← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အခန်း ၁၄၉ ထူးခြားသော အရည်အချင်းများ

"အစီရင်ခံတင်ပြပါတယ်။ အတွင်းရေးမှူးချုပ်ကြီး။ ဝူကျိရှန်းက အတွေ့ခံလိုကြောင်း လျှောက်ထားပါတယ်"

ဝမ်ကျုံးယွန်း၏ ရာထူးမှာ အတွင်းရေးမှူးချုပ် ဖြစ်၏။ ထိုရာထူးမှာ မမြင့်မားသော်လည်း ကျင်းမင်းသား၏ အယုံကြည်ရဆုံးလူ ဖြစ်သောကြောင့် နောင်လာနောက်သားများ၏ စစ်ဦးစီးချုပ်ကဲ့သို့ပင် ဖြစ်သည်။

ဝမ်ကျုံးယွန်းမှာ အလုပ်ကြိုးစားသူ ဖြစ်ပြီး ကျင်းမင်းသားအတွက် နေ့စဉ် အသေးအဖွဲကိစ္စများစွာကို ကူညီဆောင်ရွက်ပေးရသည်။ အထူးသဖြင့် မွန်ဂိုတို့၏ ကျူးကျော်မှုကြီး အကြောင်း သိရှိပြီးနောက် တပ်ဖွဲ့များ ၏ချီတက်မှုအပြင် အခြားသော ကိစ္စရပ်အားလုံးကိုပါ သူကိုယ်တိုင် ကိုင်တွယ်နေရသဖြင့် အပြင်လူများနှင့် တွေ့ဆုံရန် အချိန်မရှိချေ။

ထူးချွန်သော ဝမ်ကျုံးယွန်းအတွက် ဝူကျိရှန်းမှာ အရေးမပါသော လူတစ်ယောက်သာ ဖြစ်၏။ သူ၏ ဆေးပညာအလွန်ထူးချွန်သည်မှလွဲ၍ ချီးကျူးစရာ ဘာမျှမရှိပေ။

"ငါ မတွေ့ဘူး"

"သူက ကျင်းမင်းသားထံသို့ အရေးကြီးတဲ့ ကိစ္စတစ်ခု တင်ပြစရာရှိတယ်လို့ ပြောပါတယ်"

"စစ်ပွဲထက် ပိုအရေးကြီးတဲ့ ကိစ္စမျိုး ရှိလို့လား"

ရုံးလုပ်ငန်းများတွင် နစ်မွန်းနေသော ဝမ်ကျုံးယွန်းမှာ စိတ်မရှည်စွာ ပြောလိုက်သည်။

"အသားမည်းကပ်ရောဂါ မရှိခဲ့ရင် အဲဒီ ဝူကျိရှန်းက နယ်ခံသမား‌တော်လေး တစ်ယောက်ပဲလေ။ သူက ဘာမို့လို့ ငါနဲ့ တွေ့ချင်နေတာလဲ"

"ဒါပေမဲ့... ဒါပေမဲ့ သူက အရေးကြီးတဲ့ တရားဝင်ကိစ္စလို့ ပြောပါတယ်"

"ငါသိသလောက်တော့ ဝူကျိရှန်းက အသားမည်းကပ်ရောဂါကြောင့် ကံကောင်းပြီး ရာထူးငယ်လေးတစ်ခု ရသွားတာပါ။ ဆေးဘက်ဆိုင်ရာဌာနက ထုံကျီးရာထူးက အခွန်ဝန်ကြီးဌာန လက်အောက်မှာလေ။ ကျင်းမင်းသားနဲ့ ဘာဆိုင်လို့လဲ။ တရားဝင်ကိစ္စဆိုရင်တောင် အခွန်ဝန်ကြီးဌာနကိုပဲ တင်ပြသင့်တာပေါ့၊ ဒါမှမဟုတ်ထိုက်ယွမ်ရုံးကိုပဲ သွားပါစေ။ ဒီကို လာပြီး ဘာလုပ်မလို့လဲ"

ကျင်းမင်းသား၏ အဆင့်အတန်းမှာ မြင့်မားသဖြင့် မည်သူမဆို လာရောက်တွေ့ဆုံ၍ မရပေ။ ဝမ်ကျုံးယွန်းက ငြင်းပယ်လိုက်သဖြင့် ဝူကျိရှန်းမှာ ကျင်းမင်းသားနှင့် တွေ့ဆုံခွင့် မရခဲ့ချေ။ အကြောင်းကြောင့်ပင် ဝူကျိရှန်းမှာ နှစ်ရက်တိတိ ကြန့်ကြာနေခဲ့ရသည်။

တတိယနေ့ ညနေခင်းတွင် ဝမ်ကျုံးယွန်းက ကျင်းမင်းသားထံ အလုပ်ကိစ္စ သွားရောက်အစီရင်ခံစဥ်ဝူကျိရှန်းကို ရုတ်တရက် မြင်လိုက်ရသည်။ ဝူကျိရှန်းက ကျင်းမင်းသား၏ ရုံးခန်းအတွင်း ရောက်ရှိနေလိမ့်မည်ဟု ဝမ်ကျုံးယွန်း လုံးဝ မတွေးထားခဲ့ပေ။

ကျင်းမင်းသားမှာ ဝူကျိရှန်း၏ စကားကို နားထောင်နေပြီး ဘေးတွင်မူ စစ်ရေးကြီးကြပ်သူ ရှိနေသည်။ စစ်ရေးကြီးကြပ်သူ ကောင်းမှာ ယွမ်ကျန်းတပ်စခန်း၏ ကြီးကြပ်သူ ဖြစ်ပြီး နာမည်အားဖြင့် ချန်ဟူချန်း၏ လက်အောက်ခံ ဖြစ်သော်လည်း တကယ်တမ်းတွင်မူ သူ၏ အထက်လူကြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီး ချန်ဟူချိန်မှာ ယွမ်ကျန်းတပ်စခန်း၏ ရွေးချယ်ခံတပ်သား ငါးထောင်ကျော်ကို ဦးဆောင်ကာ မြောက်ဘက်သို့ ထွက်ခွာသွားပြီ ဖြစ်သဖြင့် စစ်ရေးကြီးကြပ်သူ ကောင်းမှာ ထုံးစံအတိုင်း နောက်ထပ်ညွှန်ကြားမှုများ ပြုလုပ်ရန် လိုက်ပါသွားရင်း စိုးရိမ်တကြီး ဖြစ်နေသော ဝူကျိရှန်းနှင့် တိုက်ဆိုင်စွာ တွေ့ဆုံမိခြင်း ဖြစ်သည်။

သူသည် ဝူကျိရှန်းနှင့် အရင်ကတည်းက သိကျွမ်းသူဖြစ်ပြီး အလွန်အရေးကြီးသော ကိစ္စရှိကြောင်း သိသဖြင့် ကျင်းမင်းသားထံသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။

"မင်းသား၊ ဒါက မနေ့က..."

ဝမ်ကျုံးယွန်းက ကျင်းမင်းသားထံသို့ အစီရင်ခံစာ ပေးအပ်ရန် ပြင်ဆင်လိုက်သော်လည်း မင်းသားမှာ သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ လက်ကာ၍နောက်မှ ပြောဟူသော အရိပ်အယောင် ပြလိုက်သည်။ ထို့နောက် ဝူကျိရှန်းကိုသာ ပြုံးလျက် ကြည့်နေလေသည်။

"လက်ထောက် အုပ်ချုပ်ရေးမှူး ဝူ၊ ဆက်ပြောပါဦး"

"အုလုမျိုးနွယ်စု တစ်ခုလုံး၊ လူဦးရေ တစ်သောင်းတစ်ထောင်ကျော်က ကျွန်တော်တို့ မင်အင်ပါယာရဲ့ နယ်မြေကို ကျူးကျော်ဖို့ မဟုတ်ဘဲ မျိုးနွယ်စုတစ်ခုလုံးအနေနဲ့ အညံ့ခံဖို့ ဆုံးဖြတ်ထားပါတယ်။ သူတို့က အခု ရှောင်ဟွမ်းမြစ်ရဲ့ တောင်ဘက်မှာ အမိန့်ကို စောင့်ဆိုင်းနေပါတယ်"

"မင်းပြောတာတွေ အကုန်လုံး အမှန်ပဲလို့ ငါ ဘယ်လို ယုံရမလဲ"

မင်အင်ပါယာတည်ထောင်ပြီးနောက်ပိုင်း မွန်ဂိုအချို့ အညံ့ခံသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသော်လည်း မျိုးနွယ်စုတစ်ခုလုံး အညံ့ခံသည်ဆိုသည့် ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

ကျင်းမင်းသား၏ အမြင်တွင် ယခုအချိန်၌ အရေးအကြီးဆုံးမှာ ဤဖြစ်ရပ်၏ နိုင်ငံရေး သက်ရောက်မှုကို စဉ်းစားရန် မဟုတ်ဘဲ အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုရန် ဖြစ်သည်။

မည်သို့ပင်ဆိုစေအုလုမျိုးနွယ်စုသည် မင်ိုယ်စားလှယ်အဖွဲ့ကို အပြီးတိုင် သုတ်သင်ခဲ့သဖြင့် ကျူးယွမ်ကျန်း၏ အမျက်ဒေါသထားခြင်းကို ခံထားရသည်။အုလုမျိုးနွယ်စုမှာ မင်အင်ပါယာ၏ ရန်သူ ဖြစ်သည်မှာ မငြင်းသာသော အချက်ပင်။

ယခု ဝူကျိရှန်းက အုလုမျိုးနွယ်စုမှာ အညံ့ခံလိုသည်ဟု ပြောနေပြီး တပ်ဖွဲ့တစ်ခုလုံးကိုပါ ခေါ်ဆောင်လာခဲ့သည်မှာ ဝူကျိရှန်း၏ တစ်ဖက်သတ် စကားဖြင့်သာ ယုံကြည်ရန် အလွန်ခက်ခဲလှသည်။ဝူကျိရှန်းကသာ အုလုမျိုးနွယ်စုနှင့် ပူးပေါင်းကာဟန်ပြအညံ့ခံသည့် အကွက်ဆင်နေပါက အလွန်ပင် ဆိုးရွားလိမ့်မည်။

"မင်းသား၊ တကယ်ဟုတ်မဟုတ် အတည်ပြုချင်ရင် အရမ်းလွယ်ပါတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခိုင်းလိုက်ရင် အကုန်သိရမှာပါ"

အုလုမျိုးနွယ်စု၏ အညံ့ခံမှုမှာ အလွန်အရေးကြီးသည်။ ဝူကျိရှန်းက မည်မျှပင် ပြောစေကာမူ ကျင်းမင်းသားမှာ အပြည့်အဝ ယုံကြည်လိမ့်မည် မဟုတ်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ်တိုင်သွားရောက် စစ်ဆေးရန် သာ ဖြစ်၏။

ကျင်းမင်းသားသည် အလိုအလျောက်ပင် ဝမ်ကျုံးယွန်းကို ကြည့်လိုက်သည်။ ဝမ်ကျုံးယွန်းမှာ သူ၏ လူယုံ ဖြစ်သဖြင့် ကိုယ်တိုင်သွားရောက် စစ်ဆေးရန် အတွက် အသင့်တော်ဆုံးသူ ဖြစ်သည်။

သို့သော် ကျင်းမင်းသားမှာ ဝမ်ကျုံးယွမ်ကို ခဏတာ ကြည့်ပြီးနောက် သူက တုံ့ပြန်မှု မရှိသည်ကို တွေ့သဖြင့် ဘေးတွင်ရှိသော အထိန်းတော်ကောင်းထံသို့ အကြည့် ပြောင်းလိုက်သည်။

"စစ်ရေးကြီးကြပ်သူ ကောင်း၊ ခင်ဗျားသွားတာ ပိုသင့်တော်မယ် ထင်တယ်"

"ဟုတ်ကဲ့၊ ဒီကျွန်တော်မျိုး အခုပဲ မြောက်ဘက်ကို သွားပြီး အခြေအနေကို စစ်ဆေးပါ့မယ်"

"ဒီကိစ္စက အရေးကြီးတယ်၊ နှောင့်နှေးလို့ မဖြစ်ဘူး"

"ဟုတ်ကဲ့"

ထို့ကြောင့် အထိန်းတော်ကောင်းနှင့် ဝူကျိရှန်းတို့မှာ မြောက်ဘက်သို့အလျင်အမြန် ထွက်ခွာသွားကြသည်။ သူတို့ နှစ်ယောက် ထွက်သွားပြီးသည်နှင့် ဝမ်ကျုံးယွမ်က မေးမြန်းလိုက်သည်။

"လူမျိုးစုတစ်ခုလုံး အညံ့ခံတယ်ဆိုတာ မင်းသား တကယ် ယုံတာလား"

"ဝူကျိရှန်း တစ်ယောက်တည်း ပြောတဲ့စကားကို ဘယ်လိုလုပ် ယုံမလဲ"

ကျင်းမင်းသားမှာ လိမ္မာပါးနပ်ပြီး အမြဲ သံသယရှိတတ်သူ ဖြစ်သဖြင့် ဝူကျိရှန်း၏ စကားအနည်းငယ်ဖြင့် မယုံကြည်ခဲ့ပေ။

"တပ်ဖွဲ့အားလုံးကို ဆက်လက်ချီတက်ဖို့နဲ့ ကျူးကျော်လာတဲ့ ရန်သူတွေကို ဝိုင်းပတ်ထားဖို့ အမိန့်ပေးထားလိုက်"

"မင်းသားက ဝူကျိရှန်းရဲ့ စကားကို မယုံရင် ဘာလို့ စစ်ရေးကြီးကြပ်သူ ကောင်းကို လွှတ်လိုက်တာလဲ"

"ဒီလောက် အရေးကြီးတဲ့ကိစ္စမျိုးကို စုံစမ်းဖို့ လိုတာပေါ့။ တကယ်လို့ တကယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ဤကိစ္စမှာ အမှန်ဖြစ်ပါက နိုင်ငံရေး သက်ရောက်မှုမှာ အလွန်ကြီးမားပေလိမ့်မည်။ မွန်ဂိုလူမျိုးစုတစ်ခုလုံး မင်အင်ပါယာကို အညံ့ခံခြင်းမှာ မင်အင်ပါယာနှင့် မြောက်ပိုင်းယွမ်အကြား နိုင်ငံရေး အခြေအနေကို အခြေခံကျကျ မပြောင်းလဲနိုင်စေကာမူ အလွန်အရေးပါသော သင်္ကေတတစ်ခု ဖြစ်လာမည် ဖြစ်သည်။

"ကျွန်တော်မျိုး ထင်တာကတော့ ဒီကိစ္စမှာ အကွက်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ ဝူကျိရှန်းက အုလုမျိုးနွယ်စုနှင့်ပူးပေါင်းပြီး ဟန်ပြအညံ့ခံတာ ဖြစ်နိုင်တယ်"

"ဟန်ပြအညံ့ခံတာ မဟုတ်လောက်ပါဘူး။ ငါ့အမြင်တော့ အမှန်ဖြစ်ဖို့များတယ်"

ကျင်းမင်းသားက စားပွဲကို လက်ချောင်းဖြင့်စည်းချက်ညီစွာ ခေါက်ရင်း ပြောလိုက်သည်။

"ရှေ့တန်းက ပေးပို့တဲ့ စစ်ရေးသတင်းတွေအရ သူတို့က အချိန်အကြာကြီး ရပ်တန့်နေတာ"

တကယ်တမ်း ကျူးကျော်မည်ဆိုလျှင် အင်အားအလုံးအရင်းဖြင့် အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာမည် ဖြစ်သည်။ ဟန်ပြအညံ့ခံခြင်း ဖြစ်ပါကလည်း တပ်ဖွဲ့တစ်စိတ်တစ်ပိုင်းမှာ နောက်ထပ် စီစဉ်မှုများအတွက် ခွဲထွက်သွားမည် ဖြစ်သည်။ သို့သော် သူတို့မှာ ရှောင်ဟွမ်းမြစ်တစ်လျှောက်တွင် ရက်ပေါင်းများစွာ ရွေ့လျားခြင်းမရှိဘဲ ရပ်တန့်နေခဲ့သည်။ ၎င်းမှာ စစ်ရေးသဘောအရ လုံးဝ မဖြစ်နိုင်ပေ။

"အုလုမျိုးနွယ်စုက အမှန်တကယ် အညံ့ခံတယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ"

ကျင်းမင်းသားက ဝမ်ကျုံးယွန်းကို ပြုံးလျက် ကြည့်လိုက်သည်။

"ငါက ဒီကိစ္စကို မင်းကို ကိုင်တွယ်ခိုင်းချင်တာ၊ ဒါပေမဲ့ မင်းက စွန့်စားဖို့ ဝန်လေးနေပုံရလို့ စစ်ရေးကြီးကြပ်သူ ဂေါကိုပဲ လွှတ်လိုက်တာ"

"အခုတော့ ခင်ဗျား သူကောင်းပြုခံရမယ့် အခွင့်အရေးကို လွတ်သွားပြီ ထင်တယ်"

ကျင်းမင်းသားမှာ စိတ်တိုတတ်သော်လည်း ဝမ်ကျုံးယွန်းအပေါ်တွင်မူ နူးညံ့သိမ်မွေ့သည်။ သူ၏ အသံတွင် အပြစ်တင်သည့် အရိပ်အယောင် လုံးဝမရှိဘဲ စိတ်ရင်းမှန်ဖြင့် အကြံပေးနေပုံရသည်။

"မင်း ဘာလို့ မသွားချင်လဲဆိုတာ ငါသိပါတယ်။ အုလုမျိုးနွယ်စုက ဟန်ပြအညံ့ခံပြီး မင်းကို သတ်ပစ်မှာ ကြောက်လို့ မဟုတ်လား"

"နာမည်ဂုဏ်သတင်းနဲ့ လာဘ်လာဘတွေကို ဘယ်လောက် လွယ်လွယ်ရနိုင်မှာလဲ။ ဘာပဲလုပ်လုပ် စွန့်စားမှု အနည်းငယ်တော့ ရှိရမှာပေါ့။ စွန့်စားဖို့ ဝန်လေးနေရင် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး မူပိုင်..."

ကျင်းမင်းသားက ဝမ်ကျုံးယွန်း၏ ဂုဏ်ပြုနာမည်ကို ခေါ်ကာ အမှားလုပ်မိသော ကျောင်းသားကို သင်ပေးနေသည့် ဆရာတစ်ယောက်ကဲ့သို့ ရှင်းပြနေသည်။

"အမြဲတမ်းတွေဝေနေပြီး အလွန်အမင်း သတိထားလွန်းနေလို့ပဲမရဘူး။အခွင့်အရေး ရောက်လာတဲ့အခါ ရဲရဲဝံ့ဝံ့ လုပ်ရမယ်"

ဝမ်ကျုံးယွန်းမှာ ထိုအခါမှသာ မိမိမှာ ကြီးမားသော အမှားတစ်ခုကို လုပ်မိပြီး အခွင့်အရေးကောင်းတစ်ခုကို အလကား လွှတ်ပေးလိုက်မိကြောင်း သိလိုက်ရ၏။

"မင်းသား၊ ကျွန်တော်မျိုး မှားပါတယ်..."

"ကိုယ့်အမှား ကိုယ်သိရင် ပြီးတာပဲ။ နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်။ အခု ထွက်သွားနိုင်ပြီ"

"ဟုတ်ကဲ့"

ဝမ်ကျုံးယွန်း၏ ကျောပြင်ကို ကြည့်ရင်း ကျင်းမင်းသား၏ မျက်မှောင်မှာ ပို၍ ကြုတ်လာသည်။ ဝမ်ကျုံးယွန်းမှာ သူ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ရှိနေသူ ဖြစ်ပြီး စွမ်းရည်နှင့် ရည်မှန်းချက် ရှိသော်လည်း အမှန်တကယ် ကြီးမားသည့် အလုပ်ကို လုပ်နိုင်သူ မဟုတ်ပေ။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ချစ်ခင်လွန်းပြီး စွန့်စားလိုစိတ် မရှိသူ ဖြစ်သည်။

ဝူကျိရှန်းကမူ ကြီးမားသောအလုပ်ကို လုပ်နိုင်မည့် အရည်အချင်းများကို ပြသနေသည်။ သူသည် တစ်ယောက်တည်း ဖြစ်နေသည့်တိုင် ရလဒ်ကို မမှုဘဲ စွန့်စားတိုက်ခိုက်နိုင်သူ ဖြစ်သည်။ ထိုသို့သောသူမှာ အခွင့်အရေးကို ဖမ်းဆုပ်နိုင်လျှင် ကြီးမားသော အောင်မြင်မှုများကို ရရှိလိမ့်မည်။

အကယ်၍အုလုမျိုးနွယ်စု တစ်ခုလုံး အညံ့ခံမည့်ကိစ္စ အောင်မြင်သွားပါက ဝူကျိရှန်း၏ အနာဂတ်မှာ အကန့်အသတ်မရှိ ဖြစ်လာပေလိမ့်မည်။

*********

`

အခန်း ၁၅၀ ပထမဆုံး အဆက်အသွယ်

လူအများစု၏ အမြင်တွင် အထိန်းတော်တို့မှာ မိန်းမလျာဆန်ပြီး လိမ္မာပါးနပ်ကာအမြဲတမ်းယောက်ျားမပီသဘဲနောက်ကွယ်မှ အကွက်ရွှေ့လေ့ရှိသူများဟု ထင်မှတ်ကြသည်။ သို့သော် စစ်ရေးကြီးကြပ်သူ ကောင်းမှာ ထိုသို့သော သူမျိုး မဟုတ်ချေ။

စစ်ရေးကြီးကြပ်သူ ကောင်းမှာ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အုလုမျိုးနွယ်စု စခန်းသို့ စရောက်သည့် အချိန်မှစ၍ ဤသည်မှာ မွန်ဂိုစစ်တပ်မဟုတ်ကြောင်း၊ ကျူးကျော်ရန် လာခြင်းလုံးဝ မဟုတ်ကြောင်း သူ မြင်လိုက်ရသည်။

အုလုမျိုးစုတို့မှာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို ခေါ်ဆောင်ကာ နွား၊ သိုးတို့ကို ထိန်းကျောင်းလာကြသူများ ဖြစ်၏။ သူတို့မှာ စစ်တိုက်ရန် လာခြင်းမဟုတ်ဘဲ ရွှေ့ပြောင်းလာခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

စစ်ရေးကြီးကြပ်သူ ကောင်း၏ စောင့်ကြည့်မှုအရ ဝူကျိရှန်း ပြောသည့်အတိုင်းမျိုးနွယ်စုတစ်ခုလုံး မင်အင်ပါယာသို့ ဝင်ရောက်ခြင်းမှာ အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

"လက်ထောက် အုပ်ချုပ်ရေးမှူး ဝူ၊ မင်းဟာ ကြီးမားတဲ့ အောင်မြင်မှုကို ရယူခဲ့တာပဲ၊ ကောင်းကင်ဘုံက ပေးသနားတဲ့ အောင်မြင်မှုပဲ။ မျိုးနွယ်စုတစ်ခုလုံး မင်အင်ပါယာဆီ ဝင်ရောက်လာတာဟာ တို့ နိုင်ငံအတွက် မကြုံစဖူးသော အောင်မြင်မှုတစ်ခု ဖြစ်တယ်။ မင်းအတွက်တော့ အနာဂတ်မှာ အဆင်ပြေချောမွေ့တော့မှာပါ"

စစ်ရေးကြီးကြပ်သူ ကောင်းက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ အုလုမျိုးနွယ်စု၏ အင်အားမှာ မင်အင်ပါယာနှင့် မြောက်ပိုင်းယွမ်အကြား အခြေအနေကို အခြေခံကျကျ ပြောင်းလဲရန် လုံလောက်မှု မရှိသော်လည်း ဤကိစ္စ၏ နိုင်ငံရေး သက်ရောက်မှုမှာ တိုင်းတာ၍ မရနိုင်ပေ။ ထိုစွမ်း‌ဆောင်မှုကြောင့် ဝူကျိရှန်းမှာ ရာထူးသုံးဆင့် ခန့်တိုးမြှင့်ခံရနိုင်‌ ပေသည်။

"စစ်ရေးကြီးကြပ်သူ ကောင်း၊ ကျွန်တော်တို့က အရင်ကတည်းက သိကျွမ်းသူတွေဆိုတော့ ဘာမှ မဖုံးကွယ်တော့ပါဘူး။ တကယ်တော့ ကျွန်တော်လည်းအခြေအနေအရ မလွှဲသာမရှောင်သာ ဖြစ်ခဲ့ရတာပါ။ အုလုလူမျိုးတွေက မင်အင်ပါယာဆီ ဝင်ရောက်လာကြပေမဲ့ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး"

ဝူကျိရှန်းမှာ နောက်တစ်ဆင့် ဘာလုပ်ရမှန်း မသိသော်လည်း စစ်ရေးကြီးကြပ်သူ ဂေါမှာမူ သိသည်။

"လက်ထောက် အုပ်ချုပ်ရေးမှူး ဝူ၊ ဒီအုလုလူမျိုးတွေက မင်းကို အလွန်လေးစားပုံရတယ်။ သူတို့အမြင်မှာ မင်းက ဂုဏ်သိက္ခာရှိသူ တစ်ယောက် ဖြစ်မယ်ထင်တယ်။ သူတို့ရဲ့ ခေါင်းဆောင်နဲ့ ငါ့ကို တွေ့ဆုံပေးနိုင်မလား"

စစ်ရေးကြီးကြပ်သူ ဂေါက အုလုဘုရင်ကို တွေ့လိုသည်။

"အုလုဘုရင်ဆိုတာ အသက် နှစ်နှစ်၊ သုံးနှစ် အရွယ် ကလေးတစ်ယောက်သာ ဖြစ်ကြောင်း ကျွန်တော် ပြောခဲ့ပြီးပြီလေ။ သူက ဘာမှ မသိဘူး၊ ဒီကလေးကို တွေ့ဖို့ တကယ် လိုအပ်လို့လား"

လိုအပ်သည်။ အလွန်ပင် လိုအပ်သည်။ အုလုလူမျိုးများ မင်အင်ပါယာထံ ဝင်ရောက်လာသည့်အခါ အကျိုးအမြတ်အချို့နှင့် ဦးစားပေး အခွင့်အရေးအချို့ ရရှိမည် ဖြစ်သည်။

ထိုမျှကြီးမားသော ကိစ္စကို အသက်နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်နှင့် ဆွေးနွေး၍ မရသော်လည်း ထိုကလေးမှာ အုလုလူမျိုးတို့၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်နေသည်။ ဤသည်မှာ သံတမန်ရေးရာ အရ အလွန်အရေးကြီးသည်။

ဝူကျိရှန်း၏ စီစဉ်မှုဖြင့် စစ်ရေးကြီးကြပ်သူ ကောင်းမှာအုလုဘုရင် နှင့် မကြာမီ တွေ့ဆုံရ‌လေသည်။ စစ်ရေးကြီးကြပ်သူ‌ကောင်းက တရားဝင် တွေ့ဆုံ သည့်အချိန်တွင် အုလုဘုရင်ငယ်မှာ နို့မုန့်တစ်ချို့ကို ဝါးစားနေပြီး မျက်နှာပေါ်တွင် နို့မုန့်အကြွင်းအကျန်များ ပေကျံနေသည်။ စစ်ရေးကြီးကြပ်သူကောင်းကသူစိမ်းဖြစ်၍ အုလုဘုရင်ငယ်မှာထိတ်လန့်တကြား ငိုယိုလိုက်သည်။မယ်‌တော်ကြီးတာရာဝမ်ကျိအာသာ ရှိမနေပါက အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပေလိမ့်မည်။

ထိုကလေးမှာ ဟန်ပြမျှသာ ဖြစ်ကြောင်း စစ်ရေးကြီးကြပ်သူ ကောင်းက ကောင်းစွာ သိသော်လည်း ရိုသေလေးစားသော ဟန်ပန်ဖြင့် အရိုအသေ ပေးလိုက်သည်။

အုလုဘုရင်ဆိုသည်မှာ သူတို့ဘာသာ ခေါ်ဝေါ်သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ မွန်ဂိုတို့ပင် မင်းသားဘွဲ့ကို အသိအမှတ် မပြုကြသဖြင့် မင်အင်ပါယာက ပို၍ပင် အသိအမှတ် ပြုမည်မဟုတ်ပေ။ အုလုဘုရင်၏ အင်အားမှာ ခရိုင်ဝန်တစ်ဦးထက်ပင် နည်းပါးလှသဖြင့် မင်းသားဟု ခေါ်ခြင်းမှာ ရယ်စရာတစ်ခုသာ ဖြစ်၏။

ထို့ကြောင့် စစ်ရေးကြီးကြပ်သူကောင်းမှာ တရားဝင် အခမ်းအနား အဆင့်အတန်း မသုံးဘဲ ရိုးရှင်းစွာသာ အရိုအသေ ပေးလိုက်သည်။

"မင်အင်ပါယာရဲ့ လက်အောက်ခံ စစ်ရေးကြီးကြပ်သူ ကောင်းက အုလုလူမျိုးတို့ရဲ့ ငြိမ်းချမ်းမှုနဲ့ အောင်မြင်မှုကို ဆုမွန်ကောင်း တောင်းအပ်ပါတယ်"

သူသည် ရာထူးကိုလည်း မပြောပြသလို အုလုဘုရင်ဟုလည်း မခေါ်ဘဲ ပုဂ္ဂလိက အလည်အပတ် လာသကဲ့သို့သာ ပြုမူလေသည်။

"အုလုလူမျိုးတို့ရဲ့ မိခင်ကိုလည်း ကျန်းမာခြင်းနှင့် အောင်မြင်ခြင်းအတွက် ဆုမွန်ကောင်း တောင်းပါတယ်"

တာရာဝမ်ကျိအာမှာ အာဏာမရှိဘဲ အရုပ်ကဲ့သို့သာ ဖြစ်သည်။ သူမက ဘာလုပ်ရမှန်းမသိဘဲ ဝူကျိရှန်းကိုသာ အကူအညီတောင်းသည့် မျက်လုံးဖြင့် ကြည့်နေမိသည်။ ဝူကျိရှန်းက သူမကို အနားသို့ လာရန် အရိပ်အယောင် ပြလိုက်သည်။

ဝူကျိရှန်း၏ အကူအညီဖြင့် တာရာဝမ်ကျိအာမှာ နေရာမှ ဆင်းလာပြီး စစ်ရေးကြီးကြပ်သူ ကောင်းနှင့် အနည်းငယ် တောင့်တင်းသော ဟန်ပန်ဖြင့် စကား အနည်းငယ် ပြောလိုက်သည်။

"အုလုလူမျိုးတို့ ခရီးပန်းလာကြမှာပါ။ လိုအပ်တာ ရှိရင် ပြောပါ၊ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးပါမယ်"

ဤစကားမှာ ရိုးရိုးသာမန် ပြောစကားဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ အိမ်ရှင်နှင့် ဧည့်သည် အခန်းကဏ္ဍကို ပြောင်းပြန် ဖြစ်သွားစေသည်။

စစ်ရေးကြီးကြပ်သူကောင်းက မင်အင်ပါယာက လွှတ်လိုက်တဲ့ သံတမန် ဖြစ်မှန်း လူတိုင်း သိ၏။ သို့သော် တကယ့် ဆွေးနွေးပွဲတွေမစရသေးခင်မှာ စစ်ရေးကြီးကြပ်သူ ကောင်းက တရားဝင် ရာထူးကို အသိအမှတ် မပြုတော့ အခြေအနေက နည်းနည်း အဆင်မပြေ ဖြစ်နေခဲ့သည်။ ကံကောင်းသည်မှာ ဝူကျိရှန်း ရှိနေခြင်းပင်။

"စစ်ရေးကြီးကြပ်သူကောင်း၊ ကျွန်တော်တို့က အရင်ကတည်းက သိကျွမ်းသူတွေဆိုတော့ အဆင်မပြေမှုတွေကို ဖယ်ရှားကြရအောင်။ ကျွန်တော်တို့ နှစ်ယောက်လုံးက အဓိက ကိစ္စတွေကို မဆုံးဖြတ်နိုင်ပေမဲ့ အသေးအဖွဲတွေကိုတော့ ကူညီနိုင်ပါတယ် မဟုတ်လား။အုလုလူမျိုးတွေ ခရီးပန်းလာကြပြီး ရိက္ခာတွေလည်း ကုန်နေပြီ။ သူတို့ကို အရင်ဆုံး စိတ်အေးစေဖို့ ရိက္ခာတွေ ပို့ပေးနိုင်မလား"

"ပြဿနာမရှိပါဘူး၊ ကျွန်တော် ပြန်ရောက်တာနဲ့ ချက်ချင်း စီစဉ်ပေးပါ့မယ်"

ထိုအချိန်တွင် ဝမ်ကျန့်စွန်းက အလျင်အမြန် ဝင်လာပြီး တာရာဝမ်ကျိအာကိုတိုးတိုးလေး ပြောလိုက်သည်။ တာရာဝမ်ကျိအာမှာ တောင့်တင်းသွားပြီး

"ရှင်တို့ရဲ့ စစ်တပ်က အနီးကပ် ချဉ်းကပ်လာပြီး ကျွန်မတို့ရဲ့ ကင်းထောက်တွေကို ဒဏ်ရာရစေတယ်" ဟု ခက်ထန်စွာ ပြောလိုက်သည်။

အုလုလူမျိုးတို့ မင်အင်ပါယာထံဝင်ရောက်ခြင်းကိစ္စတွင် ကျင်းမင်းသားမှာ ဗျူဟာနှစ်ရပ်ကို ကျင့်သုံးထားသည်။

စစ်ရေးကြီးကြပ်သူ ကောင်းကို လွှတ်လိုက်သလို တစ်ဖက်မှလည်း တပ်များကို ဝိုင်းပတ်ထားရန် အမိန့်ပေးထားသည်။ လက်ရှိတွင် ကျင်းမင်းသား၏ တပ်များမှာ ဝိုင်းပတ်မှု တင်းကျပ်လာသဖြင့် နှစ်ဖက်စလုံး၏ ကင်းထောက်များမှာ တိုက်ပွဲ အနည်းငယ် ဖြစ်ပွားနေသည်။

"စိတ်မပူပါနဲ့။ ကျွန်တော် ဒီကိစ္စကိုကျင်းမင်းသားထံ ချက်ချင်း အစီရင်ခံပေးပါ့မယ်"

စစ်ရေးကြီးကြပ်သူကောင်း၏ တာဝန်မှာ အုလုလူမျိုးတို့ အမှန်တကယ် မင်မအင်ပါယာထံ ဝင်ရောက်လာခြင်း ဟုတ်မဟုတ် စစ်ဆေးရန် သာဖြစ်သည်။ သူ သိရှိသွားပြီ ဖြစ်သဖြင့် ပြန်လည် အစီရင်ခံရန် လိုအပ်သည်။ တစ်ရက်ခွဲခန့် အကြာတွင် စစ်ရေးကြီးကြပ်သူ ကောင်းမှာ လက်ဆောင်ပစ္စည်းများစွာနှင့် ပြန်လည် ရောက်ရှိလာသည်။

"ကျွန်တော်တို့ မင်စစ်တပ်က ဆယ်လီလောက် နောက်ဆုတ်ပေးလိုက်ပါပြီ။ လုံးဝ ထွက်ခွာသွားတာ မဟုတ်ပေမဲ့ ဒါက အုလုလူမျိုးတို့ကို ကာကွယ်ပေးဖို့အတွက်ပါ"

အုလုလူမျိုးတို့မှာ စိတ်ရင်းအမှန်ဖြင့် ဝင်ရောက်လာမှန်း သိရှိသွားသဖြင့် တိုက်ပွဲ ဖြစ်ပွားစရာ မလိုတော့ပေ။ မင်စစ်တပ်၏ နောက်ဆုတ်မှုမှာ ငြိမ်းချမ်းသော"သဘောထားကို ပြသခြင်းသာ ဖြစ်သည်။ တကယ့် ရည်ရွယ်ချက်ကိုမူ လူတိုင်း သိကြသည်။

"ကျင်းမင်းသားက အုလူလူမျိုးတို့ ခရီးဝေးကနေ လာတဲ့ ဧည့်သည်တော်တွေ ဖြစ်လို့ အိမ်ရှင်အဖြစ် တာဝန်ကျေရမယ်လို့ ပြောပါတယ်။ ဒါက ကျင်းမင်းသားက အုလုလူမျိုးတို့အတွက် လက်ဆောင်ပေးလိုက်တာပါ"

စစ်ရေးကြီးကြပ်သူ ကောင်းမှာ နှစ်ပေကျော် မြင့်သော သန္တာကျောက်ပင်ကို ဆက်သလိုက်လေသည်။

*********

All Chapters