← Chapters

အခန်း (၁၁၈၅-၁၁၈၆)

Vol. 102 Ch. 1185-1186

အခန်း (၁၁၈၅-၁၁၈၆)

Vol. 102 Ch. 1185-1186

အခန်း ၁၁၈၅

ရှောင်းယီတို့သင်္ဘောအုပ်စု အနောက်ဘက်ရှိ ပင်လယ်ထဲတွင် ရေနေမသေမျိုး အများအပြား ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေ၏။

ထိုသတင်းကို ရရှိလိုက်သည်နှင့် တပြိုင်နက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်း စာရေးလိုက်သည်။

“ရေထဲမှာ မသေမျိုး သတ္တဝါအမြောက်အမြား ရုတ်တရက် ပေါ်လာပြီ။ ပင်လယ်ရေမျက်နှာပြင်ပေါ်က မသေမျိုးတွေကိုလည်း အတော်များများ ရှင်းလင်းပြီးသွားပြီဆိုတော့ ခင်ဗျားတို့ အရင်ဆုံး နောက်ပြန်ဆုတ်ကြဖို့ အကြံပြုချင်တယ်။”

ရေထဲရှိ မသေမျိုးများသည် ကိုင်တွယ်ရ အလွန်ခက်ခဲ၏။ ရှောင်းယီတွင်ရှိသော ရေငုပ်သင်္ဘော အရေအတွက်မှာလည်း ကန့်သတ်ချက်ရှိသဖြင့် သင်္ဘောတိုင်းကို လိုက်လံစောင့်ရှောက်ပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ကို အရင်ဆုံး ပြန်လွှတ်ရုံသာ တတ်နိုင်တော့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ရှောင်းယီ၏ သတင်းအချက်အလက်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ပြန်လည်တုံ့ပြန်လိုက်ကြသည်။

“ကောင်းပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ အခုချက်ချင်း မဟာမိတ်အဖွဲ့ဆီ ပြန်လှည့်ပါတော့မယ်။”

“သတိထားပါ သူဌေး။ ကျုပ်တို့ ဒီမှာရှိနေပြီး ဆရာကြီးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး။”

“မလုပ်နဲ့လေ။ အားလုံး ဒီမှာပဲ နေကြပါဦး။ မိုးလင်းတဲ့အထိ တိုက်ကြရအောင်။”

“ဒီကညီအစ်ကို... မင်းမှာ ရေထဲက မသေမျိုးတွေကို တိုက်ခိုက်ဖို့ လက်နက် ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတွေ ရှိလို့လား။ မရှိရင်လည်း မြန်မြန်လေးသာ ထွက်သွားလိုက်စမ်းပါ။ မဟုတ်ရင် သူဌေးက မင်းကိုပါ လိုက်ကြည့်ပေးနေရဦးမယ်။”

“ဟုတ်တယ်။ ကျုပ်တို့ အရင်ထွက်ခွာလိုက်ပါ့တော့မယ်။ သူဌေးမှာ အခြားညွှန်ကြားစရာတွေရှိရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေစာရေးပေးလိုက်ပါ။”

သူတို့စကားပြောနေကြစဉ်မှာပင် ပင်လယ်ပြင်ထက်၌ သိပ်သည်းစွာ ပြည့်နှက်နေခဲ့သော အသက်ရှင်ကျန်ရစ်သူများ၏ သင်္ဘောများမှာ တစ်စင်းပြီးတစ်စင်း ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။

ပြီးနောက် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

“ရေငုပ်သင်္ဘော အမှတ် (၂) အခုချက်ချင်း ပြန်လှည့်လာခဲ့။”

“ဟုတ်ကဲ့။”

နောက်ချန်ထားခဲ့သော ရေငုပ်သင်္ဘောသည် ရှောင်းယီတို့အဖွဲ့ရှိရာဆီသို့ ချက်ချင်းပင် ဦးတည်မောင်းနှင်လာခဲ့သည်။

ဒုတိယရေငုပ်သင်္ဘောထံမှ ပေးပို့လာသော အချက်အလက်များအရ ရှောင်းယီတို့အဖွဲ့သည် ရေထဲရှိ မသေမျိုးအရေအတွက်မှာ အလွန်တရာ များပြားနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။

“ကျွန်းပိုင်ရှင်... သူတို့အရေအတွက်က အရမ်းများလွန်းနေတယ်။ ငါတို့ တိုက်ခိုက်ကြမှာလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရှောင်ယီသည်လည်း မသေမျိုးအုပ်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“ဆုတ်ကြမယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး ဆုတ်ခွာရန် အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီသည် ပင်လယ်ထဲရှိ သင်္ဘောများ ပြန်လည်ဆုတ်ခွာရန်အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင်လည်း အမိန့်တစ်ခု ထုတ်ပြန်လိုက်လေသည်။

“သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ အားလုံး မဟာမိတ်အဖွဲ့ဆီကို အခုချက်ချင်း ဆုတ်ခွာကြ။”

“ဟုတ်ကဲ့။”

သင်္ဘောပေါ်ရှိ စစ်သားများသည် ချက်ချင်းပင် ကမ်းခြေသို့ လျင်မြန်စွာ တက်သွားကြပြီးနောက် ကမ်းစပ်ရှိ သင်္ဘောများသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့လေသည်။

၎င်းတို့အားလုံးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မဟာမိတ်အဖွဲ့ဆီသို့ လဲလှယ်ကာ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

မသေမျိုး သတ္တဝါများ ရောက်မလာသေးမီမှာပင် ပင်လယ်ပြင်ထက်၌ မည်သည့်သင်္ဘောမျှ ကျန်ရှိမနေတော့ဘဲ ရေငုပ်သင်္ဘောကိုလည်း အလဲအလှယ်ပြုလုပ်၍ ပြန်လည်သိမ်းဆည်းသွားခဲ့ပြီ ဖြစ်သည်။

မသေမျိုးများသည် ရေနေမသေမျိုး အမြောက်အမြားကို စေလွှတ်ခဲ့သော်လည်း လက်ဗလာဖြင့်သာ အဆုံးသတ်သွားခဲ့ရလေသည်။

မူလက သင်္ဘောများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီးမှာ တစ်စင်းမျှမကျန် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ရေထဲရှိ မသေမျိုးစစ်တပ်မှာ ကြောင်အသွားကြတော့သည်။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ကမ်းခြေသို့ ပြန်ရောက်လာပြီးနောက် ရေအောက်ရှိ မည်းမှောင်နေသော မသေမျိုး သတ္တဝါအုပ်ကြီးကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားမိကြသည်။

သူတို့သည် ယခင်ကလည်း ရေနေမသေမျိုးများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ဖူးပြီး ၎င်းတို့၏ အရေအတွက်မှာလည်း မနည်းလှပေ။ သို့သော် ယခုနှင့် နှိုင်းယှဉ်လိုက်ပါက ယခင်ကအရာများမှာ ဘာမှမဟုတ်တော့ပေ။

“ကျွန်းပိုင်ရှင်... ရေထဲက မသေမျိုးတွေကို ဘာဆက်လုပ်ကြမလဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရှောင်းယီသည် အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။

ကျန်းယွင်ထျန်းတစ်ယောက် ဆွံ့အသွားရသည်။ ရေထဲတွင် မသေမျိုးများ အလွန်အမင်း လောက် များပြားနေသည်ကို ရှောင်းယီက စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘူးလား။

“ဘာမှ မလုပ်ဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဘာမှမလုပ်ဘူး ဟုတ်လား။”

ကျန်းယွင်ထျန်းတစ်ယောက် ခဏမျှ ကြောင်အသွားပြီးနောက်မှ အခြေအနေကို သဘောပေါက်သွားတော့သည်။

ပင်လယ်ထဲရှိ ဤမသေမျိုး သတ္တဝါများသည် ပင်လယ်ထဲတွင်သာ ပြဿနာရှာနိုင်ကြပြီး ကမ်းပေါ်သို့ တက်မလာနိုင်ကြသဖြင့် လောလောဆယ်တွင် ၎င်းတို့ကို လျစ်လျူရှုထားနိုင်သည်။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်း ပြဿနာကို ဖြေရှင်းပြီးသွားသည်နှင့် ပင်လယ်သမုဒ္ဒရာထဲတွင် မသေမျိုးအချို့ ကျန်ရှိနေဦးမည်ဖြစ်သော်လည်း ၎င်းတို့သည် မြစ်ဖျားခံရာမရှိသော ရေပြင် သို့မဟုတ် အမြစ်မရှိသော သစ်ပင်ကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ထိုအချိန်ကျမှသာ ၎င်းတို့ကို တစ်ကောင်ချင်းစီ အေးအေးဆေးဆေး ရှင်းလင်းပစ်နိုင်ပေသည်။

“ဒါပေမဲ့ အဲဒီ ဟင်းလင်းပြင်အက်ကွဲကြောင်းရှိတဲ့နေရာကို ငါတို့ ဘယ်လိုသွားကြမလဲ။”

ကျန်းယွင်ထျန်းက ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ရှောင်းယီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။

“ငါတို့ အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းဆီ သွားတဲ့လမ်းကို မကြာခင် ရှာတွေ့တော့မှာပါ။”

ကံကောင်းထောက်မစွာပင် ထိုစဉ်မှာပင် ဆက်သွယ်ရေးရဲဘော်တစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး သတင်းပို့လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်... နည်းပြ... ဘယ်ဘက်တောင်ပံ စစ်ကြောင်းက ကီလိုမီတာ ၁၀၀ အထိ ရှေ့တိုးပြီးတဲ့နောက် ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ထားပါတယ်။”

“တွေ့လား။ ငါပြောတဲ့အတိုင်း ဖြစ်လာပြီ မဟုတ်လား။”

ကျန်းယွင်ထျန်းက သူ့ကို လက်မထောင်ပြလိုက်သည်။

“မင်း ဒါကို ဘယ်လို ခန့်မှန်းမိသွားတာလဲ။”

“ဒီကမ်းခြေကို ရောက်ကတည်းက မသေမျိုးစစ်တပ်တွေကို ကမ်းပေါ်သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကိုမှ ငါတို့မတွေ့ရသေးဘူး။ ဆိုလိုတာက ကုန်းပေါ်မှာရှိတဲ့ မသေမျိုးအမြောက်အမြားက ဒီသင်္ဘောတွေနဲ့ ကမ်းပေါ်တက်လာတာ လုံးဝမဟုတ်ဘူး။ သင်္ဘောတွေနဲ့ လာတာမဟုတ်မှတော့ အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းဆီ သွားတဲ့ ကုန်းလမ်းကြောင်းတစ်ခု ကျိန်းသေရှိရမယ်လေ။”

ရှောင်းယီက ရှင်းပြလိုက်သည်။ ထို့နောက် သူက ဆက်လက်အမိန့်ပေးလိုက်သည်။

“ညာဘက်တောင်ပံက စစ်တပ်ကိုလည်း ဘယ်ဘက်ကို ရွှေ့ပြောင်းဖို့ အမိန့်ပေးလိုက်။”

“ဟုတ်ကဲ့။”

ဆက်သွယ်ရေးသမားက ပြန်လည်ဖြေကြားပြီး ရှောင်းယီ၏အမိန့်ကို ချက်ချင်း လှမ်း၍ အကြောင်းကြားလိုက်သည်။

ယီရန်ပင်း မဟာမိတ်စစ်တပ်သည် ဧရာမဘီလူးကြီးများ အားလုံးနှင့်အတူ ဘယ်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြတော့သည်။

ဘယ်ဘက်ရှိ မသေမျိုးများ၏ အရေအတွက်မှာ အလွန်တရာ များပြားလှသဖြင့် မဟာမိတ်အဖွဲ့၏ စက်သေနတ်များနှင့် တင့်ကားများမှာ မရပ်မနား ပစ်ခတ်နေကြရသည်။

ဤနေရာတွင် ပစ်မှတ်ကို သေသေချာချာ ချိန်ရွယ်နေစရာပင် မလိုပေ။ မြေပြင်ပေါ်သို့ ရောက်အောင် ပစ်ခတ်နိုင်သရွေ့ ပစ်မှတ်ကို ကျိန်းသေ ထိမည်ဖြစ်သည်။

ကျန်းယွင်ထျန်းက အဝေးကြည့်မှန်ပြောင်းကို အသုံးပြု၍ အကွာအဝေးကို စောင့်ကြည့်လိုက်သည်။

ပင်လယ်ထဲသို့ ဆန့်ထွက်နေသော ဤလမ်းမှာ အကျယ် တစ်ကီလိုမီတာခန့် ရှိပေသည်။ ဤလမ်းကို အမြောက်ဆံပစ်ခတ်မှုဖြင့် လွှမ်းမိုးထားရန်အတွက် အမြောက် သို့မဟုတ် တင့်ကားအမြောက်အမြားပင် မလိုအပ်ဘဲ စက်သေနတ်ပေါ့ အနည်းငယ် ရှိရုံဖြင့်ပင် လုံလောက်သည်။

“ဒီလို မြေပြင်အနေအထားက ငါတို့အတွက် အသာစီးရစေတယ်။”

ကျန်းယွင်ထျန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ရှောင်းယီသည်လည်း အဝေးကြည့်မှန်ပြောင်းကို ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒါဆို ရှေ့ကို ဆက်ပြီးချီတက်ကြတာပေါ့။”

“ဟုတ်ကဲ့။”

အကျယ် တစ်ကီလိုမီတာသာ ရှိသောကြောင့် စစ်သားများနှင့် လက်နက်များကို အလှည့်ကျ လဲလှယ်အသုံးပြု၍ အနားပေးနိုင်သည်။

ရှောင်းယီသည် ရှေ့သို့ ချီတက်နေသော စစ်တပ်ကို ကြည့်ပြီးနောက် ညွှန်ကြားလိုက်သည်။

“ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ သွားတဲ့ တခြားလမ်းကြောင်းတွေ ရှိသေးလားဆိုတာကို ကြည့်ဖို့အတွက် တိုက်လေယာဉ် နည်းနည်းလောက်ကို ဘေးနှစ်ဖက်ဆီ ပျံသန်းခိုင်းလိုက်။ သေသေချာချာ သတိထားကြဦး။”

“ဟုတ်ကဲ့...။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး ထိုတာဝန်ကို ရှုံ့တိထံသို့ လွှဲပြောင်းပေးလိုက်သည်။

ရှုံးတိတို့သည်လည်း ဘေးနှစ်ဖက်သို့ ပျံသန်းရန်အတွက် လေယာဉ်နှစ်စင်းကို ချက်ချင်း စီစဉ်လိုက်ကြတော့သည်။

ဝေဟင်ထက်တွင် မသေမျိုး လေကြောင်းတပ်ဖွဲ့ဝင်များ ရံဖန်ရံခါ ဝဲပျံနေသည်ကို မြင်တွေ့နေရသဖြင့် ရှုံးတိသည်လည်း အလွန်တရာ သတိကြီးစွာ ထားနေရသည်။

၎င်းတို့သည် ဘေးနှစ်ဖက်သို့ သွားရောက်ကင်းထောက်သည့်အခါ ထိုလေကြောင်းတပ်ဖွဲ့များနှင့် တိုးရန် အခွင့်အလမ်း အလွန်များသည်။ သူတို့၏ တိုက်လေယာဉ်များတွင် စက်သေနတ်များ တပ်ဆင်ထားသော်လည်း လက်တွေ့တွင် တစ်ခါမျှ တိုက်ပွဲမဝင်ဖူးသေးသဖြင့် စိုးရိမ်ထိတ်လန့်နေကြဆဲပင်။

သေချာပေါက်ပင် ရှုံးတိနှင့် အခြားလူများ ပျံတက်သွားပြီးနောက် ၎င်းတို့သည် မသေမျိုးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားပုံရပြီး ပျံသန်းနိုင်သော အရိုးနဂါး နှစ်ကောင်က ချက်ချင်းပင် နောက်ကနေ လိုက်လံတိုက်ခိုက်လာတော့သည်။

“ခေါင်းဆောင်ရှုံ့.. ကျုပ်တို့နောက်ကို အရိုးနဂါးတစ်ကောင် လိုက်နေတယ်။”

ကင်းထောက်က ချက်ချင်း ပြောလိုက်သည်။

“ဒါဆိုလည်း ငါတို့ စက်သေနတ်တွေရဲ့ စွမ်းအားကို သူ့ကို မြည်းစမ်းခွင့်ပေးလိုက်တာပေါ့။ ပစ်ခတ်ဖို့ ပြင်ဆင်ကြ။”

ရှုံးတိက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ။”

တိုက်လေယာဉ်၏ လက်နက်စနစ်ကို ကိုင်တွယ်ရသော စစ်သားက ပြန်လည်ဖြေကြားလိုက်သည်။

“ခေါင်းဆောင်ရှုံ့... အောက်ကို ကြည့်လိုက်ဦး။”

ကင်းထောက်က အောက်ဘက်သို့ အံ့ဩတကြီး ညွှန်ပြရင်း ရုတ်တရက် အော်ဟစ်လိုက်၏။

ရှုံးတိသည်လည်း အောက်ဘက်တွင် ယခင်လမ်းအတိုင်း အကျယ်အဝန်းတူညီသော အခြားလမ်းကြောင်းတစ်ခုကို သဘာဝကျစွာပင် သတိပြုမိသွားခဲ့ပြီး လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

“ဓာတ်ပုံရိုက်ထားလိုက်။”

“ဟုတ်ကဲ့။”

ကင်းထောက်က သူ့ဖုန်းဖြင့် ချက်ချင်းပင် ဓာတ်ပုံများ စတင်ရိုက်ကူးတော့သည်။

၎င်းတို့အနောက်ဘက်မှ အရိုးနဂါးများသည် ၎င်းတို့၏ ကန့်သတ်ချက်ရှိသော အရှိန်ကြောင့် လိုက်မမီနိုင်ဘဲ ဖြစ်နေပုံရပြီး ရှုံးတိသည်လည်း ရှေ့သို့ ဆက်လက်ပျံသန်းသွားလိုက်သည်။

“ခေါင်းဆောင်ရှုံ့... ဒီအရိုးနဂါးက အတောင်ပံတွေ ပေါက်ပြဲနေတယ် ထင်တယ်။ ကျုပ်တို့နောက်ကို လုံးဝ လိုက်မမီဘူး။”

လက်နက်ကိုင်တွယ်ရသော စစ်သားက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ နောက်ပြန်လှည့်တဲ့အခါကျမှ သူနဲ့ ပြန်ချတာပေါ့။”

မကြာမီမှာပင် ရှုံးတိနှင့် သူ၏ရဲဘော်များသည် အခြားလမ်းကြောင်းတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြန်သည်။

“ငါတို့ ပျံသန်းနေတဲ့ လမ်းကြောင်းဦးတည်ချက်၊ အရှိန်နဲ့ ကြာချိန်တွေကို မှတ်တမ်းတင်ထားလိုက်။ ပြီးတော့ ဒီလမ်းကြောင်းတွေအားလုံးကို ဓာတ်ပုံရိုက်ထား။”

“စိတ်ချပါ ခေါင်းဆောင်ရှုံ့ အားလုံး မှတ်တမ်းတင်ထားပြီးပါပြီ။”

အခန်း ၁၁၈၆

ထိုဒေသ၌ တတိယမြောက် တူညီသော လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးနောက် ရှုံ့တိတို့အဖွဲ့သည်လည်း နောက်ပြန်လှည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းမှာ တိုက်လေယာဉ်များတွင် ဆီအကန့်အသတ်သာရှိသဖြင့် အချိန်အကန့်အသတ်မရှိ ပျံသန်းနိုင်ခြင်း မရှိသောကြောင့်ပင်။

ထို့အပြင် ရှုံးတိအနေဖြင့် မိမိတို့နောက်က လိုက်လာသည့် ထိုအရိုးနဂါး၏ အစွမ်းကို စမ်းသပ်ကြည့်ချင်နေ၍လည်း ဖြစ်သည်။

“အားလုံးပဲ အမြဲတမ်း အဆင်သင့်ပြင်ထားကြ။ ငါတို့နောက်က ကပ်ပါးကောင်ကို စိန်ခေါ်တော့မယ်။”

ရှုံးတိက သတိပေးလိုက်သည်။

လူတိုင်းသည် ၎င်းတို့၏ ထိုင်ခုံခါးပတ်များကို ပြန်လည်တင်းကျပ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် “အပြတ်ချပစ်လိုက်” ဟု အော်ဟစ်လိုက်ကြ၏။

အရိုးနဂါးသည် ၎င်းတို့နောက်သို့ မလျှော့သောဇွဲဖြင့် လိုက်လံတိုက်ခိုက်နေခဲ့ရာ ယခုအခါ တိုက်လေယာဉ် နောက်ပြန်လှည့်လာသည်ကို မြင်လိုက်ရသည်နှင့် ပို၍ပင် စိတ်လှုပ်ရှားသွားပုံရပြီး ပျံသန်းမှုအရှိန်ကို အနည်းငယ် မြှင့်တင်လိုက်တော့သည်။

“ပစ်...။”

ရှုံးတိက တည်ငြိမ်သောလေသံဖြင့် အော်ဟစ်လိုက်သည်။

“ဒပ်၊ ဒပ်၊ ဒပ်...”

တိုက်လေယာဉ်ပေါ်တွင် တပ်ဆင်ထားသော စက်သေနတ်များမှာ ချက်ချင်းပင် ဟိန်းဟောက်မြည်ဟည်းသွားတော့သည်။

ဝေဟင်ထက်တွင် ပျံသန်းနေသော အရိုးနဂါးသည် တုံ့ပြန်ရန် အခွင့်အရေး လုံးဝမရရှိလိုက်ဘဲ အမြောက်ဆံများနှင့် တည့်တည့် တိုးမိသွားတော့သည်။

“ဘုန်း၊ ဘုန်း၊ ဘုန်း...”

ပျံသန်းမှုအရှိန် ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်နိုင်၏။ အမြောက်ဆံများ၏ အဖျက်စွမ်းအားမှာ မြေပြင်ပေါ်တွင် အသုံးပြုသည်ထက် ပိုမိုပြင်းထန်ပုံရပြီး အရိုးနဂါးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုံးဝ ချေမှုန်းပစ်လိုက်သည်။

ရှုံးတိနှင့် အခြားလူများသည် အရိုးမှုန့်များအဖြစ် ပြောင်းလဲသွားသော အရိုးနဂါးကို ကြည့်ကာ အံ့ဩတကြီး ငေးမောနေမိကြသည်။ အတော်ကြာမှ ရှုံးတိက စကားလိုက်သည်။

“ဒီကောင်က တကယ် ကြောက်စရာကောင်းတာပဲ။”

ကျန်လူနှစ်ဦးကလည်း ထိုအကြောင်းကို ဆွေးနွေးလာကြသည်။

“ဒီလက်နက်က ကားပေါ်မှာ တပ်ဆင်ထားတာထက် ပိုပြီးတော့ အစွမ်းထက်သလိုပဲ။”

“အင်း... ဘက်စုံသုံး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှာဆိုရင် ဒီလောက်အထိ အစွမ်းမထက်တာ သေချာတယ်။”

အရိုးနဂါးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှုံးတိနှင့် အခြားလူများသည် ရှေ့တန်းယာယီအခြေစိုက်စခန်းသို့ ချက်ချင်းပင် ပြန်လာခဲ့ကြသည်။

လေယာဉ်ဆင်းသက်ပြီးနောက် ရှုံးတိသည် ကင်းထောက်များကို ဦးဆောင်ကာ ရှောင်းယီရှိရာသို့ ချက်ချင်း အပြေးအလွှား လာခဲ့လိုက်သည်။

“ပြန်ရောက်ပြီလား။ အခြေအနေ ပြောပြပါဦး။”

ရှောင်းယီက သူ့ရှေ့ရှိ မြေပုံကို ညွှန်ပြရင်း ပြောလိုက်သည်။

သေချာသည်မှာ သူတို့ရှေ့ရှိ မြေပုံပေါ်၌ ဟင်းလင်းပြင်အက်ကွဲကြောင်းရှိမည့် နေရာမှာ ကွက်လပ်ဖြစ်နေဆဲ ဖြစ်သည်။ ရှုံးတိ ကင်းထောက်အား အစီရင်ခံရန် ချက်ချင်း အချက်ပြလိုက်သည်။

“ပအစီရင်ခံပါတယ် ကျွန်းပိုင်ရှင်၊ နည်းပြချုပ်...ကျုပ်တို့ မြောက်ဘက်ကို ပျံသန်းပြီး ပတ်ဝန်းကျင်ကို အကွေးပုံစံ ပတ်ကြည့်ခဲ့ပါတယ်။ ကျုပ်တို့ရဲ့ အရှိန်က...”

ကင်းထောက်က မြေပုံပေါ်တွင် ရေးဆွဲရင်း အစီရင်ခံလိုက်သည်။ သုံးမိနစ်ခန့်အကြာတွင် ကင်းထောက်သည် သူ၏အစီရင်ခံမှုကို အဆုံးသတ်လိုက်၏။

“ဒါတွေက ကျုပ်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ လမ်းကြောင်း သုံးခုပါ။ ပြန်လာတဲ့လမ်းမှာ အရိုးနဂါးတစ်ကောင်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။”

ရှောင်းယီက မြေပုံပေါ်မှ မျက်လုံးလွှဲကာ မော့ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပျံသန်းနိုင်တဲ့ အရိုးနဂါးတစ်ကောင်ကို သတ်ပစ်ခဲ့တာလား။”

“ဟုတ်ပါတယ် ကျွန်းပိုင်ရှင်။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

“စက်သေနတ်တွေကို တိုက်လေယာဉ်ပေါ်မှာ တပ်ဆင်လိုက်တဲ့အခါ ပိုပြီးတော့ အစွမ်းထက်လာတာကို ကျုပ်တို့ သတိပြုမိခဲ့ပါတယ်။ ရန်သူကို သတ်ဖို့ သုံးချက်ပဲ ပစ်ခတ်ဖို့ လိုအပ်ခဲ့ပြီး ကျုပ်တို့ရဲ့ လေ့လာချက်အရဆိုရင် တစ်ချက်တည်းနဲ့တင် သူတို့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“သီအိုရီအရဆိုရင် အစွမ်းက ပိုပြီးကြီးမားသင့်တာ မှန်ပါတယ်။ ပြီးတော့ ဒီစက်သေနတ်တွေက တိုက်လေယာဉ်တွေပေါ်မှာ တပ်ဆင်ဖို့အတွက် ရည်ရွယ်ထားတာပဲ။ အဲ့ဒါတွေကို စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ ပြုပြင်ပြောင်းလဲ တပ်ဆင်လိုက်တာကြောင့် သူတို့ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်တာ ဖြစ်ရမယ်။”

ရှုံးတိတို့လည်း ခေါင်းညိတ်လိုက်ကြသည်။

ရှောင်းယီသည် မြေပုံပေါ်သို့ အာရုံပြန်စိုက်လိုက်ပြီး ကင်းထောက်ရေးဆွဲထားသော လမ်းကြောင်း သုံးခုနှင့် လက်ရှိ ချီတက်နေသော လမ်းကြောင်းတို့ကို ပေါင်းစပ်ကြည့်ရှုကာ ဤနေရာ၏ မြေပြင်အနေအထားကို သူ ခန့်မှန်းမိသွားပြီဟု ခံစားလိုက်ရသည်။

ထိုစဉ်မှာပင် အခြားအဖွဲ့တစ်ဖွဲ့လည်း ပြန်ရောက်လာခဲ့ပြီး ကင်းထောက်များက ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သော လမ်းကြောင်းကို မြေပုံပေါ်တွင် မှတ်သားလိုက်ကြသည်။

“ငါထင်တဲ့အတိုင်းပဲ။”

ရှောင်းယီသည် မြေပုံပေါ်ရှိ စာလုံးအလှဆွဲရန် တစ်ချက်သာ လိုတော့သည့် “米” စာလုံးကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

အခြားအဖွဲ့သည်လည်း ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ ဦးတည်နေသော အခြားလမ်းကြောင်း သုံးခုကို ရှာဖွေတွေ့ရှိပြီး ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

ယခုအချိန်အထိ ရှောင်းယီနှင့် သူ၏အဖွဲ့သည် မြေပုံပေါ်တွင် မတူညီသော လမ်းကြောင်း ရှစ်ခုအနက် လမ်းကြောင်း ခုနစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

“ကျွန်းပိုင်ရှင်... ဒီဟင်းလင်းပြင်အက်ကွဲကြောင်းရှိတဲ့ ကျွန်းမှာ အပြင်ဘက်ကို ဦးတည်နေတဲ့ လမ်းကြောင်း ရှစ်ခု ရှိရမယ် မဟုတ်လား။”

ကျန်းယွင်ထျန်းကလည်း ဤရလဒ်ကို သဘာဝကျစွာပင် တွက်ချက်မိသွား၏။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီအတိုင်းပဲ ဖြစ်ရမယ်။ အခု ငါတို့က အနောက်တည့်တည့်အရပ်မှာ ရှိနေတာ။ ကျန်တဲ့ အရပ်မျက်နှာ ခုနစ်ခုမှာလည်း လမ်းကြောင်းတစ်ခုစီ ရှိနေရမယ်။ အခု ငါတို့က အဲ့ဒီထဲက ခြောက်ခုကို အတည်ပြုပြီးပြီဆိုတော့ နောက်ဆုံးကျန်တဲ့ လမ်းကြောင်းက အရှေ့တည့်တည့်အရပ်မှာပဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်၏။

“အကယ်၍ တခြားအရပ်မျက်နှာ ခုနစ်ခုကနေ ဘယ်သူမှ ဝင်မတိုက်ရင် မသေမျိုး မျိုးနွယ်စုတွေက ငါတို့ကို ကိုင်တွယ်ဖို့အတွက် အနောက်ဘက်မှာပဲ သူတို့ရဲ့ အင်အားအားလုံးကို စုပြုံထားနိုင်မှာ မဟုတ်ဘူးလား။”

ရှောင်းယီက အနည်းငယ် ပြုံးလိုက်သည်။

“အရင်တုန်းကလည်း သူတို့က ဒီဒေသတစ်ခုတည်းကိုပဲ ပစ်မှတ်ထားနေခဲ့တာ မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။ ငါက တစ်ယောက်ယောက်ကသာ ငါတို့ကို ဝိုင်းကူပြီး ရှေ့တိုးတိုက်ခိုက်ပေးရင် ငါတို့အတွက် ပိုပြီး လွယ်ကူသွားမလားလို့ စဉ်းစားမိလို့ပါ။”

“အဲ့ဒါလည်း အဓိပ္ပာယ်ရှိပါတယ်။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဟူကျဲ ကို ဒီအဓိက အရပ်မျက်နှာ ခုနစ်ခုမှာရှိတဲ့ မျိုးနွယ်ခြားတွေနဲ့ ဆက်သွယ်ခိုင်းလိုက်ပါ။ ငါတို့ သူတို့ကို လက်နက်တွေ ထောက်ပံ့ပေးပြီး အတူတူ ရှေ့တိုးတိုက်ခိုက်ကြမယ်။ ဘာပဲဖြစ်ဖြစ် ဒီလမ်းကြောင်းက အကျယ်တစ်ကီလိုမီတာပဲ ရှိတာဆိုတော့ အခုအချိန်မှာ ငါတို့ရဲ့ လက်နက်အများစုက နားနေတဲ့ အခြေအနေမှာ ရှိနေတာပဲ။”

“အကြံကောင်းပဲ။ ဒါပေမဲ့ တခြားမျိုးနွယ်စုတွေက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ရှေ့တိုးနိုင်ပါ့မလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ထိုစဉ် ရှောင်းယီက ဟူကျဲကို ချက်ချင်း ဆင့်ခေါ်လိုက်၏။

“အခု ငါတို့က ဟင်းလင်းပြင်အက်ကွဲကြောင်းရှိတဲ့ ကျွန်းဆီ ဦးတည်နေတဲ့ ဒီလိုလမ်းကြောင်း ရှစ်ခု ရှိနေတာကို ရှာတွေ့ထားတယ်။ ငါတို့နဲ့အတူ တပြိုင်နက်တည်း စစ်ကြောင်းဖွင့် တိုက်ခိုက်ဖို့အတွက် အခြားမျိုးနွယ်စုတွေ လိုအပ်တယ်။ ငါတို့မဟာမိတ်အဖွဲ့က လက်နက်နဲ့ ရိက္ခာအသုံးအဆောင်တွေကို ထောက်ပံ့ပေးမယ်။ သူတို့က လိုက်ပါတိုက်ခိုက်ပေးရုံပဲ။ ဒါကြောင့် မင်းကို အဆက်အသွယ်အချို့ လုပ်ခိုင်းရဦးမယ်။”

“ကောင်းလိုက်တာ။ ဒါက ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။”

ဟူကျဲက ဝမ်းသာအားရ ပြောလိုက်သည်။

“အင်း...ဒါပေမဲ့ မနက်ဖြန်မနက် ခြောက်နာရီထက် နောက်မကျစေဘဲ လမ်းကြောင်းရှင်းထားရမယ်။ မဟုတ်ရင် ငါတို့ စောင့်နေနိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကောင်းပြီ။ ဒီည သူတို့ ရှေ့တိုးတိုက်ခိုက်နိုင်အောင် ကျုပ်တို့ သွားကူညီပေးလိုက်ရမလား။”

ဟူကျဲက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“ရတာပေါ့။ သတိတော့ထားဦး။”

ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။

ဟူကျဲက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ထို့နောက် ရှောင်းယီက ကျန်းယွင်ထျန်းကို ကြည့်လိုက်သည်။။

“အစ်ကိုကျန်း... ဒီဘက်ကနေပြီးတော့လည်း ပူးပေါင်းဆောင်ရွက်ပေးပါဦး။”

“ဟုတ်ကဲ့ပါ။”

အပြင်ဘက်တွင် မှောင်လာသည်နှင့်အမျှ ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ရှေ့တိုးတိုက်ခိုက်တာကို ယာယီရပ်ဆိုင်းထားလိုက်။ အလှည့်ကျ အနားယူကြပြီး မသေမျိုးတွေ ဒီဘက်ကို အတင်းတိုးဝင်မလာနိုင်အောင်ပဲ သေသေချာချာ ထိန်းထားကြ။”

“ဟုတ်ကဲ့။”

“ဒါနဲ့... သူတို့ ပင်လယ်ထဲကနေ တိုက်ခိုက်လာတာမျိုး မဖြစ်ရအောင် ကမ်းရိုးတန်းတစ်လျှောက်မှာလည်း ခံစစ်တွေ ပြင်ဆင်ထားရမယ်။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးထဲသို့ လျှောက်ဝင်လာပြီး ကင်းထောက်ကို ရှာကာ မေးလိုက်သည်။

“ဒီနေ့ ညနေပိုင်းမှာ နောက်ထပ် မသေမျိုးပိုးကောင်တွေ ပေါ်လာတာမျိုး ရှိသေးလား။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ပိုးသတ်ဆေးကို အသုံးပြုပြီးကတည်းက မသေမျိုးပိုးကောင်တွေ အားလုံး မြေအောက်ထဲကို တိုးဝင်သွားကြပြီး အခုထက်ထိ ပြန်ထွက်မလာကြတော့ပါဘူး။”

ကင်းထောက်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ငါတို့နောက်ကွယ်ကနေ ရုတ်တရက် ရောက်လာနိုင်တဲ့အရာတွေကို ပိုပြီးတော့ သတိထားရမယ်။”

“ဟုတ်ကဲ့။”

အရာအားလုံးကို စီစဉ်ညွှန်ကြားပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဗီလာသို့ ပြန်ရန်အတွက် မြို့ပြန်လမ်းကျောက်ကို အသုံးပြုလိုက်တော့သည်။

လူတိုင်းက သူတို့နှစ်ဦးကို ထမင်းစားရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ရှောင်းယီတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ အန်းယွဲ့က မေးလိုက်သည်။

“အခု ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ။”

“အားလုံးပဲ ထမင်းစားကြရအောင်။ စားရင်းသောက်ရင်း စကားပြောကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“အခု ကျုပ်တို့ ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ ကီလိုမီတာ ၃၀၀ ခန့်အကွာက နေရာတစ်ခုအထိ ဆုတ်ခွာထားတယ်။ ပြီးတော့ အဲ့ဒီဟင်းလင်းပြင်အက်ကွဲကြောင်းက လမ်းကြောင်း ရှစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ရှိနေတာကိုလည်း ရှာတွေ့ခဲ့တယ်။”

ရှောင်းယီက ပြောပြလိုက်သည်။

ရှောင်ယီ၏ ရှင်းပြချက်ကြောင့် လူတိုင်းသည် ဤဟင်းလင်းပြင်အက်ကွဲကြောင်း တည်ရှိရာနေရာ၏ မြေပြင်အနေအထားကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားခဲ့ကြသည်။

“ဒီအပတ်ထဲမှာ သုံးရက်တောင် ကျန်သေးတာဆိုတော့ အချိန် လုံလောက်မှာပါ။”

အန်းယွဲ့က အချိန်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်သည်။

“လက်ရှိအရှိန်အတိုင်းဆိုရင်တော့ ကျုပ်တို့မှာ အချိန်အလုံအလောက် ရှိတာ အမှန်ပဲ။ ဒါပေမဲ့ မသေမျိုးတွေဘက်က တခြားအစွမ်းထက်တဲ့ လှည့်ကွက်တွေ ရှိနေဦးမလားဆိုတာကပဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ပြီးတော့ နောက်ထပ် ခက်ခဲတဲ့ ပြဿနာတစ်ခုလည်း ရှိသေးတယ်...။ ကျုပ်တို့ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီ ရောက်သွားခဲ့ရင်တောင် အဲ့ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲ။ အဲ့ဒါကမှ အဓိကပြဿနာပဲ။”

All Chapters