← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅) - မိစ္ဆာသားရဲနှင့် စွမ်းအင်စုပ်ယူခြင်း

ရွှီနင်သည် အမြင့်ဆုံးမီးတောင်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်လေသည်။

‘ဒီမီးတောင်ထဲမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင် ရှိနေလောက်တယ်။ မှော်ပညာရှင်တစ်ယောက် ပျိုးထောင်ထားတဲ့ မိစ္ဆာသားရဲများ ဖြစ်နေမလား...’

အနီးသို့ ရောက်လေလေ မီးတောင်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ရွှီနင် ပို၍ခံစားလာရလေလေ ဖြစ်သည်။

ရွှီနင်သည် မီးတောင်ထိပ်ဝကို သတိထား၍ ချဉ်းကပ်လိုက်သည်။ သူသည် ချော်ရည်ပူများကို သတိထားကာ ကာကွယ်ရင်း မီးတောင်ထဲသို့ ငုံ့ကြည့်လိုက်လေသည်။

‘ဒါက တကယ်ပဲ မှော်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ဖန်တီးထားတဲ့ မိစ္ဆာသားရဲပဲ’

မီးတောင်၏ ချော်ရည်ပူများထဲတွင် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေသော မိစ္ဆာသားရဲတစ်ကောင် ရှိနေလေသည်။

၎င်း၏ အကြေးခွံများပေါ်တွင် မှော်ပညာရှင်၏ စွမ်းအားဖြင့် ပြုပြင်ဖန်တီးထားသော ထူးဆန်းသည့် မျဉ်းကြောင်းများ ရှိနေသည်။

ထိုမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှပြီး မီးတောင်၏ အတွင်းပိုင်းတစ်ခုလုံးနီးပါး ပြည့်နှက်နေပေသည်။

မိစ္ဆာသားရဲ၏ ခေါင်း၊ လည်ပင်းနှင့် ကျောပြင်တို့မှာ အပြင်သို့ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်နှင့် ခြေလက်များမှာမူ ရေပူစမ်းတွင် စိမ်နေသကဲ့သို့ ချော်ရည်ပူများထဲ၌ နှစ်ဝင်နေလေသည်။

ထိုမိစ္ဆာသားရဲသည် မျက်လုံးများ မှိတ်ကာ အသက်ပြင်းပြင်း ရှူနေပြီး ရွှီနင် ချဉ်းကပ်လာသည်ကို သတိမထားမိချေ။

‘ဒီမိစ္ဆာသားရဲက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာပဲ ဖြစ်ရမယ်... စောစောက ညည်းတွားသံက အိပ်မက်ယောင်ပြီး အော်တဲ့အသံ ဖြစ်လောက်တယ်...’

ထိုမိစ္ဆာသားရဲထံမှ ကြီးမားလှသော ဖိအားတစ်ခု ဖြာထွက်နေသည်ကို ရွှီနင် ခံစားလိုက်ရသည်။

‘ဒီမိစ္ဆာသားရဲရဲ့ ခွန်အားက အဆင့်ကိုး အစောပိုင်းအဆင့်လောက်နဲ့ ညီမျှလောက်တယ်။ အခုတော့ ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး...’

ရွှီနင်သည် ဂရုတစိုက် လေ့လာကြည့်လိုက်သည်။

‘သူသာ အိပ်မောကျမနေဘူးဆိုရင် ငါ့ကို သတိထားမိပြီး ငါ့ကိုယ်ပွားကို အမှုန့်ချေပစ်လောက်တယ်...’

‘ဒီလောက်အဆင့်ရှိတဲ့ မိစ္ဆာသားရဲမျိုးကို ဖန်တီးနိုင်တဲ့သူတွေက ဒီမျှော်စင်ကြီးကို တည်ဆောက်ခဲ့တဲ့ အဆင့်တစ်ဆယ် မှော်ပညာရှင် သုံးယောက်ပဲ ဖြစ်ရမယ်...’

ရွှီနင် ခန့်မှန်းလိုက်မိလေသည်။

‘ဟင်’

ရွှီနင်သည် မိစ္ဆာသားရဲထံမှ အကြည့်လွှဲလိုက်ချိန်တွင် မီးတောင်၏ အတွင်းဘက်နံရံ၌ အညိုရောင်ပုံဆောင်ခဲများ သိပ်သည်းစွာ မြုပ်နှံထားသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

ထိုပုံဆောင်ခဲများသည် နံရံနှင့် အရောင်တူညီနေပေရာ သေချာဂရုတစိုက် မကြည့်ပါက သတိမထားမိနိုင်ပေ။

‘ဒါတွေက... ကျောက်ဆောင်မီးလျှံပုံဆောင်ခဲတွေပါလား’

ရွှီနင်သည် ထိုအညိုရောင်ပုံဆောင်ခဲများကို အလျင်အမြန်ပင် မှတ်မိသွားသည်။

ကျောက်ဆောင်မီးလျှံပုံဆောင်ခဲများသည် အလွန်တန်ဖိုးကြီးမားသော မှော်ပညာအရင်းအမြစ်များ ဖြစ်ကြသည်။

ရွှီနင် အထီးကျန်လေပြင်းဒေသ၌ ရှိနေစဉ်က ရေခဲငှက်မွေးကျောင်းတော်မှ သူ့အား ကျောက်ဆောင်မီးလျှံပုံဆောင်ခဲတစ်ခု ပေးဖူးလေသည်။

‘ဒီလောက်များတဲ့ မီးလျှံပုံဆောင်ခဲတွေကိုသာ စုပ်ယူလိုက်ရရင် ငါ အနည်းဆုံး စွမ်းအင်ယူနစ် သုံးသန်းထက်တော့ ရနိုင်မှာပဲ...’

ရွှီနင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

မျှော်စင်ထဲသို့ ဝင်ဝင်ချင်းပင် ဤမျှများပြားသော အရင်းအမြစ်များကို တွေ့ရှိရခြင်းမှာ လုံးဝကို မထင်မှတ်ထားသော ကိစ္စဖြစ်ပေသည်။

သို့သော် ထိုမီးလျှံပုံဆောင်ခဲများကို ရယူရန်မှာ မလွယ်ကူလှချေ။

အကယ်၍ သူသာ မီးတောင်ထဲဆင်း၍ အတွင်းနံရံကိုမှီကာ ထိုမီးလျှံပုံဆောင်ခဲများကို ခွာယူမည်ဆိုပါက ချော်ရည်ထဲရှိ မိစ္ဆာသားရဲအား နှိုးသွားမိပေလိမ့်မည်။

ထိုသို့သာဖြစ်သွားပါက သေချာပေါက် အလွန်အန္တရာယ်များလှပေသည်။

‘ငါ ထွက်ပေါက်တစ်ခုကို အရင်ဆုံး စဉ်းစားထားမှ ဖြစ်မယ်...’

ရွှီနင် စဉ်းစားလိုက်သည်။

‘ဒီသီးသန့်နေရာရဲ့ တည်နေရာရွှေ့ပြောင်းရေးတံခါးကို အရင်ရှာထားတာ အကောင်းဆုံးပဲ။ ဒါမှ မိစ္ဆာသားရဲကို သတိပေးမိသလို ဖြစ်သွားရင်တောင် တခြားသီးသန့်နေရာတစ်ခုကို ပြောင်းရွှေ့ပြီး အန္တရာယ်ကနေ လွတ်မြောက်နိုင်မှာ...’

ထိုသို့ တွေးတောပြီးနောက် ရွှီနင်သည် မီးတောင်အနီးမှ ဖြည်းညင်းစွာ ခွာကာ တည်နေရာရွှေ့ပြောင်းရေးတံခါးကို သွားရောက်ရှာဖွေလေတော့သည်။

ရွှီနင်သည် မီးတောင်ငယ်တစ်ခု၏ တောင်ခြေ၌ ရှိနေသော တည်နေရာရွှေ့ပြောင်းရေးတံခါးကို ရှာတွေ့ရန် နှစ်နာရီခန့် အချိန်ယူခဲ့ရသည်။

နောက်ဆုတ်ရန် လမ်းကြောင်းရှိသွားသဖြင့် ရွှီနင် စိတ်သက်သာရာ ရသွားတော့သည်။

ထို့နောက် သူသည် အမြင့်ဆုံးမီးတောင်ဆီသို့ ပြန်သွားပြီး မီးတောင်ထိပ်ဝမှနေ၍ အောက်သို့ဆင်းကာ အတွင်းနံရံကိုမှီလျက် မီးလျှံပုံဆောင်ခဲများကို ခွာယူရန် ပြင်ဆင်လိုက်သည်။

‘ဒီအတိုင်း တိုက်ရိုက်ပဲ စုပ်ယူလိုက်တာ ကောင်းမယ်...’

ရွှီနင်သည် ကျောက်ဆောင်မီးလျှံပုံဆောင်ခဲများကို ဦးစွာ ခွာယူချင်ခဲ့သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် တိုက်ရိုက်စုပ်ယူလိုက်ခြင်းက ပို၍မြန်ဆန်ကြောင်း သိလိုက်သည်။

ရွှီနင်၏ လက်ချောင်းသည် လက်ဝါးအရွယ်အစားရှိသော မီးလျှံပုံဆောင်ခဲတစ်ခုကို ထိတွေ့လိုက်လေသည်။

––

စွမ်းအင်ယူနစ် ၅၁၀၀ ကို ရှာတွေ့သည်၊ စုပ်ယူမည်လား။

လုပ်မည်/မလုပ်ပါ

––

‘လုပ်မည်’

ရွှီနင်သည် ကျောက်ဆောင်မီးလျှံပုံဆောင်ခဲထဲမှ စွမ်းအင်များကို စုပ်ယူလိုက်လေသည်။

ရွှီနင် စွမ်းအင်စုပ်ယူပြီးသွားသောအခါ မီးလျှံပုံဆောင်ခဲသည် အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ဆူပွက်နေသော ချော်ရည်ပူများထဲသို့ ကျဆင်းသွားတော့သည်။

ရွှီနင်သည် ယခင်လုပ်ရပ်အတိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်ကာ မီးလျှံပုံဆောင်ခဲများကို စုပ်ယူလေသည်။

ရွှီနင်သည် မိစ္ဆာသားရဲ ရုတ်တရက် နိုးလာပြီး တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မိစ္ဆာသားရဲကို စိုက်ကြည့်ကာ စွမ်းအင်များကို စုပ်ယူနေခြင်း ဖြစ်သည်။

အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားလေသည်။ မီးတောင်နံရံ၌ မြုပ်နှံထားသော မီးလျှံပုံဆောင်ခဲ အများစုကို ရွှီနင် စုပ်ယူပြီးသွားခဲ့ချေပြီ။

မိစ္ဆာသားရဲ၏ ခေါင်းပေါ်ရှိ မီးလျှံပုံဆောင်ခဲများကိုသာ စုပ်ယူရန် ကျန်ရှိတော့သည်။

‘ငါ စွန့်စားပြီး မိစ္ဆာသားရဲရဲ့ ခေါင်းပေါ်က မီးလျှံပုံဆောင်ခဲတွေကို စုပ်ယူလိုက်ရမလား’

ရွှီနင်သည် အခြေအနေများကို ချိန်ဆနေဆဲပင်။

အကယ်၍ စွန့်စားပြီး စုပ်ယူမည်ဆိုပါက ဤမိစ္ဆာကောင်ကို နှိုးလိုက်သလို ဖြစ်သွားနိုင်ချေ အလွန်များလေသည်။

တည်နေရာရွှေ့ပြောင်းရေးတံခါးကို ရှာတွေ့ထားသော်လည်း ထိုတံခါးဆီသို့ ဘေးကင်းစွာ ထွက်ပြေးနိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်မှု မရှိသေးပေ။

သို့သော် ဤအတိုင်း လက်လျှော့လိုက်ရမည်ဆိုပါကလည်း ရွှီနင် အလွန်နှမြောနေမိလိမ့်မည်။

မိစ္ဆာသားရဲ၏ ခေါင်းအထက်ရှိ ဧရိယာတွင် မြုပ်နှံထားသော မီးလျှံပုံဆောင်ခဲများ၏ အရည်အသွေးမှာ ပိုမိုမြင့်မားနေကြောင်း သိသာလှပေသည်။

၎င်းတို့ထဲတွင် ပါဝင်သော စွမ်းအင်များမှာ အလွန်ပေါကြွယ်ဝနေပေလိမ့်မည်။

‘ဒီမီးလျှံပုံဆောင်ခဲတွေကို မစုပ်ယူခင်က အားလုံးကို စုပ်ယူပြီးရင် စွမ်းအင်ယူနစ် သုံးသန်းလောက် ရမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခု ငါ စွမ်းအင်ယူနစ် သုံးသန်းခွဲလောက်ကို စုပ်ယူပြီးသွားပြီ... တကယ်လို့ မိစ္ဆာသားရဲရဲ့ ခေါင်းပေါ်က ထိပ်တန်းအရည်အသွေးရှိတဲ့ မီးလျှံပုံဆောင်ခဲတွေကိုပါ စုပ်ယူလိုက်မယ်ဆိုရင် ဒီတစ်ခေါက် ငါရမယ့် စုစုပေါင်း စွမ်းအင်က ယူနစ် ငါးသန်းတောင် ကျော်သွားလောက်တယ်’

ရွှီနင်သည် ခေတ္တမျှ တွေဝေသွားပြီးနောက် နောက်ဆုံးတွင် အန္တရာယ်ကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

သူသည် အဆင့်ခုနစ် မှော်ပညာရှင်တစ်ယောက်ဖြစ်ရာ မိစ္ဆာသားရဲကို နှိုးမိသွားလျှင်ပင် တည်နေရာရွှေ့ပြောင်းရေးတံခါးဆီသို့ ပြေးနိုင်မည်ဟု ရာနှုန်းပြည့် မသေချာသော်လည်း သိပ်တော့ ခက်ခဲမည် မဟုတ်ပေ။

ဆုံးဖြတ်ချက် ချပြီးနောက် ရွှီနင်သည် မိစ္ဆာသားရဲ၏ အထက်ဘက်ဆီသို့ ညင်သာစွာ တက်သွားလိုက်သည်။

ယခင်အတိုင်းပင် သူသည် အရည်အသွေးမြင့် မီးလျှံပုံဆောင်ခဲများကို စတင်စုပ်ယူလေတော့သည်။

‘အရည်အသွေးမြင့် ကျောက်ဆောင်မီးလျှံပုံဆောင်ခဲဆိုတဲ့အတိုင်းပဲ၊ သူ့ထဲမှာပါတဲ့ စွမ်းအင်က အရင်ကျောက်ဆောင်မီးလျှံပုံဆောင်ခဲတွေထက် ငါးဆကနေ ဆယ်ဆလောက်အထိ ပိုများနေတာပဲ’

ရွှီနင်သည် စွမ်းအင်များကို အလျင်အမြန် စုပ်ယူလိုက်သည်။ သူ၏ လက်ကျန်စွမ်းအင်ယူနစ်မှာ ဆယ်သန်းအထိ ရောက်ရှိလုနီးပါး ဖြစ်လာလေပြီ။

နောက်ဆုံးတွင် မီးလျှံပုံဆောင်ခဲ ငါးခု ခြောက်ခုခန့်သာ ကျန်ရှိတော့သည်။

သို့သော် ရွှီနင် ဆက်လက်စုပ်ယူရန် ပြင်လိုက်ချိန်တွင် မိစ္ဆာသားရဲ၏ အသက်ရှူသံ ရပ်တန့်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

သူ မသိစိတ်အရ အောက်သို့ ငုံ့ကြည့်လိုက်ရာ အိပ်မောကျနေသော မိစ္ဆာသားရဲကြီး၏ မျက်လုံးများမှာ ပွင့်နေသည်ကို မြင်လိုက်ရသည်။

အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေလေသည်။

‘ဒုက္ခပဲ... ငါ့ကို တွေ့သွားပြီ’

ရွှီနင်သည် အလျင်အမြန်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ ကျန်ရှိနေသော ကျောက်ဆောင်မီးလျှံပုံဆောင်ခဲများကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် ခွန်အားအပြည့် ထုတ်ဖော်ကာ မီးတောင်ထဲမှ ခုန်ထွက်လိုက်လေတော့သည်။

ရွှီနင်၏ အနောက်ဘက်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ချော်ရည်ပူများသည် ကျယ်လောင်သော ဟိန်းထွက်သံနှင့်အတူ ပန်းထွက်လာတော့သည်။

‘ပြေး’

ရွှီနင်သည် တည်နေရာရွှေ့ပြောင်းရေးတံခါးဆီသို့ သုတ်ခြေတင် ပြေးလေတော့သည်။

သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းအမြှေးပါးတစ်ခု ဖွဲ့စည်းပေါ်ပေါက်လာပြီး သူ့ကို အပြည့်အဝ ကာကွယ်ပေးထားလေသည်။

ဤသည်မှာ အဆင့်ခုနစ်နှင့်အထက် မှော်ပညာရှင်များသာ ဖန်တီးနိုင်သော မှော်ပိုင်နက်နယ်ပယ်တစ်ခု ဖြစ်ပေသည်။

ဤမှော်ပိုင်နက်နယ်ပယ်ကို မှော်ပညာရှင်၏ မှော်အတတ်ပညာများအားလုံးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သိုင်းလောကရှိ အစစ်အမှန်ပိုင်နက်နယ်ပယ်နှင့် ဆင်တူလေသည်။

သို့သော် မှော်ပိုင်နက်နယ်ပယ်၏ စွမ်းအားက သိသိသာသာ ပို၍ကြီးမားပေသည်။

မည်သို့ပင်ဖြစ်စေ အစစ်အမှန်ပိုင်နက်နယ်ပယ်ဆိုသည်မှာ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်တစ်ခုသာ ဖြစ်သည်မဟုတ်လော။

ရွှီနင်သည် ရူးသွပ်မတတ် ပြေးလွှားနေသည်။

သူ၏ အနောက်ဘက်တွင်မူ မိစ္ဆာသားရဲကြီးသည် မီးတောင်ထဲမှ ခုန်ထွက်လာခဲ့ပြီးနောက် ရွှီနင်၏ အနောက်သို့ ဒေါသတကြီး လိုက်ပါလာလေတော့သည်။

အခန်း (၃၅၆) - အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခြင်း

ဘုန်း... ဘုန်း... ဘုန်း...

မိစ္ဆာသားရဲကြီးသည် ရွှီနင်နောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးရင်း မီးလုံးများစွာကို ပစ်လွှတ်လိုက်သည်။

ရွှီနင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ထိုမီးလုံးများအားလုံးကို ရှောင်တိမ်းလိုက်လေသည်။

“ဟင်...”

အသက်လု ထွက်ပြေးနေရင်းမှ ရွှီနင် အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

မိစ္ဆာသားရဲကြီး၏ လည်ပင်းအောက်တွင် ငွေရောင်တောက်ပနေသော အစက်အပြောက်လေးတစ်ခုကို သူ ရုတ်တရက် သတိပြုမိသွားသည်။

‘အဲဒါက... လျှို့ဝှက်အပိုင်းအစပဲ’

ရွှီနင် ချက်ချင်းပင် မှတ်မိသွားလေသည်။

‘အဲဒါကို လုယူဖို့ နည်းလမ်းတစ်ခုခုများ ရှိမလားမသိဘူး’

ရွှီနင် ပြေးနေရင်း တွေးလိုက်မိသည်။

ထိုအချိန်တွင် ရွှီနင်နှင့် မိစ္ဆာသားရဲကြီးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာချေပြီ။

သို့သော် ရွှီနင်သည်လည်း တည်နေရာရွှေ့ပြောင်းရေးတံခါးထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေပေသည်။

ဘုန်း... ဘုန်း... ဘုန်း...

မိစ္ဆာသားရဲကြီးသည် ချော်ရည်မီးလုံးများကို ဆက်လက် ပစ်လွှတ်နေဆဲပင်။

ကျောက်ဆောင်များနှင့် မြေပြင်များ ပေါက်ကွဲသွားပြီးနောက် ကျောက်စကျောက်နများမှာ ရွှီနင်အနီးသို့ လွင့်စင်လာသော်လည်း ရွှီနင်၏ ခန္ဓာကိုယ်ပတ်လည်ရှိ မှော်ပိုင်နက်နယ်ပယ် အလင်းလွှာက ကာကွယ်ပေးထားလေသည်။

‘တည်နေရာရွှေ့ပြောင်းရေးတံခါးက ငါ့ရှေ့တည့်တည့်မှာပဲ’

ရွှီနင်၏ရှေ့ မီတာအနည်းငယ်အကွာတွင် လူတစ်ရပ်စာခန့်မြင့်သော ပုံပန်းပျက်ယွင်းနေသည့် စက်ဝန်းတစ်ခု ရှိနေလေသည်။

ထိုစက်ဝန်းထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရွှီနင်သည် ဤသီးခြားနေရာလွတ်မှထွက်ခွာကာ အခြားသော နေရာလွတ်တစ်ခုဆီသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဝေါင်း...

ထိုအခိုက်အတန့်တွင် ရွှီနင်၏အနောက်ဘက်ရှိ မိစ္ဆာသားရဲကြီးမှာ မကျေမနပ်ဟန်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

၎င်းသည် ရွှီနင်နှင့် မီတာရာချီ ကွာဝေးနေဆဲဖြစ်ရာ ရွှီနင်ကို အမီလိုက်နိုင်စွမ်း မရှိတော့ချေ။

သို့သော် ၎င်းက ကောင်းကင်ယံသို့ မော့ကာ ဆက်လက်ဟိန်းဟောက်နေစဉ် ရွှီနင်၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

‘အခွင့်ကောင်းပဲ’

ရွှီနင်သည် တည်နေရာရွှေ့ပြောင်းရေးတံခါးဆီသို့ ဆက်လက်ပြေးမသွားတော့ဘဲ သူ၏အမြန်နှုန်းကို မြှင့်တင်ရန် မှော်ပိုင်နက်နယ်ပယ်ကို အစွမ်းကုန် ဖွင့်လှစ်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီနင်သည် မီတာရာချီ အကွာအဝေးကို ဖြတ်ကျော်သွားခဲ့လေသညါ။

ဖျတ်...

ရွှီနင်သည် မိစ္ဆာသားရဲကြီး၏ အကြေးခွံပေါ်ရှိ လျှို့ဝှက်အပိုင်းအစကို လှမ်းဆွဲယူလိုက်ပြီးနောက် တည်နေရာရွှေ့ပြောင်းရေးတံခါးဆီသို့ အပြေးအလွှား ပြန်လှည့်သွားတော့သည်။

မိစ္ဆာသားရဲကြီးမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ၎င်း၏ မျက်လုံးများထဲ၌ ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားလေသည်။

ရွှီနင်မှာ နောက်ပြန်လှည့်လာပြီး သူ့အား အရူးလုပ်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

ယခုတစ်ကြိမ်တွင်မူ မိစ္ဆာသားရဲကြီး၏ ပါးစပ်ထဲမှ များပြားလှသော ချော်ရည်မီးလုံးများ ပန်းထွက်လာပြီး ရွှီနင်၏ လမ်းကြောင်းတစ်ခုလုံးကို ဗြောက်အိုးဖောက်လိုက်သကဲ့သို့ ဖုံးလွှမ်းသွားလေတော့သည်။

ရွှီနင်သည် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို အမြင့်ဆုံးအထိ ဖွင့်လှစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းလွှာသည် ချော်ရည်မီးလုံးများ၏ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနေရလေသည်။

“ဖူး...”

ပြင်းထန်လှသော ရိုက်ခတ်မှုများကြောင့် ရွှီနင်မှာ သွေးအန်မိသွားလေသည်။

ကံကောင်းစွာဖြင့် ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်သည် ပျက်စီးမသွားသေးပေ။

ရွှီး...

နောက်ဆုံးတွင် ရွှီနင်သည် ချော်ရည်မီးလုံးများ၏ ရိုက်ခတ်မှုကို ကာကွယ်နိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ တည်နေရာရွှေ့ပြောင်းရေးတံခါးအား ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ခဲ့ချေပြီ။

ထို့နောက် ရွှီနင်သည် လည်ထွက်လုမတတ် ခံစားချက်ကို ခံစားလိုက်ရသည်။

သူ ပြန်လည်ပေါ်လာချိန်တွင် အဆုံးအစမရှိသော မြက်ခင်းစိမ်းများနှင့် ကျယ်ပြောလှသော ကောင်းကင်ပြာကြီးက သူ့ကို ဝန်းရံထားလေသည်။

မည်းမှောင်သော တိမ်တိုက်များနှင့် ထူထပ်သော မီးခိုးငွေ့များ ပြည့်နှက်နေခဲ့သည့် ယခင် သီးခြားနေရာလွတ်နှင့် နှိုင်းယှဉ်ပါက လက်ရှိပတ်ဝန်းကျင်မှာ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။

လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရသဖြင့် ရွှီနင် လန်းဆန်းသွားလေသည်။

‘တော်သေးတာပေါ့... လောလောဆယ်တော့ ငါ ဘေးကင်းသွားပြီ...’

ရွှီနင်သည် လက်ရှိပတ်ဝန်းကျင်မှ မည်သည့် အန္တရာယ်ကိုမျှ မခံစားရပေ။

သူ အတော်လေး ကံကောင်းသွားသည်။ ရွှီနင်မှာ ဒဏ်ရာရထားပြီး ဖြစ်သည်။

အကယ်၍ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တစ်ခုသို့ ထပ်မံရောက်ရှိသွားပါက သူ သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။

‘ငါ့ဒဏ်ရာတွေကို အရင်ကုသမှပဲ...’

ရွှီနင်သည် သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ကုသရေး မှော်ဆေးဝါးတစ်လုံးကို ထုတ်ယူကာ မြိုချလိုက်သည်။

မှော်ပညာရှင်လောကရှိ ဟင်းလင်းပြင်လက်စွပ်သည် သိုင်းလောကရှိ သိုလှောင်ရေးလက်စွပ်နှင့် အတူတူပင် ဖြစ်သည်။ ထိုနှစ်ခုကြားတွင် ကြီးမားသော ကွာခြားချက် မရှိလှပေ။

သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မှော်ပညာရှင်လောက၌ ဟင်းလင်းပြင်လက်စွပ်များသည် ပို၍ တန်ဖိုးကြီးမားလှပေသည်။

အထီးကျန်လေပြင်းဒေသတွင် ရှိနေစဉ်က ရွှီနင်သည် ဟင်းလင်းပြင်လက်စွပ်ကို မရရှိခဲ့ပေ။

မှော်ပညာရှင်မြို့တော်၌ ကောင်းမိသားစု၏ ခေါ်ယူခြင်းကို ခံရချိန်မှသာ လက်စွပ်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ရွှီနင်သည် မလှုပ်မရှားဘဲ မူလနေရာ၌ပင် ဆက်နေလိုက်သည်။

အကယ်၍ သူ၏ လက်ရှိဒဏ်ရာများနှင့်သာ ဤသီးခြားနေရာလွတ်ထဲ၌ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက အခြေအနေမှာ အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။

‘ဒီလျှို့ဝှက်အပိုင်းအစက ဘာများပါလိမ့်...’

ဒဏ်ရာများ သက်သာလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ရွှီနင်သည် လက်ထဲရှိ ငွေရောင်အရာဝတ္ထုလေးကို စစ်ဆေးကြည့်လိုက်သည်။

၎င်းကို လျှို့ဝှက်အပိုင်းအစဟု ခေါ်သော်လည်း တကယ်တမ်းတွင်မူ ပုံပန်းသဏ္ဌာန် မကျသော သတ္တုစတစ်ခုသာ ဖြစ်နေ၏။

ရွှီနင်က မှော်စွမ်းအင်များကို ထိုအထဲသို့ စီးဆင်းစေလိုက်သောအခါ ဝိုးတဝါး ခံစားချက်တစ်ခု ထွက်ပေါ်လာလေသည်။

‘ဒီခံစားချက်က... သိုင်းလောကမှာ ငါ တာအိုနယ်ပယ် အဆင့်ကိုးကို တက်လှမ်းပြီး ပြင်ပကမ္ဘာတွေကို အာရုံခံနိုင်ခဲ့တုန်းက ခံစားချက်နဲ့ နည်းနည်းဆင်နေပါလား...’

ရွှီနင် နားလည်သွားလေပြီ။

‘သေချာတယ်... ဒီလျှို့ဝှက်အပိုင်းအစက တကယ်တော့ ပြင်ပကမ္ဘာတွေရဲ့ တည်နေရာမှတ်တိုင်တွေပဲ’

‘ဘာလို့မှန်း မသိပေမဲ့ အဆင့်တစ်ဆယ် မှော်ပညာရှင်သုံးယောက် ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ မှော်ပညာရှင်လောကက အဆင့်ကိုး မှော်ပညာရှင်တွေက ပြင်ပကမ္ဘာတွေရဲ့ တည်နေရာမှတ်တိုင်တွေကို အာရုံမခံနိုင်တော့ဘဲ အဆင့်တစ်ဆယ်ကို တက်လှမ်းဖို့ နည်းလမ်းမရှာတွေ့နိုင်တော့တာ ဖြစ်ရမယ်’

ရွှီနင် စိတ်ထဲမှ ခန့်မှန်းတွေးတောနေမိသည်။

သို့သော် ရွှီနင်သည် ဤခန့်မှန်းချက်ကို သေချာရေရာခြင်း မရှိသေးပေ။ အဆင့်ကိုးသို့ တက်လှမ်းနိုင်သည့်အခါမှသာ အဖြေမှန်ကို သူ သိနိုင်ပေလိမ့်မည်။

ရွှီနင်သည် ထိုပြဿနာကို ဆက်လက်တွေးတောပူပန်မနေတော့ဘဲ လျှို့ဝှက်အပိုင်းအစကို သိမ်းဆည်းလိုက်လေသည်။

ပြင်ပကမ္ဘာသို့ ယူဆောင်သွားပြီးနောက် ၎င်းကို ကောင်းမိသားစုထံ ပေးအပ်ကာ အရင်းအမြစ်များနှင့် လဲလှယ်နိုင်ပေသည်။

ရွှီနင်သည် နာရီအနည်းငယ်ခန့် အနားယူလိုက်သည်။ မှော်ဆေးဝါး၏ အကူအညီကြောင့် သူ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ချေပြီ။

ဤသည်မှာ ရွှီနင် အဆင့်ခုနစ်သို့ တက်လှမ်းပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပိုမိုတိုးတက်လာသောကြောင့် ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ သာမန်ခန္ဓာကိုယ်သာ ရှိနေသေးပါက ရွှီနင်၏ ကိုယ်ပွားသည် ချော်ရည်မီးလုံးများကြောင့် တစ်စစီ ကြေမွသွားနိုင်ပေသည်။

‘နောက်တစ်ဆင့်အနေနဲ့ ဒီနေရာလွတ်ထဲက အရင်းအမြစ်တွေကို ရှာဖွေပြီး အန္တရာယ်ရှိမရှိ အကဲခတ်ရမယ်... တစ်ချိန်တည်းမှာပဲ တည်နေရာရွှေ့ပြောင်းရေးတံခါးက ဘယ်နားမှာရှိလဲဆိုတာ သေချာအောင် လုပ်ရမယ်’

ရွှီနင်သည် ဤနေရာလွတ်ကို စတင်စူးစမ်းလေ့လာတော့သည်။

နေ့တစ်ဝက်ခန့် စူးစမ်းလေ့လာပြီးနောက်တွင် ရွှီနင်သည် ဤသီးခြားနေရာလွတ်၏ အခြေအနေကို နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေသည်။

နေရာအနှံ့တွင် ပေါင်းပင်များ ရှိနေပြီး ကောင်းကင်ကြီးမှာ မြင့်မားကာ ပတ်ဝန်းကျင်ကလည်း သက်တောင့်သက်သာ ရှိလှသည်။

သို့သော် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသဖြင့် အရင်းအမြစ်များမှာမူ ရှားပါးလှပေသည်။

‘ဒီမှာ ခဏလောက် ထပ်နေကြည့်ဦးမယ်... ဘာမှ မတွေ့ရင်တော့ နောက်ထပ် သီးခြားနေရာလွတ်တစ်ခုဆီကို သွားတော့မယ်...’

ဤမျှော်စင်ကြီးထဲတွင် သီးခြားနေရာလွတ်များစွာ ရှိနေပြီး ကွဲပြားသော သီးခြားနေရာလွတ် ၁,၀၀၀ ကျော် ရှိနိုင်ခြေများလေသည်။

ထိုသို့မဟုတ်ပါက ရွှီနင်သည် သီးခြားနေရာလွတ် နှစ်ခုကို ဖြတ်သန်းခဲ့ပြီးသော်လည်း သူမှလွဲ၍ အခြားမည်သူ့ကိုမျှ မတွေ့ရခြင်းမျိုး ဖြစ်မည်မဟုတ်ပေ။

‘တကယ့်ကမ္ဘာနဲ့ ဆင်တူတဲ့ မတူညီတဲ့ ပတ်ဝန်းကျင် တစ်ထောင်ကျော်ပါဝင်တဲ့ သီးခြားနေရာလွတ်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ အရမ်းခက်ခဲမှာ သေချာတယ်... အဆင့်တစ်ဆယ် မှော်ပညာရှင်တစ်ယောက်ကလွဲပြီး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး...’

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။

မျှော်စင်ကြီးမှာ သုံးလခန့် ပွင့်နေမည် ဖြစ်သည်။ မျှော်စင်ကြီး ပွင့်နေမည့် စုစုပေါင်း အချိန်ကာလ၏ ငါးပုံတစ်ပုံမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

လွန်ခဲ့သော လဝက်အတွင်း ရွှီနင်သည် တည်နေရာရွှေ့ပြောင်းရေးတံခါးများစွာကို ဖြတ်သန်းခဲ့ပြီး ကွဲပြားသော သီးခြားနေရာလွတ်များထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုကာလအတွင်း နေရာရွှေ့ပြောင်းမှု အကြိမ်အနည်းငယ် ပြုလုပ်အပြီးတွင် ရွှီနင်သည် အခြားသော မှော်ပညာရှင်များနှင့် နောက်ဆုံး၌ ကြုံတွေ့ခဲ့ရလေသည်။

သို့သော် အခြားမှော်ပညာရှင်များကို တွေ့ရှိခဲ့သော်လည်း ရွှီနင်က သူတို့အနီးသို့ မချဉ်းကပ်ခဲ့ပေ။ သူသည် တစ်ကိုယ်တည်း ဆက်လက်လှုပ်ရှားနေခဲ့သည်။

ရွှီနင်သည် မတူညီသော သီးခြားနေရာလွတ်များ၌ အန္တရာယ်အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ရလဒ်အနေဖြင့် အရင်းအမြစ်များစွာကိုလည်း ရရှိခဲ့ပေသည်။

ရွှီနင်၏ စွမ်းအင်သိုလှောင်မှုမှာ ယူနစ် ၂၃ သန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ထပ် စွမ်းအင်ယူနစ် ၂ သန်း ရရှိသည်နှင့် သူသည် အဆင့်ရှစ်သို့ တက်လှမ်းနိုင်ပြီ ဖြစ်ပေသည်။

ထို့အပြင် ရွှီနင်သည် လျှို့ဝှက်အပိုင်းအစအချို့ကိုလည်း ရရှိခဲ့သည်။

ထိုလျှို့ဝှက်အပိုင်းအစများမှာ အရွယ်အစားအမျိုးမျိုးရှိပြီး စုပေါင်းလိုက်မည်ဆိုပါက ကြီးမားသော အမြတ်အစွန်းကြီးတစ်ခုဟု ဆိုနိုင်လေသည်။

ယနေ့တွင် ရွှီနင်သည် တည်နေရာရွှေ့ပြောင်းရေးတံခါးကို ထပ်မံဖြတ်သန်းလိုက်ပြီး သီးခြားနေရာလွတ် အသစ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့လေတော့သည်။

All Chapters