← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 36 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 36 Ch. 361-362

အခန်း (၃၆၁) - အဆင့်ကိုး

“တော်တော်မြတ်တာပဲ”

ရွှီနင်၏ ဟင်းလင်းပြင်လက်စွပ်ထဲတွင် လျှို့ဝှက်အပိုင်းအစများဖြင့် ပြည့်နှက်နေလေသည်။

နောက်ဆုံးအကြိမ် အရင်းအမြစ်များ ပေါက်ကွဲထွက်ပေါ်မှု ပြီးဆုံးသွားချေပြီ။ မျှော်စင်ပိတ်တော့မည်ဖြစ်ရာ မျှော်စင်အတွင်း ဝင်ရောက်နေသော မှော်ပညာရှင်များသည် မကြာမီ အပြင်သို့ နှင်ထုတ်ခံရတော့မည် ဖြစ်သည်။

‘မျှော်စင်ထဲမှာ အရင်းအမြစ်တွေ တော်တော်ကြွယ်ဝတာပဲ...’

မျှော်စင်ထဲရှိ အရင်းအမြစ်များ မည်သည့်နေရာမှ ရောက်လာသည်ကို ရွှီနင် အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသွားသည်။

အကယ်၍ အဆင့်တစ်ဆယ် မှော်ပညာရှင်သုံးဦးက ဤအရင်းအမြစ်များကို ကြိုတင်သိုလှောင်ထားခဲ့ခြင်းဆိုပါက ထိုအချိန်က သူတို့သိုလှောင်ထားသည့် ပမာဏမှာ မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ချေ။

‘ဟင်းလင်းပြင်ကြီး ပုံပျက်လာပြီပဲ...’

ဟင်းလင်းပြင်ထဲမှ သိမ်မွေ့သော လှိုင်းဂယက်တစ်ခုကို ရွှီနင် ခံစားလိုက်ရသည်။

မကြာမီတွင် လှိုင်းဂယက်များမှာ ပိုမိုပြင်းထန်လာလေတော့သည်။

ဝှစ်...

ရုတ်တရက် ရွှီနင်၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်များ ပုံပျက်သွားကာ နေရာရွှေ့ပြောင်းခံရသည့် ခံစားချက်မျိုး ထပ်မံဖြစ်ပေါ်လာလေသည်။

ရွှီနင် အာရုံပြန်လည်ရရှိလာချိန်တွင် မျှော်စင်အပြင်ဘက်သို့ ရောက်ရှိနေခဲ့ချေပြီ။

‘ငါ အပြင်ပြန်ရောက်လာပြီပဲ...’

ရွှီနင်၏ ရှေ့တွင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော မှော်မျှော်စင်ကြီးက မားမားမတ်မတ် ရပ်တည်နေသည်။

ရွှီနင်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မျှော်စင်အပြင်ဘက်တွင် ယခင်က ဝင်ရောက်သွားခဲ့ကြသော မှော်ပညာရှင်အားလုံး ရှိနေကြသည်။

‘လူတွေ သုံးဆယ်၊ လေးဆယ်ရာခိုင်နှုန်းလောက် လျော့သွားပါလား...’

ရွှီနင် စိတ်ထဲမှ ခန့်မှန်းတွက်ချက်လိုက်သည်။

မဝင်ရောက်မီက အင်အားစုအသီးသီးမှ လူတစ်ထောင်ကျော်ခန့် ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ခြောက်ရာ၊ ခုနစ်ရာခန့်သာ ကျန်ရှိတော့သည်။

‘မျှော်စင်ထဲမှာ အန္တရာယ်တွေ ရှိနေသေးတာပဲ...’

ရွှီနင် မျှော်စင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က သူသည် အဆင့်ခုနစ် မှော်ပညာရှင်သာ ရှိသေးသည်။

ထိုစဉ်က သူသည်လည်း အသက်အန္တရာယ်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဖူးလေသည်။

‘ကောင်းမိသားစုနဲ့ သွားပူးပေါင်းရမယ်...’

ရွှီနင်သည် ကောင်းမိသားစုဝင်များကို စတင်ရှာဖွေလိုက်သည်။

မကြာမီတွင် ကောင်းယွီကျိကို ရွှီနင် တွေ့ရှိသွားသည်။

ကောင်းယွီကျိ၏ ဘေးပတ်လည်တွင် လူအချို့ ဝိုင်းရံနေကြသည်။

“ရွှီနင်... ဘယ်လိုနေလဲ၊ ပစ္စည်းတွေ တော်တော်များများရခဲ့လား”

ရွှီနင် ဘေးမသီရန်မခ ထွက်လာသည်ကို မြင်လိုက်ရမှသာ ကောင်းယွီကျိလည်း စိတ်အေးသွားရတော့သည်။

နောက်ဆုံးအကြိမ် အရင်းအမြစ်များ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် အင်အားစုများစွာ စတင်တိုက်ခိုက်ခဲ့ကြသဖြင့် ထိခိုက်ဒဏ်ရာရသူများ အလွန်များပြားခဲ့လေသည်။

“တော်တော်လေး မြတ်လာတယ်”

ရွှီနင်က ပြန်ဖြေလိုက်သည်။

သူ့လက်ထဲရှိ လျှို့ဝှက်အပိုင်းအစများကို စွမ်းအင်ယူနစ် သန်း ၅၀ မှ သန်း ၈၀ အထိ လဲလှယ်နိုင်လိမ့်မည်ဟု ရွှီနင် ခန့်မှန်းထားသည်။

“ဒါဆိုရင်လည်း ကောင်းတာပေါ့”

ကောင်းယွီကျိ ပြုံးလိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည်လည်း အများအပြား ရရှိလာခဲ့သည်။

သူရရှိခဲ့သော အရင်းအမြစ်များအပြင် လျှို့ဝှက်အပိုင်းအစများကိုလည်း မိသားစုထံမှ သူလိုအပ်သည့် ပစ္စည်းများနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။

သူလဲလှယ်မည့် အရင်းအမြစ် အမြောက်အမြားကြောင့် မိသားစု၏ သိုလှောင်ထားမှုများ ကုန်ခန်းသွားမည်ကို ကောင်းယွီကျိ စိုးရိမ်ပူပန်ခြင်း မရှိပေ။

မှော်ပညာမြို့တော်ရှိ ထိပ်တန်းမိသားစုများသည် မြို့တွင်း၌သာ အခြေစိုက်ထားသော်လည်း မြို့အပြင်ဘက်တွင်လည်း ဌာနခွဲများ ရှိကြလေသည်။

မှော်ပညာရှင်ကမ္ဘာတွင် အရင်းအမြစ်များစွာသည် အဆင့်မြင့် လမ်းကြောင်းများမှတစ်ဆင့် မှော်ပညာမြို့တော်သို့ စီးဝင်လာလေ့ရှိသည်။

မကြာမီမှာပင် မျှော်စင်ထဲမှ ထွက်လာသော ကောင်းမိသားစုဝင် အားလုံးနီးပါး စုဝေးမိသွားကြသည်။

မျှော်စင်ထဲမဝင်မီက အဖွဲ့ထဲတွင် လူတစ်ရာခန့် ရှိခဲ့သော်လည်း ယခုအခါ အယောက်ခြောက်ဆယ်ခန့်သာ ကျန်ရှိတော့သည်။

၎င်းတို့အထဲတွင် အဆင့်ရှစ် မှော်ပညာရှင်တစ်ဦး၊ အဆင့်ခုနစ် မှော်ပညာရှင် ဆယ်ဦးနှင့် အဆင့်ခြောက် မှော်ပညာရှင် သုံးဆယ်ဦးတို့ ဆုံးရှုံးသွားခဲ့ရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ကောင်းယွီကျိ နှမြောမိခြင်း မရှိပေ။

ပထမအချက်အနေဖြင့် မျှော်စင်ထဲတွင် သေဆုံးသွားသော အဆင့်ရှစ် မှော်ပညာရှင် အပါအဝင် သေဆုံးသူ ထက်ဝက်ကျော်မှာ ကောင်းမိသားစုဝင်များ မဟုတ်ကြပေ။

ထိုအငှားလိုက်သူများသည် အရင်းအမြစ်များအတွက်သာ အလုပ်လုပ်ပေးကြခြင်း ဖြစ်သည်။ သူတို့ ပြန်မထွက်လာနိုင်ခဲ့လျှင်ပင် ကောင်းမိသားစုအပေါ် ထိခိုက်မှု မရှိနိုင်ချေ။

ဒုတိယအချက်အနေဖြင့် သူတို့၏ ကိုယ်ပိုင်လူများ ဆုံးရှုံးခဲ့ရသော်လည်း သူတို့ သယ်ဆောင်လာသော အရင်းအမြစ်များက ကောင်းမိသားစု၏ ဆုံးရှုံးမှုများကို အလွယ်တကူ ပြန်လည်ဖြည့်ဆည်းပေးနိုင်လေသည်။

“အိမ်တော်ကို ပြန်ကြမယ်”

ကောင်းယွီကျိသည် လူအုပ်စုကို ကောင်းမိသားစု အိမ်တော်သို့ အလျင်အမြန် ပြန်ခေါ်သွားလေတော့သည်။

ကောင်းမိသားစုသို့ ပြန်ရောက်သောအခါ သူတို့ကို စောင့်ဆိုင်းနေသူများ ရှိနှင့်နေပြီ ဖြစ်သည်။

အဖွဲ့သားများသည် သူတို့ရရှိလာသော လျှို့ဝှက်အပိုင်းအစများကို အပ်နှံလိုက်ကြသည်။

လျှို့ဝှက်အပိုင်းအစများ၏ အရေအတွက်နှင့် အရည်အသွေးကို တွက်ချက်ပြီးနောက် လဲလှယ်ရရှိမည့် အရင်းအမြစ်များ ရောက်လာမည်ကို စောင့်ဆိုင်းနေကြလေသည်။

ရွှီနင်က သူ့လျှို့ဝှက်အပိုင်းအစများကို အပ်နှံလိုက်သောအခါ ကောင်းမိသားစုတစ်စုလုံး အံ့သြမှင်တက်သွားကြရသည်။

ရွှီနင် တစ်ယောက်တည်း ရရှိခဲ့သော လျှို့ဝှက်အပိုင်းအစ အရေအတွက်မှာ အခြား အဆင့်ရှစ် မှော်ပညာရှင် သုံးဦးပေါင်းရရှိခဲ့သော အရေအတွက်နှင့်ပင် ညီမျှနေလေသည်။

ထိုအချက်ကပင် ကောင်းမိသားစုသည် ရွှီနင်အား အထင်ကြီးလေးစားသွားစေခဲ့သည်။

ကောင်းမိသားစု၏ အဆင့်ကိုး မှော်ပညာရှင်ကပင် ထိုသတင်းကို ကြားသောအခါ ရွှီနင်နှင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံခဲ့လေသည်။

ကောင်းမိသားစု၏ အဆင့်ကိုး မှော်ပညာရှင်သည် ရွှီနင်အား ကောင်းမိသားစု၏ ဧည့်သည်တော် အကြီးအကဲအဖြစ် ဝင်ရောက်ရန်ပင် ကမ်းလှမ်းခဲ့သော်လည်း ရွှီနင်က ငြင်းပယ်ခဲ့သည်။

အရင်းအမြစ်များကို ရရှိသည်နှင့်တစ်ပြိုင်နက် ရွှီနင်သည် ၎င်းတို့ကို စုပ်ယူကာ အဆင့်ကိုးသို့ တက်လှမ်းပေတော့မည်။

ထိုအချိန်ကျလျှင် ရွှီနင်သည် မှော်ပညာရှင်ကမ္ဘာမှ ထွက်ခွာသွားမည်ဖြစ်ရာ ဧည့်သည်တော် အကြီးအကဲတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ရွှီနင် ငြင်းပယ်ပြီးနောက် အဆင့်ကိုး မှော်ပညာရှင်သည်လည်း ဆက်လက်၍ အတင်းအကျပ် မတိုက်တွန်းတော့ချေ။

ထို့နောက် ရွှီနင်သည် ကောင်းမိသားစုအိမ်တော်တွင် နေထိုင်ကာ အရင်းအမြစ်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

နှစ်ရက်အကြာတွင် ရွှီနင် လဲလှယ်ထားသော အရင်းအမြစ်များ သူ့ထံသို့ ရောက်ရှိလာလေသည်။

ထိုအရင်းအမြစ်များကို စုပ်ယူပြီးနောက် ရွှီနင်သည် စွမ်းအင်ယူနစ် စုစုပေါင်း သန်း ၆၀ ကို ရရှိလိုက်သည်။

ထိုသို့ဖြင့် ရွှီနင်တွင် စွမ်းအင်ယူနစ် စုစုပေါင်း သန်း ၁၆၀ အထိ ရှိလာခဲ့ချေပြီ။

အဆင့်ကိုးသို့ တက်လှမ်းပြီးနောက်၌ပင် ရွှီနင်တွင် စွမ်းအင်ယူနစ် သန်း ၄၀ ကျန်ရှိနေဦးမည် ဖြစ်သည်။

ရွှီနင်၏ ကိုယ်ပွားကို ဖျက်သိမ်းလိုက်ပြီးနောက် ကျန်ရှိနေသော စွမ်းအင်များသည် သူ၏ သိုင်းပညာမျက်နှာပြင်ထဲသို့ ပေါင်းစပ်သွားမည်ဖြစ်ရာ အလဟဿ ဖြစ်သွားမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ သိုင်းလောကရှိ သူ၏ မူလခန္ဓာကိုယ်မှာမူ ဤအရင်းအမြစ်များကို လိုအပ်နေခြင်း မရှိပေ။

သိုင်းလောကတွင် ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူ့နောက်တွင် သွမ့်အင်ပါယာမိသားစုက ကျောထောက်နောက်ခံ ပြုပေးထားသည်။

ရွှီနင်သည် ဝမ်ရှန့်ပြည်နယ် အနှံ့အပြားမှသာမက ပြည်ပမှပါ အရင်းအမြစ်များကို အလွယ်တကူ ရရှိနိုင်လေသည်။ ရေတိုကာလအတွက်မူ အရင်းအမြစ် နည်းပါးမည်ကို သူ စိုးရိမ်နေစရာ မလိုပေ။

‘ငါ မြန်မြန် အဆင့်မြှင့်မှပဲ...’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

‘အဆင့်ကိုးကို တက်လှမ်းပြီးသွားရင် မှော်ပညာရှင်ကမ္ဘာရဲ့ မူလအစကို ငါနားလည်သဘောပေါက်လာမယ်။ ပြီးရင် သိုင်းလောကကို ပြန်သွားပြီး သိုင်းသခင်နယ်ပယ်ကို အဆင့်တက်ရမယ်...’

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်ပြီး နယ်ပယ်၏ဘေးရှိ “+” ကို နှိပ်လိုက်သည်။

––

နယ်ပယ်အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် သန်း ၁၂၀ အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

––

အတည်ပြုပြီးသည်နှင့် ရွှီနင် စတင်အဆင့်တက်လေတော့သည်။

‘မူလစွမ်းအား...’

ရင်းနှီးနေသော်လည်း စိမ်းသက်နေသည့် စွမ်းအားတစ်ရပ်ကို ရွှီနင် ခံစားလိုက်ရသည်။

‘ဒါက မှော်ပညာရှင်ကမ္ဘာရဲ့ မူလစွမ်းအားပဲ’

သူ၏ အဆင့်တက်ခြင်းက အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားစေသောကြောင့် ရွှီနင်သည် မှော်ပညာရှင်ကမ္ဘာ၏ မူလွမ်းအကို အလွယ်တကူ ထိတွေ့နားလည်သွားကာ သူ၏ ခန္ဓာကိုယ်ကလည်း မူလစွမ်းအားများကို စတင်စုပ်ယူလေတော့သည်။

‘အဆင့်ကိုး ပြီးပြည့်စုံသွားပြီပဲ’

ရွှီနင် စိတ်သက်သာရာ ရသွားသည်။

ထိုအရာနှင့်အတူ မှော်ပညာရှင်ကမ္ဘာသို့ လာရောက်ရသည့် သူ၏ ရည်မှန်းချက်မှာလည်း ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့ချေပြီ။

‘အရင်တုန်းက ပင်လယ်နီမိစ္ဆာသခင်က မှော်ပညာရှင်ကမ္ဘာကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပေမဲ့ အဆင့်ခြောက် မှော်ပညာရှင်ပဲဖြစ်ခဲ့တာ... ငါကတော့ ပထမဆုံးအကြိမ်မှာတင် မူလအစကို နားလည်သဘောပေါက်ဖို့ တစ်ဆင့်ပဲလိုတော့တယ်’

သိုင်းပညာမျက်နှာပြင် ရှိနေခြင်းကြောင့်သာ ဤသို့ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ရွှီနင် ကောင်းစွာသိထားသည်။

ကွဲပြားသော ကမ္ဘာနှစ်ခုနှင့် ကွဲပြားသော ကျင့်စဉ်လမ်းကြောင်းနှစ်ခုသည် ကျင့်ကြံရာတွင် လုံးဝကွဲပြားခြားနားသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

သို့သော် သိုင်းပညာမျက်နှာပြင်သည် ထိုကဲ့သို့သော ခြားနားချက်များကို လျစ်လျူရှုနိုင်ပြီး ရွှီနင်၏ အဆင့်တက်ခြင်း လုပ်ငန်းစဉ်ကို ရိုးရှင်းသွားစေခဲ့သည်။

‘ဒါပေမဲ့ မှော်ပညာရှင်ကမ္ဘာမှာ အဆင့်ကိုးကို ရောက်ပြီးတဲ့နောက် အခြားကမ္ဘာတွေအပေါ် ငါ့ရဲ့အာရုံခံနိုင်စွမ်းက ဝိုးတဝါးဖြစ်နေတုန်းပဲ...’

အခြားကမ္ဘာများကို အာရုံခံရန် ကြိုးစားသောအခါ ဝိုးတဝါးဖြစ်နေသော အချိန်နှင့် ဟင်းလင်းပြင် လှိုင်းဂယက်ကိုသာ ခံစားရကြောင်းကိုလည်း ရွှီနင် တွေ့ရှိလိုက်ရသည်။

သိုင်းလောကတွင် တာအိုနယ်ပယ်၏ အဆင့်ကိုးသို့ တက်လှမ်းစဉ်က ရွှီနင်သည် အခြားကမ္ဘာများ၏ တည်နေရာကို ဝိုးတဝါး အာရုံခံနိုင်ခဲ့သည်။ ထိုအချိန်က တိကျသော တည်နေရာကို ရှာဖွေရန် နှစ်တစ်ရာသာ အချိန်ယူရမည် ဖြစ်သည်။

သို့သော် ဤနေရာတွင်မူ အခြားကမ္ဘာများ တည်ရှိနေမှုကို သူ လုံးဝ အာရုံမခံနိုင်ခဲ့ပေ။

‘ငါအရင်က ခန့်မှန်းထားသလိုပဲ... မှော်ပညာရှင်ကမ္ဘာက အဆင့်ကိုး မှော်ပညာရှင်တွေက ပြင်ပကမ္ဘာတွေရဲ့ တည်နေရာကို လုံးဝ အာရုံမခံနိုင်ကြဘူး။ ဒါကြောင့်ပဲ မူလအစ နှစ်မျိုးကို သဘောမပေါက်နိုင်ဘဲ အဆင့်တစ်ဆယ်ကို မတက်လှမ်းနိုင်ကြတာပဲ...’

‘ဒါပေမဲ့ အဲဒီလိုသာဆိုရင် အဆင့်တစ်ဆယ် မှော်ပညာရှင်သုံးယောက်က ဘယ်လိုလုပ်ပြီး တက်လှမ်းနိုင်ခဲ့တာလဲ’

ရွှီနင် စပ်စုချင်စိတ် ဖြစ်မိသွားတော့သည်။

အခန်း (၃၆၂) - ဖိအားပေးခြင်း

‘ထားလိုက်ပါတော့... ငါ ဆက်မစဉ်းစားတော့ဘူး...’

ရွှီနင်သည် ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။

သူ့အတွက်မူ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ သိုင်းကမ္ဘာသို့ ပြန်သွားရန်နှင့် သိုင်းသခင်နယ်ပယ်သို့ တက်လှမ်းရန်သာ ဖြစ်ပေသည်။

သို့သော် ရွှီနင်သည် သူ၏ကိုယ်ပွားကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် အစွမ်းထက်သော စွမ်းအင်လှိုင်းအချို့ ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။

‘အဆင့် ၉ မှော်ပညာရှင် ရှစ်ယောက်လုံး ကောင်းမိသားစုဆီ ချဉ်းကပ်လာနေတာလား...’

ရွှီနင်သည် မျက်ခုံးပင့်လိုက်မိသည်။

သူသည် သိုင်းကမ္ဘာသို့ ပြန်မည့် အစီအစဉ်ကို ခေတ္တရပ်တန့်လိုက်သည်။

မကြာမီမှာပင် အဆင့် ၉ မှော်ပညာရှင် ရှစ်ဦးသည် ကောင်းမိသားစု အိမ်တော်အတွင်းသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာပြီး ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြတော့သည်။

‘ဘယ်လို အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ရောက်လာတာလဲ’

ကောင်းမိသားစု၏ အကြီးအကဲဖြစ်သူ အဆင့် ၉ မှော်ပညာရှင် ကောင်းလင်ဟယ်သည်လည်း ပြင်ပလူများ ရောက်ရှိလာခြင်းကို သတိပြုမိသွားလေသည်။

သူသည် ကောင်းမိသားစုမှ အခြားအဆင့် ၉ မှော်ပညာရှင် သုံးဦးနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

“ချင်းကောကျောင်းတော်နဲ့ ယန်းဝမ်ကျောင်းတော်က လူတွေပါလား”

ကောင်းလင်ဟယ်သည် အလယ်ခြံဝင်းသို့ ရောက်ရှိလာပြီး ရောက်လာသူများကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားရသည်။

ကောင်းမိသားစုသို့ ရောက်လာသော အဆင့် ၉ မှော်ပညာရှင် ရှစ်ဦးအနက် ငါးဦးမှာ ချင်းကောကျောင်းတော်မှဖြစ်ပြီး ကျန်သုံးဦးမှာ ယန်းဝမ်ကျောင်းတော်မှ ဖြစ်ကြသည်။

‘ဘာလို့ သူတို့က အတူတူ ဖြစ်နေရတာလဲ’

ကောင်းလင်ဟယ်သည် ပြုံးပြလိုက်သော်လည်း သူ၏ရင်ထဲတွင်မူ ပြင်းထန်သော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေလေသည်။

ချင်းကောကျောင်းတော်နှင့် ယန်းဝမ်ကျောင်းတော်တို့သည် မြို့အတွင်း၌ အင်အားအကြီးဆုံး အဖွဲ့အစည်းနှစ်ခု ဖြစ်ကြသည်။

ပုံမှန်အားဖြင့် သူတို့အချင်းချင်း ပဋိပက္ခများ ရှိနေတတ်ပြီး တိတ်တဆိတ် တိုက်ခိုက်လေ့ပင် ရှိကြသည်။

သို့သော် ယခုအချိန်တွင်မူ သူတို့သည် စုပေါင်းကာ ကောင်းမိသားစု အိမ်တော်သို့ မည်သည့် အကြောင်းကြားမှုမျှမရှိဘဲ ကျူးကျော်ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ထို့အပြင် သူတို့၏ အမူအရာများမှာလည်း အလွန်ပင် ရန်လိုနေပုံ ပေါက်နေလေသည်။

“မိသားစုခေါင်းဆောင်ကောင်း”

ခေါင်းဆောင်လာသူမှာ ချင်းကောကျောင်းတော်အုပ် ဖေ့ချင်းယီး ဖြစ်သည်။

သူသည် လူငယ်တစ်ဦး၏ ရုပ်သွင်ရှိသော်လည်း သူ၏မျက်လုံးများမှာမူ လောကဓံအဖုံဖုံ ကြုံတွေ့ထားရသည့်အလား အေးစက်ခက်ထန်နေသည်။

“ဒီနေ့ ကျွန်တော် ကောင်းမိသားစုဆီ ရောက်လာတာက တောင်းဆိုစရာတစ်ခု ရှိလို့ပါ”

ဖေ့ချင်းယီးက ပြောလိုက်သည်။

သူက အကူအညီတောင်းခံသည်ဟု ဆိုသော်လည်း သူ၏ အမူအရာမှာမူ အနိုင်ကျင့်လိုသည့်ဟန် ပေါက်နေလေသည်။

“ပြောပါဦး”

ကောင်းလင်ဟယ်သည် ပွင့်လင်းရိုးသားသည့်ဟန် ပြသလိုက်သော်လည်း စိတ်ထဲတွင်မူ နိုးနိုးကြားကြား ရှိနေပြီဖြစ်သည်။

“ယန်းဝမ်ကျောင်းတော်နဲ့ ကျွန်တော်တို့က ကောင်းမိသားစုဆီက လျှို့ဝှက်အပိုင်းအစတွေကို ခေတ္တငှားရမ်းချင်လို့ပါ”

ဖေ့ချင်းယီး၏ အမူအရာမှာ သာမန်ကိစ္စတစ်ခုကို တောင်းဆိုနေသည့်အလား လုံးဝ ပြောင်းလဲခြင်း မရှိပေ။

သို့သော် ကောင်းလင်ဟယ်အတွက်မူ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။

သူသည် အတင်းအကြပ် ပြုံးလိုက်ရင်း မေးလိုက်သည်။

“ကျောင်းအုပ်ဖေ့ နောက်နေတာလား၊ လျှို့ဝှက်အပိုင်းအစတွေကို ဘယ်လိုလုပ် ငှားလို့ရမှာလဲ”

“စိတ်မကောင်းပါဘူး၊ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော် သဘောမတူနိုင်ဘူး”

ကောင်းလင်ဟယ်က လက်ကို ဆန့်ထုတ်လိုက်ရင်း နှင်ထုတ်လိုက်လေသည်။

“ကျောင်းအုပ်ဖေ့နဲ့ ဒီမှာရှိနေတဲ့ လူကြီးမင်းတို့... ကျေးဇူးပြုပြီး ပြန်ကြပါတော့”

ဖေ့ချင်းယီးသည် ကောင်းလင်ဟယ်၏ ငြင်းဆိုမှုကြောင့် ဒေါသထွက်မသွားဘဲ မဲ့ပြုံးတစ်ခုသာ ပြုံးလိုက်လေသည်။

သူသည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး သူ့ဘေးရှိ ငွေရောင်ဝတ်စုံနှင့် လူအား လှမ်းကြည့်လိုက်သည်။

ထိုငွေရောင်ဝတ်စုံနှင့်လူက ရှေ့သို့ တိုးထွက်လာသည်။

“မိသားစုခေါင်းဆောင်ကောင်း... ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်ပါတော့မယ်”

ငွေရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။

“အခုအချိန်မှာ ချင်းကောကျောင်းတော်က ကျွန်တော်တို့ ယန်းဝမ်ကျောင်းတော်နဲ့ ပူးပေါင်းလိုက်ပြီ။ နှစ်ဖက်လုံးမှာရှိတဲ့ လျှို့ဝှက်အပိုင်းအစတွေကို စုစည်းပြီး အတူတူ လေ့လာကြဖို့ ပြင်ဆင်နေတာ။ ကျွန်တော်တို့ အတူတူ အဆင့် ၁၀ ကို တက်လှမ်းနိုင်မယ့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ကြမှာပါ”

“ဒါပေမဲ့ သုတေသနလုပ်နေတဲ့ အတောအတွင်းမှာ ကျွန်တော်တို့ဆီမှာရှိတဲ့ လျှို့ဝှက်အပိုင်းအစတွေက မလုံလောက်သေးတာကို တွေ့လိုက်ရတယ်”

“ဒါကြောင့် လျှို့ဝှက်အပိုင်းအစ နောက်ထပ်တစ်သုတ်ကို စုစည်းဖို့ ဆုံးဖြတ်လိုက်ကြတာ။ ဒါကြောင့်မို့ ကောင်းမိသားစုနဲ့ တခြားအဖွဲ့အစည်းအချို့ဆီကနေ လျှို့ဝှက်အပိုင်းအစတွေကို ငှားရမ်းပြီး ဆက်လက် လေ့လာသွားမှာပါ”

ကောင်းလင်ဟယ်သည် ထိုငွေရောင်ဝတ်စုံနှင့်လူကို မှတ်မိလိုက်သည်။

သူသည် ယန်းဝမ်ကျောင်းတော်၏ ဒုတိယကျောင်းအုပ် ချိုးရှစ်လိ ပင်ဖြစ်သည်။

“ဒါပေမဲ့ မိသားစုခေါင်းဆောင်ကောင်းအနေနဲ့ စိတ်ချလက်ချ နေလို့ရပါတယ်။ ကျွန်တော်တို့ လျှို့ဝှက်အပိုင်းအစတွေကို လေ့လာလို့ အောင်မြင်သွားပြီး လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တဲ့အခါ ကောင်းမိသားစုကိုလည်း ပြန်လည် ဝေမျှပေးမှာပါ”

“ဒါကြောင့် မိသားစုခေါင်းဆောင်ကောင်းအနေနဲ့ ကျွန်တော်တို့ တောင်းဆိုချက်ကို သဘောတူပေးပါ”

ချိုးရှစ်လိသည် ကောင်းလင်ဟယ်အား လက်ယှက်ကာ တောင်းဆိုလိုက်သည်။

သူ၏ ကိုယ်ဟန်အနေအထားမှာ နှိမ့်ချထားသည့်ပုံ ပေါက်နေသော်လည်း လေသံမှာမူ အတင်းအကြပ် တောင်းဆိုနေခြင်း ဖြစ်သည်။

ကောင်းလင်ဟယ်သည် ဧည့်သည်များထံမှ ရန်လိုမှုကို ခံစားနေရသည်။

သူ ငြင်းဆိုလိုက်သည်နှင့် ဤအဆင့် ၉ မှော်ပညာရှင် ရှစ်ဦးမှာ သူ့ကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည်ကို ကောင်းစွာ သိထားလေသည်။

သို့သော် တစ်ဖက်လူက ယခုကဲ့သို့ လုပ်ဆောင်လာပြီဖြစ်သည့်အတွက် လျှို့ဝှက်အပိုင်းအစများကို ငှားရမ်းပေးလိုက်လျှင်လည်း ပြန်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ပြင် ယနေ့တွင် နှစ်ဖက်လုံးမှ အလွန်ပင် မောက်မာစွာ ပြုမူနေကြရာ သူတို့၏ အဆင့် ၁၀ သို့ တက်လှမ်းမည့် လျှို့ဝှက်ချက်ကိုည်း ဝေမျှပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့သော် လက်ရှိ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေချေပြီ။

“လျှို့ဝှက်အပိုင်းအစ ဘယ်နှစ်ခုလောက် ငှားချင်လို့လဲ”

ကောင်းလင်ဟယ်၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။

“အားလုံးကိုပါ”

ဤတစ်ကြိမ်တွင်မူ ဖေ့ချင်းယီးက ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။

“အားလုံး ဟုတ်လား”

ကောင်းလင်ဟယ်၏ မျက်နှာမှာ ဖြူလျော့သွားသည်။

“ခင်ဗျား နောက်နေတာလား”

ကောင်းလင်ဟယ်သည် ဤတောင်းဆိုချက်ကို လုံးဝ သဘောတူမည် မဟုတ်ပေ။

ကောင်းမိသားစု၏ နှစ်ပေါင်းရာချီ စုဆောင်းထားသော လျှို့ဝှက်အပိုင်းအစများကို လွှဲပြောင်းပေးအပ်ခြင်းမှာ မိသားစုကို သစ္စာဖောက်သည့် လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

“ကြည့်ရတာ မိသားစုခေါင်းဆောင်ကောင်းက သဘောမတူချင်ဘူး ထင်တယ်”

ဖေ့ချင်းယီးက နှမြောတသဟန် ပြသလိုက်ရင်း ဆိုလိုက်လေသည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဘာသာပဲ လုပ်ရတော့မှာပေါ့”

ဖေ့ချင်းယီး စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ ရှစ်ဦးမှာ ကောင်းမိသားစု၏ တားမြစ်နယ်မြေဆီသို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။

“သူတို့ကို တားကြစမ်း”

ကောင်းလင်ဟယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ဖေ့ချင်းယီးနှင့် အခြားလူများ သွားနေသော လမ်းကြောင်းမှာ ကောင်းမိသားစု၏ ဘဏ္ဍာတိုက်ရှိရာနေရာ ဖြစ်သည်။

၎င်းမှာ သီးခြားလွတ်လပ်သော နေရာတစ်ခုဖြစ်ပြီး ကောင်းမိသားစု၏ လျှို့ဝှက်အပိုင်းအစ အားလုံးကို ထိုနေရာတွင်သာ သိမ်းဆည်းထားခြင်း ဖြစ်သည်။

ကောင်းလင်ဟယ်နှင့် အဆင့် ၉ မှော်ပညာရှင် သုံးဦးတို့သည် ဖေ့ချင်းယီးနှင့် အခြားလူများကို ကြားဖြတ်တားဆီးလိုက်ကြသည်။

“သနားစရာပဲ”

ဖေ့ချင်းယီးသည် အဆင့် ၉ ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး မြို့အတွင်း၌ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် အဆင့် ၁၀ သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

သူ့ဘေးတွင် ကူညီပေးမည့်သူများစွာ ရှိနေသဖြင့် ကောင်းမိသားစု တစ်စုလုံးကိုပင် သူတစ်ယောက်တည်းနှင့် ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ဖေ့ချင်းယီးသည် သူ၏ မှော်ပိုင်နက်ကို ဖြန့်ကြက်လိုက်ရာ ကောင်းမိသားစု အိမ်တော်၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားတော့သည်။

“ဖေ့ချင်းယီး၊ ချိုးရှစ်လိ... ခင်ဗျားတို့ အရမ်းလွန်လာပြီ”

ကောင်းလင်ဟယ်နှင့် အခြားသုံးဦးမှာ ဖေ့ချင်းယီး၏ မှော်ပိုင်နက်အတွင်းမှ ပြင်းထန်သော ဖိအားများကို ခံစားနေရသည်။ သူတို့သည် သူတို့အတွင်းရှိ မှော်စွမ်းအားများကိုပင် ထုတ်ဖော်ရန် ခက်ခဲနေကြချေပြီ။

“မင်းတို့ ဆက်ပြီး စကားများနေမယ်ဆိုရင် အကုန်လုံးကို သတ်ပစ်မယ်”

ဖေ့ချင်းယီး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

ကောင်းလင်ဟယ်မှာ နာကျည်းဝမ်းနည်းနေသော်လည်း မည်သို့မျှ မတတ်နိုင်ဖြစ်နေရသည်။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းလင်ဟယ်နှင့် အခြားသုံးဦးမှာ သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဖေ့ချင်းယီး၏ မှော်ပိုင်နက်မှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့ချေပြီ။

ဖေ့ချင်းယီးမှာလည်း အံ့အားသင့်သွားရသည်။

“မဖိတ်ခေါ်ဘဲ ရောက်လာပြီး သူတစ်ပါးအပေါ် အနိုင်ကျင့်တာက ဓားပြတိုက်တာနဲ့ ဘာခြားလို့လဲ... ချင်းကောကျောင်းအုပ်က ဒီလိုမျိုး လုပ်ရပ်ကို လုပ်မယ်ဆိုရင် လူရယ်စရာ ဖြစ်မနေဘူးလား”

အသံတစ်ခု ထွက်ပေါ်လာလေသည်။

ရွှီနင်သည် ကောင်းကင်ယံမှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

“ဒါ... ဒါက ရွှီနင်ပဲ”

ကောင်းလင်ဟယ်နှင့် အခြားသုံးဦးမှာလည်း ရွှီနင်ကို မှတ်မိလိုက်ကြသည်။

ရွှီနင်သည် ကောင်းမိသားစုထံသို့ လျှို့ဝှက်အပိုင်းအစ အများအပြား လာရောက် ပေးအပ်ခဲ့ဖူးသဖြင့် အဆင့် ၉ မှော်ပညာရှင် လေးဦးလုံးက သူ၏တည်ရှိမှုကို သိရှိထားကြခြင်း ဖြစ်သည်။

အဆင့် ၉ မှော်ပညာရှင် တစ်ဦးကပင် ရွှီနင်အား ကောင်းမိသားစုသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ရွှီနင်က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

‘သူ့ရဲ့ စွမ်းအင်လှိုင်းက... အဆင့် ၉ ရဲ့ ထိပ်ဆုံးအဆင့်မှာ ပါလား’

ကောင်းလင်ဟယ်နှင့် ကျန်လူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။

ရွှီနင်သည် ယခင်က အဆင့် ၈ တွင်သာ ရှိသေးသည်။ သူ အဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် အစောပိုင်း အဆင့်တွင်သာ ရှိနေသင့်သည်။

သူသည် မည်သို့များ ဤနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားရသနည်း။

မှော်ပညာရှင်ကမ္ဘာတွင် အဆင့်တစ်ခုချင်းစီ၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။ အခြေခံ၊ အလယ်အလတ်နှင့် အထွတ်အထိပ် အဆင့်များ၏ ကွာခြားချက်မှာ သိုင်းကမ္ဘာရှိ နယ်ပယ်ငယ်တစ်ခု၏ ကွာခြားမှုနှင့် တူညီလေသည်။

“မင်းက ဘယ်သူလဲ”

ဖေ့ချင်းယီးနှင့် ချိုးရှစ်လိတို့မှာ နိုးနိုးကြားကြား ရှိသွားကြသည်။

ကောင်းမိသားစုအတွင်း၌ ဤကဲ့သို့သော ထိပ်တန်းပညာရှင်တစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

All Chapters