အခန်း (၁၄၅-၁၄၆)
Vol. 14 Ch. 145-146
အခန်း ၁၄၅ငွေစက္ကူများ မီးရှို့၍ဆုတောင်းခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင်ခုနစ်လပိုင်းလဆန်း ၁၅ ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှေးပဝေသဏီကတည်းက ဆင်းသက်လာသည့် ဓလေ့ထုံးစံအရ ထိုနေ့ရက်တွင် မြစ်ထဲ၌ ဆီမီးများ မျှောကာ ဘိုးဘေးဘီဘင်နှင့် ကွယ်လွန်သူ ဝိညာဉ်များကို ရည်စူး၍ ရွှေစက္ကူ ငွေစက္ကူများကို မီးရှို့ကြစမြဲ ဖြစ်သည်။
ကျောက်ပင်တိန့်သည် ဖူရှိုးဆိုင်မှ နံ့သာတိုင်များ၊ ဖယောင်းတိုင်များ ရွှေငွေစက္ကူအပြင် ငွေစက္ကူပင်များ၊ ရတနာအိုးများနှင့် စက္ကူရုပ်တုများစွာကို ဝယ်ယူခဲ့သည်။
ဤပူဇော်သက္ကာရပစ္စည်းများကို သရဲတစ္ဆေနေ့အတွက် အမြဲဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကျောက်ပင်တိန့်သည် ပုံမှန်ထက် ပိုမိုများပြားစွာ ဝယ်ယူခဲ့၏။
မိသားစု၏ ဘိုးဘေးသင်္ချိုင်းသို့ ရောက်သောအခါ ကျောက်ပင်တိန့်သည် နံ့သာတိုင်နှင့် ဖယောင်းတိုင်များကို ထွန်းညှိပြီး ရွှေငွေစက္ကူများကို မီးရှို့ကာ သင်္ချိုင်းဂူရှေ့တွင် ဦးချကန်တော့ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကျောက်မိသားစုရဲ့ ဘိုးဘေးများခင်ဗျာ၊ သားမြေးတွေကတော့ နံ့သာတိုင်နဲ့ လာပြီး ပူဇော်ပါတယ်ဗျာ။ ဘိုးဘေးတွေအနေနဲ့ ကျောက်မိသားစုကို ငြိမ်းချမ်းပြီး ပျော်ရွှင်ဖို့ ကောင်းချီးပေးပါ..."
အရင်နှစ်များနည်းတူ ဘိုးဘေးများကို စိတ်သက်သာရာရစေမည့် စကားများ ပြောကြားပြီးနောက် ကျောက်ဖိန်တင်းသည် သင်္ချိုင်းဂူကို ရည်ရွယ်၍ ဆက်ပြောလိုက်သည်။
"နောက်ထပ် အကြောင်းကြားစရာ တစ်ခုရှိပါသေးတယ်။ သားမြေးဖြစ်တဲ့ပင်တိန့်တစ်ယောက် ကျင်းယီဝေရဲ့အဆင့်ခုနစ်ရှိ ချီဇုန်အဖြစ် ရာထူးတိုးမြှင့်ခံရပါပြီ"
ယာယီ စမ်းသပ်အရာရှိဘဝမှ အဆင့်ခုနစ်ရှိ ချီဇုန်အထိ တိုးမြှင့်ခံရခြင်းမှာ တစ်ညချင်းအတွင်း အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်သည်။ ထိုသတင်းကောင်းကို ကွယ်လွန်သွားသော ဘိုးဘေးများထံ တရားဝင် ပြောကြားခြင်းမှာ မိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်သည်။
သို့သော် ကျောက်ပင်တိန့်ရာထူးတိုးရခြင်းမှာ ဘိုးဘေးများ၏ ကျေးဇူးကြောင့်မဟုတ်ဘဲ ဧကရာဇ်နန်းတော်မှ ပေးအပ်သော ဆုလာဘ်များကြောင့်သာ ဖြစ်သည်။
အုလုမျိုးနွယ်စုထံသို့ သွားရောက်သော အဖွဲ့တွင် လူပေါင်း ၃၀ ကျော်ရှိသည့်အထဲမှ ကျောက်ပင်တိန့်တစ်ဦးတည်းသာ အံ့ဖွယ်ကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
သူသည် ဒုက္ခအပေါင်းကို ကျော်ဖြတ်ခဲ့ရပြီး အရေးကြီးသော သတင်းအချက်အလက်များကိုလည်း ယူဆောင်လာနိုင်ခဲ့သည်။သူ၏အထက်အရာရှိအန်းကျန်းကျိုးမှာမြက်ခင်းပြင်တွင် ကျဆုံးသွားခဲ့သဖြင့် သူက အဆင့် ခုနစ်ချီဇုန်ရာထူးကို ဆက်ခံရခြင်း ဖြစ်သည်။
သူသည် အသက်နှင့်လဲရသော စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရသော်လည်း အနည်းဆုံးတော့ တရားဝင် ရာထူးတစ်ခု ရရှိခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ သူနှင့်အတူ လိုက်ပါသွားသူများအားလုံးမှာ ရေခြား မြေခြားတွင် မြှုပ်နှံခံလိုက်ရပြီး ပြန်မလာနိုင်ကြတော့ပေ။
ကျောက်ပင်တိန့် ပြန်ရောက်လာသည့်အချိန်မှစ၍ သူသည်အုလူမျိုးနွယ်စုထံတွင် သေဆုံးသွားသော ရဲဘော်များကို အိပ်မက်ထဲတွင် မကြာခဏ မြင်မက်လေ့ရှိသည်။ ထို့ကြောင့် သူသည် နံ့သာတိုင်၊ ဖယောင်းတိုင်၊ စက္ကူငွေနှင့် အရက်ကောင်းများကို အထူးဝယ်ယူကာ မြက်ခင်းပြင်တွင် ကျဆုံးသွားသူများကို ဂုဏ်ပြုရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
သင်္ချိုင်းဂူများကြားမှ လွတ်နေသော နေရာတစ်ခုကို ရှာ၍ နံ့သာတိုင်များကို ထွန်းညှိကာ အရက်တစ်အိုးကို မြေပြင်ပေါ်သို့ လောင်းချလိုက်ပြီး ငွေ စက္ကူများနှင့် စက္ကူပုံစံငယ်များကိုပုံ၍ မီးရှို့လိုက်သည်။ တောက်လောင်နေသော မီးရောင်ကြားမှ ကျောက်ပင်တိန့်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဝိညာဉ်များက သူ့ကို ကောင်းကင်ထက်မှ ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။
"ညီအစ်ကိုတို့ရေ၊ ခင်ဗျားတို့ရဲ့ သူရဲကောင်းစိတ်ဓာတ်တွေက မပျောက်ပျက်သွားပါဘူး။ ကျုပ်တို့တွေ အတူတူ ထမင်းစားခဲ့ကြတာမို့ တိုင်းပြည်အတွက် သေရတာ တန်ပါတယ်ဆိုတဲ့ စကားတွေကိုတော့ မပြောတော့ပါဘူး"
"ခင်ဗျားတို့က အုလုမျိုးနွယ်စုဆီမှာ ကျဆုံးသွားခဲ့ရပြီး ကျွန်တော်တစ်ယောက်တည်းပဲ အသက်ရှင်ခဲ့ပေမဲ့ ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေကတော့ ပြန်လာမှာပါ"
"ညီအစ်ကိုတို့ရေ၊ ဧကရာဇ်ဆီက ဆုလာဘ်တွေ ချပေးလိုက်ပါပြီ။ အရာရှိတိုင်း ရာထူးတစ်ဆင့် တိုးပေးတယ်၊ သာမန်လူတွေအတွက်ဆိုရင်လည်း ပိုးထည်တစ်လိပ်၊ ပိတ်စနှစ်လိပ်၊ ဆန်တစ်ပိဿာနဲ့ ပဲနက်တစ်ပိဿာစီ ရကြပါမယ်။ တာဝန်ရှိသူတွေရဲ့ သားသမီးတွေကိုလည်း အမွေဆက်ခံခွင့် ပေးထားတယ်... ဒီအကြောင်းတွေ ခင်ဗျားတို့ သိထားဖို့ပါပဲ"
သူပြောသော စကားများမှာ မင်အင်ပါယာ၏ သာမန်လျော်ကြေးထက်ပင် ပိုမိုနေသေးသည်။ထိုခေတ်အခါက အသက်ရှင်သန်မှု စံနှုန်းများအရ ထ်ုလျော်ကြေးမှာ အတော်လေး ကောင်းမွန်ပေသည်။
"ညီအစ်ကိုတို့ရေ..."
ကျောက်ပင်တိန့်ကတိုးတိုးလေး ရေရွတ်လိုက်သည်။
"ခင်ဗျားတို့က အသက်ကို ပဓာနမထားဘဲ နေခဲ့ကြတာဆိုတော့ ဟိုဘက်ရောက်ရင်လည်း ဘယ်သူ့ကိုမှ အနိုင်ကျင့်မခံရလောက်ပါဘူး။ ဟိုဘက်ရောက်လို့ အခက်အခဲရှိရင် အန်းချီဇုန်ကို ရှာလိုက်ပါ။ ဖျားနာရင်တော့ လက်ထောက်အုပ်ချုပ်ရေးမှူး ဝူကို ရှာလိုက်ပါ၊ သူက အရမ်းတော်တဲ့သမားတော်ပါ"
သူသည် သင်္ချိုင်းဂူများကြားတွင် စကားတွေ အများကြီး ပြောလိုက်မိသည်။
"မိသားစုအတွက် စိတ်ပူနေရင် ကျွန်တော့်ကို အိပ်မက်ထဲ လာပြောပါ၊ညီအစ်ကိုတို့ရဲ့သားမယားတွေကို ကျွန်တော် တတ်နိုင်သလောက် စောင့်ရှောက်ပေးပါ့မယ်။ ဒီလောက်ပါပဲဗျာ..."
ဘိုးဘေးများနှင့် ကျဆုံးသွားသော ရဲဘော်များအတွက် ပူဇော်ပြီးနောက် ကျောက်ပင်တိန့်သည် အိမ်သို့ ပြန်လာခဲ့သည်။
သရဲတစ္ဆေနေ့ဖြစ် သောကြောင့် ဖြစ်မည်၊။သူသည် စိတ်ဓာတ်ကျနေပြီး ခေါင်းကို ငိုက်စိုက်ချကာ လမ်းလျှောက်နေမိသည်။ လမ်းကွေ့တစ်ခုအရောက်တွင် လူတစ်ယောက်နှင့် ဝင်တိုက်မိလိုက်သည်။
"ဘယ်လို လျှောက်နေတာလဲ၊ ဘာလို့ ဝင်တိုက်ရတာလဲ... အော်၊ မင်းလား"
ကြည်လင်သော အသံကို ကြားလိုက်ရသဖြင့် ကျောက်ပင်တိန့်လည်း ရင်းနှီးသူတစ်ဦးနှင့် တိုက်မိမှန်း သိလိုက်သည်။ သူမမှာ အစိမ်းရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ် တစ်ဦး ဖြစ်သည်။
သူမ၏ မျက်နှာမှာ လုံးဝန်းပြီး မျက်လုံးများကလည်း ဝိုင်းစက်နေသည်။ သူမမှာ လက်ထောက်အုပ်ချုပ်ရေးမှူး ဝူကျိရှန်း၏ အိမ်တော်မှ အစေခံမလေး ချင်းချင်းဖြစ်သည်။
သူမ၏ ဘေးတွင်မူ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦး ရှိနေပြီး သူမှာ ဝူကျိရှန်း၏ ဇနီး သခင်မလေးရွန့်ဖြစ်သည်။
"အရာရှိကျောက်၊ ဒီနေရာမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး"
"အို၊ ဒါဆိုရင် အရာရှိကျောက်ပေါ့"
ယဉ်ကျေးသိမ်မွေ့သော သခင်မလေးရွန့်သည် ချင်းချင်း၏ မိတ်ဆက်ပေးမှုကြောင့် နှုတ်ဆက်လိုက်သည်။
"ကျွန်မတို့အိမ်ရှင်က ဆေးဘက်ဆိုင်ရာဌာနအကြောင်း ပြောလေ့ရှိပေမဲ့ အရာရှိနဲ့တော့ မတွေ့ဖူးခဲ့ပါဘူး"
ကျောက်ပင်တိန့်စကားမပြောရသေးခင်မှာပင် ချင်းချင်းက စကားတွေကို တစ်ရစပ် မေးလိုက်သည်။
"အရာရှိကျောက်၊ လူကြီးမင်းက ကျွန်မတို့သခင်နဲ့အတူအုလုမျိုးနွယ်စုဆီ သွားခဲ့တာ မဟုတ်လား။ ဘယ်တုန်းက ပြန်ရောက်တာလဲ"
"ကျွန်တော်... ကျွန်တော်..."
ကျောက်ပင်တိန့်စကားတွေ ထစ်နေမိသည်။
"မကြာခင်ကမှ ပြန်ရောက်တာပါ"
"ဒါဆိုရင် ကျွန်မတို့သခင်လေးရော ဘာလို့ ပြန်မရောက်သေးတာလဲ"
"လက်ထောက်အုပ်ချုပ်ရေးမှူးဝူ သူက... သူက..."
ကျောက်ပင်တိန့် စကားအစရှာမရဘဲ ဖြစ်နေသည်။
"လက်ထောက်အုပ်ချုပ်ရေးမှူးဝူကတော့... သူ အခုထိ ပြန်လာနိုင်ဦးမှာ မဟုတ်သေးဘူး"
"ပြန်မလာနိုင်ဘူးလား။ အဲဒီက ကိစ္စတွေ မပြီးသေးလို့လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါကြောင့်ပါ"
ကျောက်ပင်တိန့်အမြန်ဖြေလိုက်သည်။
"အုလုမျိုးနွယ်စုဆီက ကိစ္စတွေက မပြီးသေးတော့ သူ အဲဒီမှာပဲ ဆက်လုပ်နေရဦးမှာ"
သခင်မလေးရွန့်သည် အလွန်ပင် ဉာဏ်ကောင်းပြီး ထက်မြက်သူ ဖြစ်ရာကျောက်ပင်တိန့်၏ အမူအရာကို ကြည့်ပြီး သူလိမ်နေမှန်း ချက်ချင်းသိလိုက်သည်။
"အရာရှိကျောက်၊ ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတာလား"
"ကျွန်တော်..."
ကျောက်ပင်တိန့်သည် ဝူကျိရှန်းတို့အတွက် ငွေစက္ကူများကို မီးရှို့ပြီးကာမှ သူမတို့နှင့် တိုက်မိလိုက်ခြင်း ဖြစ်သည်။ သူ တကယ်ကို ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။
သူ၏ မျက်နှာကို ကြည့်ပြီး သခင်မလေးရွန့်၏ စိတ်ထဲတွင် ဆိုးရွားသော နိမိတ်တစ်ခု ပေါ်လာတော့သည်။
"အရာရှိကျောက်၊ ကျွန်မယောက်ျား တစ်ခုခု ဖြစ်သွားတာလား"
သူ၏ ထစ်ငေါ့နေသော အပြုအမူကြောင့် သခင်မလေးရွန့်မှာ ပို၍ပင် သံသယ ဝင်လာတော့သည်။ ချင်းချင်းပင်လျှင် ကျောက်ပင်တိန့်တစ်ခုခု ဖုံးကွယ်ထားမှန်း သိလိုက်သည်။ အမှန်တရားကို မကြာခင်မှာပင် မိသားစုက သိရှိသွားတော့မည် ဖြစ်သည်။ ကျောက်ပင်တိန့်လည်း နောက်ဆုံးတွင်သက်ပြင်းချရင်း ဝန်ခံလိုက်ရ တော့သည်။
"သခင်မလေးဝူ၊ လက်ထောက်အုပ်ချုပ်ရေးမှူးဝူတကယ်ပဲ တစ်ခုခု ဖြစ်ခဲ့ပါတယ်"
*********
`
အခန်း ၁၄၆ သတင်းဆိုး
ထိုစကားကို ကြားလိုက်ရသဖြင့် သခင်မလေးရွန့်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည်။
"ကျွန်မယောက်ျား... သူ... သူဘာဖြစ်သွားတာလဲ။ သူ... သူ ဘာမှမဖြစ်ဘူး မဟုတ်လား"
ကျောက်ပင်တိန့်သည် ချက်ချင်း ပြန်မဖြေဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။ သူသည် စကားလုံးများကို ရွေးချယ်ပြီး အတတ်နိုင်ဆုံး သိမ်မွေ့စွာ ပြောပြရန် ကြိုးစားသော်လည်း ပြောင်းလဲသွားခြင်းမရှိပေ။ နောက်ဆုံးတွင် သူသည် အားမလိုအားမရဖြင့်သာ ဆိုလိုက်ရတော့သည်။
"သခင်မလေးရွံ့၊ ဘာပဲကြားကြား ခင်ဗျား တည်ငြိမ်အောင် နေဖို့ လိုမယ်နော်"
ထိုစကားကို ကြားလိုက်ရသည့်အခါ သခင်မလေးရွန့်၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်လာသည်။ သူမသည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း အသံမှာမူ တုန်ရီနေပြီဖြစ်သည်။
"ကျွန်မယောက်ျားဆီမှာ ဘာတွေ ဖြစ်သွားတာလဲ ပြောပါ"
"လက်ထောက်အုပ်ချုပ်ရေးမှူးဝူက... တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်မလေးရွန့်မှာကြက်သေသေသွားပြီး ကျောက်ပင်တိန့်ကိုသာ တစိုက်မတ်မတ် ကြည့်နေတော့သည်။
"အရာရှိကျောက်ဘာပြောလိုက်တာလဲ။ ကျွန်မသခင် သေသွားပြီတဲ့လား။ မဖြစ်နိုင်ဘူး"
သခင်မလေးရွန့်မှာ တုန်လှုပ်ခြောက်ခြားပြီး အသံထွက်မလာနိုင် ဖြစ်နေချိန်တွင် ချင်းချင်းက ပို၍ပင် ဒေါသထွက်နေပုံရသည်။ သူမသည် ကျောက်ပင်တိန့်၏ စကားကို လုံးဝ မယုံကြည်ပေ။
"ကျွန်မသခင်လေးက စစ်တိုက်ထွက်သွားတာ မဟုတ်ဘူး၊ တိုင်းပြည်အတွက် ဘယ်လိုလုပ် အသက်ပေးရမှာလဲ"
သခင်မလေးရွန့်လည်း ရေနစ်သူ ဝါးကူသကဲ့သို့ ပြန်တုံ့ပြန်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မယောက်ျားက တာဝန်နဲ့ သွားတာလေ။ စစ်ပွဲလည်း မဟုတ်ဘဲ ဘယ်လိုလုပ် အသက်ပေးရမှာလဲ"
"အင်း... အဲဒီအုလုလူမျိုးတွေက ရက်စက်ကြမ်းကြုတ်ပြီး ခန့်မှန်းရခက်ပါတယ်"
ကျောက်ပင်တိန့်သည် ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြန်ပြောပြလိုက်ရသည်။
"သံတမန်အဖွဲ့ဝင် ၃၀ ကျော်ထဲက ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပြီး ကျန်တဲ့သူတွေအားလုံး... အားလုံး ဆုံးပါးသွားကြပါပြီ"
"အစိုးရရုံးကနေ လက်ထောက်အုပ်ချုပ်ရေးမှူးဝူအတွက် ချီးမြှင့်တဲ့ ဂုဏ်ပြုလွှာ ရောက်နေပါပြီ။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဆို သခင်မလေး လက်ခံရရှိပါလိမ့်မယ်... သခင်မလေး... သခင်မလေး... ဘာဖြစ်တာလဲ"
ကျောက်ပင်တိန့်၏ အော်ခေါ်သံကြားတွင် စိတ်လှုပ်ရှားလွန်း၍ သခင်မလေးရွန့်မှာ မေ့လဲသွားတော့သည်။ ချင်းချင်းကလည်း အလန့်တကြား အော်ဟစ်ကာ သူမ၏ ရင်ဘတ်ကို ပွတ်သပ်ပြီး အသက်ရှူလမ်းကြောင်း ကောင်း စေရန်ပြုစုပေးလိုက်သည်။
"သခင်မလေး၊ သခင်မလေး... မြန်မြန် သမားတော် သွားပင့်ကြပါဦး"
သခင်မလေးရွန့် သတိပြန်လည်လာချိန်တွင် ချင်းချင်းက ဆေးခွက်ကို ကိုင်ရင်း ငိုကြွေးနေသည်။ သခင်မလေးရွန့်မှာလည်း အချိန်အတော်ကြာမှ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသွားသည်။
"ချင်းချင်း... ချင်းချင်း... အဲဒီအရာရှိကျောက် ပြောတဲ့စကားတွေက... မဟုတ်ရပါဘူးနော်"
သူမသည် ထိုစကားများမှာ လိမ်ညာမှုသာ ဖြစ်စေချင်သည်။ ဝူကျိရှန်းက စစ်သည်တော်တစ်ယောက်လည်း မဟုတ်ဘဲ ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်ပါ့မလဲ။
သို့သော် သူမ မယုံကြည်နိုင်သော်လည်း လက်တွေ့ဖြစ်လာတော့သည်။ ချင်းချင်းလည်း ထိုနည်းတူပင် ဖြစ်သည်။
သို့သော် ထိုက်ယွမ်မြို့တော်ရုံးမှ တရားဝင်စာရွက်စာတမ်းများ ရောက်ရှိလာသည့်အခါတွင်မူ သူမတို့ မယုံကြည်၍ မရတော့ပေ။
ချင်းချင်းက သခင်မလေးရွန့်ထံသို့ ထိုတရားဝင်စာရွက်ကို တိတ်ဆိတ်စွာ ပေးအပ်လိုက်သည်။
"...ထိုက်ယွမ်ဆေးဘက်ဆိုင်ရာဌာနမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဝူကျိရှန်းသည် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း နိုင်ငံရပ်ခြားတွင် ကွယ်လွန်သွားပါသည်။ သူ၏ သစ္စာရှိမှုကို ဂုဏ်ပြုသောအားဖြင့် ၎င်းအား ပဉ္စမအဆင့်ရှိ အရာရှိအဖြစ် ဂုဏ်ပြုချီးမြှင့်ပြီး ပိုးထည်တစ်လိပ်၊ အဝတ်စနှစ်လိပ်နှင့် ဆန် အနှစ် ၂၀ ကို ပေးအပ်သည်..."
တရားဝင် တံဆိပ်တုံးပါသော စာရွက်ကို မြင်လိုက်ရသည့်အခါ သခင်မလေးရွန့်၏ လက်များ တုန်ယင်လာပြီး မျက်ရည်များမှာလည်း ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။ယင်းမှာနောက်ဆုံး သက်သေပင် ဖြစ်သည်။ မျှော်လင့်ချက်ဟူသမျှမှာလည်း လုံးဝ ကုန်ဆုံးသွားပြီဖြစ်သည်။
သခင်မလေးရွန့်မှာ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရပြီး အသံကုန် အော်ဟစ် ငိုကြွေးလိုက်သည်။ ငိုပြီးသော်လည်း ငိုရလွန်း၍ အားပြတ်သွားကာ တိတ်ဆိတ်စွာပင် မျက်ရည်များ စီးကျနေတော့သည်။
"အရှင်က ကျွန်မတို့ကို ထားသွားပြီ"
ချင်းချင်းက ငိုကြွေးနေသော သခင်မလေးကို ကြည့်ရင်း အားတင်းလိုက်သည်။
"သခင်မလေး၊ ငိုမနေပါနဲ့တော့၊ သခင် လေးရဲ့ဈာပနကို စီစဉ်ရဦးမှာပါ"
သခင်လေး ဝူကျိရှန်းမှာ ဝေးလံသော မြက်ခင်းပြင်တွင် ကျဆုံးသွားသဖြင့် အလောင်းပင် ပြန်မရနိုင်သော်လည်း ဈာပနကိုတော့ ခမ်းနားစွာ ကျင်းပပေးရမည် ဖြစ်သည်။
"ကျွန်မ စဉ်းစားပြီးပြီ၊ သခင်လေးရဲ့ ဈာပနကို အိမ်မှာပဲ ကျင်းပမယ်။ အဘိုးတင်ကိုတော့ အခုထိ မပြောပြရသေးဘူး၊ သူ ဒီသတင်းကို ကြားရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
သခင်မလေးရွန့်မှာ စိတ်ရှုပ်ထွေးနေသဖြင့် ခေါင်းကိုသာ တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
"ငါ့စိတ်တွေ လုံးဝ ရှုပ်ထွေးနေပြီ၊ နင်ပဲ စီစဉ်ပေးပါကွယ်။ ဘယ်လောက်ပဲ ကုန်ပါစေ၊ အရှင့်ကို ဂုဏ်ကျက်သရေရှိရှိနဲ့ ပို့ဆောင်ပေးရမယ်"
အိမ်ထောင်ဦးစီး မရှိတော့သည့်နောက်တွင် အမျိုးသမီးနှစ်ဦးတည်း ကျန်ရစ်ခြင်းမှာ မဖြစ်သင့်ပေ။ ရွန့်ကလည်း သူမ၏ မိဘများထံ စာရေးပြီး အကူအညီ တောင်းရန် စီစဉ်လိုက်သည်။ ထိုအချိန်တွင် ချင်းချင်းသည် ဟိုးအရင်က ကျိုးပန်းရှန်း၏ ဟောကိန်းကို ပြန်သတိရသွားသည်။
မြင်းဖြူနဲ့ ရွှေမျောက်၊ လင်မယား မဆုံးခန်းတိုင်တဲ့။
သူတို့ လက်မထပ်ခင်ကတည်းက ဟောကိန်းမှာ သူတို့နှစ်ဦး လက်မထပ်သင့်ကြောင်း၊ လက်ထပ်ပါက တစ်ဦးဦးမှာ အသက်ဆုံးရှုံးရလိမ့်မည်ဟု ဟောခဲ့ဖူးသည်။ ထိုအချိန်က သူမသည် ထိုစကားကို ဟာသတစ်ခုဟု ထင်ခဲ့မိသည်။ သူမသာ ငွေပေးပြီး ဟောကိန်းကို ပြင်ခိုင်းမထားခဲ့လျှင် ဒီကနေ့လို ဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ ဤသည်မှာ ကံကြမ္မာ၏ စီမံမှုပဲလား။
သခင်မလေးရွန့်က စာရေးပြီးသည်နှင့် ချင်းချင်းကို ပေးလိုက်သည်။ ချင်းချင်းလည်း စာကို ယူကာ အပြင်သို့ ထွက်သွားစဉ် တံခါးခုံကို စိတ်လွင့်ပြီးဝင်တိုက်မိသွားသည်။ သူမကိုယ်လုံးမှာ ယိုင်သွားပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
"ချင်းချင်း၊ ချင်းချင်း... ဘာဖြစ်တာလဲ"
သခင်မလေးရွန့် အလန့်တကြား အော်ဟစ်လိုက်သည်။ ချင်းချင်းမှာ အပြင်ပန်းတွင် သန်မာသယောင် ရှိသော်လည်း အတွင်းစိတ်တွင်မူ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုအချိန်အထိ သည်းခံထားနိုင်ခြင်းမှာပင် အံ့ဩစရာ ကောင်းနေပြီး နောက်ဆုံးတွင် သူမလည်း မေ့လဲသွားတော့သည်။