အခန်း (၃၅၇-၃၅၉)
Vol. 36 Ch. 357-359
အခန်း (၃၅၇) - အဆင့်ရှစ်
‘ဒီနေရာက...’
ရွှီနင်သည် ရွှံ့ဗွက်ထူထပ်သော မြေပြင်ပေါ်သို့ ခြေချလိုက်ရာ သူ၏ပတ်ဝန်းကျင်၌ မီတာတစ်ရာခန့်မြင့်မားသော သစ်ပင်ကြီးများနှင့် သစ်ကိုင်းသစ်ခက်များက သိပ်သည်းစွာ ဝန်းရံနေလေသည်။
ကောင်းကင်ယံတစ်ခုလုံးကို ဖုံးကွယ်ထားသကဲ့သို့ ရှိနေသော်လည်း သစ်ရွက်နှင့် သစ်ကိုင်းများကြားရှိ ကွက်လပ်များမှတစ်ဆင့် နေရောင်ခြည်အချို့ စိမ့်ဝင်လာသဖြင့် ဤနေရာသည် လုံးဝအမှောင်မကျသွားခြင်း ဖြစ်ပေသည်။
‘သစ်ပင်ပေါ်တက်ပြီး ကြည့်ရမယ်...’
ရွှီနင်တစ်ယောက် သစ်ပင်ပေါ်သို့ စတင်တက်သွားလေသည်။
ချပ်... ချပ်... ချပ်...
ရွှီနင်သည် သစ်ကိုင်းများနှင့် သစ်ရွက်များကို အသုံးပြုကာ အပေါ်သို့ ဆက်တိုက်တက်သွားရာ မကြာမီမှာပင် သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားသို့ ရောက်ရှိသွားလေသည်။
သူ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ သစ်တောပင်လယ်ပြင်ကြီးကိုသာ မြင်တွေ့လိုက်ရသည်။
‘ဒါက ဒီသီးခြားနယ်မြေရဲ့ ပတ်ဝန်းကျင်အခြေအနေလား...’
ရွှီနင် အကြမ်းဖျင်း နားလည်သွားသည်။
လွန်ခဲ့သော လဝက်ခန့်က ရရှိခဲ့သည့် အတွေ့အကြုံများအရ ရွှီနင် သင်ခန်းစာရရှိထားပြီး ဖြစ်သည်။
သီးခြားနယ်မြေတိုင်း၏ ပတ်ဝန်းကျင်အခြေအနေမှာ အများအားဖြင့် တစ်သမတ်တည်း ရှိနေတတ်ပေသည်။
တစ်ဆက်တည်းဖြစ်နေသော မီးတောင်ကုန်းမြေ၊ အဆုံးအစမဲ့ မြက်ခင်းပြင်၊ သို့မဟုတ် ရေကန်ပေါ်မှ အထီးကျန်ကျွန်းငယ်လေးတစ်ခု စသည်ဖြင့် ဖြစ်တတ်လေသည်။
မြင်ကွင်းများတွင် ထူးခြားသော အရာများစွာ ပါဝင်လေ့မရှိချေ။
‘ဒီသစ်တောပင်လယ်ပြင်ကြီးထဲမှာ သက်ရှိတွေနေတဲ့ အရိပ်အယောင်မတွေ့ရပါလား...’
ရွှီနင် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် ငှက်တစ်ကောင်မျှ မရှိဘဲ နေမင်းကဲ့သို့ အလင်းရောင်ဖြာထွက်နေသော လင်းလက်သည့် စက်လုံးကြီးတစ်လုံးသာ ရှိနေလေသည်။
‘အောက်ဆင်းပြီး ကြည့်ရမယ်...’
ရွှီနင် သစ်ပင်ကြီး၏ ထိပ်ဖျားမှ ပြန်ဆင်းလာကာ မြေပြင်ပေါ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားသည်။
ယခင်ကဲ့သို့ပင် သူသည် တောအုပ်ကြီးအတွင်းသို့ စတင် စူးစမ်းလေ့လာလေတော့သည်။
အရင်းအမြစ်များနှင့် ဝှက်ထားသော အပိုင်းအစများကို ရှာဖွေရင်း သူသည် ဤနေရာမှ တည်နေရာရွှေ့ပြောင်းရေးတံခါးကိုပါ ရှာတွေ့သွားခဲ့သည်။
ရွှီနင်သည် ထူထပ်သော တောအုပ်ကြီးထဲတွင် လမ်းလျှောက်နေလေသည်။
ရွှီး...
ရုတ်တရက် ရွှီနင်သည် ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရပြီးနောက် သူ၏ရင်ထဲတွင် အန္တရာယ်ရှိသည့် အငွေ့အသက်များ မြင့်တက်လာလေသည်။
ရွှီနင် မသိစိတ်အရ နောက်သို့လှည့်ကြည့်လိုက်ရာ သစ်ပင်ပုလေးတစ်ပင်မှ ထွက်ပေါ်လာသော နွယ်လက်တံ တစ်ဒါဇင်ကျော်ခန့်က သူ့ထံသို့ ရိုက်ခတ်လာသည်ကို တွေ့လိုက်ရသည်။
ထိုနွယ်လက်တံ တစ်ဒါဇင်ကျော်တွင် ဆူးချွန်များ ပြည့်နှက်နေပြီး ဆူးချွန်များ၏ မျက်နှာပြင်သည် အစိမ်းရောင်အလင်းတန်းများ တောက်ပနေလေသည်။
“မှော်ပိုင်နက်နယ်ပယ်”
ရွှီနင်သည် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ကို အလင်းအကာအကွယ်အလွှာဖြင့် ဖုံးလွှမ်းလိုက်သည်။
ဖောင်း... ဖောင်း... ဖောင်း...
နွယ်လက်တံများသည် မှော်ပိုင်နက်နယ်ပယ်၏ အလင်းအကာအကွယ်အလွှာကို ရိုက်ခတ်သွားကြသည်။
‘ကိုယ်ပိုင်အသိစိတ်ရှိတဲ့ အပင်တစ်ပင်ပဲ...’
မျှော်စင်သို့ ရောက်လာပြီးနောက် ဤကဲ့သို့သော သတ္တဝါမျိုးနှင့် ကြုံတွေ့ရခြင်းမှာ ရွှီနင်အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သို့သော် ဤနွယ်လက်တံများပါရှိသော အပင်သည် ထူးဆန်းနေသော်လည်း ရွှီနင်ကို ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ၎င်း၏ နွယ်လက်တံများသည် ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ် အလင်းအကာအကွယ်အလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။
ရွှီး...
ရွှီနင် ပြန်လည်တိုက်ခိုက်လိုက်သည်။
လေဓားသွား တစ်ဒါဇင်ကျော်က ပိုင်းဖြတ်သွားပြီး နွယ်လက်တံများကို ပြတ်တောက်သွားစေလေသည်။
ထို့နောက် ရွှီနင်သည် သစ်ပင်ပုလေးရှိရာသို့ လျှောက်သွားကာ လေပွေစူးချွန်ဖြင့် သစ်ပင်ပင်စည်ကို ထိုးဖောက်လိုက်သည်။
လေစွမ်းအင်သည် သစ်ပင်ပုလေး၏ သက်စောင့်စွမ်းအင် အများစုကို ဖျက်ဆီးပစ်လိုက်တော့သည်။
‘ဒီသစ်ပင်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ...’
ရွှီနင်သည် သူ၏ အာရုံခံနိုင်စွမ်းကို အသုံးပြုကာ သစ်ပင်ပုလေးကို ခွဲထုတ်လိုက်ပြီး အကြည်ရောင် အစိုင်အခဲတစ်ခုကို ထုတ်ယူလိုက်သည်။
‘ဒါဘာလဲ... ဒါက ဒီသစ်ပင်ရဲ့ အမြုတေများလား...’
သစ်ပင်၏ သက်စောင့်စွမ်းအင်များ ဆုတ်ယုတ်သွားသည်ကို ရွှီနင် အာရုံခံမိလိုက်သည်။
သူ၏ လက်ဖဝါးက အကြည်ရောင် အစိုင်အခဲကို ထိတွေ့လိုက်ပြီးနောက် သိုင်းပညာမျက်နှာပြင်ထံမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
—
စွမ်းအင် ယူနစ် ၂ သန်း ရှာတွေ့သည်၊ စုပ်ယူမည်လော။
လုပ်မည်/မလုပ်ပါ
—
‘ယူနစ် ၂ သန်းတောင်...’
ရွှီနင် ပြုံးလိုက်သည်။
‘တိုက်ဆိုင်လိုက်တာ။ စွမ်းအင် ယူနစ် ၂ သန်း ရသွားရင် ငါ အဆင့်ရှစ်ကို တက်လှမ်းနိုင်ပြီပဲ...’
ရွှီနင်သည် တုံဆိုင်းမနေဘဲ စွမ်းအင် ယူနစ် ၂ သန်းကို စုပ်ယူလိုက်လေသည်။
ဝှစ်...
ရွှီနင် စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏လက်ထဲရှိ အကြည်ရောင် အစိုင်အခဲသည် ချက်ချင်းပင် စေးကပ်သော အရည်အဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
ရွှီနင်သည် သူ၏ မှော်စွမ်းအင်ကို အသက်သွင်းလိုက်ရာ သူ၏လက်ဖဝါးထဲတွင် ရေဘောလုံးတစ်လုံး ဖြစ်တည်လာလေသည်။
ရေဘောလုံးလေးမှာ ပြန့်ကျဲသွားပြီး ရွှီနင်၏ လက်ထဲမှ စေးကပ်နေသော အရည်များကို ဆေးကြောပစ်လိုက်သည်။
ယခုအခါ ရွှီနင်သည် စွမ်းအင်အမျိုးအစားအလိုက် မှော်နည်းစနစ်များစွာကို သင်ယူတတ်မြောက်ထားပြီး ၎င်းတို့ကို သူ၏ မှော်ပိုင်နက်နယ်ပယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းထားပြီ ဖြစ်သည်။
မှော်နည်းစနစ်များ ပိုမိုများပြားပြီး ပိုမိုအားကောင်းလာလေ သူ၏ မှော်ပိုင်နက်နယ်ပယ်သည်လည်း ပိုမိုအစွမ်းထက်လာလေပင် ဖြစ်သည်။
‘အဆင့်ရှစ် မှော်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အချိန်တန်ပြီပဲ...’
ရွှီနင်သည် နယ်ပယ်ဘေးရှိ “+” သင်္ကေတကို နှိပ်လိုက်သည်။
—
အဆင့်ရှစ် မှော်ပညာရှင်အဖြစ် အဆင့်တက်ရန် စွမ်းအင် ယူနစ် ၂၅ သန်း အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
—
ရွှီနင် အဆင့်တက်ရန် အတည်ပြုလိုက်ပြီးနောက် သူ၏ အဆင့်တက်လှမ်းခြင်းမှ ရရှိလာသော ကြည်နူးမှုကို ခံစားလိုက်ရလေသည်။
‘ငါ အဆင့်ရှစ်ကို ရောက်သွားပြီပဲ...’
ရွှီနင်သည် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို မီတာတစ်ရာကျော်အထိ တိုးချဲ့လိုက်သည်။
‘ငါ့မှော်ပိုင်နက်နယ်ပယ်ရဲ့ ကန့်သတ်ချက်က အခုဆိုရင် မီတာငါးရာလောက် ရှိလောက်ပြီ...’
သိုင်းလောကရှိ ဟင်းလင်းပြင်အစစ်အမှန်ပိုင်နက်နယ်ပယ်နည်းတူ မှော်ပိုင်နက်နယ်ပယ်များကိုလည်း ရန်သူအား မိမိ၏နယ်ပယ်အတွင်း ဖုံးလွှမ်းကာ တိုက်ခိုက်သတ်ဖြတ်ရန် အသုံးပြုခြင်း ဖြစ်ပေသည်။
‘ငါ အဆင့်ကိုးကို တက်လှမ်းဖို့နဲ့ မှော်ပညာရှင်လောကရဲ့ မူလအစကို နားလည်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်...’
ရွှီနင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သို့သော် အဆင့်ကိုးသို့ တက်လှမ်းရန် လုံးဝ မလွယ်ကူကြောင်း ရွှီနင် သိရှိထားသည်။
အဘယ်ကြောင့်ဆိုသော် အဆင့်ရှစ်မှ အဆင့်ကိုးသို့ တက်လှမ်းရန် လိုအပ်သော စွမ်းအင်ပမာဏမှာ ယူနစ် သန်း ၁၂၀ ပင် ဖြစ်သောကြောင့်ပင်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အရင်းအမြစ်ပမာဏပင် ဖြစ်သည်။
‘ငါ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အရင်းအမြစ်တွေကို စုဆောင်းဖို့ အကောင်းဆုံး ကြိုးစားရမယ်၊ ဒါပေမဲ့ ဖြည်းဖြည်းနဲ့မှန်မှန် သွားရမယ်...’
ခရီးဆက်လေလေ ရွှီနင်သည် မိမိကိုယ်ကိုယ် အထင်ကြီးမနေသင့်ကြောင်း ပိုမိုခံစားလာရလေလေ ဖြစ်သည်။ သူ အမြဲတမ်း နိုးနိုးကြားကြား ရှိနေရပေမည်။
သို့သော် အဆင့်ရှစ်သို့ တက်လှမ်းပြီးနောက်တွင်မူ ရွှီနင်သည် ပိုမို ယုံကြည်မှု ရှိလာခဲ့ချေပြီ။
“ရပ်စမ်း… မင်းဆီမှာရှိတဲ့ ဝှက်ထားတဲ့ အပိုင်းအစတွေကို အကုန်ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်”
အဆင့်တက်ပြီးနောက် ရွှီနင် ဆက်လက်စူးစမ်းရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေသည်။
‘အဖွဲ့မတူတဲ့ မှော်ပညာရှင်တွေကြားမှာ ပြဿနာတက်နေတာလား...’
ရွှီနင် တွေးတောလိုက်ပြီးနောက် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ထူထပ်သော တောအုပ်ကြီးထဲတွင်…
ထိပ်ပြောင်ပြောင် လူငယ်တစ်ဦးသည် ကမန်းကတန်း ထွက်ပြေးနေပြီး နောက်မှလိုက်လာသူများကို ဟန့်တားရန် မှော်နည်းစနစ်အချို့ကို ရံဖန်ရံခါ ပစ်လွှတ်နေလေသည်။
သူ၏နောက်မှ လိုက်လာသူ သုံးဦးမှာ ရက်စက်ကြမ်းကြုတ်မည့်ဟန် ပေါ်နေသည်။ သူတို့သည် ထိုလူငယ်ကို မမိမချင်း ရပ်တန့်မည့်ပုံ မပေါ်ချေ။
‘တည်နေရာရွှေ့ပြောင်းရေးတံခါးက ဘယ်မှာလဲ။ ဘာလို့ အခုထိ ရှာမတွေ့သေးတာလဲ’
ထိပ်ပြောင်လူငယ်သည် နောက်မှ နီးကပ်လာသော ရန်သူများကို ကြည့်ရင်း အလွန် စိုးရိမ်ပူပန်နေလေသည်။
ဤထိပ်ပြောင်လူငယ်မှာ ရွှီနင်၏ အဖော်များထဲမှ တစ်ဦးဖြစ်သော ကောင်းချီရွှမ်ပင် ဖြစ်သည်။
“မင်းတို့က စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာပဲ”
ကောင်းချီရွှမ်က ထွက်ပြေးရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မျှော်စင်ထဲ မဝင်ခင် အဖွဲ့အားလုံးက တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ကြဖို့ သဘောတူထားခဲ့ကြတာလေ၊ ဒါပေမဲ့ မင်းတို့က ငါ့ကို တိုက်ခိုက်နေတုန်းပဲလား”
“ရယ်စရာပဲ”
အညိုရောင်ဝတ်စုံနှင့် လိုက်လံဖမ်းဆီးသူက လှောင်ပြောင်လိုက်သည်။
“ဟန်ပြကတိတစ်ခုကို အတည်ယူလို့ရပါ့မလား။ နှစ်တွေကြာလာတာနဲ့အမျှ မှော်ပညာမျှော်စင်ပွင့်လာတာ အကြိမ်ကြိမ်ရှိနေပြီ။ အဲဒီလိုကတိမျိုးတွေ အမြဲပေးခဲ့ကြပေမဲ့ ဘယ်သူကမှ မလိုက်နာကြဘူးလေ။ မင်းက ဒါကိုသုံးပြီး ငါတို့ကို တားဆီးချင်နေတာလား။ ရယ်စရာပဲ”
လိုက်လံဖမ်းဆီးသူ သုံးဦးမှာ တုန်လှုပ်သွားခြင်းမရှိဘဲ ပိုမို အရှိန်တင်လာကြလေသည်။
‘ပြီးသွားပြီ… ငါ ဒီမှာ သေရတော့မှာပဲ’
ကောင်းချီရွှမ်တစ်ယောက် ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။
သူသည် အသက် သုံးဆယ်ကျော်သာ ရှိသေးသော်လည်း အဆင့်ခုနစ် မှော်ပညာရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
သူ၏ ပါရမီဖြင့် အနာဂတ်တွင် ကောင်းမိသားစု၏ ခေါင်းဆောင်နေရာကို သေချာပေါက် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ဤနေရာတွင် သေဆုံးသွားရမည်ဆိုပါက အလွန်နှမြောစရာ ကောင်းပေလိမ့်မည်။
“ငါ နောက်ဆုံးအနေနဲ့ သတိပေးလိုက်မယ်… မင်းဆီမှာရှိတဲ့ လျှို့ဝှက် အပိုင်းအစတွေကို ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်”
လိုက်လံဖမ်းဆီးသူများက ထပ်မံအော်ဟစ်လိုက်ကြသည်။
“မပေးနိုင်ဘူး”
ကောင်းချီရွှမ်က ဟိန်းဟောက်လိုက်သည်။
သူ၏နောက်မှ လိုက်လာသူများသည် ယုံကြည်ရသူများ မဟုတ်ကြောင်း သူ ကောင်းစွာ သိထားလေသည်။
‘ငါ ထွက်မပြေးနိုင်မှတော့ အသေခံပြီး တိုက်ခိုက်တော့မယ်’
မကြာမီမှာပင် ကောင်းချီရွှမ်သည် သူထွက်မပြေးနိုင်တော့မှန်း သိလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။
‘ငါ သူတို့ကိုပါ အသေခံပြီး ဆွဲခေါ်သွားမယ်’
ကောင်းချီရွှမ်သည် ရုတ်တရက် နောက်သို့လှည့်ကာ အသေခံတိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
လိုက်လံဖမ်းဆီးသူ သုံးဦးက ၎င်းကိုမြင်သောအခါ ကောင်းချီရွှမ်ဆီသို့ ခုန်အုပ်လိုက်ကြလေတော့သည်။
အခန်း (၃၅၈) - စုဆောင်းခြင်း
ရန်သူများချဉ်းကပ်လာသည်နှင့်အမျှ ကောင်းချီရွှမ်သည် မိမိကိုယ်ကိုကာကွယ်ရန်အတွက် သူ၏ မှော်ပညာပိုင်နက်နယ်ပယ်ကို အစွမ်းကုန် ဖွင့်လှစ်လိုက်လေသည်။
အဆင့်ခုနစ် မှော်ပညာပိုင်နက်နယ်ပယ်တစ်ခုသည် လွှမ်းခြုံနိုင်စွမ်းအနည်းငယ်သာရှိသောကြောင့် ရန်သူများကို ပိုင်နက်အတွင်းသို့ ဆွဲသွင်းရန်ခက်ခဲလှသည်။
မှော်ပညာပိုင်နက်နယ်ပယ်၏ အကြီးမားဆုံး အသုံးဝင်မှုမှာ မိမိကိုယ်ကိုကာကွယ်ရန်နှင့် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်သာ ဖြစ်ပေသည်။
ဘန်း... ဘန်း... ဘန်း...
ကောင်းချီရွှမ်သည် တစ်ယောက်တည်းဖြင့် ရန်သူသုံးဦးကို ရင်ဆိုင်နေရပြီး သူ၏ မှော်နည်းစနစ်များကို အရူးအမူး ထုတ်ဖော်နေတော့သည်။
သူသည် ကြမ်းကြမ်းတန်းတန်း တိုက်ခိုက်နေလေရာ ဒဏ်ရာရမည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
သူ၏ ခွန်အားအပြည့်ကို အသုံးပြုကာ ရှေ့မှရန်သူများကို သတ်ဖြတ်ရန်သာ ဆန္ဒရှိနေလေသည်။
ကောင်းချီရွှမ်၏ အလျှော့မပေးသော သဘောထားကို မြင်လိုက်ရပြီးနောက် နောက်မှ လိုက်လံတိုက်ခိုက်သူသုံးဦးမှာ အနည်းငယ် တွန့်ဆုတ်သွားကြသည်။
သူတို့မှာ အသာစီးရနေသည်ဖြစ်ရာ ကောင်းချီရွှမ်နှင့်အတူ အသေမခံလိုကြပေ။
‘ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး’
တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဉ် ကောင်းချီရွှမ်မှာ အတော်လေး ရုန်းကန်နေရချေပြီ။
သူ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာလေသည်။
“အား”
ကောင်းချီရွှမ်သည် အော်ဟစ်လိုက်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို ဂရုမစိုက်တော့ဘဲ ရန်သူတစ်ဦးကို သတ်ဖြတ်ရန် အသင့်ပြင်လိုက်တော့သည်။
ရွှစ်... ရွှစ်... ရွှစ်...
သို့သော် ဤအခိုက်အတန့်လေးမှာပင် ကောင်းချီရွှမ်ရှေ့ရှိ ရန်သူသုံးဦး၏ရင်ဘတ်ပေါ်၌ သွေးစီးကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် ထိုသုံးဦးလုံးမှာ လဲကျသေဆုံးသွားကြလေတော့သည်။
‘ဘာတွေဖြစ်သွားတာလဲ’
ကောင်းချီရွှမ်မှာ အလွန်အံ့အားသင့်သွားရသည်။
သူသည် ပတ်ဝန်းကျင်ကို အလျှင်အမြန် ဝေ့ကြည့်လိုက်ရာ ရွှီနင် သူ့ဆီသို့ လျှောက်လာနေသည်ကို သတိထားမိလိုက်သည်။
“ရွှီနင်”
ကောင်းချီရွှမ်သည် မျက်လုံးပြူးကာ သူ၏ခေါင်းကို ပွတ်သပ်လိုက်လေသည်။
“မင်း ငါ့ကို ကယ်လိုက်တာလား”
ရွှီနင် လျှောက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းချီရွှမ်က ချက်ချင်း မေးလိုက်သည်။
“ငါမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ”
ရွှီနင်က ပြုံးလျက် ပြန်မေးလိုက်သည်။
သူသည် ကောင်းချီရွှမ်နှင့် ဆက်ဆံရေးကောင်းမွန်သဖြင့် ကောင်းချီရွှမ်တစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်ခံရကာ အသတ်ခံရတော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း ဝင်ရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။
“ခုနက မင်းက အဝေးကြီးမှာရှိနေတာကို အဆင့်ခုနစ် ကျွမ်းကျင်သူသုံးယောက်ကို တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်တယ်ဆိုတော့... မင်း အဆင့်ရှစ်ကို တက်သွားပြီလား”
ကောင်းချီရွှမ်က မေးလိုက်သည်။
“ဒီမျှော်စင်ထဲက ပေါများလှတဲ့ သဘာဝရင်းမြစ်တွေရဲ့ အကူအညီနဲ့ ငါအဆင့်ရှစ်ကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့တာ”
ရွှီနင် ပြန်ဖြေလိုက်သည်။
ကောင်းချီရွှမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ပြောလိုက်သည်။
“တကယ်အထင်ကြီးစရာပဲ”
ရွှီနင်သည် သူ့ထက် အသက်ငယ်ကြောင်း ကောင်းချီရွှမ်သိထားသည်။ ရွှီနင်၏ စွမ်းရည်ပါရမီသည် မှော်ပညာရှင်မြို့တော်၌ပင် ပြိုင်ဘက်ကင်းလှပေသည်။
“မင်းက ဒီလူတွေနဲ့ ဘယ်လိုလုပ် ပြဿနာတက်သွားရတာလဲ”
ရွှီနင်သည် သေဆုံးသွားသော ရန်သူသုံးဦးထံမှ ဟင်းလင်းပြင်လက်စွပ်သုံးကွင်းကို ချွတ်ယူကာ သိမ်းဆည်းလိုက်လေသည်။
ရွှီနင်၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းသဖြင့် ထိုသုံးဦးလုံးမှာ လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။
သို့မဟုတ်ပါက သူတို့သည် ၎င်းတို့၏ ဟင်းလင်းပြင်လက်စွပ်များကို ဖျက်ဆီးပစ်ကာ အတွင်းရှိ အရင်းအမြစ်များအားလုံးကို ဟင်းလင်းပြင်လှိုင်းဂယက်ထဲသို့ မျောပါသွားစေမည်မှာ အသေအချာပင် ဖြစ်သည်။
“ဒီသီးခြားနယ်မြေထဲကို ရောက်လာပြီးတော့ ထူးဆန်းတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ထဲမှာ လက်သီးဆုပ်တစ်ဝက်လောက်ရှိတဲ့ လျှို့ဝှက်ပုံဆောင်ခဲ အပိုင်းအစတစ်ခုကို ငါတွေ့ခဲ့တယ်လေ။ အဲဒါကို တွေ့တွေ့ချင်း ငါအရမ်းစိတ်လှုပ်ရှားသွားပြီး စစ်ဆေးနေမိတာ...”
“ဒါပေမဲ့ ငါ အဲဒါကို ကြည့်နေတုန်းမှာပဲ ဒီသုံးယောက်က ငါ့ကို သတိထားမိသွားပြီး ချုံခိုတိုက်ခိုက်ဖို့ ကြံစည်ကြတာ။ ကံကောင်းလို့ သူတို့တိုက်ခိုက်တာကို ငါရှောင်နိုင်ခဲ့ပေမဲ့ လူအင်အားသာနေတော့ သူတို့က ငါ့ကိုဆက်ပြီး လိုက်တိုက်ခိုက်နေခဲ့တာပဲ။ မင်းသာမလာခဲ့ရင်၊ ငါ သူတို့သုံးယောက်လက်ချက်နဲ့ သေလောက်ပြီ”
ကောင်းချီရွှမ်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲပင်။
အစောပိုင်း၌ သူမသေခင်အချိန်တွင် သူ့လက်စွပ်အား ဖျက်ဆီးပစ်ရန် အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဘယ်အဖွဲ့ကလဲ”
ရွှီနင်က ထပ်မေးလိုက်သည်။
“ချင်းကောကျောင်းတော်ကလေ”
ကောင်းချီရွှမ်ကဆက်ပြောသည်။
“ဒါကြောင့်မို့လည်း သူတို့ ဒီလောက် ဗိုလ်ကျနေတာလေ”
“ချင်းကောကျောင်းတော်...”
ရွှီနင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ချင်းကောကျောင်းတော်နှင့် ယန်းဝမ်ကျောင်းတော်တို့သည် မြို့တော်အတွင်း၌ အင်အားအကြီးဆုံး အဖွဲ့အစည်းနှစ်ခု ဖြစ်ပေသည်။
“ငါတို့တွေ ပြန်ဆုံပြီဆိုတော့ ငါ မင်းနောက်ကိုပဲ လိုက်တော့မယ်”
ကောင်းချီရွှမ်ကပြောလိုက်သည်။
ယခုလေးတင် သေမင်းနှင့်ရင်ဆိုင်လိုက်ရပြီးနောက် သူသည် တစ်ယောက်တည်း သွားလာလှုပ်ရှားရမည်ကို စိုးရိမ်လာခဲ့သည်။
သို့သော် ယခု ရွှီနင်ကဲ့သို့သော အဆင့်ရှစ်ကျွမ်းကျင်သူနှင့် အတူရှိနေပြီဖြစ်ရာ သူ၏လုံခြုံရေးမှာ အာမခံချက် ရှိသွားချေပြီ။
“ကောင်းပြီလေ...”
ရွှီနင် စဉ်းစားပြီးနောက်၊ သဘောတူလိုက်လေသည်။
ယခုအခါ သူသည် အဆင့်ရှစ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်ကိုး အစပိုင်းအဆင့်နှင့်ပင် ယှဉ်နိုင်လေသည်။
ဤမျှော်စင်အတွင်း၌ သူနှင့်ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ဖြစ်ရာ ကောင်းချီရွှမ်ကို ခေါ်ဆောင်သွားခြင်းမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု မဟုတ်ပေ။
“ဒီသီးခြားနယ်မြေထဲမှာ သဘာဝရင်းမြစ်တွေနဲ့ လျှို့ဝှက်အပိုင်းအစတွေကို ဆက်ရှာကြတာပေါ့။ ပြီးမှ တည်နေရာရွှေ့ပြောင်းရေးတံခါးကိုရှာပြီး တခြားနေရာကိုကူးကြမယ်”
ရွှီနင်ကပြောလိုက်သည်။
“ကောင်းပြီ”
ကောင်းချီရွှမ်က သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် အရင်းအမြစ်များနှင့် လျှို့ဝှက်အပိုင်းအစများကို ဆက်လက်ရှာဖွေကြလေသည်။
ကောင်းချီရွှမ်သည် သူလုပ်ရမည့်အလုပ်ကို ကောင်းစွာသိထားသည်။ ရွှီနင်နှင့် အနီးကပ်လိုက်ပါခြင်းက ရွှီနင်၏အမြန်နှုန်းကို နှေးကွေးစေမည်ကိုသိထားသဖြင့် ထိုသို့မပြုလုပ်ခဲ့ပေ။
သူသည် ရွှီနင်နှင့် အကွာအဝေးတစ်ခု ထားရှိလေသည်။ ရွှီနင်မှ နေရာတစ်ခုကို ရှာဖွေနေချိန်တွင် သူသည် အနီးနားရှိ အခြားဧရိယာတစ်ခုသို့ သွားရောက်ရှာဖွေလေသည်။
ဤနည်းဖြင့် သူသည် ရွှီနင်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘဲ အန္တရာယ်ကြုံလာပါကလည်း အချက်ပြနိုင်သေးသည်။
အချိန်နှစ်လသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။
ယခုအခါ မျှော်စင်ပိတ်ရန် ဆယ်ရက်ပင် မလိုတော့ချေ။
ဤကာလအတွင်း ရွှီနင်၏ အဆင့်တိုးတက်လာသည်နှင့်အမျှ သူစုဆောင်းရရှိထားသော အရင်းအမြစ်ပမာဏမှာလည်း အလျင်အမြန်ပင် ယူနစ် သန်း၄၀ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အဆင့်ကိုးသို့ တက်လှမ်းနိုင်ရန် ပို၍ပို၍နီးကပ်လာခဲ့လေပြီ။
မျှော်စင်အတွင်းသို့ ဝင်ရောက်ခြင်းသည် ရွှီနင်အဆင့်တက်ရန် လိုအပ်သောအချိန်ကို တိုတောင်းသွားစေခဲ့သည်။
အရင်းအမြစ်များနှင့် လျှို့ဝှက်အပိုင်းအစများကို စုဆောင်းခြင်းအပြင် ရွှီနင်နှင့် ကောင်းချီရွှမ်တို့သည် ကောင်းမိသားစု၏ ပင်မအင်အားစုနှင့်လည်း ဆုံတွေ့ခဲ့ပြီး သူတို့နှင့် ပူးပေါင်းလိုက်ကြသည်။
ကောင်းမိသားစု၏အဖွဲ့ထဲတွင် လူ ၆၀ ကျော်ခန့် စုဝေးနေကြပြီး ၎င်းသည် မျှော်စင်အတွင်းသို့ ဝင်ရောက်လာသူများ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိလေသည်။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သီးခြားနယ်မြေထောင်ပေါင်းများစွာနှင့် ကျပန်းရွှေ့ပြောင်းရေးတံခါးများ ရှိနေသဖြင့် ဤမျှလောက်များပြားသော လူများကိုစုစည်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယခုကဲ့သို့ စုစည်းနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ၊ မှော်ပညာရှင်မျှော်စင်၏ နောက်ဆုံး ရက်နှစ်ဆယ်အတွင်း၌ သီးခြားနယ်မြေအသီးသီးမှ လူများသည် မျှော်စင်အတွင်းရှိ တစ်ခုတည်းသော ရှုပ်ထွေးလှသည့် သီးခြားနယ်မြေကြီးထဲသို့ ပြောင်းရွှေ့ခံရမည် ဖြစ်သောကြောင့်ပင်။
ဤသီးခြားနယ်မြေသည် အခြားသော နယ်မြေများအားလုံးထက် ပိုမိုကြီးမားကျယ်ဝန်းပြီး၊ ပတ်ဝန်းကျင်အခြေအနေမှာလည်း ဒြပ်စင်အမျိုးမျိုးဖြင့် ကွဲပြားစုံလင်လှသည်။
ဤသီးခြားနယ်မြေထဲတွင်၊ အဖွဲ့အစည်းအသီးသီးသည် နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲကြရပေမည်။
ယခင်အတွေ့အကြုံများအရ ဤရှုပ်ထွေးသော နယ်မြေကြီးထဲ၌ နောက်ဆုံးရက်အနည်းငယ်အတွင်း အရင်းအမြစ်များနှင့် လျှို့ဝှက်အပိုင်းအစများသည် မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။
မျှော်စင်အတွင်းမှ ရရှိနိုင်မည့် အရင်းအမြစ်တစ်ဝက်ခန့်ကို ဤကာလအတွင်း၌သာရရှိနိုင်မည်ဖြစ်သည်။
ရွှီနင်သည်လည်း ဤအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူသည် မျှော်စင်မှ မထွက်ခွာမီ သူ၏ စွမ်းအင်ကို ယူနစ် သန်း ၈၀ အထိ တိုးမြှင့်လိုနေသည်။
ဤနည်းဖြင့် မျှော်စင်မှထွက်ခွာပြီး လျှို့ဝှက်အပိုင်းအစများကို လဲလှယ်လိုက်ပါက သူ၏စွမ်းအင်သည် အခြေခံအားဖြင့် ယူနစ် သန်း ၁၀၀ နီးပါး ရှိလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူသည်အဆင့်ကိုးသို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့မည်ဖြစ်သည်။
‘မှော်ပညာရှင်ကမ္ဘာမှာ အရင်းအမြစ်တွေ ရှာဖွေရတာက သိုင်းလောကမှာထက် ပိုပြီးချောမွေ့နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...’
ရွှီနင်သည် မှော်ပညာရှင်ကမ္ဘာတွင် နေထိုင်ခဲ့သည်မှာ၊ ငါးနှစ်သာရှိသေးသည်။
သေချာပေါက်ပင် သူအောင်မြင်မှုရရှိရခြင်းမှာ သွမ့်ဟွေးယောင့် ပေးအပ်ခဲ့သော အချက်အလက်များနှင့် ဆက်စပ်နေလေသည်။
ထို့အပြင် မှော်ပညာရှင်ကမ္ဘာရှိ အရင်းအမြစ်များက ပိုမိုစုစည်းနေတတ်သည်။ မှော်ပညာရှင်ကမ္ဘာ၏ အချက်အချာကျသောနေရာ၌သာ ရှိနေမည်ဆိုပါက သိုင်းလောကထက် အရင်းအမြစ်များရရှိရန် ပိုမိုလွယ်ကူပေသည်။
“သခင်လေးရွှီနင်...သခင်လေးကောင်းယွီကျိက သခင်လေးကိုလာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်”
ထိုစဉ် လူတစ်ယောက်က ရွှီနင်ကို လာရောက်အကြောင်းကြားလေသည်။
ကောင်းမိသားစု၏စခန်းကို ရှုပ်ထွေးသော နယ်မြေကြီးထဲတွင်တည်ဆောက်ထားပြီး ရွှီနင်မှာ သူ၏တဲအတွင်း၌ ရှိနေခြင်းဖြစ်သည်။
“နားလည်ပြီ”
ရွှီနင်ပြန်ဖြေလိုက်ပြီးနောက် ကောင်းယွီကျိနှင့် တွေ့ဆုံရန် တဲထဲမှထွက်လာခဲ့လေသည်။
အဆင့်ရှစ် မှော်ပညာရှင်တစ်ဦးဖြစ်လာပြီးနောက် ရွှီနင်သည် ကောင်းမိသားစုတွင်အရေးပါသောအင်အားစုတစ်ရပ်ဖြစ်လာခဲ့လေပြီ။
အခန်း (၃၆၉) - ဇာတ်သိမ်း
“ပြီးပြီ...”
အာကာသလှိုင်းလုံးက ရွှီနင်ကို မျိုချသွားလေသည်။
ယွီကျီးယင်သည် အာကာသလှိုင်းလုံး၏ အစွန်း၌ရပ်ကာ ပြုံးလိုက်သည်။
ယွီကျီးယင်တစ်ယောက် မူလအစနယ်ပယ်သို့ စတင်ဝင်ရောက်လာချိန်က သူ၏ခန္ဓာကိုယ်သည် အာကာသလှိုင်းလုံးနှင့် အချိန်ကြာမြင့်စွာ အသားမကျမီ သူသည် သိုင်းလောက၏ ပြင်ပဧရိယာများကို စူးစမ်းလေ့လာခဲ့ဖူးသည်။
ထိုအချိန်က ဤဒေသ၌ အာကာသလှိုင်းလုံးတစ်ခု၏ လက္ခဏာရပ်များကို သူသတိထားမိခဲ့လေသည်။
ထိုအာကာသလှိုင်းလုံး ဖြစ်ပေါ်လာချိန်တွင် ယွီကျီးယင် ကိုယ်တိုင်သည်လည်း ၎င်းထဲသို့ လွင့်ပါသွားလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက်ပိုင်းတွင် သူသည် ထိုအာကာသလှိုင်းလုံးကို အချိန်အတော်ကြာ စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၎င်းသည် ပုံမှန်အတိုင်း ဖြစ်ပေါ်လာတတ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
ယွီကျီးယင် ထိုအရာကို ရှာဖွေတွေ့ရှိပြီးနောက်တွင် ထိုကိစ္စကို သိပ်ဂရုမစိုက်ခဲ့ချေ။
သို့သော် နောက်ပိုင်း သိုင်းလောကသို့ ပြန်လည်ဝင်ရောက်၍ အဆုံးအဖြတ်တိုက်ပွဲ မဆင်နွှဲခင် ထိုဧရိယာကို ရုတ်တရက် သတိရသွားခဲ့လေသည်။
ယင်းကိုအသုံးချကာ ယွီကျီးယင်သည် လုံးဝသေချာသော အဆုံးသတ်တိုက်ကွက်တစ်ခုကို စဉ်းစားမိသွားခြင်း ဖြစ်သည်။
အကယ်၍ သူ သိုင်းလောကသို့ ပြန်သွားချိန်၌ သွမ့်ဟွေးယွဲ့သည်လည်း အဆုံးမဲ့ကမ္ဘာများ၏ မူလအစကို နားလည်သဘောပေါက်နေကြောင်း တွေ့ရှိရပါက ထိုသူကို ဤနေရာသို့ မျှားခေါ်လာမည်ဖြစ်သည်။
ပုံမှန်နည်းလမ်းဖြင့် မသတ်နိုင်လျှင်ပင် ဤအာကာသလှိုင်းလုံးကို အသုံးချ၍ ရှင်းလင်းပစ်မည်ဟု ကြံစည်ခဲ့သည်။
မည်သို့ပင်ဆိုစေ အသားကျနိုင်သော ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းရန်မှာ အချိန်များစွာ ယူရမည်မဟုတ်လော။
သို့သော် အဆုံးတွင်မူ သွမ့်ဟွေးယွဲ့သည် မူလအစကို နားလည်သဘောပေါက်ခဲ့ခြင်း မရှိပေ။ အဆုံးမဲ့ကမ္ဘာများ၏ မူလအစကို နားလည်သဘောပေါက်သွားသူမှာ ရွှီနင်ပင် ဖြစ်နေလေသည်။
ထို့ကြောင့် ယွီကျီးယင်သည် ယခင်အစီအစဉ်အတိုင်း လုပ်ဆောင်ကာ ရွှီနင်ကို မျှားခေါ်လာခဲ့တော့သည်။
“ဒီလိုဆိုမှတော့ ငါလည်း ပြန်သွားပြီး သွမ့်ဟွေးယွဲ့နဲ့ ကိစ္စပြတ်အောင် ရှင်းရတော့မယ်”
ယွီကျီးယင်သည် အာကာသလှိုင်းလုံးကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒီလောက် ပါရမီရှိတဲ့သူတစ်ယောက်က စကြဝဠာရဲ့ အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်ပြီးမှ အာကာသလှိုင်းလုံးထဲမှာ ဘာမှမဟုတ်တဲ့ အမှုန်အမွှားလေး ဖြစ်သွားရတာ နှမြောစရာပဲ...”
“နှမြောစရာပဲ... တကယ့်ကို နှမြောစရာပဲ...”
ယွီကျီးယင် သက်ပြင်းချလိုက်လေသည်။
သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး သိုင်းလောကသို့ ပြန်ရန် ပြင်လိုက်သည်။
ဝုန်း…
သို့သော် ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည် အမြောက်ဆံတစ်ခုသဖွယ် ယွီကျီးယင်ဆီသို့ ပြေးဝင်လာလေသည်။
ထို့နောက် ယွီကျီးယင်သည် သူ၏ လည်ပင်းကို တစ်စုံတစ်ရာက လာရောက်ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
ရွှီနင်၏ မျက်နှာက သူ့အမြင်အာရုံထဲတွင် ပေါ်လာတော့သည်။
“မင်း”
ယွီကျီးယင်၏ ဦးနှောက်များ ထူပူသွားလေသည်။
ရွှီနင်ကို အာကာသလှိုင်းလုံးက မျိုချသွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မဟုတ်လော။ အဘယ့်ကြောင့် ဤနေရာတွင် ရောက်နေရသနည်း။
“တော်တော်ကောင်းတဲ့ အစီအစဉ်ပဲ...”
ရွှီနင်က ယွီကျီးယင်ကို စိုက်ကြည့်လိုက်သည်။
“ငါသာ အဆုံးမဲ့ကမ္ဘာတွေနဲ့ အသားကျနိုင်တဲ့ ခန္ဓာကိုယ်ကို မဖွဲ့စည်းထားနိုင်ခဲ့ရင် မင်းရဲ့လှည့်ကွက်ထဲ ကျသွားလောက်တယ်...”
“ဘာ”
ယွီကျီးယင်သည် သူ ကြားလိုက်ရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။
“မင်းက အဆုံးမဲ့ကမ္ဘာတွေနဲ့ အသားကျနိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားပြီးပြီ ဟုတ်လား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယွီကျီးယင်တစ်ယောက် ဤအရာကို လုံးဝ မစဉ်းစားမိခဲ့ပေ။
အဆုံးမဲ့ကမ္ဘာများနှင့် အသားကျနိုင်သော ခန္ဓာကိုယ်သည် အဆုံးမဲ့ကမ္ဘာများ၏ မူလစွမ်းအင် လွှမ်းမိုးမှုအောက်တွင် ရေရှည်တည်ရှိနေမှသာလျှင် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။
ထိုသိုဆိုလျှင် သူ မည်သို့ ပြုလုပ်နိုင်ခဲ့သနည်း။
ရွှီနင်သည် သိုင်းလောကမှ မျိုးဆက်သစ်လူငယ်တစ်ဦး မဟုတ်ဘဲ သိုင်းလောကတွင် ကြီးပြင်းလာသည်မှာ ကြာနေပြီဖြစ်သော စီနီယာတစ်ဦးများလား။
ယွီကျီးယင်မှာ ဆက်၍ မတွေးတောနိုင်တော့ချေ။
“မင်းကို အပြီးတိုင် ဘယ်လိုရှင်းရမလဲဆိုတာ အရင်က ငါမသိခဲ့ပေမဲ့ အခုတော့ သိသွားပြီ”
ရွှီနင်၏ အသံက ယွီကျီးယင်၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ယွီကျီးယင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ရွှီနင်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားလေတော့သည်။
သို့သော် ရွှီနင်က သူ့ကို လွတ်မြောက်ခွင့် မပေးခဲ့ပေ။
“အဆုံးမဲ့ကမ္ဘာတွေရဲ့ မူလစွမ်းအင်တိုက်ပွဲမှာ ငါ မင်းကို အပြီးတိုင် အနိုင်မယူနိုင်ခဲ့ပေမဲ့... ဒီအာကာသလှိုင်းလုံးကတော့ မင်းကို အစအနမကျန်အောင် ဖျက်ဆီးပစ်နိုင်တယ်”
ရွှီနင်သည် ယွီကျီးယင်ကို အာကာသလှိုင်းလုံးဆီသို့ ဆွဲခေါ်သွားလေသည်။
“မလုပ်နဲ့”
ယွီကျီးယင်တစ်ယောက် အသည်းအသန် ခုခံနေသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။
“အားလုံး ပြီးဆုံးသွားပြီ”
ရွှီနင်သည် ယွီကျီးယင်အား အာကာသလှိုင်းလုံးထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ရွှီ... ရွှီ... ရွှီ...
ယွီကျီးယင်၏ ခန္ဓာကိုယ်သည် အာကာသလှိုင်းလုံးထဲတွင် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာလေသည်။
သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
ဤသို့ဖြင့် ယွီကျီးယင်သည် အာကာသလှိုင်းလုံး၏ တိုက်စားမှုအောက်တွင် လုံးဝ ပျက်စီးဆုံးရှုံးသွားရလေတော့သည်။
ရွှီနင် လဲလှယ်ဝတ်ဆင်ထားသော အထူးအဝတ်အစားများသည်လည်း တဖြည်းဖြည်း ပျက်စီးစပြုလာလေသည်။
ထိုအဝတ်အစား၏ ပြုလုပ်ထားသော ပစ္စည်းသည် ဟင်းလင်းပြင်နှင့် အချိန်ဝဲဂယက်ကို ယာယီ ခံနိုင်ရည်ရှိသော်လည်း ဤအာကာသလှိုင်းလုံးကိုမူ မခံနိုင်ပေ။
ယွီကျီးယင် အာကာသလှိုင်းလုံးထဲတွင် ပျက်စီးသွားသည်ကို မြင်ပြီးနောက် ရွှီနင်သည် အာကာသလှိုင်းလုံးထဲမှ ရုန်းထွက်ကာ အဝတ်အစားအသစ်များ လဲလှယ်ဝတ်ဆင်လိုက်လေသည်။
‘အဆုံးမဲ့ကမ္ဘာတွေနဲ့ အသားကျနိုင်တဲ့ ခန္ဓာကိုယ်က ဒီတိုက်ပွဲအတွက် ငါ့ရဲ့ ဝှက်ဖဲဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူးပဲ...’
ယွီကျီးယင်သည် ရွှီနင်ကို ဖြေရှင်းရန် အာကာသလှိုင်းလုံးကို အသုံးချချင်ခဲ့သော်လည်း ရွှီနင်က သူ၏နည်းလမ်းကို ပြန်လည်အသုံးချကာ သတ်ဖြတ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အာကာသလှိုင်းလုံးက ဆက်လက်တိုက်ခတ်နေဆဲဖြစ်သော်လည်း ရွှီနင် ထွက်မသွားသေးချေ။
အချိန်အတော်ကြာပြီးနောက်တွင် အာကာသလှိုင်းလုံးကြီးမှာ လုံးဝ ပြီးဆုံးသွားလေတော့သည်။
ရွှီနင်သည် ခေတ္တမျှ ရပ်တန့်နေပြီးမှ သိုင်းလောကသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
“ရွှီနင် ပြန်ရောက်လာပြီ”
သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့သည် ရွှီနင် ဘေးမသီရန်မခ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ အမြန်သွားရောက် ကြိုဆိုလိုက်ကြသည်။
“ဘယ်လိုနေလဲ”
သွမ့်ဟွေးယွဲ့က မေးလိုက်သည်။
“ကံကောင်းထောက်မစွာနဲ့ အားလုံး ပြီးဆုံးသွားပါပြီ”
ရွှီနင်က ပြန်ဖြေလိုက်သည်။
သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့မှာ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ယွီကျီးယင် ဝမ်ရှန့်ပြည်နယ်မှ ထွက်ပြေးသွားသည့်အချိန်မှစ၍ သူသည် အချိန်မရွေး ပြန်ရောက်လာနိုင်သည့် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေခဲ့သည်။
သို့သော် ယခုအခါ ထိုခြိမ်းခြောက်မှုကြီးကို ရွှီနင်က အပြီးတိုင် ရှင်းလင်းဖယ်ရှားပေးလိုက်လေပြီ။
သွမ့်ဟွေးယွဲ့ စိတ်သက်သာရာရသွားသော်လည်း ချက်ချင်းဆိုသလိုပင် စိတ်နှလုံး ညှိုးနွမ်းသွားရပြန်သည်။
သူနှင့် ယွီကျီးယင်တို့ကြားက သူငယ်ချင်းသံယောဇဉ်ကို သူ ပြန်လည်တွေးတောမိသွားခြင်း ဖြစ်သည်။
သို့သော် အရာအားလုံးက ပြီးဆုံးသွားခဲ့ချေပြီ။
“ယွီကျီးယင်ကို ရှင်းလင်းလိုက်ပြီဆိုတော့ အရာအားလုံး တည်ငြိမ်သွားပြီပဲ။ ဒီလိုဆိုမှတော့ ကျွန်တော် ထွက်သွားပါရစေဦး”
ရွှီနင်သည် မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာသည် မြောက်ပိုင်းချောက်နက်ကြီး ရှိရာအရပ်ပင် ဖြစ်သည်။
“ကျွန်တော် အိမ်ပြန်ရတော့မယ်”
သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့ ခေါင်းညိတ်လိုက်ကြသည်။
“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”
“သခင်ကြီးတို့ရဲ့ အကူအညီတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါမှမဟုတ်ရင် ကျွန်တော်လည်း အခုနယ်ပယ်အထိ တက်လှမ်းနိုင်ခဲ့မှာ မဟုတ်ဘူး”
ရွှီနင်သည် သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။
ထို့နောက် ရွှီနင်သည် သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့ကို နှုတ်ဆက်ကာ အိမ်ပြန်ခရီးကို စတင်ခဲ့လေတော့သည်။
“မြောက်ပိုင်းချောက်နက်... ငါ ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိသွားပြီပဲ...”
ရွှီနင်၏ မျက်လုံးများထဲတွင် နွေးထွေးမှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
လွန်ခဲ့သည့် ကိုးနှစ်တာကာလအတွင်း သူသည် လူမသိသူမသိ အဆင့်ငယ်လေးဘဝမှ သိုင်းလောက၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။
သူ့မိသားစုနှင့် သူငယ်ချင်းများသည်လည်း အများကြီး ပြောင်းလဲသွားကြလောက်ပြီ။
“မြောက်ပိုင်းချောက်နက်ရေ... ငါ ပြန်ရောက်လာပြီ...”
…
မြောက်ပိုင်းချောက်နက်…
ဖေးယွင်ပြည်နယ်…
လူသူကင်းမဲ့သော တောင်တန်းကြီးတစ်ခုအတွင်း…
“အရှုံးပေးလိုက်စမ်း”
ယွမ်ရှန်းဂိုဏ်း၏ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တပည့်သုံးဦးသည် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို လိုက်လံဖမ်းဆီးနေကြသည်။
ယွမ်ရှန်းဂိုဏ်း၏ တပည့်သုံးဦးထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦး ပါဝင်လေသည်။
သူမ၏ ဆံပင်ရှည်များက နူးညံ့ပျော့ပျောင်းနေပြီး သူမမျက်နှာပေါ်တွင် သူရဲကောင်းဆန်သော အသွင်အပြင် ရှိနေလေသည်။
သူမ၏ မျက်နှာသည် ရွှီနင်နှင့် ခပ်ဆင်ဆင်တူကြောင်း ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။
ဤမိန်းကလေးမှာ ထောင်ထောင်ပင် ဖြစ်သည်။
ယနေ့တွင် ထောင်ထောင်သည် သူမ၏ စီနီယာအစ်ကို၊ အစ်မတို့နှင့်အတူ ရက်စက်ကြမ်းကြုတ်သော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ဖမ်းဆီးနေခြင်း ဖြစ်သည်။
ဤဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်သည် အပြစ်မဲ့ပြည်သူများစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။
ယနေ့တွင် သူတို့သုံးဦးသည် ထိုလူကို ယွမ်ရှန်းဂိုဏ်းသို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်ကာ ကွပ်မျက်ကြမည် ဖြစ်သည်။
“သောက်ကျိုးနည်း”
အနက်ရောင်ဝတ်စုံနှင့်လူသည် နောက်မှလိုက်လာသူများ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ အလွန်အမင်း စိုးရိမ်ပူပန်လာလေသည်။
ထိုသုံးယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါက သူ သေချာပေါက် သေရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထား၏။
‘ငါ အစွမ်းကုန်တိုက်မှဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူ သူတို့ထဲက နှစ်ယောက်လောက်ကိုပါ အဖော်ခေါ်သွားမယ်’
အနက်ရောင်ဝတ်စုံနှင့်လူသည် ဆေးပြားတစ်ပြားကို ထုတ်ကာ မျိုချလိုက်လေသည်။
ထို့နောက် သူသည် လှည့်ကာ ထောင်ထောင်နှင့် အခြားနှစ်ဦးကို အစပြု၍ တိုက်ခိုက်တော့သည်။
“သူ အသက်လောင်ကျွမ်းခြင်းဆေးပြား သောက်လိုက်ပြီ”
ထောင်ထောင်သည် သူတို့ ကျရောက်နေသော အန္တရာယ်ကို ချက်ချင်း သတိပြုမိသွားသည်။
“စီနီယာအစ်ကိုလီ၊ စီနီယာအစ်မယန် သတိထားကြနော်”
ထောင်ထောင် အလျင်အမြန် သတိပေးလိုက်သည်။
“ဂျူနီယာညီမလေးထောင် ငါ့အနားမှာပဲ နေ”
စီနီယာအစ်ကိုလီက အလျင်အမြန် ပြောလိုက်သည်။
ထိုစီနီယာအစ်ကိုလီ၏ နာမည်မှာ လီကျိ ဖြစ်သည်။ သူ၏ အသားအရေမှာ ညိုမည်းနေပြီး အရပ်မြင့်မားလေသည်။ သူသည် ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားကာ ကြီးစိုးလွှမ်းမိုးနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထောင်ထောင်၏ စီနီယာအစ်မဖြစ်သူမှာ ယန်ရွှယ်ချွင်ဟု အမည်ရသည်။ သူမသည် လှပသော မျက်နှာနှင့် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ သူမသည် ပေါ့ပါးသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ လီကျိ၏ ဘေးတွင် ရပ်နေလေသည်။
လီကျိနှင့် ယန်ရွှယ်ချွင်တို့နှစ်ဦးလုံးသည် ယွမ်ရှန်းဂိုဏ်း၏ တပည့်များဖြစ်ကြပြီး ချစ်သူများလည်း ဖြစ်ကြသည်။
သူတို့နှစ်ဦးနှင့် ထောင်ထောင်အား ယွမ်ရှန်းဂိုဏ်း၏ အထူးချွန်ဆုံး ထိပ်တန်းတပည့်သုံးဦးအဖြစ် သတ်မှတ်ထားကြသည်။
သူတို့ထဲတွင် လီကျိနှင့် ယန်ရွှယ်ချွင်တို့သည် ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။
ထောင်ထောင်နှင့်ပတ်သက်၍မူ သူမ၏ နယ်ပယ်မှာ အနည်းငယ် နိမ့်ကျပြီး ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း သူမ၏ ခိုင်မာသော အခြေခံကြောင့် အဆင့်ပိုမြင့်သော ရန်သူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကာ ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်နှင့် ညီမျှသော တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
သူတို့ လိုက်လံဖမ်းဆီးနေသော အနက်ရောင်ဝတ်စုံနှင့်လူသည်လည်း ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်တွင်ပင် ဖြစ်သည်။
သို့သော် အသက်လောင်ကျွမ်းခြင်းဆေးပြားကို သောက်ပြီးနောက် သူ၏ ခွန်အားသည် ဟင်းလင်းပြင်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသွားလေပြီ။
“ဂျူနီယာညီမလေးထောင်... ငါနဲ့ မင်းစီနီယာအစ်မယန်က သူ့ကို တိုက်ခိုက်မယ်။ မင်းက အခွင့်အရေးကို စောင့်ပြီး သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်”
လီကျိက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ထောင်ထောင်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
ထို့နောက် လီကျိက ဓားမကြီးကို ကိုင်ဆောင်ကာ ယန်ရွှယ်ချွင်က ပေါ့ပါးသောဓားကို ကိုင်ဆောင်လျက် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတော့သည်။
ဘေးဘက်မှနေ၍ ထောင်ထောင်က အနက်ရောင်ဝတ်စုံနှင့်လူကို အနှောင့်အယှက် ပေးနေလေသည်။
‘ယွမ်ရှန်းဂိုဏ်းက တပည့်တွေက တော်တော် ဒုက္ခပေးတာပဲ’
အနက်ရောင်ဝတ်စုံနှင့်လူသည် အသက်လောင်ကျွမ်းခြင်းဆေးပြားကို သောက်ပြီးနောက် သူ၏ သက်စောင့်စွမ်းအင်များ အလျင်အမြန် ယိုစိမ့်ထွက်ခွာနေသည်ကို ခံစားလိုက်ရသည်။
ဤအတိုင်းသာ ဆက်သွားပါက ထိုသုံးယောက်ကို ဒဏ်ရာမရစေနိုင်မီ သူအရင် သေဆုံးသွားနိုင်ချေ ရှိသည်။
ဂလု... ဂလု...
အနက်ရောင်ဝတ်စုံနှင့်လူသည် နောက်ထပ် ဆေးနှစ်ပြားကို ထပ်မံမျိုချလိုက်လေသည်။
ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး သူ၏ အငွေ့အသက်မှာ ယခင်ကထက် ပိုမိုပြင်းထန်လာတော့သည်။
“သူ့ရဲ့ အငွေ့အသက်က ဟင်းလင်းပြင်နယ်ပယ် သတ္တမအဆင့်ကို ရောက်သွားပြီ”
ထောင်ထောင် အော်ဟစ်လိုက်သည်။
“ပြေးကြ”
လီကျိသည် ထောင်ထောင်ကို အော်ပြောလိုက်ပြီး ယန်ရွှယ်ချွင်ကို ဘေးသို့ တွန်းထုတ်လိုက်လေသည်။
သူတို့နှစ်ဦး အသက်ရှင်လွတ်မြောက်နိုင်ရန်အတွက် သူ၏ အသက်ကိုစွန့်ကာ ပြန်လည်ခုခံရန် အသင့်ပြင်လိုက်ခြင်း ဖြစ်သည်။
“စီနီယာအစ်ကိုလီ”
ထောင်ထောင် အော်ဟစ်လိုက်သည်။
“သေစမ်း”
အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်ရှိခွန်အားသည် ဟင်းလင်းပြင်နယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှနေလေပြီ။
သူ၏ လက်ထဲတွင် အနက်ရောင်မြူခိုးလှံတစ်လက် ဖွဲ့စည်းပေါ်ထွက်လာသည်။ ၎င်းလှံက လီကျိကို ဖောက်ထွင်းသွားပါက သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
သို့သော် အနက်ရောင်မြူခိုးလှံသည် လီကျိ၏ ရင်ဘတ်ကို ဖောက်ထွင်းလုနီးပါး အချိန်လေးမှာပင် အနက်ရောင်ဝတ်စုံနှင့်လူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားလေသည်။
သူ၏ နဖူးတွင် သွေးထွက်နေသော အပေါက်တစ်ပေါက် ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်သည် ပြိုလဲသွားတော့သည်။ သူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဘာတွေ ဖြစ်သွားတာလဲ”
လီကျိသည် သေရန် အသင့်ပြင်ထားခဲ့သော်လည်း ရန်သူက အရင်ပြိုလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထောင်ထောင်နှင့် ယန်ရွှယ်ချွင်တို့လည်း လီကျိ၏ အနားသို့ အပြေးအလွှား ရောက်လာကြသည်။
“ကလေးမလေး... မင်းက တော်တော်ကြမ်းတာပဲ...”
သူတို့သုံးယောက်၏ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ထောင်ထောင်၏ ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ သူမသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားလေသည်။
လီကျိနှင့် ယန်ရွှယ်ချွင်တို့ ခေါင်းလှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် လက်နောက်ပစ်ကာ ရပ်နေပြီး သူတို့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
လီကျိနှင့် ယန်ရွှယ်ချွင်တို့သည် သူတို့ကို လမ်းကြုံလာသော စီနီယာတစ်ဦးက ကယ်တင်လိုက်ကြောင်း နားလည်သွားကြသည်။
ထိုအခိုက်အတန့်တွင် ထောင်ထောင်သည် တိတ်တဆိတ် လှည့်ကြည့်လိုက်လေသည်။
“ဦးလေး...”
ထောင်ထောင်၏ အသံများမှာ ဆို့နင့်နေသည်။
“ဦးလေး ဟုတ်လား”
လီကျိနှင့် ယန်ရွှယ်ချွင်တို့မှာ အံ့ဩတုန်လှုပ်သွားကြသည်။
‘ဂျူနီယာညီမလေးထောင်ရဲ့ ဦးလေးဆိုတာ ရွှီနင် မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ကိုးနှစ်တုန်းက မြောက်ပိုင်းချောက်နက်မှာ အသန်မာဆုံးပုဂ္ဂိုလ်လေ’
သူသည် လွန်ခဲ့သော ကိုးနှစ်က တာအိုနယ်ပယ်သို့ တက်လှမ်းကာ ဝမ်ရှန့်ပြည်နယ်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယခုအခါ ရွှီနင်သည် မြောက်ပိုင်းချောက်နက် တစ်ခုလုံးတွင် ဂန္ထဝင်တစ်ဦး ဖြစ်နေလေပြီ။
သူသည် လွန်ခဲ့သော ဆယ်နှစ်ကတည်းက တာအိုနယ်ပယ်သို့ တက်လှမ်းခဲ့ရာ ယခုဆိုလျှင် မည်မျှအထိ စွမ်းအားကြီးနေသနည်း။
ယခု ဤဂန္ထဝင်ပုဂ္ဂိုလ်ကြီးက သူတို့ရှေ့တွင် ရပ်နေသည်ဖြစ်ရာ လီကျိနှင့် ယန်ရွှယ်ချွင်တို့မှာ လွန်စွာ အံ့ဩမှင်တက်နေကြတော့သည်။
ထောင်ထောင်သည် ငယ်စဉ်ကကဲ့သို့ပင် ရွှီနင်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေတော့သည်။
ရွှီနင်သည် ထောင်ထောင်ကို ဖက်ထားလိုက်သည်။ သူ ရုတ်တရက် အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ကိုးနှစ်တာကာလအတွင်း ထောင်ထောင် ကြီးပြင်းလာမှုကို သူ လွဲချော်ခဲ့ရသည် မဟုတ်လော။
“ထောင်ထောင်... ဦးလေး ပြန်ရောက်ပြီ...”
ရွှီနင်သည် မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးများဖြင့် ထောင်ထောင်ကို ဖက်ထားလေသည်။
…
လဝက်ခန့် ကုန်လွန်ပြီးနောက်…
ဖေးယွင်ပြည်နယ်…
ခန်းယွင်ခရိုင်…
ထောင်ရွာ…
ယနေ့တွင် ထောင်ရွာတစ်ရွာလုံး အောင်ပွဲခံ အခမ်းအနားများဖြင့် ပြည့်နှက်နေလေသည်။
အကြောင်းမှာ ထောင်ရွာမှ အထူးချွန်ဆုံး သိုင်းပညာရှင်ဖြစ်သူ ရွှီနင်သည် သူ၏မိသားစုနှင့်အတူ ယနေ့ ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်သည်။
ရွှီနင် ထောင်ရွာသို့ ပြန်ရောက်ပြီးနောက်တွင် သူသည် မျိုးနွယ်စုခေါင်းဆောင် ထောင်ကျင်ရှင်၊ အကြီးအကဲ ထောင်ကျင်လု၊ ထောင်ကျင်ဖန်၊ ထောင်ယွင်ကန်း၊ ထောင်ယွင်မန်နှင့် ယခင်က သူ့ကို ကူညီခဲ့ဖူးသူများကို ဦးစွာ သွားရောက် နှုတ်ဆက်ခဲ့သည်။
ရွှီနင်သည် ထောင်ရွာ၏ ကျေးဇူးတရားများကို အမြဲ အမှတ်ရနေခဲ့သည်။
ဤနေရာသည် ရွှီနင်၏ သိုင်းပညာခရီးလမ်း စတင်ခဲ့ရာ နေရာလည်း ဖြစ်ပေသည်။
ရွှီနင် ပြန်ရောက်လာသည်ကို မြင်ပြီးနောက် ထောင်ရွာမှ သက်ကြီးရွယ်အိုများသည် ဝမ်းသာပီတိဖြစ်ကာ စိတ်အေးသွားကြလေသည်။
ထောင်ရွာသည် ရွှီနင်၏ ဂုဏ်သတင်းကို အမှီပြုကာ နာမည်ကြီးပြီး ဂုဏ်သရေရှိသော မိသားစုတစ်ခု ဖြစ်လာခဲ့ချေပြီ။
ထောင်ရွာမှ သက်ကြီးရွယ်အိုများကို သွားရောက်နှုတ်ဆက်ပြီးနောက် ရွှီနင်နှင့် သူ၏မိသားစုသည် ယခင်က သူတို့နေထိုင်ခဲ့ဖူးသော ခြံဝင်းလေးဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။
ခြံဝင်းလေးကို အသစ်ပြန်လည်မွမ်းမံထားသော်လည်း ရွှီနင်သည် အတိတ်ကအရာများကို မှတ်မိနေဆဲပင်။
“ထောင်ထောင်... လာကူပါဦး”
ရွှီလျန်က ထောင်ထောင်ကို လှမ်းခေါ်လိုက်သည်။
ယနေ့တွင် သူတို့ မိသားစုသည် ညစာစားပွဲလေးတစ်ခု ကျင်းပကြမည် ဖြစ်သည်။
“လာပြီ”
ထောင်ထောင်သည် ရွှီလျန်အနားသို့ အပြေးရောက်လာသည်။
ထောင်ထောင်နှင့် ရွှီလျန်တို့ အလုပ်ရှုပ်နေချိန်တွင် ရွှီနင်နှင့် ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်းတို့သည် ခြံဝင်းထဲ၌ စားပွဲငယ်လေးတစ်ခု ခင်းထားကြသည်။
သူတို့နှစ်ဦးသည် မြေပဲပြုတ်များကို စားရင်း လက်ဖက်ရည် သောက်နေကြလေသည်။
“ရွှီနင်... ငါ ရောက်လာပြီဟေ့”
အိမ်တံခါးအပြင်ဘက်မှ စိတ်လှုပ်ရှားနေသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ကောယယ် ဝင်လာပြီး သူ၏နောက်တွင် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက် လိုက်ပါလာလေသည်။
“ကောယယ်”
ရွှီနင် ရယ်မောကာ အလျင်အမြန် သွားရောက်နှုတ်ဆက်လိုက်သည်။
“အစ်မလျန်၊ ယောက်ဖကြီး”
ကောယယ်က ရွှီလျန်နှင့် ထောင်ယွင်ချွမ်းကို နှုတ်ဆက်လိုက်ပြီး ထောင်ထောင်ကလည်း ဦးလေးယယ်ကို နှုတ်ဆက်လိုက်လေသည်။
“ဒီကိုလာခဲ့... မင်းရဲ့ ခေါင်းကိုင်ဖခင်(မွေးစားအဖေ)ကို ကန်တော့လိုက်ဦး”
ကောယယ်သည် သူ့နောက်မှ ကောင်လေးကို ရှေ့သို့ ဆွဲထုတ်လိုက်သည်။
“ခေါင်းကိုင်ဖခင်”
ထိုကောင်လေးသည် နွားသူငယ်လေးတစ်ကောင်ကဲ့သို့ သန်မာလေသည်။ သူသည် သူစိမ်းများကို မကြောက်တတ်ဘဲ ချက်ချင်းပင် ထိုင်ကန်တော့လေတော့သည်။
“မင်းရဲ့သားလား”
ရွှီနင်က ထိုကလေးကို ဝမ်းသာအားရ ကြည့်လိုက်သည်။
“အခုတော့ မင်းရဲ့သားလည်း ဖြစ်သွားပြီလေ”
ကောယယ်က ပြန်ဖြေသည်။
“ကောင်းတယ်”
ရွှီနင်က ကောင်လေးကို ထူပေးလိုက်ပြီး သူ၏ဘောင်းဘီပေါ်မှ ဖုန်များကို ခါပေးလိုက်သည်။
“သား... မင်း ကံကောင်းတာပဲ။ မင်းရဲ့ ခေါင်းကိုင်ဖခင်က ဘယ်သူလဲဆိုတာ သိလား”
ကောယယ်က ပြောလိုက်သည်။
“သိတာပေါ့။ မြောက်ပိုင်းချောက်နက်မှာ အသန်မာဆုံး သိုင်းပညာရှင် ရွှီနင်လေ”
ကောင်လေး၏ မျက်လုံးများ အရောင်တောက်သွားသည်။
ကောယယ်နှင့် ရွှီနင်တို့ အချင်းချင်းကြည့်ကာ ရယ်မောလိုက်ကြလေသည်။
“ထမင်းစားကြစို့”
ရွှီလျန်နှင့် ထောင်ထောင်တို့က လှမ်းခေါ်လိုက်သည်။
“လာပြီ”
ရွှီနင်၏ မိသားစုနှင့် ကောယယ်၏ မိသားစုတို့ နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် ပြန်လည်ဆုံဆည်းခွင့် ရခဲ့ကြလေပြီ။
အရက် သုံးခွက်ခန့် သောက်ပြီးနောက်…
“ရွှီနင်... နောက်ပိုင်း ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။ မင်း စွန့်စားခန်းတွေ ဆက်ထွက်ချင်သေးလား”
ကောယယ်၏ မျက်နှာမှာ နီမြန်းနေသည်။
ရွှီနင်၏ လက်ရှိနယ်ပယ်ကို သူ အပြည့်အဝ နားမလည်ချေ။
“လောလောဆယ်တော့ ငါ အပြင်မထွက်တော့ဘူး။ ထောင်ရွာမှာ ဆယ်စုနှစ်အနည်းငယ်လောက် အခြေချနေထိုင်တော့မယ်”
ရွှီနင်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ငါလည်း ဘယ်မှ မသွားတော့ဘူး”
ကောယယ် အလွန် ဝမ်းသာသွားသည်။
ရွှီနင် ပြုံးလိုက်သည်။
ရွှီနင်သည် စကြဝဠာအတွင်းရှိ အမြင့်ဆုံးသော ကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူ၏ နောက်တစ်ဆင့်မှာ ပြင်ပကမ္ဘာများစွာကို ဖြတ်သန်းစွန့်စားကာ ထိုကမ္ဘာများမှ အရင်းအမြစ်များကို စုဆောင်းရန် ဖြစ်သည်။
အကယ်၍ သူ နောက်တစ်ကြိမ် ထပ်မံတက်လှမ်းနိုင်ပါက ဤစကြဝဠာမှ ထွက်ခွာပြီး အခြားစကြဝဠာများကိုပါ စူးစမ်းလေ့လာနိုင်ပေလိမ့်မည်။
သို့သော် ဤအစီအစဉ်မှာ အချိန်အတော်ကြာ နောက်ဆုတ်ထားရဦးမည် ဖြစ်သည်။ ယခုအချိန်တွင် ရွှီနင်သည် သူ၏ မိသားစုနှင့်အတူ နေထိုင်ရန်သာ ဆန္ဒရှိလေသည်။
ညစာစားပွဲမှာ ညနေစောင်းအထိ ဆက်လက်ကျင်းပခဲ့သည်။
ကောယယ်တို့ မိသားစု ပြန်သွားပြီးနောက် ရွှီနင်သည် သူ၏ အိပ်ခန်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
ရွှီနင်သည် အမှောင်ထုထဲတွင် ကုတင်ပေါ်၌ လှဲလျောင်းနေလေသည်။ ပြတင်းပေါက်ဟနေသော နေရာမှတစ်ဆင့် ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးကို သူ မြင်တွေ့နေရသည်။
“ထောင်ရွာ...”
“အရာအားလုံး စတင်ခဲ့တဲ့ နေရာလေးပါလား...”
ကျေးဇူးတင်လွှာ။
တာအိုရောင်းရင်းတို့ အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်က B&B Translation Team ရဲ့ Founder သို့မဟုတ် Leader လီအဘိုးအိုပါ။
ကနဦးအနေနဲ့ ဒီ ကျွန်တော်တို့ Team ရဲ့ ပထမဦးဆုံးစာစဉ်မဟုတ်ပေမဲ့ ပထမဦးဆုံး ပြီးဆုံးအောင် ဘာသာပြန်ဆိုခဲ့တဲ့ စာစဉ် သို့မဟုတ် မှတ်ကျောက်တစ်ခုပေါ့ဗျာ။
“ငါ့မှာ ရွှေလက်ချောင်းရှိတယ်” - ရွှီနင် စာစဉ်လေး ပြီးဆုံးခဲ့ပါပြီ။
ယခုအချိန်ထိတိုင်အောင် လိုက်ပါအားပေးခဲ့တဲ့ စာဖတ်သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်း အရင်ဦးဆုံးပြောပါရစေ။
ဒုတိယအနေနဲ့ကတော့ အခုလို ရွှီနင်ကို ပြီးဆုံးအောင် ဘာသာပြန်ဆိုပေးခဲ့တဲ့ ကျွန်တော်တို့ Team ရဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ရပါတယ်။
ထားပါတော့။ မိတ်ဆွေတို့ကို တစ်လက်စတည်း အကြောင်းကြားပါရစေ။
ဒီဘာသာပြန်ညီမလေးကပဲ နောက်ထပ်စာစဉ်တစ်ခု ထပ်ရေးနေပါတယ်နော်။
“သားရဲစွမ်းရည်စနစ်ဖြင့် အထွတ်အထိပ်ဆီသို့” - လင်းဖန် ပါ။
ဇာတ်က အတော်ကြီးကို ကောင်းတာပါ။ အီတာမျိုး လုံးဝမရှိပါဘူး။
ဆိုတော့ ဇာတ်လည်းကောင်းတယ်၊ အရေးအသားလည်းကောင်းမယ်ဆိုတော့ ရွေးချယ်စရာပါပဲ။
စာစဉ်အကျဉ်းချုပ်ကတော့ -
လင်းဖန်တစ်ယောက် နိုးထလာတဲ့အခါမှာ အားကိုးစရာ မိသားစုရယ်မရှိ၊ အထင်ကြီးလောက်စရာ ဂုဏ်ဒြပ်မရှိသလို၊ လုံခြုံမှုဆိုတာ ဝေလာဝေး။
ပရမ်းပတာဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ သူ ဘယ်လိုရုန်းကန်ရှင်သန်ရမလဲ...။
ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ သူ့ရဲ့စိတ်အာရုံအတွင်း လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။
အဲတာကတော့...
"သားရဲစွမ်းရည်စနစ်"
...
သူ့ကို ခြိမ်းခြောက်လာတဲ့ ရန်သူတွေကို ချေမှုန်းလေလေ၊ ကလဲ့စားချေမှတ်တွေကို စုဆောင်းနိုင်လေပဲ။
ဒီလိုနဲ့ပဲ သေခြင်းတရားနဲ့ ကခုန်ရင်း တဖြည်းဖြည်း သူ့ရဲ့အစွမ်းအစတွေကို မြှင့်တင်နိုင်ခဲ့တယ်။
...
အခြေခံတောယုန်စွမ်းရည် - [ တောယုန်၏ အကြားအာရုံ ][ ခြေမြန်စွမ်းရည် ][ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည် ]
ကြမ်းကြုတ်ဝံပုလွေစွမ်းရည် - [ မုဆိုးအာရုံ ][ သံမဏိလက်သည်း ][ အုပ်စုခေါင်းဆောင်စွမ်းရည် ]
မျောက်ဝံရိုင်းစွမ်းရည် - [ သစ်ပင်တက်ခြင်း ][ ကြံ့ခိုင်လက် ][ ချီရှုသွင်းခြင်း ]
...
လင်းဖန်ဟာ သေရေးရှင်ရေးတိုက်ပွဲတိုင်းကို အသက်လုဆင်နွှဲရင်း ခွန်အားတွေကို တဆင့်ချင်းမြှင့်တင်ခဲ့တယ်။
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်...
သိုင်းလောကထိတ်ထိတ်ကြဲဂိုဏ်းကြီးရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးသော ဂိုဏ်းချုပ်ကြီးဖြစ်လာတဲ့အခါမှာတော့...
အတိတ်ကို ပြန်တွေးရင် လင်းဖန်တစ်ယောက် ပြုံးလိုက်မိတယ်။
...
"ကြီးကျယ်ခမ်းနားလှတဲ့ အထွတ်အထိပ်ဖြစ်တည်မှုတစ်ခုဟာ အလွန်တရာ သေးနုပ်လှတဲ့ တောယုန်တစ်ကောင်ရဲ့ စွမ်းရည်နဲ့ စတင်ခဲ့ရတယ်ဆိုရင် မိတ်ဆွေတို့ ယုံကြည်နိုင်ပါ့မလား။"
…
ကျွန်တော်တို့ B&B Translation Team အနေနဲ့ အကောင်းဆုံး တင်ဆက်ချပြနိုင်ဖို့ ကြိုးစားပေးနေပါတယ်။ မိတ်ဆွေတို့ဘက်ကလည်း ကြိုဆိုအားပေးစေလိုပါတယ်။
ဝါသနာဆိုတာက မှန်ပါတယ်။ အားပေးမှု တစ်နည်း ငွေကြေးပေါ့ဗျာ။ ဒါမပါလာရင် အမေကျွေးတာတောင် ဖြောင့်ဖြောင့်ထိုင်စားလို့မရနေပါဘူး။
ဆိုလိုတာက ခင်များတို့ရဲ့ အားပေးမှုတွေက ကျွန်တော်တို့အတွက် အားအင်ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ကိုယ်ချစ်၊ အားပေးရမယ့် ဘာသာပြန်သူတွေကို ဆက်လက်တည်ရှိနေနိုင်ဖို့ပါပဲ။
ကျေးဇူးတင်စွာဖြင့်
B&B Translation Team