အခန်း (၁၁၈၉-၁၁၉၀)
Vol. 102 Ch. 1189-1190
အခန်း ၁၁၈၉
သို့သော်လည်း စနစ်က ရှောင်းယီ၏ မေးခွန်းများကို လုံးဝ လျစ်လျူရှုထားခဲ့လေသည်။
ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နံနက်စာစားရန်သာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်ပြီး တစ်ဖက်မှလည်း ဂရုချတ်ထဲတွင် လူများ ဘာတွေပြောနေကြသည်ကို ဖုန်းဖြင့် စစ်ဆေးကြည့်ရှုနေလိုက်သည်။
“ငါတို့တော့ အနောက်မြောက်ဘက်မှာ တာဝန်ကျတယ်။ ဒါပေမဲ့ အဲ့ဒီဒေသမှာ ဘယ်လိုမျိုး မျိုးနွယ်ခြားတွေ နေထိုင်လဲမသိဘူး။”
“တကယ်တော့ ဘယ်လိုမျိုးနွယ်စုပဲဖြစ်ဖြစ် သိပ်မရေးကြီးပါဘူး။ သူဌေးပြောပုံအရဆိုရင် အရပ်မျက်နှာတစ်ခုချင်းစီမှာ ယီရန်ပင်း မဟာမိတ်အဖွဲ့က စစ်ကြောင်းတွေ ရှိနှင့်ပြီးသားပဲ ဖြစ်ရမယ်။ ငါတို့က သူတို့နဲ့ပဲ ဆက်သွယ်ညှိနှိုင်းလိုက်ရုံပဲလေ။”
“ဒါလည်း ဟုတ်တာပဲ။ ယီရန်ပင်း မဟာမိတ်အဖွဲ့က လူတွေနဲ့ စကားပြောရတာက ပိုပြီး အဆင်ပြေတယ်။”
“မင်းတို့အားလုံး လူအင်အား ဘယ်လောက်လောက် ခေါ်သွားဖို့ စီစဉ်ထားကြလဲ။”
“ငါတို့မဟာမိတ်အဖွဲ့မှာလည်း စစ်တပ်တွေ လိုအပ်နေတာဆိုတော့... ထောက်ပံ့တဲ့အနေနဲ့ လူတစ်သောင်းလောက်ပဲ စေလွှတ်လိုက်မယ်။”
“ကျုပ်တို့မဟာမိတ်အဖွဲ့က သေးတော့ စစ်ကူ ငါးထောင်ပဲ ပို့နိုင်တယ်။”
“ငါတို့ဆီမှာတော့ လူနှစ်သောင်း ရှိတယ်။ အကုန်လုံး ပုံအောပြီး သွားကြတာပေါ့။”
လူတိုင်းက ယနေ့တွင် မသေမျိုးမျိုးနွယ်စုများ၏ လမ်းကြောင်းကို အုပ်စုလိုက် စစ်ကြောင်းဖွင့် တိုက်ခိုက်မည့်အကြောင်းကို တက်ကြွစွာ ဆွေးနွေးနေကြ၏။
ထိုစဉ် အန်းယွဲ့က အပြင်မှ အပြေးအလွှား ဝင်လာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်...နယ်မြေသခင်လော့နဲ့ သခင်လန်တို့က ရှေ့တန်းစစ်မျက်နှာကို သွားပြီး စစ်ကူပေးဖို့ တောင်းဆိုနေကြတယ်။”
“ဟင်...။”
ရှောင်းယီသည် ဖုန်းပေါ်မှ မျက်လုံးလွှဲကာ အန်းယွဲ့အား အနည်းငယ် အံ့ဩစွာ မော့ကြည့်လိုက်သည်။
“သူတို့ပြောတာတော့ သူတို့ရဲ့ စစ်တပ်တွေက အခုလောလောဆယ် တော်တော်လေး အားနေကြလို့ ဒီလိုမျိုး လျှောက်ထားလာတာ ဖြစ်ပါတယ်တဲ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားကြည့်လိုက်ပြီးနောက် ပြန်လည်ညွှန်ကြားလိုက်သည်။
“သူတို့ အရမ်းအားနေကြတယ်ဆိုရင် သူတို့ကို ကျောက်မီးသွေးနဲ့ သတ္တုတွင်းတွေပဲ သွားတူးခိုင်းလိုက်ပါ။ ပြီးတော့ စစ်သားအချို့ကိုတော့ အရံအင်အားအနေနဲ့ အသင့်ပြင်ထားခိုင်းလိုက်။”
ယခုအခါ ရှေ့တန်းတွင် စစ်ကူပေးမည့် မဟာမိတ်အဖွဲ့ဝင် အမြောက်အမြား ရှိနေပြီဖြစ်ရာ လူအင်အား လုံလောက်နေပြီဖြစ်ပြီး ၎င်းတို့ လောလောဆယ် သွားရန် မလိုအပ်သေးချေ။
“ဟုတ်ကဲ့ပါ။”
အန်းယွဲ့က ရှောင်းယီ၏ အမိန့်ကို လော့လင်တန်နှင့် လန်ယုံတို့ထံ လက်ဆင့်ကမ်းပြီးနောက်... ထိုနှစ်ဦးသည်လည်း မတတ်သာတော့ဘဲ အားလပ်နေသော အဖွဲ့များကို သတ္တုသိုက်များ တူးဖော်ရန်အတွက်သာ တာဝန်ခွဲဝေပေးလိုက်ရတော့သည်။
နံနက်စာ စားပြီးနောက် ရှောင်းယီသည်လည်း ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိလာခဲ့သည်။
ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ချက်ချင်း ရှေ့တက်လာပြီး မေးလိုက်၏။
“ကျွန်းပိုင်ရှင်... ဒီနေ့ ဘယ်လိုလက်နက်မျိုး သုံးမှာလဲ။”
“လက်နက် မရှိဘူး။ ဘာလက်နက်မှ မရှိဘူးဟေ့။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟမ်.. အခု တိုက်ပွဲကြီးက ရှေ့မှာ ရောက်နေပြီလေ။ မင်းမှာ လက်နက်မရှိဘူးလို့ ပြောနေတာလား။”
ကျန်းယွင်ထျန်းက မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
“မင်း ငါ့ကို အံ့ဩသွားအောင် လုပ်ချင်လို့ တမင် ဝှက်ထားတာမလား။”
ရှောင်းယီ မျက်လုံးပင့်ကြည့်လိုက်မိသည်။
“မင်း ဘယ်လိုတွေတောင် လျှောက်တွေးနေတာလဲ။ ဒီနေ့ တကယ့်ကို ဘာလက်နက်အသစ်မှမရှိဘူး။”
ရှောင်းယီ၏ ဆွံ့အပိတ်မိနေသော မျက်နှာအမူအရာကို မြင်သော်လည်း ကျန်းယွင်ထျန်းက လက်မလျှော့ချင်သေးချေ။
“တကယ် မရှိဘူးလား။”
“တကယ် မရှိဘူး။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“ဒီကိစ္စနဲ့ အာရုံနောက်မခံနေနဲ့။ အားလုံးကို အဆင်သင့်ပြင်ထားခိုင်းလိုက်။ ၈ နာရီတိတိမှာ အားလုံး လမ်းကြောင်းဆီကို စပြီး စစ်ကြောင်းဖွင့် တိုက်ခိုက်ကြမယ်။”
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားဟန်ဖြင့် ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
လက်ရှိတွင် ရှေ့တန်းစစ်မျက်နှာအားလုံးသည် အချင်းဝက် ကီလိုမီတာ ၃၀၀ ခန့်ရှိသော စက်ဝိုင်းပုံစံအတွင်း၌ ရှိနေကြသဖြင့် အကြောင်းကြားစာများ ပေးပို့ရန် အလွန် အဆင်ပြေလှပေသည်။ တိုက်လေယာဉ်များသည် ထိုဒေသတစ်ဝိုက်သို့ ပျံသန်းကာ အောက်ခြေရှိ အရပ်မျက်နှာအသီးသီးမှ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်ကြောင်းများထံသို့ ဝေါ်ကီတော်ကီများမှတစ်ဆင့် အကြောင်းကြားနိုင်ပြီး ထိုစစ်ကြောင်းများမှတစ်ဆင့် ထိုအရပ်မျက်နှာရှိ မျိုးနွယ်ခြားများနှင့် စစ်ကူလာပေးကြသော အခြားမဟာမိတ်အဖွဲ့များထံသို့ သတင်းစကားများကို ထပ်ဆင့် လက်ဆင့်ကမ်းပေးနိုင်ပေသည်။
တိုက်လေယာဉ်များသည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး အခြားအရပ်မျက်နှာများဆီသို့ ဦးတည်ပျံသန်းသွားကြတော့သည်။
တိုက်လေယာဉ်များ၏ ဟိန်းဟောက်သံကြောင့် မြေပြင်ရှိ စစ်တပ်များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေခဲ့သည်။
“ဟေး...ဘုရားဘုရား...။ အဲ့ဒါ ဘာကြီးလဲ။ အရမ်းမြန်တာပဲ။ ကြည့်ရတာ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တံဆိပ်နဲ့ တူတယ်။”
“တိုက်လေယာဉ်တွေဟေ့...။ သူဌေးရဲ့ မဟာမိတ်အဖွဲ့ထဲမှာ တိုက်လေယာဉ်တွေတောင် ပေါ်လာပြီဟ။”
“မနေ့က ရေငုပ်သင်္ဘော၊ ဒီနေ့ကျတော့ တိုက်လေယာဉ်...။ သူဌေးရဲ့ မဟာမိတ်အဖွဲ့က အခုဆိုရင် ကျည်း၊ ရေ၊ လေ သုံးသွယ်စစ်တပ် အပြည့်အစုံ ဖြစ်သွားပြီပေါ့။”
ယခင်က တိုက်လေယာဉ်များသည် ဒေသခံလူမျိုးစုများနှင့် တိုက်ခိုက်သည့် တိုက်ပွဲများတွင်သာ ပေါ်ထွက်ခဲ့ဖူးပြီး အခြားသော အသက်ရှင်ကျန်ရစ်သူများ ရှေ့မှောက်တွင် တစ်ခါမျှ မပေါ်လာဖူးခဲ့ချေ။ ယခုအကြိမ်သည် ၎င်းတို့ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြရတော့သည်။
“နှိုင်းယှဉ်နေစရာတောင် မလိုတော့ဘူး။ နောက်ဆိုရင် ငါတော့ သူဌေးရဲ့ ပေါင်ကိုပဲ အမိအရ ဖက်တွယ်ထားတော့မယ်။”
“ဟုတ်တယ်။ ငါ ယီရန်ပင်း မဟာမိတ်အဖွဲ့အကြောင်း တော်တော်များများ သိထားတယ်လို့ ထင်ခဲ့တာ။ အခုမှပဲ ငါသိတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးလောက်ပဲ ရှိသေးတယ်ဆိုတာ သဘောပေါက်သွားတော့တယ်။”
“ငါတော့ နောက်ဆိုရင် သူဌေးရဲ့ ခြေလှမ်းတွေနောက်ကိုပဲ အမြဲတမ်း အနီးကပ် လိုက်လျှောက်တော့မယ်။ တခြား ဘယ်လိုမျိုး လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အတွေးတွေကိုမှ ဘယ်တော့မှ ထပ်မတွေးတော့ဘူး။”
မကြာမီမှာပင် ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ အမိန့်များကို အရပ်မျက်နှာအသီးသီးသို့ လက်ဆင့်ကမ်း အကြောင်းကြားလိုက်၏။
နံနက် ၈ နာရီတိတိတွင် ကျန်းယွင်ထျန်းသည် ပြင်းထန်သော စစ်ဆင်ရေးကို စတင်ဆင်နွှဲရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
အမြောက်မြည်ဟည်းသံများသည်လည်း ချက်ချင်းပင် ပိုမိုပြင်းထန်လာခဲ့သည်။ ရှေ့တန်းရှိ ဂတ်တလင်စက်သေနတ်များနှင့် အပေါ့စား စက်သေနတ်များ၏ ပြောင်းဝများ အပူလွန်ကဲပြီး ပုံပျက်သွားသည်အထိ ၎င်းတို့၏ စွမ်းဆောင်ရည် အပြည့်ဖြင့် ဆက်တိုက် ပစ်ခတ်ကြတော့သည်။ ပြောင်းဝအသစ်များ လဲလှယ်ပြီးနောက်တွင်လည်း ပစ်ခတ်မှုကို မရပ်မနား ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းအနီးတွင်မူ မသေမျိုး မျိုးနွယ်စု၏ အကြီးအကဲ ကိုးဦးသည် အက်ကွဲကြောင်းအတွင်းမှ မသေမျိုးများကို ဆင့်ခေါ်ရန် ၎င်းတို့၏ အစွမ်းကုန် ကြိုးစားနေကြ၏။
ထိုစဉ် ဝတ်စုံနက်ဝတ်ဆင်ထားသော လူတစ်ဦးသည် အဝေးမှ အပြေးအလွှား ရောက်ရှိလာပြီး သတင်းပို့တင်ပြလာခဲ့သည်။
“အကြီးအကဲ... အပြင်ဘက်ကို ဦးတည်နေတဲ့ လမ်းကြောင်း ရှစ်ခုလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံနေရပါတယ်။ လမ်းကြောင်းတိုင်းမှာ လက်နက်အင်အား အပြည့်အစုံနဲ့ တိုက်ခိုက်နေကြတာပါ။ ဒါက ရှောင်းယီ စီစဉ်ထားတာပဲ ဖြစ်ရမယ်။ ကျုပ်တို့ သူတို့ကို ဆက်ပြီး ဟန့်တားထားနိုင်ဖို့ မလွယ်လောက်တော့ဘူး။”
မဟာအကြီးအကဲသည် ၎င်း၏ဆင့်ခေါ်မှုကို ခေတ္တရပ်ဆိုင်းလိုက်ပြီး အနည်ငယ် စဉ်းစားကာ အမိန့်ပေးလိုက်သည်။
“အမြောက်စာတွေကို သူတို့ကို ခဏလောက် ထိန်းထားခိုင်းလိုက်။ ပြီးရင် သူတို့ကို အတွင်းထဲအထိ ပေးဝင်လိုက်တော့။”
“အမိန့်အတိုင်းပါ။”
ဝတ်စုံနက်နှင့်လူသည် ဦးညွှတ်ဂါရဝပြုပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
တစ်တန်းလျှင် တင့်ကား ၂၅၀ စီးစီဖြင့် တင့်ကားနှစ်တန်းသည် လမ်းကြောင်းတစ်ခုချင်းစီအလိုက် ဘေးချင်းယှဉ်လျက် ချီတက်နေကြ၏။ ထိုတင့်ကားနှစ်တန်းသည် တစ်လှည့်စီ ပစ်ခတ်ကာ ရှေ့မှလမ်းကို ရှင်းလင်းပေးနေကြခြင်း ဖြစ်သည်။
တင့်ကားများ၏ နောက်တွင်မူ မျိုးနွယ်ခြားများနှင့် စစ်ကူလာပေးကြသော အခြားမဟာမိတ် စစ်တပ်များ ရှိနေကြသည်။
တင့်ကားများ၏ အမြောက်ဒဏ်မှ လွတ်မြောက်လာသော မသေမျိုးများကို သူတို့က အနောက်မှနေ၍ အလွယ်တကူပင် လိုက်လံနှိမ်နင်းနိုင်ခဲ့ကြ၏။ သူတို့သည် တိုက်ပွဲဝင်ရင်း စကားစမြည်ပြောရန်ပင် အချိန်ရနေကြသေးသည်။
“ယီရန်ပင်းက တကယ့်ကို ကြီးမားပြီး အစွမ်းထက်တဲ့ ကုမ္ပဏီကြီးပဲ။ အရပ်မျက်နှာတစ်ခုတည်းမှာတင် တင့်ကားအစီးရေ ငါးရာတောင် သုံးထားတယ်။ အကယ်၍ အရပ်မျက်နှာ ရှစ်ခုလုံးမှာသာ ဒီလို သုံးထားတာဆိုရင် တင့်ကား စုစုပေါင်း လေးထောင်တောင် ရှိတယ်။”
“ဟုတ်တယ်။ တင့်ကားတွေ အများကြီးရှိတာက ပုံမှန်ပါပဲ။ ယီရန်ပင်း မဟာမိတ်အဖွဲ့က တခြားလူတွေကို ရောင်းချထားတဲ့ အရေအတွက်ကတင် ဒီထက်မက အများကြီး ပိုများဦးမှာ။”
“အတိအကျပဲ။ မင်းတို့ကလည်း အသေးအဖွဲလေးကို အကြီးအကျယ် လုပ်လို့။ ငါ့အမြင်အရဆိုရင် အနောက်က စစ်သည်သယ်ဆောင်ရေးယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ လက်နက်တွေက ပိုတောင် အစွမ်းထက်သေးတယ်။”
“အင်းလေ... အဲ့ဒီကျည်ဆန်ကို ကြည့်လိုက်။ အကြီးကြီးပဲ။ အမြောက်အသေးစားလေးကျနေတာပဲ။”
“ပြီးတော့ ဟိုဟာကိုကြည့်လိုက်ဦး။ သေနတ်ပြောင်းတွေ အများကြီးနဲ့။ တော်တော်လေးတော့ ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ ဘာလက်နက်လဲတော့ မသိဘူး။”
“အဲ့ဒီ ပြောင်းဝအများကြီး ပါတဲ့ဟာက ဂတ်တလင် စက်သေနတ်ကြီးလေ။ စက်သေနတ်အကြီးစားပေါ့။ အမြောက်အသေးစားလေးနဲ့ တူတဲ့ဟာက လေယာဉ်ပစ် စက်သေနတ်ဖြစ်လိမ့်မယ်။”
“ဂတ်တလင် စက်သေနတ်လား...။ လေယာဉ်ပစ် စက်သေနတ်လား...။ သေစမ်း...ငါတို့မဟာမိတ်အဖွဲ့က အခုထိ စက်သေနတ် ထုတ်လုပ်မှုပုံစံ တစ်ခုတောင် မရသေးဘူး။ သူဌေးတို့ဆီမှာကျ ပုံစံခွက်တွေတောင် တစ်ခုထက်မက ရှိနေပြီ။”
ဤလက်နက်များကို စနစ်တကျ စစ်ကြောင်းအလိုက် အမြောက်အမြား အသုံးပြုနိုင်ခြင်းမှာ ထုတ်လုပ်မှုပုံစံများဖြင့် ဘယ်လိုမှ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ပုံစံခွက်များသာ ဖြစ်ရမည်။
“ဒီနေ့တော့ ငါ တကယ့်ကို လုံးဝ လက်ခံသွားပြီ။ ဒီကမ္ဘာမှာ တကယ့်ကို ကံထူးရှင်တွေ ရှိနေတယ်ဆိုတာ အခုမှပဲ ယုံတော့တယ်။”
“အဟုတ်ပဲ။ ဒီအတိုင်းသာ ဆက်တိုက်သွားရင် ဒီနေ့တင် တိုက်ပွဲပြီးသွားပြီး မသေမျိုးတွေကို အပြတ်အသတ် ချေမှုန်းနိုင်လောက်တယ်။”
“ဒီလမ်းကြောင်းပေါ်က မသေမျိုးတွေ ဒီလောက်ပြင်းထန်တဲ့ ပစ်ခတ်မှုစွမ်းအားကို ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူးလို့ ငါ ခံစားရတယ်။”
“ဒါတော့ မသေချာသေးဘူး။ အရင်တုန်းက သူဌေး ပြောခဲ့တဲ့ မသေမျိုးမျိုးနွယ်စုရဲ့ ထိပ်တန်းအစွမ်းထက်တဲ့ ကောင်တွေထဲက တစ်ကောင်မှ အခုထိ ပေါ်မလာသေးတာ မင်းတို့ သတိထားမိကြလား။”
“မသေမျိုးတွေက ဒီလောက်မရိုးရှင်းဘူး။ သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ငါတို့ကို ဒီလောက်အလွယ်တကူ ကိုင်တွယ်ခွင့် ပေးမှာမဟုတ်ဘူး။”
ထိုသို့ ဆွေးနွေးငြင်းခုံနေကြစဉ်မှာပင် ရှေ့တန်းစစ်မျက်နှာက ဆက်လက်၍ ရှေ့တိုးလာခဲ့သည်။
အနောက်ဘက် လမ်းကြောင်းတစ်လျှောက်တွင် ရှောင်းယီတို့အဖွဲ့သည် ကီလိုမီတာ နှစ်ရာနီးပါးခန့်အထိ ချီတက်လာခဲ့ပြီးပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင်...”
ကျန်းယွင်ထျန်းက သူ့မှန်ပြောင်းကို အောက်သို့ချလိုက်ပြီး ပြောလိုက်သည်။
“ရှေ့က အမြောက်စာတွေ ကုန်သွားပြီ။ ကြည့်ရတာ သူတို့ ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ကြိုးစားနေတဲ့ ပုံပဲ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ လမ်းကြောင်းပေါ်ရှိ မသေမျိုးများ၏ အရေအတွက်မှာ တဖြည်းဖြည်း ကျဲပါးသွားခဲ့ပြီ ဖြစ်သည်။
“သူတို့က ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းချင်မှတော့... အထဲအထိဝင်ပြီး သူတို့ ငါတို့အတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာ သွားကြည့်ကြတာပေါ့။”
ရှောင်းယီသည် ကမ်းရိုးတန်းကို လှမ်းမြင်နေရပြီဖြစ်သော အဝေးမှ ကျွန်းကြီးကို မျက်မှောင်ကြုတ် ကြည့်ရင်း ပြောလိုက်တော့သည်။
အခန်း ၁၁၉၀
မကြာမီမှာပင် လမ်းကြောင်းများပေါ်ရှိ မသေမျိုးအားလုံးကို ရှင်းလင်းလိုက်နိုင်ပြီး မည်သူ့မျက်စိတစ်ဆုံးတွင်မှ မသေမျိုးတစ်ကောင်မျှ ပေါ်မလာတော့ချေ။
“ဒါပဲလား။ ဒါက သိပ်ကို လွယ်ကူလွန်းနေတယ်။”
“တိုက်ပွဲက လုံးဝ မပြီးသေးတာ ကျိန်းသေတယ်။ မသေမျိုးတွေ ဘာတွေ ကြံစည်နေလဲ မသိဘူး။”
“ဒါပေမဲ့ ရှေ့မှာ ဘာမသေမျိုးမှ မမြင်ရတော့ဘူးလေ။”
“အဆုံးသတ်မှာ ငါတို့ကို စောင့်ကြိုနေတာ ဖြစ်နိုင်တယ်။”
“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ။”
“သူဌေး ယီရန်ပင်းရဲ့ အမိန့်ကိုပဲ စောင့်ကြတာပေါ့။ ဒါက ငါတို့ဘာသာ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။”
မသေမျိုးများ မရှိတော့သည့်အတွက် လမ်းကြောင်းတစ်လျှောက်ရှိ စစ်ကြောင်းအားလုံးသည် ကီလိုမီတာ နှစ်ရာခန့် ရှေ့တိုးပြီးနောက် ရပ်တန့်လိုက်ကြသည်။
“ကျွန်းပိုင်ရှင်... အခု အခြားအရပ်မျက်နှာကလူတွေကို ဆက်ပြီး ရှေ့တိုးခိုင်းလိုက်ရမလား။”
ကျန်းယွင်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ်ရင်း မေးလိုက်သည်။ ရှောင်းယီသည် လမ်းကြောင်း၏ အဆုံးသတ်ကို လှမ်းမြင်နေရသည့်အလား အဝေးသို့ စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“မသေမျိုးတွေက ငါတို့ကို ဒီအတိုင်း အလွယ်တကူ ဖြတ်ကျော်ခွင့်ပေးလိမ့်မယ်လို့ မင်း ထင်လို့လား။”
ကျန်းယွင်ထျန်း ခဏကြာအောင် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ငါသာ မသေမျိုးတစ်ကောင်ဆိုရင်... လမ်းကြောင်းနဲ့ ကျွန်း ဆက်သွယ်ထားတဲ့နေရာမှာ ခံစစ်တွေ ကျိန်းသေ ပြင်ဆင်ထားမှာပဲ။ အဲ့ဒီလိုဆိုရင် ဒီစစ်ကြောင်းတွေက ကျွန်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။”
မျိုးနွယ်ခြားများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ ပူးပေါင်းစစ်တပ်များသည် ကျဉ်းမြောင်းသော လမ်းကြောင်းများပေါ်တွင် အုပ်စုလိုက် တိုက်ခိုက်ရသည့် အားသာချက်ကို အသုံးမချနိုင်သဖြင့် ၎င်းတို့ကို လမ်းကြောင်းအဆုံးတွင် ပိတ်ဆို့ထားရန်မှာ အလွန် လွယ်ကူလှပေသည်။
ရှောင်းယီက ခေါင်းညိတ်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
“တစ်နည်းအားဖြင့် ပြောရရင်... သူတို့က ငါတို့ကို ပိတ်ဆို့ဖို့အတွက် လမ်းကြောင်းအဆုံးမှာ စစ်တပ်တွေကို အမြောက်အမြား စုပြုံထားနိုင်ခြေ အရမ်းများတယ်။”
“ဟုတ်တယ်။”
“အဲ့ဒီလိုဆိုရင်... အခြားအရပ်မျက်နှာကလူတွေကို လက်ရှိရောက်နေတဲ့နေရာမှာပဲ ခံစစ်တွေ တည်ဆောက်ပြီး ရှေ့ဆက်မတိုးကြဖို့ အကြောင်းကြားလိုက်။”
ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်၏။ ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ရှောင်းယီ၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့လေသည်။
တစ်ဖက်လူက လူတွေကို ပိတ်ဆို့ဖို့ လမ်းကြောင်းအဆုံးမှာ စစ်တပ်တွေ ချထားမယ်ဆိုမှတော့... ငါတို့ အဲ့ဒီကို မသွားဘူး။ အဲ့ဒီတော့ မင်း ငါ့ကို ဘာနဲ့ပိတ်ဆို့မလဲ။
မသေမျိုးများသည် အရပ်မျက်နှာ ရှစ်ခုလုံးသို့ အင်အားခွဲထားသဖြင့် ရှောင်းယီသည် သူ၏အင်အားများကို စုစည်းကာ အရပ်မျက်နှာတစ်ခုတည်းကိုသာ အဓိကထား တိုက်ခိုက်တော့မည် ဖြစ်သည်။
အမိန့်ကို တိုက်လေယာဉ်များနှင့် ဝေါ်ကီတော်ကီများ အသုံးပြုသည့် နည်းလမ်းဟောင်းအတိုင်းပင် ထပ်ဆင့် လက်ဆင့်ကမ်း အကြောင်းကြားလိုက်သည်။
“ကျေးဇူးပြု၍ လက်ရှိရောက်နေတဲ့နေရာမှာပဲ ခံစစ်တွေ တည်ဆောက်ပြီး ခံစစ်ကိုပဲ အဓိက အာရုံစိုက်ထားကြပါ။ ရှေ့ဆက်တိုးဖို့ မလိုဘူး။”
ထိုအမိန့်ကို ကြားလိုက်ရသောအခါ မျိုးနွယ်ခြားများနှင့် အသက်ရှင်ကျန်ရစ်သူ စစ်ကြောင်းအားလုံး ဆွံ့အသွားကြရသည်။
“ဒါက ဘာသဘောလဲ။ ငါတို့ ရှေ့ဆက်တိုးစရာ မလိုတော့ဘူး ဟုတ်လား။”
“မသေမျိုးတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့အတွက် သူဌေးက ငါတို့ကို ဒီမှာပဲ နေခိုင်းတာ ဖြစ်လိမ့်မယ်။”
“မှန်တယ်။ ငါတို့ ဒီမှာ ရှိနေတော့ သူတို့လည်း ကာကွယ်ဖို့အတွက် စစ်တပ်တွေ ချထားရတာပေါ့။ အဲ့ဒီတော့ တခြားအရပ်မျက်နှာတွေကို သွားပြီး စစ်ကူမပေးနိုင်တော့ဘူး။ ငါ့အထင်တော့ သူဌေးရှိနေတဲ့ အရပ်မျက်နှာကမှ အဓိက တိုက်စစ်ဆင်မယ့် လမ်းကြောင်း ဖြစ်ရမယ်။”
“အဓိပ္ပာယ်ရှိတယ်။ သူဌေးကတော့ တကယ် အထာကျတာပဲ။”
အခြားအရပ်မျက်နှာများရှိ တိုက်ပွဲများကို ရပ်တန့်ရန် အကြောင်းကြားပြီးနောက် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ငါတို့ ဆက်ပြီး ချီတက်မယ်။”
“ဟုတ်ကဲ့။”
ယီရန်ပင်း မဟာမိတ်စစ်ကြောင်းနှင့် ဧရာမဘီလူးကြီးများအားလုံး ရှေ့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။
တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ရှောင်းယီတို့အဖွဲ့သည် လမ်းကြောင်း၏ အဆုံးသတ်ဖြစ်သော ကျွန်းနှင့် ဆက်သွယ်ထားသည့် နေရာကို လှမ်းမြင်လိုက်ရ၏။ ထင်ထားသည့်အတိုင်းပင် ထိုဆက်သွယ်မှု လမ်းဆုံတွင် ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်များစွာ သိပ်သည်းစွာ စောင့်ကြိုနေကြလေသည်။
“ငါထင်တဲ့အတိုင်း ဒီမှာ အကုန်စောင့်နေကြတာပဲ။”
ရှောင်းယီက လှောင်ပြုံးပြုံးလိုက်၏။
“အခုချက်ချင်း တိုက်ခိုက်ကြ။ အရင်တုန်းက ဓားနဲ့ဒိုင်းကိုင်အရိုးစုတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းလမ်းအတိုင်းပဲ သုံး။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး တိုက်ပွဲတွင် ပါဝင်ရန် ရှေ့တန်းသို့ ကိုယ်တိုင် ထွက်ခွာသွားတော့သည်။
“ဒိုင်း ဒိုင်း ဒိုင်း”
လက်ရှိတွင် ရှေ့တန်း၌ စစ်သေနတ်အပေါ့စားများ၊ ဂတ်တလင် စက်သေနတ်များ၊ အော်တိုအမြောက်များ၊ ၎င်းတို့နောက်မှ တင့်ကားများနှင့် ကာဘိုင်ရိုင်ဖယ်များဖြင့် ထောက်ပံ့ပေးထားသဖြင့် ပစ်ခတ်မှုစွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသည်။
“အားလုံးပဲ ကိုယ့်နေရာကို မြဲမြဲထိန်းထားကြ။ ရှေ့ကို အတင်းမတိုးနဲ့။ အဲ့ဒီ ဓားနဲ့ဒိုင်းကိုင်အရိုးစုတွေကိုပဲ အရင်အပြတ်ရှင်းမယ်။”
ကျန်းယွင်ထျန်းက ဂတ်တလင် စက်သေနတ်ကို ကိုယ်တိုင်မောင်းနှင်ရင်း အော်ဟစ်ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့။”
“ဘုန်း၊ ဘုန်း၊ ဘုန်း...”
“ဒိုင်း ဒိုင်း ဒိုင်း...”
အလွန်အမင်းများပြားလှသော အဆင့်မြင့်လက်နက်များ၏ စုပြုံပစ်ခတ်မှုအောက်တွင် ထူထဲလှသော ချပ်ဝတ်တန်ဆာများ ဆင်ယင်ထားသည့် ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်များပင်လျှင် ထိုထိုးစစ်ကို မတောင့်ခံနိုင်တော့ဘဲ တစ်ကောင်ပြီးတစ်ကောင် လဲပြိုကျသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် နောက်ကွယ်မှ ဝတ်စုံနက် တပ်မှူးသည် သူ၏အစွမ်းထက်လှသော စစ်တပ်ကြီး တစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးနေသည်ကို မြင်သောအခါ အလွန်တရာ ပူပန်သောကရောက်သွားပြီး စိတ်အာရုံဖြင့် မြင်တွေ့နေရသည့် ပုံရိပ်များကို ဟင်းလင်းပြင်အက်ကွဲကြောင်းရှိရာနေရာသို့ ချက်ချင်းပင် ပြန်လည်ပေးပို့လိုက်တော့သည်။
“အကြီးအကဲ... အခြေအနေ မဟန်တော့ဘူး။ ရှောင်းယီက သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး ကျုပ်တို့ကျွန်းရဲ့ အစွန်းနားအထိ ရောက်နေပြီ။ အခြားအရပ်မျက်နှာက စစ်ကြောင်းတွေက လှုပ်တောင်မလှုပ်ဘူး။ သူတို့တစ်ဖွဲ့တည်းကပဲ အရပ်မျက်နှာတစ်ခုတည်းကို ဇွတ်အတင်း ထိုးဖောက်ဝင်ရောက်နေတယ်။ ဓားနဲ့ဒိုင်းကိုင်အရိုးစုတွေ အကျအဆုံး အရမ်းများနေပြီ။ အနောက်ဘက်လမ်းကြောင်းကြီး တစ်ခုလုံး ထိုးဖောက်ခံရတော့မယ့် အခြေအနေ ဖြစ်နေပြီ။”
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ဝန်းကျင်၌ ထူထဲလှသော မြှူခိုးနက်ကြီးများ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
“ဒီရှောင်းယီက တကယ့်ကို ရွံစရာကောင်းတဲ့ကောင်ပဲ။ အခြားအရပ်မျက်နှာကလူတွေ မလှုပ်ရှားတော့ ငါတို့ရဲ့ခံစစ်အင်အားတွေကိုလည်း ရွှေ့လို့မရဘူး ဖြစ်နေတယ်။ ငါတို့ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မှာလား။”
“ဟုတ်တယ် အကြီးအကဲ...ကျုပ်တို့ ဘာလုပ်ကြမလဲ။ အကယ်၍ သူတို့သာ အနောက်ဘက်ကနေ ဖောက်ထွက်သွားရင်... ကျုပ်တို့ အခြားအရပ်မျက်နှာတွေကိုလည်း ဆက်ပြီး ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။”
“ကျုပ်ကတော့ လေကြောင်းတပ်ဖွဲ့တွေကို စစ်ကူလွှတ်ဖို့ အကြံပြုချင်တယ်။ အဲ့ဒီလိုဆိုရင် အခြားအရပ်မျက်နှာက ခံစစ်တွေကို ထိစရာမလိုတော့ဘူး။”
“မှန်တယ်။ ရှောင်းယီရဲ့အဖွဲ့က လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုစွမ်းအားအပိုင်းမှာ တော်တော်လေး အားနည်းတယ်လို့ ငါအမြဲတမ်း ခံစားနေရတယ်။”
မဟာအကြီးအကဲက အနည်းငယ် စဉ်းစားလိုက်၏။
“ကောင်းပြီ... ဒါဆိုရင် လေကြောင်းတပ်ဖွဲ့တွေကို အဲ့ဒီဘက် သွားဖို့ စီစဉ်လိုက်။”
“အမိန့်အတိုင်းပါ။”
မဟာအကြီးအကဲ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်း၏ဗဟိုချက်မဆီမှ နေ၍ မသေမျိုးလေကြောင်းတပ်ဖွဲ့ အမြောက်အမြားသည် ပုရွက်ဆိတ်အုံကြွလာသကဲ့သို့ ဝေါခနဲ ပျံသန်းထွက်ခွာလာကြတော့သည်။
ထိုအခါ ကျွန်းပေါ်က အခြေအနေကို မှန်ပြောင်းဖြင့် စောင့်ကြည့်နေခဲ့သော ရှောင်းယီက လှောင်ပြုံးပြုံးလိုက်၏။
“ငါတို့နောက်က ကိုယ်တိုင်မောင်း လေယာဉ်ပစ်အမြောက်တွေကို ချက်ချင်း အရှေ့ကို ယူလာခဲ့ကြစမ်း။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် နောက်သို့ ပြေးထွက်သွားတော့သည်။ အကြောင်းမှာ သူကိုယ်တိုင်ပင် ဤလက်နက်အမျိုးအစားအသစ်ကို တစ်ခါမျှ မကစားဖူးသေးသောကြောင့် ဖြစ်သည်။
မကြာမီမှာပင် ကိုယ်တိုင်မောင်း လေယာဉ်ပစ်အမြောက် စုစုပေါင်း ငါးရာတိတိကို ရှေ့သို့ ယူဆောင်လာခဲ့ကြပြီး လမ်းကြောင်းပေါ်တွင် သေသေသပ်သပ် အတန်းလိုက် နေရာချလိုက်ကြတော့သည်။
အကွာအဝေးက နီးကပ်လှသဖြင့် မသေမျိုးလေကြောင်းတပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။
“အစ်ကိုကျန်း... အကုန်လုံး အစ်ကို့လက်ထဲပဲ အပ်လိုက်ပြီနော်။ ဒီတစ်ခေါက် သူတို့ရဲ့ လေကြောင်းတပ်ဖွဲ့ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကျော်လောက်ကို အပြတ် ဖြုတ်ချပစ်ရမယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“စိတ်ချစမ်းပါ ကျွန်းပိုင်ရှင် ငါ့ကိုသာ လွှဲထားလိုက်။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်နှစ်ဖက်ကို အချင်းချင်း ပွတ်သပ်ရင်း ပြောလိုက်သည်။
ကောင်းကင်ယံထက်တွင် ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ သိပ်သည်းလှသော လေကြောင်းတပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ ရှေ့တန်းရှိ ဧရာမဘီလူးကြီးများမှာမူ အနည်းငယ် စိုးရိမ်ပူပန်သွားကြ၏။
ယခင်တိုက်ပွဲများ၌ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အားနည်းချက်မှာ လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုစွမ်းအား မလုံလောက်ခြင်းဖြစ်ကြောင်း ကျားကျန့်တို့ သိထားကြသည်။
မဟာမိတ်အဖွဲ့သည် မြင့်မားသော ကောင်းကင်ယံ၌ ပျံသန်းနေသည့် လေကြောင်းတပ်ဖွဲ့ အမြောက်အမြားကို ကိုင်တွယ်ဖြေရှင်းရာ၌ စိန်ခေါ်မှုကြီးမားလှသည်။
“ဟူး... ဒီက မသေမျိုးလေကြောင်းတပ်ဖွဲ့တွေက အရင်ကထက်တောင် ပိုပြီးသန်မာလာမှာ သေချာတယ်။ ကြည့်ရတာ ဒါက ခက်ခဲတဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ် ထင်တယ်။”
ကျားကျန့်က ကောင်းကင်ထက်ရှိ အရိုးနဂါးများကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
ဟူကျဲက ခေါင်းညိတ်လိုက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းယွင်ထျန်းနှင့် သူ့လူများ ယခုတင် ယူဆောင်လာခဲ့ကြသော ကိုယ်တိုင်းမောင်း လေယာဉ်ပစ်အမြောက်များကို လှမ်းမြင်လိုက်ရသည်။
“ခေါင်းဆောင်... ဟိုမှာကြည့်လိုက်ဦး။ ကျွန်းပိုင်ရှင်က လက်နက်အသစ်တွေ ထပ်ပြီး ထုတ်လိုက်ပြန်ပြီ ထင်တယ်။”
ဟူကျဲက သူ့နောက်သို့ ညွှန်ပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ကျားကျန့် နောက်သို့လှည့်ကြည့်လိုက်ရာ ကောင်းကင်သို့ ထောင်မတ်နေသော အမြောက်ပြောင်းဝကြီးများကို မြင်တွေ့လိုက်ရသဖြင့် အလားတူပင် အံ့ဩသွားရတော့သည်။
ထိုအမြောက်ပြောင်းဝများသည် ကောင်းကင်သို့ သိသိသာသာ ဦးတည်ထားပြီး တင့်ကားအမြောက်ပြောင်းဝများထက်ပင် ပစ်ခတ်မှုထောင့် ပိုမိုမြင့်မားလှသည်။
“ကျွန်းပိုင်ရှင်ကတော့ အမြဲတမ်း ငါတို့ကို အံ့ဩအောင် လုပ်နိုင်တာပဲ။”
သူ့စကားပင် မဆုံးသေးမီမှာပင်... မသေမျိုးလေကြောင်းတပ်ဖွဲ့များသည် လေယာဉ်ပစ်အမြောက်များ၏ ပစ်ခတ်မှုအတိုင်းအတာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ကိုယ်တိုင်းမောင်း လေယာဉ်ပစ်အမြောက်ကြီးများသည်လည်း ချက်ချင်းပင် ဟိန်းဟောက်မြည်ဟည်းသွားတော့သည်။
“ဝုန်း၊ ဝုန်း၊ ဝုန်း...”
ထိုလေယာဉ်ပစ်အမြောက်များသည် ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် အမြောက်ဆံများကို ပစ်လွှတ်လိုက်ရာ အောက်သို့ ထိုးဆင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသော မသေမျိုးများကို တည့်တည့် ထိမှန်သွားတော့သည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း...”
အမြောက်ဆံထိမှန်သွားသော မသေမျိုးများသည် ချက်ချင်းပင် တစ်စစီ ကြေမွသွားခဲ့ပြီး အရိုးစအပုံလိုက်အဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ တဝုန်းဝုန်း ကျဆင်းလာခဲ့တော့သည်။
ကျန်းယွင်ထျန်း ညွှန်ကြားထားသည့်အတိုင်း ထိုလေယာဉ်ပစ်အမြောက်များသည် မည်သည့်ရပ်နားမှုမျှမရှိဘဲ တစ်စီးပြီးတစ်စီး ဆက်တိုက် ပစ်ခတ်နေခဲ့ကြသည်။
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ထက်မှနေ၍ အရိုးမိုးကြီး ရွာသွန်းလာခဲ့တော့သည်။
မသေမျိုးလေကြောင်းတပ်ဖွဲ့များသည် ကိုယ်တိုင်မောင်း လေယာဉ်ပစ်အမြောက်များ ဖန်တီးထားသော သိပ်သည်းလှသည့် ပစ်ခတ်မှုကွန်ရက်ကြီးကို လုံးဝ ကျော်ဖြတ်နိုင်ခြင်း မရှိကြတော့ပေ။