အခန်း (၁၂၁၃-၁၂၁၄)
Vol. 122 Ch. 1213-1214
အခန်း (၁၂၁၃) လောကမှာ ကျင်လည်ချင်ရင် ခွန်အားကို အသိအမှတ်ပြုရမယ်
"ဂလု..." ယန်လန်ထင်၏အိုမင်းနေသော မျက်နှာမှာ သွေးရောင်မရှိဘဲ ပြာနှမ်းနေပြီး သူ၏လည်ချောင်းက အသည်းအသန်မျိုချနေသော်လည်း နှုတ်ခမ်းထောင့်များမှ ယိုစီးထွက်ကျလာသော နီရဲသည့် သွေးများကို မတားဆီးနိုင်ခဲ့ပေ။
သွေးများက သူ၏ရင်ဘတ်ကို လျင်မြန်စွာ စိုရွှဲသွားစေသော်လည်း အဘိုးအိုက ရှန်းယီ၏အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏နောက်ဆုံးသော ခွန်အားကို အသုံးပြုနေသည့်အလား သူ၏ လက်ဖမိုးပေါ်ရှိ သွေးကြောများက ထောင်ထနေ၏။
တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
ကျယ်ပြန့်သော စဉ့်စီရင်စုနှင့် ကျယ်ပြောလှသော မဟာတောင်ပိုင်းတိုက်ကြီးတွင် ဤဧရာမ သတ္တဝါကြီးကို ရင်ဆိုင်ရန် မည်သူမျှကျန်ရစ်တော့မည် မဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ယန်လန်ထင်က ရှန်းယီကို ရှေ့ထွက်မလာစေရန် အမှန်တကယ် တားဆီးချင်နေခဲ့၏။
တောင်ပိုင်းဧကရာဇ်၏စွမ်းအားကို အမှန်တကယ် ကိုယ်တွေ့ ကြုံတွေ့ရမှသာလျှင် ရှေးဟောင်းမှတ်တမ်းမှ သူ့အကြောင်းအပိုင်းအစများက မည်မျှနည်းပါးကြောင်းကို သဘောပေါက်နိုင်မည်။
ဒီမိစ္ဆာကြီးက လူသားတွေရဲ့စွမ်းအားကို ကျော်လွန်နေတယ်။
အတိတ်က မသေမျိုးခုံရုံး၏ အကာအကွယ်ဖြင့်ပင် နတ်ဘုရားမင်းဆက်၏ တိုက်ခိုက်မှုက ၎င်းကို မြေရိုင်းနယ်မြေများဆီသို့ မောင်းထုတ်နိုင်ရုံသာ ရှိခဲ့ပြီး လုံးဝ အပြီးတိုင်မသတ်ဖြတ်နိုင်ခဲ့ပေ။
ယခုအခါ မသေမျိုးခုံရုံးက စွန့်ပစ်ထားခဲ့သော မဟာတောင်ပိုင်းတိုက်ကြီးကိုတော့ ပြောစရာပင် မလိုတော့ပေ။
"သွား... လင်ရှုးယာ... လင်ရှုးယာ ကို သွားရှာ..."
ယန်လန်ထင်က စကားတစ်ခွန်းကို မနည်းပင်ညှစ်ထုတ်လိုက်ပြီး အခြား တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်နှစ်ဦးကလည်း အစောပိုင်းက သူတို့ မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချခဲ့သော စာကိုပြန်လည်သတိရသွားကြ၏။
သူတို့သုံးဦးက ပြည်သူများ၏အမွှေးတိုင်များနှင့် ယုံကြည်မှုများကို နှစ်ပေါင်းများစွာ စားသုံးခဲ့ပြီးဖြစ်ရာ ထိုလမ်းကြောင်းကို လျှောက်လှမ်းခွင့် မရှိသော်လည်း နန်ယန်ကဲ့သို့သော ကောင်းကင်ပါရမီရှင်တစ်ဦးအနေဖြင့် ဤနေရာတွင် စတေးခံအဖြစ် ကျန်ရစ်နေရန် အကြောင်းပြချက်မရှိပေ။
"..."
ရှန်းယီက အနောက်သို့ လှည့်မကြည့်ဘဲ ကောင်းကင်ယံရှိ ဖိနှိပ်ထားပြီး အနည်းငယ် အသက်ရှူကျပ်စေသော မီးခိုးရောင် အသားတောင်ကြီးကိုသာ တိတ်ဆိတ်စွာကြည့်နေ၏။
သူက အဘိုးအို၏လက်ကို ညင်သာစွာ ပုတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "အရာအားလုံးကို ကျွန်တော် တာဝန်ယူပါတယ်"
နောက်တစ်ခဏတွင် နွေးထွေးသော အလင်းရောင်တစ်ခုက ကောင်းကင်ကန့်လန့်ကာကို နောက်တစ်ကြိမ်လင်းထိန်သွားစေပြီး ရွှေရောင်အလင်းတန်းများက အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မြစ်တစ်စင်းအလား လှိုင်းထနေကာ ဖန်သားစီရင်စုအထက် ကောင်းကင်ယံတွင် ခမ်းနားကြီးကျယ်ပြီး ဧရာမ ပုံသဏ္ဌာန်တစ်ခုအဖြစ်ဖွဲ့လိုက်သော်လည်း တောင်ပိုင်းဧကရာဇ်၏ဆူဖြိုးသော ခန္ဓာကိုယ်ထက် များစွာ ပိုမိုချောမွေ့ပြီး ကျစ်လစ်နေ၏။
တစ်ချိန်တည်းမှာပင် အရိပ်များဖြင့် လွှမ်းခြုံခံထားရသော စဉ့်စီရင်စုက နောက်ဆုံးတွင် အလင်းရောင်ကို မြင်တွေ့လိုက်ရသည်။
ရွှေရောင်ခန္ဓာ ဓမ္မကိုယ်ထည်က တဖြည်းဖြည်း ပုံပေါ်လာသည်နှင့်အမျှ ၎င်း၏လက်မောင်းခြောက်ဖက်က တစ်ဖက်ပြီးတစ်ဖက် ဆန့်ထွက်လာပြီး စူးရှတောက်ပသော အလင်းဘီးတစ်ခုက မြင့်တက်လာလေသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌တည်ငြိမ်စွာ ထိုင်နေသော တောင်ပိုင်းဧကရာဇ်က ရုတ်တရက် လှုပ်ရှားလိုက်၏။
လောကကို အထင်သေးသောနောက်ခံများနှင့် နည်းလမ်းများကိုပိုင်ဆိုင်ထားသည့် ရာထူးမြင့်သူများက ပုံမှန်အားဖြင့် ယုံကြည်မှုအချို့ သို့မဟုတ် မောက်မာမှုများ ရှိတတ်ကြသည်။ ၎င်းက သာမန် ရောဂါတစ်ခုသာဖြစ်ပေ၏။
အဘယ်ကြောင့်ဆိုသော် ခမ်းနားကြီးကျယ်မှုနှင့် စွမ်းအား အားလုံးကို ခံစားပြီးနောက် ရှည်လျားသောနှစ်များအတွင်း ပျော်ရွှင်မှု အနည်းငယ်ကို ရှာဖွေတွေ့ရှိရန်က အလွန်ခက်ခဲလှသောကြောင့်ပင်။
ဤပျော်ရွှင်မှုအနည်းငယ်ထဲတွင် ပါရမီရှင်များ၏တာအိုနှလုံးသားကို လုံးဝချေမှုန်းပစ်ခြင်းက သေချာပေါက် အရေးကြီးသော အရာတစ်ခု ဖြစ်ပေသည်။
ပြိုင်ဘက်က မည်သည့် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ သူတို့က ၎င်းကို အေးဆေးတည်ငြိမ်စွာပျက်ပြယ်သွားစေနိုင်ပြီး နောက်ဆုံး တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း... ထိုခံစားချက်က ခေါင်းမှခြေဖျားအထိ နှစ်သိမ့်မှု ပေးစွမ်းနိုင်၏။
သို့သော် တောင်ပိုင်းဧကရာဇ်တွင် ဤကဲ့သို့သော ဝါသနာ ရှိပုံမပေါ်ပေ။
တောက်ပနေသော အလင်းရောင်ကို မြင်လိုက်ရသည်နှင့် ၎င်း၏ကျယ်ပြန့်သော အတွေ့အကြုံက ဤလူ၏ခွန်အားက ယခင် သုံးဦးကို ကျော်လွန်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ချက်ချင်း အကဲဖြတ်နိုင်ခဲ့သည်။
သေချာပေါက် ၎င်းကိုယ်တိုင်နှင့် နှိုင်းယှဉ်ပါက လျစ်လျူရှု၍မရနိုင်သော အကွာအဝေးတစ်ခု ရှိနေဆဲပင်။
သို့သော် တောင်ပိုင်းဧကရာဇ်၏လုပ်ရပ်များကို ပြောင်းလဲရန် လုံလောက်ခဲ့ပါသည်။
၎င်းက ချောင်းမြောင်းတိုက်ခိုက်သူ ဟူသော အရာများကို ဂရုမစိုက်ပေ။ ယခုအချိန်အထိ အသက်ရှင်သန်ခဲ့ရသော အတွေ့အကြုံများက နောက်ဆုံးအချိန်အထိအသက်ရှင်နေသရွေ့ ဤခဏတာ အရာများက အဓိပ္ပာယ်မရှိကြောင်းကို သင်ကြားပေးခဲ့၏။
ဧရာမ သတ္တဝါကြီးတစ်ကောင်က အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ရေလှိုင်းများကဲ့သို့ အဆီလှိုင်းများကို ဖြစ်ပေါ်စေနိုင်သော်လည်း တိတ်ဆိတ်စွာဖြင့် ဤကဲ့သို့လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
၎င်းက ထိုက်ရွှီ နယ်ပယ်၏နည်းလမ်းများကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပြီး တောက်ပသော ရွှေရောင်ခန္ဓာကိုယ်ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာ၏။
ရှန်းယီ ကြုံတွေ့ခဲ့ရသော နတ်ဆိုးသားရဲများ အားလုံးထဲတွင် ၎င်းက အရွယ်အစားအရ သူ၏ ဓမ္မကိုယ်ထည်ကို ဖိနှိပ်နိုင်စွမ်းရှိသော တစ်ကောင်တည်းသော သတ္တဝါဖြစ်ပြီး တစ်ဝက်တိတိ ပိုမြင့်နေ၏။
နောက်တစ်ခဏတွင် တောင်ပိုင်းဧကရာဇ်က ရုတ်တရက် လက်သီးကိုဝှေ့ယမ်းလိုက်သည်။
အဆီများပြီး အလွှာလိုက်ဖြစ်နေသော လက်မောင်းက အဝိုင်းပုံသဏ္ဌာန်အဖြစ် ရုတ်တရက် တင်းကျပ်သွားပြီး မီးခိုးရောင် အရေပြားက သတ္တုတစ်မျိုးအလား တောက်ပနေကာ ၎င်း၏လေးလံသော လက်သီးက ဓမ္မကိုယ်ထည်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဒေါင်..
အသံက ခေါင်းလောင်းကြီးတီးလိုက်သကဲ့သို့ပင်။
အပြည့်အဝ မဖွဲ့စည့်ရသေးသော ရွှေရောင် ဓမ္မကိုယ်ထည်က ပြင်းထန်စွာတုန်ခါသွားပြီး ၎င်း၏ အကြမ်းဖျင်း ပုံသဏ္ဌာန်က မှုန်ဝါးသွားကာ ၎င်း၏နောက်ရှိ တောက်ပနေသော အလင်းဘီးက လျင်မြန်စွာမှိန်ဖျော့သွားပြီး ရွှေရောင်အစစ်အမှန်အသွင်ကို ဖော်ပြလာကာ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏။
ရှန်းယီ၏လောကခရီးသည်လမ်းကြောင်းက တာအိုကာကွယ်ခြင်းစွမ်းအားကို ကျင့်ကြံသည်။
ထို့အတူ သုံးနှင့်သုံး အသွင်ပြောင်းလဲခြင်းသို့ ရောက်ရှိသောအခါ သူက မြေ၊ ရေ၊ လေ၊ မီး တို့ကို ပြန်လည်တည်ဆောက်ပြီး ကမ္ဘာကြီးကို ကမ္ဘာကြီးဖြင့်ကာကွယ်ရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။
ဤအလင်းဘီးက သူ ကာကွယ်ချင်သော ကမ္ဘာကြီးဖြစ်ပြီး ၎င်းက ဗောဓိသတ္တအသီးအပွင့်၏အခြေခံအုတ်မြစ်လည်း ဖြစ်၏။
ဤအခိုက်အတန့်တွင်... တောင်ပိုင်းဧကရာဇ်က ဤကမ္ဘာကြီးကိုပြိုကျလုနီးပါး တုန်ခါသွားစေရန် လက်သီးတစ်ချက်ကို အသုံးပြုခဲ့သည်။
ရှန်းယီသည် ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း၏ အမြင့်ဆုံးနှင့် ရွှေရောင်ချည်မျှင်ရှစ်မျှင်သာ ကွာဝေးပြီး ကျော်ဖြတ်ရန်လွယ်ကူပုံရသော ဤကွာဟချက်က ယခုအခါအလွန်ရှင်းလင်းပြတ်သားစွာထွက်ပေါ်လာ၏။
ထို့အတူ ပိုပြီး စိတ်ပျက်အားငယ်စရာကောင်းသည်မှာ...
ထိုလက်သီးကို ခံနိုင်ရည်ရှိခြင်းက ရှန်းယီက မဟာဂိုဏ်းကြီး၏ စစ်မှန်သော ကျမ်းစာကို ကျင့်ကြံထားပြီး သူ၏အသွင်ပြောင်းလဲခြင်း လမ်းကြောင်းက တူညီသော နယ်ပယ်အတွင်း ထိပ်တန်းအဆင့် ဖြစ်နေသောကြောင့်ပင်။
ခြောက်နှင့်ခြောက် အဆင့်ရှိသော အခြား ကျင့်ကြံသူများဆိုပါက သူတို့၏တာအိုခန္ဓာကိုယ်များက ယခုလောက်ဆို ကျိုးပဲ့သွားလောက်ပြီ ဖြစ်၏။
ဓမ္မကိုယ်ထည်အတွင်းမှ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပိန်သွယ်ပြီး မှုန်ဝါးဝါးပုံရိပ်တစ်ခုက အနောက်သို့လွင့်ထွက်သွားပြီး မှင်ရောင် အနက်ရောင်ဝတ်ရုံများက ရိုင်းစိုင်းစွာ လွင့်ခါနေသည်။
"ဗောဓိသတ္တ၊ မင်း သေရတော့မယ်" တောင်ပိုင်းဧကရာဇ်က ကြမ်းတမ်းစွာ ရယ်မောလိုက်ပြီး တိုက်ခိုက်မှုတစ်ခု ထိမှန်ပြီးနောက် ရက်စက်စွာ ဆက်လက် လုပ်ဆောင်နေ၏။
ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို တိုက်ခိုက်လျှင်ပင် သူ၏ခွန်အားအပြည့်ကို အသုံးပြုသည်။ ကိုးနှင့်ကိုး နယ်ပယ်က ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကိုရင်ဆိုင်ရချိန်တွင် ပြိုင်ဘက်ကို မျှော်လင့်မထားသော လက်သီးတစ်ချက်ဖြင့် အရင်ဆုံး လွင့်ထွက်သွားစေပြီး ဓမ္မကိုယ်ထည် ပြန်လည် စုစည်းရန် လိုအပ်သော အချိန်ကို အသုံးချကာ သေစေနိုင်သော တိုက်ခိုက်မှု တစ်ခုလုပ်ရန်ကပ်ဘေးစွမ်းအားများကို စုစည်းပြီး ၎င်း၏အစွမ်းအစ အပြည့်အဝကို အသုံးပြုရန် ရည်ရွယ်နေ၏။
သူ၏တင်းကျပ်စွာ ဆုပ်ထားသော ညာဘက်လက်သီးက ရုတ်တရက်ပွင့်လာပြီး လက်ချောင်းငါးချောင်းက အတူတကွပေါင်းစုကာ တောင်ကြီးတစ်လုံးပမာဖြစ်နေသောလက်ခေါင်းက မျက်တောင်တစ်ခတ်အတွင်း အဆရာပေါင်းများစွာကြီးမားလာပြီး ကမ္ဘာကြီးကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ရန်ရည်ရွယ်နေပုံရသည်။
"လော့ထျန်း ကြီးမြတ်လက်ဝါး"
အခန်း (၁၂၁၄) လောကမှာ ကျင်လည်ချင်ရင် ခွန်အားကို အသိအမှတ်ပြုရမယ် ၂
သူက ထိုသေးငယ်သော ပုံရိပ်လေးကို စူးစိုက်ကြည့်နေ၏။
ထွက်ပေါ်လာစဉ်က ထိုလူများကို ကယ်တင်ရန် တစ်ဖက်လူအသုံးပြုခဲ့သော နည်းလမ်းများတွင် ရှန်းရွှီတောင်၏အရိပ်အယောင်များ ပါဝင်နေသည်။ ထို့ကြောင့် ထိုအချိန်ကတည်းက တောင်ပိုင်းဧကရာဇ်က ဤစစ်သူကြီးအတွက် ကပ်ဘေးစွမ်းအားများကိုပိတ်လှောင်ရန် ဤလက်ဝါးကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
တောင်ပိုင်းဧကရာဇ်၏ အကြည့်အောက်တွင်
ရှန်းယီက နောက်ဆုံးတွင် သူ၏ကိုယ်ဟန်ကို တည်ငြိမ်စေလိုက်ပြီး သူ၏အမူအရာက တုန်လှုပ်ခြင်းမရှိဘဲ အရာအားလုံးကို ကြိုတင် ခန့်မှန်းထားသကဲ့သို့ပင်။
သူက လက်မကို ဆန့်ထုတ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်ရှိ သွေးစွန်းနေမှုကို ညင်သာစွာ သုတ်ဖယ်လိုက်သည်။
လွှမ်းမိုးလာသော ဧရာမလက်ဝါးရာကြီးကို ရင်ဆိုင်ရချိန်တွင် သူ၏မျက်ခုံးများပင် မလှုပ်ခတ်ခဲ့ပေ။
"..."
တောင်ပိုင်းဧကရာဇ်၏နှလုံးသားထဲရှိ မီးတောက်ကို အများဆုံးလောင်ကျွမ်းစေခဲ့သောအရာမှာ ဤလူငယ်၏အစဉ်အမြဲ မပြောင်းလဲသော တည်ငြိမ်မှုပင်။
အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
ဘာအကြောင်းကြောင့်လဲ။
တောင်ပိုင်းဧကရာဇ်က ထပ်မမေးချင်တော့ဘဲ သူ့ကို အပြာရောင်မီးခိုးငွေ့များအလား ဘာမှမရှိတော့သည်အထိချေမွပစ်ချင်ရုံသာ ရှိတော့၏။
သို့သော် နောက်တစ်ခဏတွင် လူငယ်လေးက သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ အလံငယ်ကိုးခု လွင့်ထွက်လာသည်ကို ၎င်း မြင်လိုက်ရသည်။
အလံငယ်လေးများက ပုံစံတူညီကြပြီး ၎င်းတို့၏မျက်နှာပြင်ပေါ်ရှိ ပုံဆွဲထားမှုများသာ ကွာခြားပါသည်။
၎င်းတို့က ကောင်းကင်ယံသို့ လျင်မြန်စွာပြန့်ကျဲသွားပြီး မကြာမီ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားကာ ဆန်စေ့ခန့်သေးငယ်ပြီး မှိန်ဖျော့စွာ တောက်ပနေသောကြယ်များအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
မျက်တောင်တစ်ခတ်အတွင်း တောင်ပိုင်းဧကရာဇ်က ၎င်းသည် ဤကြယ်ရောင်များဖြင့် ဝိုင်းရံခံထားရကြောင်း သဘောပေါက်သွားသည်။
သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သောအခါ သူ့ရှေ့ရှိ ရွှေရောင်ဓမ္မကိုယ်ထည်က ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိဘဲ ပတ်လည်ရှိတိမ်ဖြူများက လေပြင်းသံနှင့်အတူ စုဝေးလာကာ သူ၏အမြင်အာရုံကို တဖြည်းဖြည်း ဖုံးကွယ်သွားစေသည်ကို တွေ့လိုက်ရ၏။
"ဒီလို အသေးအဖွဲလှည့်ကွက်တွေကို ငါ့ရှေ့မှာ လာစကားနေတယ်၊ မင်းတို့ မဟာဂိုဏ်းကြီးက ပိုပိုပြီး အသုံးမကျလာတာပဲ" တောင်ပိုင်းဧကရာဇ်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများထဲရှိ အကြည့်များက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။
နောက်တစ်ခဏတွင် သူကမျက်လုံးများကို ရုတ်တရက် မှိတ်လိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက ရှေ့သို့ ပြေးထွက်သွားကာ မှတ်ဉာဏ်ထဲရှိ စဉ့်စီရင်စု၏ဦးတည်ရာဆီသို့ ရူးသွပ်စွာ ပြေးသွားလေသည်။
ထိုဧရာမလက်ဝါးရာကြီး ကျဆင်းသွားသရွေ့ ၎င်းက စီရင်စုမြို့တော် ပတ်လည်ရှိ အရာအားလုံးကို လုံးဝ ပြိုလဲသွားစေနိုင်၏။
မမေ့ပါနှင့်၊ သူက တိုက်ကြီးကို ထိုးဖောက်ရန် လာခြင်းဖြစ်ပြီး တစ်ဖက်လူက သူ့ကိုကာကွယ်ရန် တာဝန်ရှိသူ ဖြစ်သည်။
ထွက်ပြေးတာက... အသုံးဝင်မှာလား။
တောင်ပိုင်းဧကရာဇ်၏အရှိန်ဖြင့် စဉ့်စီရင်စုကို ဖျက်ဆီးရန် မျက်တောင်တစ်ခတ်စာ အချိန်ပင် ယူမည်မဟုတ်ပေ။
သူက အားကုန်ရုန်း၍ပြေးသော်လည်း တစ်ခုခု မှားယွင်းနေကြောင်း တဖြည်းဖြည်း ခံစားလာရသည်။ ထိုတိုတောင်းသော အကွာအဝေးက ဘာကြောင့် ဤမျှအချိန်ကြာနေရသနည်း။
တောင်ပိုင်းဧကရာဇ်က မသိစိတ်အရမျက်လုံးများကို ဖွင့်လိုက်ရာ တိမ်ဖြူများပြန့်ကျဲသွားပြီးနောက် ရှေ့တွင် စီရင်စုမြို့တော် မရှိတော့ဘဲ ဆန်စေ့ကဲ့သို့ တောက်ပနေသော ကြယ်တစ်ပွင့်တည်းကိုသာ တွေ့လိုက်ရ၏။
၎င်း မည်မျှပင်ရှေ့သို့ ခြေလှမ်းလှမ်းစေကာမူ ကြယ်ရောင်ကို အနည်းငယ်သာကြီးလာစေနိုင်ပေသည်။
"ဟမ်..."
တောင်ပိုင်းဧကရာဇ်က သူ၏ပါးစပ်ကို ဟလိုက်၏။
ဒီလိုနည်းဗျူဟာတွေကိုအသုံးပြုပြီး သူရဲ့စွမ်းအင်တွေကို ကုန်ခမ်းစေချင်တာလား။
ဒီဗောဓိသတ္တရဲ့မျက်လုံးတွေက သူတို့နှစ်ဦးကြားကကြီးမားတဲ့ ကွာဟချက်ကို မမြင်နိုင်ဘူးလား။
သူက စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ထိုကြယ်ရောင်ဆီသို့ တိုက်ရိုက်စူးစိုက်ကြည့်လိုက်ကာ နောက်တစ်ခဏတွင် ဤဧရာမသတ္တဝါကြီးက မကြုံစဖူးသော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး မမောပန်းနိုင်သည့်အလား ရှေ့သို့ ပြေးထွက်သွား၏။
အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် ကြာပြီးနောက် တောင်ပိုင်းဧကရာဇ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။
သူက ကြယ်ရောင်ဆီသို့ ရောက်ရှိသွား၏။
သို့သော် တစ်ချိန်က ဆန်စေ့အရွယ်သာရှိသော အလင်းရောင်က ယခုအခါ အေးစက်သော တောက်ပမှုဖြင့်ဖုံးလွှမ်းထားသည့် ဧရာမကြယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နှစ်ခုလုံး၏အရွယ်အစားက ပြောင်းပြန်ဖြစ်သွားပုံရသည်။
ဤကြယ်ကြီး၏ရှေ့တွင် တောင်ပိုင်းဧကရာဇ်က ဆန်စေ့ သို့မဟုတ် ခဏတာလင်းမည့် ပိုးဖလံငယ်လေးကဲ့သို့ သေးငယ်သောတည်ရှိမှုတစ်ခု ဖြစ်သွားလေ၏။
သူမည်မျှပင် မော့ကြည့်ရန် ကြိုးစားစေကာမူ ဤဧရာမ အရာဝတ္ထုကြီးကို အပြည့်အဝမမြင်နိုင်ပေ။
တောင်ပိုင်းဧကရာဇ်က ကြောက်မက်ဖွယ်ကောင်းသော ထိုဧရာမကြယ်ကြီးကို တိုက်ရိုက် စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများက မီးတောက်များအလား လင်းလက်နေသော်လည်း ပို၍ပင် ရူးသွပ်လာ၏။
"ဒီအရာနဲ့ မင်းက ငါ့ကို တားချင်တာလား"
"ငါ့အတွက် ကျိုးပဲ့သွားစမ်း..." အချိန်ကို စောင့်ဆိုင်းနေခဲ့သော လော့ထျန်းကြီးမြတ်သောလက်ဝါးကြီးက သစ်ပင်ကိုလှုပ်ယမ်းနေသော ပုရွက်ဆိတ်တစ်ကောင်အလား ဤကြယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဘုန်း
နောက်တစ်ခဏတွင် နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ
ကြယ်တစ်ခုလုံး မျက်တောင်တစ်ခတ်အတွင်း မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်ပြိုကွဲသွားပြီး ၎င်းပေါ်ရှိအေးစက်သော ကြယ်ရောင်များက တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်ကို မီးတောက်များအလား ရစ်ပတ်သွား၏။
"ဂါး" တောင်ပိုင်းဧကရာဇ်က အရှေ့သို့ အနည်းငယ် ကိုင်းညွတ်သွားပြီး ထူးဆန်းသောနာကျင်မှုကြားမှ ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ရာ သူ၏ရက်စက်ကြမ်းကြုတ်မှုက နိုးထလာသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါက ပို၍ပင် အားကောင်းလာ၏။
ထို့အတူ ဤဟိန်းဟောက်သံကြားတွင် ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသော ယုံကြည်မှုတစ်ခု ပါဝင်နေသည်။
သူက တစ်ခုကို ဖျက်ဆီးနိုင်တယ်ဆိုရင်...
ဒီကြယ်ကိုးပွင့်ကို သူ့ရဲ့ခွန်အားနဲ့ အကုန်ဖျက်ဆီးပစ်နိုင်မှာပေါ့။
အဲဒီအချိန်ကြရင် နန်ယန်ဆိုတဲ့ကောင်က သူရဲ့ ရှေ့မှာ နောက်တစ်ကြိမ် ရပ်တည်ရဲဦးမလား။
တောင်ပိုင်းဧကရာဇ်က သူ၏ကိုယ်ဟန်ကို ရုတ်တရက်ပြောင်းလဲလိုက်ပြီး ဒုတိယမြောက် ကြယ်ရောင်ဆီသို့ အပြေးအလွှားတက်သွား၏။
သူက သူ့စွမ်းအင် ကုန်ခမ်းမှုကို လုံးဝမစဉ်းစားခဲ့ပေ။ ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း၏အထွတ်အထိပ်ရှိ ကျင့်ကြံမှုသည် တောင်ပိုင်းဧကရာဇ်ဟူသော သူ၏အမည်နာမအတွက် စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်ပေသည်။
ဘုန်း ဘုန်း
မျက်တောင်တစ်ခတ်အတွင်း အခြား ကြယ်သုံးပွင့် ထပ်မံဖျက်ဆီးခံလိုက်ရသည်။
ပတ်လည်ရှိတိမ်ဖြူများက များစွာ မှေးမှိန်သွားပုံရပြီး တောင်ပိုင်းဧကရာဇ်က လှောင်ပြောင်လိုက်၏။ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသော ကြယ်ရောင်များက အမျိုးမျိုးသောအရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူ၏မီးခိုးရောင်အရေပြားကို အက်ကွဲကြောင်းများအဖြစ် လောင်ကျွမ်းစေကာ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် သစ်စေးများကဲ့သို့ အရည်များ စီးကျလာစေသည်။
သို့သော် ထိုမောက်မာသော ကောင်လေးကို မကြာမီလည်ပင်းညှစ်သတ်နိုင်သရွေ့ သူ၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုက မိစ္ဆာမီးတောက်တစ်ခုအလား မရပ်မနား တုန်ခါနေ၏။
တောင်ပိုင်းဧကရာဇ်က ပဉ္စမမြောက်ကြယ်ဆီသို့ အပြေးအလွှား သွားလိုက်သည်။
ဤအခိုက်အတန့်တွင် နားကွဲမတတ် လေချွန်သံတစ်ခုက သူ၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။
ဤဧရာမသတ္တဝါကြီးက မသိစိတ်အရ ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း တိမ်ဖြူများက တောက်လောင်နေသော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူတုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ရက်စက်ကြမ်းကြုတ်သော သွေးနီရောင်နဂါးဝိညာဉ်ဒါဇင်ပေါင်းများစွာက သက်တန့်များကဲ့သို့ မီးတောက်အမြီးများဖြင့် ကြွေကျလာသော နေမင်းကြီးအလားခမ်းနားကြီးကျယ်သော ရထားလုံးကို ဆွဲလာကာ ကောင်းကင်ကိုဆုတ်ဖြဲပြီး သူ့ဆီသို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်လိုက်ရ၏။
တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်က နဂါးဝိညာဉ်များ၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အက်ကွဲနေပြီးသားဖြစ်သော သူ၏အရေပြားက ကောင်းကင်မီးတောက်များကြောင့် ပိုမိုဆုတ်ဖြဲခံလိုက်ရသည်။
သူက အနောက်သို့ယိမ်းယိုင်သွားပြီး မျက်နှာသွင်ပြင်များရှုံ့မဲ့သွားကာ သွားများကိုတင်းတင်းကြိတ်ကယ ထိုအရေးကြီးသော အခိုက်အတန့်တွင် သူ၏လက်မောင်းများကို ပြင်းထန်စွာဝှေ့ယမ်းလိုက်ပြီး ရထားလုံး၏ဘောင်ကို တိကျစွာ ဆုပ်ကိုင်လိုက်၏။
ဂျွတ်....ဂျွတ်
ဤဧရာမသတ္တဝါကြီးက သူ၏ခြေထောက်များကို အားပြုလိုက်ပြီး သူ့တစ်ကိုယ်လုံးက တင်းမာကာဖောင်းကြွလာပြီး မီးနဂါးရထားလုံးကို ၎င်း၏လမ်းကြောင်းပေါ်တွင် လုံးဝ ရပ်တန့်သွားစေခဲ့၏။
သူ၏ပါးစပ်ကအပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး အသက်အားရပါးရရှုကာ ရယ်သံတစ်ခုကိုရုတ်တရက် ထုတ်လွှတ်လိုက်သည်။ "ဟား...ဟား.."
ဧရာမရထားလုံးကြီးက မယုံကြည်နိုင်လောက်အောင်ပင် ကျန်းအနည်းငယ်အနောက်သို့ တွန်းထုတ်ခံလိုက်ရ၏။ "လှည့်ကွက်တွေ ရှိသေးလား"