အခန်း (၁၄၃-၁၄၄)
Vol. 14 Ch. 143-144
အခန်း ၁၄၃ ပျောက်ဆုံးနေသူတစ်ဦး
ငါးရက်တာ အပြင်းအထန် ပြင်ဆင်ပြီးနောက် အုလုမျိုးနွယ်စုမှာ တစ်မျိုးနွယ်စုလုံး မင်အင်ပါယာထံ အညံ့ခံရန် အတွက် နောက်ဆုံးပြင်ဆင်မှုများ ပြီးစီးသွားလေသည်။ တဲများအားလုံးကို ဖြုတ်ချကာလှည်းများပေါ်သို့ တင်ဆောင်ထားပြီး ဖြစ်သည်။
လူတို့မှာလည်း နွားနှင့် သိုးများကို ထိန်းကျောင်းရင်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်ကာ တောင်ဘက်သို့ ချီတက်ရန် အမိန့်ကို စောင့်ဆိုင်းနေကြသည်။ အရေးကြီးသောအချိန်၌ ပြဿနာငယ်တစ်ခု ပေါ်ပေါက်လာ၏။
ဝူကျိရှန်းမှာ မင်သံတမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ အထူးသံတမန်အပါအဝင် အဖွဲ့ဝင်များအားလုံးအုလုမျိုးနွယ်စု၌ သေဆုံးကုန်ကြပြီး ဝူကျိရှန်းတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် သူသည် နန်းတော်သို့ ရှင်းပြချက် ပေးနိုင်ရမည်။ အဖော်များ သေဆုံးခဲ့သော်လည်း သူတို့၏ ရုပ်အလောင်းများကို နန်းတော်သို့ ပြန်ယူသွားမှသာလျှင် တာဝန်ကျေမည် ဖြစ်သည်။
သို့သော် ယခုအခါ မဖြစ်နိုင်တော့ပေ။ ထိုအချိန်က ရာသီဥတု ပူပြင်းသဖြင့် ရုပ်အလောင်းများကို မထိန်းသိမ်းနိုင်ဘဲ ဝမ်ကျန့်စွန်းတို့က မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
"မင်းတို့က အလောင်းတွေကို မီးရှို့လိုက်တာလား။ အနည်းဆုံးတော့ ပြာတော့ ကျန်မှာပေါ့"
ဝမ်ကျန့်စွန်းက ရယ်မော၍ ပြောသည်။
"ပြာတွေလား။ ငါ အကုန်ပစ်လိုက်ပြီ။ အဲ့ဒါတွေ သိမ်းထားရင် နိမိတ်မကောင်းဘူးလေ"
"ပြာတောင် မကျန်ဘူးလား။ ငါတို့ ဟန်လူမျိုးတွေရဲ့ အစဉ်အလာအရဆိုရင် သေတဲ့သူရဲ့ ပြာကို အိမ်ပြန်ယူသွားရမယ်လေ"
"တကယ်မကျန်တော့တာပါ... ဒီလိုလုပ်မလား"
ဝမ်ကျန့်စွန်းက စိတ်ကူးတစ်ခုကို ထုတ်ပြောလိုက်၏။
"ငါ သိုးရိုးတွေ နွားရိုးတွေကို မီးရှို့ပြီး ပြာလုပ်ပေးမယ်။ အိုးထဲထည့်ထားရင် မင်း နန်းတော်သွား တင်ပြလို့ရတာပေါ့"
နွားရိုး၊ သိုးရိုးပြာဖြင့် အစားထိုးခြင်းမှာဆိုးရွားသော အကြံဖြစ်သော်လည်း လက်ရှိတွင် အကောင်းဆုံးနည်းလမ်း ဖြစ်နေသည်။ မကြာမီ ဝမ်ကျန့်စွန်းသည် ပြာအိုးပေါင်း သုံးဆယ်ကို ဝူကျိရှန်းရှေ့သို့ ချပေးလိုက်သည်။
"မင်းတို့ ဟန်လူမျိုးတွေက အမြစ်ကို ပြန်ရှာတတ်တယ်ဆိုတာ ငါသိပါတယ်။ အကုန်ပြင်ဆင်ပေးထားတယ်။ ဘယ်သူမှ သိမှာမဟုတ်ပါဘူး"
"နေပါဦး"
ဝူကျိရှန်းက ပြာအိုးများကို ရေတွက်ကြည့်သည်။
"ဘာလို့ သုံးဆယ်ပဲ ရှိတာလဲ။ တစ်ခုခု လွဲနေပြီ"
"ဘာလွဲလို့လဲ"
"ဒီခရီးစဥ်မှာ အဖွဲ့ဝင် စုစုပေါင်း သုံးဆယ့်နှစ်ယောက် ပါလာတာ။ ငါတစ်ယောက်ပဲ အသက်ရှင်တာဆိုတော့ အိုး သုံးဆယ့်တစ်လုံး ဖြစ်ရမှာ။ အခု သုံးဆယ်ပဲ ရှိတယ်၊ တစ်လုံး လိုနေတယ်"
"မလိုပါဘူး။ ငါ ကိုယ်တိုင် မီးရှို့တာ။ အလောင်း သုံးဆယ်ပဲ ရှိတာ။ သုံးဆယ့်တစ်လောင်း မဟုတ်ဘူး"
ဝမ်ကျန့်စွန်းက ခိုင်ခိုင်မာမာ ပြောသည်။ ထိုအခါမှသာ ဝမ်ကျန့်စွန်းသည် မင်သံတမန်အဖွဲ့တွင် လူ သုံးဆယ့်နှစ်ယောက် ပါလာမှန်း အမှတ်ရသွားသည်။ ဝူကျိရှန်း တစ်ယောက်သာ အသက်ရှင်သည်ဆိုလျှင် အလောင်း သုံးဆယ့်တစ်လောင်း ဖြစ်ရမည်။
သို့သော် သူတွေ့ရှိခဲ့သည်မှာ သုံးဆယ်သာ ဖြစ်၏။ ပျောက်ဆုံးနေသော အလောင်းမှာ မည်သည့်နေရာသို့ ရောက်သွားသနည်း။ တောရိုင်းတိရစ္ဆာန်များ ဆွဲသွားသလားဟု တွေးကြည့်သော်လည်း လူအများရှေ့တွင် ထိုသို့ဖြစ်ရန် မလွယ်ပေ။ ဝူကျိရှန်းအပြင် နောက်ထပ် အသက်ရှင်သူ ရှိသေးတာလား။
ထိုမေးခွန်းမှာ ဖြေရှင်းရ ခက်ခဲလှသည်။ သို့သော် အချိန်မရှိတော့သဖြင့် ဆက်လက် ချီတက်ကြရတော့သည်။
အမှန်မှာအသက်ရှင်ကျန်ရစ်သူ အခြာတစ်ဦး ရှိနေသေးသည်။ သူ၏ အမည်မှာ ကျောက်ပင်တိန့် ဖြစ်သည်။ ပွဲတော်ကျင်းပစဥ်က ကျောက်ပင်တိန့်သည် ဓားကို ဝှက်ယူလာခဲ့ပြီး ဟန်မင်းဆက်ခေတ်က ပန်တင်းယွမ်ကဲ့သို့ပင် နိုင်ငံဂုဏ်ကို ဖော်ဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
သို့သော် မွန်ဂိုနှင့် အုလုတို့က သူတို့ထက် လက်ဦးသွားခဲ့သည်။ သံတမန်သည်ခွက်ပင် မခွဲရသေးမီ ခေါင်းပြတ်သွားခဲ့ရ၏။ မင်အဖွဲ့ဝင်တို့မှာ ရဲရင့်သော်လည်း အင်အားချင်း မမျှသဖြင့် အသတ်ခံလိုက်ရသည်။
ကျင်းယီဝေတစ်ဦးဖြစ်သူ ကျောက်ပင်တိန့်မှာ အခြေအနေကို ရိပ်မိလိုက်သည်။တိုက်ပွဲမှာ မျှတသောတိုက်ပွဲမဟုတ်ဘဲ တစ်ဖက်သတ် အသတ်ခံရခြင်းသာ ဖြစ်သည်။ ရဲရင့်ခြင်းထက် အသက်ရှင်ရန်သာ အရေးကြီးသည်ဟု သူခံယူလိုက်သည်။ ထို့ကြောင့် ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ချုံပုတ်ထဲတွင်ပုန်းအောင်း နေလိုက်၏။ သူသည် အဖော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည်ကို ကြည့်နေခဲ့ရ၏။
ဝူကျိရှန်းက ဘုရင့်မယ်တော်ကြီးကို ဖမ်းဆီးကာ မြင်းဖြင့် ထွက်ပြေးချိန်တွင် လူတိုင်း၏ အာရုံမှာ ဝူကျိရှန်းထံသို့ ရောက်သွားသည်။ ထိုအခွင့်အရေးကို အသုံးချကာ ကျောက်ပင်တိန့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
သူသည် နေ့အချိန်တွင် ပုန်းအောင်းကာ ညအချိန်တွင် ခရီးနှင်ရင်း ခက်ခက်ခဲခဲ လမ်းလျှောက်ခဲ့ရသည်။လဝက်ခန့်ကြာမှ မင်အင်ပါယာ နယ်မြေသို့ ပြန်လည် ရောက်ရှိသွားခြင်းဖြစ်သည်။
မင်အင်ပါယာသို့ ပြန်ရောက်သောအခါ ကျောက်ပင်တိန့်သည် အစိုးရရုံးသို့ ချက်ချင်း သွားရောက်ပြီး အခြေအနေအားလုံးကို တိုင်ကြားလိုက်သည်။ သူက အစီရင်ခံစာတွင် ဤသို့ ရေးသားဖော်ပြထားသည်။
"အုလုမျိုးနွယ်စုတို့က ရိုင်းစိုင်းလှပါတယ်။ သူတို့က မင်ကိုယ်စားလှယ်အဖွဲ့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဝူကျိရှန်းလည်း အသက်ရှင်ဖို့ မလွယ်တော့ပါဘူး။ အညံ့ခံခြင်း မူဝါဒက မအောင်မြင်ပါဘူး။ သူတို့ကို အမြစ်ပြတ် သတ်ဖြတ်ဖို့ စစ်တပ်ကြီး လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သို့မှသာ ကျဆုံးသွားတဲ့ အဖော်တွေရဲ့ ဝိညာဥ်ကို နှစ်သိမ့်နိုင်မှာဖြစ်သလို မင်အင်ပါယာရဲ့မျက်နှာကိုလည်း အဖတ်ပြန်ဆယ်နိုင်မှာဖြစ်ပါတယ်"
*********
`
အခန်း ၁၄၄ အမြစ်ဖြတ်မယ်
ဇူလိုင်လသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရာသီဥတုမှာ ပူပြင်းဆဲဖြစ်သည်။ သို့သော် နန်းတော်ဥယျာဉ်အတွင်းရှိ မိုးရွာကြည့်ဆောင် တွင်မူ သစ်ရွက်များ ထူထပ်စွာ အရိပ်ကျရောက်နေသဖြင့် အေးမြလန်းဆန်းသော မြင်ကွင်းကို ဖြစ်ပေါ်စေလေသည်။
ဟုန်ဝူဧကရာဇ် ကျူးယွမ်ကျန်းသည် ပေါ့ပါးသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ စစ်သူကြီးသုံးဦးတို့ကမူ တင့်တယ်ခမ်းနားသော စစ်ဝတ်တန်ဆာအပြည့်အစုံဖြင့် ရောက်ရှိလာကြသည်ကို မြင်သောအခါ ဧကရာဇ်မှာ ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ရာသီဥတုက ဒီလောက်တောင် ပူပြင်းနေတာကို မင်းတို့က စစ်ဝတ်တန်ဆာတွေ အပြည့်အစုံနဲ့။ အပူကို မကြောက်ကြဘူးလား၊ ဒါမှမဟုတ် တခြားအကြောင်းရှိလို့လား။ အဲဒီ ဝတ်ရုံတွေကို ချွတ်လိုက်ကြပါကွယ်၊ အေးအေးလူလူပဲ နေကြပါ"
ထိုစကားကို ကြားသောအခါ ယုံချန်းမြို့စား လန်ယွီမှာ ဝတ်ရုံကို ချွတ်ရန် ပြင်လိုက်သည်။ သို့သော် ဆုန်မြို့စား ဖုန်းရှန်းနှင့် ယင်းမြို့စား ဖူယိုတဲတို့မှာမူ လေးစားသမှုဖြင့် တစ်ပြိုင်နက်တည်း ဆိုလိုက်ကြ၏။
"အရှင်မင်းကြီး ရှိနေတဲ့နေရာမှာ ကျွန်တော်မျိုးတို့အနေနဲ့ အလေးအမြတ်မပြုဘဲ မနေရဲပါဘူး"
လေးစားရသော တပ်မှူးကြီးနှစ်ဦးက အထူထဲဆုံး စစ်ဝတ်တန်ဆာများကို ချွတ်ရန် ဝန်လေးနေသည်ကို မြင်သောအခါ လန်ယွီသည်လည်း သူ့အလုပ်ကို ချက်ချင်း ရပ်လိုက်ရတော့သည်။
"မင်းတို့ကလည်း အလွန်အမင်း အသေးစိတ်ကျလွန်းတယ်"
ကျူးယွမ်ကျန်းသည် သူတို့ကို လက်ညှိုးထိုးကာ ရယ်မောလိုက်ပြီး ဘေးနားရှိ အိမ်ရှေ့စံမင်းသားဆီသို့ လှည့်လိုက်သည်။
"ကျူးအာ၊ ဒီရေခဲစိမ် ပျားရည်ရည်ကို သူတို့ဆီ ပို့ပေးလိုက်ပါဦး။ အပူဒဏ်ကြောင့် သူတို့ မမာမကျန်း ဖြစ်ကုန်ပါဦးမယ်"
အိမ်ရှေ့စံမင်းသား ကျူးပြန်သည် နူးညံ့သိမ်မွေ့သူ ဖြစ်သည့်အလျောက် သူကိုယ်တိုင်ပင် ရေခဲစိမ် ပျားရည်ရည်ကို ခွက်များအတွင်းသို့ ထည့်ပေးလိုက်သည်။
"အရာရှိဖုန်း၊ ဒီ ဖျော်ရည်ကိုသုံး ဆောင်ပါ"
ဆံပင်ဖြူများ ပေါက်နေပြီဖြစ်သော ဆုန်မြို့စား ဖုန်းရှန်းသည် အမြန်ပင် ထရပ်လိုက်ပြီး ဦးညွတ်လိုက်၏။
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား"
"အရာရှိဖူ၊ ဒီ ဖျော်ရည်ကို သုံး ဆောင်ပါ"
ဖူယိုတဲသည်လည်း အလွန်ပင် လေးစားစွာဖြင့် လက်နှစ်ဖက်ကို အသုံးပြုကာ လက်ဖက်ရည်ခွက်ကို ခံယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား"
"ယုံချန်းမြို့စား၊ သောက်သုံးတော်မူပါ"
စစ်သူကြီး လန်ယွီ အလှည့်တွင်မူ သူသည် လေးစားဟန် ပြသသော်လည်း ခေါင်းကို အနည်းငယ်သာ ငြိမ့်ပြလိုက်သည်။
"ဟားဟား..."
ကျူးယွမ်ကျန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းတို့ သုံးယောက်က ငါ့ရဲ့ မင်အင်ပါယာအတွက် တိုင်ပင်ခံတွေတင်မကဘဲ အိမ်ရှေ့စံရဲ့ လူတွေလို့လည်း ပြောလို့ရတယ်လေ"
သမိုင်းတစ်လျှောက်တွင် ဧကရာဇ်တို့သည် အရာရှိများ အုပ်စုဖွဲ့သည်ကို အလွန်ပင် မုန်းတီးကြသည်။ အဆင့်မြင့်အရာရှိတစ်ဦးကို အုပ်စုတစ်ခု၏ အဖွဲ့ဝင်ဟု ခေါ်ဆိုခြင်းသည် ပြင်းထန်သော ဝေဖန်မှုတစ်ခုပင် ဖြစ်သည်။
ဟုန်ဝူခေတ်၏ အခြေအနေနှင့် ကျူးယွမ်ကျန်း၏ စရိုက်အရ ဆိုလျှင် ထိုကဲ့သို့ အပြောခံရသူများသည် ကောင်းသော အဆုံးသတ် မရှိတတ်ကြပေ။ သို့သော် အိမ်ရှေ့စံ၏ အုပ်စုမှာမူ ချွင်းချက် ဖြစ်သည်။
အိမ်ရှေ့စံ ကျူးပြန်သည် ကျူးယွမ်ကျန်း ကိုယ်တိုင် ပြုစုပျိုးထောင်ထားသူ ဖြစ်သည်။ ဖခင်နှင့် သားတော်ကြားတွင် ဤမျှ ရင်းနှီးမှုရှိခြင်းမှာ ရှေးခေတ် ဧကရာဇ်သမိုင်းတွင် ရှားပါးလှသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဆုန်မြို့စား ဖုန်းရှန်းသည် အိမ်ရှေ့စံ၏ နည်းပြဆရာ ဖြစ်ခဲ့ဖူးပြီး ယင်းမြို့စား ဖူယိုတဲသည်လည်း သိုင်းပညာသင်ပေးသူ ဖြစ်ခဲ့သည်။ လန်ယွီမှာဆိုလျှင် အိမ်ရှေ့စံ၏ ဦးလေးတော်ပင် ဖြစ်၍ သူတို့သုံးဦးမှာ အိမ်ရှေ့စံနှင့် အလွန်ပင် ရင်းနှီးကြသည်။
"ကျူးအာ၊ ဒီလူကြီးတွေက စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့ကြသူတွေပဲ။ မင်း သူတို့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိတယ်"
"ဟုတ်ကဲ့ပါ အရှင်"
ကျူးယွမ်ကျန်းသည် စစ်ရေးကိစ္စများကို ဆွေးနွေးသည့်အခါ အလွန်ပင် တည်ကြည်လေးနက်သွားတော့သည်။
"ဒီမြောက်ပိုင်းစစ်ဆင်ရေးအတွက် အားလုံး အသင့်ဖြစ်နေပြီ။ သြဂုတ်လမှာ စစ်ကြောင်းချီတော့မယ်။ အနောက်ပိုင်းတပ်ကို ဘယ်သူ ဦးစီးမလဲ"
မြောက်ပိုင်းစစ်ဆင်ရေးတွင် စစ်သည်ပေါင်း နှစ်သိန်းနှစ်သောင်းပါဝင်မည်ဖြစ်ပြီး ရှေ့တန်းတွင် စစ်သည် တစ်သိန်းသုံးသောင်း ရှိမည်ဖြစ်သည်။ အနောက်ပိုင်းတပ်သည် အဓိက တိုက်ခိုက်မည့် တပ်ဖြစ်သဖြင့် ဆုန်မြို့စား ဖုန်းရှန်းကသာ ဦးစီးရန် အသင့်တော်ဆုံး ဖြစ်သည်။
"ကျွန်တော်မျိုး အနောက်ပိုင်းတပ်ကို ဦးစီးပါ့မယ်"
ဖုန်းရှန်းသည် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သဖြင့် ကျူးယွမ်ကျန်းလည်း သူ၏ ဆန္ဒအတိုင်း ခွင့်ပြုလိုက်သည်။
"ဒါဆိုရင် အရှေ့ပိုင်းတပ်ကိုတော့..."
ကျူးယွမ်ကျန်း စကားမဆုံးခင်မှာပင် လန်ယွီက ကြားဖြတ် ပြောလိုက်သည်။
"ကျွန်တော်မျိုး အရှေ့ပိုင်းတပ်ကို ဦးစီးပါ့မယ်"
"အင်း... ယုံချန်းမြို့စားက အရှေ့ပိုင်းတပ်ကိုလား။ မသင့်တော်ဘူးထင်တယ်၊ ယင်းမြို့စား ဖူယိုတဲကိုပဲ အရှေ့ပိုင်းကို လွှတ်လိုက်မယ်"
ဖူယိုတဲသည် လန်ယွီကဲ့သို့ ရန်သူကို အကြမ်းပတမ်း တိုက်ခိုက်သူ မဟုတ်ဘဲ တည်ငြိမ်စွာ ခုခံတတ်သူ ဖြစ်သည်။ အရှေ့ပိုင်းတပ်၏ ရည်ရွယ်ချက်မှာ ရန်သူကို အနိုင်ယူရန် မဟုတ်ဘဲ ရန်သူများ မလာရောက်နိုင်အောင် ထိန်းထားရန်သာ ဖြစ်သည်။
ဤသို့ဖြင့် လန်ယွီမှာ အလယ်ပိုင်းတပ်ကိုသာ ဦးစီးရတော့မည် ဖြစ်သည်။ ဤတာဝန်ခွဲဝေမှုကြောင့် လန်ယွီမှာ မကျေမနပ် ဖြစ်သော်လည်း ဧကရာဇ်၏ အမိန့်ကို မလွန်ဆန်နိုင်ပေ။
"နောက်ပြီးတော့ ဒီကိစ္စကို ကြည့်လိုက်ဦး"
ကျူးယွမ်ကျန်းသည် အိတ်ထဲမှ အစီရင်ခံစာတစ်စောင်ကို ထုတ်ပေးလိုက်သည်။ လန်ယွီ ဖတ်ကြည့်ပြီးသည်နှင့် ချက်ချင်း ထရပ်လိုက်သည်။
"အရမ်းကို စော်ကားတာပဲ။ ဒါက ကောင်းကင်ဘုံကို စော်ကားတာပဲ"
"သေးငယ်တဲ့ အုလုလူမျိုးစုက ကျွန်တော်မျိုးတို့ရဲ့ သံတမန်ကို သတ်ရဲတယ်ပေါ့။ ဒီအပြုအမူကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ။ ကျွန်တော်မျိုး ဒီမျိုးစုကို မြေပြင်မှာ မကျန်ရစ်အောင် ဖျက်ဆီးပစ်မယ်"
လန်ယွီ စိတ်ဆိုးဒေါသထွက်နေစဉ် အိမ်ရှေ့စံက မျက်စိမှိတ်၍အချက်ပြလိုက်သည်။ လန်ယွီလည်း ချက်ချင်းပင် ငြိမ်ကျသွားပြီး ဧကရာဇ်ထံသို့ ဦးညွတ်လိုက်သည်။
"အရှင်မင်းကြီး ဆုံးဖြတ်တော်မူပါ"
ကျူးယွမ်ကျန်းသည် ရေခဲစိမ် ပျားရည်ရည်ကို ဇွန်းဖြင့် မွှေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"အုလုလူမျိုးစုက ငါတို့ကို မလေးမစား လုပ်တဲ့အတွက်ကြောင့် အပြစ်ပေးရမှာပေါ့"
သူ့အသံမှာ အေးစက်စက်နှင့် တည်ငြိမ်နေသော်လည်း ထိုစကား၏ အဓိပ္ပာယ်မှာ မျိုးစုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်မှန်း ထိုနေရာရှိ လူအားလုံး နားလည်လိုက်ကြသည်။ သူတို့အတွက်မူ အုလုလူမျိုးစု၏ အသက်မှာ အရေးမပါသော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
"အရှေ့ပိုင်းတပ်ဟာ အဓိကတိုက်ခိုက်ရမယ့် တပ်မမဟုတ်ဘူး၊ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရန်သူ့တပ်တွေကို အချိန်ဆွဲထားဖို့နဲ့ ရန်သူတွေ အင်အားဖြည့်တင်းမလာနိုင်အောင် တားဆီးဖို့ပဲ ။ အရှေ့ပိုင်းတပ်အနေနဲ့ ရန်သူကို အနိုင်ယူဖို့ မလိုဘူး၊ ရန်သူ့ကို အခိုင်အမာ ထိန်းထားနိုင်ရင်ပဲ လုံလောက်ပြီ"
*********