← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 24 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 24 Ch. 475-476

အခန်း ၄၇၅

ထိုစကားကို ကြားရသောအခါ စွန်းကန်းတစ်ယောက် နှာခေါင်းရှုံ့လိုက်မိလေသည်။

အကြောင်းမူကား ကျောက်ရှီဟု အမည်ရသော ထိုဧကရာဇ်၏ စေတမန်သည် သဘာဝအလျောက် လောဘအိုးကြီး ဖြစ်နေသောကြောင့်ပင်။

သူသည် ဒေသအနှံ့ လှည့်လည်စစ်ဆေးသည့် အကြိမ်တိုင်း၌ မိမိ၏ အာဏာကို အလွဲသုံးစားပြုကာ လာဘ်လာဘများကို အတင်းအဓမ္မ တောင်းခံလေ့ရှိ၏။

စွန်းကန်းက ယင်းကို မနှစ်မြို့သော်လည်း ကျောက်ရှီသည် လျန်ကျူးပြည်၏ အထက်လူကြီးများထံမှ အထူးယုံကြည်အားကိုးခြင်းကို ရရှိထားသူ ဖြစ်ပေသည်။

သူသည် မည်မျှပင် အပြစ်တင် တိုင်တန်းခြင်း ခံရပါစေ၊ အရေးကြီးသော တာဝန်များဖြင့် ဒေသအနှံ့သို့ စေလွှတ်ခြင်း ခံနေရမြဲပင်။

ပွဲတော်တည်ခင်းရာ၌ စန်းလင်းမသေမျိုးမြို့တော်၏ ဒေသထွက် အစားအစာများစွာဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှချေသည်။

ထိုဧည့်ခံပွဲတွင် အတွင်းခန်းနှင့် အပြင်ခန်းဟူ၍ ခွဲခြားထားလေရာ။

"နင်းကျော့ပါလား" အပြင်ဘက်ခန်းမဆောင်အတွင်းသို့ နင်းကျော့ လှမ်းဝင်လာသည်ကို မြင်သောအခါ ကျန်းကျန့်ရိမှာ အံ့အားသင့်သွားရသည်။

နင်းကျော့သည် စစ်ဗျူဟာမှူးတစ်ဦး ဖြစ်သည့်အတွက် စစ်တပ်၏ အဆင့်မြင့်အရာရှိကြီးများထဲတွင် ပါဝင်သည်ဟု ဆိုရပေမည်။

ယင်းမှာ စစ်သူကြီးသုံးဦးစခန်းသို့ ဝင်ရောက်ခြင်း၏ အားသာချက်ပင် ဖြစ်သည်။ စတင်ဖွဲ့စည်းစအချိန် ဖြစ်သဖြင့် ရာထူးနေရာအားလုံး လစ်လပ်နေကာ အားထုတ်မှု အနည်းငယ် ပြုရုံမျှဖြင့် မြင့်မားသော ရာထူးကို ရရှိနိုင်ပေသည်။

နင်းကျော့သည်လည်း ကျန်းကျန့်ရိကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး နှုတ်ဆက်စကား ဆိုကာ ကျန်းကျန့်ရိ၏ ဘယ်ဘက်ဘေးတွင် ဝင်ရောက်ထိုင်လိုက်လေသည်။

နင်းကျော့အနေဖြင့် ဖုံးကွယ်ထားခြင်း မရှိသလို ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။

"မင်းက စစ်သူကြီးသုံးဦးစခန်းကို ဝင်လိုက်တာတင်မကဘဲ စစ်ဗျူဟာမှူးတောင် ဖြစ်နေပြီလား" ကျန်းကျန့်ရိက အံ့ဩတကြီး ရေရွတ်လိုက်သည်။

သူသည် နာမည်ကျော်ကြားသူ ဖြစ်သော်လည်း နန်းတွင်းသမားတော်တစ်ဦးသာ ဖြစ်သဖြင့် ပန်းနီစခန်း၏ ဆုံးဖြတ်ချက်ချမှတ်မှုများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိပေ။

ဤရှုထောင့်မှ ကြည့်လျှင် နင်းကျော့၏ အဆင့်အတန်းမှာ သူ့ထက်ပင် သာလွန်သွားပြီ ဖြစ်ချေသည်။

ထို့နောက် နင်းကျော့က ကျန်းကျန့်ရိထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းစကား ပါးလိုက်လေသည်။ သူသည် လျို၊ ကွမ်း၊ ကျန်း စစ်သူကြီးသုံးဦးက စစ်တပ်အသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးနေသည်ကို မြင်သောအခါ စိတ်အားထက်သန်မှု ဖြစ်ပေါ်လာပြီး မိမိဘာသာ မိမိ စေတနာအလျောက် ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလိုက်၏။

ထိုသို့ဝင်ရောက်ရန်အတွက် သူသည် စစ်သူကြီးသုံးဦးထံသို့ ရွှမ်ဟွမ်မြေဆီလွှာ၊ သွေးနီရောင် မိစ္ဆာကျောက်တုံး နှင့် ငရဲဘုံမှ မြေနက် ဟူသော ရတနာသုံးပါးကို လက်ဆောင်အဖြစ် ဆက်သခဲ့သေးသည်။

ကျန်းကျန့်ရိသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိ ကျင့်ကြံသူလေးတစ်ဦး၏ မယုံကြည်နိုင်စရာကောင်းသော ချမ်းသာကြွယ်ဝမှုကို ကြည့်ကာ အံ့အားသင့်လျက် နင်းကျော့ကို အကဲခတ်နေမိသည်။

ဤကဲ့သို့သော ရတနာများကို လက်ဆောင်ပေးနိုင်သည်ဆိုလျှင် နင်းကျော့၏ လက်ထဲ၌ ယခုထက် ပိုမိုကောင်းမွန်သော အရာများ ရှိနေဦးမည်မှာ အမှန်ပင် ဖြစ်တန်ရာ၏။

"မုလန်သာ ငါ့စကားကို နားထောင်ခဲ့ရင် နင်းကျော့ကို စည်းရုံးနိုင်ခဲ့မှာ အမှန်ပဲ။ နှမြောစရာကောင်းလိုက်တာ"

"ဟူး... ခက်တော့တာပဲ"

"သူမရဲ့ လေးကြိုးကလည်း လဲဖို့ လိုနေပြီ။ မဟုတ်ရင် သူမရဲ့ ထူးခြားတဲ့ မြားပစ်အတတ်ကို အစွမ်းကုန် ထုတ်ဖော်ဖို့ ခက်လိမ့်မယ်။ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိတဲ့ ရတနာအချို့သာ ရှိမယ်ဆိုရင်တော့..."

ကျန်းကျန့်ရိသည် စိတ်ထဲမှနေ၍ တဖျတ်ဖျတ် တွေးတောကာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိလေသည်။

ဧည့်ခံပွဲ စတင်လေပြီ။

နင်းကျော့နှင့် ကျန်းကျန့်ရိတို့သည် စားသောက်ရင်း စကားစမြည် ပြောဆိုနေကြကာ တစ်ဝိုင်းတည်းထိုင်သူများကိုလည်း ခဏခဏ ခွက်ချင်းတိုက်ကာ နှုတ်ဆက်နေကြသည်။

ထိုစဉ် အတွင်းခန်းမဆောင်၏ တံခါးမှာ ဝုန်းခနဲ ပွင့်ထွက်သွားလေသည်။

မုလန်သည် အလွန်အမင်း ဒေါသထွက်ကာ အပြင်သို့ ပြေးထွက်လာ၏။

"ကျောက်ရှီ... မင်းလို လူယုတ်မာက ငါတို့ လျန်ကျူးပြည်ရဲ့ အဖျက်သမားပဲ" ဟု မုလန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက် သူမ၏ အကြည့်မှာ ဘတ်ပတ်လည်သို့ ဝေ့ဝဲသွားကာ ကျန်းကျန့်ရိထံ၌ ရပ်တန့်သွားသည်။

သူမသည် နင်းကျော့ကိုလည်း မြင်တွေ့သွားပြီး အကြည့်မှာ ခဏမျှ တန့်သွားလေသည်။

ထို့နောက် မုလန်က "ဦးလေးကျန်း... သွားကြစို့။ ဒီပွဲက ကောင်းပေမဲ့ ဒီက လူယုတ်မာတွေကို မြင်ရတာ ငါ့မှာ တကယ်ကို ရွံရှာမိတယ်" ဟု ပြောလိုက်လေသည်။

လူအများ၏ စိုက်ကြည့်နေမှုအောက်တွင် ကျန်းကျန့်ရိမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပြသလျက် "စစ်သူကြီး... ကျွန်တော်မျိုး နောက်က လိုက်ခဲ့ပါ့မယ်" ဟု ဆိုလိုက်သည်။

ကျန်းကျန့်ရိ၏ စိတ်ထဲ၌ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို ကြိုတင်သိမြင်ကာ စိုးရိမ်နေမိသော်လည်း ယခုအချိန်တွင် မုလန်ကို တားဆီးရန် မသင့်တော်သဖြင့် တစ်စိတ်တစ်ဝမ်းတည်း ရှိကြောင်း ပြသသည့်အနေဖြင့် ဧည့်ခံပွဲမှ ချက်ချင်းပင် ထွက်ခွာခဲ့လေသည်။

ဧည့်ခံပွဲ စတင်ပြီး မကြာမီမှာပင် မုလန်နှင့် ကျန်းကျန့်ရိတို့မှာ ဒေါသတကြီး ထွက်ခွာသွားကြတော့သည်။

"ကဲ... စားကြ၊ သောက်ကြဦးလေ။ ဆက်စားကြပါ" ဟု ကျောက်ရှီက အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ ပွဲအခြေအနေကို ပြန်လည်စည်ကားအောင် လုပ်ဆောင်လိုက်သည်။

သူ၏ အရှက်မရှိမှုမှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် မုလန်၏ စွပ်စွဲချက်များကို မကြားချင်ယောင်ဆောင်ကာ ဘာမျှမဖြစ်သကဲ့သို့ ပြုမူနေလေသည်။

ရွှမ်းကျင့်၊ ရွှီတာ့လီနှင့် အခြားသူများမှာလည်း အလျင်အမြန်ပင် အရက်ခွက်များကို မြှောက်ကာ လိုက်ပါဆောင်ရွက်ကြရသည်။

ထိုသူများထဲတွင် လျိုအာလည်း ပါဝင်နေပြီး သူ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေပေသည်။ ကျောက်ရှီ အခုလေးတင် တောင်းဆိုလိုက်သော "လမ်းစရိတ်" မှာ မယုံကြည်နိုင်လောက်အောင် များပြားလွန်းနေသောကြောင့်ပင်။

အတွင်းခန်းမဆောင်၏ အခြားစားပွဲဝိုင်းတစ်ခုတွင်မူ ကျန်းဟေးမှာ ခေါင်းကို အနောက်သို့ မော့ကာ အရက်ကို တစ်ကျိုက်တည်း မော့ချနေလေသည်။

ကွမ်းဟုန်ကမူ မတ်မတ်ထိုင်ကာ သူ၏ မုတ်ဆိတ်ကို သပ်ရင်း အဓိက စားပွဲဝိုင်းမှ စကားဝိုင်းကို အကဲခတ်နေသည်။

သူ၏ မျက်လုံးများထဲတွင်မူ အေးစက်သော အလင်းတန်းများ ဖြတ်ပြေးနေ၏။

ဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ လေးဦးသားအုပ်စုမှာ အိမ်ပြန်လမ်းအတိုင်း လျှောက်လှမ်းလာကြသည်။

လျိုအာမှာ ညကောင်းကင်ယံရှိ လမင်းကြီးကို ကြည့်ကာ သက်ပြင်း တရှရှ ချနေမိလေသည်။

"အစ်ကိုကြီး... ဘာတွေများ အခက်တွေ့နေလို့ ဒီလောက်တောင် သက်ပြင်းချနေရတာလဲ" ကျန်းဟေးက အရက်ရှိန်ဖြင့် လေချဉ်တက်ရင်း မေးလိုက်သည်။

ကွမ်းဟုန်က နှာခေါင်းရှုံ့လိုက်ပြီး အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြလိုက်လေသည်။

ကျန်းဟေးမှာ ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားကာ "အဲဒီ ဧကရာဇ်ရဲ့ စေတမန်က လူသိရှင်ကြား လာဘ်တောင်းရဲတယ်ပေါ့လေ။ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ ငါတို့ လျန်ကျူးပြည်ကြီးက ဒီလောက်တောင် အဂတိလိုက်စားနေတာလား"

"ငါတို့ နောင်မှာ အောင်မြင်မှုတွေ ရလာရင်တောင် ဒီလိုပဲ နှိပ်စက်တာ ခံရဦးမှာလား" ဟု အော်ဟစ်လေသည်။

လျိုအာက လက်ကာပြရင်း "ဒါမျိုးတော့ မဖြစ်နိုင်ပါဘူး။ လျန်ကျူးပြည်ရဲ့ ဘုရင်မင်းမြတ် ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ စုဆောင်းရေးအမိန့်တော်က သူကိုယ်တိုင်နဲ့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာပဲ။ ဒီကိစ္စမှာတော့ သူတို့ တရားမျှတမှုရှိအောင် အစွမ်းကုန် ကြိုးစားကြမှာပါ" ဟု ပြန်ပြောလိုက်သည်။

လျိုအာသည် ကျန်းဟေး၏ စိတ်ထဲ၌ အာဃာတများ ကိန်းအောင်းသွားမည်ကို စိုးရိမ်မိသည်။ သူသည် လျန်ကျူးပြည်၌ ကြီးပွားအောင်မြင်ရန် အမှန်တကယ် ဆန္ဒရှိသူ ဖြစ်ပေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းဆိုင်ရာ တိုင်းနိုင်ငံများထဲတွင် လျန်ကျူးပြည် တစ်ခုတည်းသာ လူနှင့် မိစ္ဆာ ကပြားများကို ဤကဲ့သို့ ရာထူးတိုးမြှင့်ပေးသည့် အခွင့်အရေးမျိုး ပေးထားခြင်း ဖြစ်သည်။

ကျန်းဟေးက "ဒါဆိုရင်တော့ တော်သေးတာပေါ့" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒီ လူယုတ်မာ စေတမန်ကို မြင်ကတည်းက ငါ သိသားပဲ။ မျက်လုံးစွေကြည့်နေကတည်းက သူဟာ လူကောင်းမဟုတ်ဘူးဆိုတာ။"

"သူ့ကို ဂရုမစိုက်နဲ့တော့"

"သူက ဧကရာဇ်ရဲ့ စေတမန် ဖြစ်နေပေမဲ့ ငါတို့ရဲ့ တိုက်ရိုက်အထက်လူကြီးမှ မဟုတ်တာ။ သူ့ကို ထိုးမကြိတ်တာပဲ ကံကောင်းလှပြီ။ ဒါကိုတောင် ငါတို့ဆီက ပိုက်ဆံ လိုချင်သေးတယ်ပေါ့လေ"

"ဒါဟာ တကယ့်ကို လွန်လွန်းတယ်"

"ငါတို့မှာ ရှိတဲ့ ပိုက်ဆံလေးကတောင် စစ်တပ်ဖွဲ့စည်းဖို့ မနည်း ချွေတာနေရတာကို"

လျိုအာမှာမူ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်။

နင်းကျော့က အနည်းငယ် ပြုံးလိုက်ပြီး "စစ်သူကြီးတို့... စိတ်မပူကြပါနဲ့။ အဲဒီ စေတမန်ကိစ္စကို ကျွန်တော့်ကိုသာ လွှဲပေးလိုက်ပါ"

"ကျွန်တော့်ရဲ့ ဖျောင်းဖျပြောဆိုမှုနဲ့ ဆိုရင် စစ်သူကြီးတို့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာဟာ ပိုက်ဆံနဲ့ ညှိုးနွမ်းစေရမယ့် အရာမဟုတ်ဘူးဆိုတာကို သူ နားလည်သွားအောင် ကျွန်တော် သေချာပေါက် လုပ်ပေးပါ့မယ်" ဟု ဆိုလိုက်လေသည်။

ထိုအခါ လျိုအာက နင်းကျော့ကို လှည့်ကြည့်လိုက်သည်။

နင်းကျော့က လျိုအာကို အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးပြလိုက်၏။

လျိုအာမှာ ချက်ချင်းပင် သဘောပေါက်သွားကာ နင်းကျော့ကို သူ၏ ကိုယ်စားလှယ်အဖြစ် ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် အမိန့်ပေးလိုက်လေသည်။

"အချိန်မဆိုင်းတော့ဘဲ ကျွန်တော် အခုပဲ ပြန်သွားပြီး အဲဒီ စေတမန်နဲ့ ဆွေးနွေးလိုက်ပါ့မယ်" ဟု နင်းကျော့က ပြောသည်။

လျိုအာကလည်း သဘောတူလိုက်၏။

ကျန်းဟေးကလည်း နင်းကျော့ကို ကူညီချင်သဖြင့် "စစ်ဗျူဟာမှူး... မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ပဲ ရှိသေးတာ။ ရွှေအမြုတေအဆင့်ရှိတဲ့ အဲဒီ စေတမန်ကို ဘယ်လို ရင်ဆိုင်မလဲ။ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်လေ။ အင်အားပြလို့ ရတာပေါ့" ဟု ဆိုသည်။

နင်းကျော့က အားရပါးရ ရယ်မောလိုက်ပြီး ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်လေသည်။

ထိုအခါ လျိုအာက ကျန်းဟေး၏ လက်မောင်းကို လှမ်းကိုင်လိုက်ပြီး နင်းကျော့အပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြသကာ နင်းကျော့၏ စွမ်းဆောင်ရည်ကို သံသယဝင်နေခြင်းမှာ ညီငယ်လေးကို အထင်သေးရာ ရောက်လိမ့်မည်ဟု ပြောကာ ကျန်းဟေးကို တားဆီးလိုက်သည်။

ကျန်းဟေးမှာ ထိုစကားကြောင့် ဘာမျှ မပြောနိုင်တော့ဘဲ နင်းကျော့ ပြန်သွားသည်ကိုသာ ကြည့်နေရတော့သည်။

ခဏအကြာတွင်။

နင်းကျော့၏ မျက်နှာထက်တွင် အပြုံးများ ဝေဆာနေသကဲ့သို့ ဧကရာဇ်၏ စေတမန် ကျောက်ရှီ၏ မျက်နှာထက်တွင်လည်း အပြုံးများဖြင့် ပြည့်နှက်နေလေတော့သည်။

အခန်း (၄၇၆)

မီးအိမ်ရောင်အောက်ဝယ် သူသည် လက်ထဲရှိ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာများကို တစ်ခုပြီးတစ်ခု လှန်လှောကြည့်ရှုရင်း တချို့တချို့သော အရာများကို သဘောကျမိသဖြင့် တမြုံ့မြုံ့ မြည်တမ်းလျက် ရှိချေသည်။

“စခန်းသုံးခုရဲ့ စစ်သူကြီးတွေကတော့ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တွေပါပဲလား”

“အခြေအနေကို သိတတ်တဲ့သူတွေက တကယ်ပဲ လူတော်တွေ ဖြစ်ကြတာပဲ”

ထိုသို့ဆိုရင်း နင်းကျော့သည် နောက်ထပ် ရတနာတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

“ကျွန်တော့်မှာ ကျန်းကျန့်ရိ သမားတော်ကြီးနဲ့ တော်တော်လေး ရင်းနှီးတဲ့ အဆက်အသွယ် ရှိပါတယ်၊ အခုလည်း ကျွန်တော့်ရဲ့ မိတ်ဆွေကို ကုသပေးဖို့ သူ့ဆီကနေ အကူအညီ တောင်းတော့မှာပါ”

“ဒါကြောင့်မို့လို့ လူကြီးမင်းအနေနဲ့ ပန်းနီစခန်းအပေါ်မှာ အနည်းငယ်လောက် လျှော့ပေါ့ပေးစေချင်ပါတယ်”

ကျောက်ရှီသည် နင်းကျော့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် “လူငယ်လေး... မင်းက တမ်းတခြင်းပြည်က လာတဲ့ သူစိမ်းတစ်ယောက်ပဲ၊ ဒီလို ကိစ္စရပ်တွေထဲမှာ အလွယ်တကူ ဝင်ပါတာမျိုးက မင်းအတွက် မကောင်းနိုင်ဘူးနော်” ဟု ဆိုလေသည်။

“စစ်သူကြီး မုလန်ရဲ့ ပြဿနာတွေက မင်းထင်ထားတာထက် အများကြီး ပိုကြီးမားတယ်”

နင်းကျော့က ပြုံးလိုက်ရင်း “ကျွန်တော် နားလည်ပါတယ်” ဟု ပြန်ပြောလိုက်၏။

စကားပြောရင်းနှင့်ပင် သူသည် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရတနာနောက်တစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်ပြီး “ကြီးမားတဲ့ ပြဿနာတွေ ရှိနေရင်တော့ လူကြီးမင်းဘက်က ပိုပြီး အားစိုက်ထုတ်ရမှာပေါ့၊ အဲဒါကြောင့် နောက်ထပ် ရတနာတစ်ခု ထပ်ပေးတာက သင့်တော်တယ် မဟုတ်လား” ဟု ဆိုလေသည်။

ကျောက်ရှီမှာ နင်းကျော့၏ ကြွယ်ဝချမ်းသာမှုကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ စိတ်ထဲတွင် များစွာ တုန်လှုပ်သွားရချေသည်။

“မီးလျှံသီး မသေမျိုးမြို့တော်က နင်းမျိုးနွယ်စုဆိုတာ တကယ့်ကို ထင်ရှားတဲ့ မျိုးနွယ်စုကြီး ဖြစ်ရမယ်”

“အရင်တုန်းက သူတို့တွေဟာ လျန်ကျူးပြည်ကို ဖြတ်ကျော်ရုံပဲ ဖြတ်သွားခဲ့တာ၊ ဘာဖြစ်လို့ ဒီမှာ အခြေချပြီး မနေထိုင်ခဲ့ဘဲ တမ်းတခြင်းပြည်ကိုမှ ရွှေ့ပြောင်းသွားခဲ့ကြတာလဲ”

“အင်း...”

ထိုသို့ တွေးတောမိရင်း ကျောက်ရှီမှာ နောင်တများဖြင့် ပြည့်နှက်နေတော့သည်။

“ဒီလူငယ်လေးဆီမှာ ရတနာတွေ ဘယ်လောက်တောင် ကျန်နေသေးတာပါလိမ့်၊ သူက ကိစ္စတွေထဲ ဝင်ပါရတာ ဝါသနာပါမှတော့...” ဟူသော လောဘစိတ်များ ပေါ်ပေါက်လာသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားရပြန်သည်။

ဝိညာဉ်ခေါ်ယူခြင်းပညာရပ်။

ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်။

အပြင်ပန်းတွင်မူ နင်းကျော့သည် ဖော်ရွေပြီး သဘောကောင်းသော အပြုံးကို ဆက်လက် ဆောင်ထားသော်လည်း စိတ်ထဲတွင်မူ ထိုပညာရပ် နှစ်ခုလုံးကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားပြီး ဖြစ်ချေသည်။

“လူကြီးမင်းကျောက်.. ကျွန်တော် ပန်းနီစခန်းကို ကူညီပေးတယ်ဆိုတာ ကျန်းကျန့်ရိရဲ့ မျက်နှာသာပေးမှုကို ရချင်လို့ပါ”

“ဖြစ်နိုင်မယ်ဆိုရင် လူကြီးမင်းကျောက်ဆီကနေ အကူအညီလေး တစ်ခုလောက် ထပ်တောင်းချင်ပါသေးတယ်”

“ကျွန်တော် လူကြီးမင်းကို အများကြီး အခက်မတွေ့စေပါဘူး၊ အနည်းငယ်လောက် ပူးပေါင်းပေးဖို့ပဲ လိုတာပါ...”

ကျောက်ရှီသည် တစ်စုံတစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည့်အလား နင်းကျော့၏ အသေးစိတ် တောင်းဆိုချက်ကို ကြားပြီးသည်နှင့် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်ပြီး “မင်းလို လူငယ်လေးကို ငါက ဘာလို့ မကြိုက်ဘဲ နေမှာလဲ၊ စိတ်အေးအေးထားပါ... ငါ သဘောတူပါတယ်” ဟု ဆိုလေသည်။

နင်းကျော့ကလည်း ထိုကိစ္စ ပြီးမြောက်သွားပါက နောက်ထပ် ကျေးဇူးတုံ့ပြန်မှု အနည်းငယ် ရှိဦးမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်၏။

ကျောက်ရှီကလည်း “နင်းမျိုးနွယ်စုကတော့ တကယ့်ကို အသိပညာ ဗဟုသုတ ကြွယ်ဝလှတယ်၊ ဒီလို ဆုံးမသွန်သင်မှုမျိုးက တကယ်ကို ချီးကျူးဖို့ ကောင်းတာပဲ” ဟု ထပ်ခါတလဲလဲ ခေါင်းငြိမ့်လျက် ပြောဆိုနေတော့သည်။

နောက်တစ်နေ့တွင်မူ...

စစ်ဘက်ဆိုင်ရာရိက္ခာများ ခွဲဝေပေးသည့်အခါ ပန်းနီစခန်းသည် သိသိသာသာပင် နောက်ကျမှ ရရှိခဲ့လေသည်။

စစ်သူကြီး မုလန်မှာ များစွာ ဒေါသထွက်သွားသော်လည်း ရိက္ခာတာဝန်ခံ ကျင့်ကြံသူမှာမူ ကြိုတင်ပြင်ဆင်ထားသည့်အလား ခိုင်လုံသော ဆင်ခြေတစ်ခုကို အသုံးပြုကာ ရိက္ခာပေးဝေမှုကို တမင်သက်သက် နှောင့်နှေးအောင် ပြုလုပ်ခဲ့ချေသည်။

ထိုအကြောင်းကို သိရှိလိုက်ရသောအခါ ကျန်းကျန့်ရိမှာ သက်ပြင်းချလိုက်မိရင်း ယုတ်မာလှသော ကျောက်ရှီက သူ့ကို နောက်ကွယ်မှ နှောင့်ယှက်နေခြင်း ဖြစ်ကြောင်း နားလည်လိုက်လေသည်။

ထိုအချိန်တွင်ပင် နင်းကျော့က လာရောက်တွေ့ဆုံသည်။ ကျန်းကျန့်ရိ၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို မြင်သောအခါ သူက ထိုကိစ္စကို မေးမြန်းလိုက်၏။

အကြောင်းစုံကို သိရပြီးနောက် နင်းကျော့သည် အနည်းငယ် ပြုံးလိုက်ပြီး ကျန်းကျန့်ရိကို ပြောလိုက်သည်မှာ... ယခင်က သူသည် စခန်းသုံးခုကိုယ်စား ကျောက်ရှီကို လက်ဆောင်များ သွားရောက်ပေးခဲ့ရာ ကျောက်ရှီမှာ များစွာ ကျေနပ်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့တွင်လည်း သူကိုယ်တိုင် တစ်ခေါက် ထပ်သွားကာ ဧကရာဇ်၏ စေတမန်ကို အလျော့ပေးခိုင်းပြီး ကုန်ကျစရိတ်ကိုလည်း သူကိုယ်တိုင် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

ခဏအကြာတွင် နင်းကျော့ ပြန်လည် ရောက်ရှိလာ၏။

ကျန်းကျန့်ရိမှာ ယခင်နှင့်မတူသော အမူအရာဖြင့် နင်းကျော့၏ လက်မောင်းကို ဆုပ်ကိုင်ကာ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောရှာသည်။

“မုလန်က သူ့အဖေအတိုင်း ခေါင်းမာလွန်းတယ်၊ ငါသာ ဝင်ပါလိုက်ရင် သူက ငါ့ကို အငြိုးထားပြီး နောင်ကျရင် ငါတို့ကြားမှာ အဖုအထစ်တွေ ဖြစ်သွားနိုင်တယ်၊ ဒါက တကယ့်ကို ခက်ခဲတဲ့ ကိစ္စပဲ... အခုတော့ မိတ်ဆွေလေး နင်းကျော့က တရားမျှတစွာ ဆောင်ရွက်ပေးလို့ တော်သေးတာပေါ့”

ထိုအခါ နင်းကျော့က “ကျွန်တော့်မှာလည်း ကိုယ်ပိုင် ရည်ရွယ်ချက် ရှိပါတယ် လူကြီးမင်းကျန်း၊ ကျွန်တော်က ကျွန်တော့်ရဲ့ မိတ်ဆွေကို ကူညီပေးချင်လို့ပါ” ဟု ဆိုလေသည်။

“ဒါက ဘာမှ ပြဿနာ မရှိပါဘူး” ဟု ဆိုကာ ကျန်းကျန့်ရိက လက်ယမ်းပြလိုက်ရင်း “ဒီတစ်ခါ ကုသခကို လုံးဝ အလကား လုပ်ပေးပါ့မယ်” ဟု ကတိပေးလိုက်တော့သည်။

ထို့နောက်တွင် နင်းကျော့သည် သူ၏ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို ပုတ်လိုက်ပြီး စွန်းလင်ထုံကို ထွက်လာစေခဲ့၏။

ထိုအချိန်တွင် စွန်းလင်ထုံ၏ လက်မောင်းနှစ်ဖက်လုံးမှာ ကျောက်ဖြစ်နေပြီ ဖြစ်ချေသည်။

သို့သော်လည်း သူသည် လောလောလောလော မရှိဘဲ ပူပန်မှုကင်းစွာဖြင့် ရယ်မောနေဆဲပင်။

ကျန်းကျန့်ရိက သံသယဖြင့် “ဒီကလေးကို ကယ်ဖို့ဆိုရင် မြေဓာတ်ပါရဂူ တစ်ယောက်ကို ခေါ်ပေးဖို့ လိုသေးတယ်နော်၊ မင်း မေ့နေတာတော့ မဟုတ်ပါဘူးနော်” ဟု မေးလိုက်လေသည်။

နင်းကျော့သည် ကျန်းကျန့်ရိကို ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ ဦးညွှတ်လိုက်ပြီး “ခွင့်လွှတ်ပေးပါ ဆရာကျန်း... ကျွန်တော်ကိုယ်တိုင်ကပဲ မြေဓာတ်ပါရဂူ ဖြစ်ပါတယ်” ဟု ပြောလိုက်၏။

ကျန်းကျန့်ရိမှာ အံ့အားသင့်သွားကာ မိမိရှေ့တွင် ရှိနေသော ဝတ်ရုံဖြူနှင့် လူငယ်လေးကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

“မင်း... မင်းလား”

နင်းကျော့သည် ကိုယ်ကို ပြန်မတ်လိုက်ပြီး လက်နှစ်ဖက်ကို ဘေးတွင် ချထားရင်း ပြုံးရွှင်သော မျက်နှာဖြင့် “စစ်စစ်မှန်မှန်နဲ့ အာမခံချက် အပြည့်ရှိပါတယ်” ဟု ဆိုလိုက်ချေသည်။

စွန်းလင်ထုံကလည်း တဟီးဟီး ရယ်မောရင်း “ဟဲဟဲ... ကျော့လေး၊ သမားတော်ကြီးကျန်း... မြန်မြန်လေး စလိုက်ကြပါတော့၊ ကျွန်တော် နည်းနည်း စိတ်မရှည်တော့ဘူး” ဟု ဝင်ပြောလေတော့သတည်း။

All Chapters