အခန်း (၃၅၁-၃၅၂)
Vol. 36 Ch. 351-352
အခန်း(၃၅၁) - အဆင့်ခြောက်
မျက်စိတစ်မှိတ်အတွင်းမှာပင် လအနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။
ရွှီနင်သည် မှော်ပညာရှင်ကမ္ဘာထဲသို့ ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ချေပြီ။
လွန်ခဲ့သော လအနည်းငယ်အတွင်း ကျန်းရွှိသည် ရွှီနင်အပေါ်ထားရှိသော ကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့ပြီး များပြားလှသော သယံဇာတအရင်းအမြစ်များကို ဆက်လက်ထောက်ပံ့ပေးခဲ့လေသည်။
ဤသည်က ရွှီနင်အတွက် စွမ်းအင်ယူနစ် တစ်သိန်းနှစ်သောင်းကို သဘာဝကျကျစု ဆောင်းမိသွားစေခဲ့သည်။
ရွှီနင်သည် ဤအခွင့်အရေးကို အသုံးချကာ အဆင့်ခြောက် မှော်ပညာရှင်တစ်ဦးအဖြစ်သို့ အဆင့်တက်လှမ်းနိုင်ခဲ့လေသည်။
အဆင့်ခြောက် မှော်ပညာရှင်တစ်ဦးဆိုသည်မှာ အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းတစ်ခွင်လုံးတွင် ထိပ်တန်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေသည်။
ပင်လယ်နီမိစ္ဆာသခင် သွမ့်ဟွေးယွဲ့သည် မှော်ပညာရှင်ကမ္ဘာထဲသို့ အကြိမ်ကြိမ် ဆင်းသက်လာခဲ့ဖူးသော်လည်း သူ၏ အကောင်းဆုံးစွမ်းဆောင်နိုင်မှုမှာ အဆင့်ခြောက်အထိသာ ဖြစ်ခဲ့ဖူးလေသည်။
သို့သော် ရွှီနင်ကမူ သူ၏ ပထမဆုံးအကြိမ် ကြိုးစားမှုဖြင့် တစ်နှစ်ပင်မပြည့်မီ ဤနယ်ပယ်သို့ ရောက်ရှိလာခဲ့လေသည်။
မည်သို့ပင်ဆိုစေ အဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း ရွှီနင်တစ်ယောက် သိပ်ပြီး ပျော်ရွှင်နေခြင်းတော့ မရှိချေ။
အကယ်၍ သူသာ ဆက်လက်အဆင့်တက်လိုပါက အဆင့်ခြောက်မှ အဆင့်ခုနစ်သို့ရောက်ရှိရန် လိုအပ်သောစွမ်းအင်ပမာဏမှာ ကြောက်စရာကောင်းစွာဖြင့် ယူနစ် သုံးသန်းအထိ ရှိနေပေသည်။
မှော်ပညာရှင်ကမ္ဘာတွင် အဆင့်ခြောက်မှ အဆင့်ခုနစ်သို့ တက်လှမ်းခြင်းသည် ဟင်းလင်းပြင်နယ်ပယ်အဆင့်ကိုးမှ တာအိုနယ်ပယ်အဆင့်သုံးသို့ တက်လှမ်းခြင်းနှင့် ညီမျှနေသည်။
၎င်းသည် နယ်ပယ်သုံးဆင့်ကို ဆက်တိုက် ကျော်လွှားရုံသာမက အဓိကနယ်ပယ်ကြီးတစ်ခုကိုပါ ဖြတ်ကျော်ရခြင်းမျိုး ဖြစ်ပေသည်။
ထို့ကြောင့် ကြီးမားလှသော စွမ်းအင်ပမာဏတစ်ခု လိုအပ်နေခြင်းဖြစ်သည်။
‘ငါ အထီးကျန်လေပြင်းဒေသရဲ့ တောင်ပိုင်းကနေ ထွက်သွားဖို့ လိုနေပြီလား...’
ရွှီနင်သည် ခြံဝင်းထဲတွင်ရပ်လျက် ကောင်းကင်ယံသို့ မော့ကြည့်နေမိသည်။
‘ရေခဲငှက်မွေးကျောင်းတော်က ငါ့ကို ထောက်ပံ့ပေးနိုင်မယ့် အရင်းအမြစ်တွေက အခုဆိုရင် အကန့်အသတ်ရှိလာပြီပဲ...’
ရွှီနင် စိတ်ထဲမှ တွေးတောလိုက်လေသည်။
ရေခဲငှက်မွေးကျောင်းတော်သည် စွမ်းအင်ယူနစ် တစ်သိန်းကျော်ကို ဆက်လက်ထောက်ပံ့ပေးနိုင်သေးသော်လည်း ယူနစ်တစ်သန်းကျော်အထိ ထောက်ပံ့ပေးရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းသည် ရွှီနင်အတွက် သေးငယ်သော စင်မြင့်လေးတစ်ခု ဖြစ်နေချေပြီ။
ခေတ္တမျှ စဉ်းစားချိန်ဆပြီးနောက် ရွှီနင်သည် ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
‘ဒါပေမဲ့ ဒီနေရာကနေ မထွက်ခွာခင် ရေခဲငှက်မွေးကျောင်းတော်ရဲ့ ပြဿနာတွေကို အရင်ရှင်းလင်းပေးခဲ့ရမယ်’
ရွှီနင်တွင် ကိုယ်ပိုင်မူဝါဒများ ရှိပေသည်။
သူ အဆင့်ငါးနှင့် အဆင့်ခြောက်သို့ တက်လှမ်းရန်အတွက် ရေခဲငှက်မွေးကျောင်းတော်မှ အရင်းအမြစ်အမြောက်အမြားကို အသုံးပြုခဲ့ရသည်။
အကယ်၍ သူသာ ရုတ်တရက်ထွက်ခွာသွားပါက ရေခဲငှက်မွေးကျောင်းတော်သည် ကြီးမားသောဆုံးရှုံးမှုကြီးကို ရင်ဆိုင်ရုံသာမက အဆင့်မြင့် တိုက်ခိုက်ရေးသမားများ ဆုံးရှုံးသွားမှုကြောင့် အခြားသောအင်အားစုများ၏ တဖြည်းဖြည်းဝါးမျိုခြင်းကိုပါ ခံရပေလိမ့်မည်။
ရွှီနင်သည် အစီအစဉ်တစ်ခုကို ကြိုတင်ချမှတ်ထားပြီးဖြစ်သည်။
သူထွက်ခွာလိုလျှင်ပင် လေပင်လယ်ကျောင်းတော်ကို အရင်ဆုံးရှင်းလင်းရမည်ဖြစ်ပြီး ထို့နောက်မှ ရေခဲငှက်မွေးကျောင်းတော်အတွက် သင့်လျော်သော အဆင့်မြင့် တိုက်ခိုက်ရေးသမားတစ်ဦးကို ရှာဖွေပေးရမည်ဖြစ်သည်။
ရွှီနင်သည် ခြံဝင်းထဲမှ ထွက်ခွာလာပြီး ကျန်းရွှိကို သွားရောက်ရှာဖွေလိုက်လေသည်။
“အစ်ကိုကျန်း”
ရွှီနင်ရှာတွေ့ချိန်တွင် ကျန်းရွှိသည် အလုပ်လုပ်နေဆဲဖြစ်သည်။
ရွှီနင်ကို မြင်လိုက်ရသောအခါ ကျန်းရွှိအနည်းငယ် အံ့အားသင့်သွားရသည်။
အခြေအနေများ တည်ငြိမ်သွားသည့်အချိန်မှစ၍ ရွှီနင်သည် အပြင်ထွက်၍ သွားလာလေ့ သိပ်မရှိတော့ပေ။
“ညီလေးရွှီ...မင်း ဒီကို ရောက်လာတာ ရှားရှားပါးပါးပဲ”
ကျန်းရွှိသည် အလုပ်များကို ခေတ္တ ရပ်နားလိုက်သည်။
“အစ်ကိုကျန်း...လေပင်လယ်ကျောင်းတော်နဲ့ ရန်ငြိုးကို အပြီးသတ်ရှင်းလင်းရမယ့်အချိန် ရောက်ပြီဗျ”
ရွှီနင်က လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်လေသည်။
ကျန်းရွှိ လန့်ဖျပ်သွားရသည်။
“မင်းဆိုလိုတာက...”
ကျန်းရွှိမှာ ခေတ္တမျှပင် မတုံ့ပြန်နိုင်ဘဲဖြစ်သွားသည်။
“ကျွန်တော် အဆင့်ခြောက် မှော်ပညာရှင်ဖြစ်သွားပြီ... ဒါကြောင့် လေပင်လယ်ကျောင်းတော်ကို ယှဉ်တိုက်နိုင်ပြီလေ”
ရွှီနင်က ပြောလိုက်သည်။
လေပင်လယ်ကျောင်းတော်သည် ကျောင်းအုပ်ကြီးအား လျှို့ဝှက်စွာလုပ်ကြံပြီး ရေခဲငှက်မွေးကျောင်းတော်၏ အရင်းအမြစ်များကို လုယူခဲ့သည်သာမက ရွှီနင်အား လုပ်ကြံရန်အတွက်လည်း လူသတ်သမားများ စေလွှတ်ခဲ့သေးသည်။
ထို့ကြောင့် ကျောင်းတော်အချင်းချင်း ယှဉ်ပြိုင်မှုရှုထောင့်မှဖြစ်စေ၊ ကိုယ်ရေးကိုယ်တာရန်ငြိုးအရဖြစ်စေ ရွှီနင်သည် ဤပြဿနာကို ဖြေရှင်းရမည်သာ ဖြစ်ပေသည်။
“အဆင့်ခြောက်”
ကျန်းရွှိတစ်ယောက် အလွန်တုန်လှုပ်သွားရသည်။
ရွှီနင်သည် လွန်ခဲ့သော လအနည်းငယ်ကမှ အဆင့်ငါးသို့ တက်လှမ်းခဲ့ခြင်းဖြစ်ရာ အဆင့်ခြောက်သို့ မည်သို့ဤမျှလျင်မြန်စွာ ရောက်ရှိသွားသနည်း။
ကျန်းရွှိမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
သူသည် ရွှီနင်အပေါ် အထင်ကြီးလေးစားခဲ့သော်လည်း အထင်သေးမိဆဲ ဖြစ်နေခဲ့သည်။
‘ဒီလိုပါရမီမျိုးနဲ့ဆိုရင် အနာဂတ်မှာ ရွှီနင်က ဒဏ္ဍာရီလာအဆင့်ကိုးကိုတောင် ရောက်သွားနိုင်မလား...’
ထိုအတွေးသည် ကျန်းရွှိ၏စိတ်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။
အဆင့်ကိုး မှော်ပညာရှင်ဆိုသည်မှာ မှော်ပညာရှင်ကမ္ဘာတွင် အမြင့်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
ကျန်းရွှိသည် ခဲယဉ်းစွာဖြင့် တဖြည်းဖြည်း စိတ်တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
“ညီလေးရွှီ...”
ကျန်းရွှိသည် ဖြည်းညင်းစွာ သတိပြန်ဝင်လာပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
“မင်းက အခုမှ အဆင့်ခြောက်ကို ရောက်ခါစဆိုတော့ လေပင်လယ်ကျောင်းတော်ကို တိုက်ခိုက်ဖို့က သိပ်မလောလွန်းဘူးလား... ဘာပဲဖြစ်ဖြစ် လေပင်လယ်ကျောင်းတော်ရဲ့ အဆင့်ခြောက် မှော်ပညာရှင်နှစ်ယောက်လုံးက သူတို့ရဲ့ လက်ရှိနယ်ပယ်မှာ ရှိနေတာ နှစ်တွေကြာလှနေပြီလေ...”
ရွှီနင်က ပြုံးလိုက်သည်။
“ရပါတယ် အစ်ကိုကျန်း... ကျွန်တော် အဆင့်ငါးကို ရောက်ခါစတုန်းကလည်း အဆင့်ငါးပြိုင်ဘက်တစ်ယောက်ကို သတ်ခဲ့ဖူးတယ်ဆိုတာ မမေ့ပါနဲ့”
ရွှီနင်က သတိပေးလိုက်သောအခါမှ ကျန်းရွှိသည် ရွှီနင်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို သတိရသွားလေသည်။
ဤကဲ့သို့သော ပါရမီစွမ်းရည်မျိုးဖြင့်ဆိုလျှင် ကျန်းရွှိသည် ရွှီနင်၏ အနာဂတ်အောင်မြင်မှုများကို ကြိုတင်တွေးနိုင်နေပြီ ဖြစ်သည်။
“အစ်ကိုကျန်း... အရင်ဆုံး စီစဉ်စရာရှိတာ စီစဉ်ထားလိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ လေပင်လယ်ကျောင်းတော်က အဆင့်မြင့်တိုက်ခိုက်ရေးသမားတွေကို ကျွန်တော် ရှင်းလင်းပေးပါ့မယ်”
ရွှီနင်ပြောနေသည်မှာ လေပင်လယ်ကျောင်းတော်၏ အရင်းအမြစ်များကို သိမ်းပိုက်ရေးနှင့်ပတ်သက်၍ ဖြစ်ပေသည်။
“ကောင်းပြီလေ...”
ရွှီနင်၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ နောက်ဆုံးတွင် ကျန်းရွှိသည်လည်း ထောက်ခံကြောင်း ပြသလိုက်လေသည်။
ရက်အနည်းငယ် ကြာပြီးနောက်…
ကျန်းရွှိသည် ရွှီနင်ကို ထပ်မံ လာရောက်ရှာဖွေခဲ့သည်။
“ညီလေးရွှီ... အားလုံးအဆင်သင့်ဖြစ်နေပြီ”
ကျန်းရွှိက ရွှီနင်ကို ကြည့်လိုက်သည်။
“ကျောင်းအုပ်ကြီး သေဆုံးသွားတဲ့သတင်းကိုလည်း ငါတို့ တိတ်တိတ်လေး သတင်းဖြန့်ထားလိုက်ပြီ”
“ကောင်းတယ်”
ကျန်းရွှိ၏ ဤလှုပ်ရှားမှုမှာ အများပြည်သူ၏ ထင်မြင်ယူဆချက်ကို အခွင့်ကောင်းယူရန်ဖြစ်ကြောင်း ရွှီနင် နားလည်လိုက်သည်။
ရေခဲငှက်မွေးကျောင်းတော်၏ တက်ကြွလှုပ်ရှားမှုမှာ ကျူးကျော်ရန်မဟုတ်ဘဲ ကလဲ့စားချေရန်သာဖြစ်ကြောင်း အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းရှိ အခြားသော အင်အားစုများကို သူတို့သိစေရမည် ဖြစ်သည်။
ယခင်က နှစ်ဖက်လုံး အပေးအယူလုပ်ခဲ့ကြသော်လည်း ရန်ငြိုးမှာနက်ရှိုင်းလွန်းလှသည်။ ထို့ကြောင့် ဤတိုက်ပွဲသည် ရှောင်လွှဲ၍မရနိုင်ပေ။
“ဒါဆို ကျန်တာကို မင်းကိုပဲ အပ်လိုက်တော့မယ်”
ကျန်းရွှိသည် ရွှီနင်အပေါ် မျှော်လင့်ချက်များ အပြည့်အဝ ထားရှိနေလေသည်။
“စိတ်မပူပါနဲ့ဗျာ”
ရွှီနင်သည် ရေခဲငှက်မွေးကျောင်းတော်မှ ထွက်ခွာလာပြီး လေပင်လယ်ကျောင်းတော်သို့ သွားရောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် နည်းပြအချို့နှင့် တပည့်အမြောက်အမြားသည် လေပင်လယ်ကျောင်းတော်ရှိရာသို့ စတင်၍ ချီတက်သွားကြလေသည်။
…
လေပင်လယ်ကျောင်းတော်…
ခြံဝင်းတစ်ခုအတွင်း၌…
“ရေခဲငှက်မွေးကျောင်းတော်က ဒီရက်ပိုင်းမှာ နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ပုံပဲ”
စကားပြောလိုက်သူမှာ ထိပ်ပြောင်ပြောင်နှင့် အဘိုးအိုတစ်ဦးဖြစ်သည်။
သူသည် မျက်မှောင်ကြုတ်ထားပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
“အမှန်ပဲ”
ထိပ်ပြောင်အဘိုးအို၏ မျက်နှာချင်းဆိုင်တွင် ရက်စက်ကြမ်းကြုတ်မည့် ရုပ်သွင်ရှိသော အဘွားအိုတစ်ဦးရှိနေသည်။
“သူတို့က ငါတို့ရဲ့ အရင်သဘောတူညီချက်ကို ချိုးဖောက်ပြီး လေပင်လယ်ကျောင်းတော်ကို ထိခိုက်စေမယ့် သတင်းအချက်တွေကို ဖြန့်နေကြတယ်”
“မယုံနိုင်စရာပဲ...”
ထိပ်ပြောင်အဘိုးအိုက နှာမှုတ်လိုက်သည်။
“ထားလိုက်ပါ... သဘောတူညီချက်ဆိုတာ ယာယီပဲဆိုတာ ငါတို့အားလုံး သိထားကြတာပဲလေ။ နှစ်ဖက်ကြားမှာ နောက်ထပ်တိုက်ပွဲတစ်ခုကတော့ ရှောင်လွှဲလို့မရဘူး။ ကြည့်ရတာ သူတို့က အရင်စပြီး လှုပ်ရှားမယ့်ပုံပဲ”
အဘွားအိုမှာ အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
“ငါနားမလည်တာက ဘာလို့ သူတို့က ငါတို့ကို အရင်စပြီး တိုက်ခိုက်ရဲတာလဲ... အဲဒီပြင်ပကလာတဲ့ အဆင့်ငါး မှော်ပညာရှင်လေးတစ်ယောက်ကြောင့်လား”
“အင်း...”
ထိပ်ပြောင်အဘိုးအိုသည် နက်နက်ရှိုင်းရှိုင်း မိသွားလေသည်။
“သူတို့က တခြားကူညီမယ့်သူတွေနဲ့ အဆက်အသွယ် လုပ်ထားတာများလား”
အဘွားအိုကထပ်မေးလိုက်သည်။
“မဖြစ်နိုင်ဘူး... အထီးကျန်လေပြင်းဒေသရဲ့ တောင်ပိုင်းက ဘယ်အင်အားစုမှ ငါတို့ကို တိုက်ရိုက် ဆန့်ကျင်ချင်ကြမှာ မဟုတ်ဘူး...”
ထိပ်ပြောင်အဘိုးအိုသည် အတော်လေး ယုံကြည်မှုရှိနေပေသည်။
သူတို့နှစ်ဦးမှာ ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားကြသည်။
ထိုသို့တွေးတောနေစဉ်မှာပင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ကြရသည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးသည် ကြီးမားလှသော လည်ပတ်အား အမြောက်အမြားက သူတို့၏ခန္ဓာကိုယ်များကို ဆွဲဖြဲနေသကဲ့သို့ ခံစားလိုက်ရလေသည်။
“ရန်သူလာတိုက်တယ်ဟေ့”
သူတို့နှစ်ဦးမှာ အဖြစ်အပျက်များကို ချက်ချင်းသဘောပေါက်လိုက်ပြီး
ဤစွမ်းအားမှ ရုန်းထွက်နိုင်ရန်အတွက် မှော်ပညာစွမ်းအားများကို လျင်မြန်စွာ အသက်သွင်းလိုက်ကြသည်။
သို့သော် သူတို့၏ တုံ့ပြန်မှုမှာ အနည်းငယ် နှေးကွေးသွားဆဲ ဖြစ်သည်။
သူတို့ ရုန်းထွက်နိုင်သွားချိန်တွင် ဒဏ်ရာအပြင်းအထန်ရ ရှိနေခဲ့ချေပြီ။
“မင်းကဘယ်သူလဲ”
သူတို့နှစ်ဦးမှာ အထိတ်တလန့်ဖြစ်နေသော မျက်လုံးများဖြင့် အတူတကွ ပူးကပ်သွားကြသည်။
“ရေခဲငှက်မွေးကျောင်းတော်က... ရွှီနင်ပဲ”
ရွှီနင် ထွက်ပေါ်လာလေသည်။
ရွှီး...ရွှီး...
ကြီးမားသော လေဓားသွားကြီးနှစ်ခု ထွက်ပေါ်လာလေသည်။
ဖတ်...ဖတ်...
ထိုအဆင့်ခြောက် မှော်ပညာရှင်နှစ်ဦးမှာ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ပွဲချင်းပြီး သေဆုံးသွားကြလေတော့သည်။
“အကုန်ပြီးသွားပြီပဲ...”
ရွှီနင်က ရယ်မောလိုက်လေသည်။
အခန်း (၃၅၂) - မှော်ပညာမြို့တော်
လေပင်လယ်ကျောင်းတော်မှ အဆင့်ခြောက် ဆရာသခင်နှစ်ဦးအား ရွှီနင် သတ်ဖြတ်လိုက်ပြီးနောက်တွင် အရာအားလုံးက ပိုမိုချောမွေ့သွားခဲ့လေသည်။
ရွှီနင်၏ ခြိမ်းခြောက်နိုင်စွမ်းကြောင့် လေပင်လယ်ကျောင်းတော်သည် မည်သည့်ခုခံမှုမျှမရှိဘဲ ရေခဲငှက်မွေးကျောင်းတော်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရလေသည်။
ဤအရာများအားလုံး ဖြစ်ပျက်နေချိန်၌ ကျောင်းအုပ်ကြီးနှင့် ရွှီနင်အား လုပ်ကြံရာတွင် ပါဝင်ခဲ့သူများကိုမူ နည်းလမ်းအမျိုးမျိုးဖြင့် ရှင်းလင်းလိုက်ကြသည်။
ယင်းတို့အနက် ရေခဲငှက်မွေးကျောင်းတော်အား ထိခိုက်နစ်နာစေရန် မပါဝင်ခဲ့သော လေပင်လယ်ကျောင်းတော်မှ အဆင့်လေးအထက် ပညာရှင်များကိုမူ လက်နက်ချအညံ့ခံရန် ရွေးချယ်ခွင့်ပေးခဲ့သည်။
အညံ့ခံသူများကို ရေခဲငှက်မွေးကျောင်းတော်သို့ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အညံ့မခံလိုသူများကိုမူ အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းမှ နှင်ထုတ်ပစ်လိုက်လေသည်။
ဤသည်မှာ ရေခဲငှက်မွေးကျောင်းတော်၏ တည်ငြိမ်မှုကို သေချာစေရန်အတွက်ပင် ဖြစ်ပေသည်။
ဤနည်းဖြင့် ရေခဲငှက်မွေးကျောင်းတော်သည် အဆင့်ငါး မှော်ပညာရှင်နှစ်ဦးနှင့် အဆင့်လေး မှော်ပညာရှင်ခြောက်ဦးကို ရရှိလိုက်ရာ သူတို့၏ ဘက်စုံတိုက်ခိုက်ရေးစွမ်းအားမှာ အလွန်တရာ မြင့်တက်လာခဲ့ချေပြီ။
ရွှီနင် ရှိနေသရွေ့ ဤလူများ အတွင်းပိုင်းမှ ပုန်ကန်ရဲမည်ကို ပူပန်နေရန် မလိုပေ။
ရေခဲငှက်မွေးကျောင်းတော်၏ ရုတ်တရက်လှုပ်ရှားမှုက အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းတစ်ခုလုံးဆီသို့ ကြီးမားသောရိုက်ခတ်မှုကို ယူဆောင်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အထီးကျန်လေပြင်းဒေသ တောင်ပိုင်းရှိ အင်အားစုကြီးများသည် ရေခဲငှက်မွေးကျောင်းတော်မှ သူတို့အား တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန်လာကြလေသည်။
ရေခဲငှက်မွေးကျောင်းတော်တွင် အဆင့်ခုနစ်ဆရာသခင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော ရွှီနင် ရှိနေကြောင်းကို သူတို့အားလုံး သိရှိထားကြပြီး ဖြစ်သည်။
ရွှီနင်၏ အင်အားသည် အထီးကျန်လေပြင်းဒေသ တောင်ပိုင်း၏ အမြင့်ဆုံးအထွတ်အထိပ်တွင် ရှိနေပြီဖြစ်သည်။ အထီးကျန်လေပြင်းဒေသ၏ တောင်ပိုင်းတစ်ခုလုံးမှာ သူ့အား အလွန်အမင်း ကြောက်ရွံ့နေကြလေသည်။
သို့သော် မကြာမီမှာပင် ရေခဲငှက်မွေးကျောင်းတော်သည် သူတို့၏ သဘောထားကို ဖော်ပြလာခဲ့လေသည်။
လေပင်လယ်ကျောင်းတော်မှ ရေခဲငှက်မွေးကျောင်းတော်အပေါ် ယုတ်မာစွာ တိုက်ခိုက်ခဲ့သည့် အထောက်အထားများကို ဖော်ပြခဲ့သဖြင့် ကောလာဟလများ မှန်ကန်သည်ကို အထီးကျန်လေပြင်းဒေသ တောင်ပိုင်းရှိ အခြားအင်အားစုများမှာ သိရှိသွားလေသည်။
ရေခဲငှက်မွေးကျောင်းတော်သည် လေပင်လယ်ကျောင်းတော်အား အတင်းအကျပ် သိမ်းပိုက်ခဲ့သည်ဆိုသော်ငြား အစကတည်းက မှားယွင်းခဲ့သူမှာ လေပင်လယ်ကျောင်းတော်သာ ဖြစ်ပေသည်။
ဤသို့ဖြင့် အခြားအင်အားစုများမှာ စိတ်သက်သာရာ ရသွားကြတော့သည်။
သို့တိုင်အောင် သူတို့သည် ရေခဲငှက်မွေးကျောင်းတော်အပေါ် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုအချို့တော့ ရှိနေဆဲပင်။
ဤဖြစ်ရပ်အပြီးတွင် အာဏာလုပွဲတစ်ခု၌ ထိပ်တန်းတိုက်ခိုက်ရေးသမားများသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ ကောင်းစွာ သဘောပေါက်သွားကြလေပြီ။
ရေခဲငှက်မွေးကျောင်းတော်၏ အလုံးစုံအင်အားသည် ယခင်ကလောက် မကောင်းတော့သော်လည်း အဆင့်ခုနစ် မှော်ပညာရှင်တစ်ဦးနှင့် တူညီသောအဆင့်ရှိသည့် ရွှီနင်ကြောင့် အခြေအနေများမှာ ပြောင်းပြန်လှန်သွားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ရေခဲငှက်မွေးကျောင်းတော်သာ အထီးကျန်လေပြင်းဒေသ တောင်ပိုင်းတစ်ခုလုံးအား အုပ်စိုးလိုသည့် ရည်ရွယ်ချက်ရှိလာပါက ရွှီနင်ကို မည်ကဲ့သို့ ခုခံရမည်နည်းဟူ၍ အခြားအင်အားစုများမှာ စိုးရိမ်နေခဲ့ကြသည်။
ကံကောင်းစွာဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုများမှာ လက်တွေ့ဖြစ်မလာခဲ့ချေ။
လေပင်လယ်ကျောင်းတော်၏ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ရေခဲငှက်မွေးကျောင်းတော်သည် အရင်းအမြစ်များကို သိမ်းပိုက်ရုံသာမက ၎င်းတို့နှင့် အခြားအင်အားစုများအကြား အကျိုးတူပူးပေါင်းမှုများကို မြှင့်တင်ရန်အတွက် အဖွဲ့အစည်းအသီးသီးနှင့် စတင်မဟာမိတ်ဖွဲ့လာခဲ့သည်။
အမှန်တကယ်တွင် ဤသည်မှာ ရွှီနင် အထီးကျန်လေပြင်းဒေသ တောင်ပိုင်းမှ ထွက်ခွာသွားနိုင်ရန် လမ်းခင်းပေးခြင်းပင် ဖြစ်ပေသည်။
ကျန်းရွှိ၊ ရွှီစီချီ သို့မဟုတ် လုဝမ့် မည်သူမဆို ရွှီနင်သည် ဤနေရာမှ အနှေးနဲ့အမြန် ထွက်ခွာသွားမည်ကို သိထားကြသည်။
သူ မထွက်ခွာမီ ရေခဲငှက်မွေးကျောင်းတော်သည် လွတ်လပ်စွာ ရပ်တည်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းရပေလိမ့်မည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် နောက်ထပ် နှစ်နှစ်တာကာလမှာ ကုန်လွန်သွားခဲ့လေပြီ။
လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရွှီနင်သည် အထီးကျန်လေပြင်းဒေသ တောင်ပိုင်းမှ မထွက်ခွာရသေးပေ။
သူ၏ အကူအညီဖြင့် ရေခဲငှက်မွေးကျောင်းတော်နှင့် အထီးကျန်လေပြင်းဒေသ တောင်ပိုင်းရှိ အင်အားစုကြီးများသည် မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ခဲ့ကြသည်။
ထို့ကြောင့် ရွှီနင် ထွက်သွားလျှင်ပင် ရေခဲငှက်မွေးကျောင်းတော်သည် လွတ်လပ်စွာ ရပ်တည်နိုင်ပြီး အဆင့်အတန်း ကျဆင်းသွားမည် မဟုတ်ပေ။
ထို့အပြင် ရွှီနင်သည် ကျန်းရွှိနှင့် ရွှီစီချီတို့အား အဆင့်ငါး မှော်ပညာရှင်များဖြစ်လာရန် ကူညီပေးခဲ့သေးသည်။ လုဝမ့်မှာလည်း အဆင့်လေး မှော်ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ကျန်းရွှိနှင့် ရွှီစီချီတို့၏ အဆင့်တက်လာမှုသည် ရေခဲငှက်မွေးကျောင်းတော်အတွက် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားများကို အာမခံချက် ပေးစွမ်းနိုင်ခဲ့လေသည်။
သေချာပေါက်ပင် ရွှီနင် ကိုယ်တိုင်လည်း ဤကာလအတွင်း အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။
လဝက်အတွင်းမှာပင် ရွှီနင်သည် အဆင့်ခုနစ် မှော်ပညာရှင်တစ်ဦးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရေခဲငှက်မွေးကျောင်းတော်သည် လေပင်လယ်ကျောင်းတော်အား သိမ်းပိုက်ပြီးနောက် သူတို့၏ ကိုယ်ပိုင်အင်အားကို တဖြည်းဖြည်း တိုးချဲ့ခဲ့လေသည်။
ဤလုပ်ငန်းစဉ်အတွင်း ယခင်က ရွှီနင်၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဆုလာဘ်အဖြစ် ကျန်းရွှိမှ ရွှီနင်အား အရင်းအမြစ် အမြောက်အမြား ဆက်တိုက် ထောက်ပံ့ပေးခဲ့သည်။
ရွှီနင်သည် ဤအခွင့်အရေးကို အသုံးချကာ အဆင့်ခုနစ်သို့ တက်လှမ်းရန် လိုအပ်သော စွမ်းအင်ယူနစ် သုံးသန်းကို စုဆောင်းနိုင်ခဲ့လေသည်။
ရွှီနင်၏ စွမ်းအင်ယူနစ် သုံးသန်းမှာ လေပင်လယ်ကျောင်းတော်ကို သိမ်းပိုက်နိုင်ခြင်းနှင့် ရေခဲငှက်မွေးကျောင်းတော်၏ တိုးတက်မှုတို့မှ ရရှိလာသော အပိုဆုလာဘ်များဟုပင် ဆိုနိုင်ပေသည်။
ယင်းနောက်တွင် အထီးကျန်လေပြင်းဒေသကဲ့သို့ နေရာမျိုး၌ အဆင့်ရှစ်သို့ ဆက်လက်တက်လှမ်းရန်မှာ သူ့အတွက် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ရွှီနင် ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မထွက်ခွာမီ ရွှီနင်သည် သူ၏ ပတ်ဝန်းကျင်ရှိ လူများကို နှုတ်ဆက်ခဲ့သည်။
ကျန်းရွှိ၊ လုဝမ့်၊ ရွှီစီချီနှင့် ကွမ်ယွဲ့တို့သည် ရွှီနင်၏ ထွက်ခွာမှုကို ကြိုတင်မျှော်မှန်းထားပြီး ဖြစ်သော်လည်း သူတို့အားလုံးသည် ဝမ်းနည်းမှုကို ခံစားနေရဆဲပင်။
ဤတစ်ကြိမ်တွင် ကွမ်ယွဲ့သည် ရွှီနင်နှင့်အတူ လိုက်ပါသွားရန် မဆုံးဖြတ်ခဲ့ပေ။
သူမသည် ရွှီနင်၏ ခြေလှမ်းများကို မီအောင် မလိုက်နိုင်တော့သဖြင့် ရေခဲငှက်မွေးကျောင်းတော်တွင်သာ ကျန်ရစ်နေခဲ့ခြင်းက သူမအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လေသည်။
နှုတ်ဆက်စကားများ ပြောကြားပြီးနောက် ရွှီနင်သည် သူ၏ ခရီးကို စတင်လိုက်တော့သည်။
ဤတစ်ကြိမ်တွင် သူ သွားရောက်မည့် နေရာမှာ မှော်ပညာမြို့တော်ပင် ဖြစ်သည်။
မှော်ပညာမြို့တော် ဆိုသည်မှာ မှော်ပညာရှင်များ အဓိက စုဝေးရာနေရာ ဖြစ်ပေသည်။
ထိုနေရာတွင် မှော်ပညာရှင်များသည် သာမန်လူများလောက်ပင် များပြားလှပေသည်။
စွမ်းအားကြီးမားသော မှော်ပညာရှင်များအား နေရာတိုင်းတွင် တွေ့နိုင်ပြီး အဆင့်ကိုး မှော်ပညာရှင်များပင် အများအပြား ရှိနေလေသည်။
ထိုနေရာမှသာလျှင် သူ အဆင့်တက်ရန် လိုအပ်သော အရင်းအမြစ် အမြောက်အမြားကို ရရှိနိုင်မည်ဖြစ်ကြောင်း ရွှီနင် သိထားသည်။
မှော်ပညာရှင်ကမ္ဘာ၏ မူလအစကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ရန် ရွှီနင် နောက်ထပ် အဆင့်နှစ်ဆင့်သာ တက်လှမ်းရန် လိုအပ်တော့သည်။
ထို့နောက် သူ၏ ကိုယ်ပွားကို ပြန်လည်ရယူကာ သိုင်းသခင်နယ်ပယ်သို့ ထိုးဖောက်ကျော်လွှားနိုင်မည် ဖြစ်သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့ပြန်သည်။
ရွှီနင်သည် တစ်နှစ်ပတ်လုံးကို ခရီးသွားခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
သူသည် အဆင့်ခုနစ် မှော်ပညာရှင်တစ်ဦး ဖြစ်နေပြီဆိုသော်ငြား ထိုနေရာသို့ ရောက်ရန်အတွက်မူ တစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။
‘နောက်ဆုံးတော့ ငါ မှော်ပညာမြို့တော်ကို ရောက်လာခဲ့ပြီပဲ...’
ရွှီနင်သည် သူ၏ ရှေ့မှောက်ရှိ ဧရာမမြို့ရိုးကြီးကို ကြည့်လိုက်သည်။ သူ စိတ်သက်သာရာ ရသွားတော့သည်။
ရှည်လျားသော ခရီးစဉ်ကြီးအပြီးတွင် နောက်ဆုံး၌ သူ၏ ခရီးပန်းတိုင်သို့ ရောက်ရှိလာခဲ့ချေပြီ။
ရွှီနင်၏ အစီအစဉ်အရ ဤမှော်ပညာမြို့တော်သည် အဆင့်ကိုးသို့ မတက်လှမ်းမီ သူ၏ နောက်ဆုံးမှတ်တိုင် ဖြစ်ပေလိမ့်မည်။
မြို့ထဲသို့ ဝင်ထွက်သွားလာနေကြသော မှော်ပညာရှင်များကို မြင်လိုက်ရပြီးနောက် ရွှီနင်လည်း ထိုအနားသို့ လျှောက်သွားလိုက်သည်။
“မှော်ပညာရှင် အသစ်လား”
ရွှီနင်သည် မြို့တံခါးဝရှိ မြို့စောင့်တပ်သားများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ယေဘုယျအားဖြင့် မြို့စောင့်တပ်သားများပင် အဆင့်လေးအထက်တွင် ရှိနေကြသည်။
ခေါင်းဆောင်မြို့စောင့်တပ်သားဆိုလျှင် အဆင့်ခြောက်တွင်ပင် ရှိနေလေသည်။
ဤကဲ့သို့သော အင်အားမျိုးကို အခြားဒေသများတွင်မူ အစွမ်းထက်သူများအဖြစ် သတ်မှတ်ထားကြသည်။
“ဟုတ်ပါတယ်”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ အင်အားကို အကဲဖြတ်ပြီး မင်းရဲ့ အချက်အလက်တွေကို မှတ်ပုံတင်ရမယ်”
မြို့စောင့်တပ်သားများသည် ရွှီနင် အလွန်သန်မာကြောင်းကို ကြိုတင်အာရုံခံမိနေသဖြင့် အတော်လေး ယဉ်ကျေးပျူငှာကြသည်။
“ကောင်းပါပြီ”
ရွှီနင်သည်လည်း အတော်လေး ပူးပေါင်းပါဝင်ပေးခဲ့သည်။
မြို့စောင့်တပ်သားသည် ရွှီနင်၏ အချက်အလက်များကို မှတ်ပုံတင်ပြီးနောက် ရွှီနင်အား တံဆိပ်တစ်ခု ပေးအပ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် မြို့အတွင်းပိုင်းမြေပုံနှင့် မြို့၏ စည်းမျဉ်းစည်းကမ်း အမျိုးမျိုး ပါဝင်သော စာအုပ်ငယ်တစ်အုပ်ကိုပါ ပေးလိုက်လေသည်။
ရွှီနင်ကို အံ့အားသင့်စေခဲ့သည်မှာ ဤသို့ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်အတွက် မည်သည့်ကုန်ကျစရိတ်မျှ မပေးခဲ့ရခြင်းပင်။
‘မှော်ပညာမြို့တော် ဆိုတဲ့အတိုင်းပါပဲလား...’
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ရွှီနင်သည် မှော်ပညာရှင်များ၏ စွမ်းအင်အငွေ့အသက်များကို နေရာအနှံ့တွင် ခံစားမိနေလေသည်။
ယင်းတို့အနက် အဆင့်သုံးနှင့် အဆင့်လေး မှော်ပညာရှင်များကို အများဆုံး တွေ့ရပြီး အဆင့်တစ်နှင့် အဆင့်နှစ် မှော်ပညာရှင်များမှာမူ ရှားပါးလှသည်။
သာမန်အခြေအနေအောက်တွင် မှော်ပညာမြို့တော်၌ မွေးဖွားသူများ မဟုတ်ပါက အခြားနေရာမှ အဆင့်တစ်နှင့် အဆင့်နှစ် မှော်ပညာရှင်များသည် ဤနေရာသို့ လုံးဝ လာရောက်ကြမည် မဟုတ်ချေ။
သာမန် မှော်ပညာရှင်များအတွက်မူ မြို့တွင်းရှိ ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်လှပေသည်။
‘အရင်ဆုံး တည်းခိုဖို့ နေရာရှာပြီးမှ ဒီပတ်ဝန်းကျင်နဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ရမယ်...’
ရွှီနင်သည် မြို့စောင့်တပ်သား ပေးလိုက်သော စာအုပ်ငယ်ကို လှန်လှောကြည့်ရှုရင်း တည်းခိုရန် နေရာတစ်ခုကို ရှာဖွေလိုက်တော့သည်။