← Chapters

သွေးပင်လယ်သင်္ချိုင်း

Vol. 81-85 Ch. 1203

သွေးပင်လယ်သင်္ချိုင်း

Vol. 81-85 Ch. 1203

လုံယင်ရှို့၏ ကြောက်ရွံ့နေသော မျက်လုံးများက တဖြည်းဖြည်း အသက်မဲ့လာ၏။ သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်က ဘုတ်ခနဲ ပြန်ပြုတ်ကျလာလေသည်။ သူ၏ ဒွာရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်နေသည်။ ပွဲချင်းပြီး အသတ်ခံ လိုက်ရခြင်းပင်။

*သေသွားပြီ*

*လုံမိသားစုရဲ့ ဒုသခင်လေး သေသွားပြီ*

ဧည့်သည်တော်များ တအံ့တဩ ဖြစ်နေပြီး မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေကြသည်။ သူတို့အားလုံး သရဲဘသက်ကို တွေ့လိုက်ရသကဲ့သို့ ကြက်သေ  သေနေကြ၏။

*လုံမိသားစုရဲ့ ပါရမီရှင်က သူတို့လုံမိသားစုရဲ့ အမှိုက်ကောင် လက်ထဲမှာပဲ သေသွားတာလား*

*ထိတ်လန့်စရာ ကောင်းလိုက်တာ*

လုံရှာက ဤသို့ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။ လုံယင်ရှို့သည် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင် ဖြစ်သည်။ သူ့ခွန်အားက နလန်ရှောင်နှင့် ယဲ့ဖန်တို့လောက် မသန်မာ သော်လည်း လုံရှာ အလွယ်တကူ ရင်ဆိုင်နိုင်သည့် သိုင်းပညာရှင် မဟုတ်ပါ။

လုံရှာထံ၌ သူ အသတ်ခံလိုက်ရချိန်မှသာ လက်ရှိ လုံရှာက ယခင်နှင့်မတူတော့ကြောင်း သူတို့ သတိပြုမိ သွားသည်။

*ဈာန်ဝင်စားခြင်းအဆင့်ကို သတ်နိုင်တဲ့လူက ဈာန်ဝင်စားခြင်းအဆင့်ကို ရောက်နေတဲ့လူပဲ ဖြစ်ရမယ်*

*ဒီအမှိုက်ကောင်က ဈာန်ဝင်စားခြင်းအဆင့်ကို ရောက်နေတာလား*

လုံရှာက အမှိုက်ကောင်မှန်း သူတို့အားလုံး သိထားကြသည်။

*ဘယ်လိုလုပ် သူက အဆင့်တွေအများကြီးကို တစ်ခါတန်း ဖြတ်ကျော်ပြီး ဈာန်ဝင်စားခြင်းအဆင့်ကို ရောက်နိုင် မှာလဲ*

*နေ့ချင်းညချင်း အမှိုက်ကောင်ကနေ သိုင်းသမား ဖြစ်လာတာလား*

*မယုံနိုင်စရာပဲ*

“မဖြစ်နိုင်ဘူး၊ နင် ဘယ်လိုလုပ်လိုက်တာလဲ၊ နင်က အမှိုက်ကောင်ပဲ ဖြစ်နေသင့်တာလေ၊ နင် ဘာလို့ လုံယင်ရှို့ကို သတ်နိုင်ရတာလဲ”

စုန့်ကျဲရင်က လက်မခံနိုင်ဖြင့် အော်ဟစ်လေတော့သည်။ လုံယင်ရှို့ သေသွားသဖြင့် သူမ၏ လုံမိသားစု၏ ဒုသခင်လေးကတော် ဖြစ်လာမည့် အိပ်မက်ကလည်း ပျက်စီးသွားလေပြီ။

တစ်နေ့တွင် ဤအမှိုက်ကောင်က သူမ၏ အရာအားလုံးကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားမိပါ။

“မဖြစ်နိုင်ဘူး ဟုတ်လား”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က လှောင်ရယ်၍ ခပ်တည်တည် ပြန်ပြောလိုက်သည်။

“အရှင်နတ်ဆိုးဧကရာဇ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”

*အရှင်နတ်ဆိုးဧကရာဇ်*

ထိုစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြပြီး အားလုံး၏ အာရုံက ယဲ့ဖန်ပေါ် ရောက်သွားလေသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ပြောသည့် နတ်ဆိုးဧကရာဇ်က ဘယ်သူလဲဆိုတာကို သူတို့အားလုံး ရိပ်မိကြသည်။

*ယဲ့ဖန်က လုံရှာကို အမှိုက်ကောင်ဘဝကနေ သိုင်းပညာရှင် ဖြစ်အောင် လုပ်လိုက်တာများလား*

*သူ ဘယ်လိုလုပ်လိုက်တာလဲ*

*အမှိုက်ကောင်ကို ကြောက်စရာကောင်းတဲ့လူ ဖြစ်လာအောင် ချက်ချင်း လုပ်ပေးနိုင်တာက စိတ်ကူးယဉ် ကိစ္စလိုပဲ*

*ဒါ ဒဏ္ဍာရီထဲမှာပဲ ရှိတာ*

*နတ်ဘုရားတွေပဲ လုပ်နိုင်တဲ့နည်းလမ်း*

*ယဲ့ဖန်က နတ်ဘုရားလား*

အားလုံး ယဲ့ဖန်ကို တအံ့တဩ ကြည့်နေကြသည်။ သူတို့ ထိတ်လန့်နေပုံ ရသည်။ ယခင်က နလန်ရှောင်ကို ခနဲ့ခဲ့သော လူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ပါးစပ်ပိတ်နေကြပြီး စိတ်ပျက်သော အမူအရာများ ဖြစ်နေလေသည်။

*လတ်စသက်တော့ နလန်ရှောင်က အားလုံး သိထားပြီးသားကိုး၊ ဒါကြောင့်လည်း သူ ဘာမှအချိန်ဆွဲမနေဘဲ လုံမိသားစုကို ဆန့်ကျင်ပြီး ယဲ့ဖန်ကို မျက်နှာချိုသွေးတာပဲ*

*ယဲ့ဖန်အတွက် အစွမ်းကုန် ကြိုးစားတဲ့ဘယ်သူမဆို ဒီလိုအစွမ်းမျိုး ရလာနိုင်တာပဲ*

လက်ရှိတွင် သူတို့အားလုံး ယဲ့ဖန်ရှေ့ ဒူးထောက်၍ သူ့ဖိနပ်ကို လျက်ချင်စိတ် ပေါက်နေကြသည်။ အမှိုက်ကောင် တောင်မှ သိုင်းပညာရှင် ဖြစ်လာလျင် သူတို့သာ ယဲ့ဖန်၏ ထောက်ပံ့မှုကြောင့် အဆင့်တက်သွားပါက ဘယ် အတိုင်းအတာအထိ အဆင့်တက်သွားနိုင်မည်နည်း။ မတွေးတတ်လောက်အောင်ပင်။

လက်ရှိတွင် လူတိုင်းက ယဲ့ဖန်ကို ကိုယ်လုံးတီးနှင့် ရှိနေသော တုနှိုင်းမဲ့ မိန်းမလှလေးအား ကြည့်သကဲ့သို့ တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဤလူများသည် သူတို့ အစကတည်းက မလှုပ်ရှားခဲ့သည်ကို နောင်တရနေကြသည်။ ဤနတ်ဘုရားနှင့် မိတ်ဆွေဖြစ်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသဖြင့် ယူကြုံးမရ ဖြစ်နေ၏။

စွန်းကျန်းရှဲနှင့် အခြားသူများက လုံမိသားစုကို ကျောခိုင်း၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်ရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြလေသည်။ သူတို့သာဆိုလျင်လည်း ထိုသို့သော ဆုံးဖြတ်ချက်မျိုး ချမိမည်မှာ အသေအချာပင်။

လက်ရှိတွင် စိတ်အလှုပ်ရှားဆုံးသူများမှာ စွန်းကျန်းရှဲနှင့် ကျန်လူများပင်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ စကားကို ကြားပြီးနောက် သူတို့ မှန်ကန်သောဘက်၌ ရပ်တည်လိုက်မိကြောင်း ပို၍ သေချာသွားကြသည်။

“လုံရှာ မင်း သေသင့်တယ်ကွ”

အခြားလုံမိသားစုဝင်များမှာ ဒေါသူပုန်ထပြီး နေရာအနှံ့မှ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြေးဝင်လာ၏။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ဦးခေါင်းထက်သို့ ဓားရောင်များ ကျရောက်လာသည်။ နဂါးအသွင်ပြောင်းခြင်း အဆင့် လုံမိသားစု သိုင်းပညာရှင်တစ်ယောက် လှုပ်ရှားလာခြင်းပင်။

လူတိုင်း ခေါင်းခါလိုက်မိသည်။ လုံရှာက အံ့ဩစရာ ကောင်းသော်လည်း ဈာန်ဝင်စားခြင်းအဆင့်၌ ရှိနေသည်က စိတ်မကောင်းစရာပင်။ သူအနေနှင့် နဂါးအသွင်ပြောင်းခြင်းအဆင့်အား ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

“သူ့ကိုသတ်၊ သူ့ကို နုတ်နုတ်စင်းပစ်လိုက်”

စုန့်ကျဲရင် စူးစူးဝါးဝါး အော်ဟစ်လေသည်။ သူမ၏ မကျေနပ်စိတ်က အဆုံးစွန်ထိ ရောက်ရှိနေ၏။ လုံရှာက သူမ၌ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးခဲ့သည်။ သူမ ချစ်သော အမျိုးသားကို သတ်ခဲ့သဖြင့် လုံရှာကို ပြန်သတ်ပစ်ရန် သူမ မစောင့်နိုင်တော့ချေ။

“ဟားဟား…”

သို့သော် လုံရှာက အထင်သေးစွာ ပြုံးလိုက်သည်။ လေထုထဲ၌ သွေးမြူခိုးများ ဝေလာပြီး သွေးအမှတ် တံဆိပ်တစ်ခု ပေါ်လာသည်။

“သွေးပင်လယ်သင်္ချိုင်း”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ဦးခေါင်းထက်ရှိ သွေးရောင် သွေးအမှတ်တံဆိပ်ထံမှ အလွန် ရှေးကျသော အငွေ့အသက်တစ်မျိုး ပေါ်လွင်လာသည်။

ထိုရှေးကျသော အငွေ့အသက်က လူတိုင်းကို လောကအစသို့ ပြန်ရောက်သွားလေသလားဟု ထင်မှတ်မှား စေသည်။ သွေးအမှတ်တံဆိပ်က ဓားရောင်နှင့် ထိမိသွားလေသည်။

“ဝုန်း”

ဦးခေါင်းထက်သို့ ကျလာသော ဓားရောင်က ချက်ချင်း ပျက်စီးသွားလေ၏။

*တားဆီးလိုက်တယ်*

*တကယ် တားလိုက်တာပဲ*

လူတိုင်း ရူးချင်သလို ဖြစ်သွားရသည်။

*ဒီကောင်က နဂါးအသွင်ပြောင်ခြင်းအဆင့်ရဲ့ အစွမ်းကုန် ထုတ်သုံးတဲ့ သိုင်းကွက်ကို ဈာန်ဝင်စားခြင်း အဆင့်လေးနဲ့ တားလိုက်နိုင်တာလား*

“မဟုတ်ဘူး၊ ဒီကောင်က ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူး၊ နဂါးအသွင်ပြောင်းခြင်း အဆင့်ကို ရောက်နေတာ”

တိုက်ခိုက်လိုက်သည့် နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်က ထအော်လိုက်ပြီး ချွေးပြန်ကာ နေရာမှာတင် ကြက်သေ သေမလို ဖြစ်သွားလေသည်။

သူ မူမမှန်သောအချက်ကို သတိထားမိသည်။ ဈာန်ဝင်စားခြင်းအဆင့်သည် မည်မျှ သန်မာနေပါစေ နဂါးအသွင် ပြောင်းခြင်း အဆင့်၏ အားကုန်ထုတ်သုံးလာသော တိုက်ခိုက်မှုကို ဟန့်တားရန် မဖြစ်နိုင်ပါ။ သူ့စကားကို ကြားသော် လူတိုင်း ဦးနှောက်ပျက်သလို ဖြစ်သွားရသည်။

*နဂါးအသွင်ပြောင်းခြင်း အဆင့်လား*

*ဒီအမှိုက်ကောင်က နဂါးအသွင်ပြောင်းခြင်း အဆင့်လား*

*တစ်ရက်တည်းနဲ့ ရောက်သွားတာလား*

လက်ရှိတွင် လူတိုင်း၏ မျက်လုံး၌ မယုံနိုင်ဟန်များ ထင်ဟပ်နေပြီး သူတို့၏ ဦးနှောက်ကို လျှပ်စစ်ဖြင့် လျှော့တိုက်ခံရသလို ခံစားလိုက်ရသည်။ သူတို့ တစ်ခဏမျှ ငြိမ်သက်နေမိသည်။

သို့သော် သူတို့ ကြောက်သည့်သူမှာ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် လုံရှာ မဟုတ်ဘဲ ယဲ့ဖန်သာ ဖြစ်ပေသည်။

*ဒီကောင် … သူ ဘာတွေလုပ်လိုက်တာလဲ*

*ဒဏ္ဍာရီထဲကလို အမှိုက်ကောင်ကို သိုင်းပညာရှင် ဖြစ်အောင် လုပ်နိုင်တာလား*

သူတို့၏အမြင်တွင် ယဲ့ဖန်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ထက် အဆတစ်ရာမက ပိုကြောက်စရာ ကောင်းနေ၏။

သို့သော် ထိုအချိန်တွင် ပြင်းထန်သော လူသတ်ချင်သည့် အရှိန်အဝါများက နဂါးအသွင်ပြောင်းခြင်း အဆင့် သိုင်းပညာရှင်အား လွှမ်းခြုံလာသည်။

“မကောင်းတော့ဘူး”

သူ ချက်ချင်း ခေါင်းမွေးထောင်လာပြီး အန္တရာယ် အငွေ့အသက်ကို ခံစားမိသဖြင့် ချောက်ချားလာရသည်။ ကြောက်စရာ ကောင်းသော သွေးအမှတ်တံဆိပ်သည် အလင်းတန်းကဲ့သို့ ဘေးသို့ ပျံ့နှံ့လာ၏။

“ရွှစ် ရွှစ်”

ထိုသူ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီးနောက် သွေးများ ပန်းထွက်လာလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်၌ အပေါက်ရာ များစွာ ရှိနေပြီး တစ်ခဏအတွင်း တစ်စစီ ဖြစ်သွားလေသည်။ ထို့နောက် သူ့အလောင်းက ကြမ်းပြင်ပေါ် ပြုတ်ကျလာပြီး‌ သွေးများကြောင့် ကြမ်းပြင်က နီရဲစိုရွှဲလာသည်။ ထိုသူ ဘာမှပင် ပြန်မခုခံနိုင် လိုက်ချေ။

“တကယ်ကို နဂါးအသွင်ပြောင်းခြင်း အဆင့်ပါလား”

လူတိုင်း အလန့်တကြား ရေရွတ်လိုက်မိသည်။ နဂါးအသွင်ပြောင်းခြင်း အဆင့်သို့သာ ရောက်မနေပါက ထိုသိုင်းပညာရှင်ကို မည်သို့ သတ်နိုင်ပါမည်နည်း။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ ထိုနဂါးအသွင်ပြောင်းခြင်း အဆင့် သိုင်းပညာရှင်ကို သတ်ပြီးနောက် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သွေးအလင်းတန်းများက ပျံ့လွင့်လာ ပြန်သည်။ ဤသွေးအလင်းတန်းများကိုကြည့်ပြိး လူတိုင်း ကြောက်လန့်ကာ တုန်ယင်လာကြသည်။

“ဒါ ငရဲက မြင်ကွင်းများလား”

ဤနေရာတစ်ခုလုံးအား သွေးရောင်လွှမ်းလာသည်ကိုကြည့်ပြီး လူတိုင်း နေရခက်လာလေသည်။

“နောက်ဆုတ်၊ နောက်ဆုတ်ကြ”

ထိုစဉ် လုံမိသားစုဝင် သိုင်းပညာရှင်များက အသည်းအသန် အော်ဟစ်ကာ နောက်ဆုတ်နေကြသည်။ သူတို့ အလွန်အမင်း ကြောက်လန့်နေ၏။

All Chapters