အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 156-158
အခန်း(၂၅၆)
ချိုင့်ဝှမ်းကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဟု သူနာမည်ပေးခဲ့သော်လည်း အမှန်မှာ ယင်းက သီရှီထျန်၏ နှလုံးသားထဲမှ ဆန္ဒ သို့မဟုတ် ရည်ရွယ်ချက်တစ်ခုသာ ဖြစ်၏။ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ စစသူရောက်လာခဲ့စဉ်မှာ သူမှလွဲ၍ တခြားမည်သူ့ကိုမှ သူအားမကိုးနိုင်ခဲ့ပေ။ အတိတ်မှာ သူတစ်ယောက်တည်းအားဖြင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ထောက်ပံ့ခဲ့ရသည်။
သို့ဖြစ်၍ ယခုအချိန်မှာ ချီဟောင်နှင့် တခြားလူများက မိစ္ဆာသားရဲများဖြစ်လာကြောင်း သူမြင်သောအခါ သူ့နှလုံးသားထဲ၌ အတိုင်းမသိ ဝမ်းသာသွားသည်။ ယင်း၏ ဆိုလိုရင်းမှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အလျှင်အမြန် တိုးတတ်သွားနေသည်။ ဝိညာဉ်သားရဲနယ်ပယ်မှ မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းသွားခြင်းသည် အဆင့်ကြီးတစ်ဆင့် ခုန်ကျော်သွားခြင်းနှင့် ဆင်တူသည်။
ယခု ဤချိုင့်ဝှမ်းထဲမှာ သူ့အပြင် နောက်ထပ် မိစ္ဆာသားရဲငါးကောင် ရှိသွားသည်။ သူတို့၏ လက်ရှိအင်အားသည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နေရာတစ်နေရာ သိမ်းပိုက်ရန် လုံလောက်သွားပြီ ဖြစ်၏။
သီရှီထျန်သည် သူတို့အတွက် အလွန်ဝမ်းမြောက်သွားသည်။ သူ၏ လက်အောက်ငယ်သားများက မိစ္ဆာသားရဲများ ဖြစ်လာကြသောကြောင့် အနာဂတ်တိုက်ပွဲမှာ သူတို့က သူ့ကို ကူညီပေးနိုင်ကြလိမ့်မည်။
“ ရွှတ် ”
စက်ကရာသည် ကပ်စေးနှဲသူမဟုတ်ပေ။ သူက ရန်သူများပေါ်မှာသာ ရက်စက်ကြမ်းကြုတ်သည်။ သို့သော်လည်း သူ့လက်အောက်မှ သစ္စာရှိအမှုထမ်းများကိုတော့ ကြင်နာသည်။ သူက သူတို့၏ အလုံးစုံအင်အားကို တိုးမြှင့်ပေးရန် အကောင်းဆုံး ပျိုးထောင်ပေးလိမ့်မည်။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသော သိုလှောင်အိတ်က ရုတ်တရက် ထွန်းလင်းတောက်ပသွားသည်။ ဓမ္မလက်နက်တချို့သည် ရတနာအလင်းနှင့်အတူ အပြင်သို့ ပျံသန်းထွက်လာကြသည်။
ယင်းတို့က လေထဲမှာ လွင့်မျောသွားကြပြီး တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ဓမ္မလက်နက်ဒါဇင်ခန့်က ရတနာအလင်းထဲမှာ စုဝေးနေကြသည်။ ယင်းတို့ထဲမှ အများစုက ဓားပျံများ ဖြစ်ကြသည်။ ထို့ပြင် တခြားဓမ္မလက်နက်များလည်း ရှိသည်။
ကျားရဲတောင်တန်းဒေသထဲတွင် လီမိသားစု၏ အခြေတည်နယ်ပယ်ကျင့်ကြံသူထံမှ သူလုယက်ခဲ့သော သစ်သားပေတံသည်ပင် ထိုထဲမှာ ပါဝင်သည်။
သူ့မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ရှိသည်။ ထို့ကြောင့် ထိုဓမ္မလက်နက်များက သူ့အတွက် အနည်းငယ်သာ အသုံးဝင်သည်။ သို့သော်လည်း ချီဟောင်နှင့် တခြားလူများအတွက်တော့ ယင်းတို့က အများကြီး အသုံးဝင်သည်။
“ မင်းတို့ငါးယောက် ဒီဓမ္မလက်နက်တွေထဲက ကြိုက်တဲ့တစ်ခုကို ရွေးချယ်နိုင်တယ်… ပြီးသွားရင် အဲ့ဒါကို မင်းတို့ရဲ့ ကိုယ်ပိုင်ဓမ္မလက်နက်အဖြစ် သန့်စင်ကြပါ… အဲ့ဒါက မင်းတို့ရဲ့ အင်အားကို တိုးမြှင့်ပေးနိုင်တယ်… ယွမ်ထျန်း… မင်းက ဝိုင်ချက်လုပ်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ပေးခဲ့တယ်… ဒါကြောင့် မင်းကို နောက်တစ်ခု ထပ်ရွေးဖို့ ငါဆုချမယ် ”
စက်ကရာသည် “ ဆုပေး ဒဏ်ပေး ”ဗျူဟာကို ကောင်းမွန်စွာ နားလည်ထားသည်။ အကယ်၍ မြင်းကို မြန်မြန်ပြေးစေချင်လျှင် မြက်ကောင်းကောင်း ကျွေးရမည် မဟုတ်ပါလော။ “ ဆုပေး ဒဏ်ပေး ”ဗျူဟာက သူ့လက်အောက်ငယ်သားများကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်လိမ့်မည်။
“ ရတနာချီးမြှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”
ယင်းကို ကြားသောအခါ ချီဟောင်နှင့် တခြားလူများက သီရှီထျန်ကို အမြန်ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် သူတို့က လေထဲမှာ လွင့်မျောနေသော ရတနာများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ချီဟောင်က အကိုအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် သူက ပထမဆုံး ရွေးချယ်ရသည်။ သူက မီးဒြပ်စင်အထူးပြု မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူက အနီရောင်ရဲရဲတောက်သော ပုတီးစေ့ကို ယူလိုက်သည်။ ရှင်းလင်းစွာပင် ထိုပုတီးစေ့က မီးဒြပ်စင်အထူးပြု ဓမ္မလက်နက် ဖြစ်သည်။ ယင်းကို ကြက်သွေးရောင်မီးပုတီးစေ့ဟု ခေါ်သည်။ ယင်းက အဆင့်မြင့်အဆင့် ဓမ္မလက်နက် ဖြစ်သည်။ ယင်းက မိုးမြေကြားမှ မီးဝိညာဉ်စွမ်းအားကို စုဝေးပေးနိုင်သည့်အပြင် ကမ္ဘာမြေမီးတောက်နှင့် ကြက်သွေးရောင်မီးတောက်များကိုလည်း ထုတ်လွှတ်ပေးနိုင်သည်။ ယင်းက ချီဟောင်အတွက် အမှန်တကယ်ပင် လက်နက်ကောင်းတစ်ခု ဖြစ်သည်။
ယွမ်ထျန်းက ကြည်လင်တောက်ပသော သံမဏိလက်အိတ်တစ်စုံကို ရွေးချယ်လိုက်သည်။ ထိုလက်အိတ်များက တစ်စုံတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို နှစ်ဆမြှင့်တင်ပေးနိုင်သည်။ ယင်းက သူနှင့် အတော်လေး လိုက်ဖက်သည်။ ထို့နောက် သူက ဒုတိယရတနာအဖြစ် အနက်ရောင်တုတ်ချောင်းတစ်ချောင်းကို ရွေးချယ်လိုက်သည်။ ကြည့်ရသည်မှာ မျောက်များက တုတ်ချောင်းအား လက်နက်အဖြစ် အသုံးပြုရသည်ကို သဘောကျကြဟန် ရ၏။
ပိုင်ယွဲ့က အေးစက်သော ဓားပျံတစ်ချောင်းကို ရွေးချယ်လိုက်သည်။ ယင်းက ယင်ဓာတ်ကို အထူးပြုထားသော ဓမ္မလက်နက်ဖြစ်သည်။ ပိုင်ယွဲ့သည် လစန္ဒာထံမှ ယင်စွမ်းအားကို စုပ်ယူနိုင်သည်။ ထို့ကြောင့် ထိုဓားပျံက သူ့အတွက် အထူးသင့်တော်သည်။
ယင်းခုန်းသည်တော့ အစိမ်းရောင်သစ်သားပေတံကို ရွေးချယ်လိုက်သည်။ နောက်ဆုံးဖြစ်သော ပိုင်စုစုက ကြေးနီရောင် ကြေးမုံတစ်ချပ်ကို ရွေးချယ်လိုက်သည်။ ထိုကြေးမုံက တမူထူးခြားသော ဓမ္မလက်နက်ဖြစ်သည်။ ယင်းက အလွန်အစွမ်းထက်သည်။ အစောနက သူထုတ်လိုက်သော ဓမ္မလက်နက်များထဲမှာ ကြေးမုံက အဆင့်အမြင့်ဆုံး ဖြစ်သည်။
“ အကိုကြီး… ရှောင်ပိုင်လည်း တစ်ခုလိုချင်တယ် ”
လူတိုင်းက ဓမ္မလက်နက်တစ်ခုစီ ရရှိသွားကြကြောင်း ရှောင်ပိုင်မြင်သောအခါ သူက မနာလိုဖြစ်စွာ ပြောသည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လေထဲမှာ လွင့်မျောနေသော ဓမ္မလက်နက်များကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“ ရှောင်ပိုင်… ဆန္ဒမစောနဲ့ဦး… အကိုကြီးက မင်းကို ဘယ်လိုလုပ် မေ့ထားမှာလဲ… မင်း မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာတဲ့အခါကျရင် အကိုကြီးက မင်းကို ဓမ္မလက်နက်တစ်ခု လက်ဆောင်ပေးမယ်… အခုချိန် အကိုကြီးက မင်းကို ဓမ္မလက်နက်တစ်ခုပေးရင်တောင် အဲ့ဒါကို မင်းသန့်စင်နိုင်မှာ မဟုတ်ဘူး… အဓိကအရေးကြီးဆုံးက အပတ်တကုတ် ကြိုးစားကျင့်ကြံဖို့ပဲ… ဓမ္မလက်နက်က ဘယ်လောက်ကောင်းကောင်း အဲ့ဒါက ပြင်ပရတနာတစ်ခုထက် မပိုဘူး ”
သီရှီထျန်က သိမ်မွေ့စွာ ပြောသည်။
ယင်းကို ကြားသောအခါ ရှောင်ပိုင်က ခေါင်းငုံ့လိုက်ပြီး တစ်ခဏ တွေးလိုက်သည်။ ထို့နောက် သူက ကျိုးနွံစွာ ခေါင်းညိတ်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သီရှီထျန်က လက်ယမ်းပြလိုက်ပြီး ချီဟောင်နှင့် တခြားလူများကို ပြန်ထွက်သွားစေသည်။ သူတို့က သူတို့၏ လှိုဏ်ဂူဆီသို့ စိတ်လှုပ်ရှားစွာ ပြန်သွားကြသည်။ သူတို့က သီရှီထျန် ချီးမြှောက်ပေးခဲ့သော ဓမ္မလက်နက်များကို သန့်စင်ရန် မစောင့်နိုင်ကြတော့ပေ။ ယွမ်ထျန်းသည် မထွက်သွားမီ သီရှီထျန်ကို သိုလှောင်အိတ်တစ်လုံး ပေးအပ်ခဲ့သည်။
ထိုသိုလှောင်အိတ်ထဲမှာ ဤတစ်နှစ်အတွင်း သူချက်လုပ်ထားခဲ့သော မျောက်မင်းဝိုင်အားလုံး ရှိသည်။ ထိုမျောက်မင်းဝိုင်၏ အရည်အသွေးက သူချက်လုပ်ဖူးသမျှ မျောက်မင်းဝိုင်များထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်သည်။
ပထမအသုတ် မျောက်မင်းဝိုင်ကို ချက်လုပ်ပြီးသွားသည့်အခါ နောက်ထပ် ချက်လုပ်သော မျောက်မင်းဝိုင်က ပိုပြီးလွယ်ကူမြန်ဆန်သွားသည်။ ဝိုင်ရေကန်ထဲမှ ပထမအသုတ် မျောက်မင်းဝိုင်အကြွင်းအကျန်၏ ညွှန်ကြားမှုကြောင့် နောက်တစ်ခေါက် ဝိုင်ချက်လုပ်ရန် အများကြီး ပိုလွယ်ကူသွားသည်။ ဒုတိယအသုတ် မျောက်မင်းဝိုင်ချက်လုပ်ရန် အချိန်သုံးလသာ ကြာမြင့်ခဲ့သည်။ သို့ဖြစ်၍ ဤနှစ်များမှာ သူတို့က မျောက်မင်းဝိုင်ပမာဏအများအပြားကို ချက်လုပ်နိုင်ခဲ့ကြသည်။ စုစုပေါင်း မျောက်မင်းဝိုင်ပမာဏ ကတ်တီတစ်ထောင်ကျော်ကို သူတို့ချက်လုပ်နိုင်ခဲ့ကြသည်။ ထိုထဲမှာ ချီဟောင်နှင့် တခြားလူများ သူတို့၏ ကျင့်ကြံခြင်းကို တိုးမြှင့်ရန် ဤနှစ်မှာ သောက်သုံးခဲ့သော ဝိုင်ပမာဏသည်ပင် မပါသေးပေ။ ထို့ပြင် နောက်ထပ်တစ်သုတ်က မကြာခင် ပြီးမြောက်တော့မည်။
သီရှီထျန်သည် မျောက်မင်းဝိုင်ပါသော သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ချောမောလှပသော မိန်းကလေးပိုင်ဟူကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ စိတ်ရင်းမှန်ရှိသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဒီအတောအတွင်း ကျုပ်မရှိတဲ့အချိန်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း အခုလို တိုးတတ်လာတာ မိန်းကလေးထျန်ရှင်းရဲ့ ညွှန်ကြားပေးမှုကြောင့်ပါ… ဒီကျေးဇူးတရားကို ကျုပ်နှလုံးသားထဲမှာ လေးလေးနက်နက် မှတ်ထားပါမယ်… အနာဂတ်မှာ အခွင့်အရေးရမယ်ဆိုရင် ခင်ဗျားကို ကျုပ်ပြန်ပြီးကျေးဇူးဆပ်ပါမယ် ”
သီရှီထျန်သည် ပိုင်ဟူကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်း မသိပေ။ သူတို့ကြားမှာ မမြင်နိုင်သော ဆွဲငင်မှုတစ်ခုရှိနေဟန် ရ၏။ ကျားရဲတောင်တန်းဒေသထဲမှာ သူတို့က ပထမဆုံးအကြိမ် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြသည်။ ထို့နောက် ကင်းခြေများတောင်မှာ ဒုတိယအကြိမ် သူတို့ပြန်တွေ့ဆုံခဲ့ကြသည်။ မကြာသေးခင်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တတိယအကြိမ် သူတို့ပြန်တွေ့ဆုံခဲ့ကြသည်။
ပထမတစ်ကြိမ်ကို တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း သုံးကြိမ်ဆိုလျှင်တော့ ရေစက်ဖြစ်နိုင်သည်။
“ ဟွန့်… နင့်ရဲ့ ကြင်နာမှုကို ငါစိတ်မဝင်စားဘူး… အတိတ်မှာ နင်ငါ့ကို ဘယ်လိုကတိပေးခဲ့လဲဆိုတာ မမေ့ပါနဲ့… အဲ့ဒါနဲ့ နှိုင်းယှဉ်ရင် ဒီဟာက ဘာမှမဟုတ်ဘူး… ပြီးတော့ ဒီထျန်းအင်ပါယာရတနာသေတ္တာကို နင့်လက်နဲ့ ထိတွေ့ထားတာဖြစ်လို့ အဲ့ဒါကို ငါမလိုချင်တော့ဘူး… အဲ့ဒါကို နင်ပဲ ဆက်သိမ်းထားလိုက်ပါ… နင်မှတ်ထားရမှာက နင့်ရဲ့ ကျေးဇူးအကြွေးကို အနှေးနဲ့အမြန် နင်ပြန်ပေးဆပ်ရလိမ့်မယ် ”
ပိုင်ဟူက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လက်ကို မှောက်လှန်လိုက်သည့်အခါ ထျန်းအင်ပါယာရတနာသေတ္တာက သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ရတနာသေတ္တာကို သီရှီထျန်ဆီသို့ ပစ်ပေးလိုက်သည်။
“ ကျုပ်က ကတိတည်တဲ့ လူစားပါ… ခင်ဗျားဘာလိုချင်လဲသာ ပြောလိုက်ပါ… ဓားတောင်ပဲကျော်ရကျော်ရ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ ခင်ဗျားလိုချင်တာကို မဖြစ်ဖြစ်အောင် ကျုပ်လုပ်ပေးမယ် ”
သီရှီထျန်က သူ့လက်ထဲမှ ထျန်းအင်ပါယာရတနာသေတ္တာကို ကြည့်လိုက်သည်။ ရတနာသေတ္တာပေါ်မှ ဖားလောင်းများနှင့်ဆင်တူသော ပဟေဠိအကွက်များကို သူမြင်သောအခါ မျက်လုံးဝင်းလက်သွားသည်။
ထျန်းအင်ပါယာရတနာသေတ္တာက အံ့ဖွယ်ထူးခြားသော အထွတ်အမြတ်ရတနာ ဖြစ်သည်။ ပထမပဟေဠိကို သူဖြေရှင်းနိုင်သွားသည့်အခါ ရှေးဟောင်းစာလိပ်တစ်ခုကို သူရရှိသွားသည်။ ရှေးဟောင်းစာလိပ်ထဲမှာ နတ်ဘုရားအဆင့် သီချင်းတစ်ပုဒ်ဖြစ်သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ပါဝင်သည်။ ယင်း၏ စွမ်းအားက ကမ္ဘာမြေတုန်ဟီးစေနိုင်သည်အထိ အလွန်အားကောင်းသည်။ အကယ်၍ ဒုတိယပဟေဠိကို သူဖြေရှင်းနိုင်သွားလျှင် မည်သည့်ရတနာကို ရရှိသွားလိမ့်မည်နည်း။
ယင်းကို သူမသိပေ။ သို့သော်လည်း ထိုရတနာ၏ တန်ဖိုးက ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားထက် မလျော့နိုင်ကြောင်း သူသေချာသည်။
ထိုမျှတန်ဖိုးကြီးမားသော ရတနာသေတ္တာကို ပိုင်ဟူက သူ့အား ထိုသို့အလွယ်တကူ ပေးလိုက်သည်လော။ ထိုကျေးဇူးတရားက အလွန်ကြီးမားပေသည်။
ထိုအခိုက်အတန့်မှာ ပိုင်ဟူက ထူးဆန်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက သီရှီထျန်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ နင် ငါ့အတွက် ဓားတောင်ကို ကျော်ပေးစရာမလိုသလို မီးပင်လယ်ကို ဖြတ်ကူးပေးစရာလည်း မလိုပါဘူး… နင့်ဆီကနေ ကတိတစ်ခုပဲ ငါလိုချင်တယ်… နင်လက်ခံတယ်ဆိုရင် ဒီထျန်းအင်ပါယာရတနာသေတ္တာက နင့်အပိုင်ဖြစ်သွားလိမ့်မယ်… ဒါ့အပြင် အရင်က အကြွေးတွေကို ငါမေ့ပစ်လိုက်မယ် ”
ထိုသို့သူပြောလိုက်စဉ် တုံ့ဆိုင်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက သူ့နှလုံးသားထဲ၌ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေသည့်အလားပင်။
သီရှီထျန်က ရုတ်တရက် မျက်ခုံးပင့်တင်လိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။
“ မိန်းကလေးထျန်ရှင်း… ပွင့်ပွင့်လင်းလင်း ပြောပါ… ကျုပ်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းက ကိစ္စဆိုရင် ကျုပ်တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး ”
သူက စိုးရိမ်ကြောင့်ကြမှု လုံးဝမရှိဘဲ ပြောသည်။ ပိုင်ဟူက သူ့ကို မြေခွေးမျိုးနွယ်စု၏ “ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ” လျှို့ဝှက်ပညာရပ်ကိုပင် သင်ကြားပေးခဲ့သည်။ သို့ဖြစ်၍ ပိုင်ဟူ၏ တောင်းဆိုမှုကို သူမငြင်းဆန်နိုင်ပေ။
သီရှီထျန်သည် တခြားလူများအပေါ် ကျေးဇူးအကြွေးတင်နေသည်ကို သဘောမကျပေ။ ထို့ကြောင့် ကျေးဇူးအကြွေးကို ပြန်ဆပ်နိုင်ရန် အကောင်းဆုံး သူကြိုးစားမည်။
“ တကယ်လို့ ဆယ့်ခြောက်နှစ်အတွင်းမှာ နင်က အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ပြီး အစစ်အမှန် အသွင်သဏ္ဍာန်ပြောင်းလဲနိုင်မယ်ဆိုရင် ဆယ်ခြောက်နှစ်ပြည့်တဲ့အခါ မြစိမ်းတောင်ကို နင်သွားရမယ် ”
ပိုင်ဟူက လေးနက်သော အမူအရာဖြင့် ပြောသည်။
“ ကောင်းပြီ… ဆယ်ခြောက်နှစ်ပြည့်တဲ့အခါ မြစိမ်းတောင်ဆီ ကျုပ်သွားမယ် ”
သီရှီထျန်က အနည်းငယ်မှ တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
ပိုင်ဟူ၏ မျက်နှာအမူအရာကို သူအကဲခတ်လိုက်သည့်အခါ ဆယ်ခြောက်နှစ်ကြာပြီးလျှင် မြစိမ်းတောင်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သီရှီထျန် သိလိုက်သည်။ သို့သော်လည်း သူက ပိုင်ဟူ၏ တောင်းဆိုမှုကို ချက်ချင်း သဘောတူလိုက်သည်။
အခန်း(၂၅၇)
“ ကောင်းပြီ… ဆယ့်ခြောက်နှစ်ကြာပြီးရင် ငါထျန်ရှင်းက မြစိမ်းတောင်မှာ နင့်ကို စောင့်မျှော်နေမယ်… တကယ်လို့ နင်ရောက်မလာရင် ငါ့တစ်ဘဝလုံး နင့်ကို မုန်တီးသွားလိမ့်မယ် ”
ပိုင်ဟူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ သူ၏ စကားဆုံးသွားသည့်အခါ ဖဲကြိုးက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ဝိညာဉ်မြွေတစ်ကောင်သဖွယ် ရွေ့လျားသွားသည်။ ဖဲကြိုးက သူ၏ ခြေထောက်အောက်သို့ ရွေ့လျားသွားပြီး ရောင်စုံအလင်းကို ထုတ်လွှတ်ကာ ပိုင်ဟူကို ပင့်မြှောက်လိုက်သည်။ သူက လေပေါ်သို့ ပျံသန်းသွားသည်။
“ မင်းထွက်သွားတော့မှာလား ”
သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။
“ အမထျန်ရှင်း… ကျေးဇူးပြုပြီး မသွားပါနဲ့… ရှောင်ပိုင် အမနဲ့ မခွဲနိုင်ဘူး… ရှောင်ပိုင်နဲ့ ဒီမှာ အတူနေလို့မရဘူးလား ”
ရှောင်ပိုင်သည် နောက်ဆက်ဖြစ်လာမည့်အရာကို နားလည်သွားသည်။ သူက ကလေးဆန်သော အော်သံကို ထုတ်ဖော်လိုက်ပြီး ငိုလိုက်သည်။ သူ၏ မျက်လုံးများက စိုစွတ်သွားသည်။
“ ကိစ္စကောင်းတွေက အမြဲအဆုံးသတ်ရစမြဲပါ… သီရှီထျန် နင့်ရဲ့ တောင်ပိုင်းမြေရိုင်းဒေသက အတိတ်မှာ လေလွင့်ကျင့်ကြံသူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်… အနာဂတ်မှာ နင် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်… နင့်ကတိကို တည်ဖို့အတွက် နင့်ရဲ့ အသက်ကို သေချာတန်ဖိုးထားပါ… ရှောင်ပိုင်… ကြိုးစားကျင့်ကြံပါ… အနာဂတ်မှာ ငါတို့တွေ ပြန်တွေ့ဆုံကြမယ် ”
ပိုင်ဟူသည် ထိုစကားများကို ပြောပြီးနောက် တုံ့ဆိုင်းမနေပေ။ သူ၏ ခြေထောက်အောက်မှ ဖဲကြိုးက ရောင်စုံအလင်းကို ထုတ်လွှတ်လိုက်သည့်အခါ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ အမြန်ထွက်သွားသည်။
“ နင်မှတ်ထားပါ… ဆယ်ခြောက်နှစ်ပြည့်လို့ မြစိမ်းတောင်ဆီ နင်ရောက်မလာရင် ငါ့တစ်ဘဝလုံး နင့်ကို မုန်းတီးသွားလိမ့်မယ် ”
သူ၏ နောက်ဆုံးစကားက လေထဲမှာ ပဲ့တင်ထပ်သွားသည်။ မကြာမီ အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့အတူ မိန်းမလှလေးသည်လည်း တောင်ပိုင်းမြေရိုင်းဒေသထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။
“ သူထွက်သွားပြီ ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ မိန်းကလေးက ကောင်းကင်ပေါ်သို့ အံ့ဩစွာ ခေါင်းမော့လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး တီးတိုးပြောသည်။
“ မထူးဆန်းပါဘူး.. ဘာပဲဖြစ်ဖြစ် သူက တောင်ပိုင်းမြေရိုင်းဒေသက လူမှ မဟုတ်တာ… ဒီလောက်အချိန်အကြာကြီး ဒီနေရာမှာ သူနေသွားတာပဲ ထူးဆန်းနေပြီ… ထားလိုက်ပါတော့… အစကတော့ ဒီနေရာမှာ သူဆက်နေရင် တောင်ပိုင်းမြေရိုင်းဒေသက အစွမ်းထက် မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်သွားလိမ့်မယ်လို့ ငါတွေးထားခဲ့တာ… အခုတော့ အဲ့ဒါက လေထဲက အိမ်မက်ပါပဲလား ”
သူက ညင်သာစွာ သက်ပြင်းချလိုက်သည်။
ထူးခြားချက်တစ်ခုမှာ ပန်းမျိုးတစ်ရာချီကို သူစုပ်ယူသော အမြန်နှုန်းက ယခင်ကထက် ပိုမြန်ဆန်နေသည်။
သီရှီထျန်သည် လေထဲမှာ ကြွင်းကျန်နေသော ပိုင်ဟူ၏ အမွှေးနံ့ကို ရှူသွင်းလိုက်ပြီး ပြုံးသည်။ သူက ခေါင်းယမ်းလိုက်ပြီး ညင်သာစွာ ပြောသည်။
“ ရှောင်ပိုင်… ဘာမှမစိုးရိမ်နဲ့… ဒါက ယာယီခွဲခွာမှုပါပဲ… ဆယ်ခြောက်နှစ်ဆိုတာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလိမ့်မယ်… အနာဂတ်မှာ ငါတို့အတူတူ မြစိမ်းတောင်ဆီ သွားပြီး မင်းရဲ့ အမထျန်ရှင်းကို သွားတွေ့ကြမယ်… ဒါပေမဲ့ စောစောက ထျန်ရှင်းရဲ့ အမူအရာအရ ဆယ်ခြောက်နှစ်ကြာပြီးရင် မြစိမ်းတောင်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာမယ် ထင်တယ် ”
သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် ခန့်မှန်းလိုက်သည်။ ဆယ့်ခြောက်နှစ်ကြာပြီးလျှင် မြစိမ်းတောင်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ၏ မသိစိတ်မှ အာရုံရနေသည်။ အကယ်၍ သူမသွားလျှင် တစ်စုံတစ်ခုကို သူလက်လွှတ်ရနိုင်သည်။
“ မြစိမ်းတောင်… မြစိမ်းတောင်က ဘယ်မှာလဲ ”
စက်ကရာသည် မြစိမ်းတောင်ကို သွားရန် စိတ်ပိုင်းဖြတ်ပြီးသွားသော်လည်း မြစိမ်းတောင်က မည်သည့်နေရာမှာ တည်ရှိကြောင်း သူမသိပေ။ သူ၏ အသိဉာဏ်အရ မြစိမ်းတောင်က ပိုင်ဟူနေထိုင်သောနေရာ ဖြစ်နိုင်ကြောင်း သူခန့်မှန်းလိုက်သည်။ ပိုင်ဟူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် အဆင့်အတန်းအရ သူနေထိုင်သော နေရာက လုံးဝ သာမန်မဖြစ်နိုင်ပေ။
မြစိမ်းတောင်အကြောင်း သူစူးစမ်းသိချင်လျှင် တခြားနည်းလမ်းများကို ရှာဖွေရလိမ့်မည်။
မှန်ပေသည်။ ယင်းက အနာဂတ်ကိစ္စဖြစ်သည်။ မြစိမ်းတောင်ကို ရှာဖွေရန် သူအလျင်မလိုပေ။ သူတို့နှစ်ယောက်ကြားမှ သဘောတူညီမှုအရ သူ့မှာ အချိန်ဆယ့်ခြောက်နှစ် ရှိသည်။ ဆယ့်ခြောက်နှစ်ဟူသော အချိန်က မြစိမ်းတောင်ကို သူရှာဖွေရန် လုံလောက်ပေသည်။
“ ဒီဆယ်ခြောက်နှစ်အတွင်းမှာ စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာပြီး မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းရမယ်လား… ဒါက ငါ့အတွက် မခက်ခဲပါဘူး… ဒါလေးကိုတောင် ငါမလုပ်နိုင်ရင် သားရဲတစ်သောင်းဂိုဏ်းကနေ ငါ့အမေနဲ့ ညီလေးကို ဘယ်လိုပြန်ကယ်တင်မှာလဲ ”
သူက ခေါင်းမော့လိုက်ပြီး ပိုင်ဟူထွက်သွားသော ဦးတည်ရာသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်က နက်နဲသိမ်မွေ့သည်။ သူက ဤဆယ့်ခြောက်နှစ်အတွင်းမှာ မိစ္ဆာအမြူတေဓာတ်လုံး ဖွဲ့စည်းရန်အတွက်သာ အာရုံစိုက်ထားမည် မဟုတ်ချေ။ သူက သူ့ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန်လည်း ရည်ရွယ်ထားသည်။ သူ၏ အနာဂတ်အစီအစဉ်များကို တစ်ခုမှ သူလက်လွှတ်ခံမည် မဟုတ်ချေ။ ထို့ပြင် သူ့မှာ သွေးမျိုးဆက်အမွေအနှစ်ရှိသည်။ ယင်းက သူ့ကို တခြားမိစ္ဆာများထက် ခေါင်းတစ်လုံးပိုသာစေသည်။
“ ကျားဟိန်းသံကျင့်စဉ် ”၏ အမြင့်ဆုံးအဆင့်က သူ့အား အမြူတေဓာတ်လုံးဖွဲ့စည်းနိုင်စေပြီး စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာစေလိမ့်မည်။ သို့သော် စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာပြီးလျှင် နောက်ထပ်နယ်ပယ်များအတွက် သူ့မှာ ကျင့်စဉ် မရှိတော့ပေ။
သူက အနာဂတ်မှာ ကျင့်စဉ်အသစ်တစ်ခု ရှာဖွေရန် လိုအပ်လာလိမ့်မည်။ သူ့ကို လမ်းမှန်ညွှန်ပြပေးနိုင်သော မိစ္ဆာကျင့်ကြံခြင်းအမွေအနှစ်များနှင့် သတင်းအချက်အလက်များက အလွန်တန်ဖိုးကြီးမားသည်။ ယင်းတို့ကို သူရရှိရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက သူ့ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည်။ သူက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်ကို အဓိကအားထား၍ တမူထူးခြားသော ကျင့်စဉ်အသစ်တစ်ခု ဖန်တီးချင်သည်။ ယင်းက မဖြစ်နိုင်သောအရာ မဟုတ်ပေ။
စက်ကရာသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်လာပြီးနောက် ဒုတိယမြောက်မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် ရည်ရွယ်ထားသည်။ ထို့နောက် သူက ဝိညာဉ်ဝိုင်အမျိုးမျိုးကို အသုံးပြုပြီး သူ၏ မိစ္ဆာချီပမာဏကို တိုးမြှင့်လိမ့်မည်။ သို့မှသာ သူက “ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ” မဖွင့်လှစ်ခင် မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည်။
အကယ်၍ သူက စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာမည်ဆိုလျှင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီသို့ သွားမည့် သူ၏ ခရီးစဉ်မှာ ပိုပြီးဘေးကင်းလုံခြုံသွားလိမ့်မည်။
အနာဂတ်အကြောင်း သူစဉ်းစားလိုက်သည့်အခါ သူ၏ နှလုံးခုန်သံက ပိုမြန်ဆန်လာသည်။ တစ်ခဏကြာပြီးနောက် သူက သတိပြန်ဝင်လာပြီး သူ့လက်မောင်းထဲမှ ရှောင်ပိုင်ကို ငုံ့ကြည့်လိုက်သည်။ ရှောင်ပိုင်က မျက်နှာညှိုးမှိုင်နေပြီး သူ၏ မျက်လုံးများက စိုစွတ်နေကြောင်း သီရှီထျန် မြင်တွေ့သွားသည်။
ရှင်းလင်းစွာပင် ရှောင်ပိုင်က ပိုင်ဟူ၏ ထွက်သွားမှုကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေသည်။
သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
“ ရှောင်ပိုင်… အကိုကြီး ပြောပြမယ်… ဒီလောကမှာ ဘယ်လောက်ကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ် ဇနီးခင်ပွန်းပဲဖြစ်ဖြစ် ခွဲခွာမှုကို မရှောင်လွှဲနိုင်ကြဘူး… အခုခွဲခွာမှုက အနာဂတ်မှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်တယ်… အဲ့ဒါက ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ… ရှောင်ပိုင်က အမထျန်ရှင်းကို အမြန်ဆုံး ပြန်မြင်ချင်တယ်ဆိုရင် ရှောင်ပိုင် ကြိုးစားပမ်းစား ကျင့်ကြံရမယ်… ဒါမှ အနာဂတ်မှာ ရှောင်ပိုင်က သူ့ကို အံဩမှုပေးနိုင်မှာ ”
ရှောင်ပိုင်က အလွန်ကျိုးနွံသည်။ သူက ခေါင်းငုံ့လိုက်ပြီး တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“ အင်း… ရှောင်ပိုင် ကြိုးစားပမ်းစား ကျင့်ကြံမယ်… ရှောင်ပိုင် အကိုကြီးနဲ့အတူ သားရဲတစ်သောင်းဂိုဏ်းဆီ သွားပြီး အဲ့ဒီလူဆိုးကောင်တွေကို တိုက်ခိုက်ပစ်မယ် ”
သူ၏ ကလေးဆန်သော စကားသံထဲမှာ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင် ပါရှိသည်။
“ အင်း… ရှောင်ပိုင် အဲ့လိုလုပ်နိုင်မယ်လို့ အကိုကြီး ယုံကြည်တယ် ”
သီရှီထျန်က ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး အားပေးလိုက်သည်။
“ အကိုသီ… အကိုသီ… နင်ပြန်ရောက်လာပြီ… ကျူးအာက နင့်ကို အရမ်းသတိရနေတာ ”
ထိုအခိုက်အတန့်မှာ သာယာကြည်လင်သော အသံက အဝေးမှ ပျံ့လွင့်လာသည်။ အနီရောင်ပုံရိပ်တစ်ခုက အဝေးမှ မြန်ဆန်စွာ ပျံသန်းလာသည်။ သူ၏ စကားသံဆုံးသွားသည့်အခါ သူက ချိုင့်ဝှမ်းအရှေ့သို့ ဝှစ်ခနဲ ရောက်လာသည်။ သူက သီရှီထျန်၏ ဘေးပတ်ပတ်လည်မှာ အတောင်ပံတဖျပ်ဖျပ်ခတ်၍ လှည့်ပတ်ပျံသန်းလိုက်သည်။ သူက အလွန်ပျော်ရွှင်နေပုံပေါ်သည်။
“ မင်းကို ကျူးအာ… ”
သီရှီထျန်သည် သူ့အရှေ့မှာ ပျံသန်းနေသော ဇာမဏီငှက်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ပြောသည်။
“ ဒီကို မင်းရောက်လာပြီဆိုတော့ ငါ့ရဲ့ လှိုဏ်ဂူဆီ အလည်လိုက်ခဲ့ပါဦး ”
“ ကောင်းပြီ ”
ဇာမဏီငှက်က မငြင်းဆန်ပေ။ သူက ချက်ချင်း သဘောတူလိုက်သည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲ၌ သီရှီထျန်၏ လှိုဏ်ဂူက အမြဲတမ်း ဟာလာဟင်းလင်းဖြစ်နေသည်။ ချီဟောင်နှင့် တခြားလူများသည် သီရှီထျန်အပေါ် အလွန်သစ္စာရှိသောကြောင့် သီရှီထျန်၏ လှိုဏ်ဂူထဲသို့ ဝင်ရောက်မကျင့်ကြံဝံ့ကြပေ။ ပိုင်ဟူနှင့် ရှောင်ပိုင်ဆီမှာ သူတို့ကိုယ်ပိုင် လှိုဏ်ဂူများ ရှိထားပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ သူတို့က သီရှီထျန်၏ လှိုဏ်ဂူထဲမှာ မနေထိုင်ကြပေ။ သို့သော်လည်း သူတို့သည် သီရှီထျန်၏ လှိုဏ်ဂူထဲသို့ တစ်နေ့တစ်ယောက် အလှည့်ကျဝင်ရောက်ကြပြီး သန့်ရှင်းရေးလုပ်ပေးကြသည်။
သီရှီထျန်၏ လှိုဏ်ဂူသည် ပေတစ်ရာကျော်ကျယ်ဝန်းသော နယ်မြေလွတ်တစ်ခု ဖြစ်သည်။ လှိုဏ်ဂူက အလွန်သန့်ရှင်းလေရာ အသစ်အတိုင်းပင်။ လှိုဏ်ဂူထဲမှာ မြူတစ်မှုန်၊ ဖုန်တစ်စက်ပင် မတွေ့ရပေ။ လှိုဏ်ဂူထဲတွင် ပစ္စည်းပစ္စယ များများစားစား မရှိပေ။ ကျောက်တုံးခုတင်တစ်လုံးသာ ရှိသည်။ ခုတင်ပေါ်တွင် နူးညံ့သော သားရဲအမွှေးကို ခင်းကျင်းထားသည်။ လှိုဏ်ဂူ၏ အလယ်တွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စားပွဲဝိုင်းတစ်ခု ရှိသည်။ စားပွဲဝိုင်း၏ ဘေးပတ်ပတ်လည်၌ ထိုင်ခုံများ ရှိသည်။
ထိုပစ္စည်းများမှလွဲ၍ တခြားမည်သည့်အရာမှ မရှိပေ။
“ အဲ့ဒီကနေ ငါပြန်သယ်လာခဲ့တဲ့ ပစ္စည်းတွေကို ဒီနေရာမှာ ထားရမယ် ”
စက်ကရာက ပေါ့ပါးစွာ ပြောသည်။ ထို့နောက် သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး ညင်သာစွာ မြှောက်လိုက်သည်။ သိုလှောင်အိတ် အရောင်ဝင်းလက်သွားသည့်အခါ အိတ်ထဲမှ ပစ္စည်းများက အပြင်သို့ မြန်ဆန်စွာ ထွက်ကျလာသည်။
ကုချင်းချိုင့်ဝှမ်းထဲမှ ဝါးအိမ်လေးထဲမှာ သူအသုံးပြုခဲ့သော နေ့စဉ်သုံးပစ္စည်းများက လှိုဏ်ဂူထဲမှာ ချက်ချင်း ပြည့်နှက်သွားသည်။
ယင်းတို့က ဝိုင်ကရားအိုးများ၊ လက်ဖက်ရည်ခွက်များနှင့် လက်ဖက်ခြောက်များ အစရှိသည်တို့ ဖြစ်ကြသည်။ အမွှေးတိုင်များနှင့် စန္ဒကူးသစ်သားသည်ပင် ပါဝင်ကြသည်။
ကုချင်းချိုင့်ဝှမ်းထဲမှ သူမထွက်လာမီ ဝါးအိမ်လေးထဲမှ သူ၏ ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ၌ ထည့်သိမ်း၍ ယူဆောင်သွားခဲ့သည်။ ယခု ကုချင်းချိုင့်ဝှမ်းထဲမှ ဝါးအိမ်လေးက ဟာလာဟင်းလင်းဖြစ်သွားသည်။
နေ့စဉ်သုံးပစ္စည်းများကို လှိုဏ်ဂူထဲသို့ ထည့်သွင်းလိုက်သည့်အခါ လှိုဏ်ဂူက ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။
သူက ဝိုင်ကရားတစ်အိုးကို ကျောက်စိမ်းစားပွဲဝိုင်းပေါ်မှာ တင်လိုက်သည်။ သီရှီထျန်က ထိုင်ခုံပေါ်မှာ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ယွမ်ထျန်း သူ့ကို ပေးခဲ့သော မျောက်မင်းဝိုင်ဘူးသီးခြောက်ကို ထုတ်လိုက်သည်။ သူက ခွက်သုံးခွက်ကို ထုတ်၍ ခွက်တစ်ခွက်စီကို မျောက်မင်းဝိုင်ဖြင့် ဖြည့်လိုက်သည်။
ယင်းကို ဇာမဏီငှက်မြင်သောအခါ သူက မျက်လုံးဝင်းလက်သွားသည်။ သူက ခွက်တစ်ခွက်၏ အရှေ့မှာ ချက်ချင်း ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ဝိုင်၏ မွှေးပျံ့သော ရနံ့ကြောင့် သူက မသောက်ရသေးခင်မှာတင် ယဇ်မူးသွားသည်။
“ ဘယ်လောက် ပေါကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအားလဲ… ဒီနှစ်တွေမှာ ငါ့အမက ငါ့ကို ချိုင့်ဝှမ်းထဲကနေ ထွက်သွားခွင့်မပြုခဲ့ဘူး… အဲ့ဒီတုန်းကပဲ ဒီဝိညာဉ်ဝိုင်ကို ငါသောက်ခဲ့ရတယ်… အဲ့ဒီနောက် မျောက်မင်းဝိုင်ရဲ့ အနံ့ကို နောက်တစ်ခါ ငါမရှူနိုင်ခဲ့ဘူး… မွှေးလိုက်တာ… ဒီဟာက ငါ့အမရဲ့ ပန်းမျိုးတစ်ရာအမတဝိုင်နဲ့တောင် နှိုင်းယှဉ်နိုင်လုနီးပါးပဲ ”
သီရှီထျန်က ခပ်ရေးရေး ပြုံးလိုက်ပြီး ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။ ယင်းက တစ်ခါမှ သူအရသာမမြည်းစမ်းရသေးသော မျောက်မင်းဝိုင်အသစ် ဖြစ်သည်။ သူက ဝိုင်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး သူ့လျှာကို ပါးစပ်ထဲသို့ လိပ်လိုက်သည်။ သူက လျှာထိပ်ဖျားကို အသုံးပြု၍ ဝိုင်အရသာကို ခံစားလိုက်သည်။ လျှာထိပ်ဖျားက အရသာခံစားနိုင်မှု အမြင့်ဆုံးနေရာ ဖြစ်သည်။
သူက တဖြည်းဖြည်း မျက်လုံးမှေးကျဉ်းလိုက်သည်။ မကြာမီ သူက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ ဤမျောက်မင်းဝိုင်ထဲမှာ ပါဝင်သော စွမ်းအင်အနှစ်သာရက ကျားရဲတောင်တန်းဒေသထဲမှ သူသယ်ဆောင်လာခဲ့သော ဝိုင်ထက် နှစ်ဆပိုများပြားသည်။ ထို့ပြင် ယင်း၏ အရသာက ပိုပြီးစစ်မှန်သည်။ ဝိုင်က လျှာပေါ်မှာ ဖြတ်သန်းသွားသည့်အခါ သစ်သီးအမျိုးအစားနှစ်ရာကျော်၏ အရသာက သူ့လျှာပေါ်မှာ စုပြုံထွက်ပေါ်လာသည်။ ယေဘုယျအားဖြင့်ဆိုရသော် ဤဝိုင်ကမှ မျောက်မင်းဝိုင်အစစ်အမှန် ဖြစ်သည်။
အခန်း(၂၅၈)
သီရှီထျန်က ရုတ်တရက် အတွေးတစ်ခုရသွားသည်။ ယင်းတို့အားလုံးကို ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲသို့ သူထည့်သွင်းမည်ဆိုလျှင် ဘူးသီးခြောက်၏ အံ့ဖွယ်စွမ်းရည်အရ မျောက်မင်းဝိုင်၏ အရည်အသွေးက ယခုထက် ပိုပြီးမြင့်မားသွားလိမ့်မည်။ ထို့ပြင် ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲမှ အချိန်စီးဆင်းမှုက အပြင်လောကထက် ဆယ်ဆပိုမြန်ဆန်သည်။
ဝိုင်၏ သဘောတရားအရ ဝိုင်က သက်တမ်းပိုကြာလေ ပိုကောင်းလေ ဖြစ်၏။
“ ကျူးအာ… ငါမင်းကို မတွေ့တာ တစ်နှစ်ကျော်ကြာသွားပြီ… မင်းရဲ့ ကျင့်ကြံခြင်းက အရင်ကထက် အများကြီး ပိုတိုးတတ်လာတယ်… မင်းက မိစ္ဆာသားရဲနယ်ပယ်ကိုတောင် ရောက်နေပြီပဲ… အကိုသီက မင်းကို ဂုဏ်ပြုပါတယ် ”
သီရှီထျန်က ကျောက်စိမ်းစားပွဲခုံပေါ်မှာ မတ်တတ်ရပ်နေသော ဇာမဏီငှက်ကို ကြည့်လိုက်သည်။ ကျူးအာ၏ ခန္ဓာကိုယ်က ယခင်အတိုင်း ဆက်ရှိနေပြီး နည်းနည်းမှ အရွယ်အစားမကြီးမားလာပေ။ သူက လက်ဖဝါးအရွယ်ခန့်သာရှိပြီး စာကလေးတစ်ကောင်နှင့် ဆင်တူသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းက မိစ္ဆာသားရဲတစ်ကောင်အောက် လုံးဝ မလျော့ပေ။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ တမူထူးခြားသော မီးတောက်တစ်ခု တည်ရှိနေဟန် ရ၏။
“ ဟီး ဟီး… အကိုသီ… နင်ငါ့ကို ဂုဏ်ပြုမယ်ဆိုရင် ဒီဝိုင်တစ်ခွက်နဲ့ မလုံလောက်ဘူးနော် ”
ဇာမဏီငှက်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။ ဉာဏ်များသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဟား ဟား… မင်းဝိုင်ကြိုက်တာကို ငါသိပါတယ်… ဒီနေ့ မင်းအဝသောက်ပါ… ပြီးသွားရင် ငါမင်းကို မျောက်မင်းဝိုင်ဘူးသီးခြောက်ဆယ်ခု ပေးလိုက်မယ်… အဲ့ဒါတွေကို မင်းရဲ့ အမ မြည်းစမ်းကြည့်နိုင်အောင် ယူသွားပေးလိုက်ပါ… ပြီးတော့ မင်းရဲ့ အမကို ငါက နှုတ်ဆက်တယ်လို့ ပြောပေးပါ ”
သီရှီထျန်က မထူးမခြားနား ပြောသည်။
“ ဒါနဲ့ ကျူးအာ… မင်းရဲ့ အမအကြောင်း ခဏခဏ မင်းပြောတာကို ငါကြားခဲ့တယ်… မဒူဆာနဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေကလည်း မင်းရဲ့ အမအကြောင်း သိထားကြတယ်… ဒါပေမဲ့ ငါကတော့ မင်းရဲ့ အမအကြောင်း ဘာမှမသိထားဘူး… ငါ့ကို မင်းရဲ့ အမအကြောင်း ပြောပြပေးနိုင်မလား ”
တမင်ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် မရည်ရွယ်၍ဖြစ်စေ သီရှီထျန်က စကားလမ်းကြောင်းလွှဲလိုက်ပြီး သူသိချင်သော အကြောင်းအရာကို မေးသည်။
သီရှီထျန်သည် တောင်ပိုင်းမြေရိုင်းဒေသ၏ လျှို့ဝှက်ဆန်းကြယ်ဆုံး ပုဂ္ဂိုလ်ကို အလွန်စူးစမ်းသိချင်သည်။ ဇာမဏီငှက်၏ အမက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နတ်ဘုရားသဖွယ် တည်ရှိမှု ဖြစ်သည်။ တခြားမိစ္ဆာသားရဲဘုရင်များသည် သူ့အကြောင်း ပြောသည့်အခါ ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ထိုရိုသေလေးစားမှုက အတုအယောင်မဟုတ်ပေ။ ဇာမဏီငှက်၏ အမက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထို့ကြောင့် သူက အတိတ်မှာ ဇာမဏီငှက်၏ အမထံမှ ဖိတ်ကြားချက်ကို ရရှိခဲ့သော်လည်း အကြောင်းတစ်ခုခုရှာ၍ ငြင်းဆန်ခဲ့သည်။
တခြားအကြောင်းအရင်း မရှိပေ။ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သော အရည်အချင်း မရှိသေးခင် ထိုသို့လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် သူမတွေ့ဆုံနိုင်ပေ။ မည်သို့ဖြစ်ပါစေ တစ်ဖက်လူက ရန်သူလော မိတ်ဆွေလော သူမပြောနိုင်ပေ။
ယခု သူက ကုချင်းပညာကို သင်ယူပြီးသွားပြီ ဖြစ်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ အစစ်အမှန်စွမ်းအားကို သူထုတ်လွှတ်လိုက်လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိသွားလိမ့်မည်။ သို့ဖြစ်၍ သူက ဇာမဏီငှက်၏ အမဆိုသူကို စူးစမ်းသိချင်လာသည်။
တစ်ဖက်လူနှင့် သူမတွေ့ဆုံခင် သူ့ဘက်မှ စတင်ပြင်ဆင်ထားရမည်။
“ ဟီး ဟီး ”
ဇာမဏီငှက်က ရယ်လိုက်ပြီး ပြောသည်။
“ အမရဲ့ အကြောင်းကို ငါထုတ်မပြောရဲဘူး… နင် ငါ့ရဲ့ အမအကြောင်းသိချင်ရင် ငါ့အမဆီ ကိုယ်တိုင်သွားတွေ့တာ အကောင်းဆုံးပဲ… ဒါနဲ့ ငါ့ရဲ့ အမက နင်ပြန်ရောက်လာတာကို သိပြီးပြီ… အမက နင်အားလပ်တဲ့အခါ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ ရောက်လာပြီး သူ့ကို လာတွေ့ပါလို့ မှာလိုက်တယ်… ကြည့်ရတာ ငါ့အမမှာ နင့်ကို တစ်ခုခု ပြောစရာ ရှိနေတဲ့ပုံပဲ… အကိုသီ… နင်ငါ့ရဲ့ ခဲအို မဖြစ်ချင်ဘူးလား… နင်ဆန္ဒရှိတယ်ဆိုရင် ငါအပြည့်အဝ အားပေးထောက်ခံမယ် ”
ကျူးအာသည် သီရှီထျန်မမျှော်လင့်ထားသော စကားကို နောက်ဆုံးမှာ ထည့်ပြောခဲ့သည်။
“ ဖွီ ”
သီရှီထျန်၏ ပါးစပ်ထဲမှ ဝိုင်က အပြင်မှာ ပြန့်ကျဲသွားသည်။ သူက ချောင်းဟန့်လိုက်ပြီး မျက်နှာတည်ကြည်သွားသည်။ သူက လေးနက်စွာ ပြောသည်။
“ မင်း ဘာပေါက်ကရစကားတွေ ပြောနေတာလဲ… ငါက ဘယ်လိုလုပ် မင်းရဲ့ ခဲအိုဖြစ်လာရမှာလဲ… အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ ”
ဇာမဏီငှက်က ရယ်လိုက်သည်။ သို့သော်လည်း သူက နောက်ထပ် မပြောပေ။
“ မင်းရဲ့ အမက ငါ့ကို တွေ့ချင်နေတာလား ”
“ ဟုတ်တယ်… ဟုတ်တယ်… နင် တောင်ပိုင်းမြေရိုင်းဒေသကနေ ထွက်သွားတော့ ငါ့အမက အရမ်းစိတ်မကောင်းဖြစ်သွားခဲ့တယ်… အခု နင်ပြန်ရောက်လာတော့ ငါ့အမက အရမ်းပျော်ရွှင်သွားတယ်… ဒီတစ်ကြိမ် နင်မငြင်းပါနဲ့… ငါနင့်ကို တစ်ခုပြောပြမယ်… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက အရမ်းလှတယ် ”
“ အဲ့ဒါကို စိတ်မပူပါနဲ့… အခု ငါပြန်ရောက်လာပြီဆိုတော့ မင်းရဲ့ အမကို သေချာပေါက် ငါသွားတွေ့မှာပါ… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ ငါသွားမယ် ”
သီရှီထျန်က လေးနက်စွာ ပြောသည်။
သူ၏ အကြည့်က သူ့အရှေ့မှ ဝိုင်ခွက်ထဲသို့ ကျရောက်သွားသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူနေထိုင်နေသည်မှာ အချိန်ကာလတစ်ခု ရှိသွားပြီ ဖြစ်၏။ သို့ဖြစ်၍ တောင်ပိုင်းမြေရိုင်းဒေသက အပေါ်ယံ သူမြင်နေရသကဲ့သို့ မရိုးရှင်းကြောင်း သူသိသည်။ ဖြစ်နိုင်သည်မှာ သူသိချင်သော အဖြေများကို ဇာမဏီငှက်၏ အမထံမှ သူရရှိနိုင်သည်။ ဥပမာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အနောက်ဘက်မှာရှိသော ရှေးဟောင်းအုတ်ဂူ ဖြစ်သည်။
ထိုရှေးဟောင်းအုတ်ဂူထဲမှာ မည်သို့သော ပါရမီရှင်များနှင့် ပြိုင်ဘက်ကင်းသူရဲကောင်းများကို မြှုပ်နှံထားသနည်း။ မည်သို့ကြောင့် ယင်းက တခြားနေရာများတွင် မဟုတ်ဘဲ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ထွက်ပေါ်လာရသနည်း။ ယင်းက ထူးဆန်းသော အကြောင်းအရာများအနက် တစ်ခုသာဖြစ်၏။ ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသ၏ မြောက်ဘက်ပိုင်း၌ မရဏကျီးကန်းဘုရင် နေထိုင်သော အရိုးဖြူစွန့်ပစ်ကုန်းမြေလည်း ရှိသေးသည်။
ထိုအရိုးစုများကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရန် မလုံလောက်ပေ။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ အရိုးစုများက မရေမတွက်နိုင်အောင် များပြားလှသည်။ ပိုပြီးကြောက်စရာကောင်းသည်မှာ ထိုနေရာတွင် အရိုးဝါးမျိုသစ်ပင်များက ရှင်သန်ကြီးထွားနေကြသည်။ အရိုးသန်းပေါင်းများစွာ၏ အာဟာရဓာတ်မရှိလျှင် ထိုသစ်ပင်များ ရှင်သန်နိုင်ကြလိမ့်မည် မဟုတ်ချေ။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် အရိုးဝါးမျိုသစ်ပင်များက ရာပေါင်းများစွာ ရှိသည်။
ထို့ပြင် မရဏကျီးကန်းဘုရင် နေထိုင်သော အရိုးဝါးမျိုဧရာမသစ်ပင်သည် အရိုးစုသန်းရာချီမရှိလျှင် ရှင်သန်ကြီးထွားနိုင်လိမ့်မည် မဟုတ်ချေ။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သစ်ပင်များက မည်သို့ရှင်သန်ကြီးထွားကြောင်း သီရှီထျန် မသိပေ။ သို့သော်လည်း အရိုးဖြူစွန့်ပစ်ကုန်းမြေထဲသို့ သူရောက်သွားခဲ့စဉ်က မရေမတွက်နိုင်သော အရိုးစုများပေါ်မှာ မတ်တတ်ရပ်နေသည်ဟု ခံစားမိသွားသည်။ ထိုခံစားချက်က သတ္တိမကောင်းသော လူများကို ကြက်သီးမွေးညင်းထစေနိုင်သည်။
ထိုသို့အရိုးဖြူစွန့်ပစ်ကုန်းမြေ ဖြစ်ပေါ်လာရန် မည်မျှများပြားသော သက်ရှိများက သေဆုံးသွားခဲ့ကြသနည်း။ ယင်းက လျှို့ဝှက်ဆန်းကြယ်သည်။ ထိုမေးခွန်းက သီရှီထျန်သည်ပင် မတွေးဝံ့သောအရာ ဖြစ်သည်။
အကယ်၍ သူက ထိုအကြောင်းကို လိုက်လံစုံစမ်းမည်ဆိုလျှင် ယင်းက ရှေးခေတ်ကာလနှင့် ပတ်သက်ဆက်စပ်နေလောက်၏။ ယင်းက ခရမ်းရွှေကုန်းမြေ၏ လျှို့ဝှက်ချက်များနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေလိမ့်မည်။
ထိုမျှသာ မဟုတ်ပေ။ အတိတ်တွင် သူသည် ကြွက်ဘုရင်နောက်သို့ လိုက်ဖမ်းခဲ့စဉ်က မြေအောက်အနက်ပိုင်းထဲသို့ ရောက်ရှိသွားခဲ့သည်။ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ မြေအောက်ထဲမှာ ရှေးဟောင်းအမွေအနှစ်တစ်ခု တည်ရှိနေကြောင်း မမျှော်လင့်ဘဲ တွေ့သွားခဲ့သည်။ မည်သို့ကြောင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ထိုသို့ရှေးဟောင်းအမွေအနှစ်တစ်ခု တည်ရှိနေသနည်း။ ထိုအမွေအနှစ်ထဲမှာ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်း။
ထိုမေးခွန်းများ၏ အဖြေကို သူမသိသော်လည်း အမွေအနှစ်နယ်မြေက အလွန်အန္တရာယ်များကြောင်း သူအာရုံခံမိသည်။ ထို့ကြောင့် သူက အထဲသို့ ခြေမချဝံ့ပေ။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သော နေရာဖြစ်သည်။
ထိုအချက်အလက်အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ကြီးမားသော လျှို့ဝှက်ချက်များ ပုန်းအောင်းနေကြောင်း သူခံစားမိသွားသည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ထိုအချက်အလက်များက သူ၏ နှလုံးသားထဲမှာ စုပုံသွားသည့်အခါ သံသယဖြစ်ပေါ်လာသည်။ ထို့ကြောင့် အချိန်အားလပ်သည့်အခါမျိုးမှာ တောင်ပိုင်းမြေရိုင်းဒေသက မည်သို့သော နေရာဖြစ်ကြောင်း သူစဉ်းစားလိမ့်မည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မည်မျှများပြားသော လျှို့ဝှက်ချက်များ မြှုပ်ကွယ်နေသနည်း။
တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော မြူခိုးအလွှာတစ်ခုက ဖုံးကွယ်ထားဟန် ရ၏။ သာမန်လူများသည် ယင်းကို ထွင်းဖောက်မြင်နိုင်ကြလိမ့်မည် မဟုတ်ချေ။
“ ကျူးအာရဲ့ အမက ငါ့ကို အဖြေတချို့ ပေးနိုင်လောက်တယ် ”
သီရှီထျန်က စိတ်ထဲမှာ သူ့ဘာသာ တွေးတောလိုက်သည်။ သူက ထိုကိစ္စနှင့်ပတ်သက်၍ အလွန်စူးစမ်းသိချင်သည်။ တောင်ပိုင်းမြေရိုင်းဒေသပေါ်မှ ကန့်လန့်ကာကို ဖွင့်လှစ်ပြီး လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် သူဆန္ဒစောနေသည်။ မှန်ပေသည်။ လူတိုင်းမှာ စူးစမ်းလိုစိတ်ရှိသည်။ သူသည်လည်း ချွင်းချက်မဟုတ်ပေ။
သူတော်စင်များသည်ပင် သူတို့၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို မစွန့်လွှတ်နိုင်လေရာ သူက မည်သို့လုပ်ဆောင်နိုင်မည်နည်း။
“ တကယ်လား အကိုသီ… နင် နောက်ဆုံးတော့ သဘောတူလိုက်ပြီ ”
ဇာမဏီငှက်က အံ့ဩတကြီး အော်လိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြောသည်။
“ ကျူးအာထင်တာက နင် ဆက်ပြီး ငြင်းလိမ့်မယ်လို့… ကောင်းတယ်… နောက်ဆုံးတော့ ကျူးအာရဲ့ တာဝန် ပြီးမြောက်သွားပြီ… အမကြီး ငါ့ကို မချီးကျူးဘဲ နေနိုင်မလားဆိုတာ ကြည့်ရမယ် ”
ဇာမဏီငှက်သည် စကားပြောနေရင်း သီရှီထျန်၏ အရှေ့မှာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။
“ ဘာမှစိတ်မပူပါနဲ့… အခုမှ ငါပြန်ရောက်လာတာဖြစ်လို့ ချိုင့်ဝှမ်းထဲမှာ ငါလုပ်ဆောင်စရာကိစ္စတချို့ ရှိနေတယ်… အဲ့ဒါကြောင့် အခုလောလောဆယ် မင်းနဲ့ ငါမလိုက်နိုင်သေးဘူး… ဒါ့အပြင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က ရန်ကြွေးကို ပြန်ဆပ်ရဦးမယ် ”
နောက်ဆုံးစကားကို သူပြောလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင် ထွက်ပေါ်လာသည်။ ထိုထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒလည်း ရှိ၏။ သူက ပါးစပ်ဟလိုက်ပြီး လှိုဏ်ဂူအပြင်ဘက်ထံ အော်ပြောလိုက်သည်။
“ စုစု… ငါ့ရဲ့ လှိုဏ်ဂူဆီ အမြန်ရောက်လာပြီး ငါ့ကို လာတွေ့ပါ ”
သူ၏ အော်သံထဲမှာ မိစ္ဆာချီတစ်စွန်းတစ်စ ပါဝင်နေသည်။ အော်သံက လေပြေနှင့်အတူ လှိုဏ်ဂူအပြင်သို့ ပျံ့လွင့်သွားပြီး ချိုင့်ဝှမ်း၏ အရှေ့ဘက်မှ ရေကန်ဆီသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။ အော်သံက ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက အလွန်ရှည်လျားဟန် ရ၏။
“ အရှင်မင်းကြီးက ငါ့ကို ခေါ်နေတယ် ”
“ ပွက် ”ဟူသော မြည်သံနှင့်အတူ ရေကန်က လှိုင်းထသွားသည်။ ရေလှိုင်းလုံး၏ အောက်တွင် ပေငါးဆယ်ခြောက်ဆယ်ခန့် ရှည်လျားသော ဧရာမအဖြူရောင်မြွေတစ်ကောင်က ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က ရေပုံးတစ်ပုံးခန့် ထူထဲသည်။ မြွေဖြူ၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက နှင်းကဲ့သို့ ဖြူဖွေးသည်။ နေရောင်ခြည်အောက်မှာ ယင်းတို့က ကျောက်မျက်ရတနာများနှင့် ဆင်တူကြသည်။ ယင်းက အလွန်ထူးဆန်းပြီး လှပသည်။
မြွေဖြူသည် အမြှီးလှုပ်ယမ်းလိုက်ပြီး သီရှီထျန်နေထိုင်သော လှိုဏ်ဂူဆီသို့ ကြည့်လိုက်သည်။ ဝမ်းသာပျော်ရွှင်မှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ မြန်ဆန်စွာ တွားသွားသည်။ မြေကြီးပေါ်တွင် သူ၏ အလျင်က အလွန်မြန်ဆန်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို လှမ်းမြင်သွားလျှင်ပင် အဖြူရောင်အရိပ်တစ်ခုက မြေကြီးပေါ်မှာ မြန်ဆန်စွာ တွားသွားနေကြောင်းသာ မြင်ရလိမ့်မည်။
“ အရှင်မင်းကြီး… စုစုကို ရှာနေတာပါလား ”
သိပ်မကြာမီ ပိုင်စုစုက လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။ လှိုဏ်ဂူထဲသို့ ရောက်သွားသည့်အခါ သီရှီထျန်က ထိုင်ခုံပေါ်မှာ ထိုင်နေကြောင်း သူမြင်တွေ့သွားသည်။ သူက ရိုသေလေးစားစွာ ပြောသည်။
“ အင်း စုစု… မင်းငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး… ဒီတစ်ခေါက် ငါမင်းကို ခေါ်လိုက်တာ တောင်ပိုင်းမြေရိုင်းဒေသကနေ ငါမထွက်သွားခင် မင်းကို ပေးအပ်ခဲ့တဲ့ တာဝန်ကို မင်းလုပ်ဆောင်ပြီးပြီလား မေးချင်လို့ပဲ ”
သီရှီထျန်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါကြောင့် ပိုင်စုစုသည် နည်းနည်းမှ မရိုမသေမပြုဝံ့ချေ။
သီရှီထျန်၏ စကားကို ကြားသောအခါ အေးစက်မှုက ပိုင်စုစု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပြောသည်။
“ အရှင်မင်းကြီးစိတ်ချပါ… အရှင်းမင်ကြီး ပေးအပ်ခဲ့တဲ့ တာဝန်ကို ကျွန်မ လုပ်ဆောင်ပြီးပါပြီ… ဒီနှစ်တွေထဲမှာ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို နေ့ညမပြတ် တွင်းတူးစေခဲ့ပါတယ်… အရှင်မင်းကြီး မျှော်လင့်ထားသလိုပါပဲ… အနံ့ဆိုးကြွက်တွေက တောင်ပိုင်းမြေရိုင်းဒေသရဲ့ မြေအောက်ထဲမှာ ပုန်းအောင်းနေကြပါတယ်… သူတို့က မြေအောက်ထဲမှာ မရေမတွက်နိုင်တဲ့ လှိုဏ်ခေါင်းတွေကို တူးထားကြပါတယ်… အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ စုစုက ရှေးပြေးတပ်အဖြစ် ထမ်းဆောင်ပေးဖို့ ဆန္ဒရှိပါတယ်… ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို ဦးဆောင်ပြီး မြေအောက်ထဲက ကြွက်တွေကို သတ်ပစ်ပါမယ် ”