← Chapters

အခန်း (၁၁၈၃-၁၁၈၄)

Vol. 102 Ch. 1183-1184

အခန်း (၁၁၈၃-၁၁၈၄)

Vol. 102 Ch. 1183-1184

အခန်း ၁၁၈၃

“ရစ်စကီ မင်း မအေဘေး... မင်း ဘယ်လိုတောင် ငါတို့ကို ပစ်ပြီး ထွက်ပြေးရဲတာလဲ။”

“အား ကယ်ကြပါဦး...။ မင်းနဲ့အတူ အပြင်ထွက်မလာခဲ့သင့်ဘူးဆိုတာ ငါသိသားပဲ။ အန္တရာယ်ကြုံရင် မင်းက အရင်ဆုံး ထွက်ပြေးတဲ့ကောင်ပဲ။”

“လခွမ်းပဲ...ငါသာ အသက်ရှင်သွားလို့ကတော့ ငါ့ကျွန်းကနေ အပြင်ကို ဘယ်တော့မှ ခြေဦးတောင် မလှည့်ဘူးကွ။”

ထိုအချိန်တွင် မလှမ်းမကမ်းရှိ ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ထိုလူများ ကွင်းပြင်တစ်ခုလုံးရှိ မသေမျိုးပိုးကောင်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်ကို အေးစက်စက် အကြည့်များဖြင့် စောင့်ကြည့်နေကြသည်။

“ငါတို့မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေကို သုံးပြီးတော့မှ ငါတို့မဟာမိတ်အဖွဲ့ကို ချုံခိုတိုက်ခိုက်ရဲသေးတယ်။ သေတာ နည်းတောင်နည်းသေးတယ်။”

“ငါတို့မဟာမိတ်အဖွဲ့မှာ အသေးစား ကင်းထောက်ဒရုန်းတွေသာ အလုံအလောက်မရှိရင် ခုနကတင် ငါတို့လူတွေ တော်တော်များများ သူတို့ပစ်ချတာ ခံလိုက်ရလောက်ပြီ။”

“မှန်တယ်။ ဒီလိုလူစားမျိုးတွေ အားလုံး သေသင့်တယ်။”

ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သားများမှာ အချင်းချင်း တီးတိုးပြောဆိုနေကြ၏။

ထိုမသေမျိုးပိုးကောင်များသည် အလွန်တရာ လျင်မြန်ဖြတ်လတ်သဖြင့် ရစ်စကီနှင့် သူ့လူများမှာ လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

သူ့အနောက်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများ ဆက်တိုက်ထွက်ပေါ်လာသောအခါ ရစ်စကီတစ်ယောက် ဆက်လက်အောင့်အီးမထားနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။

“ကယ်ကြပါဦး...ယီရန်ပင်း မဟာမိတ်အဖွဲ့က ညီအစ်ကိုတို့ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါဦး။”

အသက်ရှင်ကျန်ရစ်သေးသည့် အခြားအဖွဲ့ဝင်များကလည်း “ကယ်ကြပါဦး” ဟု လိုက်လံအော်ဟစ်ကြတော့သည်။

သို့သော်လည်း ပတ်ဝန်းကျင်ရှိ တပ်ဖွဲ့ဝင်များမှာမူ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ၎င်းတို့၏ ကတုတ်ကျင်းများရှေ့တွင် ပြောင်းစုံလှည့် ဆလင်ဒါပုံစံ လက်နက်များကိုသာ အေးအေးလူလူ တပ်ဆင်နေကြသည်။

“ဒါက... ဂတ်တလင်စက်သေနတ်လား။”

ရစ်စကီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကတုတ်ကျင်းပေါ်ရှိ လက်နက်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။

ထိုအစွမ်းထက်လှသော လက်နက်ကို မြင်လိုက်ရသောအခါ ရစ်စကီမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အော်ဟစ်တော့လေသည်။

“ငါ့ကို ကယ်ပါ...ငါ့ကို ကယ်ပါဦး။”

ဂတ်တလင်စက်သေနတ်သာ ပစ်ခတ်လိုက်လျှင် သူတို့ ကျိန်းသေပေါက် အသက်ရှင်နိုင်မည်ဖြစ်သည်။

သို့သော် ရစ်စကီ စိတ်ပျက်သွားရ၏။ ၎င်းတို့သည် ထိုဂတ်တလင်စက်သေနတ်များကို တပ်ဆင်ရုံသာ တပ်ဆင်ထားပြီး ပစ်ခတ်မည့် အရိပ်အယောင် လုံးဝမပြခြင်းပေ။

“ပစ်လေကွာ...ပြီးရင် ငါ့ကို ကယ်ကြဦး။”

ရစ်စကီသည် ယီရန်ပင်းအဖွဲ့မှ သူ့ကို လာရောက်ကယ်ဆယ်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဆက်တိုက်အော်ဟစ်နေ၏။

ယခုအခါ သူတို့သည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ကတုတ်ကျင်းများနှင့် မီတာ ၃၀၀ ပင် မပြည့်တော့သော အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဤတိုတောင်းလှသော မီတာ ၃၀၀ အကွာအဝေးမှာ ကျော်ဖြတ်နိုင်ခြင်းမရှိသည့် ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။

သူ့အနောက်ဘက်မှ အော်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ပိုးကောင်များ၏ အရိုးများကို တဂျွတ်ဂျွတ် ကိုက်ခဲဝါးမြိုနေသည့် အသံကိုပင် ရစ်စကီတစ်ယောက် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

“ကယ်ပါ...”

ရစ်စကီ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ထိုစဉ်...

“ဘုန်း...”

ပိုးကောင်တစ်ကောင်က သူ့ကို မြေပြင်ပေါ်သို့ ဆောင့်တွန်းချလိုက်ပြီး ဘေးနားရှိ ပိုးကောင်များကပါ အုန်းအုန်းကျက်ကျက်ဖြင့် အုပ်စုလိုက် ဝိုင်းအုံလာကြတော့သည်။ မကြာမီမှာပင် ရစ်စကီ၏ အော်သံလည်း ပျောက်ကွယ်သွားခဲ့တော့လေသည်။

ပိုးကောင်များသည် ရစ်စကီတို့အဖွဲ့ကို ရှင်းလင်းပြီးနောက် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်စည်းဆီသို့ ဆက်လက်၍ အရှိန်အဟုန်ဖြင့် စစ်ကြောင်းချီလာကြသည်။

“ကြည့်ရတာ ငါတို့ ရစ်စီကီတို့အဖွဲ့ကို ကျေးဇူးတင်ရတော့မယ် ထင်တယ်။”

ရှောင်းယီတစ်ယောက် သူ့ရှေ့မှ မြင်ကွင်းအားလုံးကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

အကယ်၍ သူတို့နောက်တွင် ရစ်စကီတို့အဖွဲ့သာ ရှိမနေခဲ့လျှင် ထိုမသေမျိုးပိုးကောင်များသည် မြေပြင်ပေါ်သို့ အလွယ်တကူ တွားတက်လာပြီး သူတို့၏ ခံစစ်စည်းအနီး‌၌ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့မည် ဖြစ်သည်။

ရစ်စကီတို့အဖွဲ့ ရှိနေခြင်းကြောင့်သာ ထိုပိုးကောင်များသည် ရစ်စကီတို့အဖွဲ့ကို ကိုင်တွယ်ရန်အတွက် သူတို့အနောက်ရှိ မြေအောက်ထဲမှ မဖြစ်မနေ ထွက်လာကြရခြင်း ဖြစ်သည်။

ယင်းက ရှောင်းယီတို့အဖွဲ့အတွက် ပြင်ဆင်ချိန် ပိုရစေခဲ့သည်။

ဤပြင်ဆင်ချိန်အားလုံးကို ရစ်စကီတို့အဖွဲ့က ယီရန်ပင်း မဟာမိတ်အဖွဲ့အတွက် အသက်ပေး၍ အချိန်ဆွဲပေးသွားခဲ့ခြင်း ဖြစ်ပေသည်။

ဘေးနားတွင် ရပ်နေသော ကင်းထောက်ကလည်း အလွန်တရာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“ပိုးသတ်ဆေးဖျန်းဖို့ ပြင်ဆင်ကြ။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့။”

မသေမျိုးပိုးကောင်စစ်တပ်သည် ခံစစ်စည်း၏ မီတာငါးဆယ်အတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“ဖျန်းတော့။”

“ဟုတ်ကဲ့။”

ရှေ့တန်းစစ်သည်များသည် ရောစပ်ထားသော ပိုးသတ်ဆေးများကို ရှေ့သို့ ချက်ချင်း စတင်ဖျန်းပက်ကြတော့သည်။

လေထုထဲတွင် ပြင်းထန်သော ပိုးသတ်ဆေးအနံ့များ ချက်ချင်း ပြည့်နှက်သွားပြီး စစ်သားအားလုံး နှာခေါင်းစည်းများ တပ်ဆင်လိုက်ကြရတော့သည်။

ပိုးသတ်ဆေးများ မသေမျိုးပိုးကောင်များပေါ်သို့ ကျရောက်သွားပြီးနောက် မူလက မကြောက်မရွံ့ ရှိလှသော ပိုးကောင်များမှာ ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားလာကြပြီး ရှေ့သို့ ဆက်တိုးမလာတော့ပေ။

အချို့မှာ ရူးသွပ်စွာဖြင့် ဟိုဟိုဒီဒီ လျှောက်ပြေးနေကြပြီး အချို့မှာမူ ထိုနေရာ၌ပင် လူးလှိမ့်နေကြသည်။

အလန့်တကြား ထွက်ပြေးနေကြသည့် မသေမျိုးပိုးကောင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ပိုးသတ်ဆေးများကို အခြားအဖော်များထံသို့ သယ်ဆောင်သွားကြရာမှတစ်ဆင့် အခြားပိုးကောင်များထံသို့ ဆက်တိုက် ကူးစက်ပြန့်ပွားသွားတော့သည်။

ပိုးသတ်ဆေးသည် မသေမျိုးပိုးကောင်အုပ်ကြီးထဲသို့ တောမီးပမာ လျင်မြန်စွာ ပြန့်နှက်သွားခဲ့၏။

ဤပိုးသတ်ဆေးမှာ ထိရုံဖြင့် အာနိသင်ပြသော ထိသေဆေး အမျိုးအစားဖြစ်ပြီး ပိုးကောင်၏ အပြင်ဘက်အခွံမာနှင့် ထိတွေ့ရုံဖြင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ အဆိပ်သင့်ကာ သေဆုံးစေခြင်း ဖြစ်သည်။

ပိုးသတ်ဆေးနှင့် စတင်ထိတွေ့ခဲ့သည့် မသေမျိုးပိုးကောင်များမှာ ရုန်းကန်လှုပ်ရှားခြင်း မရှိတော့ဘဲ ငြိမ်သက်သွားသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်မိသည်။

“လောင်ယွမ် ဖော်စပ်ထားတဲ့ ပိုးသတ်ဆေးက တကယ် အစွမ်းထက်တာပဲ။”

ယွမ်နွန်သည်လည်း ဤဆေးမှာ အဆိပ်အလွန်ပြင်းထန်ကြောင်းနှင့် အဆိပ်အတောက်နည်းသော ဆေးဝါးများမှာမူ မသေမျိုးပိုးကောင်များအပေါ် မည်သို့မျှ အာနိသင်မရှိကြောင်း ရှောင်းယီကို ပြောပြထားဖူးသည်။

ထိုစဉ်က ရှောင်းယီသည် အလွန်တရာ သိချင်စိတ်ပြင်းပြသွားပြီး ယွမ်နွန်အား မသေမျိုးဟု အမည်တွင်ထားသော ပိုးကောင်မျိုးစိတ်မှာ အဘယ်ကြောင့် အဆိပ်သင့်ပြီး သေဆုံးနိုင်ရသနည်းဟု မေးမြန်းခဲ့ဖူးသည်။

ထိုအခါ ယွမ်နွန်က အပြုံးတစ်ခုဖြင့် သူ့ကို အဖြေပြန်ပေးခဲ့သည်။

“မသေမျိုးပိုးကောင်မှာ ပြည့်စုံတဲ့ အာရုံကြောစနစ် ရှိနေလို့ပဲ။ အဲ့ဒါကြောင့် အဆိပ်က သူ့ရဲ့အာရုံကြောစနစ်ကို ဖျက်ဆီးပစ်နိုင်သရွေ့တော့ ဒါက သူ့ကို အဆိပ်ခတ်ပြီး သတ်လိုက်တာနဲ့ အတူတူပဲ။”

မသေမျိုးပိုးကောင်များ အုပ်စုလိုက်၊ အပြုံလိုက် သေဆုံးလာကြသောအခါ ၎င်းတို့နောက်ကွယ်မှ စစ်သူကြီးမှာ ဆွံ့အမှင်တက်သွားရသည်။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။

တစ်ဖက်လူက ရေအနည်းငယ်လောက်သာ ဖျန်းပက်လိုက်ပုံရပြီး သူ၏ မသေမျိုးပိုးကောင်များမှာ အဘယ်ကြောင့် အုပ်စုလိုက် သေဆုံးကုန်ရသနည်း။

သူ့တွင် အခြားရွေးချယ်စရာမရှိတော့သဖြင့် မသေမျိုးများအား မြေအောက်သို့ ချက်ချင်း ပြန်လည်တွင်းအောင်းကြရန်သာ အမိန့်ပေးလိုက်ရတော့သည်။

ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် တိုးမလာရသေးသော မသေမျိုးပိုးကောင်များသည်လည်း မြေအောက်ထဲသို့ ချက်ချင်းပင် တိုးဝင်ပုန်းလျှိုးသွားကြတော့လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်းယီက အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။

“သူတို့ တိုးဝင်သွားတဲ့ တွင်းတွေထဲကို ပိုးသတ်ဆေးတွေ အခုချက်ချင်း လောင်းထည့်ကြ။”

“ဟုတ်ကဲ့။”

ယခုအခါ ဤမသေမျိုးပိုးကောင်များကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ၎င်းတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ရမည် ဖြစ်သည်။

စစ်သားအများအပြားသည် ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ကာ ဆေးဗူးများကိုယ်စီ သယ်ဆောင်၍ တွင်းပေါက်များဖြင့် ဗရပွဖြစ်နေသော မြေပြင်ပေါ်ရှိ တွင်းများထဲသို့ ဆေးရည်များ စတင်လောင်းထည့်လိုက်ကြတော့လေသည်။

ဤသို့သော တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် မသေမျိုးပိုးကောင်များသည် နောက်နောင်တွင် အလွယ်တကူ ထွက်လာရဲတော့မည် မဟုတ်ပေ။

“မသေမျိုးပိုးကောင်တွေ ပြန်ထွက်လာဦးမလားဆိုတာကို သေသေချာချာ စောင့်ကြည့်ထား။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ရှောင်ယီသည် အနည်းငယ် စဉ်းစားပြီးနောက် ရေငုပ်သင်္ဘောဆီသို့ ချက်ချင်း ပြန်သွားခဲ့လိုက်သည်။

“အစ်ကိုကျန်း... အားလုံးရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုအခြေအနေရှိလဲ။”

ရှောင်းယီက ရှေ့တက်လာရင်း မေးလိုက်သည်။

ကျန်းယွင်ထျန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချက်အလက်များကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

“ဒီကိုလာဖို့ ပြင်ဆင်ထားတဲ့လူတွေကတော့ လေဟာနယ်တံခါးကို ဖြတ်ကျော်ပြီးသွားကြပြီ။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ဝင် အနည်းငယ်ကတော့ ဒီကို ရောက်မလာသေးဘူး။”

ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြောလိုက်သည်။

“မသေမျိုးမျိုးနွယ်စုတွေက အခြေအနေကို ရိပ်မိသွားလောက်ပြီ။ အခုချိန်ဆို သူတို့ဘက်က တပ်ဖွဲ့တွေကို ဒီဘက်ကို စေလွှတ်လိုက်လောက်ပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ သူတို့ကို အမြန်လာဖို့ လှုံ့ဆော်လိုက်။”

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ရေငုပ်သင်္ဘောပေါ်မှ တွားတက်လာကာ ကုန်းပတ်ပေါ်တွင်း ရပ်ပြီး ပတ်ဝန်းကျင်ရှိ ထပ်ကြပ်မကွာ ရှိနေသော သင်္ဘောအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

“ငါတို့သာ အသက်ရှင်ကျန်ရစ်သူ အားလုံးကို စုစည်းနိုင်ရင် လူအင်အား တော်တော်လေး များမှာပဲ။”

သူသည် ရေငုပ်သင်္ဘောအထက်မှနေ၍ လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် ရေငုပ်သင်္ဘောထဲသို့ ပြန်ဝင်ရောက်လာခဲ့လိုက်၏။

အသက်ရှင်ကျန်ရစ်သူများသည် ရှောင်းယီ ထွက်လာသည်ကို မြင်သောအခါ အချင်းချင်း တီးတိုးဆွေးနွေးကြတော့သည်။

“သူဌေးက တကယ်ကြီး ရေငုပ်သင်္ဘောပေါ်မှာ ရှိနေတာပဲ။”

“ငါက သူဌေးက နောက်တန်းကနေပဲ ကွပ်ကဲနေလိမ့်မယ်လို့ ထင်ထားတာ။ သူကိုယ်တိုင် ဒီကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

“သူဌေးက လက်မည်းကြီးရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ တကယ်ကို အစွမ်းကုန် ကြိုးစားပေးနေတာပဲ။”

“ဒါက မစ်ရှင်ကို အောင်မြင်အောင် လုပ်တာထက်... အကယ်၍ မသေမျိုးတွေက သူတို့ရဲ့ အင်အားကို ထပ်ပြီး အားဖြည့်လိုက်ရင် ငါတို့အတွက် တကယ့်ကို ခက်ခဲသွားမှာကို ပိုပြီးစိုးရိမ်နေလို့ ဖြစ်လိမ့်မယ်။”

“ဟုတ်တယ်။ ဒီလောက် အစွမ်းထက်တဲ့ မသေမျိုးမျိုးနွယ်စုက ပေါ်လာပြီးပြီ။ အကယ်၍ သူတို့ရဲ့အင်အားက ထပ်ပြီး တိုးလာဦးမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

“ဒီအပတ်ထဲမှာတင် မသေမျိုးတွေကို အပြတ်ရှင်းပစ်ကြစို့။”

ရေငုပ်သင်္ဘောထဲသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနီးသို့ သွားကာ ပြောလိုက်သည်။

“သင်္ဘောပေါ်က အမြောက်တွေကုန်လုံးက S အဆင့်တွေ ဟုတ်မဟုတ် လူတိုင်းကို မေးကြည့်လိုက်ပါ။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို မြင်လိုက်ရသောအခါ လူတိုင်းက ချက်ချင်းပင် “မဟုတ်ပါဘူး။” ဟု တညီတညွတ်တည်း ပြန်လည်ဖြေကြားလာခဲ့ကြလေသည်။

လူတိုင်း၏ တညီတညွတ်တည်း ပြန်လည်ဖြေကြားမှုကို မြင်သောအခါ ကျန်းယွင်ထျန်းတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ကြည့်ရတာ... အားလုံးက S အဆင့် အမြောက်တွေ မဟုတ်ကြဘူး ထင်တယ်။”

အခန်း ၁၁၈၄

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“လူတိုင်းကို သူတို့သင်္ဘောပေါ်မှာရှိတဲ့ အမြောက်တွေအားလုံး ငါတို့ဆီမှာ လာလဲခိုင်းလိုက်။ ပြီးရင် အဲ့ဒါတွေကို S အဆင့် အမြောက်တွေနဲ့ အကုန် အစားထိုးပြီး လဲပေးလိုက်မယ်။”

ကျန်းယွင်ထျန်းတစ်ယောင် အနည်းငယ် ကြောင်အသွား၏။

“ဟုတ်ကဲ့ပါ။”

“လူတိုင်းပဲ... ခင်ဗျားတို့ သင်္ဘောပေါ်က အမြောက်တွေအားလုံးကို ကျုပ်တို့ရဲ့ ကုန်သွယ်ရေးမန်နေဂျာဆီ လာရောက်လဲလှယ်ကြပါ။ ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကနေ ခင်ဗျားတို့အတွက် S အဆင့် အမြောက်သစ်တွေကို အခမဲ့ အစားထိုးလဲလှယ်ပေးသွားမှာ ဖြစ်ပါတယ်။”

ထိုသတင်းစကားကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တင်လိုက်ပြီးနောက် တိုက်ပွဲဝင်ရန် ရောက်ရှိနေကြသော အဖွဲ့များအားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားတက်ကြွသွားတော့သည်။

“သူဌေးကတော့ တကယ့်ကို အံ့ဩစရာပဲ။ ရောက်ရောက်ချင်းမှာတင် ငါတို့ကို အကျိုးခံစားခွင့်တွေ ပေးနေပြီ။”

“ဒီတစ်ခေါက် လာရတာ တကယ် တန်သွားပြီ။ သူဌေးက တကယ့်ကို ရက်ရောလွန်းတယ်။”

“ဟားဟားဟား...ဒီတစ်ခေါက် ရောက်မလာတဲ့ကောင်တွေတော့ နောင်တရနေကြတော့မှာပဲ။ မင်းတို့က သိပ်ကို ဇဝေဇဝါဖြစ်ပြီး ရည်မှန်းချက်မှ မရှိကြတာကိုး။”

အသက်ရှင်ကျန်ရစ်သူများ ပျော်ရွှင်နေကြစဉ် ရောက်မလာသေးသူများမှာမူ ချက်ချင်းပင် မနာလို ဝန်တိုဖြစ်လာကြတော့သည်။

“သူဌေး... ကျုပ်တို့ အခု အဲပဒီဘက်ကို လာလို့ရဦးမလား။”

“ဟုတ်တယ်။ ကျုပ်တို့ အခုချက်ချင်း ထွက်လာခဲ့လို့ရမလား။”

“ဟုတ်ပါတယ်...။ ကျုပ်တို့သင်္ဘောပေါ်က အမြောက်တွေက တစ်ခုမှ S အဆင့် မရှိလို့ပါ။ ကျုပ်တို့ကိုလည်း အစားထိုးလဲလှယ်ပေးလို့ ရမလား။”

“မင်းတို့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလား။ အစတုန်းက လာပါဆိုတော့ မလာချင်ကြဘဲနဲ့။ အခု အကျိုးအမြတ်လည်း မြင်ရော လာချင်ကြတယ်ပေါ့ဟုတ်လား။ မင်းတို့မှာ အရှက်ရော ရှိကြသေးရဲ့လား။”

“ဟွမ့်... ငါတို့ မလာဖို့ ဆုံးဖြတ်ခဲ့တာက ငါတို့သင်္ဘောပေါ်က အမြောက်တွေက အရမ်းအားနည်းလွန်းလို့ သူဌေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ပါကွ။ မင်းတို့က ဘာမှမသိဘဲနဲ့ မပြောစမ်းနဲ့။”

“ဆင်ခြေကတော့ တကယ်ကောင်းတာပဲ။”

“ဒီလောက် အရှက်မရှိတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။”

လူအုပ်ကြီးအကြား အချေအတင် ဆွေးနွေးနေကြသည်ကို မြင်သောအခါ ရှောင်းယီက ရှေ့တက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာတစ်စောင် ရေးတင်လိုက်သည်။

“မလာရသေးတဲ့လူတွေ အခုချိန်မှာ မလာကြပါနဲ့တော့။ အခုလာရင် အရမ်းအန္တရာယ်များတယ်။ မသေမျိုး မျိုးနွယ်စုတွေက ကျုပ်တို့ရဲ့ လှုပ်ရှားမှုကို သတိပြုမိသွားပြီလို့ ကျုပ် ထင်တယ်။ အခုလာရင် ခင်ဗျားတို့ လမ်းမှာ မသေမျိုးတပ်ဖွဲ့တွေနဲ့ တိုးပြီး အရမ်းကို အန္တရာယ်ကြီးသွားနိုင်တယ်။”

“သူဌေးက ဒီလိုပြောမှတော့ ကျုပ်တို့ မသွားတော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အမြောက်တွေကိုရော အစားထိုးလဲလှယ်ပေးလို့ မရဘူးလား။”

“မရဘူး။ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိတယ်။”

ရှောင်းယီက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

ရောက်မလာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများမှာ တကယ့်ကို နောင်တရသွားကြတော့သည်။

အမှန်စင်စစ်တွင်မူ ရှောင်းယီသည် စွန့်စားရမည်ကို ကြောက်ရွံ့နေကြသူများအား ငြင်းပယ်ရန် ဆင်ခြေတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။

အမှန်တကယ်တွင် ရှောင်းယီအနေဖြင့် ၎င်းတို့၏ မူလအမြောက်ဟောင်းများကို လဲလှယ်ခွင့်ပြုထားခြင်းကြောင့် အရင်းအမြစ် ကုန်ကျမှုမှာ သိပ်မများလှပေ။ အခြားအသက်ရှင်ကျန်ရစ်သူများ လာရောက်လဲလှယ်သည့် အမြောက်ဟောင်းများကို အခြေခံကုန်ကြမ်းများအဖြစ် ပြန်လည်ဖြိုခွဲနိုင်ပြီး ၎င်းတို့ကို S အဆင့် အမြောက်များ ထုတ်လုပ်ရာ၌ ပြန်လည်အသုံးပြုနိုင်သည်။

ဤသည်မှာ မဟာမိတ်အဖွဲ့အတွင်းရှိ အရင်းအမြစ်များကို ချွေတာရန်အတွက်လည်း ဖြစ်ပေသည်။

အခြားအသက်ရှင်ကျန်ရစ်သူ မဟာမိတ်သင်္ဘောများပေါ်ရှိ အမြောက်များကို S အဆင့်သို့ မြှင့်တင်ပေးလိုက်ခြင်းက ရှေ့ဆက်ဖြစ်ပွားမည့် တိုက်ပွဲများတွင်လည်း များစွာ အသုံးဝင်လိမ့်မည် ဖြစ်သည်။

ရေငုပ်သင်္ဘောအနီးသို့ ရောက်ရှိနေပြီဖြစ်သော သင်္ဘောများသည်လည်း အမြောက်များကို စတင်လဲလှယ်ကြတော့သည်။ ၎င်းတို့သည် S အဆင့်အောက်ရှိ အမြောက်များကို ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ကုန်သွယ်ရေးမန်နေဂျာထံသို့ လွှဲပြောင်းပေးလိုက်ကြပြီး မန်နေဂျာက S အဆင့် အမြောက် အသစ်စက်စက်များကို ပြန်လည်လဲလှယ်ပေးခဲ့သည်။

ပထမဆုံး မဟာမိတ်အဖွဲ့မှာ လဲလှယ်မှုကို လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့သည်။

“ဟားဟားဟား...ငါတို့သင်္ဘောမှာ အခု S အဆင့် အမြောက်တွေ တပ်ဆင်လိုက်ပြီဟေ့။ အစွမ်းကတော့ တကယ့်ကို အဆမတန် တိုးသွားပြီပဲ။”

“အားကျလိုက်တာ။ ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ သင်္ဘော ကိုးစင်းပေါ်က အမြောက်တွေရဲ့ တစ်ဝက်လောက်က S အဆင့် မဟုတ်ဘူး။ ဒါဟာ အားလုံးကို S အဆင့်တွေနဲ့ လဲပစ်ဖို့ အခွင့်ကောင်းပဲ။ မိုက်တယ်။”

“ဟီးဟီး... သူဌေး ကျုပ်တို့ တပ်ဖွဲ့က သင်္ဘောပေါ်မှာရှိတဲ့ S အဆင့်အောက် အမြောက်အားလုံးကို အခုပဲ လဲလှယ်လိုက်ပါပြီ။ သူဌေးအနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူးမလား။”

“သေးစမ်း... အပေါ်ကကောင်က တကယ့်ကို ကလိမ်ကကျစ်ကျတာပဲ။ ဒီလို လှည့်ကွက်မျိုးကိုတောင် စဉ်းစားမိသေးတယ်။”

“သူဌေးက မလုပ်ရဘူးလို့ မပြောထားဘူးလေ။ ပြီးတော့ ငါကိုယ်တိုင်လည်း ဒါကို ပွင့်ပွင့်လင်းလင်း ပြောပြထားတာပဲ မဟုတ်ဘူးလား။”

ထိုစာကို မြင်သောအခါ ရှောင်းယီတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့ပြီး ပြုံးကာ စာပြန်လိုက်သည်။

“ရတာပေါ့။ ကျုပ် မပိတ်ပင်ထားတဲ့အတွက် ဒါကို ခွင့်ပြုပါတယ်။”

“သူဌေးက...အရမ်းမိုက်တာပဲ။။”

“မြန်မြန်လုပ်ကြ။ ငါတို့မဟာမိတ်အဖွဲ့ရဲ့ အဆင့်နိမ့်အမြောက်တွေအားလုံးကို လှမ်းပြီး လဲလိုက်ကြစို့။”

လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။

“လူတိုင်းပဲ... ဒီတိုက်ပွဲမှာ ပါဝင်မယ့် သင်္ဘောပေါ်က အမြောက်အားလုံးက S အဆင့် ဖြစ်နေဖို့ သေချာပါစေ။ အကယ်၍ တစ်ယောက်ယောက်က ပေါ့ဆနေတာကို တွေ့ရင် S အဆင့် အမြောက်တွေကို ကျုပ်ပြန်သိမ်းပစ်မယ်၊ နားလည်ကြလား။”

“နားလည်ပါပြီ။ စိတ်ချပါ သူဌေး။ ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။”

“ဟုတ်တယ်။ အမြောက်အနည်းငယ်ကြောင့်နဲ့ ကျုပ်တို့ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို အနှောင့်အယှက် အဖြစ်မခံနိုင်ပါဘူး။”

“မှန်တယ်။ ဒီတစ်ခေါက် အဲ့ဒီမသေမျိုးတွေကို အပြတ်အသတ် ချေမှုန်းပစ်ရမယ်။”

လူတိုင်းက ချက်ချင်းပင် တညီတညွတ်တည်း ပြန်လည်တုံ့ပြန်လိုက်ကြသည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေခြင်းကြောင့် မဟာမိတ်အဖွဲ့အသီးသီးအကြား အရောင်းအဝယ် ပြုလုပ်ရသည်မှာ အလွန်လျင်မြန်လှပေသည်။ မဟာမိတ်အဖွဲ့အားလုံး၏ အမြောက်များကို အဆင့်မြှင့်တင်ပြီးနောက်ဆုံး၌ ဤနေရာရှိ တပ်ဖွဲ့များအားလုံး အဆင်သင့် စုစည်းမိသွားကြတော့သည်။

“ထွက်ခွာကြစို့။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ကျုပ်တို့ ရေငုပ်သင်္ဘောက အရှေ့ကနေ လမ်းပြကင်းထောက်မယ်။ ခင်ဗျားတို့က ကျုပ်တို့နောက် မီတာ တစ်ထောင် အကွာကနေ လိုက်ခဲ့ကြရင် ရပြီ။”

“ဟုတ်ကဲ့။”

ထို့နောက် ကျန်းယွင်ထျန်းသည် ရေငုပ်သင်္ဘောကို ရေအောက်သို့ ငုပ်လျှိုးစေလိုက်ပြီး ရှေ့သို့ ဦးတည်မောင်းနှင်ရန် ညွှန်ကြားလိုက်ကာ အခြားရေငုပ်သင်္ဘောတစ်စင်းကိုမူ မသေမျိုးများဘက်မှ အခြားလှုပ်ရှားမှုတစ်စုံတစ်ရာ ရှိ၊ မရှိ စောင့်ကြည့်ရန် နောက်ချန်ထားခဲ့လိုက်သည်။

ရေငုပ်သင်္ဘောက ရှေ့မှ လမ်းပြပြီး ၎င်း၏နောက်တွင်မူ အသက်ရှင်ကျန်ရစ်သူများ၏ အင်အားကြီးမားလှသော သင်္ဘောအုပ်ကြီးက ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

ဤမျှ အလွန်အမင်း များပြားလှသော သင်္ဘောအုပ်ကြီးသည် မသေမျိုးများကို အလွယ်တကူ သတိပြုမိသွားစေခဲ့ပြီး ၎င်းတို့အနက်မှ အချို့မှာ လမ်းကြောင်းပြောင်းကာ နောက်ပြန်လှည့်လာကြတော့သည်။

“သတိထား။ ကျုပ်တို့ရဲ့ ဘယ်ဘက်က သင်္ဘောတွေ...အရှေ့မှာ မသေမျိုးသင်္ဘော တစ်စင်းရှိတယ်။ အမြန်ဆုံး တိုက်ခိုက်ကြ။”

“ဟုတ်ကဲ့။”

“ညာဘက်မှာ မသေမျိုးသင်္ဘော သုံးစင်း ပေါ်လာပြီ။ အကုန် ချေမှုန်းပစ်လိုက်။”

“ဟုတ်ကဲ့။”

“ကျုပ် အခုညွှန်ပြလိုက်တဲ့ သင်္ဘောတွေ... ခင်ဗျားတို့အရှေ့ မီတာ ၅၀၀ အကွာမှာရှိတဲ့ မသေမျိုးသင်္ဘောတွေကို သွားရှင်းပစ်လိုက်။”

“ဟုတ်ကဲ့။”

သို့သော်လည်း ကမ်းရိုးတန်းတစ်လျှောက်ရှိ ပစ်ခတ်မှုများမှာလည်း အားကောင်းနေဆဲဖြစ်ရာ မသေမျိုးသင်္ဘောအများစုကို ထိန်းချုပ်ထားနိုင်ပြီး အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အနေဖြင့် ဖိအားသိပ်မရှိလှပေ။

ရှောင်းယီမှ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို ဦးဆောင်၍ ရှေ့သို့ ချီတက်လာသည်နှင့်အမျှ ကမ်းခြေဆီသို့ ဦးတည်ခုတ်မောင်းနေသော မသေမျိုးအများစုမှာလည်း လမ်းကြောင်းပြောင်းကာ မဟာမိတ်အဖွဲ့ဆီသို့ ဦးတည်ဦးလှည့်လာကြတော့သည်။

ထိုအချိန်တွင် ရှောင်းယီက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“သင်္ဘောတွေ လဲလှယ်ပြီး ဒီဘက်ကို လာခဲ့ကြတော့။ သူတို့နောက်ကို လိုက်ပြီးတိုက်ခိုက်ကြမယ်။”

“ဟုတ်ကဲ့!”

အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးအတွင်းရှိ စစ်သားတစ်ဦးသည် ယီရန်ပင်း မဟာမိတ်အဖွဲ့က ပြင်ဆင်ထားသော သင်္ဘောများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချက်ချင်း လဲလှယ်ရယူလိုက်တော့သည်။

မကြာမီမှာပင် ကမ်းခြေတွင် သံချပ်ကာစစ်သင်္ဘောတန်းကြီးတစ်တန်း ထွက်ပေါ်လာပြီး ၎င်းတို့၏ အမြောက်များဖြင့် ချက်ချင်းပင် စတင်ပစ်ခတ်ကြတော့သည်။

“ဘုန်း၊ ဘုန်း၊ ဘုန်း...”

ပင်လယ်ပြင်ထဲမှ ချဉ်းကပ်လာနေသော မသေမျိုးသင်္ဘောအများအပြား ချက်ချင်းပင် နစ်မြုပ်သွားကြတော့သည်။

သင်္ဘောများကို တိုးမြှင့်လဲလှယ်လာသည်နှင့်အမျှ ကမ်းရိုးတန်းတွင် သံချပ်ကာစစ်သင်္ဘောပေါင်း ငါးရာနီးပါး ပေါ်ထွက်လာခဲ့သည်။

ထိုသံချပ်ကာစစ်သင်္ဘောများသည် အလွန်တရာ ဖျတ်လတ်ကျွမ်းကျင်ကြ၏။ မသေမျိုးသင်္ဘောများကို အချိန်မီ မမြုပ်ပစ်နိုင်လျှင်ပင် ၎င်းတို့သည် အလွန်ကျဉ်းမြောင်းသော နေရာလွတ်အတွင်း၌ပင် လျင်မြန်စွာ လှည့်ပတ်မောင်းနှင်ကာ ရှောင်တိမ်းနိုင်ကြသည်။ ထိုသို့ မောင်းနှင်နေစဉ်အတွင်း သင်္ဘောပေါ်ရှိ အမြောက်များ၊ စက်သေနတ်အပေါ့စားများနှင့် ဂတ်တလင်စက်သေနတ်များကလည်း တပြိုင်နက်တည်း အဆက်မပြတ် ပစ်ခတ်နေကြ၏။

မသေမျိုးသင်္ဘောများသည် ယီရန်ပင်း မဟာမိတ်သင်္ဘောများအနီးသို့ပင် မချဉ်းကပ်နိုင်ဘဲ သင်္ဘောပေါ်ရှိ မသေမျိုးအားလုံးမှာ အပြတ်ရှင်းခံလိုက်ရတော့သည်။

ကမ်းခြေမှ ပစ်ကူပေးမှုနှင့် ပင်လယ်ထဲရှိ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုများကို ပေါင်းစပ်လိုက်သောအခါ ကမ်းခြေသို့ ဦးတည်လာနေသော ဤမသေမျိုးများမှာ အမှုန့်ခြေဖျက်ခြင်း ခံရရန်သာ ကံပါလာခဲ့ကြတော့သည်။

“သူဌေးနဲ့အတူ လက်တွဲပြီး တိုက်ခိုက်ရတာ အရမ်း အားရစရာကောင်းတာပဲ။ ဦးနှောက်တောင် သုံးနေစရာ မလိုဘူး။”

“အဟုတ်ပဲ။ အရင်က တိုက်ပွဲတွေတုန်းကဆိုရင် စဉ်းစားစရာ ပြဿနာတွေဆို ပေါင်းစုံပဲ။ အခုတော့ သူဌေး ခိုင်းတာ လုပ်လိုက်ရုံပဲ။ ရိုးရိုးရှင်းရှင်းလေးနဲ့ တိုက်ပွဲကို နိုင်အောင် တိုက်နိုင်တယ်။”

“သူဌေး ဒီလောက်အထိ ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်လာနိုင်တာက ကံကောင်းမှုတစ်ခုတည်းကြောင့် မဟုတ်ဘူး။ သူ့မှာ အရည်အချင်းရှိတဲ့ လူတော်လူကောင်းတွေ အများကြီး ရှိနေတာက အဓိကအချက်ပဲ။”

“ဟုတ်တယ်။ သူတစ်ယောက်တည်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ယီရန်ပင်း မဟာမိတ်အဖွဲ့က ဒီလောက် ကြီးမားတဲ့ အတိုင်းအတာအထိ ဖြစ်လာမှာ မဟုတ်ဘူး။ သူ့မှာ အဖွဲ့အစည်းကောင်းတစ်ခု ရှိနေလို့သာ ယီရန်ပင်း မဟာမိတ်အဖွဲ့က သန်မာရုံတင်မကဘဲ အင်အားပါ တောင့်တင်းကြီးမားနေတာ ဖြစ်ရမယ်။”

လူတိုင်းက ထိုအခြေအနေကို အံ့ဩချီးကျူးနေကြစဉ်မှာပင် နောက်ချန်နေခဲ့သော ရေငုပ်သင်္ဘောထံမှ သတင်းစကားတစ်ခု ချက်ချင်း ရောက်ရှိလာခဲ့သည်။

“ကျုပ်တို့ရဲ့ အနောက်ဘက်က ရေအောက်ထဲမှာ လှုပ်ရှားနေတဲ့ ပစ်မှတ်အများအပြား ပေါ်လာပြီ။ အရှေ့က သင်္ဘောတွေ အားလုံး... ကျေးဇူးပြုပြီး သတိထားကြပါ။”

All Chapters