အခန်း (၁၄၇-၁၄၈)
Vol. 14 Ch. 147-148
အခန်း ၁၄၇ နတ်ဆရာဖြစ်သွားရခြင်း
ခြေသလုံးအိမ်တိုင် လူမျိုးစုများ၏ ရွှေ့ပြောင်းသွားလာမှုနှင့် စိုက်ပျိုးရေး လုပ်ကိုင်သည့် မြေပြန့်ဒေသမှ လူတို့၏လှုပ်ရှားမှုတို့မှာ လုံးဝ ကွဲပြားခြားနား ကြသည်။
အုလုမျိုးနွယ်စုဝင်တဲ နှစ်ထောင်ကျော်၊ လူဦးရေ တစ်သောင်းကျော်တို့သည် လှည်းများ၊ ဝန်ထုပ်ဝန်ပိုးများဖြင့် နွား၊ သိုးအုပ်များကို မောင်းနှင်ကာ သွားလာနေကြခြင်းမှာ ကြည့်ရှုရသူတို့အတွက် အလွန်ပင် ခမ်းနားထည်ဝါလှသည်။
ဤသည်မှာ ခရီးသွားရုံသက်သက် မဟုတ်ဘဲ တစ်လမ်းတစ်လျှောက်လုံးတွင် နွားသိုးများကို ကျောင်းရမည် ဖြစ်သဖြင့် တစ်ရက်လျှင် လီ အနည်းငယ်မျှသာ ခရီးပေါက်လေ၏။
အင်အားကြီးမားလှသော လူစုကြီးမှာ မြစ်ဝါမြစ်ကို ဖြတ်ကျော်ချိန်တွင် သြဂုတ်လဆန်း ပထမဆုံးနေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနေရာမှာ ရှေးခေတ် ချင်၊ ဟန်မင်းဆက်တို့၏ မြေပြန့်ဒေသနှင့် ရှုံနူလူမျိုးတို့ကြားရှိ နယ်မြေပိုင်းခြားမျဉ်း ဖြစ်ကာ ရှေးဟောင်းတံတိုင်း အပျက်အစီးများနှင့် မီးတိုင်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။ အနည်းငယ်မျှ ဆက်သွားလိုက်ပါက မင်အင်ပါယာ၏ နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
"အုလုဘုရင်ငယ်ရဲ့ ရောဂါက အပူကပ်တဲ့ ရောဂါအသေးစားလေးပါပဲ။ စိုးရိမ်စရာ မလိုပါဘူး၊ ဆေးသောက်ဖို့လည်း မလိုပါဘူး"
ခရီးရှည်သွားလာရခြင်းကြောင့် အသက်သုံးနှစ်မပြည့်သေးသောအုလုဘုရင်ငယ်မှာ မျက်ဝတ်များ ထွက်ခြင်း၊ ခံတွင်းနာခြင်းစသည့် ရောဂါလက္ခဏာအနည်းငယ် ပြလာသည်။ ဤသည်မှာ ကလေးငယ်များတွင် အဖြစ်များသော အပူကပ်ခြင်းသာ ဖြစ်သော်လည်း တာရာဝမ်ကျိအာမှာမူ အလွန်ပင် စိုးရိမ်နေလေ၏။
"ဆေးဆိုတာ အဆိပ်နဲ့ အတူတူပါပဲ။ ကလေးငယ်တွေ ရောဂါဖြစ်ရင် သိပ်မပြင်းထန်ရင် ဆေးမသောက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော် ပြင်ပလိမ်းဆေးလေးပဲ လုပ်ပေးပါ့မယ်"
ဝူကျိရှန်းက ဟွမ်လျန်၊ နွားဆီးသန့်နှင့် ကသစ်တို့ဖြင့် ရောစပ်ထားသော လိမ်းဆေးကို ညွှန်းပေးလိုက်သည်။ ဤဆေးနည်းမှာ နတ်သမားတော်စွန်း၏ ဆေးကျမ်းမှ ဖြစ်သဖြင့် ထိရောက်မှုမှာ အထူးပြောစရာ မလိုပေ။
သို့သော် ဆေးပါဝင်ပစ္စည်းများမှာ ဈေးကြီးလှသဖြင့် သာမန်လူများ မတတ်နိုင်သော ဆေးဖြစ်သည်။ ကံကောင်းစွာဖြင့် အုလုဘုရင်ငယ်၏ အဆင့်အတန်းမြင့်မားမှုနှင့် အုလုမျိုးနွယ်စုတွင် ထိုဆေးဖက်ဝင်ပစ္စည်းများ ပေါများမှုကြောင့် အဆင်ပြေနေသည်။
သို့သော် မယ်တော်ကြီးတာရာဝမ်ကျိအာကမူ စိတ်မချနိုင်သေးပေ။
"အဲဒါ လိမ်းရုံနဲ့ ရမှာလား။ ဝံပုလွေ အမွေးတွေ မီးရှို့ပြီး နွားသွေးတွေ လိမ်းပေးရမလား"
ခြေသလုံးအိမ်တိုင် လူမျိုးစုများတွင် ဝံပုလွေကို ဝိညာဉ်ရေးရာ စွမ်းအင်တစ်ခုကဲ့သို့ အထွတ်အမြတ်ထားကြသည်။ ထို့ကြောင့် နတ်ဆရာများက လူနာများကို ကုသရာတွင် ဝံပုလွေအမွေး မီးရှို့ခြင်း၊ နွားသွေးလိမ်းခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ဤသည်မှာ ယုံကြည်မှုသက်သက်သာ ဖြစ်သော်လည်း လူမျိုးစုဝင်များက အလွန်ပင် ယုံကြည်ကြသည်။ ဝူကျိရှန်းလည်း စိတ်ရှုပ်ခံမနေတော့ဘဲ သဘောတူလိုက်ရသည်။
"ဝံပုလွေအမွေး မီးရှို့ချင်ရင်လည်း ရှို့ပါ၊ နွားသွေး လိမ်းချင်ရင်လည်း လိမ်းပါ..."
"ကျွန်မ လုပ်တာ ဘာထူးမှာလဲ၊ သခင် လေးဝူပဲ လုပ်ပေးရမှာပေါ့"
တာရာဝမ်ကျိအာက ဝံပုလွေအမွေးနှင့် နွားသွေးကို ဝူကျိရှန်းလက်ထဲသို့ လေးလေးနက်နက် ထည့်ပေးလိုက်သည်။
ထိုအချိန်တွင် ဝူကျိရှန်းမှာ အမှတ်မထင်ပင် နတ်ဆရာတစ်ဦး ဖြစ်လာတော့သည်။ ရှေးဟောင်း ခြေသလုံးအိမ်တိုင် လူမျိုးစုများတွင် နတ်ဆရာမှာ ဝိညာဉ်များနှင့် ဆက်သွယ်သူ၊ အနာဂတ်ကို ဟောကိန်းထုတ်သူ ဖြစ်ရုံသာမက လူနာများကို ကုသပေးသည့် သမားတော် လည်း ဖြစ်သည်။
အမှန်စင်စစ် နတ်ဆရာတို့မှာ နက်နဲသော အခမ်းအနားများ ပြုလုပ်တတ်သော်လည်း ဆေးပညာကို လက်တွေ့ ကျင့်သုံးသူများ ဖြစ်ကြသည်။ ဝူကျိရှန်းတို့ အဖွဲ့မှာအုလုမျိုးနွယ်စုများ နေထိုင်ရာမှ ထွက်လာပြီးနောက် အဖျားအနာ ဖြစ်သူများ ရှိလာခဲ့သည်။ မူလ နတ်ဆရာမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ဝူကျိရှန်းမှာ အလိုလိုပင် မျိုးနွယ်စု၏ နတ်ဆရာ ဖြစ်လာတော့သည်။
အုလုလူမျိုးတို့က သူ့ကို သမားတော်ဝူ" ဟု မခေါ်ဘဲ ဟန်နတ်ဆရာဟုသာ ခေါ်ကြသည်။ ဆေးပညာဘွဲ့ရ ဝူကျိရှန်းမှာ တိရစ္ဆာန်ဆေးကုဆရာဝန်သာမက နတ်ဆရာပါ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။
နေဝင်ချိန်တွင် နွားချိုမှုတ်သံ ပေါ်လာပြီး လူစုကြီးမှာ မြစ်ကမ်းနားတွင် တဲထိုးကာ နားနေကြသည်။ အမျိုးသားများက နွား၊ သိုးကျောင်း၍ အမျိုးသမီးများက တဲထိုးခြင်း၊ ညစာချက်ပြုတ်ခြင်းများ ပြုလုပ်ကြသည်။ ထိုအချိန်တွင်ဝမ်ကျန့်စွန်းသည်မြင်းစီး၍ အမြန် ရောက်လာ၏။
"ကျွန်တော်တို့ ကင်းထောက်တွေ ရှန်ရှန်းတောင်ကို ကျော်သွားပြီး မင်နယ်စပ်မြို့လေးကို တွေ့ခဲ့ပါပြီ"
ဤသည်မှာနယ်စပ်ဒေသသို့ ရောက်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူဦးရေ များပြားစွာဖြင့် ဝင်ရောက်လာခြင်းကိုအထင်အမြင် လွဲမှားနိုင်သဖြင့် မင်စစ်တပ်နှင့် ကြိုတင် ဆက်သွယ်ရန် လိုအပ်ပေသည်။
"အခြေအနေကောင်းရင် နောက်နှစ်ရက်နေရင် မင်နယ်မြေထဲ ဝင်နိုင်ပါပြီ။ လက်ထောက်အုပ်ချုပ်ရေးမှူးဝူ၊ အရင်ဆုံး ရှေ့ကနေ သွားမလား"
အဖွဲ့ထဲတွင် မင်အစိုးရ၏ အရာရှိတစ်ဦး ဖြစ်သူ ဝူကျိရှန်းသာလျှင် အရာရှိများနှင့် စကားပြောဆိုရန် သင့်တော် ပေသည်။
"ကောင်းပြီ၊ မနက်ဖြန် မနက်ကျရင် နယ်စပ်တပ်နဲ့ သွားရောက် ဆွေးနွေးဖို့ လူအနည်းငယ်ကို ကျွန်တော်နဲ့အတူ ခေါ်သွားမယ်"
*********
`
အခန်း ၁၄၈ စစ်မီးများ စုဝေးလာခြင်း
သြဂုတ်လအစပိုင်းသာ ရှိသေးသော်လည်း ဆောင်းဦးရာသီ၏ ကြည်လင်အေးမြမှုကိုခံစားနေရပြီ ဖြစ်၏။ ကောင်းကင်ယံတွင် ဖြူဖွေးသော တိမ်တိုက်များမှာ သိုးမွှေးအစုအဝေးကြီးများကဲ့သို့ ကျယ်ပြန့်စွာ ဖြန့်ကျက်နေလေသည်။
ကျင်းမင်းသားသည် နွေရာသီတစ်လျှောက်လုံးတွင် ယွမ်းကျိုး၌သာ နေခဲ့သည်။ ၎င်းသည်ထိုက်ယွမ်ထက် ပိုမိုအေးသည့်အပြင်အုပ်ချုပ်ရေးဗဟိုချက်မ ဖြစ်နေ၍ပင်။
ထိုက်ယွမ်သည် ပြည်နယ်မြို့တော် ဖြစ်သော်လည်း အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုချက်သာ ဖြစ်၏။ ယွမ်းကျိုးမှာ စစ်ရေးဆိုင်ရာ ကွပ်ကဲမှုဗဟိုချက် ဖြစ်သဖြင့် ကျင်းမင်းသားသည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်လခန့်ကို ထိုနေရာတွင်သာ ကုန်ဆုံးလေ့ရှိသည်။
ယခုနှစ်တွင် ကျင်းမင်းသားသည် ထိုက်ယွမ်သို့ ရောက်ရှိလာခြင်း မရှိသလောက်ပင်။ အကြောင်းရင်းမှာ မြောက်ပိုင်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေရ၍ ဖြစ်၏။
ယွမ်းကျိုးမှာ မြက်ခင်းပြင်ကြီးများနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် မင်အင်ပါယာ၏ မြောက်ပိုင်းကာကွယ်ရေးလမ်းကြောင်းတွင် အရေးအပါဆုံး ခံတပ်တစ်ခု ဖြစ်နေသည်။
နန်းတော်မှ မြောက်ပိုင်းစစ်ဆင်ရေးကို နွေဦးတွင် စတင်ရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် ဆောင်းဦးသို့ ရွှေ့ဆိုင်းလိုက်ရသဖြင့် ကျင်းမင်းသားမှာ စစ်ဆင်ရေးအတွက် ပြင်ဆင်ရင်း ယွမ်းကျိုး၌သာ ဆက်လက်ရှိနေခြင်း ဖြစ်၏။
"ယွမ်းကျိုးက ရာသီဥတုက တကယ်ကို ကောင်းတာပဲ"
ကျင်းမင်းသားသည် ဘေးတွင်ရှိနေသော ဝမ်ကျုံးယွန်းကို တစ်ချက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"အဓိက ဗိုလ်ချုပ်ကြီး လန်ယွီက ဘယ်တော့လောက် ရောက်လာမှာလဲ"
ကျင်းမင်းသား၏ အယုံကြည်ရဆုံးလူ ဖြစ်သော ဝမ်ကျုံးယွန်းသည် ကျင်းမင်းသားနှင့် ဗိုလ်ချုပ်ကြီး လန်ယွီတို့၏ ဆက်ဆံရေးမှာ သဟဇာတမဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
သူက အနည်းငယ် ပြုံးကာ ပြောလိုက်၏။
"ဗိုလ်ချုပ်ကြီး လန်ယွီက ရွေးချယ်ခံ တိုက်ခိုက်ရေးတပ်သား လေးသောင်းလောက်ကို ဦးဆောင်လာတာပါ။ အရန်တပ်ဖွဲ့တွေ၊ လိုက်ပါလာတဲ့ အရပ်သားတွေနဲ့ ရိက္ခာတွေပါ ပေါင်းလိုက်ရင် လူဦးရေ ခုနစ်သောင်း၊ ရှစ်သောင်းလောက် ရှိမယ်။ ဒီကိုရောက်ဖို့ အနည်းဆုံး လေးရက်လောက်တော့ ကြာဦးမှာပါ။ တကယ်လို့ မိုးရွာရင်တော့ ငါးရက်အတွင်း ရောက်ဖို့တောင် မသေချာဘူး"
နန်းတော်၏ မဟာဗျူဟာအရ ဗိုလ်ချုပ်ကြီး လန်ယွီ၏ တပ်မှာ လွန်ခဲ့သည့် လေးရက်ကတည်းက ယွမ်ကျန်းသို့ ရောက်ရှိပြီး ဖြစ်ရမည်။ ထို့နောက် ယွမ်ကျန်းကို ဗဟိုတပ်ဖွဲ့၏ ရှေ့တန်းစခန်းအဖြစ် အသုံးပြုကာ မြောက်ပိုင်းစစ်ဆင်ရေးကို စတင်ရမည် ဖြစ်၏။
သို့သော် ဗိုလ်ချုပ်ကြီး လန်ယွီ၏ ရွေ့လျားမှုမှာ မျှော်လင့်ထားသည်ထက် နှေးကွေးနေသည်။ တပ်သား သောင်းနှင့်ချီ ရှိနေသဖြင့် လမ်းတစ်လျှောက်ရှိ ခရိုင်မြို့များကို ဖြတ်သန်းရခြင်း၊ ရိက္ခာစုဆောင်းခြင်းနှင့် အရပ်သားများကို စုစည်းခြင်းတို့အတွက် ရက်အနည်းငယ် နှောင့်နှေးမှုမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စပင်။
"ဗိုလ်ချုပ်ကြီး လန်ယွီက သတ်မှတ်ရက်ကို ကျော်လွန်နေပြီ။ သူက သိပ်ပြီးတော့လည်း ထူးချွန်တဲ့ပုံ မပေါက်ဘူး၊ စစ်ပွဲမှာ အရေးအကြီးဆုံး ဖြစ်တဲ့ အမြန်နှုန်းဆိုတဲ့ နိယာမကိုတောင် နားမလည်ပုံပဲ"
ဝမ်ကျုံးယွန်း၏ စကားအပေါ် ကျင်းမင်းသားက ရယ်မောလိုက်ပြီး ငြိမ်သက်စွာ ပြောဆိုလိုက်သည်။
"ဗိုလ်ချုပ်ကြီး လန်ယွီဆိုတာ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းလာတဲ့ ဝါရင့်ဗိုလ်ချုပ်ကြီးပဲ၊ သူက စစ်ပွဲမှာ အမြန်နှုန်းက အရေးကြီးတယ်ဆိုတာကို ဘယ်လိုလုပ် မသိဘဲ နေမလဲ။ တမင်သက်သက်ပဲ နှောင့်နှေးနေတာ ဖြစ်နိုင်တယ်"
ဗိုလ်ချုပ်ကြီး လန်ယွီနှင့် ကျင်းမင်းသားတို့ အဆင်မပြေကြသည်မှာ ကြာပြီ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး လန်ယွီမှာ အိမ်ရှေ့စံမင်းသားကိုထောက်ခံသူ တစ်ဦးလည်း ဖြစ်၏။
ယခုတစ်ကြိမ်တွင် သူက ဗဟိုတပ်ဖွဲ့ကို ကွပ်ကဲရမည်ဖြစ်ပြီး ကျင်းမင်းသားက ထောက်ပံ့ပေးရမည် ဖြစ်သော်လည်း အချိန်မီ မရောက်ရှိလာခြင်းမှာ အခြားသော အကြောင်းရင်းများ ရှိနေနိုင်ပေသည်။
ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦး ရောက်ရှိလာပြီး ကျင်းမင်းသား၏ အနားကပ်ကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။
ကျင်းမင်းသား၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
"ဒီလိုမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ။ မြန်မြန်တပ်တွေကို စုစည်းပြီး စစ်အတွက် ပြင်ဆင်ကြစမ်း"
စစ်ပွဲအတွက် ပြင်ဆင်ရမည်လော။
စစ်တပ်၏ အဓိကကွပ်ကဲရေးမှူး ဖြစ်သော ဗိုလ်ချုပ်ကြီး လန်ယွီပင် ရောက်မလာသေးချိန်တွင် မည်သူနှင့် စစ်တိုက်ရမည်နည်း။ ထို့အပြင် တိုက်ပွဲဝင်မည်ဆိုလျှင်လည်း ရန်သူမှာ မည်သည့်နေရာတွင် ရှိနေသနည်း။
လွန်ခဲ့သည့် ရက်အနည်းငယ်ကမူ ရန်သူ၏ လှုပ်ရှားမှု သတင်းတစ်စုံတစ်ရာ မကြားရဘဲ တည်ငြိမ်နေခဲ့သည်။
ကျင်းမင်းသားသည် မြောက်ပိုင်းနယ်စပ်၏ ထိပ်သီးသုံးဦးတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး စစ်ရေးအတွေ့အကြုံ အလွန်ရင့်ကျက်သူ ဖြစ်သည်။ သူ၏ အမိန့်ပေးချက်များမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
"ငါ့ရဲ့ အမိန့်ကို ယူသွားပြီး ယွမ်းကျန်းတပ်စခန်းက ချန်ဟူချိန်နှင့် ရွှမ်းကျန့်တပ်စခန်းက ဝူမိုချင်းတို့ကို အကူအညီပေးဖို့ ဆင့်ခေါ်လိုက်"
"ရန်သူ့အခြေအနေက အရေးကြီးနေပြီ၊ နှောင့်နှေးရင် စစ်ဥပဒေအတိုင်း အရေးယူမယ်"
ဝမ်ကျုံးယွန်းမှာ အမှန်တကယ် ဘာဖြစ်နေမှန်း မသိသော်လည်း စစ်ရေးဆိုင်ရာ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်နေကြောင်း နားလည်လိုက်သဖြင့် ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
သူသည် ကျင်ူမင်းသား၏ အနီးကပ်လူယုံ ဖြစ်သည့်အတိုင်း မင်းသား၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိသည်။ မသိသင့်သည့် ကိစ္စများကို မမေးမြန်းခြင်းမှာ အကောင်းဆုံးဖြစ်ပြီး သိသင့်သည့် ကိစ္စများကို မင်းသားကိုယ်တိုင်က ပြောပြလိမ့်မည် ဖြစ်၏။
ကျင်းမင်းသားကလည်း ချက်ချင်းပင် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
"မြောက်ဘက်က ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ တပ်ဖွဲ့ဝင် သောင်းနှင့်ချီပြီး တောင်ဘက်ကို ချီတက်လာနေတယ်။ သူတို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေက ရှောင်ဟွမ်းမြစ်ကို ဖြတ်ကျော်ပြီး တောင်ဘက်ကို ဆက်လက်ချီတက်နေပြီ"
မွန်ဂိုစစ်တပ်မှ တပ်သား သောင်းနှင့်ချီ၍ ရှောင်ဟွမ်းမြစ်ကို ဖြတ်ကျော်ပြီးပြီ။အလွန်မြန်ဆန်လှပေသည်။
နန်းတော်၏ မြောက်ပိုင်းစစ်ဆင်ရေးကဲ့သို့သော ကြီးမားသည့် ကိစ္စမျိုးကို လုံးဝလျှို့ဝှက်ထားရန် မဖြစ်နိုင် သောကြောင့်မွန်ဂိုတို့ သတိပြုမိလိမ့်မည် ဖြစ်သော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုသတင်းမှာ ယုံကြည်စိတ်ချရပါမလား။
"ယုံကြည်စိတ်ချရမှာပါ"
ကျင်းမင်းသားသည် စိတ်မရှည်တတ်သူ ဖြစ်သော်လည်း ဝမ်ကျုံးယွန်းကဲ့သို့ လူယုံများကိုမူသည်းခံကာ ရှင်းပြပေးလေ့ရှိသည်။
"ချီရှန်းကနေ ကွမ်းရှန်းအထိ နယ်စပ်မြို့လေးမြို့မှာ မွန်ဂိုမြင်းတပ်တွေကို တွေ့ရှိထားတယ်"
မြက်ခင်းပြင်တွင် နယ်လှည့် ကင်းထောက်များစွာ ရှိသော်လည်း ပုံမှန်အားဖြင့် ဤမျှ အထိဝင်ရောက်လာလေ့ မရှိပေ။ ထို့အပြင် နယ်စပ်မြို့လေးမြို့တွင် တစ်ပြိုင်နက်တည်း ရန်သူ့ရှေ့ပြေးတပ်များကို တွေ့ရှိရခြင်းမှာ ရန်သူတို့ အင်အားကြီးမားစွာဖြင့် တောင်ဘက်သို့ ကျူးကျော်လာခြင်းကို ပြသနေသည်။
ယွမ်ကျိုးကို ဗဟိုပြုသည့် ရှန်ရှီးပြည်နယ် စစ်ရေးကွပ်ကဲမှုဌာနမှာ ရှန်ရှီးစစ်ဒေသအဖြစ် လုပ်ဆောင်နေပြီး ကျင်းမင်းသား၏ ကိုယ်ပိုင်နယ်မြေလည်း ဖြစ်သည်။
မည်သည့်ရန်သူကိုမဆို တက်ကြွစွာ ခုခံတိုက်ခိုက်ရမည်မှာ မေးခွန်းထုတ်စရာ မရှိပေ။ အထူးသဖြင့် လက်ရှိအခြေအနေတွင် စစ်ပွဲတစ်ခု ဖြစ်ပွားခြင်းမှာ ကျင်းမင်းသားအတွက် အလွန်ပင် အကျိုးရှိစေသည်။
အကယ်၍ ကျူးကျော်လာသည့် ရန်သူတပ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါက ၎င်းမှာ ကျင်းမင်းသား၏ ဂုဏ်ထူး ဆောင်မှုဖြစ်လာလိမ့်မည်။ အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်လည်း အပြစ်ကို ဗိုလ်ချုပ်ကြီး လန်ယွီထံသို့ ပုံချနိုင်ပေသည်။
ထိုအခါ "ဗိုလ်ချုပ်ကြီး လန်ယွီရေ၊ ခင်ဗျား နောက်ကျနေခဲ့တယ်၊ ခင်ဗျားရဲ့ တပ်သားသောင်းချီက အချိန်မီ မရောက်လာခဲ့လို့ ငါ တစ်ယောက်တည်း တိုက်ခိုက်ရတာ၊ ရှုံးနိမ့်သွားရင် တာဝန်က ဗိုလ်ချုပ်ကြီး လန်ယွီ ခင်ဗျားမှာပဲ ရှိတယ်" ဟု ပြောနိုင်ပေသည်။
ထိုစစ်ပွဲတွင် အနိုင်၊ အရှုံး မည်သို့ပင် ဖြစ်ပါစေ ကျင်းမင်းသားအတွက်မူ အကျိုးအမြတ်သာ ရှိပြီး အရှုံးမရှိပေ။
"ဗိုလ်ချုပ်ကြီး လန်ယွီ၊ ဒါက ခင်ဗျားရဲ့ စွမ်းဆောင်မှုကို ငါ လုယူတာ မဟုတ်ဘူး၊ မွန်ဂိုတွေက ကျူးကျော်လာတာလေ၊ ငါ မခုခံဘဲ နေနိုင်ပါ့မလား"
အနိုင်ရခြင်းမှာ အကောင်းဆုံး ဖြစ်သော်လည်း ရှုံးနိမ့်ခြင်းမှာလည်း ကြီးမားသည့် ကိစ္စမဟုတ်ပေ။ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုမှာ အရေးမကြီးတော့ဘဲ အရေးကြီးသည်မှာ အချိန်သာ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး လန်ယွီ မရောက်ရှိမီ စစ်ပွဲတစ်ခုကို တိုက်ခိုက်ရမည် ဖြစ်သည်။
ကျင်းမင်းသား၏ လိမ္မာပါးနပ်ပြီး ရက်စက်သော သဘောသဘာဝကို ကျူးယွမ်ကျန်းက အလွန်မုန်းတီးသော်လည်း သူ့၏ စစ်ရေးစွမ်းရည်ကိုမူ အသိအမှတ်ပြုရပေမည်။ အထူးသဖြင့် စစ်တပ်ကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မှာ လူငယ်မျိုးဆက်တွင် အကောင်းဆုံးပင်။
မြောက်ပိုင်း ကျင်းဒေသ၏ တပ်ဖွဲ့များမှာ နာမည်အရ နန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း တကယ်တမ်းတွင် ကျင်းမင်းသား၏ သစ္စာခံများစွာမှာ နေရာယူထားနှင့်ပြီး ဖြစ်သည်။
တောင်ဘက်ရှိ ထိုင်ဟန်တောင်တန်းမှ အနောက်ဘက်ရှိ မြစ်ဝါမြစ်အထိ မြောက်ပိုင်းကျင်း၏ မြေပြင်မှာ ကျင်းမင်းသား၏ တကယ့် ထိန်းချုပ်မှုအောက်တွင်သာ ရှိ၏။
ထ်ိုအခြေအနေ၏ အားသာချက်မှာ တပ်ဖွဲ့များ၏ ရွေ့လျားမှုကို မိမိလက်မောင်းကဲ့သို့ လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပြီး အတားအဆီး မရှိခြင်းပင်။ အားနည်းချက်မှာမူ စစ်ဘုရင်တဖြည်းဖြည်း ဖြစ်လာနိုင်ခြင်း ဖြစ်၏။
ကံကောင်းသည်မှာ ကျူးယွမ်ကျန်းသည် စစ်ပွဲများစွာကို ဖြတ်သန်းလာသည့် ဘုရင် ဖြစ်နေခြင်းပင်။ သူ၏ ဂုဏ်သတင်းနှင့် နိုင်ငံရေးအရ အမြင်ကျယ်မှုမှာ ကျင်းမင်းသားကဲ့သို့အင်အားကြီးသူများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။
ထို့အပြင် အိမ်ရှေ့စံ ကျူးပြန်မှာလည်း လူအများ လေးစားရသည့် အရိုက်အရာဆက်ခံသူ ဖြစ်သဖြင့် ကျူးယွမ်ကျန်း မရှိလျှင်ပင် ကျင်းမင်းသားသည် စည်းကျော်ရန် မဝံ့ရဲပေ။
ယေဘုယျအားဖြင့် ဟုန်ဝူခေတ်၏ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေမှာ အတော်အတန် တည်ငြိမ်နေသည်။ အနာဂတ်အတွက်မူ မည်သူမျှအတိအကျမ ပြောနိုင်ပေ။
မွန်ဂိုတို့၏ ကြီးမားသော တောင်ဘက်ချီတက်မှုမှာ မြောက်ပိုင်းစစ်ဆင်ရေး မစတင်မီ အစပျိုးမှုကို ရယူရန် ရည်ရွယ်ချက်မှာ ထင်ရှားသည်။ စစ်ရေးအခြေအနေမှာ အလွန်အရေးကြီးနေသဖြင့် နှောင့်နှေး၍ မရပေ။
ကျင်းမင်းသား၏ အမိန့်များကို လီရှစ်ရာ အရေးပေါ် ပေးပို့မှုဖြင့် စစ်ရေးခရိုင်အသီးသီးသို့ ပေးပို့လိုက်ရာ တစ်ရက်အတွင်း တပ်ဖြန့်မှုမှာ ပြီးဆုံးသွားသည်။
ကျင်းမင်းသား၏မျိုးနွယ်စုဝင် တပ်သား နှစ်ထောင်မှာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီး အရန်တပ်ဖွဲ့များနှင့် အရပ်သားများမှာလည်း မိမိတို့နေရာတွင် အမြန်ဆုံး နေရာယူနေကြသည်။
ထိုညနေခင်းတွင် ယွမ်ကျန်းတပ်စခန်းမှ ချန်ဟူချိန်နှင့် ရွှမ်ကျန့်တပ်စခန်းမှ ဝူမိုချင်းတို့ကဲ့သို့ရဲရင့်သော ဗိုလ်ချုပ်ကြီး နှစ်ဦးမှာ စုစည်းမှုပြီးဆုံးပြီး တရားဝင် စတင်ချီတက်လိုက်ကြသည်။
သူတို့သည် တစ်ဦးလျှင် တပ်သား ငါးထောင်ကျော်ကို ဦးဆောင်ကာ မြန်ဆန်သောချီတက်မှုဖြင့်ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြ၏။
စစ်မီးတောက်များ စုဝေးလာကာ ပေါက်ကွဲရန် အသင့် ဖြစ်နေချေပြီ။
*********