← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 162-164

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 162-164

အခန်း(၂၆၂)

စက်ကရာသည် သေခြင်းရှင်ခြင်းကြားမှ ခြားနားမှုကို မသိသေးသော ကြွက်ငမိုက်သားကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ ဘန်း ”

ထိုစဉ် အဖြူရောင်ပုံရိပ်တစ်ခုက လှိုဏ်ဂူမျက်နှာကြက်ပေါ်မှ အပေါက်ထဲမှ ရွှတ်ခနဲ ဆင်းသက်လာသည်။ ဧရာမအမြှီးတစ်ချောင်းက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကြွက်စစ်သူကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ ကြီးမားသော အင်အားက ကြွက်စစ်သူကြီး၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ လေထဲသို့ ခုန်အုပ်လိုက်သော သူ့ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ မြေကြီးပေါ်သို့ အကြမ်းပတမ်း သူပြုတ်ကျသွားသည့်အခါ အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ထွက်ပေါ်လာသည်။

ကြွက်စစ်သူကြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်နှင့် သိမ်မွေ့နူးညံ့သော အသံက လေထဲမှာ ထွက်ပေါ်လာသည်။

“ ဘာမဟုတ်တဲ့ ကြွက်စုတ်ကများ ငါ့အရှင်ကို တိုက်ခိုက်ရဲတယ်လား… နင်က သေချင်နေတာပဲ ”

ပုံရိပ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။ သူက ဧရာမမြွေဖြူတစ်ကောင် ဖြစ်သည်။ သူက မြေကြီးပေါ်သို့ ဆင်းသက်သွားပြီး အထင်သေးရှုံ့ချစွာ ပြောသည်။

“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မြွေဖြူ… ဒါဆို မင်းက ဘယ်သူလဲ ”

ကြွက်ဘုရင်သည် မြွေဖြူကို မြင်သွားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက အစောနကကဲ့သို့ မမောက်မာဝံ့တော့ပေ။ ကြောက်ရွံ့သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သီရှီထျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဤသည်မှာ သူက လောက၌ ကြောက်စရာအကောင်းဆုံးအရာကို မြင်လိုက်ရသည့်အလားပင်။

“ ဟွန့်… ကြွက်ဘုရင်စုတ်… မင်းက ငါအရှင်ကိုတောင် မမှတ်မိတော့ဘူးလား… ငါမင်းကို တစ်ခါပြောခဲ့ပြီးပြီမဟုတ်လား… မင်းဘယ်ကိုပဲ ပြေးပြေး ငါမင်းအနောက်ကို လိုက်ဖမ်းမယ်… မင်း ကမ္ဘာမြေအဆုံးထိ ထွက်ပြေးရင်တောင် ကမ္ဘာမြေအဆုံးထိ ငါလိုက်ဖမ်းမယ်… မင်းက မြေအောက်လောကထဲမှာ ပုန်းအောင်းနေတာနဲ့ပဲ ဒီဘုရင်က ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား ”

သီရှီထျန်၏ အမူအရာက ဘာမှမပြောင်းလဲသွားပေ။ သူက ခါတိုင်းကဲ့သို့ မထူးမခြားနား ပြုမူနေသည်။ သို့သော် သူ့စကားသံက အလွန်အေးစက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တစ်စွန်းတစ်စလည်း ပါဝင်နေသည်။

“ မင်းက ကျားနက်ဘုရင် သီရှီထျန်ပဲ… ဒီနေရာကို မင်းဘယ်လိုရှာတွေ့သွားတာလဲ ”

ကြွက်ဘုရင်၏ မျက်နှာအမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုကို နောက်ထပ် မဖိနှိပ်နိုင်တော့ပေ။ သူက ကြောက်လန့်စွာ အော်ပြောသည်။

“ အတိတ်မှာ ဒီဘုရင်က မင်းကို ရန်စခဲ့တာ မှန်ပါတယ်… ဒါပေမဲ့ အဲ့ဒါက ငါ့ကို သတ်ပစ်ဖို့ထိ မပြင်းထန်ပါဘူး… ဒီဘုရင်က ဘယ်တော့မှ မြေအောက်ထဲကနေ ထွက်မလာတော့ဘူးလို့ ကတိပေးတယ်… မင်းဘာလို့ ငါ့ကို အသက်ချမ်းသာမပေးတာလဲ… ”

“ ဒီမယ် ကျားနက်ဘုရင်… ဒီဘုရင်က မင်းကို ကြောက်တယ်လို့ ထင်နေတာလား… မင်းငါ့ကို အတင်းဖိအားပေးမယ်ဆိုရင် ငါမင်းနဲ့ အသေအကြေတိုက်ခိုက်ပစ်မယ် ”

အမှန်မှာ ကြွက်ဘုရင်က အလွန်ဉာဏ်ကောင်းသည်။ သီရှီထျန်၏ သရုပ်မှန်ကို သူအတည်ပြုနိုင်သွားသည်နှင့်ချက်ချင်း တစ်ဖက်လူက သူ့ကို အသက်ချမ်းသာပေးလိမ့်မည်မဟုတ်ကြောင်း သူသိလိုက်သည်။ သူက အတိတ်မှ တိုက်ပွဲများကို ပြန်တွေးလိုက်သည်။ သီရှီထျန်၏ ခွန်အားက တစ်ကြိမ်ပြီးတစ်ကြိမ် ယခင်ကထက် ပိုပြီးသန်စွမ်းလာသည်။

ထို့ကြောင့် အကြောက်တရားက သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့သွားသည်။

သီရှီထျန်အား လူအသွင်သဏ္ဍာန်ဖြင့် သူမြင်လိုက်ရသောအခါ မိစ္ဆာမျိုးနွယ်စု၏ ဒဏ္ဍာရီတစ်ခုကို သူပြန်အမှတ်ရသွားသည်။ စစ်မှန်သော မိစ္ဆာတစ်ကောင်သည် ကပ်ဘေးဒုက္ခမိုးတိမ်ကို ဖြတ်ကျော်ပြီးသွားလျှင် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်ပေသည်။ စစ်မှန်သော မိစ္ဆာတစ်ကောင်၏ တိုက်ပွဲစွမ်းအားက အလွန်သန်မာသည်။ သူ့ကဲ့သို့ မိစ္ဆာသားရဲဆယ်ကောင်ရှိလျှင်ပင် စစ်မှန်သော မိစ္ဆာတစ်ကောင်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့စဉ်းစားမိသောအခါ သူက သီရှီထျန်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ယဇ်ပလ္လင်အရှေ့သို့ ခုန်အုပ်လိုက်ပြီး ထူးဆန်းသော အဝါရောင်ပုလဲလုံးကို ဝါးမျိုလိုက်သည်။

“ သီရှီထျန်… မင်းက ငါ့ကို အလွတ်မပေးချင်ဘူးဆိုတော့ ဒီနေ့ ငါမင်းနဲ့ အသေအကြေတိုက်ခိုက်မယ်… ငါသေမလား မင်းသေမလား ကြည့်ကြတာပေါ့ ”

ကြွက်ဘုရင်၏ လှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး ရုတ်တရက်ဆန်သည်။ ထို့ပြင် သူ၏ တည်နေရာက ယဇ်ပလ္လင်နှင့် သိပ်မဝေးပေ။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုကို မည်သူမှ မဟန့်တားနိုင်ခဲ့ပေ။

ကြွက်ဘုရင်သည် ယဇ်ပလ္လင်ပေါ်မှ အဝါရောင်ပုလဲလုံးကို ဝါးမျိုလိုက်ပြီး ယဇ်ပလ္လင်ပေါ်မှာ ရပ်လိုက်သည်။ သူက သွားဖြဲပြလိုက်ပြီး ချောက်ချားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ ရူးသွပ်မှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သီရှီထျန်ကို စိုက်ကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ့မျက်နှာက တင်းမာခက်ထန်သွားသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်က ထွန်းလင်းတောက်ပသွားစဉ် သွေးဆာသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ဤလျှို့ဝှက်အခန်းသည် နှစ်ပေါင်းများစွာကြာအောင် ဝိညာဉ်အလင်းရောင်ဖြင့် ထွန်းလင်းခံခဲ့ရသည်။ ဝိညာဉ်အလင်းရောင်၏ သက်ရောက်မှုကြောင့် ဘေးပတ်ပတ်လည်မှ မြေဆီလွှာက ကျောက်ခဲထက်ပင် ပိုမာကျောသွားသည်။

သို့ဖြစ်၍ လူအနည်းစုသာလျှင် အပြင်ဘက်မှနေ ဤအခန်းထဲသို့ ချိုးဖြတ်ဝင်လာနိုင်ကြသည်။ ထို့နည်းတူစွာ ဤအခန်းထဲမှ အပြင်သို့ ပြန်ထွက်သွားရန် မလွယ်ကူပေ။

သီရှီထျန်သည် အထဲသို့ ဝင်လာပြီးနောက် ထွက်ပေါက်အရှေ့မှာ ပိတ်ရပ်လိုက်သည်။ ယင်း၏ ဆိုလိုရင်းမှာ ကြွက်ဘုရင်သည် ဤအခန်းထဲမှ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ဤသို့ဆိုရိုးစကားရှိ၏။ ချောင်ပိတ်ခံရသော ခွေးက ပြန်ကိုက်နိုင်သည်။ ခွေးသည်ပင် အနောက်ဆုတ်ရန် လမ်းမရှိတော့သည့်အခါ သတ္တိမွေးပြီး ပြန်တိုက်ခိုက်နိုင်သည်။ ထို့ပြင် ကြွက်ဘုရင်က မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။ သူ၏ အသိဉာဏ်က သာမန်လူသားတစ်ယောက်ထက် မညံ့ပေ။ သူ့မှာ လွတ်လမ်းမရှိတော့ကြောင်း မြင်လိုက်သည့်အခါ စိတ်ပျက်အားလျော့မှုက သူ့စိတ်ကို ကြီးစိုးသွားသည်။ ထို့ကြောင့် ရူးမိုက်သော အတွေးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူအသက်မရှင်နိုင်လျှင် တစ်ဖက်လူကိုလည်း ကောင်းကောင်း အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်။ သူက ယနေ့ သေချာပေါက် သေဆုံးတော့မည်ဆိုလျှင် သူမသေခင် တစ်ဖက်လူကို အကြိမ်ရေအနည်းငယ် ကိုက်သွားခဲ့ရမည်။ ယင်းက အလဟဿ သေဆုံးသွားခြင်းထက်စာလျှင် အများကြီး ပိုကောင်းမွန်သည်။

“ အဲ့ဒါကို ဟိုးအရင်ကတည်းက မင်းလုပ်ခဲ့သင့်တယ်… ငါတို့ကြားက ရန်ငြိုးက ဒီနေ့ အဆုံးသတ်သင့်ပြီ ”

သီရှီထျန်က တစ်ချက်တွေးလိုက်လေရာ “ ချွင် ချွင် ချွင် ”ဟူသော မြည်သံများနှင့်အတူ အနက်ရောင်လခြမ်းကွေးဓားများက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ အနက်ရောင်လခြမ်းကွေးဓားများက စုစုပေါင်း အရေအတွက် နှစ်ဆယ်ကျော်သည်။ ယင်းတို့က မြန်ဆန်သော အလျင်ဖြင့် သူ၏ ဘေးမှာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ ယင်းတို့က တစ်နေရာတည်းသို့ မြန်ဆန်စွာ ဦးတည်သွားကြသည်။

ယင်းတို့က လေထဲမှာ အတူတကွ ပေါင်းစည်းသွားကြသည်။ မကြာမီ ကြောက်မက်ဖွယ်ကောင်းသော ဓားမော့ချီက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ နောက်အခိုက်အတန့်မှာ ဧရာမအနက်ရောင်လခြမ်းကွေးဓားက လေထဲမှာ ထွက်ပေါ်လာသည်။ ဓားပေါ်တွင် အနက်ရောင်အလင်း တောက်ပသွားသည့်အခါ ထက်ရှသော ဓားမော့ချီက ပြန့်ကျဲသွားသည်။ အလွန်အားကောင်းသော ဓားမော့ချီက ဘေးပတ်ဝန်းကျင်မှ လေကို အဆက်မပြတ် ပိုင်းဖြတ်လိုက်သည်။

“ သေစမ်း ”

သီရှီထျန်က ကြွက်ဘုရင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ဧရာမမိစ္ဆာမြူနှင်းဓားက မိုးကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်ပစ်နိုင်သည့်အလား အလွန်သန်စွမ်းလာသည်။ မိစ္ဆာမြူနှင်းဓားက ယဇ်ပလ္လင်ပေါ်မှ ကြွက်ဘုရင်ပေါ်သို့ အကြမ်းပတမ်း ခုတ်ပိုင်းလိုက်သည်။

ထက်ရှသော ဓားမော့ချီက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်ပြီး အောက်သို့ တန်းမတ်စွာ ခုတ်ချလိုက်သည်။ ဤသည်မှာ မိစ္ဆာမြူနှင်းဓား ဆင်းသက်လာသည့်အခိုက် မိုးမြေကြားထဲမှ သက်ရှိအားလုံး ယင်းကို တိမ်းရှောင်ရန် အခွင့်အရေးမရှိတော့သည့်အလားပင်။

“ ကျွီ… ကျွီ… ”

ကြွက်ဘုရင်က ထူးဆန်းသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အဝါရောင်ထွန်းလင်းတောက်ပလာသည်။ ထိုအလင်းရောင်ထဲမှာ မိစ္ဆာချီသာမက အံ့ဖွယ်ကောင်းသော မြေကြီးဝိညာဉ်စွမ်းအားလည်း ပါဝင်နေသည်။ မြေကြီးဝိညာဉ်စွမ်းအားသည် ဤလောက၏ အကောင်းဆုံး အကာအကွယ်ဖြစ်သည်ဟု ဆိုနိုင်သည်။ အဝါရောင်အလင်းက ကြွက်ဘုရင်၏ အရေပြားနှင့် အမွှေးများပေါ်မှာ လှည့်ပတ်သွားသည်။ ယင်းက အလွန်ထူးဆန်းသော မြင်ကွင်း ဖြစ်သည်။ ထို့ပြင် ကြွက်ဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အဆမတန် ကြီးမားသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကြွက်ဘုရင်၏ ခန္ဓာကိုယ်က အံ့ဖွယ်ကောင်းစွာ အရွယ်ကြီးမားသွားသည်။

တစ်ပေ… နှစ်ပေ…

နောက်ဆုံးမှာ သူက ငါးပေအထိ မြင့်မားသွားသည်။ သူ၏ တစ်ကိုယ်လုံးက အဝါရောင်ထွန်းလင်းတောက်ပသွားလေရာ သံမဏိကြွက်တစ်ကောင်သဖွယ် အောက်မေ့ရ၏။

“ ထန် ”

မိုးမြေကို ခုတ်ပိုင်းပစ်နိုင်စွမ်းရှိဟန်ရသော မိစ္ဆာမြူနှင်းဓားက အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုတ်ပိုင်းလိုက်သည်။ ဓားမော့အလင်းတန်းက ဓမ္မလက်နက်တစ်ခုကဲ့သို့ အလွန်သန်စွမ်းသည်။ ယင်းက ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ဒေါင်လိုက်ကျဆင်းသွားသည်။ သို့သော်လည်း အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ဓားမော့အလင်းက ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည့်အခါ ယင်းက ကြွက်ဘုရင်၏ အမွှေးများကိုပင် မဖြတ်တောက်နိုင်ခဲ့ပေ။ ယင်းက မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြိုကွဲသွားသည်။

ဤအခိုက်အတန့်မှာ ကြွက်ဘုရင်က မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားဟန် ရ၏။

“ အားကောင်းလိုက်တာ… ဘယ်လောက် အစွမ်းထက်လိုက်လဲ… နတ်ဘုရားပုလဲ… ဒီဟာက သေချာပေါက် နတ်ဘုရားပုလဲပဲ… ဒီနေ့ နတ်ဘုရားပုလဲကို ငါဝါးမျိုလိုက်ပြီ… ငါက ပြိုင်ဘက်ကင်းသွားပြီ… ငါမင်းကို မကြောက်တော့ဘူး ”

ကြွက်ဘုရင်၏ မျက်နှာက ရက်စက်ခက်ထန်လာသည်။ သူက မောက်မာထောင်လွှားစွာ အော်ပြောလိုက်သည်။ နတ်ဘုရားပုလဲကို သူဝါးမျိုလိုက်သည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော မြေကြီးဝိညာဉ်စွမ်းအင်လှိုင်းက ပုလဲလုံးထံမှ ထွက်ပေါ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ မြန်ဆန်စွာ စီးဆင်းသွားသည်။ ဤအခိုက်အတန့်မှာ သူက အင်အားဖြင့် ပြည့်လျှံနေသည်ဟု ခံစားမိသွားသည်။ သူ၏ တိုက်ပွဲစွမ်းအားက တဖြည်းဖြည်း တိုးပွားသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက မူလအကန့်အသတ်ထက် ကျော်လွန်သွားပြီး အလွန်သန်စွမ်းသွားသည်။

“ စက္ခုရောင်ခြည်တော် ”

အဝါရောင်အလင်းတန်းနှစ်ခုက ကြွက်ဘုရင်၏ မျက်လုံးထဲမှ ရုတ်တရက် ပျံသန်းထွက်လာသည်။ အလင်းတန်းသည် တစ်လက်မခန့်သာ ရှည်လျားသော်လည်း ယင်းထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ကိန်းအောင်းနေသည်။ ယင်းတို့က ဧရာမမိစ္ဆာမြူနှင်းဓားကို ထိမှန်သွားသည်။ မိစ္ဆာမြူနှင်းဓားသည် စက္ခုရောင်ခြည်တော်ကို လုံးဝ မခုခံနိုင်ပေ။ ယင်းက အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။

ထိုမျှသာ မဟုတ်ပေ။ တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းများက လုံးဝ မရပ်တန့်သွားပေ။ ယင်းတို့က မိစ္ဆာမြူနှင်းဓား၏ လာရာလမ်းကြောင်းအတိုင်း ပျံသန်းသွားပြီး သီရှီထျန်ဆီသို့ ဦးတည်သွားသည်။ စက္ခုရောင်ခြည်တော်၏ စွမ်းအားက ယခင်ကနှင့် လုံးဝ ကွဲပြားသွားသည်။ ရောင်ခြည်တော် ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်သည်ပင် လှိုင်းအတွန့်တွန့်ထသွားသည်။

ရောင်ခြည်တန်းက သီရှီထျန်ကို ပစ်မှတ်ထားလိုက်သည်။

ယင်းက မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော ကြွက်ဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်သက်သက်သာ မဟုတ်တော့ပေ။ နတ်ဘုရားပုလဲကို ဝါးမျိုပြီးနောက် ကြွက်ဘုရင်၏ စွမ်းအားက ရုတ်တရက် အဆပေါင်းများစွာ တိုးမြှင့်သွားသည်။ သူ၏ အရှိန်အဝါက အကြမ်းပတမ်း မြင့်တတ်သွားနေသည်။

ထိုရောင်ခြည်တန်းနှစ်ခုကို သီရှီထျန် မြင်သွားသောအခါ အန္တရာယ်သတိပေးသံက သူ၏ ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက ထောင်မတ်သွားကြသည်။

“ တင်း… တုန် ”

အခန်း(၂၆၃)

ကျောက်စိမ်းအလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ အလင်းရောင်ပြန့်ကျဲသွားသည့်အခါ ကြိုးကိုးချောင်းတပ် ကျောက်စိမ်းကုချင်းတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး လေထဲ၌ မျောလွင့်သွားသည်။ သူက လက်နှစ်ဖက်ကို ကုချင်းပေါ်သို့ တင်လိုက်ပြီး ကုချင်းကြိုးများကို မြန်ဆန်စွာ တီးခတ်လိုက်သည်။

ကြွပ်ဆပ်ပြီး လွှမ်းမိုးဗိုလ်ကျသော ကုချင်းအသံက ချက်ချင်း ပဲ့တင်ထပ်သွားသည်။ ကုချင်းအသံက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို ဖရိုဖရဲဖြစ်စေသည်။ အရေအတွက် အကန့်အသတ်မဲ့သော အသံလှိုင်းများက လေထဲမှာ ဖွဲ့စည်းသွားသည်။ ယင်းတို့က ဒီရေလှိုင်းသဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ အဆုံးမဲ့စွာ ပြန့်ကျဲသွားကြသည်။ တစ်ခုထူးဆန်းသည်မှာ အသံလှိုင်းများက အဝေးသို့ မပျံ့နှံ့သွားပေ။ ယင်းအစား အသံလှိုင်းများက သီရှီထျန်ကို ဗဟိုပြု၍ အချင်းဆယ်မီတာအတွင်းမှာသာ တုန်ခါသွားကြသည်။ တစ်နည်းဆိုရသော် အချင်းဆယ်မီတာဧရိယာက အသံပိုင်နက် ဖြစ်လာသည်။

အသံလှိုင်းများသည် ယေဘုယျအားဖြင့် လွှမ်းမိုးဗိုလ်ကျသည်။ ထို့ပြင် သီရှီထျန်၏ လက်ဆယ်ချောင်းက မရပ်တန့်သွားပေ။ သူက ကုချင်းကြိုးများကို အဆက်မပြတ် တီးခတ်နေသည်။ အသံပိုင်နက်ထဲတွင် မရေမတွက်နိုင်သော အသံလှိုင်းများက ထူးဆန်းစွာ ပုံပျက်တွန့်လိမ်သွားကြသည်။

ဤသည်မှာ ထူးဆန်းသော သံစဉ်များက အသံလှိုင်းများထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားနေသည့်အလားပင်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

“ ဘန်း ”

ကြွက်ဘုရင်၏ စက္ခုရောင်ခြည်တော်က အသံပိုင်နက်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ယင်းက လုံးဝ မရပ်တန့်သွားဘဲ အသံပိုင်နက်ထဲသို့ ချက်ချင်း ပျံသန်းသွားသည်။ ချွန်ထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက ရောင်ခြည်တန်းထံမှ ထွက်ပေါ်လာ၏။ ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေသည်။

ရောင်ခြည်တန်းများက အသံပိုင်နက်ထဲသို့ ဝင်ရောက်သွားသည်နှင့် အသံပိုင်နက်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အသံပိုင်နက်ထဲတွင် ရောင်ခြည်တန်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားသောအရာ ဘာမှမရှိပေ။ သို့သော်လည်း အသံပိုင်နက်ဆီမှာ တမူထူးခြားသော ခုခံကာကွယ်မှုရှိသည်။ ထိုခုခံကာကွယ်မှုကို မရေမတွက်နိုင်သော အသံလှိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အသံပိုင်နက်ထဲမှ လေဟာနယ်က အဆက်မပြတ် ပုံပျက်တွန့်လိမ်နေပြီး တုန်ခါနေသည်။ ဤနေရာမှ လေဟာနယ်တုန်ခါမှု ကြိမ်နှုန်းက အလွန်မြင့်မားသည်။ တစ်စက္ကန့်အတွင်းမှာ ယင်းတို့က အကြိမ်ပေါင်းတစ်သောင်းခန့် တုန်ခါနေကြသည်။ ထိုသို့တုန်ခါမှုက လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းကို ဖြစ်ပေါ်စေသည်။ လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းဆီမှာ အံ့ဖွယ်ကောင်းသော စွမ်းအား ကိန်းအောင်းနေသည်။

အကယ်၍ ဓမ္မလက်နက်တစ်ခုက အသံပိုင်နက်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် ယင်းက အဆုံးမဲ့သော လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းထဲမှာ ဖရိုဖရဲဖြစ်သွားပြီး တစ်စစီ ဖျက်ဆီးခံရလိမ့်မည်။ ယင်းက အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ဖုန်မှုန့်ဖြစ်သွားပြီး ပျောက်ကွယ်သွားလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မမျှော်လင့်ထားသောအရာ ဖြစ်ပေါ်လာသည်။ အသံပိုင်နက်ထဲမှ လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းက စက္ခုရောင်ခြည်တော်အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိဟန် ရ၏။ ယင်းက အသံပိုင်နက်ထဲမှ လေဟာနယ်ပုံပျက်တွန့်လိမ်ခြင်းကို အကြမ်းပတမ်း ချိုးဖြတ်သွားသည်။ အရေအတွက် အကန့်အသတ်မဲ့သော အသံလှိုင်းများက ရောင်ခြည်တန်းပေါ်သို့ ရိုက်ခတ်သွားသော်လည်း ယင်းက ရောင်ခြည်တန်း၏ အလင်းရောင်ကို အနည်းငယ်သာ မှေးမှိန်စေသည်။ ရောင်ခြည်တန်း၏ လမ်းကြောင်းကို မဟန့်တားနိုင်ပေ။

ထို့ကြောင့် ရောင်ခြည်တန်းနှစ်ခုက သီရှီထျန်ဆီသို့ တန်းမတ်စွာ ဆက်လက် ပျံသန်းသွားသည်။

“ ဟမ် ”

သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ လက်ထဲမှ ကုချင်းအသံက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီကို သူ၏ လက်ချောင်းဆယ်ချောင်းထံသို့ ပို့လွှတ်လိုက်သည်။ သူက ကုချင်းကြိုးများကို ထပ်မံ ဆွဲလှုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာသော လခြမ်းကွေးအသံဓားများက ကုချင်းကြိုးများထံမှ အဆက်မပြတ် ပျံသန်းထွက်လာကြသည်။ ယင်းတို့က စက္ခုရောင်ခြည်တော်ထံသို့ ဦးတည်သွားကြသည်။

“ ဘန်း… ဘန်း… ဘန်း… ”

ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ အသံပိုင်နက်သည် ကြီးမားသော စွမ်းအင်လှိုင်းများ၏ အကြမ်းပတမ်း ရိုက်ခတ်မှုကြောင့် လုံးဝ ပြိုကွဲပျက်စီးသွားသည်။

ပေါက်ကွဲသံများ အဆုံးသတ်သွားပြီး အရာအားလုံး ပြန်ငြိမ်သက်သွားသည့်အခါ ပိုင်စုစုက အလန့်တကြား အော်ပြောလိုက်သည်။

“ အရှင်မင်းကြီး… အရှင်ရဲ့ ပခုံး… ”

သီရှီထျန်၏ ဘယ်ဘက်ပခုံးပေါ်မှာ သွေးထွက်နေသော အပေါက်နှစ်ပေါက် ထွက်ပေါ်လာသည်။ သွေးက ဒလဟော စီးကျနေပြီး သူ၏ အင်္ကျီကို ရွှဲစိုသွားစေသည်။

“ နင်အတင့်ရဲလှချည်လား… ငါနင့်ကို သတ်ပစ်မယ် ”

ပိုင်စုစု၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အကြည့် ထွက်ပေါ်လာသည်။ သူက ကြွက်ဘုရင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သူ့ထံသို့ ခုန်အုပ်ရန် ပြင်လိုက်သည်။

သို့သော်လည်း သီရှီထျန်က သူ့ကို အမြန်တားဆီးလိုက်သည်။

“ စုစု… ရပ်လိုက်… ”

သူ့စကားက ပိုင်စုစု၏ လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်သွားစေသည်။ သီရှီထျန်သည် အော်ပြောပြီးသည်နှင့် ကြွက်ဘုရင်ကို စိုက်ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ မဟုတ်ဘူး… ဘာလို့ အဲ့ဒီလိုဖြစ်တာလဲ… ငါက အစွမ်းထက်ဆုံးပဲ… သီရှီထျန်တောင် ငါ့ရဲ့ စက္ခုရောင်ခြည်တော်အစွမ်းကို မတားဆီးနိုင်ဘူး… စွမ်းအား… စွမ်းအား… အဲ့ဒါကို ငါထပ်မလိုချင်တော့ဘူး… ငါနောက်ထပ် မလိုချင်တော့ဘူး… သက်တောင့်သက်သာမရှိလိုက်တာ… နတ်ဘုရားပုလဲ တော်ပါတော့… ငါနောက်ထပ် လက်မခံနိုင်တော့ဘူး ”

ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်သံများက ယဇ်ပလ္လင်ထံမှ အံ့ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ အစတွင် ကြွက်ဘုရင်သည် သူ၏ စက္ခုရောင်ခြည်တော်ကို အသုံးပြု၍ စက်ကရာကို တစ်ခါတည်း သတ်ပစ်ရန် ကြိုးပမ်းခဲ့သည်။ ရုတ်တရက် တိုးပွားလာသော စွမ်းအားကြောင့် သူက ဝမ်းသာပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်လိုက်သည်။ သူ၏ လေသံထဲမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးထဲမှာ နာကျင်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။

သူ၏ ဧရာမခန္ဓာကိုယ်က လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှယ် ရုတ်တရက် ဖောင်းကားသွားသည်။ အစပိုင်းတွင် သူ၏ ခန္ဓာကိုယ်က အဆမတန် ကြီးမားသွားသည်။ ထို့နောက် သူ၏ ခြေလက်များက အဆမတန် ကြီးမားသွားသည်။ နောက်ဆုံးမှာ သူ၏ ဦးခေါင်းက ကြီးမားသွားသည်။ ဤသည်မှာ အဆုံးမဲ့သော လေက သူ၏ တစ်ကိုယ်လုံးထဲသို့ အဆက်မပြတ် တိုးဝင်လာနေသည့်အလားပင်။ သူက ယင်းကို မထိန်းချုပ်နိုင်ပေ။ သူ၏ ခန္ဓာကိုယ်က အချိန်မရွေး ပေါက်ကွဲသွားနိုင်ဟန် ရ၏။

ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

“ မဟုတ်ဘူး… နတ်ဘုရားပုလဲ… တော်ပါတော့… မင်းရဲ့ စွမ်းအားကို နောက်ထပ် ငါမလိုချင်တော့ဘူး… ပေါက်ကွဲတော့မယ်… ငါပေါက်ကွဲတော့မယ် ”

ကြွက်ဘုရင်သည် အစောနက သူဝါးမျိုခဲ့သော ပုလဲလုံးကို ပြန်အန်ထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်မျှသူကြိုးစားပါစေ ပုလဲလုံးက ပြန်မထွက်လာပေ။

သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ ဖောင်းကားသွားနေသည်ကို ကူကယ်ရာမဲ့စွာ သူကြည့်နေရ၏။ သွေးသည် သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့တစ်ကိုယ်လုံးက အနီရောင်ပြောင်းသွားသည်။

“ အရှင်မင်းကြီး… သူဘာလို့ အဲ့ဒီလိုဖြစ်သွားတာလဲ”

ပိုင်စုစုက သူ့အရှေ့မှ အပြောင်းအလဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ သူက မီးနဲ့ ကစားနေတာ ”

သီရှီထျန်သည် ကြွက်ဘုရင်၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထုတ်လွှတ်နေသော အစွမ်းထက်စွမ်းအင်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။ ထိုစွမ်းအင်သည် ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားပုလဲထံမှ သူခံစားမိခဲ့သော စွမ်းအင်နှင့် အတူတူပင်။ ထို့ပြင် ယင်းက ကြွက်ဘုရင်၏ ထိန်းချုပ်မှုအောက်မှာ ရှိမနေပေ။ ယင်းက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည်။

ယခု ထိုစွမ်းအင်က ကြွက်ဘုရင်၏ ခန္ဓာကိုယ်တစ်လျှောက်သို့ အကြမ်းပတမ်း ရွေ့လျားသွားနေသည်။ ယင်းက အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

ထိုပုလဲလုံးက မည်သည့်ရတနာဖြစ်ကြောင်း သူမသိသော်လည်း ယင်းက သာမန်ပစ္စည်းမဟုတ်ကြောင်း သူသေချာသည်။ ပုလဲလုံးထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အဆုံးမဲ့သည်။ ထိုမျှများပြားသော စွမ်းအင်က အပြင်သို့ ဒလဟော တိုးထွက်လာလေရာ မိစ္ဆာသားရဲတစ်ကောင်မျှသာဖြစ်သော ကြွက်ဘုရင်က ယင်းကို မထိန်းချုပ်နိုင်ပေ။ ပိုပြီးဆိုးဝါးသည်မှာ သူ့ဆီမှာ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်း မရှိပေ။ ထို့ကြောင့် ထိုစွမ်းအင်ကို မည်သို့သန့်စင်ရမည်ဖြစ်ကြောင်း သူမသိပေ။ သူ၏ ခန္ဓာကိုယ်က နတ်ဘုရားအလင်းအောက်မှာ နေ့တိုင်း နှစ်ခြင်းမင်္ဂလာခံယူခဲ့သောကြောင့် အလွန်သန်စွမ်းသည်ဆိုလျှင်ပင် ပုလဲလုံးထဲမှ အဆုံးမဲ့စွမ်းအားကို သူမတောင့်ခံနိုင်ပေ။

ယင်းသည် အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်က ဓားရှည်တစ်ချောင်းကို အသုံးပြုရန် ကြိုးစားနေခြင်းနှင့် ဆင်တူသည်။ ဓားကို သူမထိန်းချုပ်နိုင်သည့်အခါ ဓားက သူ့ကို အန္တရာယ်ပြန်ပေးလာလိမ့်မည်။

အစပိုင်းတွင် နတ်ဘုရားပုလဲထံမှ ထွက်ပေါ်လာသော စွမ်းအင်က ကြွက်ဘုရင်၏ တောင့်ခံနိုင်မှုအတိုင်းအတာထဲမှာသာ ရှိသည်။ ထို့ကြောင့် ကြွက်ဘုရင်က မျက်စိတစ်မှိတ်အတွင်းမှာ မူလအကန့်အသတ်ထက် အဆပေါင်းများစွာ ပိုပြီးသန်စွမ်းသွားသည်။ သို့သော်လည်း စွမ်းအင်က ထပ်မံ တိုးပွားလာပြီး ယင်းကို သူမတောင့်ခံနိုင်တော့သည့်အခါ ကြီးမားသော နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်လာလိမ့်မည်။ အကျိုးအမြတ်က ဆိုးကျိုးအဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။

သူ့အပိုင်မဟုတ်သော စွမ်းအားက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည့်အခါ ယင်းက သူ့ခန္ဓာကိုယ်ထဲ၌ ရိုင်းစိုင်းသော မြင်းတစ်ကောင်ကဲ့သို့ အထိန်းအကွပ်မဲ့စွာ ပြေးလွှားနေလိမ့်မည်။ ယင်းက အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ယမ်းမှုန့်နှင့် ဆင်တူသည်။

ထိုသို့အခြေအနေမျိုးကို မီးဖြင့် ကစားနေခြင်းဟု ဆိုသည်။

တစ်စုံတစ်ယောက်သည် နတ်ဘုရားပုလဲကို ဝါးမျိုပြီးလျှင် ယင်းမှ ထုတ်လွှတ်ပေးသော စွမ်းအင်ကို တောင်ခံနိုင်ရလိမ့်မည်။ အကယ်၍ မတောင့်ခံနိုင်လျှင် သူက အဆက်မပြတ် လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှယ် ပေါက်ကွဲသွားလိမ့်မည်။

“ အဲ့ဒီပုလဲလုံးက တကယ်ပဲ ဘာလဲ… အဲ့လောက်တောင် ထူးဆန်းတယ်လား ”

သီရှီထျန်၏ ခန္ဓာကိုယ်က ဒဏ်ရာရရှိသွားသော်လည်း သူ့မှာ အစွမ်းထက်မိစ္ဆာခန္ဓာကိုယ် ရှိသည်။ သူ၏ ဒဏ်ရာက သူ့ဘာသာ ပြန်ကောင်းမွန်သွားသည်။ သွေးထွက်နေခြင်းက ရပ်တန့်သွားသည်။ ယင်းက သူ့အသက်ကို ခြိမ်းခြောက်နိုင်သော ဒဏ်ရာ မဟုတ်ပေ။ သူက တစ်ကိုယ်လုံး ဖောင်းကားနေသော ကြွက်ဘုရင်ကို ကြည့်လိုက်ပြီး တစ်ဖက်လူ၏ အော်ဟစ်ညည်းတွားသံကို နားထောင်လိုက်သည်။ ထို့နောက် သူက မျက်လုံးဝင်းလက်သွားပြီး အော်လိုက်သည်။

“ စုစု… လှိုဏ်ဂူဆီ အမြန်ပြန်သွားပါ ”

ထိုစကားကို ကြားသည်နှင့် ပိုင်စုစုက အစောနက သူတို့ဝင်လာခဲ့သော တွင်းပေါက်ထဲသို့ အမြန်ဝင်ရောက်သွားသည်။ ထိုစဉ် သီရှီထျန်၏ အကြည့်က မြေပေါ်မှာ လဲလျောင်းနေသော ကြွက်စစ်သူကြီးပေါ်သို့ ကျရောက်သွားသည်။ သူက ကြွက်စစ်သူကြီးကို အမြှီးမှ ဆွဲကိုင်၍ အပေါ်သို့ မြှောက်လိုက်သည်။ သိမ်မွေ့သော မိစ္ဆာလေက သူ၏ ခြေထောက်အောက်မှ ထွက်ပေါ်လာပြီး သူ့ကို အပေါ်သို့ ပင့်မြှောက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက တွင်းပေါက်အပြင်သို့ ပြန်ရောက်သွားသည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး‌ ကျောက်တုံးကြီးတစ်တုံးကို ဖြတ်ထုတ်ကာ တွင်းပေါက်၏ အရှေ့တွင် ပိတ်ဆို့လိုက်သည်။

“ ဘန်း ”

ထိုသို့လုပ်ဆောင်ပြီးနောက် စူးရှသော အော်သံနှင့် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံက လျှို့ဝှက်အခန်းထဲမှာ ထွက်ပေါ်လာသည်။ ကြီးမားသော အဖျက်စွမ်းအားက အရပ်ရှစ်မျက်နှာစလုံးကို ရိုက်ခတ်သွားလေရာ မြေအောက်လောကက ပြင်းထန်စွာ တုန်ယင်သွားသည်။ ပေါက်ကွဲမှုက ခဏလေးအတွင်း အဆုံးမသတ်သွားပေ။ ပေါက်ကွဲမှုဧရိယာက အနီးနားဝန်းကျင်မှ လှိုဏ်ခေါင်းများစွာထိ ပျံ့နှံ့သွားသည်။ အချင်းမီတာတစ်ရာကျယ်ဝန်းသော ဧရိယာတွင် မြေကြီးက ပြိုကျပျက်စီးသွားသည်။ ထိုလှိုဏ်ခေါင်းများထဲမှာ ရှိနေကြသော ကြွက်များက မြေပြိုကျမှုကြောင့် သေဆုံးသွားကြသည်။

ကြွက်မည်မျှက မြေအောက်ထဲမှာ သေဆုံးသွားခဲ့ကြောင်း မည်သူသိနိုင်မည်နည်း။

ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

အခန်း(၂၆၄)

သီရှီထျန်နှင့် တခြားလူများ ရှိနေသော တွင်းပေါက်သည်လည်း ပြိုကျပျက်စီးသွားသည်။ သို့သော်လည်း သီရှီထျန်နှင့် ပိုင်စုစု၏ စွမ်းအားကြောင့် မြေပြိုကျမှုက သူတို့အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။

ပေါက်ကွဲမှုသည် အချိန်အတန်ကြာပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ထို့နောက် သီရှီထျန်သည် ကျယ်လောင်သော မြည်သံနှင့်အတူ သူ့အရှေ့မှ ကျောက်တုံးကြီးကို ဖြိုချပစ်လိုက်ပြီး လျှို့ဝှက်အခန်းထဲသို့ အမြန်ဝင်ရောက်သွားသည်။

“ မင်းက ကိုယ့်အပိုင်မဟုတ်တဲ့ စွမ်းအားကို ရိတ်သိမ်းဖို့ ကြိုးစားနေတာလား… မင်းက မီးနဲ့ ကစားနေတာပဲ… အခုတော့ မင်း မီးကျွမ်းသွားပြီ မဟုတ်လား… မင်းက ကိုယ်ရဲ့ လုပ်နိုင်စွမ်းအကန့်အသတ်ကို မသိဘူးပဲ ”

သီရှီထျန်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လျှို့ဝှက်အခန်းသည် နတ်ဘုရားအလင်း၏ ဖြန်းပက်မှုအောက်မှာ နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့သည်။ သို့ဖြစ်၍ အခန်းနံရံများက ကျောက်တုံးထက်ပင် ပိုပြီးမာကျောသည်။ သို့ဖြစ်၍ အခန်းသည် ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမား မပျက်စီးသွားပေ။

သို့သော်လည်း လျှို့ဝှက်အခန်း၏ အလယ်မှာရှိသော ယဇ်ပလ္လင်က ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါက်ကွဲမှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ထို့ပြင် ကြွက်ဘုရင်၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ သူ၏ အသွေးအသားအပိုင်းအစများက လျှို့ဝှက်အခန်းထဲမှာ ဟိုတစ်နေရာသည်တစ်နေရာ ပြန့်ကျဲနေသည်။

သူက အလောင်းပင် အကောင်းအတိုင်းမကျန်ဘဲ ဆိုးဝါးစွာ သေဆုံးသွားသည်။

သို့သော်လည်း အစောနက ယဇ်ပလ္လင်ရှိနေခဲ့သော နေရာတွင် အဝါရောင်ပုလဲတစ်လုံးက မြေကြီးပေါ်မှာ ကျနေသည်။ အဝါရောင်အလင်းတန်းများက ပုလဲလုံး၏ မျက်နှာပြင်ပေါ်မှာ အဆက်မပြတ် ရွေ့လျားကူးခတ်သွားနေသည်။ ဤသည်မှာ ပုလဲလုံးထဲတွင် အဝါရောင်ရေကန်တစ်ကန် တည်ရှိနေသည့်အလားပင်။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။ သို့သော်လည်း ယခင်က အဝါရောင်ပုလဲလုံး ထုတ်လွှတ်နေခဲ့သော နတ်ဘုရားအလင်းက လုံးဝ ပျောက်ကွယ်သွားသည်။

ပုလဲလုံး၏ အပြင်ဘက်တွင် လျှို့ဝှက်ဆန်းကြယ်သော အကာအကွယ်အလွှာတစ်ခု တည်ရှိနေသည်။

“ ဒီပုလဲလုံးက ဘယ်လိုရတနာလဲ… စောစောကတင် အဲ့ဒါက နတ်ဘုရားအလင်းကို ထုတ်လွှတ်ပေးနေခဲ့တာပါ… ဒါပေမဲ့ အခု အဲ့ဒါက ပြန်ရုပ်သိမ်းသွားတယ်… အဲ့ဒါက ငါ့ရဲ့ အနက်ရောင်ပုလဲလုံးနဲ့ ဆင်တူသွားပြီ ”

သီရှီထျန်က အရှေ့သို့ လျှောက်သွားပြီး မြေကြီးပေါ်မှ အဝါရောင်ပုလဲလုံးကို ဘယ်လက်ဖြင့် ကောက်ယူလိုက်သည်။ သူ၏ ညာဘက်လက်တွင်တော့ အနက်ရောင်ပုလဲတစ်လုံး ထွက်ပေါ်လာသည်။ ထိုပုလဲနှစ်လုံးသည် အရွယ်အစားသော်လည်းကောင်း အသွင်သဏ္ဍာန်သော်လည်းကောင်း တူညီကြသည်။ တစ်ခုတည်းသော ခြားနားမှုက အရောင်ဖြစ်သည်။

ဒီပုလဲလုံးတွေက ဘာလဲ… ။

ထိုမေးခွန်းက သူ့စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။ သို့သော် သူ့ဆီမှာ အဖြေမရှိပေ။ ယင်းကို ပိုပြီးသူတွေးကြည့်လေ ဤလောကအကြောင်း သူ၏ သိနားလည်မှုက အလွန်သေးနုတ်သည်ဟု ခံစားမိလာလေ ဖြစ်သည်။ ဤလောက၏ ထူးဆန်းသော ပစ္စည်းများနှင့် ရတနာများအကြောင်း အနည်းအကျဉ်းသာ သူသိသည်။ တစ်နည်းဆိုရသော် သူ့အရှေ့မှာ ရတနာတောင်ရှိနေသော်လည်း ယင်းကို သူမမှတ်မိနိုင်ပေ။

ယင်းက ညှင်းပန်းနှိပ်စက်နည်းတစ်မျိုး ဖြစ်သည်။

“ တကယ်လို့ အရာအားလုံးသိဆရာကြီးသာ ဒီမှာရှိမယ်ဆိုရင် ဒီပုလဲလုံးတွေက ဘယ်လိုရတနာတွေလဲဆိုတာ သူသိလိမ့်မယ် ”

သူက ကုချင်းချိုင့်ဝှမ်းထဲတွင် အမှတ်မထင် တွေ့ဆုံခဲ့သော အရာအားလုံးသိဆရာကြီးကို ပြန်သတိရသွားသည်။ အရာအားလုံးသိဆရာကြီးက ရိုးရှင်းသူမဟုတ်ကြောင်း သူခံစားမိသည်။ သူက ဆော့ကစားရသည်ကို သဘောကျသော လူထူးလူဆန်းတစ်ယောက် ဖြစ်သည်။ သူပြောခဲ့သော အမတမက်မွန်သီးနှင့် လောကသစ်ပင်သည် တစ်ခါမှ သူမကြားဖူးသောအရာများ ဖြစ်သည်။ နာမည်ကြားရုံနှင့်တင် ယင်းတို့က အလွန်တန်ဖိုးကြီးမားသော ပစ္စည်းများဖြစ်ကြောင်း သူသိလိုက်သည်။

သူ့မှာ မေးခွန်းများစွာ ရှိသည်။ သို့သော်လည်း အရာအားလုံးသိဆရာကြီး တောင်းဆိုသော ဈေးနှုန်းကို သူမတတ်နိုင်ပေ။ ထို့ကြောင့် သူက ခါးသီးစွာ ပြုံးလိုက်သည်။ သူက တခြားပစ္စည်းများကို မစဉ်းစားနိုင်ပေ။ သူ၏ လက်ရှိအခြေအနေအရ အဖြစ်နိုင်ဆုံးအရာသည် အနှစ်တစ်သောင်း မျောက်မင်းဝိုင် ဖြစ်သည်။ ယခင်ကဆိုလျှင် ယင်းက ခဲယဉ်းသောကိစ္စ ဖြစ်သည်။ သို့သော် ယခု သူ့ဆီမှာ ဝိုင်နတ်ဘုရားဘူးသီးခြောက် ရှိသွားပြီ ဖြစ်သည်။ တခြားပစ္စည်းများသည်တော့ သူ့အတွက် အလှမ်းဝေးလွန်းသည်။

“ ထားလိုက်ပါတော့… အဲ့ဒီပုလဲနှစ်လုံးက တန်ဖိုးကြီးမားတဲ့ ရတနာတွေ ဖြစ်ရမယ်… အဲ့ဒါတွေရဲ့ အသုံးပြုပုံကို အခု ငါမသိသေးဘူးဆိုပေမဲ့ အနာဂတ်မှာ မသိနိုင်ဘူးလို့ မဆိုလိုဘူး ”

အဝါရောင်ပုလဲလုံး၏ အပြောင်းအလဲကို မြင်တွေ့ပြီးနောက် သူက ယခင်ကဲ့သို့ အနက်ရောင်ပုလဲလုံးကို လျစ်လျူမရှုနိုင်တော့ပေ။ သူ၏ ခန့်မှန်းမှုအရ အနက်ရောင်ပုလဲလုံးသည် အဝါရောင်ပုလဲလုံးကဲ့သို့ အစွမ်းထက်ရမည်။ အကြောင်းအရင်းတချို့ကြောင့် ယင်းတို့၏ စွမ်းအားက မြှုပ်ကွယ်နေသည်။

ထို့ပြင် ယင်းတို့နှစ်ခုကြားမှာ ဆက်သွယ်မှုတစ်ခု သေချာပေါက် ရှိရမည်။

“ အို… ငါမှတ်မိပြီ ”

သီရှီထျန်၏ ခေါင်းထဲမှာ အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူက မျက်လုံးဝင်းလက်သွားသည်။ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ထုတ်လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ပြီး ဝါကြင့်ကြင့်ရှေးဟောင်းစာလိပ်ကို ထုတ်လိုက်သည်။ ရှေးဟောင်းစာလိပ်က ရှေးခေတ်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုရှေးဟောင်းစာလိပ်က ရှေးခေတ်မှ ပစ္စည်းဖြစ်ကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။ ထိုစာလိပ်သည် ထျန်းအင်ပါယာရတနာသေတ္တာထဲမှ ပထမဆုံး သူရရှိခဲ့သော ရတနာ ဖြစ်သည်။

သူက ရှေးဟောင်းစာလိပ်ကို အမြန်လှန်ဖွင့်လိုက်သည်။

ရှေးဟောင်းစာလိပ်ထဲမှ ရုပ်ပုံက သူ၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။ ထိုရုပ်ပုံသည် ကြိုးကိုးချောင်းတပ် ကုချင်းပုံဖြစ်သည်။ သီရှီထျန်၏ အကြည့်က ကုချင်းကြိုးတစ်ချောင်းစီ၏ ဘေးမှ နေရာလွတ်တစ်ခုထံသို့ ကျရောက်သွားသည်။ နေရာလွတ်သည် ဝိုင်းစက်သည်။ ကြည့်ရသည်မှာ ထိုနေရာလွတ်ထဲသို့ ပုလဲလုံးတစ်မျိုးကို ထည့်သွင်းနိုင်ဟန် ရ၏။

“ မဟုတ်မှလွဲရော အဲ့ဒီနေရာလွတ်ကိုးခုက ပုလဲလုံးတွေ ထည့်ရတဲ့ နေရာလား… ဒါပေမဲ့ ငါက ဘယ်လိုပုလဲလုံးတွေကို ထည့်သွင်းရမှာလဲ… ထူးဆန်းတယ်… ရှေးဟောင်းစာလိပ်က အဲ့ဒီအကြောင်း ဘာမှမပြောထားဘူး ”

စက်ကရာက စိတ်ထဲမှာ လျှို့ဝှက်စွာ ခန့်မှန်းလိုက်သည်။ ရှေးဟောင်းစာလိပ်ကို ပထမဆုံးအကြိမ် သူဖွင့်လှစ်လိုက်သည့်အချိန်မှာ ကြိုးကိုးချောင်းတပ် ကုချင်းရုပ်ပုံက သူ၏ စိတ်အာရုံကို အဓိက ဖမ်းစားသွားသည်။ မည်သို့ဖြစ်ပါစေ ကြိုးကိုးချောင်းတပ် ကုချင်းက အလွန်ရှားပါးသော ကုချင်းအမျိုးအစား ဖြစ်သည်။ ထို့ကြောင့် အကြည့်တစ်ချက်ဖြင့်ပင် သူက ယင်းကို စိတ်ဝင်စားသွားသည်။

အတိတ်တွင် သူက ကုချင်းကြိုးများ၏ ဘေးမှ နေရာလွတ်အပေါက်များကို သတိထားမိခဲ့သည်။ သို့သော်လည်း ထိုစဉ်က သူသည် ယင်းတို့က အလှဆင်ရန်သက်သက်သာ ဖြစ်မည်ဟု တွေးခဲ့သည်။ သို့ဖြစ်၍ သူက နေရာလွတ်အပေါက်များကို သိပ်အလေးအနက်မထားခဲ့ပေ။ ယခု ရှေးဟောင်းစာလိပ်ကို သူပြန်ထုတ်ကြည့်လိုက်သည့်အခါ ထိုနေရာလွတ်များက သာမန်မဟုတ်ပုံပေါ်သည်။

သီရှီထျန်သည် သူ့အရှေ့မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ကြည့်လိုက်သည်။ ကုချင်းကြိုးကိုးချောင်း၏ ဘေးတွင် နေရာလွတ်အပေါက်တစ်ခုစီ ရှိသည်။

အတိတ်တွင် သူ၏ သက်စောင့်မိစ္ဆာရတနာကို သန့်စင်ခဲ့စဉ်က ထိုနေရာလွတ်အပေါက်များကို မပိတ်ရန် ရွေးချယ်ခဲ့သည်။ အကြောင်းမှာ သူက စာလိပ်ထဲမှ ကုချင်းရုပ်ပုံနှင့် တစ်ပုံစံတည်း တူညီသော ကုချင်းကို ဖန်တီးချင်သောကြောင့်ပင်။ ယခုအခြေအနေအရ ထိုသို့သူဆုံးဖြတ်ခဲ့ခြင်းက မှန်ကန်သွားပုံပေါ်သည်။ သို့မဟုတ်လျှင် သူက ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံရနိုင်သည်။

“ အဲ့ဒီနေရာလွတ်အပေါက်က ဘာကို ဆိုလိုတာလဲ ”

အတွေးအမျိုးမျိုးက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ ပုလဲလုံးများကို ထိုနေရာလွတ်အပေါက်များထဲသို့ ထည့်သွင်းရန် ဆန္ဒရှိလာသည်။ သို့သော်လည်း ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ၏ သက်စောင့်မိစ္ဆာရတနာဖြစ်သည်။ ကုချင်းက ထိခိုက်ပျက်စီးသွားလျှင် သခင်ဖြစ်သော သူသည်လည်း ဒဏ်ရာရရှိသွားလိမ့်မည်။ ထို့ကြောင့် သူက မဆင်မခြင်မလုပ်ဝံ့ပေ။

တစ်ခဏကြာ ဂရုတစိုက် တွေးကြည့်ပြီးနောက် သူက ယင်းကို နောက်ထပ် မစဉ်းစားတော့ပေ။ သူက ထိုကိစ္စကို အနာဂတ်မှာ အဖြေရှာလိမ့်မည်။

သူက ရှေးဟောင်းစာလိပ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ပုလဲနှစ်လုံးကို ကျောက်စိမ်းသေတ္တာတစ်ခုထဲ ဂရုတစိုက် ထည့်၍ သိမ်းဆည်းလိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။

“ အရှင်မင်းကြီး… ကြွက်ဘုရင်က သေသွားပါပြီ… ဒီကြွက်စုတ်ကိုရော ကျွန်မတို့ သတ်ပစ်ရမလား ”

ပိုင်စုစုသည် အစောနက ယဇ်ပလ္လင်ပေါ်မှာ ရှိနေခဲ့သော အဝါရောင်ပုလဲလုံးကို သီရှီထျန် ရသွားကြောင်း မြင်သွားသောအခါ ဝမ်းသာပျော်ရွှင်သွားသည်။ အဝါရောင်ပုလဲလုံးက မည်မျှအစွမ်းထက်ကြောင်း သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့သည်။ ယင်းကို သီရှီထျန်ရသွားသောအခါ သူက မနာလိုမဖြစ်သကဲ့သို့ လိုချင်တပ်မက်စိတ်လည်း သူ့မှာ မရှိပေ။

အရှင်မင်းကြီးသည် ရတနာများကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်သူမဟုတ်ကြောင်း သူသိသည်။ အရှင်မင်းကြီးက လက်အောက်ငယ်သားများအပေါ် ကောင်းမွန်စွာ ဆက်ဆံသည်။ မျောက်မင်းဝိုင်သည် အလွန်တန်ဖိုးကြီးမားသည်။ သို့တိုင် အရှင်မင်းကြီးက သူတို့ကို ကျင့်ကြံခြင်းတွင် အသုံးပြုရန် မျောက်မင်းဝိုင် ပေးအပ်ခဲ့သည်။ ထို့ပြင် အရှင်မင်းကြီးက သူတို့ကို ဓမ္မလက်နက်များ ရွေးချယ်ခိုင်းခဲ့သည်။ ယင်း၏ ဆိုလိုရင်းမှာ အရှင်မင်းကြီးက သူတို့ကို ယုံကြည်အားထားသည်။ ယင်းက သူတို့အတွက် လုံလောက်ပေသည်။

ပိုင်စုစုသည် မြေကြီးပေါ်မှာ လဲလျောင်းနေသော ကြွက်စစ်သူကြီးကို မြင်သောအခါ စက်ဆုပ်ရွံရှာစွာ နှာခေါင်းရှုံ့လိုက်သည်။

“ နေပါဦး… အရှင်ကျားနက်ဘုရင်… မြွေဖြူဘုရင်မ… ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့… ကျုပ်အညံ့ခံပါတယ်… ကျုပ်မသေချင်ဘူး ”

ကြွက်စစ်သူကြီးသည် ပိုင်စုစု၏ စကားကို ကြားသောအခါ မြေကြီးပေါ်မှာ လှဲနေရာမှ ကမန်းကတန်း ကောက်ထလိုက်သည်။ သူက လက်နှစ်ဖက်ကို မြေကြီးပေါ်မှာ ချလိုက်ပြီး သီရှီထျန်ကို ဦးညွတ်လိုက်သည်။

သူက မာနမရှိဘဲ အညံ့ခံလိုက်သည်။ သူ့ပုံစံကို ကြည့်ရသည်မှာ သူက သေရမည်ကို အလွန်ကြောက်ဟန် ရ၏။

“ အလျင်မလိုပါနဲ့… ဒီကြွက်ကို အသက်ရှင်ခွင့်ပေးလိုက်ပါ… သူက ငါတို့မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအတွက် အသုံးဝင်နေသေးတယ်… သူ့ကို အလျင်စလို သတ်ဖို့ မလိုပါဘူး ”

သီရှီထျန်က ကြွက်ဘုရင်ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။ သူ၏ မျက်လုံးထဲမှာ လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိနေဟန် ရ၏။

ကြွက်စစ်သူကြီး၏ မျက်လုံးက တရွေ့ရွေ့ လှုပ်ရှားသွားသည်။ သူက အလွန်ဉာဏ်ကောင်းသည်။ စက်ကရာဆီမှာ သူ့ကို သတ်ပစ်ရန် ဆန္ဒမရှိကြောင်း သတိပြုမိသောအခါ သူက ထိုနောက်ဆုံးကောက်ရိုးအမျှင်ကို အမအရ ဖမ်းဆွဲလိုက်သည်။

“ ကျားနက်ဘုရင်… ဒီငယ်သားက အရှင့်ဆီမှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်… အရှင် ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးပါ… အရှင် ကျွန်တော့်ကို ကြိုက်တာ ခိုင်းပါ… ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော် အရိုးကြေကြေ အရည်ခမ်းခမ်း ဆောင်ရွက်ပါမယ် ”

ကြွက်စစ်သူကြီးက ဦးညွတ်နေရင်း သူ၏ သစ္စာရှိမှုကို ဖော်ပြလိုက်သည်။

ထိုသစ္စာရှိမှုက မည်မျှအတိုင်းအတာအထိ စစ်မှန်သနည်း။ အမှန်မှာ ယင်းကို မှန်းဆရန် မခက်ခဲပါချေ။

သို့ဖြစ်လေရာ သီရှီထျန်က မည်သို့ကြောင့် သူ့ကို အလွယ်တကူ ယုံကြည်မည်နည်း။ ကြွက်စစ်သူကြီးက အကြောက်ကြီးသူဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ သူက မူလအပင်ကျိုးသည်နှင့် နောက်တစ်ပင်သို့ ပြောင်းလဲရန် တုံ့ဆိုင်းနေမည့်လူ မဟုတ်ပေ။ သစ္စာရှိမှုက သူ၏ ပါးစပ်မှ ပြောသော စကားလုံးတစ်လုံးထက် မပိုပေ။ အကယ်၍ အနာဂတ်မှာ သူ့ထက် ပိုပြီးအစွမ်းထက်သော ရန်သူကို တွေ့သည့်အခါ ကြွက်စစ်သူကြီးက ယခုကဲ့သို့ သစ္စာမဖောက်နိုင်ဘူးဟု မည်သူအတပ်ပြောနိုင်မည်နည်း။

အနာဂတ်အကြောင်းကို သူမပြောဝံ့ပေ။ ထို့ပြင် ယခုအချိန်မှာ ကြွက်စစ်သူကြီးကို သူမယုံကြည်နိုင်သေးပေ။ သို့သော်လည်း သူက ကြွက်စစ်သူကြီး၏ အညံ့ခံမှုကို မငြင်းဆန်ပေ။ အဘယ့်ကြောင့်ဆိုသော် ကြွက်စစ်သူကြီးက သူ့အတွက် အသုံးဝင်နေဆဲ ဖြစ်သည်။

“ ဒီနေ့ ငါမင်းကို အသက်ရှင်ခွင့်ပေးရုံတင်မကဘူး… ငါမင်းကို ကြီးမားတဲ့ အကျိုးအမြတ်ပေးမယ်… အဲ့ဒါကို မင်းရယူနိုင်မလားဆိုတာတော့ မင်းရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ် ”

သီရှီထျန်က အဓိပ္ပာယ်ရှိစွာ ပြောသည်။

‘ ကြီးမားတဲ့ အကျိုးအမြတ်လား ’

ကြွက်စစ်သူကြီးက မျက်လုံးဝင်းလက်သွားသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး အမြန်ပြောသည်။

“ အရှင်မင်းကြီးပြောတဲ့ ကြီးမားတဲ့ အကျိုးအမြတ်က ဘာကို ဆိုလိုတာပါလဲ… ”

ကြွက်စစ်သူကြီးသည် စကားပြောနေစဉ် ခေါင်းမော့ချင်သည်။ သို့သော်လည်း သူက သီရှီထျန်ကို မော်မကြည့်ဝံ့ချေ။ သူက အလွန်စိုးရိမ်ကြောက်လန့်နေသည်။

“ ဒီနေ့ကစပြီး မင်း ငါ့အပေါ်မှာ အမြဲတမ်း သစ္စာရှိမယ်... ငါ့အပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကျိန်ဆိုမယ်ဆိုရင် မင်းက ဒီမြေအောက်လောကထဲက ကြွက်အပေါင်းရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်… အရင်ကြွက်ဘုရင်က သူ့လက်ချက်နဲ့သူ သေဆုံးသွားပြီ… မင်းသဘောတူမယ်ဆိုရင် အခုကစပြီး မင်းက ကြွက်ဘုရင်အသစ် ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ ငါ့ဘက်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်… အဲ့ဒါဘာလဲဆိုတော့ အခုကစပြီး မင်းနဲ့ မင်းရဲ့ ကြွက်အမျိုးအနွယ်က ငါ့မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ လက်အောက်ထဲ ခိုဝင်ရမယ်… တကယ်လို့ မင်းမှာ ငါ့အပေါ် သစ္စာဖောက်ဖို့ အကြံအစည်ရှိတယ်ဆိုရင် အဲ့ဒီအခါ ငါ့ကို အရမ်းရက်စက်တယ်လို့ အပြစ်မမြင်နဲ့… ဒီနေ့ ကြွက်ဘုရင်ရဲ့ အဆုံးသတ်ကို မင်း ဥပမာယူနိုင်တယ် ”

စက်ကရာက ကြွက်စစ်သူကြီးကို လေးနက်စွာ ပြောသည်။ ကြီးမြတ်သော ဩဇာအာဏာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကြွက်စစ်သူကြီးပေါ်သို့ သက်ရောက်သွားသည်။ သူစကားတစ်လုံး ပြောလိုက်သည့်အခါတိုင်း သူ၏ အရှိန်အဝါက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။

All Chapters