အခန်း (၇၆၅-၇၆၆)
Vol. 55 Ch. 765-766
အပိုင်း ၇၆၅ - ရန်သူတော်များ
ဟန်လိသည် အခန်းအတွင်း၌ တည်ငြိမ်စွာ ထိုင်နေသည်။ အချိန်အတန်ကြာ ကုန်လွန်သွားပြီးနောက် သူ ဤနေရာသို့ လာရာလမ်းတွင် အသုံးပြုခဲ့ရသော ဝိညာဉ်စွမ်းအားများသည် တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်သည်။
သူ၏မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာတွင် အားရကျေနပ်သော အပြုံးလေးတစ်ခု ရှိနေသည်။ သူ၏ မိုးပြာရောင်အနှစ်သာရဓားသိုင်းကို ဒသမအဆင့်အထိ ကျင့်ကြံပြီးကတည်းက သူ၏ ဝိညာဉ်စွမ်းအားများ ပြန်လည် ပြည့်ဝလာမှုနှုန်းမှာ ပုံမှန်ထက် ပိုမို မြန်ဆန်လာသည်ကို သိသိသာသာ ခံစားနေရသည်။ ဤသည်မှာ သူ၏အတွက်တော့ မမျှော်လင့်ထားသော ဝမ်းမြောက်စရာ ကိစ္စတစ်ခုပင်။
ထိုအတွေးဖြင့် ဟန်လိသည် ခေတ္တမျှ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် အနက်ရောင်အလင်းများ တဖျတ်ဖျတ် လက်နေသည့် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာကို မိုးပြာရောင်အလင်းများ လက်နေသည့် အတားအဆီး အဆောင်စာသားများစွာဖြင့် ချိပ်ပိတ်ထားခြင်း ဖြစ်သည်။ သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အဆောင်စာသားများသည် သေတ္တာပေါ်မှ ပျံထွက်လာပြီး သူ၏ အင်္ကျီလက်အိုးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ထို့နောက် သူက သေတ္တာကို အသာအယာ ပုတ်လိုက်ရာ အထဲတွင် ရှိနေသော အရာမှာ ပေါ်ထွက်လာတော့သည်။ ၎င်းမှာ လက်ဝါးအရွယ်ခန့်ရှိပြီး အဆောင်စာသားများစွာ ရေးထွင်းထားသည့် ဝိညာဉ်အဆောင်တစ်ခု ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော နီရဲသည့် နဂါးတစ်ကောင် ဝိုးတဝါး ကူးခတ်လှုပ်ရှားနေသည်ကိုလည်း မြင်တွေ့နိုင်ပေသည်။
ဟန်လိသည် လက်ကို ဆန့်ထုတ်ကာ အချက်ပြလိုက်ရာ ထိုအဆောင်မှာ သူ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် သုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးမှ နောက်ဆုံးတွင် ဤအဆောင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မည်မျှအထိ စွမ်းအားကြီးမားမည်ကို သူ အတိအကျ မသိရှိသေးသော်လည်း အတိတ်က မှတ်တမ်းများတွင် ဖော်ပြထားသည့် ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်း အဆောင်များထက် များစွာ အားနည်းနေမည်မှာတော့ သေချာလှသည်။ ဘာပဲဖြစ်ဖြစ် သန့်စင်မှု သုံးကြိမ် ကျရှုံးခဲ့သဖြင့် နဂါးဝိညာဉ်မှာ များစွာ အားနည်းသွားခဲ့ပြီ မဟုတ်ပါလား။ သို့သော် အဆုံးသတ်တွင်မူ သူသည် ၎င်း၏ စစ်မှန်သော စွမ်းအားကို တိုက်ပွဲအတွင်း၌သာ စမ်းသပ်ကြည့်နိုင်ပေလိမ့်မည်။
ဟန်လိသည် အဆောင်မျက်နှာပြင်ပေါ်ရှိ အဆောင်စာသားများကို ညင်သာစွာ ပွတ်သပ်ရင်း အတွေးယဉ်ကြောထဲ မြောပါသွား၏။ သူ၏အတွေးများ ပြောင်းလဲသွားသည်နှင့်အမျှ သူ၏ မျက်နှာအမူအရာမှာလည်း လိုက်ပါ ပြောင်းလဲနေခဲ့သည်။
ဟန်လိ တစ်ဦးတည်း အခန်းအတွင်း စဉ်းစားခန်း ဝင်နေစဉ်မှာပင် မိုင်ပေါင်းများစွာ ဝေးကွာသော မောက်လန် စစ်စခန်းရှိ မြေအောက်ခန်းတစ်ခုအတွင်း၌ ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးအချို့မှာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြလေသည်။
ထိုနေရာတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး ရှိနေကြသည်။ ထိုသူများထဲတွင် အနက်ရောင် ဝတ်ရုံများဖြင့် ကိုယ်ယောင်ဖျောက်ထားကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ ကျန်ရှိသော ကိုယ်ယောင်ဖျောက်မထားသည့် မန္တန်စစ်သည်တော်များထဲမှ နှစ်ဦးမှာ ဟန်လိ သိကျွမ်းသည့် သူများ ဖြစ်ကြသည်။ တစ်ဦးမှာ နဂါးဝါတောင်တန်းတွင် သူနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ရှေးဟောင်း မီးအိမ်ကို ပိုင်ဆိုင်ထားသည့် လဲ့မျိုးရိုး အမျိုးသမီးဖြစ်ကာ အခြားတစ်ဦးမှာမူ သူ့ကို ရက်အတော်ကြာအောင် မဆုတ်မနစ် လိုက်လံတိုက်ခိုက်ခဲ့သည့် သက်လတ်ပိုင်းအရွယ် နတ်ဘုရားသူတော်စင်ပင် ဖြစ်သည်။ ကျန်ရှိသော သုံးဦးမှာမူ ညိုမဲသောအသားအရေနှင့် ပိန်ခြောက်ခြောက်အဘိုးအိုတစ်ဦး၊ လေးပေပင် မပြည့်သည့် လူပုလေးတစ်ဦးနှင့် ခန့်ညားထည်ဝါသော ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူသန်ကြီးတစ်ဦးတို့ ဖြစ်ကြသည်။
"ပညာရှိလဲ့... ဝိညာဉ်ဆီ ပြင်ဆင်နေတာ အခြေအနေ ဘယ်လိုရှိလဲ။ မြင့်မြတ်တဲ့ မီးအိမ် ထွန်းညှိထားသရွေ့ပဲ မြင့်မြတ်တဲ့ ငှက်က ဒီလောကမှာ ပေါ်လာနိုင်မှာဆိုတာ မင်း သိထားသင့်တယ်။ ဘာအမှားအယွင်းမှ မရှိစေနဲ့" ဟု အဘိုးအိုက ဆိုလိုက်သည်။ သူ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း သူ၏မျက်လုံးများမှာမူ တောက်ပကြည်လင်လို့နေသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လဲ့အမည်ရှိ အမျိုးသမီးက တရိုတသေ ပြန်လည် ဖြေကြားသည်။
"နတ်ဘုရားသူတော်စင်ကျူး... သိပ်မစိုးရိမ်ပါနဲ့။ ကျမတို့ လူမျိုးစုဟာ ဒီတိုက်ပွဲကို သေရေးရှင်ရေး ကိစ္စတစ်ခုလို သတ်မှတ်ထားပါတယ်။ ကျမတို့ လူမျိုးစုက နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း ထုတ်လုပ်ထားခဲ့တဲ့ ဝိညာဉ်ဆီတွေ အားလုံးကို ထုတ်ယူလာခဲ့ပါတယ်။ ဒါက တိုက်ပွဲအတွင်းမှာ မြင့်မြတ်တဲ့ငှက်ကို ဆင့်ခေါ်ဖို့အတွက် လုံလောက်ပါတယ်"
ထို့နောက် အဘိုးအိုက သူ၏ မေးခွန်းများကို သက်လတ်ပိုင်းအရွယ် ပညာရှိသွင်ပြင်နှင့်လူကြီးထံသို့ လှည့်လိုက်သည်။
"အစ်ကိုကျုံး… မဟာဝိညာဉ်မန္တာန် အစီအရင်တွေ ဖွဲ့စည်းတဲ့နေရာမှာရော ပြဿနာ တစ်ခုခု ရှိသေးလား။ ကျုပ်တို့ရဲ့ မှော်လက်နက် အရေအတွက်ဟာ ကောင်းကင်တောင်ပိုင်းက ကျင့်ကြံသူတွေထက် နည်းနေတာကြောင့် သူတို့ကို နှိမ်နင်းဖို့အတွက် ဝိညာဉ်မန္တာန် အစီအရင်တွေကိုပဲ အားကိုးရမှာနော်"
ပညာရှိဟန်နှင့်လူကြီးက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဘာပြဿနာမှ မရှိပါဘူး။ ကျုပ် နှစ်ပေါင်း ရာနဲ့ချီပြီး မန္တာန်အစီအရင်တွေကို သုတေသန လုပ်ခဲ့ရတာတွေက အလကား မဟုတ်ပါဘူး။ တိုက်စစ်အတွက် ကြီးမားတဲ့ အစီအရင် အသစ်တွေကိုလည်း ကျုပ် ပြင်ဆင်ပြီးသွားပါပြီ။ အကယ်၍ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူတွေက အတိတ်က ဝိညာဉ်မန္တာန် အစီအရင်တွေလို့ပဲ ထင်ထားကြရင်တော့ သူတို့ အကြီးအကျယ် ဒုက္ခရောက်ကြရပါလိမ့်မယ်"
"ဒီလောက်ဆို ရပါပြီ။ အစ်ကိုပိ... ခင်ဗျားက…တိုက်ပွဲ စတင်တာနဲ့ အဆင့်မြင့် မန္တန်စစ်သည်တော်တွေကို ဟင်းလင်းပြင် ဝိညာဉ်သားရဲတွေကို ဆင့်ခေါ်ပြီး ထိုးစစ်ဆင်ခိုင်းလိုက်။ ကျင့်ကြံသူတွေကို အဲ့ဒီသားရဲတွေနဲ့ အရင်တိုက်ခိုင်းပြီး သူတို့ရဲ့ မှော်စွမ်းအားတွေကို တတ်နိုင်သမျှ ကုန်ဆုံးအောင် လုပ်ခိုင်းလိုက်"
အဘိုးအိုက လူပုလေးပုကို အတိုချုံး မှာကြားလိုက်ပြီးနောက် အနက်ရောင် ဝတ်ရုံနှင့် အမျိုးသားဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ ဆိုလာသည်။
"ဂိုဏ်းချုပ်ဖန်း... ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ ဧရာမသားရဲကြီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါလိမ့်မယ်"
"တိုက်ပွဲ မစခင်မှာ ဒီသားရဲကြီးတွေကို ခင်ဗျားတို့ဆီ ကျုပ် လွှဲပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့ သဘောတူထားတဲ့ ကတိကိုတော့ ခင်ဗျားတို့ဘက်က ဖောက်ဖျက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်" အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၏ နောက်ဆုံး စကားလုံးများမှာ လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။
အသားညိုမည်းသည့် အဘိုးအို၏ မျက်နှာမှာ အနည်းငယ် လှုပ်ခတ်သွားပြီး အေးစက်စွာ ဆိုလိုက်သည်။
"ဖောက်ဖျက်မှာ ဟုတ်လား။ အစ်ကိုဖန်းကတော့ နောက်နေပြီ။ ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမဖြစ်ခင်မှာ ခင်ဗျားတို့လို အင်အားတောင့်တင်းလှတဲ့ဂိုဏ်းကို ကျုပ်တို့က ဘာကြောင့်များ ရန်စရမှာလဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ ယင်စစ်ထုတ်ခြင်းဂိုဏ်းဟာ ကျင်းအင်ပါယာရဲ့ ကြီးမြတ်တဲ့ မိစ္ဆာဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက တစ်ခုပဲမဟုတ်လား။ ကျုပ်တို့ မောက်လန် မျိုးနွယ်စုတွေ ကောင်းကင်တောင်ပိုင်းကို သိမ်းပိုက်နိုင်တဲ့အခါ ခင်ဗျားတို့ကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ သေမျိုးတိုင်းပြည်အချို့ကို အုပ်ချုပ်ခွင့် ပေးပါ့မယ်။ ယန်မျိုးနွယ်ရဲ့ သေမျိုးတွေ အသက်နဲ့ပတ်သက်ပြီး ကျုပ်တို့က နည်းနည်းလေးတောင် အရေးမစိုက်ပါဘူး"
အနက်ရောင် ဝတ်ရုံနှင့် အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "ဒါဆိုရင်တော့ ကောင်းတာပေါ့။ လမ်းမှန်တာအိုက အကောင်တွေ ကျုပ်တို့ရဲ့ ဂိုဏ်းစောင့်ရတနာကို ဖျက်ဆီးမပစ်ခဲ့ရင် အဲ့ဒီရတနာကို ပြန်လည် ပြုပြင်ဖို့အတွက် အခုလို ဝိညာဉ်ရှင်တွေ အမြောက်အမြား ကျုပ်တို့ လိုအပ်မှာ မဟုတ်ဘူး။ အဲ့လိုသာဆိုရင် ခင်ဗျားတို့နဲ့ ကျင့်ကြံသူတွေကြားက စစ်ပွဲမှာ ကျုပ်တို့ ပါဝင်ပတ်သက်နေစရာလည်း အကြောင်းမရှိဘူးလေ။ ကျင်းအင်ပါယာ အတွင်းမှာ ဝိညာဉ်တွေ အမြောက်အမြား စုဆောင်းတာက လမ်းမှန်တာအိုက အကောင်တွေနဲ့ ပြဿနာ တက်နိုင်တယ်။ ကျုပ်တို့က သူတို့ကို မကြောက်ပေမဲ့လည်း ရတနာ ပြုပြင်တဲ့နေရာမှာ နှောင့်နှေးသွားစေနိုင်တယ်"
အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးကလည်း ထပ်လောင်း ပြောဆိုလိုက်သည်။
"ဒါ့အပြင် ဒီတိုက်ပွဲမှာ သေဆုံးသွားမယ့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်အားလုံးဟာ ကျမတို့ ဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်ရပါမယ်။ နတ်ဘုရားသူတော်စင်ကျူးအနေနဲ့ ဒါကို ကန့်ကွက်မှာ မဟုတ်ဘူးမလား။" သူမ၏အသံမှာ သူမ၏ သေးငယ်သော ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ဖြစ်အောင် အက်ရှရှနှင့် ကြမ်းတမ်းလှသဖြင့် ကြားရသူတိုင်းမှာ တုန်လှုပ်သွားကြရသည်။
အဘိုးအိုက ထိုစကားကို ကြားသည့်အခါ အနည်းငယ် စဉ်းစားသွားပြီးနောက်... "ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေ ဘာဖြစ်သွားမလဲဆိုတာ ကျုပ်တို့အတွက်တော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ မန္တန်စစ်သည်တော်တွေရဲ့ ဝိညာဉ်တွေနဲ့ ခင်ဗျားတို့ ခွဲခြားနိုင်ပါ့မလား။ အရင် တိုက်ပွဲတွေတုန်းကတော့ ခင်ဗျားတို့ ဝိညာဉ်တွေ စိတ်တိုင်းကျ စုဆောင်းခဲ့တာကို ကျုပ်တို့ လျစ်လျူရှုပေးခဲ့ပေမဲ့ ဒီတစ်ခါတော့ အဲ့ဒီလို မဖြစ်စေချင်ဘူး။ အဲ့လိုမျိုးမဖြစ်အောင် လုပ်ပေးမယ် ကျုပ်တို့ဘက်က ခင်ဗျားတို့ကို တခြားနည်းလမ်းတွေနဲ့ အစားပြန်ပေးပါ့မယ်" ဟု ဆိုလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး။ ကျင့်ကြံသူတွေနဲ့ မန္တန်စစ်သည်တော်တွေရဲ့ ဝိညာဉ်တွေကြားမှာ ဘာကွာခြားချက်မှ မရှိဘူး။ နည်းလမ်း ရှိရင်တောင်မှ မနက်ဖြန်ကျရင် သောင်းနဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးကြရဦးမှာပဲ။ အဲ့ဒါကို တစ်ခုချင်းစီ ခွဲခြားခိုင်းနေတာလား။ ခင်ဗျားတို့ နတ်ဘုရားသူတော်စင်သုံးဦးက ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ဖို့ ကြံစည်နေတာလား။"
အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ရာ သူ၏ မျက်လုံးများမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှလည်း ရက်စက်ပြီး အေးစိမ့်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။
ကျုံး အမည်ရှိ ပညာရှိဟန် လူကြီးနှင့် ပိအမည်ရှိ လူပုလေးတို့မှာ ဤသည်ကို မြင်သည့်အခါ စိတ်ထဲမှ အကြီးအကျယ် ဒေါသထွက်သွားကြသည်။ သူတို့မှာ မည်သို့မျှ လှုပ်ရှားခြင်း မရှိသော်လည်း သူတို့၏ခန္ဓာကိုယ်များမှ ငွေရောင်နှင့်အနီရောင်အလင်းတန်းများ ဝိုးတဝါး ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားကို စူးစိုက်ကြည့်နေကြသည်။ ထည်ဝါစွာဝတ်ဆင်ထားသောလူသန်ကြီးနှင့် လဲ့အမည်ရှိ အမျိုးသမီးတို့မှာလည်း မကျေမနပ် ဖြစ်နေကြသည့် မျက်နှာထားများဖြင့် အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားကို စိမ်းစိမ်းဝါဝါ ကြည့်နေကြတော့သည်။
သူတို့သည် မန္တန်စစ်သည်တော်များ၏ဝိညာဉ်များ စုဆောင်းခံနေရသည့်အပေါ် အခဲမကျေ ဖြစ်နေခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကျင်းအင်ပါယာမှ လာသည့် ဤမိစ္ဆာကျင့်ကြံသူများနှင့် ပြဿနာ တက်ကြရမည်မှာ ရှောင်လွှဲ၍မရသည့် ကိစ္စတစ်ခုပင်။
အဘိုးအိုက သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာမှာ လေးနက်သွားသည်။
"ရပ်ကြစမ်း။ မင်းတို့ ဘာလုပ်နေကြတာလဲ။ ဂိုဏ်းချုပ်ဖန်းဟာ ငါကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တော်ပဲ။ မင်းတို့က ငါ့ကိုရော အရေးမစိုက်ကြတော့ဘူးလား။"
ဘေးနားတွင်ရှိနေသော ဝတ်ရုံနက်ဝတ်ထာသည့် အမျိုးသမီးက အနက်ရောင်ဝတ်ရုံနှင့်အမျိုးသား (ဝါ)ဂိုဏ်းချုပ်ဖန်းထံသို့ အသံလွှင့်ကာ တစ်စုံတစ်ခု ပြောလိုက်သည်။ ထိုစကားကို ကြားသည့်အခါမှ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၏ မျက်လုံးထဲမှ စိမ်းဖန်ဖန် အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏ ထူးဆန်းသော အရှိန်အဝါမှာလည်း ပျောက်ကွယ်သွားတော့သည်။
အခြားသူများသည်လည်း ဤသည်ကို မြင်ရသည့်အခါမှ သက်ပြင်းချနိုင်တော့ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်ကြသည်။ ဤမိစ္ဆာကျင့်ကြံသူများကို ကြည့်မရသော်လည်း သူတို့သည် လက်ရှိ အခြေအနေတွင် လိုအပ်နေသော သူများဖြစ်ကြောင်းနှင့် ယခုအချိန်မှာ အတွင်းရေး ပြဿနာများ တက်နေရမည့် အချိန်မဟုတ်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားကြသည်။
ထပ်မံစဉ်းစားပြီးနောက်တွင် အဘိုးအိုက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ဒီလို လုပ်ကြတာပေါ့... ခင်ဗျားတို့ ဝိညာဉ်တွေ စုဆောင်းလို့ ရပါတယ်။ ဒါပေမဲ့ တိုက်ပွဲပြီးတဲ့နောက်မှာ တိတ်တဆိတ်ပဲ လုပ်ဆောင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို တခြားသူတွေ မြင်လို့ မဖြစ်ဘူး။ မဟုတ်ရင်တော့ နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျုပ် အာမခံလို့ မရဘူး"
အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျုပ်တို့ ဂိုဏ်းက သဘောတူပါတယ်"
မောက်လန်မန္တန်စစ်သည်တော်များမှာမူ ဤအစီအစဉ်အပေါ် မကျေမနပ် ဖြစ်နေကြဆဲ ဖြစ်သော်လည်း အခြား ရွေးချယ်စရာ မရှိသဖြင့် ငြိမ်သက်နေကြရသည်။
ထိုအခိုက်တွင် ထည်ဝါစွာဝတ်စားထားသည့်လူသန်ကြီးက မေးမြန်းလိုက်သည်။ "ခင်ဗျားတို့ ဂိုဏ်းရဲ့ တိုက်ပွဲပြင်ဆင်မှုတွေက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ ကောင်းကင်တောင်ပိုင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် မိစ္ဆာကျင့်ကြံသူတွေ ရှိတာပဲလေ။ သူတို့က ခင်ဗျားတို့ကို ဖြတ်မမြင်နိုင်ဘူးလို့ ထင်နေတာလား။"
အနက်ရောင် ဝတ်ရုံနှင့် အမျိုးသားက အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "မိစ္ဆာကျင့်ကြံသူတွေ ဟုတ်လား။ သူတို့ကို မိစ္ဆာကျင့်ကြံသူလို့ ခေါ်လို့ရလို့လား။ သူတို့က အပေါ်ယံ ပညာရပ်လေးတွေကိုပဲ ကျင့်ကြံထားကြတာ။ သူတို့က သူတို့ရဲ့ မိစ္ဆာပညာရပ်တွေအပေါ် ယုံကြည်မှု ရှိနေကြရင်တောင် အဲ့ဒါက အပေါ်ယံ ပုံသဏ္ဌာန်ချင်း တူတာပဲ ရှိတာပါ။ ရှေးဟောင်းကာလကတည်းက တည်ရှိခဲ့တဲ့ စစ်မှန်တဲ့ မိစ္ဆာတာအို ပညာရပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သူတို့ ဘယ်လိုများ သိနိုင်ပါ့မလဲ။"
လူပုလေးပိက ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ဟုတ်လို့လား။ ဒါပေမဲ့ ခင်ဗျားတို့ ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ကတော့ အဆင့်တူ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူတစ်ဦးရဲ့ လက်ချက်နဲ့ မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရတယ် မဟုတ်လား။ ခင်ဗျားတို့ သူတို့ကို လျှော့တွက်နေတာ မဟုတ်ဘူးလား။"
အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၏ မျက်လုံးများမှာ အေးစက်စွာ လက်ခနဲ ဖြစ်သွားသော်လည်း နှာတစ်ချက်မှုတ်လိုက်ရုံမှအပ ဘာမှ ထပ်မပြောတော့ပေ။ သို့သော် ထိုအခိုက်အတန့်တွင် အနက်ရောင် ဝတ်ရုံနှင့်အမျိုးသမီးက အခွင့်အရေးကို အသုံးချကာ ပြောလာသည်။
"ကျမလည်း ဒီကိစ္စကိုပဲ စဉ်းစားနေတာ။ ရွှေရောင်လျှပ်စီးတွေကို အသုံးပြုတဲ့ အဲ့ဒီကျင့်ကြံသူဟာ ကျမတို့ ယင်စစ်ထုတ်ခြင်းဂိုဏ်းအတွက် အတော်လေး အသုံးဝင်ပါတယ်။ ကျမ မျှော်လင့်တာကတော့ ခင်ဗျားတို့ နတ်ဘုရားသူတော်စင်သုံးဦးက အဲ့ဒီလူကို ကျမတို့ဆီ လွှဲပေးဖို့ပါပဲ။ ဘယ်လိုလဲ။"
ပိန်ခြောက်ခြောက်အဘိုးအိုကျူးက ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။
"သူ့ကို ခင်ဗျားတို့ဆီ လွှဲပေးရမယ် ဟုတ်လား။"
"ဘာလဲ... ရှင်တို့သုံးဦးက ဒီလို သေးငယ်တဲ့ တောင်းဆိုချက်လေးကိုတောင် သဘောမတူနိုင်ကြဘူးလား။"
အမျိုးသမီး၏အသံမှာ မကျေမနပ်ဖြစ်သွားသဖြင့် ပို၍ပင် အက်ရှလာတော့သည်။
ပိန်ခြောက်ခြောက်အဘိုးအိုက အနက်ရောင ဝတ်ရုံနှင့် အမျိုးသမီးကို ပြုံး၍ ပြောလိုက်သည်။
"တကယ်လို့ သူက သာမန် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုရင်တော့ ခင်ဗျားတို့ဆီ လွှဲပေးဖို့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ရွှေရောင်လျှပ်စီးဝါးနဲ့ ပြုလုပ်ထားတဲ့ မှော်ရတနာ ပါဝင်ပတ်သက်နေတဲ့ ကိစ္စဆိုရင်တော့ ဒါက တခြားစီ ဖြစ်သွားပြီပေါ့"
အနက်ရောင် ဝတ်ရုံနှင့် အမျိုးသမီး၏ စိတ်အခြေအနေမှာ မှိုင်တွေသွားတော့သည်။
"မိတ်ဆွေကျူးက ဒါကို ရိပ်မိသွားပြီပေါ့"
အဘိုးအိုက ပြန်လည် ဖြေကြားသည်။
"ကျုပ်တို့ မောက်လန်လွင်ပြင်ဟာ ဆင်းရဲနွမ်းပါးလှပေမဲ့ ကျင့်ကြံခြင်းလောကမှာ ရှိတဲ့ နတ်ဘုရားသစ်သား သုံးမျိုးအကြောင်းကိုတော့ ကျုပ် အနည်းငယ် သိထားပါတယ်။ နတ်မိစ္ဆာနှိမ်နှင်းခြင်းနတ်ဘုရားလျှပ်စီးအကြောင်းကို သိတဲ့သူ သိပ်မရှိဘူးဆိုပေမဲ့ အဲ့ဒီထဲမှာ ကျုပ်တို့တော့ မပါဝင်ပါဘူး"
တစ်ဖက်သူ၏ရည်ရွယ်ချက်ကို ရိပ်မိသွားသဖြင့် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက အေးစက်စွာ ဆိုလိုက်သည်။ "ခင်ဗျားက နတ်မိစ္ဆာနှိမ်နှင်းခြင်းနတ်ဘုရားလျှပ်စီးအကြောင်း သိထားမှတော့ ကျုပ်တို့ မိစ္ဆာဂိုဏ်းတွေဟာ ဒီရတနာကို တခြားသူတွေလက်ထဲ အရောက်မခံနိုင်ဘူးဆိုတာကိုလည်း သိမှာပေါ့။ ခင်ဗျားရဲ့ အပေးအယူကို ပြောပါ"
အဘိုးအို၏ အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာမှာ ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါက အတော်လေး ရိုးရှင်းပါတယ်။ ခင်ဗျားတို့ ဂိုဏ်းဟာ ဒီသားရဲကြီးတွေအပြင် ကြေးနီချပ်ဝတ် အလောင်းကောင်တွေ အမြောက်အမြားကိုလည်း သန့်စင်ထားတယ်လို့ ကျုပ် ကြားဖူးပါတယ်။ မနက်ဖြန် တိုက်ပွဲရဲ့ အရေးကြီးတဲ့ အချိန်မှာ အစ်ကိုဖန်းက သူတို့ကို အသုံးပြုပြီး ကျုပ်တို့ကို ကူညီပေးစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ ကျင့်ကြံသူတွေဘက်က ဘယ်လို တုံ့ပြန်လာမလဲဆိုတာ မသိနိုင်ဘူးလေ။ ဒါကြောင့် ကျုပ်တို့ သတိထားတာကတော့ အကောင်းဆုံးပါပဲ"
စဉ်းစားဆုံးဖြတ်ပြီးနောက်တွင် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက ပြန်လည် ဖြေကြားသည်။ "မိတ်ဆွေကျူးက ကျုပ်တို့ ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေအကြောင်း ဒီလောက်အထိ သိထားလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ကြေးနီချပ်ဝတ် အလောင်းကောင်တွေကို သန့်စင်ဖို့ လွယ်ကူတယ်ဆိုပေမဲ့ တစ်ခါတည်းနဲ့ အများကြီး ဆုံးရှုံးသွားရမယ်ဆိုရင်တော့ ကျုပ်တို့ ဂိုဏ်းအတွက် အတော်လေး ဒုက္ခများပါလိမ့်မယ်။ ဒီအပေးအယူအတိုင်းဆိုရင်တော့ ခင်ဗျားတို့ဘက်က အဲ့ဒီကျင့်ကြံသူကို အသက်ရှင်လျက် ဖမ်းခေါ်ပေးဖို့ ကျုပ်တို့ လိုအပ်ပါလိမ့်မယ်"
အပိုင်း ၇၆၆ - လျှို့ဝှက်အကြံအစည်များ
ပိန်ခြောက်ခြောက်အဘိုးအိုသည် ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ စကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး အုံ့မှိုင်းစွာဖြင့် ဆိုလိုက်သည်။
"အသက်ရှင်လျက် ဖမ်းခေါ်ရမယ် ဟုတ်လား။ အစ်ကိုဖန်းကတော့ နောက်နေပြန်ပြီ။ ရောင်းရင်းကျုံးနဲ့ အဲ့ဒီလူ တစ်ခါ တိုက်ခိုက်ဖူးတာ ခင်ဗျား သိသင့်တယ်။ သူက လျှပ်စီးလှုပ်ရှားမှုကို အသုံးပြုနိုင်ရုံတင်မကဘူး အရင်က တစ်ခါမှ မမြင်ဖူးတဲ့ သွေးလှုပ်ရှားမှုပညာရပ်ကိုလည်း အသုံးပြုနိုင်သေးတယ်။ ကျုပ်တို့ သူ့ကို တားဆီးဖို့ မဖြစ်နိုင်ဘူး။ ဒီလောက်အထိ စွမ်းရည်ကြီးမားတဲ့လူကို ကျုပ်တို့တောင် မချုပ်နှောင်နိုင်တာ ဒါကြောင့် သူ့ကို အသက်ရှင်လျက် ဖမ်းဆီးတာဟာ ဖြစ်နိုင်မယ်လို့ ခင်ဗျားတို့ တကယ် ယုံကြည်နေတာလား။ အကယ်၍ သူ့ကို သတ်ပြီး ရွှေရောင်ကောင်းကင်လျှပ်စီးဝါးနဲ့ ပြုလုပ်ထားတဲ့ မှော်ရတနာကို လုယူရမယ်ဆိုရင်တော့ ဖြစ်နိုင်ချေပိုရှိပါလိမ့်မယ်"
"ဖမ်းဖို့ ခက်ခဲနေတယ်ဆိုရင်လည်း သတ်ပစ်တာကို ကျုပ်တို့ လက်ခံနိုင်ပါတယ်"
အဘိုးအိုကျူး အံ့ဩသွားရသည်မှာ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားသည် သူ၏ အပေးအယူကို ချက်ချင်းပင် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။ ပိန်ခြောက်ခြောက်အဘိုးအိုသည် အခြားသော မန္တန်စစ်သည်တော်များနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အသံလွှင့်ကာ ခပ်မြန်မြန် တိုင်ပင်လိုက်ကြပြီးမှ သဘောတူလိုက်တော့သည်။ ထို့နောက်တွင် သူတို့သည် လာမည့် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးကြတော့သည်။
...
ခန်းမကြီးတစ်ခုအတွင်း၌ တာအိုသခင်နေဝန်းရှင်၊ ဝေဝူယာနှင့် အခြားသူများမှာ စစ်ပွဲအကြောင်း ဆွေးနွေးနေကြလေသည်။ ကြီးမြတ်သောကျင့်ကြံသူသုံးဦးနှင့် လုံဟန့်တို့အပြင် အနီရောင်ဝတ်စုံဝတ်မိန်းမလှတစ်ဦးရယ်၊ သိမ်းငှက်မျက်လုံးပိုင်ရှင်ထိပ်ပြောင်အဘိုးအိုတစ်ဦးလည်း ရှိနေကြသည်။
ထိုအဘိုးအိုသည် မျက်လုံးများကို မှေးစင်းထားပြီး သူ၏လက်တွင် အဆောင်စာသားများ ရေးထွင်းထားကာ တဖျတ်ဖျတ် လက်နေသည့် ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထားသည်။ ၎င်းမှာ အလွန်ပင် ရှားပါးလှပုံရသည်။
"မိတ်ဆွေလူထူးဆန်းကောင်းကင်ကလဲ့စား... ဒီစစ်ပွဲက ကျုပ်တို့ အားလုံးအပေါ်မှာ မူတည်နေပါတယ်။ ကျုပ်တို့က မောက်လန်စစ်တပ်ရဲ့ ပင်မအင်အားစုတွေကို ဒီနေရာမှာ ဟန့်တားထားပါ့မယ်။ အဲ့ဒီအချိန်မှာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ လူတွေက မိုးမျှော်ကောင်းကင်မြို့တော်ထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး မြို့တော်ရဲ့ အရင်းအမြစ် သိုလှောင်ရုံက ပစ္စည်းတွေ အားလုံးကို ယူဆောင်လာရမယ်။ မောက်လန်တွေက တိုက်ပွဲ မစခင်မှာ တချို့တဝက်ကို အသုံးပြုနိုင်ခဲ့ရင်တောင် ကျုပ်တို့က ဒီတိုက်ပွဲကို အချိန်ဆွဲထားနိုင်မယ်ဆိုရင် သူတို့ဆီမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ တခြား အသုံးအဆောင်တွေ ကုန်သွားတာနဲ့ သူတို့ အလိုလို ပြိုလဲသွားပါလိမ့်မယ်"
တာအိုသခင်နေဝန်းရှင်သည် သူ၏ရှေ့တွင် ရှိနေသော ကျော်ကြားလှသည့် ဝါရင့်ကျင့်ကြံသူ လူထူးဆန်းကောင်းကင်ကလဲ့စားကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ သူတို့ကြားတွင် အတိတ်က မနှစ်မြို့စရာ ကိစ္စများ မရှိခဲ့ဖူးသည့်အလားပင်။
"ခင်ဗျားတို့က မောက်လန်နတ်ဘုရားသူတော်စင်တွေကို တိုက်ပွဲကွင်းရဲ့နယ်စပ်မှာ ဆွဲထားနိုင်သရွေ့တော့ မိုးမျှော်ကောင်းကင်မြို့တော်ထဲကို ဝင်ရောက်ဖို့က ဘာပြဿနာမှ မရှိပါဘူး။ ပြီးတော့ မိတ်ဆွေဝေ ပေးထားတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နဲ့ဆိုရင် မြို့ထဲကို တိုက်ရိုက် ဝင်ရောက်ဖို့က ပိုတောင် လွယ်ကူဦးမယ်။ ဒါပေမဲ့ ကျုပ် စိုးရိမ်တာ တစ်ခုပဲ ရှိတယ်။ ဘာကြောင့် မောက်လန်တွေက သူတို့ရဲ့ အရင်းအမြစ်တွေကို မြို့ထဲမှာပဲ ချန်ထားခဲ့ရတာလဲ။ ဒါက ကျုပ်တို့အတွက် ထောင်ချောက်တစ်ခုခုများ ဆင်ထားတာလား"
သိမ်းငှက်မျက်လုံးပိုင်ရှင်အဘိုးအိုက ကျောက်ခဲချင်း ပွတ်တိုက်သံကဲ့သို့ ရှတတ အသံဖြင့် ပြောလိုက်ရာ ကြားရသူတိုင်းအတွက် နားမခံသာလောက်အောင် ဖြစ်ရသည်။
မိစ္ဆာအိုကြီးဟီက တည်ငြိမ်စွာဖြင့်...
"မိတ်ဆွေလူထူးဆန်းကောင်းကင်ကလဲ့စား... စိတ်အေးအေး ထားပါ။ မောက်လန်တွေကြားထဲမှာ ရှိနေတဲ့ ကျုပ်တို့ရဲ့ သူလျှိုတွေဆီက သတင်းအရ မောက်လန် မျိုးနွယ်စုတွေဟာ ဖုန်းယွမ်ပြည်နယ်နဲ့ ယဲ့ပြည်နယ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ သူတို့ဆီမှာ တခြား အရင်းအမြစ် အထောက်အပံ့ မရှိပါဘူး။ ကျုပ်တို့ အဲ့ဒီပြည်နယ်တွေကနေ မထွက်ခွာခင်မှာ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေနဲ့ တခြား အရင်းအမြစ် နေရာတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တာပါ။ မောက်လန်မျိုးနွယ်စုရဲ့ သေမျိုးတွေက ပြန်လည် ပြုပြင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပေမဲ့လည်း အချိန်တိုအတွင်းမှာတော့ ဘာမှ မလုပ်နိုင်ကြသေးပါဘူး။ အခုချိန်မှာ သူတို့ဟာ သူတို့ရဲ့ မျိုးနွယ်စုအားလုံးကနေ စုပေါင်းထားတဲ့ ဝိညာဉ်ကျောက်တုံး အရန်အင်အားတွေကိုပဲ အသုံးပြုနေကြရတာပါ။ ဒီဝိညာဉ်ကျောက်တုံးတွေကို ခိုင်မာလှတဲ့ အတားအဆီးတွေနဲ့ ကာကွယ်ထားတဲ့ လျှို့ဝှက်သိုလှောင်ရုံတစ်ခုထဲမှာ ထားရှိတာပါ။ ဒါ့အပြင် အဲ့ဒီနေရာကို သူတို့ဘက်က သူတော်စင်အချို့ကလည်း သတိထားပြီး စောင့်ကြပ်နေကြပါတယ်။ ဒီလိုလုံခြုံရေးတွေ ရှိနေတော့ တစ်စုံတစ်ယောက်က တိုက်ခိုက်လာခဲ့ရင်တောင်မှ သိုလှောင်ရုံ အဖောက်မခံရခင်မှာ ပစ္စည်းတွေကို မြို့ပြင်ကို သယ်ထုတ်ဖို့ အချိန် အလုံအလောက် ရမှာပါ။ ဒါကြောင့် ဒီအရင်းအမြစ်တွေဟာ အတော်လေးကို လုံခြုံနေတယ်လို့ ပြောလို့ရပါတယ်" ဟု ဆိုလိုက်သည်။
ဝေဝူယာက အေးတိအေးစက် ပြုံး၍ ပြောလိုက်သည်။
."ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတာကတော့ ကျုပ်တို့ နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့တဲ့ ကာလအတွင်းမှာ သူတို့က ကျုပ်တို့ဘက်ကို သူလျှိုတွေ ထည့်ထားသလိုမျိုးပဲ ကျုပ်တို့ကလည်း သူတို့ဘက်မှာ သူလျှိုတွေ ထားနိုင်ခဲ့တာပါပဲ။ သိုလှောင်ရုံကို စောင့်ကြပ်နေတဲ့ သူတော်စင်တွေထဲက တစ်ယောက်ဟာ ကျုပ်တို့လူပဲ ဖြစ်ပါတယ်။ အချိန်တန်တဲ့အခါ သူက ကြီးမားတဲ့ အစီအရင်ကို ပိတ်ပစ်ပါလိမ့်မယ်။ မိတ်ဆွေလူထူးဆန်းကောင်းကင်ကလဲ့စား... ခင်ဗျားနဲ့ ခင်ဗျားရဲ့ လူတွေသာ သတိထားပြီး လှုပ်ရှားနိုင်မယ်ဆိုရင် သူတို့ လုံးဝ မပြင်ဆင်ရသေးခင်မှာပဲ ကျုပ်တို့ သူတို့ကို အငိုက်မိအောင် လုပ်နိုင်ပါလိမ့်မယ်"
"ခင်ဗျားတို့ကတော့ အတော်လေး ယုံကြည်ချက် ရှိနေကြတာပဲ။ ဒါပေမဲ့ ဒီကိစ္စပြီးရင် ကျုပ် အနေနဲ့ ဘာပြန်ရမလဲဆိုတာကိုတော့ ကျုပ် မမေးဘဲ မနေနိုင်ဘူး"
လုံဟန့်က ပြုံးလျက် ပြန်လည် ဖြေကြားသည်။
"ဒီစစ်ပွဲ ပြီးသွားတာနဲ့ ကျုပ်တို့ရဲ့ အင်အားကြီး လေးခုက ရွှီပြည်နယ်ထဲက နယ်မြေတစ်စိတ်တစ်ပိုင်းကို ခင်ဗျားဆီ လွှဲပေးဖို့ သဘောတူပါတယ်။ ခင်ဗျား အဲ့ဒီမှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်ပြီး ကျုပ်တို့ဘက်က နည်းနည်းလေးမှ ဝင်ရောက် နှောက်ယှက်မှာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်ကစပြီး ခင်ဗျားဟာ ဂိုဏ်းတည်ထောင်သူအဖြစ် လူသိများလာပါလိမ့်မယ်"
"ကောင်းပြီ။ ခင်ဗျားတို့ ခုလောက်အထိ ယုံကြည်ချက် ရှိနေမှတော့ ကျုပ်နဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေ တစ်ချက်လောက် စမ်းသပ်ကြည့်ရတာပေါ့။ အခု နောက်ကျနေပြီဆိုတော့ ကျုပ် အရင်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ဦးမယ်။ မနက်ဖြန်ကျရင်တော့ ကျုပ်တို့ ထွက်ခွာပြီး ရွှီပြည်နယ်ထဲကို တိတ်တဆိတ် ဝင်ရောက်လိုက်ပါမယ်"
လူထူးဆန်းကောင်းကင်ကလဲ့စားသည် ဤအခြေအနေများအပေါ် ကျေနပ်ပုံရသော်လည်း သူတို့နှင့် ထပ်မံ စကားပြောရန် ဆန္ဒမရှိတော့ပေ။ သူသည် နှုတ်ဆက်ထွက်ခွာသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာအိုကြီးဟီက မျက်မှောင်ကြုတ်လိုက်ပြီး ဖြေးဖြေးချင်း ဆိုလိုက်သည်။
"ကောင်းကင်ကလဲ့စားက ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တော့ သူ့အနေနဲ့ အောင်မြင်ဖို့ အခွင့်အရေး အတော်လေး ရှိပါတယ်။ သူနဲ့အတူ ပါသွားမယ့် လေလွင့်ဝါရင့်ကျင့်ကြံသူတွေကလည်း တစ်ယောက်ချင်းစီတိုင်းဟာ နက်နဲတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေပဲ။ မောက်လန်တွေကသာ ဒီအကြောင်းကို ကြိုမသိထားဘူးးဆို သူ့အနေနဲ့ မအောင်မြင်စရာ မရှိလောက်ပါဘူး"
လုံဟန့်က တွေးတွေးဆဆနှင့် ပြောလိုက်သည်။
"မိတ်ဆွေ… ပြောတာ မှန်ပါတယ်။ ကျုပ်တို့ကသာ မောက်လန် နတ်ဘုရားသူတော်စင်တွေကို ဆွဲထားနိုင်မယ်ဆိုရင် လူထူးဆန်းကောင်းကင်ကလဲ့စား အောင်မြင်ဖို့ များပါတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက ဒီအသက်အရွယ်ကြီးမှ ဂိုဏ်းတည်ထောင်ချင်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ အဲ့ဒါတင်မကဘဲ ကိုယ်ပိုင်အင်အားစုတစ်ခု ဖွဲ့စည်းဖို့အတွက် လေလွင့်ကျင့်ကြံသူတွေ အများအပြားကို စုစည်းထားတာကတော့ တကယ့်ကို အံ့အားသင့်စရာပဲ။ ယုံဖို့တောင် ခက်တယ်"
တာအိုသခင်နေဝန်းရှင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ကျုပ်ကတော့ အဲ့ဒီလို မထင်ဘူး။ လူထူးဆန်းကောင်းကင်ကလဲ့စားဟာ စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကိုရောက်တာ အနည်းဆုံး နှစ်ပေါင်း သုံးရာလောက် ရှိနေပြီ။ အဲ့ဒီအချိန်အတောအတွင်းမှာ သူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို မတက်လှမ်းနိုင်တဲ့အတွက် သူကိုယ်တိုင် ကျရှုံးမှုကို လက်ခံလိုက်ပြီလို့ ကျုပ် ထင်တယ်။ ဒီလိုဆိုမှတော့ သူက တခြား အရာတစ်ခုခုအပေါ် အာရုံစိုက်လာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ဂိုဏ်းတည်ထောင်သူ တစ်ဦး ဖြစ်လာတာက သူ့အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ သူက ဂိုဏ်းကြီး အသီးသီးနဲ့ ရန်ငြိုးတွေ များနေခဲ့တော့ အခုလို ကျုပ်တို့နဲ့ အပေးအယူ လုပ်ဖို့ အခွင့်အရေးကို အသုံးချလိုက်တာပဲ။ သူ ရောက်လာတာက ကျုပ်တို့အတွက် မမျှော်လင့်ထားတဲ့ စစ်ကူတွေ ရလိုက်သလိုပါပဲ"
"တော်လောက်ပြီ။ ကျုပ်တို့မှာ လူထူးဆန်းကောင်းကင်ကလဲ့စားက လျှို့ဝှက်တာဝန်တွေကို ကိုင်တွယ်ပေးနေတယ် ဆိုပေမဲ့လည်း ဒီတိုက်ပွဲရဲ့ အစမှာ ကျုပ်တို့ ပေါ့ပေါ့ဆဆ နေလို့ မဖြစ်ဘူး။ ကျုပ်တို့ ကျိန်းသေပေါက် အနိုင်ရရမယ်။ တကယ်လို့ ရှုံးနိမ့်သွားရင် မောက်လန်တွေကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။"
တာအိုသခင်နေဝန်းရှင်က စကားလက်စ ခဏရပ်ပြီး ဆက်ပြောသည်။
"အစ်ကိုဝေ... ခင်ဗျားတို့ရဲ့ ကိုးပြည်ထောင်စုအဖွဲ့က မောက်လန်တွေရဲ့ မဟာဝိညာဉ်မန္တာန် အစီအရင်တွေကို တားဆီးဖို့အတွက် ပြဿနာ တစ်ခုခု ရှိနိုင်မလား။ ဒါက မန္တန်စစ်သည်တော်တွေရဲ့ တိုက်ပွဲမှာ အသုံးအများဆုံး နည်းဗျူဟာပဲ မဟုတ်လား"
ဝေဝူယာက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျုပ်တို့ သူတို့နဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရတဲ့ ကာလအတွင်းမှာ ဝိညာဉ်မန္တာန် အစီအရင်တွေအပေါ် ကျုပ်တို့ရဲ့ နားလည်မှုဟာ သူတို့ရဲ့ ဆရာသခင်တွေထက် မနိမ့်ကျပါဘူး။ အကယ်၍ ကျင့်ကြံခြင်း ပညာရပ်ဆိုင်ရာ ပြဿနာသာ မရှိခဲ့ရင် ကျုပ်တို့ ကိုးပြည်ထောင်စုအဖွဲ့ဟာလည်း ကိုယ်ပိုင်ဝိညာဉ်မန္တာန် အစီအရင်တွေကို အသုံးပြုနိုင်မှာပါ။ ဒီကိစ္စအတွက် မိတ်ဆွေနေဝန်းရှင် စိုးရိမ်မနေပါနဲ့"
တာအိုသခင်နေဝန်းရှင်သည် သူ၏အဖြေကို ကျေနပ်သွားပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် လူသန်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ကိုလှမ်းကြည့်နေတာ မြင်သည့်အခါ မိစ္ဆာအိုကြီးဟီက တုံ့ပြန်လာသည်။
"ကျုပ်တို့ရဲ့ မိစ္ဆာတာအို ဂိုဏ်းခြောက်ဂိုဏ်းကတော့ ပြင်ဆင်ပြီးပါပြီ။ ကျုပ်တို့ဆီမှာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းစောင့်သားရဲ သုံးကောင် ရှိနေရုံတင်မကဘဲ ကျုပ်တို့ရဲ့ သဟဇာတအနှောက်အဖွဲ့ဂိုဏ်းကလည်း ယင်ယန်မိစ္ဆာစုံတွဲကို အတားအဆီးတွေကနေ လွှတ်ပေးဖို့ ပြင်ဆင်ထားပြီးပါပြီ။ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဉ်တစ်သောင်းအစီအရင်ဟာလည်း ကျုပ်တို့အတွက် အသင့်ဖြစ်နေပါပြီ။ ကျန်တဲ့ ဂိုဏ်းတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် ပြင်ဆင်မှုတွေ အသီးသီး လုပ်ထားကြပါတယ်။ မိတ်ဆွေနေဝန်းရှင်... ခင်ဗျားတို့ရဲ့ လမ်းမှန်တာအို မဟာမိတ်အဖွဲ့ကရော မောက်လန်တွေကို အပြတ်ရှင်းမယ့် နည်းလမ်းတွေ ပြင်ဆင်ထားရဲ့လား။"
"ကျုပ်တို့ရဲ့ လမ်းမှန်တာအိုမဟာမိတ်အဖွဲ့ကလည်း ပြင်ဆင်မှုတွေ စတင်နေပါပြီ။ ဂိုဏ်းတစ်ခုချင်းစီက သူတို့ရဲ့ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးတွေရဲ့ ခန်းမတွေကို ဖွင့်လှစ်လိုက်ပြီး စွမ်းအားကြီးမားလှတဲ့ ရှေးဟောင်း ရတနာများစွာကို ထုတ်ယူလိုက်ကြပါပြီ။ အဲ့ဒီရတနာတွေက မိတ်ဆွေကို စိတ်ပျက်စေမှာ မဟုတ်တာတော့ သေချာပါတယ်"
တာအိုသခင်နေဝန်းရှင်က အတိုချုံး ပြောလိုက်သော်လည်း မိစ္ဆာအိုကြီးဟီက ထိုရှေးဟောင်း ရတနာများ တည်ရှိမှုကို ကြိုတင် သိရှိထားသကဲ့သို့ပင် သူ၏ တင်းမာနေသော မျက်နှာထားမှာ ပြေလျော့သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
လုံဟန့်၏မျက်နှာတွင် နောင်တရသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
"ကျုပ်တို့ရဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကတော့ ဒီကိစ္စမှာ နည်းနည်း ပေါ့ဆနေခဲ့မိတယ်။ ကျုပ်တို့ရဲ့ ဂိုဏ်းအသီးသီးက ပြင်ဆင်မှုတွေ စတင်နေကြပေမဲ့လည်း ကျုပ် အတိအကျ သိထားတာတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ဖီးနစ်အော်မြည်သံဂိုဏ်းကတော့ ရှေးဟောင်း ကျောက်စိမ်းအဆောင်အချို့ကို လက်နက်သိုလှောင်ရုံထဲကနေ ထုတ်ယူလိုက်ပါပြီ။ အဲ့ဒီအဆောင်တွေရဲ့ စွမ်းအားက မောက်လန်တွေကို အံ့အားသင့်သွားစေမှာပါ။ ဒါပေမဲ့ အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ ဖြစ်တာကြောင့် သူတို့ရဲ့ စွမ်းအားတွေက လျော့နည်းနေတာတော့ ရှိတယ်။ တိုက်ပွဲပြီးသွားတာနဲ့ သူတို့ရဲ့ စွမ်းအားတွေက လုံးဝ ကုန်ဆုံးသွားပါလိမ့်မယ်"
"ရှေးဟောင်းကျောက်စိမ်းအဆောင်တွေ ဟုတ်လား။ ဖီးနစ်အော်မြည်သံဂိုဏ်းမှာ ဒီလို ရတနာတွေ ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ကျန်တဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ဝင် ဂိုဏ်းတွေကလည်း ကျုပ်တို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်။ အခု ကျုပ်တို့ရဲ့ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုကတော့ အဲ့ဒီ အနက်ရောင်ဝတ်ရုံနဲ့လူတွေရယ်၊ လောင်းကြေးတိုက်ပွဲ ကိစ္စရယ်ပါပဲ"
တာအိုသခင်နေဝန်းရှင်သည် ခေတ္တ စဉ်းစားနေ၏။ သူက မေးရင် သင့်တော်၏၊ မတော်၏ စဉ်းစားနေခြင်းပင်။ နောက်ဆုံးတွင်တော့ သူက မေးမြန်းလိုက်သည်။
"အစ်ကိုရီ(မိစ္ဆာအိုကြီးဟီ)... အဲ့ဒီ အနက်ရောင်ဝတ်ရုံနဲ့လူတွေ အသုံးပြုခဲ့တဲ့ မိစ္ဆာတာအို ပညာရပ်တွေကိုရော ခင်ဗျား သိထားတာမျိုး ရှိလား။"
မိစ္ဆာအိုကြီးဟီက မကျေမနပ်ဖြင့် နှာမှုတ်ကာ ပြန်ဖြေသည်။
"သူတို့ရဲ့ ပညာရပ်တွေက မိစ္ဆာတာအို ပညာရပ်တွေ ဖြစ်နိုင်ပေမဲ့ ကျုပ် ဒီလို အမျိုးအစား ပညာရပ်တွေကို ကြားဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ကျုပ် တိကျတဲ့အဖြေ မပေးနိုင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ မိစ္ဆာတာအို ပညာရပ်တွေဟာ ကောင်းကင်တောင်ပိုင်းရဲ့ မိစ္ဆာတာအို ဂိုဏ်းခြောက်ဂိုဏ်းထက်စာရင် အများကြီး ပိုသန့်စင်ပြီး နက်နဲတယ်ဆိုတာကတော့ သံသယ ဖြစ်စရာအကြောင်း ရှိမနေပါဘူး။ ဒါ့အပြင် အဲ့ဒီပညာရပ်တွေဟာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ပညာရပ်တွေနဲ့လည်း အတော်လေး ဆင်တူနေသလိုပဲ"
"တစ္ဆေဝိညာဉ်ဂိုဏ်းလား"
တာအိုသခင်နေဝန်းရှင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောသည်။
"ကျုပ်တို့ အဲ့ဒီ အနက်ရောင် ဝတ်ရုံနှင့် လူတွေ ဘယ်နှစ်ယောက် ရှိလဲဆိုတာ မသိရသေးဘူး။ ဒါပေမဲ့ မိုးမျှော်ကောင်းကင်မြို့တော်ကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အချိန်အတွင်းမှာ သူတို့ထဲက ရှစ်ယောက် ပေါ်လာခဲ့ပြီး အားလုံးဟာ စဦးစိတ်ဝိညာဉ် အဆင့်တွေပဲ။ သူတို့ဟာ ဂိုဏ်းတစ်ခုတည်းက ကျင့်ကြံသူတွေ ဖြစ်နေတာကတော့ ရှင်းနေတာပဲ။ ဒီတော့ ဒီမိစ္ဆာဂိုဏ်းက ဘယ်ကနေ လာတာလဲ။ ဒါက ကျင်းအင်ပါယာကများ ဖြစ်နေမလား။"
တာအိုသခင်နေဝန်းရှင်၏ စကားကို ကြားရသောအခါ အခြားသူများမှာ အံ့ဩသွားသည့်ပုံ မပေါ်ပေ။ သူတို့အားလုံးမှာလည်း အလားတူပင် ယူဆထားကြပုံရသည်။
ထိုအခိုက်တွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက နောက်ဆုံး၌ စကားစတင် ပြောဆိုလာသည်။ သူမ၏ အသံမှာ အေးစက်ကြည်လင်လှ၏။
"ဟမ့်,,, သူတို့က ကျင်းအင်ပါယာက ကျင့်ကြံသူတွေ ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူတို့ လူအမြင်ကို ကြောက်နေသလိုမျိုး လျှို့ဝှက်စွာ ပြုမူနေပုံအရ သူတို့ဟာ မိစ္ဆာဂိုဏ်းတစ်ခုပဲ ဖြစ်ရမယ် ဒါမှမဟုတ်ရင်လည်း ဂိုဏ်းခွဲတစ်ခုပဲ ဖြစ်ရမယ်။ ကြောက်နေစရာ ဘာရှိလို့လဲ။ ကျွန်မတို့က သူတို့ကို မန္တန်စစ်သည်တော်တွေလိုပဲ သဘောထားပြီး ဘာမှ မသိသလိုပဲ ဟန်ဆောင်နေလိုက်ရုံပေါ့"
တာအိုသခင်နေဝန်းရှင်ကလည်း သဘောတူလိုက်သည်။ "အမျိုးသမီးဖန်းပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ အကယ်၍ ကျင်းအင်ပါယာရဲ့ မိစ္ဆာတာအို ဂိုဏ်းခွဲတစ်ခုက မောက်လန်တွေကို အစွမ်းကုန် ထောက်ခံပေးနေရင်တောင်မှ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျုပ်တို့ကတော့ ကောင်းကင်တောင်ပိုင်းကို သူတို့လက်ထဲ လွှဲပေးမှာ မဟုတ်ပါဘူး"
"ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ထည့်သွင်း စဉ်းစားရမှာကတော့ ကျင်းအင်ပါယာရဲ့ မိစ္ဆာကျင့်ကြံသူတွေမှာသာ သာလွန်ကောင်းမွန်တဲ့ မှော်ရတနာတွေ ရှိနေရုံတင်မကဘဲ သူတို့က မနက်ဖြန် လောင်းကြေးတိုက်ပွဲတွေမှာ လျှို့ဝှက် အကြံအစည်တစ်ခုခုနဲ့ ဝင်ရောက် နှောက်ယှက်လာနိုင်တာပါပဲ။ အဲ့ဒါက အတော်လေး ဒုက္ခများပါလိမ့်မယ်။ ကျင်းအင်ပါယာမှာ မရေမတွက်နိုင်အောင်များပြားတဲ့ လျှို့ဝှက်ပညာရပ်တွေ ရှိပြီး အဲ့ဒီထဲက အတော်များများဟာ ကာကွယ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ"
"ဒါက အရေးမကြီးပါဘူး။ ကျုပ် ဒါကို ထည့်သွင်း စဉ်းစားထားပြီးသားပါ။ ကျုပ်တို့ရဲ့ မဟာသစ္စာဂိုဏ်းရဲ့ အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့ကို မှတ်မိကြသေးလား။"
လုံဟန့်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"အတားအဆီးဖြိုခွင်းခြင်းပုတီးစေ့လား။ အတားအဆီးတွေကို ဖျက်ဆီးနိုင်တဲ့ တစ်ခါသုံး မှော်ပစ္စည်း မဟုတ်လား။ အဲ့ဒါက အဆင့်နိမ့် အတားအဆီးတွေအတွက်ပဲ အသုံးဝင်တာ မဟုတ်ဘူးလား။ လောင်းကြေးတိုက်ပွဲတွေမှာ အသုံးပြုထားတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်မှုကိုတောင် တောင့်ခံနိုင်စွမ်းရှိတဲ့ အတားအဆီးအလွှာတွေကို ဒီမှော်ပစ္စည်းနဲ့ ဖျက်ဆီးနိုင်လို့လား"