိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ သတ်မှတ်ထားသော ရက်မရောက်သေးဟု သူ ခံစားမိသော်လည်း သေချာအောင် မေးမြန်းကြည့်ခြင်းပင် ဖြစ်သည်။

ပို၍ စိတ်အေးသွားသော ကျင့်ကြံသူစုန်က တရိုတသေ ပြန်ဖြေသည်။ "စီနီယာကို တင်ပြရရင် ဒီနေ့က ငါးရက်မြောက်နေ့ ဖြစ်ပါတယ်"

ဟန်လိက ပြတ်သားစွာ ဆိုလာသည်။ "ငါးရက်မြောက်နေ့လား။ ကျုပ်တို့အတွက် အချိန် အလုံအလောက် ရှိပါသေးတယ်။ ဒါပေမဲ့ စောစော ရောက်တာကတော့ အကောင်းဆုံးပေါ့။ သွားကြစို့"

"အမိန့်အတိုင်းပါ"

ဟန်လိက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ အင်္ကျီလက်အိုးထဲမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်ခြံဝန်းထဲသို့ ကျရောက်သွားသည်။ အလင်းများ လွင့်ပြယ်သွားသည့်အခါ အတောင်ပံများပါရှိသော အဖြူရောင် ရထားလုံးတစ်စီး ဖြစ်သည့် လေဟုန်စီးရထားလုံးမှာ ပေါ်လာတော့သည်။

ဟန်လိ၏ ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် ရထားလုံးအတွင်း၌ ပြန်ပေါ်လာသည်။ သူက အမျိုးသမီးဘက်သို့ လှည့်ကာ... "တက်ခဲ့လေ။ ဒါနဲ့ သွားတာက ကိုယ်တိုင် ပျံသန်းတာထက်စာရင် ပိုမြန်လိမ့်မယ်" ဟု ပြောလိုက်သည်။

ကျင့်ကြံသူစုန်သည် ရထားလုံးကို စူးစမ်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာပင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဟန်လိက သူ၏ ခြေထောက်ဖြင့် အသာအယာ တောက်လိုက်ရာ လေဟုန်စီးရထားလုံးမှာ အလင်းများ တောက်ပလာပြီး အဖြူရောင် အလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်သွားတော့သည်။ ထို့နောက် တုန်ခါမှုတစ်ခုနှင့်အတူ ကောင်းကင်ယံထက်သို့ တဟုန်ထိုး ပျံတက်သွားတော့သည်။

လေဟုန်စီးရထားလုံးသည် ပျံသန်းရေးအတွက် သီးသန့်ပြုလုပ်ထားသည့် ရတနာတစ်ခုဟု ခေါ်ဆိုထိုက်ပေသည်။ ၎င်းသည် မှော်စွမ်းအား အနည်းငယ်သာ ကုန်ဆုံးစေရုံတင်မကဘဲ သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာ ပိုမို မြန်ဆန်စွာ ပျံသန်းနိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကောင်းကင်ဦးမြို့မှ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သည်။

ဤသည်ကို မြင်ရသောအခါ ကျင့်ကြံသူစုန်သည် အလွန် စိတ်သက်သာရာ ရသွားသည်။ သူမသည် သူမ၏ သိုင်းဦးလေးဟန်က ဘာကြောင့် ခုလောက်ထိ အေးအေးဆေးဆေး ဖြစ်နေရသလဲဆိုသည်မှာ ဤရတနာကြောင့်လားဟုလည်း မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။ သူမ၏ ခန့်မှန်း၍မရသော သိုင်းဦးလေးသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ပညာရပ်တစ်ခုခုကို ကျင့်ကြံအောင်မြင်ခဲ့တာများလား။ အခန်းထဲမှ ကြားခဲ့ရသည့် ပေါက်ကွဲသံများနှင့် နဂါးဟိန်းသံများက အဘယ်အရာများ ဖြစ်နေပါသနည်း။

ဤအမျိုးသမီးမှာ တိတ်ဆိတ်စွာဖြင့် အမျိုးမျိုး စိတ်ကူးကြည့်နေစဉ်မှာပင် ဟန်လိက သူမကို မေးခွန်းတစ်ခု လှမ်းမေးလိုက်သဖြင့် သူမမှာ အံ့အားသင့်သွားရသည်။

"တာအိုရောင်းရင်း ခရမ်းဝိညာဉ်တို့ အရင်နေရာမှာပဲ ရှိနေတုန်းလား"

ခေတ္တမျှ တန့်သွားပြီးနောက် ကျင့်ကြံသူစုန်က နာနာခံခံ ပြန်ဖြေသည်။

"ခရမ်းဝိညာဉ်နဲ့ မေနင်တို့ကတော့ လောလောဆယ် ကောင်းကင်ဦးမြို့ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စစ်ပွဲပြီးမှ ဘာဆက်လုပ်မလဲဆိုတာကို သူတို့ တိုင်ပင်ကြလိမ့်မယ်"

"ဟားဟား… အဲ့ဒီကောင်မလေး ခရမ်းဝိညာဉ်က တော်တော်လေး ပါးနပ်တာပဲ။ ဒါက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ငါသာ သူမနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ"

သိပ်မကြာခင်မှာပင် သူက သူ၏ခြေထောက်မှတစ်ဆင့် ဝိညာဉ်စွမ်းအားများကို ပိုမို ထည့်သွင်းလိုက်ရာ လေဟုန်စီးရထားလုံးမှာ ယခင်ကထက် ပိုမို မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းသွားတော့သည်။ သူတို့သည် ကောင်းကင်ယံကို ခွင်းလျက် တဟုန်ထိုး ပြေးထွက်သွားကြရာ မကြာမီမှာပင် မိုးကုတ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားသဖြင့် ကျင့်ကြံသူစုန်မှာ တုန်လှုပ်အံ့အားသင့်လျက် ကျန်ရစ်ခဲ့တော့သည်။

အပိုင်း ၇၆၄ - သိုင်းတူမလေးရှောင်း

လွန်ခဲ့သော ရက်အနည်းငယ်က ယွီပြည်နယ်နှင့် ပေလျန်ပြည်နယ် နယ်စပ်တွင် ကျင့်ကြံသူ စစ်တပ်များနှင့် မန္တာန်စစ်သည်တော် စစ်တပ်များသည် မှော်လက်နက်များနှင့် ရတနာမျိုးစုံကို အသုံးပြု၍ မြေပြင်ကို ထွင်းထုကာ မူလခံတပ်များကို ချဲ့ထွင်ခဲ့ကြသည်။ ၎င်းတို့သည် တစ်ဖက်နှင့်တစ်ဖက် မိုင်ပေါင်းများစွာ ကွာဝေးသော ကြီးမားလှသည့် စစ်စခန်းများကို တည်ဆောက်လိုက်ကြတော့သည်။

တစ်ညအတွင်းမှာပင် ထိုနယ်မြေမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လူသူကင်းမဲ့နေသော ဤဒေသသည် ရုတ်တရက်ဆိုသလို လူအင်အားများဖြင့် ပြည့်နှက်သွားပြီး သတ်ဖြတ်ချင်စိတ် အရှိန်အဝါများ လွှမ်းမိုးသွားတော့သည်။ စစ်စခန်းများပတ်ပတ်လည်တွင် ကျင့်ကြံသူများနှင့် မန္တာန်စသည်တော်များမှာ တစ်ဖက်ရန်သူ၏ အလစ်အငိုက် တိုက်ခိုက်မှုများကို သတိထားနိုင်ရန်အတွက် အဖွဲ့ငယ်လေးများခွဲ၍ ကင်းလှည့်နေကြသည်။

ထိုနောက်ပိုင်းတွင် ကျင့်ကြံသူများနှင့် မန္တာန်စစ်သည်တော်များမှာ နေ့စဉ်နှင့်အမျှ ပိုမို စုဝေးလာကြပြီး နယ်စပ်တစ်လျှောက်တွင် မန္တာန်အစီအရင်မျိုးစုံကို ခင်းကျင်းလိုက်ကြသဖြင့် လေထုထဲတွင် တင်းမာမှုများ ပိုမို မြင့်တက်လာတော့သည်။ သို့သော် နယ်စပ်၏ အလယ်ဗဟိုတွင် ရံဖန်ရံခါ ကင်းလှည့်တပ်ဖွဲ့အချင်းချင်း ဆုံမိကြသည့်အခါ အချင်းချင်း အေးစက်စွာ စိုက်ကြည့်ကြသော်လည်း တိုက်ခိုက်ခြင်း မပြုဘဲ ထိန်းချုပ်နိုင်ခဲ့ကြသည်။ အဆုံးအဖြတ်ပေးမည့်နေ့ကို စောင့်ဆိုင်းရင်း သူတို့၏ သွေးဆာမှုကို ခက်ခက်ခဲခဲ မြိုသိပ်ထားကြရလေသည်။

ခြောက်ရက်မြောက်နေ့သို့ ရောက်သောအခါ ကောင်းကင်တောင်ပိုင်းနှင့်မောက်လန်တို့သည် သူတို့၏ ကြီးမားလှသော အစီအရင်များကို ခင်းကျင်းပြီးစီးသွားကြပြီ ဖြစ်ရာ ရန်သူ့အခြေအနေကို စူးစမ်းရန်အတွက် တပ်ဖွဲ့များကို စတင် စေလွှတ်လိုက်ကြသဖြင့် စခန်းအတွင်းရှိ အားလပ်နေသော တပ်ဖွဲ့ဝင် အရေအတွက်မှာ များစွာ လျော့နည်းသွားတော့သည်။ အဆင့်မြင့် ကျင့်ကြံသူများမှာလည်း ကင်းလှည့်တပ်ဖွဲ့များနှင့်အတူ လိုက်ပါလာကြလေပြီ။ တစ်ချိန်တည်းမှာပင် မောက်လန်နှင့် ကောင်းကင်တောင်ပိုင်းမှ အဆင့်မြင့် အရာရှိကြီးများသည် စစ်ပွဲအတွက် အစီအစဉ်များကို စိုးရိမ်တကြီးဖြင့် ရေးဆွဲနေကြတော့သည်။

ကောင်းကင်ဦးမြို့သည် ကျင့်ကြံသူစစ်စခန်းနှင့် အတော်အတန်လှမ်းသော မြောက်ဘက်တွင် ရှိနေသဖြင့် ထိုနေရာ၌ တားမြစ်ချက်များ နည်းပါးနေခြင်းမှာ သဘာဝပင်။ သို့သော် ၎င်းကို အစားထိုးရန်အတွက် ကင်းစောင့်တပ်များနှင့် ကင်းလှည့်တပ်ဖွဲ့များကို ပိုမို တိုးမြှင့် ချထားလေသည်။ ထို့ကြောင့် စစ်စခန်း၏ မြောက်ဘက် တစ်ဆယ်ကီလိုမီတာကျော်ခန့် အကွာအဝေးတွင် ကျင့်ကြံသူ ဆယ်ဦးကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ တည်ငြိမ်စွာဖြင့် ကင်းလှည့်နေကြသည်။

ထိုအဖွဲ့ကို ဦးဆောင်သူမှာ အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမမှာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူမ၏ လက်အောက်ငယ်သားများမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တိုက်ပွဲကြီးမှာ မကြာခင် ရောက်ရှိတော့မည် ဖြစ်ရာ မည်သူမျှ ပေါ့ပေါ့ဆဆ မနေဝံ့ကြပေ။ ဤသည်မှာ ပုံမှန်ကင်းလှည့်ခြင်းသာ ဖြစ်သော်လည်း အဖွဲ့တစ်ခုလုံးမှာ အထူး နိုးနိုးကြားကြား ရှိနေကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ တည်ငြိမ်နေပုံရသော်လည်း သူမ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ ထောက်လှမ်းနေခဲ့သည်။

ရုတ်တရက် ထိုအမျိုးသမီး၏အမူအရာမှာ လှုပ်ရှားသွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမသည် အဝေးက ကောင်းကင်ယံကို အံ့ဩသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်ရာ သူမ၏ လက်အောက်ငယ်သားများကလည်း လိုက်ကြည့်ကြတော့သည်။ မည်သည့်အရာကိုမျှ မမြင်ရသေးသော်လည်း သူတို့အားလုံးမှာ သတိအနေအထားဖြင့် စောင့်ကြည့်နေကြသည်။

“စီနီယာရှောင်း... ဘာဖြစ်လို့လဲ”

မိုးပြာရောင်ဝတ်စုံနှင့်ကျင့်ကြံသူ၏ စကားမဆုံးသေးခင်မှာပင် ကောင်းကင်ယံကို ဖြတ်၍ အဖြူရောင် အလင်းတန်းတစ်ခုမှာ တဖျတ်ဖျတ် လက်လာပြီး သူတို့၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာတော့သည်။

“မြန်လှချည်လား”

ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်အလင်းမှာ ပို၍ တောက်ပလာပြီး ၎င်း၏အတွင်း၌ တစ်စုံတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါက နောက်မှာ ကျန်ရစ်ခဲ့တဲ့ စီနီယာတစ်ဦး ဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့ရဲ့ စည်းကမ်းအရ သူ့ကို မေးမြန်းရမယ်။ မင်းတို့ ဒီမှာပဲ ခဏ စောင့်နေကြ”

ထိုအမျိုးသမီးငယ်မှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပြောလိုက်ပြီးနောက် အဝါရောင် အလင်းတစ်ချက်နှင့်အတူ ရှေ့သို့ ပျံသန်းသွားတော့သည်။

လက်အောက်ငယ်သားကျင့်ကြံသူများမှာမူ ထိုအချိန်တွင် တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် လှမ်းကြည့်လိုက်ကြပြီး တိတ်ဆိတ်နေကြသည်။ သူတို့သည် ထိုအမျိုးသမီးနှင့် ဂိုဏ်းတူ မဟုတ်ကြသလို သူတို့၏ ကျင့်ကြံမှုမှာလည်း နိမ့်ကျသဖြင့် မည်သည့် ကန့်ကွက်မှုကိုမျှ မပြုလုပ်ဝံ့ကြပေ။

ထိုအမျိုးသမီးမှာ ခေတ္တမျှ ပျံသန်းပြီးနောက် ရပ်တန့်လိုက်ပြီး အဖြူရောင်အလင်းတန်း ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်။ အဖြူရောင်အလင်းမှာ ရပ်တန့်သွားသည့်အခါ သူတို့ကြား အကွာအဝေးမှာ နီးကပ်သွားသဖြင့် ၎င်းအတွင်း၌ ထူးဆန်းသော ရထားလုံးတစ်စီး ရှိနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

“ဂျူနီယာက အဝါရောင်မေပယ်တောင်ကြားမှ ရှောင်းချွေအာ ဖြစ်ပါတယ်။ စီနီယာကို ဂါဝရပြုပါတယ်။ ဂျူနီယာက ဒီပိုင်နက်ထဲ ဝင်လာတဲ့သူမှန်သမျှရဲ့ အမည်ကို မေးမြန်းဖို့ အမိန့်ပေးခံထားရလို့ပါ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

“ဟေ…ရှောင်းချွေအာလား။”

အဖြူရောင်အလင်းအတွင်းမှ အံ့ဩသွားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“စီနီယာက ဒီဂျူနီယာကို သိလို့လားရှင့်။”

ရှောင်းချွေအာသည် မျက်တောင်တခတ်ခတ်ဖြင့် အံ့ဩသွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။ ထိုအသံမှာ သူမ သိထားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများထဲတွင် မပါဝင်သော်လည်း တစ်နေရာရာမှာ ကြားဖူးသလိုလို ရှိနေသဖြင့် အလွန်တရာ ရင်းနှီးနေမိသည်။

အမျိုးသမီးငယ်မှာ အံ့အားသင့်စွာဖြင့် အဖြူရောင်အလင်းကို စိုက်ကြည့်နေစဉ် ၎င်းမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အစစ်အမှန် ရုပ်သွင်မှာ ပေါ်ထွက်လာတော့သည်။

၎င်းမှာ ထူးဆန်းလှသော အဖြူရောင် ရထားလုံးတစ်စီး ဖြစ်ပြီး ၎င်း၏အတွင်း၌ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေကြသည်။ အမျိုးသားဖြစ်သူမှာ မိုးပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သာမန်ရုပ်ရည်သာ ရှိသော်လည်း အမျိုးသမီးမှာမူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်ပင် လှပတင့်တယ်လှသည်။

“သိုင်းဦးလေးဟန်”

မိုးပြာရောင်ဝတ်စုံနှင့်အမျိုးသားကို မြင်လိုက်ရသည့်အခါ ရှောင်းချွေအာသည် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။ သူမ၏ မျက်လုံးများမှာ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

“ကလေးမ... မင်း တော်တော်ကြီးလာပြီပဲ။ ငါ မင်းကို နောက်ဆုံးတွေ့ခဲ့တုန်းကနဲ့တောင် မတူတော့ဘူး” ဟန်လိသည် ထိုအမျိုးသမီးကို အကဲခတ်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။

“သိုင်းဦးလေးဟန်... တကယ်ပဲ ဦးလေး ဖြစ်နေတာပဲ…။ စီနီယာအစ်မနီယင်နှင့် စီနီယာအစ်ကိုလိုင်တို့က သိုင်းဦးလေးဟန် စဦးစိတ်ဝိညာဉ်အဆင့် ရောက်သွားပြီလို့ ပြောခဲ့ကြပေမဲ့ ကျမ အစကတော့ ယုံရခက်နေခဲ့တာ”

ရှောင်းချွေအာသည် ဝမ်းသာအားရ ပြောလိုက်ရာ သူမ၏အမူအရာမှာ ငယ်စဉ်ကအတိုင်း ဖြစ်သွားတော့သည်။

“အဲ့ဒီတုန်းက ငါ သူတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့မိတာပါ” ဟု ဟန်လိက ပြုံးလျက် ဆိုလိုက်သည်။ အတိတ်ကာလက သူသည် ဤအမျိုးသမီးကို အဝါရောင်မေပယ်တောင်ကြားသို့ ဝင်ရောက်နိုင်ရန် ထောက်ခံပေးခဲ့ဖူးသည်။ သူသည် သူမနှင့် စကားများများစားစား မပြောဖူးသော်လည်း သူမမှာ သူ၏ စီနီယာအစ်ကိုမာ၏ တစ်ဦးတည်းသော တပည့်ဖြစ်သဖြင့် နီယင်နှင့် လိုင်ဝမ်ဟဲတို့ထက်စာလျှင် သူမကို ပို၍ ရင်းနှီးသည်ဟု ခံစားရသည်။

ကျင့်ကြံသူစုန်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူမ၏ စိတ်ထဲတွင် အတွေးများ လှုပ်ခတ်သွားတော့သည်။ သူမ၏ သိုင်းဦးလေးဟန်သည် တစ်ချိန်က အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း ကြားသိခဲ့ရသည်ကို ပြန်လည် အမှတ်ရသွားမိသည်။ သူသည် အသိဟောင်းတစ်ဦးနှင့် ဆုံတွေ့နေရပုံရ၏။ သူတို့ကြားတွင် မည်သို့သော ပတ်သက်မှုများ ရှိနေသနည်း။

ဟန်လိသည် ကျင့်ကြံသူစုန်ကို ဂရုမစိုက်ဘဲ ရှောင်းချွေအာနှင့် အတိတ်ကအကြောင်းများကို ရင်းနှီးနွေးထွေးစွာ ပြောဆိုနေခဲ့သည်။ သူမသည် စီနီယာအစ်ကိုမာနှင့်အတူ မိစ္ဆာတာအို၏ လိုက်လံမှုကို မည်သို့ လွတ်မြောက်အောင် ပြေးခဲ့ရပုံ၊ အဝါရောင်မေပယ်တောင်ကြားသို့ မည်သို့ ပြန်ရောက်ခဲ့ပုံ၊ စီနီယာအစ်ကိုမာမှာ တရားထိုင်နေရင်း မည်သို့ ကွယ်လွန်သွားခဲ့ပုံနှင့် သူမမှာ မည်သို့ အမြုတေ ဖွဲ့စည်းနိုင်ခဲ့ပုံတို့ကို ပြောပြခဲ့သည်။ ဤစကားဝိုင်းက ဟန်လိ၏ ပတ်ဝန်းကျင်တွင် ကမ္ဘာလောကကြီး မည်မျှအထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သတိပေးနေသကဲ့သို့ပင်။

သို့သော် ခဏအကြာတွင် ရှောင်းချွေအာမှာ အနည်းငယ် တွန့်ဆုတ်သွားပြီးမှ မေးမြန်းလိုက်သည်။ “သိုင်းဦးလေး... ဦးလေးက တကယ်ပဲ မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်သွားပြီလားဟင်။ ပြန်လာလို့ မရတော့ဘူးလား။”

သူမသည် ဤသို့ မေးမြန်းစဉ် မျှော်လင့်ချက် အနည်းငယ် ရှိနေသည့်ပုံပင်။

အဝါရောင်မေပယ်တောင်ကြားမှာ အခက်တွေ့နေသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သူတို့တွင် ဘိုးဘေးလင်းဟူက ဂိုဏ်းကို စောင့်ရှောက်ပေးနေဆဲ ဖြစ်သော်လည်း သူ့ကို ဆက်ခံမည့် အခြား စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ မရှိပေ။ သူ၏ သက်တမ်း ကုန်ဆုံးသွားသည့်အခါ ယွဲ့ဒေသ၏ ဂိုဏ်းကြီး ခြောက်ဂိုဏ်းကြားတွင် အဝါရောင်မေပယ်တောင်ကြား၏ အဆင့်အတန်းမှာ ကျိန်းသေပေါက် ကျဆင်းသွားပေလိမ့်မည်။ ဤသည်မှာ ရှောင်းချွေအာအပါအဝင် အဝါရောင်မေပယ်တောင်ကြားရှိ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ အားလုံး၏ စိုးရိမ်ပူပန်မှုပင် ဖြစ်သည်။

သူမမှာ ဟန်လိနှင့် အရင်းနှီးဆုံး ဖြစ်မှန်း သိထားကြသဖြင့် နောက်တစ်ကြိမ် သူ့ကို တွေ့သည့်အခါ အတိတ်က သံယောဇဉ်များကို အသုံးပြု၍ စည်းရုံးရန် ဂိုဏ်းက ဆုံးဖြတ်ခဲ့ခြင်းပင်။ ဟန်လိမှာ ယခင်က လိုင်ဝမ်ဟဲ၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ဖူးသော်လည်း သူမအနေဖြင့် ဤကိစ္စကို ထပ်မံ မပြောဆိုဘဲ မနေနိုင် ဖြစ်ရသည်။

ဟန်လိ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ခေါင်းယမ်းလိုက်သည်။

“ငါ ပြန်လာလို့ မရတော့ဘူး။ မျောလွင့်တိမ်တိုက်ဂိုဏ်းက ငါ့အပေါ် အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒီကိစ္စကို ထပ်ပြီး မပြောတာက အကောင်းဆုံးပါပဲ”

ရှောင်းချွေအာ၏ မျက်နှာမှာ မှိုင်တွေသွားတော့သည်။

“ဒါပေမဲ့ ကျမတို့ အဝါရောင်မေပယ်တောင်ကြားက...”

ဟန်လိက သက်ပြင်းချလိုက်သည်။

“မင်း အများကြီး စိုးရိမ်မနေပါနဲ့။ ငါက ဘိုးဘေးလင်းဟူနဲ့ သဘောတူညီချက်တစ်ခု လုပ်ထားပြီးသားပါ။ အကယ်၍ အဝါရောင်မေပယ်တောင်ကြားက တစ်ခုခု အန္တရာယ်ရှိလာမယ်ဆိုရင် ငါ တတ်နိုင်သလောက် ကူညီပေးသွားမှာပါ”

ထိုစကားကို ကြားလိုက်ရသည့်အခါမှ ရှောင်းချွေအာ၏ စိတ်ဓာတ်မှာ ချက်ချင်း ပြန်လည် တက်ကြွလာတော့သည်။ “ဪ... အဲ့ဒီလိုလား။ ကျေးဇူးအများကြီး တင်ပါတယ် သိုင်းဦးလေး”

ခေတ္တမျှ စဉ်းစားပြီးနောက် ဟန်လိသည် မြစိမ်းရောင်လက်စွပ်တစ်ကွင်းနှင့် ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“မင်း ငါ့ကို ကျေးဇူးတင်တာ စောလွန်းပါသေးတယ်လေ။ မင်းက စီနီယာအစ်ကိုမာရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်သလို ငါတို့ မဆုံဖြစ်တာလည်း ကြာပြီဆိုတော့ မင်းကို လက်ဆောင်တစ်ခုခုပေးမှ သင့်တော်မှာပေါ့။ ဒါကို ယူထားလိုက်။ ဒါက ငါ အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ပြီး ရရှိလာခဲ့တဲ့ မှော်ရတနာ တစ်ခုပဲ။ မင်း ဒါကို မင်းရဲ့ ပင်ကိုယ်မှော်ရတနာအဖြစ် သုံးလို့မရပေမဲ့ သန့်စင်ပြီးသွားရင်တော့ တိုက်ပွဲမှာ အတော်လေး အသုံးဝင်လိမ့်မယ်။ ပြီးတော့ ဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် ဆေးလုံးတွေပါ။ အတားအဆီးတွေကို ကျော်ဖြတ်တဲ့နေရာမှာ အကျိုးရှိလိမ့်မယ်”

“သိုင်းဦးလေးဟန် ပေးတဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်” ရှောင်းချွေအာသည် သူ့ကို အလေးအနက် ဂါဝရပြုလိုက်ပြီးနောက် လက်ဆောင်နှစ်ခုကို ဝမ်းသာအားရ လက်ခံလိုက်တော့သည်။

“ကဲ... ငါ အခု စစ်စခန်းကို သွားရတော့မယ်။ ဟိုလူကြီးတွေကို စောင့်ခိုင်းထားတာ မကောင်းဘူးလေ။ တကယ်လို့ ရေစက်ပါခဲ့ရင်တော့ ငါတို့ ထပ်ဆုံကြတာပေါ့”

သူက သူမကို လက်ဆောင်များ ပေးပြီးသည်နှင့် ရှောင်းချွေအာ စကားတစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် နှုတ်ဆက်ကာ ကောင်းကင်ယံကို ခွင်းလျက် ပျံသန်းထွက်ခွာသွားတော့သည်။

“နှုတ်ဆက်ပါတယ် သိုင်းဦးလေးဟန်”

ရထားလုံးမှာ ထွက်ခွာသွားပြီ ဖြစ်သဖြင့် ရှောင်းချွေအာမှာ အလျင်အမြန်ပင် ဂါဝရပြု နှုတ်ဆက်လိုက်ရတော့သည်။ ထို့နောက်တွင် သူမသည် ကောင်းကင်ယံ၌ ရပ်နေလျက် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားသော အလင်းတန်းကို ငေးကြည့်နေခဲ့သည်။

ထိုအခိုက်တွင် သူမ၏ လက်အောက်ငယ်သားများမှာ သူမ၏ အနားသို့ ရောက်ရှိလာကြသည်။ “စီနီယာရှောင်း... အဲ့ဒီစီနီယာက ဘယ်သူလဲဟင်။ သူက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးလား။”

“ဒါပေမဲ့ သူက တော်တော်လေး ငယ်ပုံရတယ်နော်”

ကျင့်ကြံသူများမှာ သူမ၏ ပတ်ပတ်လည်တွင် ဝိုင်းအုံလာကြပြီး သိချင်စိတ်ဖြင့် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ရှောင်းချွေအာသည် သူမ၏ စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ တင်းမာသွားတော့သည်။ သူမသည် လက်အောက်ငယ်သားများကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး... “ဒီအကြောင်းကို ထပ်မပြောကြနဲ့တော့။ သူက စဦးစိတ်ဝိညာဉ်အဆင့် စီနီယာတစ်ဦး ဖြစ်သလို အတိတ်က ငါ့အပေါ်မှာလည်း အလွန် ကျေးဇူးကြီးမားခဲ့တဲ့သူပဲ။ သူက မင်းတို့ အတင်းအဖျင်း ပြောရမယ့်သူ မဟုတ်ဘူး။ ကင်းလှည့်တာကိုပဲ ဆက်လုပ်ကြမယ်” ဟု ပြောလိုက်ရာ သူမ၏ လက်အောက်ငယ်သားများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။

လေဟုန်စီးရထားလုံး၏ အရှိန်အဟုန်ကြောင့် ခဏအကြာမှာပင် သူတို့သည် စစ်စခန်း နယ်စပ်အနားသို့ ရောက်ရှိလာကြသည်။ ရထားလုံးမှာ အာရုံစိုက်ခံရလွန်းလှသဖြင့် ဟန်လိသည် ၎င်းကို ပြန်သိမ်းဆည်းလိုက်ပြီး ကိုယ်တိုင် ပျံသန်းခြင်းဖြင့် စခန်းအတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်အတောအတွင်း ကျင့်ကြံသူစုန်သည် အစောပိုင်းက အဖြစ်အပျက်နှင့် ပတ်သက်၍ လိမ္မာပါးနပ်စွာဖြင့် တိတ်ဆိတ်နေခဲ့သဖြင့် ဟန်လိမှာ သူမကို ကျေနပ်မိသွားသည်။

မကြာခင်မှာပင် သူတို့နှစ်ဦးမှာ ကြီးမားလှသော အလင်းအရံအတားကြီးတစ်ခု၏ အရှေ့သို့ ရောက်ရှိလာကြသည်။ ၎င်းမှာ သိပ်သည်းလှပြီး အရောင်စုံ အလင်းတန်းများဖြင့် တောက်ပနေကာ စစ်စခန်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

သူသည် ကျင့်ကြံသူစုန်ကို သူ၏အလင်းစက်ဝန်းထဲမှ မလွှတ်ပေးမီမှာပင် ကင်းစောင့်နေသော ကျင့်ကြံသူတစ်ဦးမှာ အလျင်အမြန်ပင် ကြိုဆိုနှုတ်ဆက်လာသည်။ ဟန်လိ၏ အဆင့်အတန်းကို အတည်ပြုပြီးနောက် သူသည် သူတို့အတွက် လမ်းကြောင်းတစ်ခုကို ချက်ချင်း ဖွင့်ပေးလိုက်တော့သည်။

သူတို့ စခန်းအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် ဟန်လိသည် ကျင့်ကြံသူစုန်နှင့် လမ်းခွဲလိုက်သည်။ သူမမှာ လုလောထံ သတင်းပို့ရန် ထွက်သွားပြီးနောက် သူမအတွက် သတ်မှတ်ပေးထားသည့် ကျင့်ကြံသူ ဌာနခွဲနှင့် သွားရောက် ပူးပေါင်းတော့မည် ဖြစ်သည်။ ဟန်လိကမူ တာအိုသခင်နေဝန်းရှင်နှင့် အခြားသူများ စောင့်ဆိုင်းနေကြသော စစ်စခန်း၏ ဗဟိုချက်ဆီသို့ ဦးတည်လိုက်တော့သည်။

ဟန်လိ ရောက်ရှိလာသည်ကို မြင်ရသဖြင့် သူတို့အားလုံးမှာ ဝမ်းမြောက်သွားကြသည်။ ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကားများ ဆိုပြီးနောက်တွင် လာမည့် တိုက်ပွဲအတွက် ပြင်ဆင်ချက်အချို့ကို သူ့အား အသိပေးကြသည်။ သို့သော် သူသည် အလွန်အမင်း စိတ်ဝင်စားခြင်း မရှိလှသဖြင့် မကြာခင်မှာပင် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ ထို့နောက်တွင် သူသည် ယာယီ ကျောက်သားအခန်း တစ်ခုသို့ သွားရောက်ကာ တင်ပျဉ်ခွေထိုင်လျက် သူ၏စိတ်ဓာတ်နှင့်ခွန်အားများကို အကောင်းဆုံးအနေအထားဖြစ်နေရန် ပြင်ဆင်လေတော့သည်။

All Chapters