အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 159-161
အခန်း(၂၅၉)
ကြွက်များအကြောင်း ပြောသည့်အခါ စက်ဆုပ်ရွံရှာမှုက ပိုင်စုစု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မြွေများနှင့် ကြွက်များသည် သဘာဝရန်သူများ ဖြစ်ကြသည်။
“ ကောင်းတယ်… ဒီတစ်ကြိမ် မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ… အဲ့ဒီကြွက်တွေကို သတ်ပစ်နိုင်တဲ့အခါ ငါမင်းကို ဆုလာဘ်ချီးမြှင့်မယ် ”
သီရှီထျန်က လေးနက်သော လေသံဖြင့် ပြောပြီး ခေါင်းညိတ်လိုက်သည်။ အတိတ်မှာ ကြွက်ဘုရင်နောက်သို့ သူလိုက်ဖမ်းခဲ့စဉ်က ထိုကြွက်အုပ်စုဆီမှာ မည်သို့ကြောင့် အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှု ရှိနေရသနည်း သူရှာတွေ့ချင်ခဲ့သည်။ အဝါရောင်အကာအကွယ်အလွှာ၏ တည်ရှိမှုကြောင့် သူတို့၏ ခုခံကာကွယ်မှုက အလွန်သန်စွမ်းသည်။ သူတို့၏ အသက်ဓာတ်သည်လည်း အလွန်အားကောင်းသည်။
ကံကောင်းသည်မှာ ထိုအဝါရောင်အကာအကွယ်အလွှာတွင် အချိန်အကန့်အသတ်ရှိသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအဝါရောင်အကာအကွယ်အလွှာက သူတို့၏ ကိုယ်ပိုင်စွမ်းရည်မဟုတ်ကြောင်း ထင်ရှား၏။ တစ်စုံတစ်ခုက သူတို့ကို ယာယီစွမ်းအားပေးထားခြင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူက ကြွက်ဘုရင်နောက်သို့ တမင်လိုက်သွားခဲ့သည်။ သို့သော် ကြွက်ဘုရင်က အလွန်ဉာဏ်များလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကြွက်ဘုရင်က အမွေအနှစ်နယ်မြေ၏ အန္တရာယ်များမှုကို အသုံးပြု၍ သူ့ကို သတ်ပစ်ရန် ကြိုးစားချင်ခဲ့သည်။
အမွေအနှစ်နယ်မြေ၏ အရှေ့မှာ သူက ကြွက်ဘုရင်ကို မျက်ခြေပြတ်သွားခဲ့သည်။
ကြွက်ဘုရင်အကြောင်း ပြောရလျှင် စက်ကရာသည် သူ့ကို တစ်ခါမှ လျော့မတွက်ခဲ့ဖူးပေ။ ကြွက်ဘုရင်သည် အတိတ်မှာ သူ့ကို ဝါးမျိုရန် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအား ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် သူက ရှောင်ပိုင်ကိုလည်း အန္တရာယ်ပြုခဲ့သည်။ ထိုအချိန်မှစ၍ သူက ကြွက်ဘုရင်ကို သူ၏ သတ်ဖြတ်မှုစာရင်းထဲမှာ ထည့်သွင်းလိုက်သည်။ ထို့ကြောင့် သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ယာယီထွက်သွားခဲ့သော်လည်း ကြွက်ဘုရင်ကို သတ်ဖြတ်မည့် သူ့အစီအစဉ်ကို လက်မလျော့ခဲ့ပေ။ ထို့ကြောင့် သူက မြေအောက်ထဲသို့ သွားရောက်နိုင်မည့် လှိုဏ်ခေါင်းတစ်ခုကို တူးဖော်ရန် ပိုင်စုစုကို စေခိုင်းခဲ့သည်။
အကယ်၍ ကြွက်ဘုရင်၏ တကယ့်အသိုက်ကို သူတို့ရှာဖွေနိုင်မည်ဆိုလျှင် ယင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။ သူပြန်ရောက်လာသည့်အခါ ကြွက်ဘုရင်နှင့် နောက်တစ်ကြိမ် စာရင်းရှင်းမည်။
“ အရှင်မင်းကြီး… ဒီဟာက စုစုလုပ်ရမယ့် တာဝန်ပါ… ဆုလာဘ်ကို မတောင်းဆိုရဲပါဘူး ”
သီရှီထျန်၏ ချီးကျူးစကားကို ကြားသောအခါ ပိုင်စုစုက ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း ဆုလာဘ်ကို သူငြင်းဆန်လိုက်သည်။
“ အဲ့ဒီအကြောင်း နောက်မှ ပြောရအောင်… မြေအောက်ထဲမှာ မင်းနဲ့ ငါပဲ ကောင်းကောင်း တိုက်ခိုက်နိုင်လိမ့်မယ်… မနက်ဖြန်ကျရင် မင်း ငါနဲ့အတူ မြေအောက်လောကဆီ အတူတူ သွားရမယ် ”
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး… ကျွန်မ ပြင်ဆင်စရာရှိတာတွေကို အခုပဲ ကြိုလုပ်ထားလိုက်ပါ့မယ်… ကျွန်မကို သွားခွင့်ပြုပါဦး ”
ပိုင်စုစုက ထွက်သွားသည်။ ရှောင်ပိုင်နှင့် ဇာမဏီငှက်က လှိုဏ်ဂူထဲမှာ ရှိနေကြသော်လည်း သူတို့က ဘေးမှသာ ရပ်ကြည့်နေကြပြီး တစ်ခွန်းမှ ဝင်မပြောကြပေ။ သူတို့က သီရှီထျန်၏ အလုပ်လုပ်ဆောင်ပုံကို ကြည့်နေကြသည်။
သီရှီထျန်က ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ချက်ချင်း သွားရောက်ရန် မစဉ်းစားထားပေ။ ထို့ကြောင့် ဇာမဏီငှက်သည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပြန်မသွားဘဲ ရှောင်ပိုင်နှင့်အတူ ဆော့ကစားသည်။ သူတို့နှစ်ယောက်စလုံးက ကလေးများ ဖြစ်ကြသည်။ တစ်ခဏကြာ ဆော့ကစားပြီးနောက် သူတို့က အချင်းချင်း ရင်းနှီးကျွမ်းဝင်သွားကြသည်။ သူတို့က ချိုင့်ဝှမ်းထဲမှာ လျှောက်ကစားနေရင်း စိတ်ဝင်စားဖွယ်ကောင်းသော ကိစ္စများကို ပြောကြသည်။
ရလဒ်အနေနှင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအကြောင်း ပြောရလျှင် တစ်နှစ်ခွဲကြာသွားပြီးနောက် ချိုင့်ဝှမ်းထဲမှ သက်ရှိအရေအတွက်က သိသိသာသာ တိုးပွားသွားသည်။ အတိတ်မှာ သူက အရေအတွက်တစ်သောင်းခန့်ရှိသော တိရိစ္ဆာန်များကိုသာ သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သို့သော် မြွေများ၏ စုစုပေါင်းအရေအတွက်က ထိုထက် အများကြီး ပိုများပြားသည်။ မြွေများသည် အရေအတွက်တစ်သိန်းခန့် ရှိသည်။ ယခုအချိန်မှာ မြွေများက နှစ်ဆသုံးဆခန့် ပိုများပြားလာသည်။ မျောက်မျိုးနွယ်စုတွင် စုစုပေါင်း မျောက်အကောင်တစ်သောင်းခန့် ရှိသည်။
ဝံပုလွေအုပ်စုသည်လည်း အလွန်ကြီးမားလာသည်။ အစတွင် ဝံပုလွေတစ်ထောင်ကျော်သာ ရှိသည်။ သို့သော်လည်း ယခုအချိန်မှာ ဝံပုလွေများက အရေအတွက်တစ်သောင်းခန့် တိုးပွားလာသည်။ ဝံပုလွေများသည် များသောအားဖြင့် ချိုင့်ဝှမ်းထဲမှာသာ နေထိုင်ကြသည်။ သူတို့က အမဲလိုက်သည့်အချိန်မှသာလျှင် ချိုင့်ဝှမ်းအပြင်သို့ ထွက်သွားပြီး သားကောင်များကို ရှာဖွေကြလိမ့်မည်။
ဝံပုလွေများသည် တခြားလူများ၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များကို ထိုင်စားနေရန် ဆန္ဒမရှိကြပေ။ သေခြင်းရှင်ခြင်းတိုက်ပွဲများကသာလျှင် သူတို့ကို ပိုပြီးသန်မာစေလိမ့်မည်။
လင်းတများသည်လည်း အရေအတွက်တစ်သောင်းထက် မနည်းပေ။ သူတို့ထဲမှာ ပိုင်စုစု၏ မြွေမျိုးနွယ်စုက အရေအတွက်အများဆုံး ဖြစ်သည်။ မျိုးနွယ်စုသုံးခု၏ စုစုပေါင်းအရေအတွက်က မြွေမျိုးနွယ်စုကို မယှဉ်နိုင်ပေ။ ပိုင်ယွဲ့၊ ယွမ်ထျန်းနှင့် တခြားလူများ၏ အမျိုးအနွယ်များကို မြင်တွေ့ပြီးနောက် ချီဟောင်သည် ချိုင့်ဝှမ်းထဲမှ အချိန်တစ်ခဏကြာ ထွက်သွားခဲ့သည်။ သူပြန်ရောက်လာသည့်အခါ နွားတစ်အုပ်ကို ခေါ်ဆောင်လာသည်။
သာမန်တိရိစ္ဆာန်များကို သားဖောက်ရန် သို့မဟုတ် မျိုးပွားရန်သာ အသုံးပြုနိုင်ကြသည်။ ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များသာလျှင် ဝိညာဉ်သားရဲနယ်ပယ်သို့ ဝင်ရောက်နိုင်ကြပြီး မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းကို စတင်နိုင်ကြသည်။ ဝိညာဉ်သားရဲများသာလျှင် မိစ္ဆာသားရဲများ ဖြစ်လာရန် အရည်အချင်းပြည့်မီကြသည်။
သူ၏ ခန့်မှန်းမှုအရ ယခု ချိုင့်ဝှမ်းထဲမှ တိရိစ္ဆာန်များထဲတွင် ဝိညာဉ်သားရဲအရေအတွက်က ငါးထောင် သို့မဟုတ် ခြောက်ထောင်ခန့် ရှိသွားသည်။ ယင်းက အလွန်များပြားသော အရေအတွက်ဖြစ်သည်။
သီရှီထျန်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ မထွက်သွားခင် ဤသို့အမိန့်ပေးခဲ့သည်။ သူက မျောက်မင်းဝိုင်ကို ရေဖြင့် အချိုးအစားကျစွာ ရောစပ်၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ တိရိစ္ဆာန်အားလုံးကို သောက်သုံးစေခဲ့သည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာလိမ့်မည်။
ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသသည် ဝိညာဉ်စွမ်းအား အလွန်ပေါကြွယ်ဝ၏။ အထူးသဖြင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ မိစ္ဆာချီက အပြင်ဘက်မှာထက် ပိုပြီးပေါများသည်။
အကယ်၍ ထိုဝိညာဉ်သားရဲ ငါးထောင် ခြောက်ထောင်သာ အမှန်တကယ် ကျင့်ကြံနိုင်သွားကြပြီး မိစ္ဆာသားရဲများ ဖြစ်လာကြမည်ဆိုလျှင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အင်အားက သိသိသာသာ တိုးပွားသွားလိမ့်မည်။ သူတို့က စစ်မှန်သော မိစ္ဆာအင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။
ယင်းကို ကြည့်ခြင်းအားဖြင့် သီရှီထျန်က အမျှော်အမြင်ရှိသူဖြစ်ကြောင်း ထင်ရှား၏။ သူ၏ လုပ်ဆောင်မှုတိုင်းမှာ အကြောင်းအရင်း ရှိသည်။
သီရှီထျန်သည် လှိုဏ်ဂူထဲမှာ တစ်ညလုံး တံခါးပိတ်ကျင့်ကြံနေသည်။ သူ၏ မိစ္ဆာချီက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသည့်အခါ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ ကျင့်ကြံသူအလောင်းများကို ဆက်လက် သူသန့်စင်လိုက်သည်။ သူက ကျင့်ကြံသူအလောင်းများထံမှ သွေးနှင့်ချီကို သန့်စင်လိုက်သည်။ ယင်းတို့၏ စွမ်းအင်အနှစ်သာရက မိစ္ဆာချီအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းသွားသည်။
နောက်တစ်နေ့ နံနက်တွင်…
ပိုင်စုစုက သီရှီထျန်၏ လှိုဏ်ဂူအပြင်ဘက်မှာ စောစီးစွာ ကြိုစောင့်နေသည်။
သီရှီထျန်သည် လှိုဏ်ဂူအပြင်သို့ ထွက်လာပြီးလျှင် ပိုင်စုစုကို မြင်တွေ့သွားသည်။ သူက ပိုင်စုစုကို ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
“ သွားကြစို့…. အဲ့ဒီကြွက်စုတ်တွေကို ငါတို့ဖမ်းဆီးကြမယ်… အဲ့ဒီကြွက်တွေရဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာ ငါကြည့်ဦးမယ် ”
သူတို့သည် မနေ့ကတည်းက သဘောတူညီမှုရရှိထားပြီးပြီ ဖြစ်၏။ ထို့ကြောင့် နောက်ထပ် ဆွေးနွေးညှိနှိုင်းနေရန် မလိုအပ်ပေ။ သီရှီထျန်က ပိုင်စုစုကို အရှေ့မှ လမ်းပြရန် ညွှန်ကြားလိုက်သည်။ ပိုင်စုစု တူးထားသော တွင်းပေါက်က ချိုင့်ဝှမ်းထဲမှာ မဟုတ်ပေ။ ယင်းအစား ချိုင့်ဝှမ်းအပြင်ဘက်မှာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ အကယ်၍ သူက တွင်းပေါက်ကို ချိုင့်ဝှမ်းထဲမှာ တူးလိုက်မည်ဆိုလျှင် ကြွက်ဘုရင်က ယင်းကို သတိပြုမိသွားနိုင်သည်။
သူတို့သည် လှိုဏ်ခေါင်းကို ဖြတ်၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ထွက်သွားကြသည်။ မကြာမီ သူတို့က ပိုင်စုစု၏ ဦးဆောင်မှုအောက်မှာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ဆီသို့ ရောက်ရှိသွားကြသည်။
ရှေးဟောင်းသစ်ပင်က အလွန်ရှည်လျားသည်။ ပင်စည်သည်လည်း လူရွယ်တစ်ယောက် လက်နှစ်ဖက်ဖြင့် ဖက်ထားနိုင်သည်အထိ ကြီးမားသည်။ မှန်ပေသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ထိုသို့သစ်ပင်ကြီးကို တမင်သက်သက် ဖြိုချပစ်လေ့မရှိကြပေ။ ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ဝိညာဉ်စွမ်းအားက အလွန်ပေါကြွယ်ဝသည်။ သို့ဖြစ်၍ သစ်ပင်များသည် နေ့ညမပြတ် ရှင်သန်ကြီးထွားနိုင်ကြသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ထိုထက် ပိုပြီးတုတ်ခိုင်သော သစ်ပင်ကြီးများ အများအပြားရှိသည်။
“ ရွှတ် ”
ပိုင်စုစုသည် သူ၏ အမြှီးကို လွှဲယမ်းလိုက်ပြီး ရှေးဟောင်းသစ်ပင်ကြီး၏ အရှေ့၌ တည်ရှိနေသော ဧရာမကျောက်တုံးကြီးကို ရိုက်ချလိုက်သည်။ ဧရာမကျောက်တုံးကြီးသည် ကြီးမားသော အင်အားကြောင့် ဘေးသို့ ရွှေ့သွားသည်။ ထို့နောက် ဧရာမကျောက်တုံးကြီး အစောနက တည်ရှိနေခဲ့သော နေရာတွင် နက်ရှိုင်းသော တွင်းပေါက်တစ်ခု ထွက်ပေါ်လာသည်။
တွင်းပေါက်သည် အလွန်နက်ရှိုင်းဟန်ရပြီး အထဲဘက်၌ မည်းမှောင်နေသည်။
“ အရှင်မင်းကြီး… အဲ့ဒါက ဒီငယ်သား တူးဖော်ထားတဲ့ တွင်းပါ… ဒီဟာက ကျွန်မတူးထားတဲ့ တွင်းပေါက်တွေထဲက တစ်ခုပါ… တခြားတွင်းပေါက်နှစ်ခုက တခြားနေရာတွေမှာ ရှိပါတယ် ”
ပိုင်စုစုက တွင်းပေါက်အရှေ့မှာ ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာ ပြောသည်။ ဤမျှနက်ရှိုင်းသော တွင်းပေါက်ကို တူးရန်အလို့ငှာ တစ်နေ့တည်း တစ်ညတည်းဖြင့် မပြီးမြောက်နိုင်ပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ပိုင်စုစု မည်မျှအလုပ်ကြိုးစားခဲ့ကြောင်း မြင်နိုင်ပေသည်။
တွင်းပေါက်၏ အကျယ်အဝန်းသည် စက်ကရာ၏ ပုံမှန်ကျားခန္ဓာကိုယ် ဝင်ဆံ့ရန် အလုံအလောက် ကျယ်ဝန်းသည်။ ထို့ပြင် သူက တွင်းပေါက်ထဲမှာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပေသည်။
“ အင်း ”
ပိုင်စုစုသည် နောက်ထပ် စကားမပြောတော့ဘဲ တွင်းပေါက်ထဲသို့ အရင်ဝင်ရောက်သွားကာ အရှေ့မှ လမ်းပြပေးသည်။ စက်ကရာသည် ပိုင်စုစု၏ အနောက်မှ နီးကပ်စွာ လိုက်သွားသည်။ မြေအောက်တွင်းပေါက်သည် မည်းမှောင်နေသည်။ အထဲမှာ မည်သည့်အလင်းရောင်မှ မရှိပေ။ သို့သော်လည်း ယင်းက ပိုင်စုစုအတွက်ဖြစ်စေ သီရှီထျန်အတွက်ဖြစ်စေ ပြဿနာမဟုတ်ပေ။
သူတို့က နေ့အချိန်ကဲ့သို့ပင် တွင်းပေါက်ထဲမှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ ဝိညာဉ်အသိဉာဏ်ရှိသော ဝိညာဉ်သားရဲများသည်ပင် ညအချိန်မှာ အရာဝတ္ထုများကို ထင်ရှားစွာ မြင်နိုင်ကြသည်။ သို့ဖြစ်၍ မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးသော ပိုင်စုစုအတွက် အမှောင်ထုက ပြဿနာမဟုတ်ပေ။
တွင်းပေါက်ထဲသို့ သူတို့ဝင်ရောက်သွားပြီးသည့်အခါ မြေအောက်ထဲသို့ သူတို့ဆင်းသွားလေ တွင်းပေါက်အရွယ်အစားက ပိုပြီးကျယ်လာလေဖြစ်ကြောင်း သီရှီထျန် ရှာတွေ့သွားသည်။ ထို့ပြင် တွင်းပေါက်က ဤတစ်ခုတည်း မဟုတ်ကြောင်း သူ၏ မိစ္ဆာအာရုံမှတဆင့် သီရှီထျန် ခံစားမိသွားသည်။ အမှန်တကယ်ပင် ဤတွင်းပေါက်၏ ဘေးပတ်ပတ်လည်မှာ မရေမတွက်နိုင်သော တခြားတွင်းပေါက်များ ရှိသည်။ သို့သော်လည်း ယင်းတို့က ဤတွင်းပေါက်နှင့် ချိတ်ဆက်မနေပေ။
“ အရှင်မင်းကြီး… အဲ့ဒီကြွက်စုတ်တွေက မြေအောက်ထဲမှာ မရေမတွက်နိုင်တဲ့ လှိုဏ်ခေါင်းတွေကို တူးထားပါတယ်… အဲ့ဒီလှိုဏ်ခေါင်းတွေက တောင်ပိုင်းမြေရိုင်းဒေသထဲက နေရာအသီးသီးနဲ့ ချိတ်ဆက်နေပါတယ်… တချို့လှိုဏ်ခေါင်းတွေဆိုရင် ဒီတွင်းပေါက်ကို ဖြတ်သန်းသွားပါတယ်… ဒါပေမဲ့ ဒီငယ်သားက ကြွက်တွေ ဒီတွင်းပေါက်ကို ရှာမတွေ့သွားနိုင်အောင် အဲ့ဒီလှိုဏ်ခေါင်းတွေကို လိုက်ပိတ်ဆို့ထားပါတယ်… ဒါကြောင့် ဒီတွင်းပေါက်အတိုင်း အောက်ကို ဆင်းသွားမယ်ဆိုရင် ကြွက်ဘုရင်ရဲ့ အသိုက်ဆီ တန်းတန်းမတ်မတ် ရောက်သွားပါလိမ့်မယ်… ဒါ့အပြင် ဒီငယ်သားက သူ့ရဲ့ အသိုက်ထဲမှာ ထူးဆန်းတဲ့ တစ်စုံတစ်ရာကို ရှာတွေ့ခဲ့ပါတယ် ”
ပိုင်စုစုသည် အရှင်မင်းကြီး၏ ဘေးမှာ သူတစ်ယောက်တည်း အဖော်ပြုပေးနေရသည်ကို စဉ်းစားမိသောအခါ စိတ်လှုပ်ရှားလာသည်။ ထို့ကြောင့် သူက သူရှာတွေ့ထားသော အကြောင်းကို စိတ်အားထက်သန်စွာ ပြောသည်။
အခန်း(၂၆၀)
“ ထူးဆန်းတဲ့အရာလား… စုစု ငါ့ကို အဲ့ဒီအကြောင်း သေချာပြောပြစမ်း ”
သီရှီထျန်က မြေအောက်ထဲမှ ကြွက်အုပ်စုများအကြောင်း တွေးနေရင်း ပြန်ပြောလိုက်သည်။ တစ်ဆက်တည်းမှာ သူက စိတ်ထဲ၌ တွေးတောလိုက်သည်။
‘ အဲ့ဒီကြွက်တွေက တောင်ပိုင်းမြေရိုင်းဒေသရဲ့ မြေအောက်ကို သူတို့ရဲ့ ကမ္ဘာငယ်တစ်ခုလို တည်ဆောက်ထားတာပဲ… ဒီနေရာမှာ လှိုဏ်ခေါင်းတွေက မရေမတွက်နိုင်အောင် တည်ရှိပြီး အဲ့ဒါကို မြေအောက်တိုင်းပြည်တစ်ခုလို့တောင် သတ်မှတ်နိုင်တယ်… လှိုဏ်ခေါင်းတွေကို လိုက်ရေမယ်ဆိုရင် အဲ့ဒါက အနည်းဆုံး ဆယ်သန်းလောက် ရှိနိုင်တယ် ’
ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါ သီရှီထျန်သည်ပင် အနည်းငယ် ခေါင်းကိုက်သွားသည်။
ကြွက်ဘုရင်ကို သေချာပေါက် သူသုတ်သင်ရှင်းလင်းပစ်ရမည်။ သို့မဟုတ်လျှင် မြေအောက်တိုင်းပြည်ထဲမှ ကြွက်များကို သူဖြေရှင်းရန် အတော်လေး အခက်တွေ့လိမ့်မည်။
ထို့ပြင် သီရှီထျန်က ထိုကြွက်အားလုံးကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန် မရည်ရွယ်ထားပေ။
‘ ဒီလောကမှာ မျိုးနွယ်စုပေါင်း မရေမတွက်နိုင်အောင် ရှိတယ်… မျိုးနွယ်စုတစ်ခုစီမှာ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက် ရှိကြတယ်… ဒီကြွက်တွေက မြေအောက်ထဲမှာ ကိုယ်ပိုင်တိုင်းပြည်တစ်ခုတောင် တည်ဆောက်နိုင်ကြတယ်… သူတို့က သာမန်မဟုတ်ဘူးဆိုတာ ထင်ရှားတယ်… သူတို့ကို အမြစ်ဖြတ်သုတ်သင်ပစ်ဖို့ မလိုဘူး… သူတို့ ငါ့အတွက် အလုပ်လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ’
‘ အရှင်မင်းကြီး… ဒီငယ်သား တွင်းပေါက်ကို တူးတဲ့အခါမှာ ကြွက်ဘုရင်နေထိုင်တဲ့ အသိုက်ထိရောက်အောင် တူးခဲ့ပါတယ်… အသိုက်ထိရောက်အောင် တူးပြီးသွားတဲ့အခါမှာ ဒီငယ်သားက ကြွက်ဘုရင်ကို လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့ပါတယ်… အဲ့ဒီကြွက်ဘုရင်က မကြာခဏဆိုသလို သူ့အသိုက်ရဲ့ အနောက်ဘက်က လျှို့ဝှက်အခန်းဆီ ဝင်ရောက်သွားလေ့ရှိပါတယ်… ဒီငယ်သားက စူးစမ်းသိချင်တာကြောင့် လျှို့ဝှက်အခန်းထိ တွင်းတူးလိုက်ပါတယ်… ဒါပေမဲ့ လှိုဏ်ခေါင်းအဆုံးက မြေဆီလွှာက အရမ်းမာကျောပါတယ်… ကျွန်မရဲ့ ခွန်အားက မလုံလောက်လို့ လျှို့ဝှက်အခန်းထဲထိရောက်အောင် မတူးနိုင်ခဲ့ပါဘူး… ဒီငယ်သားရဲ့ ခန့်မှန်းမှုအရ လျှို့ဝှက်အခန်းထဲမှာ ကြွက်ဘုရင်ရဲ့ လျှို့ဝှက်ချက်တချို့ ရှိနေနိုင်ပါတယ် ”
ကျားရဲတောင်တန်းဒေသကဲ့သို့ ဝိညာဉ်စွမ်းအား ရှားပါးသော တောင်တန်းဒေသထဲမှာပင် ပိုင်စုစုက ကိုယ့်ဘာသာ ဝိညာဉ်အသိဉာဏ် နှိုးထနိုင်ခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သူ၏ ပါရမီက မသေးငယ်ကြောင်း မြင်နိုင်ပေသည်။
မိစ္ဆာမျိုးနွယ်စုထဲမှာပင် သူ၏ မွေးရာပါပါရမီက တခြားမိစ္ဆာသားရဲများထက် သာလွန်ပေသည်။ ယခု ပိုင်စုစုက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာလေရာ လူသားတစ်ယောက်ထက် မလျော့သော ဉာဏ်ရည်ကို ပိုင်ဆိုင်သွားသည်။
ထို့ပြင် သူက အမျိုးသမီး ဖြစ်သည်။ အမျိုးသမီးများသည် များသောအားဖြင့် စေ့စပ်သေချာပြီး စူးစမ်းလိုစိတ်များကြသည်။ ထိုသို့စူးစမ်းလိုစိတ်ကြောင့် သူက လျှို့ဝှက်အခန်း၏ တည်ရှိမှုကို ရှာတွေ့သွားခဲ့သည်။
“ အို… မြေဆီလွှာက အရမ်းမာကျောတယ်လား ”
သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ရှင်းလင်းစွာပင် သူက ပိုင်စုစု၏ စကားကို စိတ်ဝင်စားသွားသည်။
သီရှီထျန်သည် ကြွက်ဘုရင်ကို ရှာဖွေရန် ပိုင်စုစုနှင့်အတူ တွင်းပေါက်အတိုင်း အောက်သို့ တန်းမတ်စွာ ဆင်းသွားသည်။
တိုက်ဆိုင်စွာပင် ဧရာမကြွက်က ကြွက်ဘုရင်နှင့်အတူ စကားပြောနေသည်။ ကြွက်ဘုရင်သည် ပလ္လင်ပေါ်မှာ ထိုင်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက အတော်လေး ဂနာမငြိမ်ဖြစ်နေသည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်စဉ် ကြောက်ရွံ့သော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကြွက်စစ်သူကြီးအကြောင်း ပြောရလျှင် သူက ဤတစ်နှစ်အတွင်းမှာ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြောင်း ထင်ရှားသည်။ သူ၏ အရွယ်အစားက ကျားသစ်တစ်ကောင်ခန့် ကြီးမားသော ကြွက်ဘုရင်နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးငယ်သည်။ သို့သော်လည်း သူ၏ အမွှေးအမျှင်များက ကြွက်ဘုရင်ကဲ့သို့ မြေကြီးအဝါရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါအပေါ် အခြေခံပြီး စစ်ဆေးကြည့်လျှင် သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်နေပြီဖြစ်ကြောင်း ရှာတွေ့သွားလိမ့်မည်။
ထို့ပြင် သူ့မှာ စစ်သူကြီးတစ်ယောက်နှင့် လိုက်ဖက်သော အရှိန်အဝါရှိသွားသည်။ သူက ယခင်ကထက် အနည်းငယ် ပိုရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ သို့သော်လည်း သူက ကြွက်ဘုရင်၏ အရှေ့မှာ ယခင်ကဲ့သို့ ရိုသေကျိုးနွံနေဆဲပင်။
“ အရှင်မင်းကြီး… ကျုပ်ရဲ့ အမြင် လုံးဝမမှားပါဘူး… အဲ့ဒီတုန်းက ကျုပ်က ကြွက်အုပ်စုတစ်စုကို ခေါ်ပြီး အစားအစာတွေ လိုက်လံရှာဖွေနေခဲ့ပါတယ်… အဲ့ဒီအချိန်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အရှင်သခင်ဖြစ်တဲ့ ကျားနက်က တောင်ကုန်းငယ်တစ်ခုလို အရွယ်အစားကြီးမားလာပြီး ဟိန်းဟောက်လိုက်ပါတယ်… သူ့ရဲ့ ဟိန်းသံက အလွန်ကြောက်စရာကောင်းလို့ ကျုပ်က နေရာမှာတင် သတိမေ့လဲသွားပါတယ်… ကျားနက်လို အစွမ်းထက်တည်ရှိမှုကို ကျုပ်က ဘယ်လိုလုပ် အမြင်မှားနိုင်မှာပါလဲ… အဲ့ဒါက ကျားနက်ဆိုတာ လုံးဝသေချာပါတယ် ”
ကြွက်စစ်သူကြီးက တည်ကြည်လေးနက်စွာ ပြောသည်။ ထို့နောက် သူက စိုးရိမ်ကြောက်လန့်လာပြီး ဆက်ပြောသည်။
“ အရှင်မင်းကြီး… အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ… အတိတ်မှာ အရှင်မင်းကြီးက ကျားနက်ကို ဆန့်ကျင်ခဲ့ပါတယ်… ကျုပ်ရဲ့ အသိတွေကို လိုက်မေးကြည့်ပြီးပါပြီ… အဲ့ဒီနေ့က အရှင်မင်းကြီး ဖမ်းဆီးချင်ခဲ့တဲ့ ကျားဖြူလေးက ကျားနက်ရဲ့ ညီမလေးတဲ့… အရှင်မင်းကြီး… ကျုပ်တို့တွေ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြရအောင် ”
သူ့စကားဆုံးသွားသည့်အခါ အလျင်လိုသော အမူအရာက ကြွက်စစ်သူကြီး၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကြွက်ဘုရင်ဖြစ်စေ ကြွက်စစ်သူကြီးဖြစ်စေ သူတို့နှစ်ယောက်စလုံးက သီရှီထျန်ကို အလွန်ကြောက်ကြသည်။ အတိတ်မှ မြင်ကွင်းက ယခုထိတိုင် သူတို့၏ စိတ်ထဲမှာ ရှင်းလင်းထင်ရှားစွာ စွဲမြဲနေဆဲပင်။
ထိုကျားနက်က မြေအောက်ထဲသို့ပင် လိုက်လာပြီး သူတို့ကို အသည်းအသန် လိုက်ဖမ်းခဲ့သည်။ အမွေအနှစ်နယ်မြေ၏ ထူးခြားဆန်းကြယ်မှုကြောင့်မဟုတ်လျှင် သူတို့က ထိုနေ့မှာတင် သီရှီထျန်၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားကြလိမ့်မည်။ အတိတ်၌ ကျားနက်က တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ခွာသွားကြောင်း သူတို့ကြားသိခဲ့စဉ် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။ သို့သော်လည်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ပြန်လက်စားချေချင်သောဆန္ဒ သူတို့ဆီမှာ လုံးဝ မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ကျားနက်ကို အလွန်ကြောက်ရွံ့သည်။ ကျားနက်မရှိလျှင်ပင် သူတို့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို မထိဝံ့ကြချေ။
“ ကျွီ… ကျွီ… ထွက်ပြေးမယ်လား… ငါတို့က ဘယ်ကို ထွက်ပြေးနိုင်မှာလဲ… ဒါ့အပြင် ငါတို့ထွက်ပြေးစရာ မလိုသေးပါဘူး… အဲ့ဒီကျားနက်က အရမ်းအစွမ်းထက်ပြီး သူ့ကို ငါအနိုင်မယူနိုင်ဘူးဆိုပေမဲ့ အဲ့ဒါက ကုန်းမြေပေါ်မှာပါ… ဒီမြေအောက်လောကက ငါတို့ရဲ့ ပိုင်နက်ဖြစ်တယ်… သူက ငါ့ကို ရှာချင်တယ်ဆိုရင် သေချာပေါက် မြေအောက်လောကဆီ ဆင်းလာရလိမ့်မယ်… သူက အဲ့ဒီလို ဆင်းလာရဲမှာလား… တကယ်လို့ အဆိုးဆုံးအခြေအနေဖြစ်လာရင် ငါသူနဲ့ အသေအကြေ တိုက်ခိုက်ပစ်မယ် ”
ကြွက်ဘုရင်က စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ သို့သော်လည်း မြေအောက်လောကက သူ့ကို ဘေးကင်းလုံခြုံမှုပေးနိုင်သည်ဟု ထင်နေဆဲပင်။
“ ငါ့ကို အချိန်တစ်ခဏပဲ ပေးပါ… နတ်ဘုရားပုတီးစေ့ကို ငါ့ဗိုက်ထဲ ဝါးမျိုနိုင်တဲ့အခါကျရင် ငါက ဒီတောင်ပိုင်းမြေရိုင်းဒေသရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ် ”
ကြွက်ဘုရင်က ရုတ်တရက် ပြောသည်။ သူ၏ ယုံကြည်မှုက မည်သည့်နေရာမှ ဆင်းသက်လာကြောင်း မသိရပေ။ သို့သော်လည်း နတ်ဘုရားပုတီးစေ့အကြောင်း ပြောသည့်အခါ သူ၏ အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားပြီး သူက ပိုပြီးစိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ သူက ဤလောက၌ နတ်ဘုရားပုတီးစေ့၏ ကောင်းချီးကို ရရှိထားသော တစ်ဦးတည်းသောလူ ဖြစ်သည့်အလားပင်။
“ နတ်ဘုရားစွမ်းအားကို မကြာခင် ပိုင်ဆိုင်တော့မယ့်အတွက် ကြိုဂုဏ်ပြုပါတယ် အရှင်မင်းကြီး ”
ကြွက်စစ်သူကြီးက ချက်ချင်း ဖော်လံဖားလိုက်သည်။ သူက အထစ်အငေါ့မရှိဘဲ လွယ်ကူချောမွေ့စွာ ပြောသည်။ ရှင်းလင်းစွာပင် ဖော်လံဖားခြင်းသည် သူ၏ ကျွမ်းကျင်မှုတစ်မျိုး ဖြစ်သည်။
“ ကျွီ… ကျွီ… မင်းတော်တယ်… ငါမင်းကို ဆုလာဘ်ချီးမြှင့်မယ်… ဒီနေ့ မင်းငါနဲ့အတူ လိုက်လာပြီး နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပါ ”
ကြွက်ဘုရင်က ကြွက်စစ်သူကြီး၏ စကားကြောင့် အလွန်ဝမ်းသာပျော်ရွှင်သွားဟန် ရ၏။ သူက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။
ထို့နောက် သူက ပလ္လင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လှိုဏ်ဂူ၏ အနောက်ဘက်သို့ လျှောက်သွားသည်။ ထို့နောက် သူက လျှို့ဝှက်တံခါးကို ဂရုတစိုက် ဖွင့်လိုက်ပြီး အထဲသို့ ဝင်ရောက်သွားသည်။ ကြွက်စစ်သူကြီးသည်လည်း ကြွက်ဘုရင်အနောက်သို့ အမြန်လိုက်သွားသည်။ သူက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူတို့အထဲဝင်သွားပြီးနောက် လျှို့ဝှက်တံခါးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်း၏ တည်ရှိမှုက အလွန်လျှို့ဝှက်လေရာ လျှို့ဝှက်တံခါးကို ရှာဖွေရန် အလွန်ခဲယဉ်းပေသည်။
လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် သူတို့၏ မျက်လုံးက ရုတ်တရက် ဝင်းလက်သွားသည်။ ယင်းက အလွန်ကျယ်ပြောသော လှိုဏ်ဂူတစ်ခု ဖြစ်သည်။ လှိုဏ်ဂူ၏ အလယ်တွင် အရွယ်အစားကြီးမားသော ယဇ်ပလ္လင်တစ်ခုရှိသည်။ ယင်းကို ထူးဆန်းသော ကျောက်တုံးတစ်မျိုးဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း မည်သူမဆို အကြည့်တစ်ချက်ဖြင့် ပြောနိုင်လိမ့်မည်။ ယဇ်ပလ္လင်က အဌဂံယဇ်ပလ္လင် ဖြစ်သည်။ ယဇ်ပလ္လင်တွင် အလွှာသုံးလွှာရှိသည်။ ထိပ်ဆုံးအလွှာပေါ်မှာ အဝါရောင်ပုတီးစေ့တစ်လုံး ရှိသည်။
ထိုပုတီးစေ့သည် အဌဂံယဇ်ပလ္လင်ကို ဆောက်လုပ်ထားသော ထူးထူးဆန်းဆန်း ကျောက်တုံးထံမှ စွမ်းအားကို အဆက်မပြတ် စုပ်ယူနေဟန် ရ၏။ အဝါရောင်အလင်းက ပုတီးစေ့ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ အဝါရောင်အလင်းက လှိုဏ်ဂူတစ်ခုလုံး၌ ပြည့်နှက်နေသည်။ အဝါရောင်အလင်းက လှိုဏ်ဂူ၏ နံရံများပေါ်သို့ ကျရောက်သွားသည့်အခါ လှိုဏ်ဂူနံရံ၏ မြေဆီလွှာက ဖော်မပြနိုင်အောင် အလွန်မာကျောသွားသည်။
ကြွက်ဘုရင်သည် အထဲသို့ ဝင်သွားပြီးနောက် ယဇ်ပလ္လင်အောက်မှာ တိုက်ရိုက် လဲလျောင်းလိုက်သည်။ သူက အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်ပြီး အဝါရောင်အလင်းကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
အဝါရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာပြီး သူ၏ အသွေးအသားနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။ သူက စိတ်ကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ကြွက်စစ်သူကြီးသည်လည်း ကြွက်ဘုရင်နည်းတူ လိုက်လံလုပ်ဆောင်သည်။
“ ဟူး လား လား ”
သူတို့က နတ်ဘုရားအလင်းအောက်၌ နှစ်ခြင်းမင်္ဂလာခံယူရန် စိတ်နှစ်ထားသောကြောင့် လှိုဏ်ဂူမျက်နှာကြက်ပေါ်မှာ တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာကြောင်း မကြားမိကြချေ။
အကယ်၍ ဤအခိုက်အတန့်မှာ သူတို့သာ အပေါ်သို့ ခေါင်းမော့ကြည့်လိုက်မည်ဆိုလျှင် ချွန်ထက်သော အနက်ရောင်လက်သည်းတစ်ချောင်းက လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာကြောင်း မြင်တွေ့ကြရလိမ့်မည်။
ထို့နောက် လက်သည်းက စက်ဝိုင်းသဏ္ဍာန် ရွေ့လျားသွားပြီး လှိုဏ်ဂူနံရံကို လှီးဖြတ်သွားသည်။ ထို့နောက် သူက စက်ဝိုင်းသဏ္ဍာန်ရှိသော မြေကြီးကို တိတ်တဆိတ် ဖယ်ထုတ်လိုက်သည်။
မကြာမီ မထူးမခြားနား မျက်လုံးတစ်စုံက ထိုအပေါက်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ အပေါက်က လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှာရှိနေလေရာ မျက်လုံးတစ်စုံက လှိုဏ်ဂူထဲမှ အရာအားလုံးကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်တွေ့သွားသည်။
“ မြေအောက်ထဲမှာ ဒီလိုထူးဆန်းတဲ့နေရာတစ်နေရာ ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး… ယဇ်ပလ္လင်တစ်ခုက ဒီနေရာမှာ ရှိနေတယ်လား… ယဇ်ပလ္လင်ပေါ်က ပုတီးစေ့က ဘာလဲ… ဟမ်… အဲ့ဒီပုတီးစေ့ကို ရင်းနှီးတယ်လို့ ငါခံစားရတယ် ”
လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှာ တိတ်တဆိတ် အပေါက်ဖောက်ခဲ့သူသည် ပိုင်စုစုနှင့်အတူ မြေအောက်လောကထဲသို့ ဆင်းလာခဲ့သော သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ အတိတ်၌ ပိုင်စုစုသည် ထိုလှိုဏ်ဂူနံရံကို မထိုးဖောက်နိုင်ခဲ့ပေ။ သို့သော်လည်း ယင်းက သီရှီထျန်အတွက်တော့ ကြီးမားသော အခက်အခဲ မဟုတ်ပေ။
အခန်း(၂၆၁)
သီရှီထျန်၏ ကျားလက်သည်းက နတ်ဘုရားလက်နက်ကဲ့သို့ အလွန်အမင်း ထက်ရှသည်။ သူက ပိုင်စုစု၏ လမ်းပြပေးမှုအနောက်မှ လိုက်သွားပြီး ကြွက်ဘုရင်၏ အသိုက်ဆီသို့ ရောက်သွားခဲ့သည်။ သို့သော်လည်း အထဲသို့ သူရောက်သွားသည့်အခါ ကြွက်ဘုရင်ကို မမြင်တွေ့ပေ။ ထို့ကြောင့် ကြွက်ဘုရင်က လျှို့ဝှက်အခန်းထဲ ဝင်ရောက်သွားခြင်းဖြစ်မည်ဟု သီရှီထျန် ခန့်မှန်းလိုက်လေသည်။ ထို့ကြောင့် သူက လျှို့ဝှက်အခန်းဆီသို့ ဆက်လက် ဦးတည်သွားသည်။
သူ၏ လက်သည်းက အလွန်ထက်ရှသော်လည်း လှိုဏ်ဂူနံရံကို သူချိုးဖြတ်ခဲ့စဉ် သူ့လက်သည်းအောက်မှ မြေဆီလွှာက ကျောက်တုံးထက်ပင် အများကြီး ပိုမာကျောနေကြောင်း ရှာတွေ့သွားသည်။ ယင်းကို သူကုတ်ဆွဲလိုက်စဉ် သံမဏိပြားကို ကုတ်ဆွဲနေရသည့်အလား ခံစားမိသွား၏။ ယင်းက ထူးဆန်းသည်။
သို့သော် ထိုမြေဆီလွှာကို သေချာစစ်ဆေးကြည့်လိုက်သော်လည်း ယင်းက မည်သည့်အရာဖြစ်ကြောင်း သူမပြောနိုင်ပေ။
ယင်းက ရှားပါးသော သတ္ထုတစ်မျိုး ဖြစ်နိုင်သော်လည်း အတိအကျမမှန်ပေ။ ယင်းက ကျောက်တုံးထက် ပိုပြီးမာကျောသော်လည်း မြေဆီလွှာသာဖြစ်ကြောင်း သူသေချာသည်။ တစ်နည်းဆိုရသော် ယင်းက ကျောက်တုံးထက် ပိုပြီးမာကျောသော မြေဆီလွှာ ဖြစ်၏။ အဖြေကို သီရှီထျန် မစဉ်းစားနိုင်ပေ။
သို့သော်လည်း သီရှီထျန်က တစ်ခဏမျှသာ စိတ်ရှုပ်ထွေးသွားသည်။ အဘယ့်ကြောင့်ဆိုသော် လျှို့ဝှက်အခန်းထဲမှ မြင်ကွင်းက သူ၏ အာရုံကို ဆွဲဆောင်သွားသောကြောင့်ပင်။ လျှို့ဝှက်အခန်းထဲတွင် ထူးဆန်းသော ယဇ်ပလ္လင်တစ်ခုရှိပြီး ယဇ်ပလ္လင်၏ အပေါ်မှာ အဝါရောင်ပုတီးစေ့တစ်လုံး ရှိသည်။ အဝါရောင်ပုတီးစေ့က အခန်းတစ်ခုလုံး ပြည့်နှက်သွားစေမည့် ဝိညာဉ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ထိုအလင်းရောင်က လှိုဏ်ဂူနံရံပေါ်သို့ ကျရောက်နေကြောင်း သီရှီထျန် မြင်သွားသောအခါ မည်သို့ကြောင့် ဤနေရာမှ မြေဆီလွှာက အလွန်မာကျောနေရကြောင်း သူခန့်မှန်းနိုင်သွားသည်။
သို့သော်လည်း ထိုပုတီးစေ့ကို သူမြင်သွားသည့်အခိုက် အကြောင်းအရင်းကို မသိသော်လည်း အလွန်ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို သူရရှိသွားသည်။ ထိုခံစားမှုက မည်သည့်နေရာထံမှ ထွက်ပေါ်လာကြောင်း သူအဖြေမရှာနိုင်ပေ။
“ ဘာလို့ အဲ့ဒီလို ငါခံစားမိတာလဲ… တကယ်ဆိုရင် ဒီဟာက အဲ့ဒီပုတီးစေ့ကို ပထမဆုံးအကြိမ် ငါမြင်ဖူးတာပါ… ဘာလို့ ရင်းနှီးကျွမ်းဝင်တယ်လို့ ငါခံစားမိတာလဲ… ထူးဆန်းတယ်… အမ်… တစ်ခုခု မဟုတ်သေးဘူး ”
သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထိုစဉ် သူ၏ မျက်လုံးထဲမှ ဇဝေဇဝါဖြစ်သော အကြည့်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန် ရ၏။ သူက တစ်ချက်တွေးလိုက်လေရာ သူ၏ သိုလှောင်အိတ်က အရောင်တောက်ပသွားသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုလဲတစ်လုံးက သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။
အနက်ရောင်ပုလဲလုံးကို သူကြည့်လိုက်သည့်အခါ ထူးဆန်းသော အနက်ရောင်အလင်းက ပုလဲလုံး၏ မျက်နှာပြင်ပေါ်မှာ ရံဖန်ရံခါ ထွက်ပေါ်လာကြောင်း သူမြင်တွေ့သွားသည်။ အံ့ဖွယ်ကောင်းသော ယင်စွမ်းအင်က အနက်ရောင်ပုလဲလုံးထဲမှ မထင်မရှား ထွက်ပေါ်နေသည်။ ပုလဲလုံးထဲ၌ အနက်ရောင်ရေကန်တစ်ကန် ရှိနေသည်ဟု ဝေဝေဝါးဝါး သူခံစားရမိသည်။ ယင်းက အလွန်ထူးဆန်းသည်။
သီရှီထျန်က ထိုပုလဲလုံးကို သေချာမှတ်မိသည်။ ယင်းက သူ၏ “ လက်နက်ဖန်တီးသန့်စင်ခြင်း ”စာအုပ်အတွက် ဘုရင်မမဒူဆာ သူ့ကို ပြန်ပေးခဲ့သော ပစ္စည်းဖြစ်သည်။ မဒူဆာ၏ အဆိုအရ ထိုပုလဲလုံးက မိုးမြေကြားမှ နေနှင့်လ၏ အနှစ်သာရကို မြန်ဆန်စွာ စုစည်းပေးနိုင်သည်။ တစ်စုံတစ်ယောက်က ထိုပုလဲလုံးကို သယ်ဆောင်ထားမည်ဆိုလျှင် ကျင့်ကြံသည့်အခါ နေနှင့်လ၏ အနှစ်သာရကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်လိမ့်မည်။
ပုလဲလုံး၏ ကျန်ရှိသော စွမ်းရည်များကိုတော့ မဒူဆာသည်လည်း သေချာမသိပေ။ အတိတ်မှာ သီရှီထျန်က ထိုပုလဲလုံးကို သိပ်အလေးအနက် မထားခဲ့ပေ။ သူက ယင်းကို အလဲအလှယ်ပစ္စည်းတစ်ခုဟုသာ သတ်မှတ်ခဲ့သည်။ ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သူထွက်သွားသည့်အချိန် ပုလဲလုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းထားခဲ့သည်။
ထို့နောက် ကိစ္စအများကြီး ဖြစ်ပျက်ခဲ့လေရာ ပုလဲလုံး၏ တည်ရှိမှုကို သူသတိမေ့သွားသည်။
အကယ်၍ ယခု ယဇ်ပလ္လင်ပေါ်မှ အဝါရောင်ပုတီးစေ့ကိုသာ သူမမြင်ခဲ့လျှင် သူ့မှာ အနက်ရောင်ပုလဲလုံးရှိနေကြောင်း လုံးဝ သတိထားမိလိမ့်မည် မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ ယင်းက သူ၏ သိုလှောင်အိတ်ထဲမှာ ဖုန်တတ်သွားသည်အထိ မေ့ထားခံရလိမ့်မည်။
ယခုအခြေအနေအရ ယဇ်ပလ္လင်ပေါ်မှ ပုတီးစေ့ထံမှ ရင်းနှီးကျွမ်းဝင်မှုကို သူခံစားရသည်မှာ မထူးဆန်းတော့ပေ။ ယင်းက သူ၏ လက်ထဲမှ အနက်ရောင်ပုလဲလုံးနှင့် တစ်ပုံစံတည်း တူညီသည်။ အရောင်ကွဲပြားနေသည်မှလွဲလျှင် တခြားခြားနားမှု မရှိပေ။ သူ့မှာ ဓာတ်ပုံမှတ်ဉာဏ်ရှိသည်။ ထို့ကြောင့် အတိတ်မှာ အနက်ရောင်ပုလဲလုံးကို သူမြင်လိုက်စဉ် ယင်း၏ ပုံရိပ်က သူ့စိတ်ထဲမှာ စွဲမြဲသွားခဲ့သည်။ ထိုကြောင့် အဝါရောင်ပုတီးစေ့ကို သူမြင်လိုက်သည့်အခါ ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိသွားခြင်းပင်။
“ ငါ့ရဲ့ အနက်ရောင်ပုလဲလုံးက ယဇ်ပလ္လင်ပေါ်က အဝါရောင်ပုလဲလုံးနဲ့ တစ်ပုံစံတည်း တူညီတယ်… ဒါပေမဲ့ အနက်ရောင်ပုလဲလုံးက အဝါရောင်ပုလဲလုံးလို အံ့ဖွယ်ကောင်းတဲ့ ဝိညာဉ်အလင်းရောင်ကို မထုတ်လွှတ်ပေးဘူး… ဘာလို့ အဲ့ဒီလိုဖြစ်တာလဲ… အဲ့ဒီပုလဲလုံးနှစ်ခုကြားမှာ ချိတ်ဆက်မှုတစ်ခုခု ရှိနေတာများလား… မဟုတ်မှလွဲရော ငါ့ရဲ့ အနက်ရောင်ပုလဲလုံးကလည်း အံ့ဖွယ်ကောင်းတဲ့ ရတနာလား ”
ဤအခိုက်အတန့်မှာ သီရှီထျန်က သူ့လက်ထဲမှ အနက်ရောင်ပုလဲလုံးနှင့် ယဇ်ပလ္လင်ပေါ်မှ အဝါရောင်ပုလဲလုံးကို တစ်လှည့်စီ ကြည့်လိုက်သည်။ ခြားနားမှုသည် အလွန်ကြီးမားသည်။ ယဇ်ပလ္လင်ပေါ်မှ အဝါရောင်ပုလဲလုံးက အံ့ဖွယ်ကောင်းသော ဝိညာဉ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် ယင်းက သာမန်ရတနာတစ်ခု မဟုတ်ပေ။ အခြားတစ်ဖက်မှာတော့ သူ့လက်ထဲမှ အနက်ရောင်ပုလဲလုံးက မည်သည့်ထူးခြားမှုမှ မပြချေ။ ယင်းက သာမန်ပုလဲလုံးတစ်လုံး ဖြစ်ပုံပေါ်သည်။ သူ၏ မိစ္ဆာချီကို ပုလဲလုံးထဲသို့ ထည့်သွင်းလိုက်သည့်တိုင် ယင်းက မည်သည့်တုံပြန်မှုမှ မပြချေ။ ယင်းက အလွန်ထူးဆန်းသည်။
တစ်ခဏ တွေးတောပြီးနောက် သူက အနက်ရောင်ပုလဲလုံးကို သိုလှောင်အိတ်ထဲမှာ ပြန်ထည့်သိမ်းလိုက်သည်။ သူက အရှေ့သို့ ခြေချလိုက်ပြီး အဝါရောင်ဝိညာဉ်အလင်းကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေရန် ခွင့်ပြုလိုက်သည်။ သူက မည်သည့်အကာအကွယ်မှ မပြုလုပ်ခဲ့ပေ။
ဝိညာဉ်အလင်းရောင် ကျရောက်လာသည်နှင့်ချက်ချင်း သီရှီထျန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။
“ အဲ့ဒါက မြေကြီးဒြပ်စင်ဝိညာဉ်စွမ်းအားပဲ… ဘယ်လောက်တောင်မှ သန့်စင်လိုက်လဲ… ဒီလောက်သန့်စင်တဲ့ မြေကြီးဒြပ်စင်ဝိညာဉ်စွမ်းအားကို တစ်ခါမှ ငါမခံစားဖူးဘူး… အဲ့ဒီကြွက်တွေ အံ့ဖွယ်ကောင်းတဲ့ ခုခံကာကွယ်မှုကို ပိုင်ဆိုင်ထားကြတာ မထူးဆန်းတော့ပါဘူး… ကမ္ဘာမြေက ထုထည်ကြီးမားပြီး မိုးကောင်းကင်ရဲ့ အလေးချိန်ကိုတောင် တောင့်ခံနိုင်တယ်… မြေကြီးရဲ့ ခုခံကာကွယ်မှုက ဒီလောကမှာ အသန်မာဆုံးလို့တောင် ဆိုနိုင်တယ် ”
ဤအခိုက်အတန့်မှာ သူသည် ထိုကြွက်များက မည်သို့ကြောင့် အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှုကို ပိုင်ဆိုင်ထားကြကြောင်း အပြည့်အဝ နားလည်သွားသည်။ သူတို့က သန့်စင်သော မြေဒြပ်စင်ဝိညာဉ်စွမ်းအားအောက်မှာ နှစ်ခြင်းမင်္ဂလာကို ခံယူထားသောကြောင့်ပင်။ သာမန်ကြွက်များသည် မြေဒြပ်စင်ဝိညာဉ်စွမ်းအားကို မည်သို့စုပ်ယူရမည်ဖြစ်ကြောင်း မသိကြချေ။ ထို့ကြောင့် ဝိညာဉ်အလင်းရောင်က သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ဝိညာဉ်အလင်း၏ စွမ်းအင်(၉၀)ရာခိုင်နှုန်းက သူတို့၏ အရေပြားပေါ်မှာ စုဝေးသွားသည်။ ကျန်(၁၀)ရာခိုင်နှုန်းက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့ကြောင့် သူတို့က အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်သွားကြခြင်းပင်။
“ ဒီလောက်ကောင်းတဲ့ ရတနာက ငါ့အရှေ့မှာရှိနေတာ အဲ့ဒါကို ငါမယူရင် ဒီလောကမှာ ငါ့လောက်မိုက်မဲတဲ့လူ ရှိပါဦးမလား… ဒီဟာက ကြွက်ဘုရင်ကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ ”
သီရှီထျန်က ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်လေရာ သူ့တစ်ကိုယ်လုံးက လူသားအသွင်သဏ္ဍာန်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဝတ်စုံနက်ကို ဝတ်ဆင်ထားစဉ် သူ၏ လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော လေပြင်းက လှိုဏ်ဂူထဲမှာ တိုက်ခတ်သွားသည်။ လေထဲတွင် အလွန်ထက်ရှသော လေဓားသွားများ ဖွဲ့စည်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လှိုဏ်ဂူထဲ၌ လေဓားသွားရာပေါင်းများစွာ ထွက်ပေါ်လာကြသည်။
လေဓားသွားများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားကြသည်။ လေဓားသွားများက လေထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ ယင်းတို့က ပမာဏအလွန်များပြားသော မိစ္ဆာချီကိုလည်း သယ်ဆောင်သွားကြသည်။
ထို့ကြောင့် လေခွင်းသံများသည်ပင် ဆက်တိုက် ထွက်ပေါ်လာသည်။
လေဓားသွားမန္တန်… ။
ယင်းက အခြေခံမန္တန်တစ်ခု ဖြစ်သည်။ သို့သော်လည်း ယင်းကို စက်ကရာ အသုံးပြုလိုက်သည့်အခါ လေဓားသွားမန္တန်က အခြေခံမန္တန်တစ်ခုထက် အများကြီး ပိုအစွမ်းထက်သွားသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က လေဓားသွားမန္တန်ကို အသုံးပြုမည်ဆိုလျှင် အများဆုံး လေဓားသွား လေးငါးခုကိုသာ ထုတ်လွှတ်နိုင်လိမ့်မည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ရာပေါင်းများစွာသော လေဓားသွားများက သီရှီထျန်၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ဖရိုဖရဲဓားများက လေထဲ၌ တစ်ချိန်တည်း ပြန့်ကျဲသွားသည့်အလားပင်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ ကျွီ… ကျွီ ”
မည်သို့ဖြစ်ပါစေ ကြွက်ဘုရင်က အစွမ်းထက် မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေဆဲပင်။ ထို့ပြင် သူက အဝါရောင်ပုလဲ၏ နတ်ဘုရားအလင်းအောက်မှာ နေ့တိုင်းလိုလို နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ ထို့ကြောင့် သူက တခြားမိစ္ဆာသားရဲများထက် အများကြီး ပိုအစွမ်းထက်သည်။ လေခွင်းသံကို သူကြားသွားသည်နှင့်ချက်ချင်း သူ၏ မျက်လုံးကို ဖွင့်လိုက်သည်။ သူခေါင်းမော့လိုက်သည့်အခါ လေဓားသွားရာပေါင်းများစွာက သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း မြင်တွေ့သွားသည်။ သူက ချက်ချင်း ဒေါသထွက်သွားပြီး ထူးဆန်းသော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။
သူက ရှောင်ရှားရန် မကြိုးစားပေ။ မှန်ပေသည်။ လေဓားသွားများ၏ အလျင်က အလွန်မြန်ဆန်သောကြောင့် သူ့မှာ ရှောင်တိမ်းရန် အချိန်မရှိပေ။ ထို့ကြောင့် သူက ခန္ဓာကိုယ်ကို တစ်ခါလှုပ်လိုက်ပြီး အဝါရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက ဆူးတောင်များသဖွယ် ထောင်မတ်သွားကြသည်။ ဤအခိုက်အတန့်မှာ သူက ဖြူကောင်တစ်ကောင်နှင့် ဆင်တူသွားသည်။ ကြီးမားလေးလံသော အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။
“ ဒင်… ဒင်… ဒင် ”
မျှော်လင့်ထားသည့်အတိုင်းပင် လေဓားသွားများက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားကြသည်။ ထိုလေဓားသွားများက အလွန်ထက်ရှသည်။ လေသည်ပင် ယင်းတို့ကြောင့် ပိုင်းဖြတ်ခံလိုက်ရဟန် ရ၏။ သို့သော်လည်း လေဓားသွားများက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည့်အခါ ယင်းတို့က ထူထဲသော အဝါရောင်အလင်းလွှာဖြင့် တားဆီးခံလိုက်ကြရသည်။
အဝါရောင်အလင်းက ဖော်မပြနိုင်အောင် အလွန်သန်မာသည်။ ရာပေါင်းများစွာသော လေဓားသွားများက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်သွားသော်လည်း ယင်းတို့က အဝါရောင်အလင်းအကာအကွယ်ကို မဖျက်ဆီးနိုင်ပေ။
ထို့ပြင် ကြွက်ဘုရင်က အကြိမ်ရေအနည်းငယ် တကျွီကျွီ အော်မြည်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အဝါရောင်အလင်းက ရုတ်တရက် ပိုပြီးအားကောင်းလာသည်။ အစွမ်းထက်အင်အားက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး လေဓားသွားများကို ဖျက်ဆီးပစ်လိုက်သည်။
“ ဘန်း ”
ကြွက်ဘုရင်သည် သူ၏ လက်သည်းဖြင့် မြေကြီးကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ သူ့ခြေထောက်အောက်မှ မြေကြီးက အနည်းငယ် တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ရက်စက်ကြမ်းကြုတ်လာပြီး ပိုအားကောင်းလာသည်။ သူက မျက်လုံးနှစ်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
“ ဘယ်ကောင်လဲ… ဘယ်ကောင်က အဲ့လောက်သတ္တိကောင်းလို့ ဒီဘုရင်ရဲ့ ပိုင်နက်ထဲ ဝင်လာပြီး ဒီဘုရင်ကို တိုက်ခိုက်ရဲတာလဲ… ငါမင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ် ”
ကြွက်ဘုရင်က ဒေါသတကြီး အော်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သီရှီထျန်အပေါ်သို့ ကျရောက်သွားသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုတောက်ပလာသည်။ သူက အံတင်းတင်းကြိတ်၍ သွားဖြဲပြလိုက်သည်။ သူက သီရှီထျန်ကို အချိန်မရွေး ခုန်အုပ်နိုင်ရန် အသင့်ပြင်လိုက်သည်။
“ အရှင်မင်းကြီး… ဒီစစ်သူကြီးက အဲ့ဒီခြေနှစ်ချောင်းမွန်းစတားကို သင်ခန်းစာပေးဖို့ ကူညီပေးပါမယ် ”
ကြွက်စစ်သူကြီးသည် လေထဲမှာ မတ်တတ်ရပ်နေသော သီရှီထျန်ကို မြင်တွေ့သွားသောအခါ ခြေနှစ်ချောင်းမွန်းစတားကို ချက်ချင်း စဉ်းစားမိသွားသည်။ ခြေနှစ်ချောင်းမွန်းစတား၏ အသွေးအသားနှင့် အရသာက မည်မျှသာလွန်ကောင်းမွန်ကြောင်း သူသတိရသွားသောအခါ နှစ်ခါစဉ်းစားမနေဘဲ အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူက လက်သည်းများကို ဆန့်ထုတ်၍ သီရှီထျန်ကို တိုက်ခိုက်လိုက်သည်။ သူ၏ ခုန်အုပ်မှုက အလွန်အားကောင်းသည်။ သူခုန်အုပ်လိုက်သည်နှင့် သူ့အရှေ့မှ လေထုက ပြိုကွဲသွားသည်။