← Chapters

အခန်း (၁၂၁၅-၁၂၁၆)

Vol. 122 Ch. 1215-1216

အခန်း (၁၂၁၅-၁၂၁၆)

Vol. 122 Ch. 1215-1216

အခန်း (၁၂၁၅) လောကမှာ ကျင်လည်ချင်ရင် ခွန်အားကို အသိအမှတ်ပြုရမယ် ၃

"ငါ မေးမယ်၊ မင်းမှာ တခြား လှည့်ကွက်တွေ ကျန်သေးလား"တောင်ပိုင်းဧကရာဇ်က နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ရူးသွပ်စွာရယ်မောလိုက်သော်လည်း သူ့ကို အဆက်မပြတ်လိုက်လံဖမ်းဆီးနေခဲ့သော ရွှေရောင်ဓမ္မကိုယ်ထည်က အနောက်တွင် တိတ်ဆိတ်စွာ ပေါ်လာသည်ကို သတိမထားမိခဲ့ပေ။

ဓမ္မကိုယ်ထည်၏အမူအရာက အတွင်းရှိ အနက်ရောင်ဝတ်ဆင်ထားသော လူငယ်လေးကဲ့သို့ပင် လျစ်လျူရှုဟန်ပေါက်နေ၏။

သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း လက်မောင်းများကို မြှောက်လိုက်ကြသည်။

နဂါးရစ်ခွေသံမဏိတုတ်က ကောင်းကင်ယံကို ဖြတ်၍လွှဲယမ်းသွားပြီးနောက် တောင်ပိုင်းဧကရာဇ်၏ဂုတ်ပိုးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

"..."

တောင်ပိုင်းဧကရာဇ်၏ ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏မျက်နှာတစ်ခုလုံး အနည်းငယ် တုန်ယင်သွား၏။

သူ၏လက်ဖဝါးများက ရထားလုံးဘောင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသော်လည်း ဒူးများက တဖြည်းဖြည်း အားအင်ကုန်ခမ်းလာပြီး ကွေးကျသွားကာ နောက်ဆုံးတွင် ကျယ်လောင်သော ဘုန်း ကနဲအသံနှင့်အတူ မီးနဂါး ရထားလုံးရှေ့တွင် ဒူးထောက်ကျသွားလေသည်။

သူ၏အနောက်တွင် ရှန်းယီ၏ ဤအခိုက်အတန့် လုပ်ရပ်များက တောင်ပိုင်းဧကရာဇ်အစောပိုင်းက လုပ်ဆောင်ခဲ့သောအရာများကို ထင်ဟပ်နေ၏။

တူညီသော သေချာစေ့စပ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ကရုဏာကင်းမဲ့မှုတို့ဖြင့် ဆုတ်ခွာစရာ လမ်းမချန်ထားခဲ့ပေ။

ဤအခွင့်အရေးကို ဆုပ်ကိုင်၍ နဂါးရစ်ခွေသံမဏိတုတ်က တောင်ပိုင်းဧကရာဇ်၏အက်ကွဲနေပြီးဖြစ်သော ကျောရိုးထဲသို့ တည့်မတ်စွာထိုးစိုက်ဝင်သွားရာ အစိမ်းရောင်အရည်များ ပန်းထွက်သွားစေခဲ့၏။

"မင်း... မင်း..." ဤကဲ့သို့ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် တောင်ပိုင်းဧကရာဇ်က ကြယ်ရောင်များဖြင့် လွှမ်းခြုံခံထားရပြီး သူ၏တစ်ကိုယ်လုံး ကောင်းကင်မီးတောက်များဖြင့် လောင်ကျွမ်းနေကာမြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် အနောက်သို့ လှည့်ကြည့်ရန် ခေါင်းကိုဖြည်းညှင်းစွာ လှည့်လိုက်ရာ အတော်လေး သနားစရာကောင်းနေပုံရပြီးပြီးပြည့်စုံသော စကားတစ်ခွန်းကိုပင် မပြောနိုင်တော့ပေ။

သို့သော် ဤအခိုက်အတန့်တွင်။

စုစည်းပြင်ဆင်ထားပြီးဖြစ်သော အခြား လော့ထျန်း ကြီးမြတ်သောလက်ဝါးကြီးတစ်ခုက လေဟာနယ်ကို နောက်တစ်ကြိမ် ပစ်မှတ်ထားလိုက်၏။

သူ၏မျက်နှာပေါ်ရှိ ဝမ်းနည်းပူဆွေးမှုက မျက်တောင်တစ်ခတ်အတွင်း မှေးမှိန်သွားပြီး အမဲမလိုက်မီ သားရဲတစ်ကောင်၏တည်ငြိမ်မှုကဲ့သို့ ခိုအောင်းနေမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဧရာမလက်ဝါးကြီးက ဓမ္မကိုယ်ထည်၏ခန္ဓာကိုယ်ကို မျက်တောင်တစ်ခတ်အတွင်း ဖုံးအုပ်သွား၏။

ယခင်က ရူးသွပ်စွာ ရယ်မောခြင်းဖြစ်စေ၊ အဆက်မပြတ် လှောင်ပြောင်ခြင်းဖြစ်စေ၊ ဒူးထောက်ချိန်တွင် အားနည်းမှုကိုပြသခြင်းဖြစ်စေ အားလုံးက ဤအခိုက်အတန့်အတွက် ပြင်ဆင်မှုများသာ ဖြစ်ပေသည်။

သို့သော် တောင်ပိုင်းဧကရာဇ်၏မျက်လုံးများထဲတွင် မည်သည့် ဝမ်းသာမှု အရိပ်အယောင်မျှ မရှိတော့ပေ။ သူက လေနှင့်အတူ လွင့်စင်သွားသော ဓမ္မကိုယ်ထည်ကို မှင်တက်စွာ စိုက်ကြည့်နေ၏။

ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေသော ရှန်းယီက သူ့ကို အေးစက်စွာငုံ့ကြည့်လိုက်ပြီး သူ၏ပုံသဏ္ဌာန်ကလည်း တဖြည်းဖြည်း မှုန်ဝါးလာသည်။

သူ နဂါးရစ်ခွေသံမဏိတုတ်ကို ထိုးနှက်လိုက်သည့် အခိုက်အတန့်ကတည်းက သူက ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီး ပုံရိပ်ယောင်တစ်ခုကိုသာ ချန်ရစ်ခဲ့ခြင်းဖြစ်၏။

သတိထားတတ်ခြင်းက တောင်ပိုင်းဧကရာဇ်၏ စရိုက်လက္ခဏာ တစ်ခုတည်း မဟုတ်ပေ။

၎င်းက ဤလူငယ်လေး ယနေ့အထိ အသက်ရှင်ကျန်ရစ်ခဲ့ရခြင်း၏အကြောင်းရင်းလည်း ဖြစ်သည်။

"မင်း သောက်ကောင် မင်းမှာ စွမ်းရည်ရှိရင် ထွက်ခဲ့စမ်း၊ဒီလို ယုတ်မာတဲ့ လှည့်ကွက်တွေကို ဘေးဖယ်ထားပြီး ငါနဲ့ ရိုးရိုးသားသား လာတိုက်စမ်း"

လွတ်ဟာနေသော ကောင်းကင်ကန့်လန့်ကာကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရချိန်တွင် အကြွင်းအကျန်ကြယ်အနည်းငယ်သာ တောက်ပနေတော့၏။

တောင်ပိုင်းဧကရာဇ်က နောက်ဆုံးတွင် ဟိန်းဟောက်လိုက်၏။ ၎င်း၏ တစ်ကိုယ်လုံးရှိ အက်ကွဲကြောင်းများနှင့် ပြင်းထန်သော နာကျင်မှုများက ရှန်းယီ၏နောက်ဆုံး တည်ငြိမ်သော အကြည့်ကြောင့်ရရှိခဲ့သည့် စိတ်ဒဏ်ရာနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

ဤသည်က အမဲလိုက်ပွဲ တစ်ခုဖြစ်ပြီး တစ်ဖက်လူက မုဆိုး ဖြစ်၏။

သူ၏အကြံအစည်များ အားလုံးက ထိုလူငယ်လေး၏မျက်လုံးထဲတွင် အလွန် ရုပ်ဆိုးပြီး အချိုးမကျ ဖြစ်နေပုံရသည်။

"ဒါက.."

သို့သော် တောင်ပိုင်းဧကရာဇ်၏အမြင်အာရုံ အပြင်ဘက်၊ တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦး၏မျက်လုံးထဲတွင်မူ..ကောင်းကင်ကန့်လန့်ကာက ကြည်လင်နေဆဲဖြစ်၏။

အနက်ရောင်ဝတ်ဆင်ထားသော လူငယ်လေးက လေထဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး သူ၏ရှေ့တွင် အလံငယ်ကိုးခုဖြင့် ပိတ်လှောင်ခံထားရကာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော ဧရာမ အသားတောင်ကြီးက မြေကြီးပေါ်တွင် ဒူးထောက်လျက်အရှိန်အဟုန်ပြင်းသော မီးနဂါး ရတနာရထားလုံးနှင့် အကြိတ်အနယ် ရင်ဆိုင်နေ၏။

ယန်လန်ထင်နှင့် ရန်မင်လီတို့က တစ်ပြိုင်နက်တည်း တံတွေးမျိုချလိုက်ကြသည်။ "ဂလု"

ဖုန်းရှီက အထက်သို့ မှင်တက်စွာ စိုက်ကြည့်နေ၏။

အစောပိုင်းက ပြိုင်ဘက်က အနည်းငယ် အမှားလုပ်မိကတည်းက တောင်ပိုင်းဧကရာဇ်တွင် လက်တုံ့ပြန်ရန် အခွင့်အရေးမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးက ဤမျှ တိုတောင်းသော အချိန်အတွင်း လောကရှိ အမြင့်မြတ်ဆုံးသော မဟာဂိုဏ်းကြီး နှစ်ခု၏အမြင့်ဆုံး နည်းစနစ်များကို အသုံးပြုခဲ့ပြီး လူများကို မျက်စိကျိန်းသွားစေခဲ့သောကြောင့်ပင်။

"..."

ရှန်းယီ၏ချောမောသော မျက်နှာပေါ်ရှိကြည်လင်သောမျက်လုံးတစ်စုံက လှိုင်းလုံးများမရှိသော ရှေးဟောင်းရေတွင်းတစ်ခုအလား ဖြစ်နေပြီး တောင်ပိုင်းဧကရာဇ်၏စကားများကြောင့် လွှမ်းမိုးခံရခြင်း မရှိပေ။

အန္တရာယ်များကို ရင်ဆိုင်ရာတွင် ခွန်အားကို ထည့်သွင်းစဉ်းစားထားရမည်။

မသေမျိုးသုံးပါးဂိုဏ်းရဲ့မျိုးဆက်တစ်ခုရဲ့ ဘိုးဘေးသခင်၊ နတ်ဘုရားမင်းဆက်ရဲ့တောင်ပိုင်းကာကွယ်ရေး မဟာစစ်သူကြီးချုပ်၊ ဗောဓိဂိုဏ်းရဲ့ ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တတို့ကို ရင်ဆိုင်ရချိန်မှာ...

သာမန် သေမျိုး တစ်ယောက်အနေနဲ့

မင်း ငါ့ရှေ့မှာ ပြစရာဘာရှိလို့လဲ။

အခန်း (၁၂၁၆) တောင်ပိုင်းတိုက်ကြီးတွင် တောင်ပိုင်းဧကရာဇ် တစ်ပါးသာရှိသည်

ဟိန်းဟောက်သံများကြားမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

တောင်ပိုင်းဧကရာဇ်၏ခန္ဓာကိုယ်က ကြယ်မီးတောက်များနှင့် ကောင်းကင်မီးတောက်များဖြင့် လောင်ကျွမ်းခံရပြီး သူ၏အနှစ်သာရကို ဖြည်းညှင်းစွာ ဝါးမြိုသွားသည်။ နောက်ဆုံးတွင် ထိုသန်မာသောလက်မောင်းများက မထိန်းနိုင်အောင် တုန်ယင်လာခဲ့၏။

သူ၏အရှေ့တွင် မီးရောင်နီရဲနေသော ရတနာရထားလုံးကြီးက ခေါင်းလောင်းကြီးတစ်ခုအလား နဂါးဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး တစ်ကိုယ်လုံးမှာ တောက်ပသော နေမင်းကြီးအလား လင်းထိန်နေကာ ဧရာမ မီးလုံးကြီးတစ်ခုနှင့် တူနေသည်။

ဘုန်း

တောင်ပိုင်းဧကရာဇ်က နောက်ဆုံးတွင် ခွန်အားကုန်ခမ်းသွားပြီး မီးနဂါးရထားလုံး၏ပြင်းထန်စွာ ဝင်တိုက်ခြင်းကို ခံလိုက်ရပေသည်။

သူ၏ဆူဖြိုးသော ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသော ဓားခုတ်ရာကြီးတစ်ခုပြဲဟသွားပြီး မဟာတောင်ပိုင်းတိုက်ကြီး၏ ဤထိပ်တန်း မဟာနတ်ဆိုးကြီးက ယခုအခါဖောင်းကားပြီး စုတ်ပြဲနေသော အိတ်တစ်လုံးနှင့်တူနေကာ အကြိမ်ကြိမ်လိမ့်သွားခဲ့၏။

တိတ်ဆိတ်လွတ်ဟာနေသော တိမ်ဖြူများကြားတွင် တောင်ပိုင်းဧကရာဇ်၏ပြင်းထန်သော အသက်ရှူသံသာ ကျန်ရစ်တော့၏။

"ဟင်း... ဟင်း..." ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် လူငယ်လေးက ပေါ်မလာသေးဘဲ အလံအစီအရင်နောက်တွင် ဆက်လက် တိတ်ဆိတ်စွာ ပုန်းအောင်းနေကာ သူ၏ဆုံးဖြတ်ချက်နှင့် ခွန်အားကို စုပ်ယူနေဆဲဖြစ်လေသည်။

သူ၏တစ်သက်တာလုံး တောင်ပိုင်းဧကရာဇ်က မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရဖူးပါသည်။ သူ၏လက်ရှိ ခွန်အား မရှိမီက ကျင့်ကြံခြင်းများစွာသာလွန်သောသူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရဖူးလေသည်။

သို့သော် မည်သည့် အနိုင်ရမည့်အခွင့်အရေးကိုမျှ လုံးဝ မမြင်နိုင်လောက်အောင် သိပ်သည်းလှသော အန္တရာယ်ခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

ထွက်သွားရမယ့် အချိန်ရောက်ပြီ... မဟုတ်ရင် ထွက်သွားဖို့က မဖြစ်နိုင်တော့ဘူး။

တောင်ပိုင်းဧကရာဇ်က သူလှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီးဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ရာ ၎င်း၏ အသက်ရှူသံက အလွန်အမင်း အားနည်းနေကြောင်း ရှင်းလင်းစွာ သိသာနေပြီး ကြယ်မီးတောက်များနှင့် ကောင်းကင်မီးတောက်များ၏ တိုက်စားမှုကို မနည်း တောင့်ခံနေရသော်လည်း သူ၏အကြည့်က ပိုမိုပြတ်သားလာသည်။

ယခင်ကကဲ့သို့ အရှိန်အဟုန်ဖြင့် မပြေးနိုင်တော့သဖြင့် သူကခြေလှမ်းများကိုတယိမ်းတယိုင်ဖြင့် ရှေ့သို့ လှမ်းသွားလေ၏။

ဟိန်းဟောက်နေသော မီးနဂါးရတနာရထားလုံးက မမျှော်လင့်ဘဲဝင်ရောက်တိုက်ခိုက်လာပြီး ဤမီးခိုးရောင် အသားတောင်ကြီးကိုနောက်တစ်ကြိမ် လွင့်ထွက်သွားစေသည်။

သို့သော် အကြိမ်တိုင်းတွင် တောင်ပိုင်းဧကရာဇ်က မနည်းဖြည်းညှင်းစွာ ပြန်လည် ထရပ်နိုင်ခဲ့၏။

သေးငယ်သောခွန်အားများကိုပင်ချွေတာနိုင်ရန်အတွက် သူကလှောင်ပြောင်သော စကားများကိုပင် မပြောတော့ဘဲမျက်လုံးများထဲတွင် ကျန်ရှိနေသော တောက်ပနေသည့် ကြယ်လေးပွင့်ကိုသာ အာရုံစိုက်ကာရှေ့သို့သာ တည့်တည့်ကြည့်နေသည်။

နောက်ဆုံးတွင် တောင်ပိုင်းဧကရာဇ်က ဧရာမ ကြယ်ကြီးတစ်ခု၏ရှေ့တွင် နောက်တစ်ကြိမ် ရပ်တည်နိုင်ခဲ့၏။

သူ၏လက်မောင်းကို အားနည်းစွာ မြှောက်လိုက်ပြီးနောက် လက်ချောင်းများကို တင်းကျပ်စွာဆုပ်လိုက်ပါသည်။

ဘုန်း

အစောပိုင်းက တောင်ပိုင်းဧကရာဇ်က သူ၏အရွယ်အစားထက်များစွာကြီးမားသော ဤကြယ်ကိုလက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူအက်ကွဲကြောင်း အနည်းငယ်သာပေါ်လာစေနိုင်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သူ၏လက်သီးများက ပြင်းထန်သောမုန်တိုင်းတစ်ခုအလား ထိုးနှက်လိုက်ချေ၏။

ကြယ်တစ်ခုလုံးက တဖြည်းဖြည်းပြိုကျလာပြီး မကြာမီ တစ်ဝက်ကျော်ပြိုကျသွားပါသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌လျှို့ဝှက်ဆန်းကြယ်သော ကျီးကန်းခေါင်းလောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ညင်သာစွာလှုပ်ခါလိုက်သည်နှင့် နက်ရှိုင်းသော ခေါင်းလောင်းသံက ထူထဲသောကပ်ဘေးစွမ်းအားများကိုသယ်ဆောင်လာကာ ဧရာမ ရတနာခေါင်းလောင်းကိုတိုက်ခတ်နေသော ပင်လယ်ရေပြင်အဖြစ်သို့ ပြောင်းလဲသွားစေပြီး မီးခိုးရောင် ဧရာမအသားတောင်ကြီးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"ဂါး" တောင်ပိုင်းဧကရာဇ်က နောက်ဆုတ်သွားသော သူကိုယ်ဟန်ကို တည်ငြိမ်စေရန်ခြေထောက်များကို အားကုန်သုံးလိုက်ပြီးနောက် အပိုင်းပိုင်းအစစဖြစ်နေသော ကြယ်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။

သူ၏အသက်ရှူသံက အက်ကြောင်းထပ်နေသောမောင်းတစ်ခုအလားအက်ကွဲနေပြီး သူ၏အရေပြားက အဝါရောင်သန်းကာပျော့တွဲနေသော အခြေအနေသို့ပြန်လည်ရောက်ရှိသွားပြီး အနည်းငယ်တုန်ယင်နေကာ ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများကို ပြသနေချေ၏။

သို့သော် ပင်လယ်ရေပြင်၏နောက်တစ်ကြိမ် တိုက်ခတ်ခြင်းကိုမခံရမီမှာပင် သူကဟိန်းဟောက်လိုက်ပြီးလက်သီးကို နောက်တစ်ကြိမ် မြှောက်လိုက်ပါသည်။

"မှတ်ထား၊ ငါက..တောင်ပိုင်းဧကရာဇ်"

ချက်ချင်းပင် ပေါက်ကွဲသံတစ်ခုက စကြဝဠာတစ်ခွင်ပဲ့တင်ထပ်သွားပြီး ကျိုးပဲ့နေသော ကြယ်က နောက်ဆုံးတွင် ကောင်းကင်အပြည့်ဖုန်မှုန့်များအဖြစ်ပြိုကွဲသွားခဲ့၏။

တစ်ချိန်တည်းမှာပင်ပြင်းထန်စွာ ထိခိုက်သွားသော အလင်းကိုးသွယ်အလံက ပုံရိပ်ယောင်အစီအရင်ကို ထောက်ပံ့ပေးနိုင်စွမ်းနောက်ဆုံးတွင် ဆုံးရှုံးသွားလေသည်။

ဖုံးလွှမ်းထားသော တိမ်ဖြူများကို မမြင်ရသော လက်တစ်ဖက်က လျင်မြန်စွာဆွဲဖယ်လိုက်သလိုပင်။

ပင်လယ်ရေပြင်အလယ်တွင် ရှိနေသော တောင်ပိုင်းဧကရာဇ်က မလှုပ်ခတ်နိုင်သောတောင်ကြီးတစ်လုံး သို့မဟုတ် စိုရွှဲနေသော ကြမ်းတမ်းသည့် ရက်စက်သောသားရဲတစ်ကောင်အလား သူ၏ခန္ဓာကိုယ်ကိုကွေးထားကာ ရှေ့သို့ တည့်တည့် စိုက်ကြည့်နေ၏။

သူ၏အမြင်တွင် မီးနဂါးရတနာရထားလုံးက သူဆီသို့ ဦးတည်လာနေပါသည်။

ရွှေရောင်တောက်ပနေသော လက်ခြောက်ဖက်နှင့် ဓမ္မကိုယ်ထည်က ရတနာရထားလုံးပေါ်တွင် မတ်တပ်ရပ်လျက် အတားမဆီးမဲ့စွာရှေ့သို့ လာနေ၏။

အနီရောင်ပိုးသားအလား ကောင်းကင်မီးတောက်များက ၎င်း၏လက်မောင်းခြောက်ဖက်တွင် ရစ်ပတ်နေပြီးနောက်တစ်ခဏတွင် ရွှေရောင် မီးတောက်ဧရာမလက်သီးခြောက်ခုက တောင်ပိုင်းဧကရာဇ်၏နှလုံးသားကို တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်လေသည်။

ဝေါင်း..

တောင်ပိုင်းဧကရာဇ်က လိမ့်ကာအနောက်သို့ လွင့်ထွက်သွားပါသည်။

မြေပြင်ပေါ်သို့ကျဆင်းသွားရင်း သူက မြေကြီးပေါ်တွင်လဲလျောင်းနေပြီး သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်မှ အက်ကြောင်းဒဏ်ရာက ယခုအခါ ၎င်း၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီဖြစ်၏။

ဤကဲ့သို့ပြင်းထန်သော ဒဏ်ရာများရှိနေသော်လည်း အသားတုံးကြီးက ရယ်မောနေသကဲ့သို့ ညင်သာစွာတုန်ခါလာသည်။

"ငါ... အနိုင်ရပြီ..." ၎င်းကကြမ်းတမ်းပြီး အေးစက်သောအပြုံးတစ်ခုကို ထုတ်ဖော်ကာပြုံးလိုက်၏။

အားယူပြီးနောက် လဲလျောင်းနေရာမှ ဒူးတစ်ဖက်ထောက် အနေအထားသို့ဖြည်းညှင်းစွာပြောင်းလဲကာ အပြည့်အဝမတ်တပ်ရပ်ရန် ရည်ရွယ်လိုက်ပေသည်။

ဤလင်းကိုးသွယ်အလံနှင့် မီးနဂါး ရတနာရထားလုံးတို့မှာ ပြိုင်ဘက်၏နည်းဗျူဟာ အားလုံးဖြစ်ကြောင်းထင်ရှားပါသည်။

နောက်ဆုံးမှာတော့ အိပ်မပျော်နိုင်သည်အထိကြောက်ရွံ့ရမည့်သူက ဤမောက်မာသည့် ကောင်လေးဖြစ်သွားလေပြီ။

"..."

စဉ့်စီရင်စု၏အစိုးရရုံး ခြံဝင်းထဲတွင် ယန်လန်ထင်၏သူငယ်အိမ်များ အနည်းငယ်တုန်ယင်သွား၏။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးက အစမှအဆုံးတိုင် ဤမဟာနတ်ဆိုးကြီးကြုံတွေ့ခဲ့ရသောတိုက်ခိုက်မှုများစွာကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ ၎င်းက မတ်တပ်ရပ်နိုင်သေးသည်ကို မြင်လိုက်ရ၏။

ရှေးဟောင်းမှတ်တမ်းများတွင် ရေးသားထားသော ထိုနာမည်ဆိုးဖြင့်ကျော်ကြားသည့် အရာများက အသက်ဝင်လာသကဲ့သို့ဖြစ်နေပြီး သူတို့ရှေ့ရှိ ဤအသားတောင်ကြီးအဖြစ်ပြောင်းလဲသွားကာ လူတိုင်းကို အသက်ရှူကျပ်စေသည်။

ထိုအချိန်တွင် သူတို့သုံးဦးစလုံးတစ်ပြိုင်နက်တည်း မျက်တောင်ခတ်လိုက်ကြ၏။

အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ယိမ်းယိုင်နေသည်ကို သူတို့တွေ့လိုက်ရပြီး လှည့်ကွက်များ ကုန်ခမ်းသွားပုံရသော လူငယ်လေးက တောင်ပိုင်းဧကရာဇ်၏ခေါင်းပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

ရုတ်တရက် တောင်ပိုင်းဧကရာဇ်၏မတ်တပ်ရပ်မည့် လှုပ်ရှားမှုက ရပ်တန့်သွားခဲ့၏။

"ဂါး.." သူက တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကိုထုတ်လွှတ်လိုက်သော်လည်း ခေါင်းကို မထောင်နိုင်ခဲ့ပေ။ "မင်းက ငါနဲ့... နပန်းလုံးချင်တာလား"

ရှန်းယီက မည်သည့်တုံ့ပြန်မှုမျှ မပေးဘဲ သူ၏လက်များကို တွဲလောင်းချလျက် တိတ်ဆိတ်စွာ ရပ်နေ၏။

သို့သော် သူ၏ဝတ်ရုံ လွင့်ခါနေမှုက ပို၍ပို၍ ပြင်းထန်လာလေ၏။

သူ၏ဖြူဖျော့သော လက်မောင်းများပေါ်တွင် သွေးကြောများက မန်ဖီနေသောနဂါးများအလားထောင်ထလာပြီး မကြာမီ သူ၏လည်ပင်းအထိ ပျံ့နှံ့သွားခဲ့၏။

ရှန်းယီက သူ၏ခေါင်းကို အနည်းငယ် ပင့်လိုက်ပြီး သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

သူ၏အနောက်တွင် ခမ်းနားကြီးကျယ်သော ဗောဓိသတ္တ ဓမ္မကိုယ်ထည်က လက်တစ်ဖက်ကိုနောက်တစ်ကြိမ်မြှောက်လိုက်ပြီး ကြမ်းကြုတ်‌သောကျားကို ကိုယ်စားပြုသည့် နတ်ဆိုးဖိနှိပ်ခြင်းတုတ်ကို တောင်ပိုင်းဧကရာဇ်၏ခါးအောက်ပိုင်းထဲသို့ ဓားမြှောင်တစ်လက်အလား ထိုးစိုက်လိုက်သည်။

ဟိန်းဟောက်သံများကြားတွင် သွေးများစိုရွှဲနေသော သားရဲ၏ပုံသဏ္ဌာန်က ပေတစ်ထောင်ခန့် ရုတ်တရက်မြင့်တက်သွားလေ၏။

All Chapters