← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 24 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 24 Ch. 461-462

အခန်း (၄၆၁) နတ်ဘုရားပညာရပ်များ၏ ဝှက်ဖုံးနေသော ဘေးထွက်ဆိုးကျိုးများ

လွန်ခဲ့သော တစ်ရက်ခန့်က ဖြစ်ချေသည်။

နင်းကျိုဖန်သည် လေဟုန်စီးကာ အရှိန်ပြင်းစွာ ပျံသန်းနေပြီး သူ၏ခြေဖဝါးအောက်ရှိ စိမ်းလန်းစိုပြည်သော တောင်တန်းကြီးများသည် တဖြည်းဖြည်းနှင့် နောက်ဘက်သို့ ကျန်ရစ်ခဲ့ပေတော့သည်။

“စီနီယာ ... မြေပုံအရဆိုရင် ကျွန်တော်တို့ ရုကန်းတောင်ကို ရောက်တော့မှာပါ” ဟု ဟန်ကျိုးက နင်းကျိုဖန်၏ ဘေးတွင် ထိုင်ရင်း ပြောလိုက်သည်။

ထိုသူနှစ်ဦးသည် ဧရာမ ရေခဲတုံးကြီးသဖွယ် ပျံသန်းနေသော အရာတစ်ခုပေါ်တွင် ထိုင်နေကြခြင်း ဖြစ်၏။

ဟန်ကျိုးသည် မြောက်လေပြည်မှ လာသူဖြစ်ရာ ထိုအေးစိမ့်သော ပတ်ဝန်းကျင်က သူ့အတွက် နေသားတကျ ရှိလှသည်။ ထို့ကြောင့်ပင် ထိုရေခဲတုံး ပျံသန်းရေးကိရိယာ၏ ပိုင်ရှင်ဖြစ်သော နင်းကျိုဖန်အပေါ် ခင်မင်ရင်းနှီးမှု တစ်မျိုးကို ခံစားနေရခြင်း ဖြစ်ပေသည်။

“မှန်တာပေါ့ ... ရုကန်းတောင်ကို လှမ်းမြင်နေရပြီ” ဟု နင်းကျိုဖန်က ဆိုသည်။ နင်းကျိုဖန်မှာ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူဖြစ်သည့်အားလျော်စွာ ဟန်ကျိုးထက် အမြင်အာရုံ ပိုမိုစူးရှလှပေသည်။

သူသည် မိုးကုတ်စက်ဝိုင်းအစွန်းရှိ ရုကန်းတောင်၏ ပုံရိပ်ကို လှမ်း၍ မြင်နေရပြီ ဖြစ်၏။

သို့ရာတွင် သူ၏စိတ်ကို အနည်းငယ် လျှော့ချလိုက်သည့် ခဏ၌ပင် ကောင်းကင်နှင့် မြေကမ္ဘာသည် ရုတ်ချည်း အရောင်ပြောင်းသွားတော့သည်။

စစ်အစီအရင်တစ်ခုသည် ရုတ်တရက် ပွင့်ထွက်လာပြီး နင်းကျိုဖန်နှင့် ဟန်ကျိုးတို့ကို တစ်ခဏချင်းအတွင်း ဝန်းရံပိတ်ဆို့လိုက်ချေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လောကကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခုနက ဖြစ်ပျက်သမျှမှာ အမြင်မှားမှုတစ်ခုပမာပင်။ နင်းကျိုဖန်နှင့် ဟန်ကျိုးတို့မှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နင်းကျိုဖန်မှာ ထိုအစီအရင်အတွင်းသို့ ကျရောက်သွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားရသလို အလွန်လည်း ဒေါသထွက်သွားရသည်။

သူ၏ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ အဝါရောင်သန်းနေသော ကမ္ဘာပျက်ကြီးသဖွယ် ဖြစ်နေပြီး အလင်းဝိုင်းကြီးတစ်ခုက အရာအားလုံးကို ပိတ်ဆို့ထားလေသည်။

မထင်မရှား ပုံရိပ်သုံးခုသည် အဝေးတစ်နေရာမှ နင်းကျိုဖန်နှင့် ဟန်ကျိုးတို့ကို ဝိုင်းရံထားကြသည်။

“ဘယ်သူက ငါ့ကို ပိတ်လှောင်ရဲတာလဲ” ဟု နင်းကျိုဖန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါက မီးလျှံသီးတောင်က နင်းမျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေး နင်းကျိုဖန်ပဲ။

မင်းတို့ လူမှားပြီး တိုက်ခိုက်နေတာ မဟုတ်လား”

ထိုပုံရိပ်သုံးခုထဲမှ တစ်ဦးက “နင်းကျိုဖန် ... မင်းလာမှာကို ငါတို့ စောင့်နေတာ ကြာပြီ။ ငါတို့ သတ်ချင်တဲ့သူက မင်းကိုယ်တိုင်ပဲ” ဟု ပြန်ပြောလိုက်သည်။

ဟန်ကျိုးမှာ အလွန်တရာ ထိတ်လန့်သွားပြီး ကိုယ်ရှိန်သတ်လိုက်မိသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ လိုက်ပါလာခြင်းက ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

နင်းကျိုဖန်၏ စိတ်ထဲတွင် လေးလံသွားရသည်။ ရန်သူက သူ့ကို အသေအချာ စောင့်ဆိုင်းနေသည်ဆိုမှတော့ သူတို့နောက်ကွယ်တွင် အင်အားကြီးသော နောက်ခံတစ်ခု ရှိနေပေလိမ့်မည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ရင်ဘတ်ထဲမှ တရားဝင် အာဏာပိုင်တံဆိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး “မင်းတို့ လူမှားနေပြီ။ တစ်ယောက်ယောက်ရဲ့ မြှောက်ပင့်မှုကို ခံထားရတာ ဖြစ်မှာပါ။ ငါက တမ်းတခြင်းပြည်ရဲ့ လျှို့ဝှက်အရာရှိတစ်ဦးပဲ။ အခုချက်ချင်း ဆုတ်ခွာသွားမယ်ဆိုရင် ငါ မင်းတို့ကို အပြစ်မယူဘူးလို့ ကတိပေးတယ်”

“ဒါမှမဟုတ်လို့ ငါ့ကို တစ်ခုခု လုပ်မယ်ဆိုရင်တော့ တမ်းတခြင်းပြည် တစ်ခုလုံးက မင်းတို့ကို ဖမ်းဝရမ်းထုတ်ပြီး အသေအလဲ လိုက်လံနှိမ်နင်းလိမ့်မယ်”

သို့သော်လည်း ရန်သူက တဟားဟား ရယ်မောလိုက်ပြီး “နင်းကျိုဖန် ... မင်းလို ခွေးအရာရှိတစ်ယောက်ကို သတ်ဖို့ ငါတို့ သီးသန့် လာခဲ့တာကွ” ဟု ဆိုလေသည်။

နင်းကျိုဖန်မှာ နောက်တစ်ကြိမ် ထိတ်လန့်သွားပြန်သည်။

သူ့၏ အဆင့်အတန်းကို သိလျက်နှင့်ပင် အစိုးရအရာရှိတစ်ဦးကို သတ်ဖြတ်ရန် ဝန်မလေးကြသူများမှာ မုန့်မျိုးနွယ်စုဝင်များသာ ဖြစ်တန်ရာသည်။

အဘယ်ကြောင့်ဆိုသော် နင်းမျိုးနွယ်စုသည် မီးလျှံသီး မသေမျိုးမြို့တော်သို့ ပြောင်းရွှေ့လာပြီးနောက်တွင် သိသာထင်ရှားသော ရန်သူဟူ၍ မုန့်မျိုးနွယ်စုသာ ရှိသောကြောင့် ဖြစ်၏။

ထိုသို့မဟုတ်ပါက မြောက်လေပြည်မှ ရန်သူများလည်း ဖြစ်နိုင်သော်လည်း မုန့်မျိုးနွယ်စုလောက် ဖြစ်နိုင်ခြေ မရှိပေ။

ဟန်ကျိုးက “ဘိုးဘေးနင်း ... သူတို့ သုံးယောက်လုံးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ အငွေ့အသက်တွေ ရှိနေတယ်။ ဘွားဘွားယွမ်ကို ထုတ်ပြီးတော့ ဒီအစီအရင်ကို အင်အားသုံး ဖောက်ထွက်ကြရင် မကောင်းဘူးလား” ဟု အသံလွှင့်ကာ မေးလိုက်သည်။

နင်းကျိုဖန်ကမူ စိတ်ထဲတွင် ခေါင်းခါယမ်းလိုက်မိသည်။ သူ ဤသို့ မလုပ်လိုပေ။

ဤခြုံခိုတိုက်ခိုက်မှုမှာ မုန့်မျိုးနွယ်စု၏ လက်ချက်သာ မှန်ပါက သူ၏ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ မိစ္ဆာသားရဲအကြောင်းကို သူတို့ မသိဘဲ မနေပေ။

အကယ်၍ သူသာ ဘွားဘွားယွမ်ကို ထုတ်လိုက်ပါက ရန်သူ့ထောင်ချောက်ထဲသို့ တည့်တည့်တိုးသွားမည်ကို သူ စိုးရိမ်နေမိသည်။

ထိုသို့ စဉ်းစားရင်း နင်းကျိုဖန်က ဟန်ကျိုးကို အကြောင်းပြန်သလို ရန်သူ့စကားကိုလည်း တုံ့ပြန်သည့်အနေဖြင့် အေးစိမ့်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ဒါဆိုရင်လည်း မြောက်လေပြည်က လူတစ်ယောက်ရဲ့ တိုက်ပွဲဝင် သတ္တိကို ပြရတာပေါ့”

“ဒါကို ခံစားကြည့်စမ်း”

နင်းကျိုဖန်သည် ပြောပြောဆိုဆိုနှင့်ပင် စတင်တိုက်ခိုက်လေတော့သည်။

ချက်ချင်းဆိုသလိုပင် မြောက်လေများ တိုက်ခတ်လာပြီး နှင်းပွင့်များ ဝဲလွင့်လာကာ တစ်ကိုယ်လုံး စိမ့်တက်သွားစေသော အအေးဓာတ်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားချေသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦးက ကိုယ်ယောင်ပြလာပြီး ထိုနှင်းမုန်တိုင်းကို တန်ပြန်ရန်အတွက် ဂါထာမန္တန်တစ်ခုကို အသုံးပြုလိုက်သည်။

နင်းကျိုဖန်၏ နှင်းလေကျင့်စဉ်မှာ ဖိနှိပ်ခံလိုက်ရသဖြင့် သူသည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ ချက်ချင်း အသက်သွင်းလိုက်သည်။

ထိုအဆောင်လက်ဖွဲ့မှာ ဝေဟင်ထက်တွင် ပျံဝဲကာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ဧရာမ ရေခဲနှင်းလူသားကြီးတစ်ဦး ဖြစ်တည်လာပေသည်။

ထိုနှင်းလူသားကြီး၏ ခြေဖဝါးအောက်တွင် နှင်းတိမ်တိုက်များ အလိုလို ဖြစ်ပေါ်လာပြီး လက်ထဲတွင် လက်ကိုင်ရှည် ရေခဲဓားကြီးကို ကိုင်ဆောင်ကာ နောက်ထပ် ရွှေအမြုတေအဆင့် ရန်သူတစ်ဦးထံသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။

ထိုနှင်းလူသားကြီး နီးကပ်လာသည်ကို မြင်သောအခါ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူသည် ဂါထာမန္တန်များကို အလျင်အမြန် ရွတ်ဆိုကာ နှင်းလူသား၏ အရှိန်ကို လျှော့ချရန် အဆက်မပြတ် ဖိအားပေး တိုက်ခိုက်သည်။

နင်းကျိုဖန်သည် တစ်ပြိုင်နက်တည်းမှာပင် အလုပ်နှစ်ခုကို လုပ်ဆောင်နေပြီး ဝိညာဉ်ရတနာအဆင့်ရှိ ရေခဲချွန်တစ်ခုကို တတိယမြောက်လူထံသို့ ပစ်လွှတ်လိုက်ပြန်သည်။

ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူသည် ပြင်းထန်သော အရှိန်အဝါနှင့် ပြေးဝင်လာသော ရေခဲချွန်ကို မြင်သောအခါ သာမန်ဂါထာများဖြင့် ခုခံနိုင်မည် မဟုတ်ကြောင်း သိသဖြင့် အိုးကြီးတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။

ထိုအိုးကြီးမှာ ရှေ့သို့ ပျံထွက်သွားပြီး ရေခဲချွန်နှင့် တိုက်မိကာ ကျောက်သားချင်း ရိုက်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း လောလောဆယ်တွင်မူ ထိုတိုက်ခိုက်မှုကို တားဆီးထားနိုင်ပေသည်။

နင်းကျိုဖန်က စိတ်ဓာတ်များ တက်ကြွနေလျက် တဟားဟား ရယ်မောကာ “မင်းတို့ သုံးယောက်မှာ ဒီလောက်ပဲ ရှိတာလား။ တခြား ဘာပရိယာယ်တွေ ရှိသေးလဲ ... ရှိတာအကုန် ထုတ်လိုက်ကြစမ်း” ဟု အော်ဟစ်လိုက်သည်။

ဟန်ကျိုးမှာ ဘေးမှနေ၍ အလွန်အံ့အားသင့်စွာ ကြည့်နေမိသည်။ နင်းမျိုးနွယ်စု၏ ဘိုးဘေးမှာ ရန်သူ သုံးယောက်ကို ယှဉ်ပြိုင်ရာတွင် ဤမျှ အသာစီးရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

သို့သော်လည်း သူသည် နင်းကျော့ကို ချက်ချင်း သတိရသွားသည်။

“မြေးဖြစ်သူက အဖိုးနဲ့ တူတာပဲ။ သခင်လေးနင်းကျော့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေက နင်းမျိုးနွယ်စုရဲ့ တော်မြတ်မှုနဲ့ အင်အားကို ပြသနေတာပဲ ဖြစ်မှာပါ”

“နင်းမျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးရဲ့ စွမ်းဆောင်ရည်က အံ့ဩစရာ မဟုတ်ပါဘူး”

ဟန်ကျိုးသည် သူတို့ဘက်တွင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ဘွားဘွားယွမ်ကဲ့သို့ အားကိုးထိုက်သော လက်နက်တစ်ခု ရှိနေသည်ကို သတိရကာ သူ၏ စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး မစိုးရိမ်တော့ပေ။

နင်းကျိုဖန်မှာ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်မှာမူ အလွန်တရာ တင်းမာနေကြောင်း သူ မသိပေ။

စစ်အစီအရင်ထဲသို့ ကျရောက်သွားခြင်းက သူ့အတွက် အားသာချက်များ ဆုံးရှုံးသွားစေသည်။ အကယ်၍ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးကို မုန့်မျိုးနွယ်စုက ရွေးချယ်ထားခြင်း ဖြစ်ပါက သူတို့တွင် အစွမ်းအစ အချို့ ရှိနေမည်မှာ အမှန်ပင်။

“ရုကန်းတောင် အနီးအနားမှာ စစ်ကူတွေသာ ရှိရင် ကောင်းမှာပဲ”

ယခုအခါ ရုကန်းတောင်၏ ကင်းစောင့်မှာ မုန့်ကျိကျုံး မဟုတ်တော့ဘဲ ကျူးမျိုးနွယ်စု မင်းညီမင်းသားများမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အစားထိုးထားခြင်း ဖြစ်သည်။

နင်းကျိုဖန် ဤနေရာသို့ မရောက်မီကပင် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့များ ပေးပို့ခဲ့ပြီး နှစ်ဖက်စလုံး သတင်းဖလှယ်ထားပြီး ဖြစ်သည်။

သို့သော်လည်း နင်းကျိုဖန်က တစ်ဖန် စဉ်းစားပြန်သည်မှာ “ရန်သူက ဒီနေရာမှာ ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်ဆိုရင် ရုကန်းတောင်မှာ အခြေစိုက်ထားတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို သူတို့ ထည့်မတွက်ဘဲ မနေပါဘူး”

“ဒါကြောင့် ဒီအစီအရင်ထဲက ဘယ်လို အသံမျိုးမှ အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ဘူး”

“မဟုတ်သေးဘူး ... တကယ်လို့ အသံပေါက်သွားမယ်ဆိုရင် ပိုတောင် ဆိုးဦးမယ်။ သူတို့က ရုကန်းတောင်က ကင်းစောင့်ကို စစ်ကူအနေနဲ့ လာဖို့ တမင်ဆွဲဆောင်ပြီး ငါတို့အားလုံးကို တစ်ခါတည်း အမြစ်ပြတ်အောင် လုပ်ချင်တာလည်း ဖြစ်နိုင်တယ်”

ဟန်ကျိုးမှာမူ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူများ၏ အခြေအနေကို နားမလည်သဖြင့် အခြေအနေ မည်မျှ စိုးရိမ်ရသည်ကို သဘောမပေါက်ပေ။

သို့ရာတွင် နင်းကျိုဖန်ကိုယ်တိုင်၏ အတွေးများမှာလည်း ကန့်သတ်ချက်များ ရှိနေပေသေးသည်။

ခြုံခိုတိုက်ခိုက်နေသော ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးကိုယ်တိုင်ပင် သူတို့၏ အကြံအစည်မှာ ပေါက်ကြားသွားပြီ ဖြစ်ကြောင်း လုံးဝ မသိရှိကြပေ။

အခန်း (၄၆၂)

တိမ်တိုက်တို့၏ အထက် ကောင်းကင်ယံ၌ ကျူးရွှမ်းကျိနှင့် ရှန်လင်းရှုတို့သည် ဘေးချင်းယှဉ်ရပ်လျက် အောက်ဘက်ရှိ တိုက်ပွဲမြေပြင်သို့ ငုံ့ကြည့်နေကြလေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား အစီအရင်တစ်ခုဖြင့် ဖုံးအုပ်ထားသော်လည်း ကျူးရွှမ်းကျိသည် သူ၏ မွေးရာပါ ဝါဇီရမျက်လုံးတော်ကို အစွမ်းကုန်ဖွင့်ကာ မန္တန်တစ်ခုနှင့် ပေါင်းစပ်လိုက်သောအခါ အစီအရင်အတွင်းပိုင်းသို့ ဖောက်ထွင်းမြင်ရပြီး အခြေအနေမှန်ကို သိရှိနိုင်ခဲ့ချေသည်။

ထို့နောက်တွင် သူသည် ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ရှန်လင်းရှုကိုလည်း တိုက်ပွဲအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိမြင်စေခဲ့သည်။

ကျူးရွှမ်းကျိက "စီနီယာရှန် ခန့်မှန်းခဲ့တဲ့အတိုင်းပဲ... နင်းကျိုဖန်ရဲ့ ခရီးစဉ်ဟာ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရပြီ" ဟု ဆိုသည်။

"သူ ဒီဘေးဒုက္ခကနေ အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့တောင် စီနီယာက တွက်ချက်ထားသေးတယ် မဟုတ်လား"

"ဟဲဟဲ... ငါတို့ ဒီမှာ ရှိနေတာပဲ... သူ အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာကတော့ အသေအချာပါပဲ"

ရှန်လင်းရှုသည် လက်ဟန်မန္တန်များကို ခဏမျှ လှုပ်ရှားပြုလုပ်ပြီးနောက် "ငါ ဒီအစီအရင်ကို တွက်ချက်ကြည့်ပြီးပြီ... ဒါဟာ မြေခွေးအမြီးကိုးချောင်း မိစ္ဆာအစီအရင်ပဲ" ဟု ပြောလေသည်။

"အစီအရင်ရဲ့ အင်းကွက်တွေနဲ့ အင်းကြောင်းတွေအားလုံးကို မြေခွေးအမြီးကိုးချောင်းရဲ့ အမွှေးတွေနဲ့ ပြုလုပ်ထားတာ... အစီအရင်မျက်စိ ရှစ်ခုနဲ့ အစီအရင်နှလုံးသား တစ်ခုရှိတယ်... အစီအရင်နှလုံးသားကို အစီအရင်မျက်စိတွေကြားထဲမှာ ဝှက်ထားတာဆိုတော့ တစ်ချက်ကြည့်လိုက်ရင် ဘာမှမထူးခြားသလိုပဲ... အဲဒါကြောင့် အဓိကနေရာကို ရှာရခက်နေတာ"

"အခု လောလောဆယ်မှာတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်က အစီအရင်နှလုံးသားမှာ နေရာယူထားပြီး ကျန်တဲ့နှစ်ယောက်ကတော့ အစီအရင်မျက်စိတွေမှာ ရှိနေကြတယ်...

ဒါ့အပြင် အစီအရင်မျက်စိ သုံးခုမှာတော့ မိစ္ဆာညှို့ရနံ့တွေကို ထွန်းညှိထားတယ်... အစီအရင်မျက်စိ တစ်ခုမှာ မိစ္ဆာသတ်စင်မြင့်ကို ပြင်ဆင်ထားပြီး နောက်တစ်ခုမှာတော့ မိစ္ဆာချည်နှောင်ကြိုး ရှိနေတယ်...

အံ့ဩစရာကောင်းတာက နောက်ဆုံး အစီအရင်မျက်စိမှာတော့ ဝိညာဉ်စွမ်းအား ဖမ်းယူအိတ်တစ်ခု ရှိနေတာပဲ"

ထိုစကားကို ကြားသောအခါ ကျူးရွှမ်းကျိသည် မအံ့ဩဘဲ မနေနိုင်တော့ဘဲ "တစ်ဖက်လူက တကယ်ကို ကောင်းကောင်းပြင်ဆင်ထားတာပဲ" ဟု ရေရွတ်မိသည်။

"မြေခွေးအမြီးကိုးချောင်း နတ်မိစ္ဆာဟာ မိစ္ဆာအားလုံးကို ညှို့ယူဖျက်ဆီးနိုင်စွမ်း ရှိတာပဲ... သူ့ရဲ့အမွှေးတွေကို အစီအရင်အတွက် အသုံးပြုတယ်ဆိုတာ တကယ့်ကို အကြီးအကျယ် ပြင်ဆင်မှုပဲ"

"မိစ္ဆာညှို့ရနံ့နဲ့ မိစ္ဆာအစီအရင် ပေါင်းစပ်လိုက်ရင် ဘွားဘွားယွမ်လို ပုဂ္ဂိုလ်မျိုးတောင် ထွက်ပေါ်လာတာနဲ့ ချက်ချင်း မိန်းမောသွားပြီး သူ့သခင်ကိုတောင် ပြန်တိုက်ခိုက်နိုင်တယ်"

"အဲဒီလို မိန်းမောနေတုန်းမှာပဲ မိစ္ဆာသတ်စင်မြင့်ပေါ်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် လမ်းလျှောက်တက်သွားပြီး ခေါင်းဖြတ်ဓားနဲ့ အသတ်ခံရကာ အသက်ဆုံးရှုံးသွားနိုင်တာပေါ့"

"အသက်နဲ့ သေခြင်းတရားကြား ရောက်နေတဲ့ အရေးကြီးတဲ့ အချိန်ကျမှ ဘွားဘွားယွမ်က သူ့ရဲ့ ရှင်သန်လိုတဲ့ ပင်ကိုယ်စိတ်နဲ့ သတိပြန်ဝင်လာကောင်း ဝင်လာနိုင်တယ်... အဲဒါကြောင့်လည်း ရန်သူတွေက မိစ္ဆာချည်နှောင်ကြိုးကိုပါ ပြင်ဆင်ထားပြီး အဲဒီနောက်ဆုံး ရှင်သန်ခွင့်လေးကိုပါ ရိုက်ချိုးပစ်ဖို့ ကြံစည်ထားတာပဲ"

"ဒါနဲ့ အဲဒီ ဝိညာဉ်စွမ်းအား ဖမ်းယူအိတ်ဆိုတာက ဘယ်လိုမျိုး ရတနာလဲ"

ထိုအခါ ရှန်လင်းရှုက "ဒီရတနာက ဇီဝအသက်ကို အဓိကပစ်မှတ်ထားတာ.. တခြားသူတွေရဲ့ ဇီဝအသက်ကို စုပ်ယူနိုင်စွမ်းရှိပြီး သူတို့ကို အားအင်ချည့်နဲ့ ဆုတ်ယုတ်သွားအောင် လုပ်နိုင်တယ်" ဟု ရှင်းပြသည်။

"ဒီရတနာ ရှိနေခြင်းအားဖြင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို တားဆီးနိုင်တာပေါ့... အစွမ်းထက်တဲ့ ဇီဝအသက် ပိုင်ရှင်တော်တော်များများဟာ သေခါနီးအချိန်မှာ သူတို့ရဲ့ အသက်စွမ်းအားတွေ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်နိုင်စွမ်း ရှိကြတယ်"

"သာမန်လူသားတစ်ယောက်ပဲ ဖြစ်ပါစေဦး... သူတို့မှာ ခိုင်မာတဲ့ ဇီဝအသက်သာ ရှိမယ်ဆိုရင် အဲဒီစွမ်းအား ပေါက်ကွဲထွက်လာတဲ့အခါ ချောက်ထဲက ပြုတ်ကျရင်တောင် မသေနိုင်သလို နောက်ပိုင်းမှာ ကံကြမ္မာတွေပါ ပိုကောင်းလာတတ်ကြတာမျိုးပေါ့"

"သဘောပေါက်ပါပြီ" ကျူးရွှမ်းကျိက ခေါင်းညိတ်လိုက်ပြီး အရေးကြီးဆုံးမေးခွန်းကို မေးလိုက်သည်။ "စီနီယာရှန်... ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်ဟာ မုန့်မျိုးနွယ်စုက လာတာလား... ဒါမှမဟုတ် အဲဒါကို သက်သေပြနိုင်မယ့် အထောက်အထားမျိုး စီနီယာ ရှာတွေ့နိုင်မလား"

ရှန်လင်းရှုက ခေါင်းခါယမ်းလျက် "ကျွန်တော်လည်း အတပ်မပြောနိုင်ဘူး" ဟု ဆိုသည်။

"ဒါဟာ မုန့်ကျိကျုံးရဲ့ လက်ချက် ဖြစ်နိုင်ခြေ များတယ်... သူက အင်မတန် စေ့စပ်သေချာတဲ့လူပဲ... အစကတည်းက ဘယ်သူမှ တွက်ချက်လို့မရအောင် ပြင်ဆင်ထားတာ"

"မင်းမှာ မူလခြေရာခံပညာရပ် ရှိတာပဲ မဟုတ်လား... သူတို့နဲ့ မုန့်မျိုးနွယ်စုကြားက ဆက်နွယ်မှုကို မင်းမမြင်ရဘူးလား"

ကျူးရွှမ်းကျိက ခါးသီးစွာ ပြုံးလိုက်ပြီး "ကျွန်တော် မြင်ရသလောက်ကတော့ ဒီသုံးယောက်လုံးဟာ ယိုစီးဂိုဏ်းကနေ တာဝန်တွေကို တစ်ယောက်ပြီးတစ်ယောက် လက်ခံခဲ့ကြတာပဲ ရှိတယ်" ဟု ပြန်ပြောလေသည်။

ယိုစီးဂိုဏ်းဆိုသည်မှာ အလွန်ကျော်ကြားလှသော လုပ်ကြံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အလွန်လျှို့ဝှက်ကာ ကျင့်ကြံခြင်းဆိုင်ရာ တိုင်းနိုင်ငံကြီးငယ် အသီးသီးတွင် ပျံ့နှံ့တည်ရှိနေသောအဖွဲ့ဖြစ်သည်။

ဤမျှလောက် ကြီးမားသော အတိုင်းအတာနှင့် သက်တမ်းကြာရှည်စွာ တည်ရှိနေနိုင်ရန်အတွက် သူတို့၏ နောက်ခံအင်အားမှာ အလွန်ပင် နက်ရှိုင်းလှပေလိမ့်မည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်သည် ယိုစီးဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သော ကျူးရွှမ်းကျိမှာလည်း နတ်ဘုရားမုဆိုးဟူသော အမည်နှင့် ထိုက်တန်လှပေသည်။

ရှန်လင်းရှုသည် ခပ်ပါးပါးလေး ပြုံးလိုက်သော်လည်း အံ့ဩသွားဟန်မပြဘဲ "မုန့်မျိုးနွယ်စုရဲ့ ဒီတစ်ခေါက် လှုပ်ရှားမှုက ရုကန်းတောင်မှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် လက်စားချေတာ ဖြစ်နိုင်တယ်" ဟု သုံးသပ်ပြသည်။

"မုန့်ကျိကျုံးကို ဖယ်ရှားလိုက်ပြီးတဲ့နောက်မှာ သူတို့က နင်းကျိုဖန်ကို ရှင်းပစ်ဖို့ အခုလို ထောင်ချောက်ဆင်ပြီး သတိပေးလိုက်တာပဲ"

"နင်းကျိုဖန်ရော ဘွားဘွားယွမ်ပါ အသတ်ခံလိုက်ရမယ်ဆိုရင် မီးလျှံသီး မသေမျိုးမြို့တော်အတွင်းက အင်အားစုတွေဟာ မုန့်ကျိကျုံးဘက်ကို ယိုင်သွားလိမ့်မယ်... အဲဒီအခါ ကျိုးမျိုးနွယ်စုလည်း တစ်ယောက်တည်း ရုန်းကန်နိုင်မှာ မဟုတ်တော့ဘူး"

"နန်းတွင်းမှာဆိုရင်လည်း ဒီလို ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ကြီးကြီးမားမား တုန်လှုပ်စေပြီး တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေလိမ့်မယ်"

ကျူးရွှမ်းကျိက "ဒီနင်းကျော့ကတော့ နင်းမျိုးနွယ်စုရဲ့ ကံကြမ္မာ အနိမ့်ဆုံးအချိန်မှာ ရောက်နေတာ ဖြစ်နိုင်တယ်" ဟု ဆိုသည်။

"ကျွန်တော်တို့ရဲ့ မူလအစီအစဉ်က မြူလျှပ်တစ်သိန်း တိမ်ဖုံးတောင်ကို လာပြီး မြေခွေးနတ်သမီးအကြောင်း စုံစမ်းဖို့ ဖြစ်ပေမဲ့... အခုလို တိုက်တိုက်ဆိုင်ဆိုင်ကြီး နင်းကျိုဖန် တိုက်ပွဲမှာ သေသွားမှာကိုတော့ ကျွန်တော်တို့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး"

ရှန်လင်းရှု၏ မျက်နှာထားမှာ တည်ကြည်သွားပြီး "တိုက်ဆိုင်မှုတစ်ခုလိုတော့ ထင်ရတာပဲ" ဟု ပြောသည်။

"ဒါပေမဲ့ ဒါဟာ ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ကြောင့်လား ဒါမှမဟုတ် ဧကရာဇ်ရဲ့ အမိန့်ကြောင့်လားဆိုတာကိုတော့ ထည့်မတွက်လို့ မရဘူး"

"နင်းကျိုဖန်ကို ကယ်တင်ရမှာကတော့ အသေအချာပဲ... ဒါပေမဲ့ တိုက်ပွဲကို ခဏလောက် အရင် စောင့်ကြည့်ပြီး သူ့ရဲ့ ဇီဝအသက် စုပ်ယူခံရတာကို ကြည့်နေလို့တော့ ဖြစ်နိုင်တယ်"

ထို့နောက် ရှန်လင်းရှုသည် သူ၏ ကိုယ်ပိုင် အစီအစဉ်ကို ထုတ်ဖော်ပြောကြားလိုက်လေသည်။ "နင်းကျော့သာ ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ဆိုတဲ့ နတ်ဘုရားပညာရပ်ကို တတ်မြောက်ထားတယ်ဆိုရင် သူဟာ အဲဒီပညာကို နင်းကျိုဖန်ရဲ့ ကိုယ်ထဲမှာ ထည့်သွင်းထားဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"

"အဲဒီလိုဆိုရင် နှစ်ဖက်စလုံးရဲ့ အသက်ဇီဝဟာ အပြန်အလှန် ဆက်နွယ်နေလိမ့်မယ်... နင်းကျိုဖန်ရဲ့ ဇီဝအသက် ဆုတ်ယုတ်သွားရင် နင်းကျော့ကိုလည်း မလွဲမသွေ ထိခိုက်စေမှာပဲ"

"နင်းကျော့က တခြားသူတွေဆီမှာလည်း ဝိညာဉ်ခေါ်ယူခြင်းပညာရပ်တွေကို ထည့်သွင်းထားခဲ့မယ်ဆိုရင် သူတို့ရဲ့ ဇီဝအသက်တွေ ဆုတ်ယုတ်သွားတဲ့အခါ အနည်းဆုံးတော့ သူတို့ရဲ့ ဆင်ခြင်တုံတရားတွေ ဝေဝါးသွားတာမျိုး ဒါမှမဟုတ် အဆိုးဆုံးကတော့ ဘေးဒုက္ခတွေ ဆိုက်ရောက်လာတာမျိုးတွေ ဖြစ်လာလိမ့်မယ်... အဲဒီအခါကျရင် အားလုံးက သိသာထင်ရှားလာမှာပဲ"

"ဒါဟာ အမှန်တရားကို စမ်းသပ်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ"

ကျူးရွှမ်းကျိသည် တော်ဝင်မြို့တော်၌ သူလေ့လာခဲ့ရသော လျှို့ဝှက်ချက်များစွာကို ပြန်လည်သတိရမိသွားသည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဧကရာဇ်မင်းမြတ်ဟာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီး နိုင်ငံတော် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသလို ကိုယ်တိုင်လည်း သေလုမျောပါး ဖြစ်ခဲ့ရဖူးတယ်"

ဤလောကတွင် ပြည့်စုံလွန်းလှသည်ဟူ၍ ဘာမျှမရှိပေ။

အင်အားရှိလျှင် အားနည်းချက်လည်း ရှိစမြဲပင်။

အားသာချက်များ ရှိလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။

ဝိညာဉ်ခေါ်ယူခြင်းပညာရပ်သည် ဇီဝအသက်များကို ဆက်သွယ်ပေးထားခြင်းဖြစ်ရာ ဧကရာဇ်မင်းမြတ်သည် ကံဆိုးမှုများနှင့် ရင်ဆိုင်ရပြီး သူ၏ ဇီဝအသက် ဆုတ်ယုတ်သွားသောအခါ အခြားသူများကလည်း ထိုအကျိုးဆက်ကို မျှဝေခံစားကြရသည်။

ထိုသို့ဖြင့် အုပ်ချုပ်သူခံစားရသော ဘေးဒုက္ခများကို အောက်လက်ငယ်သားများပါ ခံစားရသည့် အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။

သို့သော်လည်း အရာအားလုံးသည် စစ်မှန်သော ဧကရာဇ်၏ အမိန့်အာဏာတော့ မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းသာ ဘေးဒုက္ခဆိုးနှင့် ကြုံတွေ့ရလျှင် သို့မဟုတ် သူတို့ထဲမှ တစ်စိတ်တစ်ပိုင်း၏ ဇီဝအသက်မှာ အလွန်အမင်း ထိုးဆင်းသွားလျှင် ဧကရာဇ်ကိုယ်တိုင်လည်း ကြီးစွာသော ကံဆိုးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုစဉ်က တောင်ပိုင်းဧကရာဇ်မင်းမြတ်သည်လည်း ဤအကြောင်းရင်းကြောင့်ပင် ဘေးဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

"နေပါဦး..." ကျူးရွှမ်းကျိ၏ စိတ်ထဲတွင် ဝိညာဉ်အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာပြီး သူက မေးလိုက်သည်။ "ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ဟာ ဇီဝအသက်ကို အမှန်တကယ် နှိမ်နင်းပေးနိုင်စွမ်း ရှိတယ်ဆိုရင်ရော"

ရှန်လင်းရှုက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလေသည်။ "အဲဒါကတော့ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်ရဲ့ ဇီဝအသက်ကို နှိမ်နင်းပေးနိုင်တဲ့ အစွမ်းက ဘယ်လောက်အထိ အင်အားကြီးမလဲဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်... အဲဒီအစွမ်းက အသုံးပြုသူကိုပဲ ကာကွယ်ပေးနိုင်မှာလား ဒါမှမဟုတ် တခြားသူတွေကိုပါ အကျိုးပြုနိုင်မှာလားဆိုတာမျိုးပေါ့"

"အဲဒီတံဆိပ်တော် ရတနာက ဘယ်လောက်ပဲ အစွမ်းထက်ပါစေဦး... နင်းကျော့က အခုအချိန်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာပဲ ရှိသေးတာ... အဲဒီရဲ့ စစ်မှန်တဲ့ စွမ်းအားကို သူ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး"

"အဲဒီနှစ်တွေတုန်းကလည်း ဧကရာဇ်မင်းမြတ်ဆီမှာ သူ့ရဲ့ ကိုယ်ပိုင်ဇီဝအသက်ကို နှိမ်နင်းပေးနိုင်တဲ့ အစွမ်းထက် ရတနာတစ်ခု ရှိခဲ့တာပဲ မဟုတ်လား"

"ဘယ်လိုပဲဖြစ်ဖြစ်... စမ်းကြည့်လိုက်လို့တော့ ဘာမှ မနစ်နာပါဘူး"

ကျူးရွှမ်းကျိက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ... ဒါဆိုရင် အဲဒီအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့" ဟု ဆိုလေတော့သည်။

All Chapters