အခန်း (၁၁၈၁-၁၁၈၂)
Vol. 102 Ch. 1181-1182
အခန်း ၁၁၈၁
“ဒီလေဟာနယ်တံခါးတွေကို သုံးမလို့လား။”
ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည်။
“ကျွန်းပိုင်ရှင်...မင်း ဆိုလိုတာက အဲ့ဒီ အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့ဝင်တွေကို လေဟာနယ်တံခါးတွေကနေတစ်ဆင့် တိုက်ရိုက် အတင်းဝင်ခိုင်းပြီး ငါတို့က ဒီမသေမျိုးတွေကို ညှပ်ပူးညှပ်ပိတ် တိုက်မလို့လား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မသေမျိုးတွေက အရေအတွက် များလွန်းတယ်။ သူတို့ကို သတ်ဖို့ ကူညီပေးမယ့်အဖွဲ့တွေ ပိုများလေ ကောင်းလေပဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“အင်း...ဒါလည်း စိတ်ကူးကောင်းပဲ။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ဝင်တွေက ဟိုဘက်ကို အတင်းတိုးဝင်ဖို့ မရဲမှာကိုပဲ ငါ နည်းနည်းစိုးရိမ်မိတယ်။”
“သူတို့ ရဲ၊ မရဲကတော့ သူတို့အပေါ်ပဲ မူတည်တယ်။ ငါတို့ ဝင်စွက်ဖက်လို့မရဘူး။ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါစေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ငါတို့ တတ်နိုင်တာကိုပဲ အရင်လုပ်ကြတာပေါ့။”
“ကောင်းပါပြီ။”
ကျန်းယွင်ထျန်း ခေါင်းညိတ်လိုက်သည်။
“ဒီမှာ နေပြီး ငါ့ဆီက သတင်းကို စောင့်နေ။”
ရှောင်းယီက မှာထားခဲ့ပြီးနောက် ဗီလာသို့ ပြန်ရန်အတွက် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။ ပြန်ရောက်သည်နှင့် ရှောင်းယီသည် ဖုန်းကို ကောက်ကိုင်ပြီး ဂရုထဲတွင် ချက်ချင်း မေးလိုက်သည်။
“လူတိုင်းပဲ... ပင်လယ်ထဲက လေဟာနယ်တံခါးထဲကနေ ထွက်လာတဲ့ မသေမျိုးတွေ ရှိသေးလား။”
“သူဌေး ရောက်လာပြီဟေ့။ ကျုပ်တို့လည်း အခု အဲ့ဒီကိစ္စအကြောင်း ဆွေးနွေးနေတာ။ မဟာမိတ်အဖွဲ့ရဲ့ ပင်လယ်လေဟာနယ်တံခါး တော်တော်များများမှာ မသေမျိုးတွေ ထွက်မလာတော့ဘူး။”
“ဟုတ်တယ် သူဌေး ဘာကြောင့်လဲဆိုတာ သိလား။”
“အားလုံး ငြိမ်ငြိမ်နေကြစမ်း။ သူဌေးက မေးတယ်ဆိုမှတော့ သူ အကြောင်းရင်းကို သိလို့နေမှာပေါ့။ သူ့ကို ပြောပါစေဦး။”
“မသေမျိုးတွေ ပင်လယ်ထဲက လေဟာနယ်တံခါးထဲကနေ ထွက်မလာတော့ဘူးဆိုရင် ခင်ဗျားတို့ လူလွှတ်ပြီး သွားထောက်လှမ်းဖို့ ကျုပ် အကြံပြုချင်တယ်။ အန္တရာယ်ရှိမှာ စိုးရိမ်တယ်ဆိုရင် ထောက်လှမ်းရေး ဒရုန်းတွေကို သုံးကြပါ။ တကယ်လို့ ဟိုဘက်အခြမ်းမှာ မသေမျိုးတွေ မရှိတော့ဘူးဆိုတာ သေချာရင် အတင်းသာ ချဉ်းကပ် တိုက်ခိုက်လိုက်ကြတော့။”
ရှောင်းယီက ပြောလိုက်၏။
“အတင်းတိုးဝင်ရမယ် ဟုတ်လား။ အဲ့ဒါ အရမ်းအန္တရာယ်များလွန်းတယ်။”
“ဟုတ်တယ်။ အဲ့နေရာက မသေမျိုးတွေရဲ့ လှိုင်ဂူပဲဖြစ်ရမယ်။ အဲ့ဒီကို အတင်းတိုးဝင်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။”
“မဖြစ်နိုင်တာ..။ ငါတို့မှာ သူဌေးလို စစ်လက်နက်အင်အား မရှိဘူး။ အတင်းတိုးဝင်ရင် သေဖို့ပဲ ရှိတယ်။”
“မင်းတို့တွေက သေမှာကို အဲ့ဒီလောက်တောင် ကြောက်နေကြတာလား။ သူဌေး... စိတ်မပူနဲ့။ ကျုပ် သေရင်သေပါစေ အတင်းဝင်ပစ်မယ်။”
“ငါလည်း သွားမယ်။”
“ကျုပ်ပြောတာကို အရင်နားထောင်ကြပါဦး။”
ရှောင်းယီက ဂရုထဲတွင် ဆက်လက်ပြောလိုက်သည်။
“ကျုပ်တို့ အခုလေးတင် ရှေ့တန်းစစ်မျက်နှာကို ကမ်းခြေအထိ တွန်းပို့လိုက်ပြီး ပင်လယ်ထဲမှာ လေဟာနယ်တံခါးတစ်ခုကို တွေ့ခဲ့တယ်။ ကျုပ်တို့တွေ အရမ်းမြန်မြန် ရှေ့တိုးလာလို့ ထင်တယ်။ အသေမျိုးတွေလည်း အလစ်အငိုက် မိသွားပြီး သူတို့ရဲ့ သင်္ဘောတွေအားလုံး ကမ်းခြေဘက်ကို အပြေးအလွှား ဦးတည်လာကြတယ်။ ဒါကြောင့် ခင်ဗျားတို့ လေဟာနယ်တံခါးကို ဖြတ်ကျော်နိုင်ရင် ကျုပ်တို့တွေ ရှေ့နောက်ညှပ်ပြီး သူတို့ရဲ့ ရေတပ်အင်အားကို အမြစ်ပြတ် ချေမှုန်းနိုင်လိမ့်မယ်။”
“အမလေး ဘုရားရေ... သူဌေးက ငါတို့ကို ဘာလို့ အဲ့ဒီမေးခွန်း မေးလဲဆိုပြီး အံ့သြနေတာ။ သူက ရန်သူ့တပ်တွေကို ကမ်းခြေအထိ မောင်းထုတ်ထားပြီးပြီကိုး။”
“ဟုတ်တယ်။ အခြေအနေက အဲ့ဒီလိုဆိုရင်တော့ တွေဝေနေစရာ မလိုတော့ဘူး။ ဒါက မသေမျိုးတွေကို အမြစ်ပြတ်ချေမှုန်းဖို့ အခွင့်ကောင်းပဲ။ ငါတို့ လက်လွှတ်ခံလို့ လုံးဝမဖြစ်ဘူး။”
“သဘောတူတယ်။ ငါ အခုချက်ချင်း သွားပြင်ဆင်လိုက်တော့မယ်။”
“နေဦး။ ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ မသေမျိုးတွေရဲ့ သင်္ဘောတွေအားလုံးက ကမ်းခြေဘက်ကို ပြေးလာနေတာဆိုတော့ သူဌေးက သူတို့နဲ့ မရင်ဆိုင်ရသေးဘူးလေ။ အဲ့ဒီတော့ အဲ့ဒီသင်္ဘောတွေရဲ့ နောက်ကွယ်က ပင်လယ်ပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်လိုသိတာလဲ။ မှန်ပြောင်းနဲ့ ကြည့်ရုံနဲ့ မြင်ရလို့လား။”
မျှော်လင့်ထားသည့်အတိုင်းပင် အသက်ရှင်ကျန်ရစ်သူများထဲတွင် အမြင်စူးရှပြီး အမြော်အမြင်ရှိသူအချို့ ရှိနေသေးသည်။ ယုတ္တိဗေဒအရ ပြောရလျှင် ပင်လယ်ထဲရှိ မသေမျိုးစစ်တပ်သည် အလွန်ကြီးမားရမည်ဖြစ်ပြီး ၎င်းတို့အနောက်တွင် ဘာရှိသည်ကို မြင်နိုင်ရန်အတွက် ရေပြင်ပေါ်ရှိ ရန်သူ့တပ်ဖွဲ့များကို ဖြတ်ကျော်ကြည့်ရှုရမည် ဖြစ်သည်။
ထိုလူ၏မေးခွန်းကြောင့် အားလုံး ခဏတာ မှင်တက်သွားပြီးနောက် အားလုံးက ထောက်ခံလိုက်ကြသည်။
“ဟုတ်သားပဲ။ ပင်လယ်ထဲမှာ မသေမျိုးတွေ အများကြီး မရှိလို့လား။ သူဌေးက ရွက်သင်္ဘောနဲ့ သွားကြည့်ခဲ့တာလား။”
“မများဘဲ ရှိမလား။ ငါတို့ ပင်လယ်ထဲကနေ ရေတွက်လို့တောင် မရတဲ့ လေဟာနယ်တံခါးတွေ ထွက်ပေါ်လာခဲ့တာလေ။”
“ဟုတ်တယ် သူဌေး ဘာတွေဖြစ်နေတာလဲ။”
ရှောင်းယီက တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“ကျုပ်တို့မှာ ရေအောက်ကနေ တိုက်ရိုက်ဖြတ်သန်းသွားနိုင်တဲ့ ရေငုပ်သင်္ဘောတွေ ရှိတယ်။ အခုထိတော့ ရေထဲမှာ ဘယ်မသေမျိုး သတ္တဝါကိုမှ မတွေ့ရသေးဘူး။”
“အမလေး ဘုရားသခင်း... သူဌေးက ရေငုပ်သင်္ဘောတောင် ရထားပြီလား။”
“မင်းတို့ အသုံးမကျတဲ့ကောင်တွေ... သူဌေးတွေ ဘယ်လိုလုပ်လဲဆိုတာကိုပဲ ဇွတ်အတင်း မေးနေကြတယ်။ အခု အရမ်းစိတ်ဓာတ်ကျသွားရပြီ မဟုတ်လား။”
“သူဌေးကတော့ တကယ့်ကို သူဌေးပါပဲ။ ငါတို့ဆီမှာလည်း လောလောဆယ် ရေငုပ်သင်္ဘောတစ်စီး ရှိတယ်။ ဒါပေမဲ့ ရေငုပ်နိုင်တဲ့ အချိန်က ကန့်သတ်ချက် ရှိတယ်။”
“နောက်ထပ် မေးစရာ မေးခွန်းရှိသေးလား။ မရှိရင် တစ်ခု သတိပေးလိုက်မယ်...။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ သင်္ဘောကို သေချာပေါက် ယူလာခဲ့ကြပါ။ ရှေ့တန်းစစ်မျက်နှာက ကျုပ်တို့ရဲ့ အသက်ရှင်ကျန်ရစ်သူကျွန်းနဲ့ အရမ်းဝေးတယ်။ အဲ့ဒီမှာ ဖုန်းလိုင်း မိမှာမဟုတ်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်တို့တွေ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်တွေကို သုံးပြီးပဲ ဆက်သွယ်ကြရမယ်။”
“လက်ခံရရှိပါတယ်။ ကျုပ်ဘက်ကတော့ အားလုံး အိုကေပဲ။”
“ပြဿနာမရှိဘူး။ အခုချက်ချင်း သွားကြစို့။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ ဟိုရောက်တဲ့အခါ ကျူပ်တို့ ရေငုပ်သင်္ဘောကို ရေမျက်နှာပြင်ပေါ် တင်ပေးထားမယ်။ အားလုံး ရေငုပ်သင်္ဘောပေါ်မှာပဲ လူစုကြတာပေါ့။”
“ဟုတ်ကဲ့ပါ သူဌေး။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို ထပ်မံအသုံးပြုကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့်အတူ ရေငုပ်သင်္ဘောဆီသို့ ပြန်ရောက်လာခဲ့သည်။
“ဘယ်လိုလဲ။”
ရှောင်းယီ ပေါ်လာသည်ကို မြင်သည်နှင့် ကျန်းယွင်ထျန်းက အလောတကြီး မေးလိုက်သည်။
“ပြဿနာမရှိဘူး။ ငါ သူတို့ကို အကျိုးအကြောင်း ရှင်းပြလိုက်တော့ အများစုက လာဖို့ သဘောတူကြတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အခု ခဏလောက် စောင့်ဖို့ပဲ လိုတော့တယ်။”
“အင်း။”
အဆိုပါအချိန်တွင် မသေမျိုးမျိုးနွယ်စု၏ အကြီးအကဲ ကိုးဦးသည် ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးတွင် နောက်တစ်ကြိမ် ပြန်လည် ဆုံစည်းနေကြသည်။
“ဒီအပြင်လူတွေ ရှေ့တိုးလာတဲ့နှုန်းက ထိတ်လန့်စရာကောင်းလောက်အောင် မြန်လွန်းတယ်။”
“ဟုတ်တယ်။ သူတို့ ဒီလောက် မြန်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိဘူး။”
“ပင်လယ်ထဲက မသေမျိုးတွေ အားလုံးကို ကုန်းပေါ် ပို့လိုက်ပြီ။”
ထိုစကားကို ကြားသောအခါ မဟာအကြီးအကဲက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဘာပြောတယ်... လေဟာနယ်တံခါးမှာ အစောင့်တပ်တွေ ချမထားခဲ့ဘူး ဟုတ်လား။”
“မချထားခဲ့ဘူး...။ အဲ့ဒီအပြင်လူတွေက ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး။ သူတို့တွေ လေဟာနယ်တံခါးကို ဖြတ်ပြီး လုံးဝ အတင်းဝင်လာရဲမှာ မဟုတ်ဘူး။”
ဆဋ္ဌမအကြီးအကဲက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒါ့အပြင် ပင်လယ်ကို အခုမှ ရောက်ခါစ အပြင်လူတွေက ဒီလောက်အဝေးကြီးက ပင်လယ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်နိုင်စွမ်း မရှိပါဘူး။”
“မမြင်နိုင်စွမ်း မရှိဘူး ဟုတ်လား။”
မဟာအကြီးအကဲက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့အားလုံး စောစောက ပျံသွားတဲ့ ဟိုစက်ပစ္စည်းသေးသေးလေးတွေကို မှတ်မိကြသေးတယ်မလား။”
“မှတ်မိပါတယ်။”
“အဲ့ဒါက ထောက်လှမ်းရေးအတွက် သုံးတဲ့ဟာတွေကွ။”
အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။
“အာ... ကျုပ်တို့ အဲ့ဒါတွေကို အချိန်မီ ဖျက်ဆီးပစ်လိုက်တယ် မဟုတ်ဘူးလား။”
“ငါတို့ ဖျက်ဆီးလိုက်တဲ့အချိန်မှာ အဲ့ဒီပစ္စည်းသေးသေးလေးတွေက ဒီကို ရောက်နေပြီ။ ပြီးတော့ ပင်လယ်ပြင် အခြေအနေကိုလည်း သူတို့ သေချာပေါက် အကုန်စုံစမ်းပြီးလောက်ပြီကွ။”
အကြီးအကဲက ပြန်ပြောလိုက်၏။
ဤသည်မှာ အကြီးအကဲ၏ ခန့်မှန်းချက်သာ ဖြစ်ပြီး လက်တွေ့တွင်မူ အသေးစားထောက်လှမ်းရေးဒရုန်းများမှာ ထိုမျှအထိ အစွမ်းမထက်လှပေ။
ထိုအသေးစားထောက်လှမ်းရေးဒရုန်းတွင် အကွာအဝေး ကန့်သတ်ချက်ရှိသည်ကို သူ မသိခဲ့ပေ။ အကယ်၍ အကွာအဝေး အရမ်းဝေးသွားပါက စုဆောင်းရရှိထားသော အချက်အလက်များကို ထောက်လှမ်းရေးဒရုန်း ပြန်ရောက်မှသာ ကွန်ပျူတာဆီသို့ ပေးပို့နိုင်မည်ဖြစ်သည်။
ဤနေရာတွင် ဆဋ္ဌမအကြီးအကဲမှာ ပထမအကြီးအကဲ၏ စကားကြောင့် ချွေးစေးများ ထွက်နေသော်လည်း မဝံ့မရဲ ဝင်ပြောလိုက်သည်။
“တခြားအပြင်လူတွေလည်း မလာရဲလောက်ပါဘူး...။”
“မလာရဲဘူး ဟုတ်လား။”
မဟာအကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။
“အပြင်လူတွေက ဘယ်အချိန်၊ ဘယ်နေရာမှာမဆို အချင်းချင်း ဆက်သွယ်လို့ရတယ်။ ဧရာမဘီလူးကြီးတွေရဲ့ စစ်မျက်နှာမှာရှိတဲ့ အပြင်လူတွေက တခြားအပြင်လူတွေကို မဆက်သွယ်ဘူးလို့ မင်းထင်နေတာလား။”
“တကယ်လို့ သူတို့သာ ဆက်သွယ်လိုက်ရင် တခြားအပြင်လူတွေကို လေဟာနယ်တံခါးတွေကနေတစ်ဆင့် သေချာပေါက် လွှတ်လိမ့်မယ်။ အဲ့ဒီအခါကျရင် ငါတို့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံရလိမ့်မယ်ဆိုတာ မင်းသိရဲ့လား။”
ပထမအကြီးအကဲ၏ စကားကို ကြားသောအခါ ဆဋ္ဌမအကြီးအကဲတစ်ယောက် ချက်ချင်းပင် ထရပ်လိုက်ပြီး ပျာပျာသလဲ လေသံဖြင့် ပြောလိုက်သည်။
“ကျုပ် အခုချက်ချင်း အစောင့်တပ်တွေကို သွားပြီး စောင့်ကြပ်ခိုင်းလိုက်ပါ့မယ်။”
မဟာအကြီးအကဲက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“မြန်မြန်လုပ်... အချိန်မီဖို့ မျှော်လင့်ရတာပဲ။”
ဆဋ္ဌမအကြီးအကဲသည်လည်း ကမန်းကတန်း ထွက်ခွာသွားတော့သည်။
“အကြီးအကဲ... ဒီအပြင်လူတွေက အရမ်းရက်စက်ကြမ်းကြုတ်လွန်းတယ်။ ကျုပ်တို့ သူတို့ကို ခုခံနိုင်ပါ့မလားဆိုတာ စိုးရိမ်မိတယ်။”
အခန်း ၁၁၈၂
မဟာအကြီးအကဲက အဝေးရှိ ပင်လယ်ပြင်ကြီးကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။
“မတောင့်ခံနိုင်ရင်တောင် အတင်းတောင့်ခံထားရမယ်။ မသေမျိုးပိုးကောင်တွေကို လှုပ်ရှားဖို့ အမိန့်ပေးလိုက်တော့။”
“ဟုတ်ကဲ့။”
ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်က ရှေ့သို့တစ်လှမ်းတိုးကာ တုံ့ပြန်လိုက်သည်။
အကြီးအကဲက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။
“ငါတို့ရဲ့ ဆင့်ခေါ်ခြင်းကို အမြန်ဆုံး အဆုံးသတ်ရမယ်။ ဒီမှာ ထိုင်ပြီး ပူပန်နေလို့ ဘာမှထူးလာမှာမဟုတ်ဘူး။”
“ဟုတ်ကဲ့။”
ဝတ်ရုံနက်များက အတူတူမတ်တတ်ရပ်လိုက်ကြကာ တုံ့ပြန်ပြီးနောက် အပြင်သို့ ပြိုင်တူထွက်ခွာသွားကြတော့သည်။
ရှောင်းယီ၏ တိုက်တွန်းနှိုးဆော်မှုအပြီးတွင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အများအပြားသည် လေဟာနယ်တံခါး၏ တစ်ဖက်ခြမ်းရှိ အခြေအနေကို စူးစမ်းရန် ထောက်လှမ်းရေးဒရုန်းများကို ချက်ချင်း စေလွှတ်လိုက်ကြ၏။
ထောက်လှမ်းရေးဒရုန်းသည် လျင်မြန်စွာ ပြန်လည်ရောက်ရှိလာပြီး တစ်ဖက်ခြမ်းရှိ အခြေအနေကို အစီရင်ခံတင်ပြလာခဲ့သည်။
“ဟားဟား... တကယ်ပဲ ဒီမှာ မသေမျိုး တွေ မရှိတော့ဘူးဟေ့။ ဘာစောင့်နေကြတာလဲ။ သွားကြစို့..။”
“ငါတို့ဘက်မှာလည်း မရှိဘူး။ ချီတက်ကြစို့...။”
“ငါဆို ထောက်လှမ်းတာတောင် မလုပ်တော့ဘူး။ သင်္ဘောတွေကို တစ်ခါတည်း စေလွှတ်လိုက်ပြီ။ ကျွန်းအထိမ်းမှတ်ကျောက်တိုင်မှာ ဆုံကြမယ်။ ငါလည်း သွားနေပြီ။”
မကြာမီ ထိုလေဟာနယ်တံခါးများမှ တိုးထွက်လာသော သင်္ဘောများမှာ ရှေ့တန်းမျက်နှာစာရှိ ဤပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
“သတင်းပို့ပါတယ်။ ရေဒါမှာ ပင်လယ်ထဲက သင်္ဘောတစ်စင်းကို ဖမ်းမိထားပါတယ်။”
စစ်သားတစ်ဦးက ချက်ချင်း အစီရင်ခံလာခဲ့သည်။
ကျန်းယွင်ထျန်းက ပယ်ရစကုပ်မှတစ်ဆင့် ပင်လယ်ပြင်ကို စောင့်ကြည့်နေဆဲ ဖြစ်သည်။ သူက မျက်လုံးအကြည့်ကို လွှဲမသွားဘဲ ပြန်ပြောလိုက်၏။
“မစိုးရိမ်နဲ့။ အဲ့ဒါက အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ လှေပဲ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ရေပြင်ပေါ်တက်ပြီး အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တွေကို သူတို့ရဲ့ ဆုံရပ်နေရာကို အကြောင်းကြားလိုက်ပါ။”
“ဟုတ်ကဲ့။”
ရေငုပ်သင်္ဘောသည် ချက်ချင်းပင် ရေပြင်ပေါ်သို့ ပေါ်တက်လာခဲ့၏။
ထို့နောက် ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ပြောလိုက်သည်။
“အားလုံးပဲ... ကျုပ်တို့ရဲ့ ယီရန်ပင်းရေငုပ်သင်္ဘော ရေပြင်ပေါ်ရောက်နေပါပြီ။ ရေငုပ်သင်္ဘောရဲ့ တည်နေရာကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အမှတ်အသားပြုထားပါတယ်။ အားလုံးပဲ ဒီမှာ လာစုလို့ရတယ်။”
“ဟုတ်ကဲ့ သူဌေး။ ကျုပ်တို့ နီးနေသလိုပဲ။ မကြာခင် ရောက်မယ်။”
“ကျုပ်တို့လည်း သိပ်မဝေးဘူး။ ခဏလေး... အဲ့ဒီ ပင်လယ်ထဲက အရှည်ကြီးနဲ့ အမည်းရောင် အတုံးကြီးက ဘာကြီးလဲ။”
“ဟေ့ အပေါ်ကလူ... မင်း ပြောနေတဲ့ပုံစံက တစ်မျိုးကြီး ဖြစ်နေတယ်နော်။”
“ဒါ... သူဌေးရဲ့ ရေငုပ်သင်္ဘော မဟုတ်ဘူးလား။”
“ဟုတ်တယ်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ချီး... ငါက သူဌေးရဲ့ ဟာကို သေးသေးလေးလို့ အမြဲထင်နေတာ။ ဒီလောက်ကြီးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”
“ဒါက မီတာတစ်ရာကျော် ရှည်မှာ သေချာတယ်။ ငါမှတ်မိသလောက် အရင်ကမ္ဘာက ရေငုပ်သင်္ဘောအများစုက မီတာခုနစ်ဆယ် ရှစ်ဆယ်ပဲ ရှိတာ မဟုတ်လား။”
“မဟုတ်ဘူး။ မီတာ ၁၀၀ ကျော်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ သူဌေးက မီတာ ၁၀၀ ကျော်ရှည်တဲ့ ရေငုပ်သင်္ဘောကြီးကို ထုတ်ပြနိုင်တာက ငါတို့ခေတ်ထက် အများကြီး အလှမ်းဝေးလွန်းနေပြီ။”
“သူဌေးကြီးကတော့ တကယ့်ကို သူဌေးကြီး ပီသပါပေတယ်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားသွားပြီး အခြားမဟာမိတ်အဖွဲ့များသည်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အဆင့်မြင့်ရေငုပ်သင်္ဘောကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ရန်အတွက် လေဟာနယ်တံခါးကို အလုအယက် ဖြတ်ကျော်လာကြတော့သည်။
ရှောင်းယီတို့တပ်ဖွဲ့ ပင်လယ်ထဲ၌ အခြားမဟာမိတ်များကို စုစည်းနေစဉ် ရှောင်းယီတို့အဖွဲ့ နောက်မှ တကောက်ကောက် လိုက်နေခဲ့သော ရစ်စကီသည် နောက်ထပ် မစောင့်နိုင်ဘဲ စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့သည် အပိုင်းနှစ်ပိုင်းခွဲကာ ကမ်းရိုးတန်းတစ်လျှောက် ဘေးဘယ်ညာသို့ ချီတက်နေသဖြင့် အဖွဲ့များမှာ ပို၍လူစုကွဲလာခဲ့သည်။ ရစ်စကီသည် ၎င်းကို အခွင့်ကောင်းယူကာ တစ်သုတ်လောက် တိုက်ခိုက်လုယက်ပြီး ထွက်ပြေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
“အားလုံး နားထောင်စမ်း။ ငါတို့နဲ့ အနီးဆုံးမှာရှိတဲ့ တပ်စုကို တိုက်ခိုက်မယ်။ သူတို့ဆီက လက်နက်တွေ ရတာနဲ့ ချက်ချင်း လက်ရှောင်ပြီး ထွက်သွားမယ်။ သဘောပေါက်လား။”
ရစ်စကီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
အခြားသူများက အနည်းငယ် တွန့်ဆုတ်နေသော်လည်း “ဟုတ်ကဲ့” ဟုသာ ပြန်ဖြေလိုက်ကြသည်။
သို့သော် ရစ်စကီ၏ လှုပ်ရှားမှုမှန်သမျှကို ၎င်းတို့အား စောင့်ကြည့်နေသည့် ကင်းထောက်က အကုန်မြင်နေရပြီး ထိုအခြေအနေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ထံ ချက်ချင်း အကြောင်းကြားလိုက်သည်။
“ငါ့ကိုတောင် လက်ရဲဇက်ရဲ လာထိရဲမှတော့... သူတို့ကို ကောင်းကောင်းကြီး ပညာပေးလိုက်စမ်း။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်လိုက်သည်။
ဒီလိုအခြေအနေမျိုး ရောက်နေတာတောင်မှ ကိုယ့်လူမျိုးအချင်းချင်းကို ချုံခိုတိုက်ဖို့ ကြံစည်နေသေးတယ်။ သူတို့ကို ငရဲပို့ပေးလိုက်။
“ဟုတ်ကဲ့။”
ကင်းထောက်က ချက်ချင်း ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ကျွန်းပိုင်ရှင်၏ အမိန့်ကို ပြန်လည်အကြောင်းကြားရန် ပြင်လိုက်စဉ်မှာပင် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။
ရစ်စကီတို့အဖွဲ့၏ အနောက်ဘက်ရှိ မြေပြင်ထဲမှ သိပ်သည်းဆုပ်ခဲနေသော ပိုးကောင်အုပ်ကြီးတစ်အုပ် ရုတ်ချည်း တိုးထွက်လာကြခြင်းဖြစ်၏။
“ကျွန်းပိုင်ရှင်... နည်းပြ... မကောင်းတော့ဘူး။ ရစ်စကီတို့အဖွဲ့ရဲ့ နောက်မှာ ပိုးကောင်အုပ်တွေ အများကြီး ပေါ်လာတယ်။ သူတို့က ရစ်စကီတို့အဖွဲ့ကို တိုက်ခိုက်နေကြပြီ။”
ကင်းထောက်က ချက်ချင်း သတင်းပို့လိုက်၏။
“နောက်ဆုံးတော့ ထွက်လာကြပြီပေါ့။”
ရှောင်းယီကမူ အံ့ဩပုံမပြဘဲ အေးဆေးတည်ငြိမ်နေဆဲပင်။
ဤမသေမျိုး ပိုးကောင်များသည် မူလကတည်းက ၎င်းတို့၏နောက်တွင် ရှိနေခဲ့ခြင်းဖြစ်ရာ ယခုအချိန်မှ ထွက်လာခြင်းမှာ ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။
“မစိုးရိမ်နဲ့။ ဒါက ကောင်းတဲ့အချက်ပဲ။ အနည်းဆုံးတော့ ငါတို့ ကိုယ်တိုင် လုပ်စရာမလိုဘဲ ကိစ္စပြတ်သွားတာပေါ့။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
တစ်ဖက်မှ ကင်းထောက်မှာ အနည်းငယ် ဆွံ့အသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည်။
“ကျွန်းပိုင်ရှင်... ကျုပ်က ရစ်စကီတို့အတွက် စိတ်ပူနေတာမဟုတ်ပါဘူး။ အဲ့ဒီ မသေမျိုး ပိုးကောင်တွေရဲ့ အရေအတွက်က အရမ်းကို များလွန်းနေလို့ပါ။”
“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။”
ရှောင်းယီက ပြန်လိုက်ပြောပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာ နေရာမှ ထွက်လာခဲ့လိုက်၏။ ထို့နောက် ကျန်းယွင်ထျန်းကို ရှာဖွေကာ အခြေအနေကို ရှင်းပြလိုက်ပြီး ရေငုပ်သင်္ဘောမှ ထွက်ခွာရန် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။
ရှောင်းယီသည် အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင် လျင်မြန်စွာ ထွက်ပေါ်လာပြီး ဘေးဘက်ရှိ ထောက်လှမ်းရေးဌာနဆီသို့ လျှောက်သွားလိုက်၏။
ကင်းထောက်များသည် ၎င်းတို့၏အနောက်ရှိ အသေးစားထောက်လှမ်းရေးဒရုန်းကို အသုံးပြု၍ မသေမျိုးပိုးကောင်များကို အဓိကထား စောင့်ကြည့်နေကြပြီ ဖြစ်သည်။
“တကယ်ကို သူတို့ပဲ။”
ရှောင်းယီက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
“ထောက်လှမ်းရေးဒရုန်းကို သုံးပြီး ရစ်စကီတို့အဖွဲ့ရဲ့ အခြေအနေကို စစ်ဆေးလိုက်။”
“ဗျာ....”
ကင်းထောက်များမှာ ဆွံ့အသွားကြ၏။ တောင်နှင့်မြေပြန့်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ရှိနေသည့် မသေမျိုး ပိုးကောင်ကြီးများကို ပိုပြီး အာရုံစိုက်သင့်သည်မဟုတ်ပါလော။
ရှောင်းယီက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
“ဘာရပ်လုပ်နေတာလဲ။ သူတို့အခြေအနေကို မြန်မြန်စစ်ဆေးလေ။”
“ဟုတ်ကဲ့။”
၎င်းတို့သည် အသေးစားထောက်လှမ်းရေးဒရုန်း၏ ဦးတည်ချက်ကို ချိန်ညှိပြီးနောက် ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် နီးကပ်နေပြီဖြစ်သော ရစ်စကီနှင့် ၎င်း၏အဖွဲ့ကို ကြည့်လိုက်တော့လေသည်။
“တိုက်ကြ....။”
ရစ်စကီသည် သူ့ရှေ့ရှိ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ကြည့်ကာ လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။
သို့သော် ရစ်စကီနှင့် သူ့လူများ သေနတ်ပင် မမြှောက်ရသေးမီ သူတို့ရှေ့ရှိ ယီရန်ပင်းမဟာမိတ်အဖွဲ့တစ်ခုလုံးသည် ကတုတ်ကျင်းများထဲသို့ ချက်ချင်းပင် ဝင်ရောက်ပုန်းကွယ်သွားကြပြီ ဖြစ်သည်။
တုံ့ပြန်မှု အမြန်ဆုံးဖြစ်သော ရစ်စကီပင် သေနတ်ဖြင့် ပစ်လိုက်သော်လည်း ကျည်ဆန်မှာ ကတုတ်ကျင်းဘေးရှိ မြေပုံကိုသာ ထိမှန်သွားခဲ့သည်။
“ဘာဖြစ်တာလဲ။ သူတို့ ဘာလို့ ရုတ်တရက်ကြီး ကတုတ်ကျင်းထဲ ပုန်းသွားကြတာလဲ။”
ရစ်စကီ၏ မျက်လုံးများ ပြူးကျယ်သွား၏။
သူတို့ကို မြင်သွားတာလား။ မဖြစ်နိုင်တာ....။ သူတို့ ကိုယ်ယောင်ဖျောက်ပြီး သေချာပုန်းလာခဲ့တာပဲ။
ထိုစဉ် စစ်သားတစ်ဦးက ပြာပြာသလဲ ပြေးဝင်လာ၏။
“မဟာမိတ်ခေါင်းဆောင်... ကျုပ်တို့ရဲ့ အနောက်မှာ...”
“ငါတို့နောက်မှာလား။ ယီရန်ပင်းမဟာမိတ်အဖွဲ့က ငါတို့ကို အနောက်ကနေ ဝိုင်းထားလို့လား။”
ရစ်စကီက ပျာပျာသလဲ မေးလိုက်သည်။
“မဟုတ်ပါဘူး။”
“ဟူး... တော်သေးတာပေါ့။”
“ကျုပ်တို့ အနောက်မှာ ဧရာမ ပိုးကောင်အုပ်ကြီးတွေ ရောက်နေတယ်။”
စစ်သားက အော်ပြောလိုက်၏။
“ပိုးကောင်တွေ ဟုတ်လား။”
ရစ်စကီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ထိုစဉ်မှာပင် အနီးနားရှိ စစ်သားတစ်ဦး၏ ဦးခေါင်းမှာ ပိုးကောင်ကြီး၏ ကြီးမားလှသော ပလာယာကဲ့သို့ ညှပ်ကြီးများဖြင့် ညှပ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ပြတ်ထွက်သွားတော့သည်။
ပြတ်တောက်သွားသော ဦးခေါင်းမှလည်း သွေးများ ပန်းထွက်လာခဲ့သည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ရစ်စကီတို့အဖွဲ့တစ်ခုလုံး သွေးပျက်သွားကြတော့လေသည်။
“အို ဘုရားသခင်... ကယ်ကြပါဦး။”
“ဒါတွေက ဘာကောင်တွေလဲ။ ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ။”
“ပစ်ကြစမ်း။”
ရစ်စကီက အော်ဟစ်လိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် စကားအများကြီးပြောပြီး အချိန်ဖြုန်းနေရန် မလိုတော့ပေ။
ရစ်စကီ၏ အော်ဟစ်သံကြောင့် အားလုံး သတိပြန်ဝင်လာပြီး သေနတ်များကို မြှောက်ကာ မသေမျိုး ပိုးကောင်များကို စတင်ပစ်ခတ်ကြတော့သည်။
“ဒိုင်း၊ ဒိုင်း၊ ဒိုင်း...။”
လူတိုင်း ပစ်ခတ်နေကြစဉ်မှာပင် ရစ်စကီသည် အံ့ဩစရာကောင်းလောက်အောင် ရှေ့ဆုံးမှ ဦးဆောင်ကာ ယီရန်ပင်းမဟာမိတ်အဖွဲ့ရှိရာဘက်သို့ ထွက်ပြေးသွားတော့သည်။
သူ့အတွက် ဤအနောက်မှ မသေမျိုး ပိုးကောင်ကြီးများရန်မှ လွတ်မြောက်ရန်အတွက် ယီရန်ပင်မဟာမိတ်အဖွဲ့ထံ ထွက်ပြေးခိုလှုံခြင်းမှတစ်ပါး အခြား ပိုကောင်းသော ရွေးချယ်စရာ မရှိတော့ပေ။
ရစ်စကီ၏ အဖွဲ့သားများသည်လည်း သူ၏လှုပ်ရှားမှုကို မြင်သောအခါ သေဘေးမှလွတ်မြောက်ရန် အော်ဟစ်ပြီးရင်း အော်ဟစ်ကာ သူ့နောက်သို့ လိုက်လံထွက်ပြေးကြတော့သည်။