← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 36 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 36 Ch. 363-364

အခန်း (၃၆၃) - အဆင့်ကိုး တိုက်ပွဲ

အရင်က ဖေ့ချင်းယီးနှင့် ချိုးရှစ်လိတို့သည် ရွှီနင်၏ တည်ရှိမှုကို မသိရှိခဲ့ကြချေ။

ထို့ကြောင့် ရွှီနင်ကို မြင်လိုက်ရသောအခါ သူတို့မှာ အံ့အားသင့်သွားကြလေသည်။

အစောပိုင်းက ဖေ့ချင်းယီး၏ မှော်ပိုင်နက်နယ်ပယ်အား ဖျက်ဆီးလိုက်ချိန်တွင် ရွှီနင်သည် အားစိုက်ထုတ်ရပုံပင် မပေါ်ခဲ့ပေ။

ဖေ့ချင်းယီးသည် မှော်ပညာလောကတစ်ခုလုံးတွင် အဆင့်တစ်ဆယ်သို့ ရောက်ရန် အနီးစပ်ဆုံးလူ ဖြစ်သော်လည်း သူသည် ရွှီနင်၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ဖေ့ချင်းယီးက အားနည်းနေ၍ မဟုတ်ဘဲ ရွှီနင်က အလွန်အမင်း သန်မာနေခြင်းသာ ဖြစ်သည်။

သိုင်းပညာမျက်နှာပြင် တည်ရှိနေခြင်းကြောင့် ရွှီနင်သည် အဆင့်တက်တိုင်းတွင် လက်ရှိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီနင် အဆင့်တက်တိုင်းတွင် သူ၏ အခြေခံမှာ အလွန်ခိုင်မာနေပြီး ကြီးမားသော ခွန်အားများကို ပိုင်ဆိုင်စေခဲ့သည်။

ထို့အပြင် ရွှီနင်သည် အဆင့်ကိုး မှော်ပညာရှင်အဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်ရာ သူ၏ရှေ့တွင် ဖေ့ချင်းယီးမှာ အမှန်တကယ်ပင် အားနည်းနေတော့သည်။

အဆင့်ကိုးအတွင်း၌ ရွှီနင်အား ယှဉ်နိုင်မည့်သူ မရှိချေ။

ရွှီနင်သည် ထိုနယ်ပယ်အတွင်း၌ အမှန်တကယ်ပင် အနှိုင်းမဲ့ဖြစ်နေပြီး တစ်ယောက်တည်းနှင့် လူအများကို တိုက်ခိုက်ရန်မှာ သူ့အတွက် လွယ်ကူလွန်းလှပေသည်။

“သခင်ကြီး... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်”

ချိုးရှစ်လိသည် အခြေအနေကို လျင်မြန်စွာရိပ်မိပြီး နှိမ့်ချစွာ ပြောဆိုလိုက်လေသည်။

ကောင်းမိသားစုမှ ရုတ်တရက် ထွက်ပေါ်လာသော ဤလူမှာ ဖေ့ချင်းယီးထက် ပိုမိုသန်မာကြောင်း သူ ပြောနိုင်နေပြီ ဖြစ်သည်။

ဤမျှ အစွမ်းထက်သော်လည်း ကျော်ကြားမှုကို မရှာဖွေဘဲ နေထိုင်နေသော ထိုသူ၏ နောက်ခံမှာ အမှန်တကယ်ပင် လျှို့ဝှက်နက်နဲလှပေသည်။

ယခု သူ လုပ်ဆောင်ရမည့်အရာမှာ ဤသူအား ရှောင်ရှားရန်နှင့် အစီအစဉ်အသစ်ဆွဲရန်သာ ဖြစ်တော့သည်။

“ထွက်သွားမယ် ဟုတ်လား”

ရွှီနင်သည် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို ဖြန့်ကြက်လိုက်ပြီး အဆင့်ကိုး မှော်ပညာရှင် ရှစ်ယောက်လုံးကို လွှမ်းခြုံထားလိုက်လေသည်။

ဖေ့ချင်းယီးမှလွဲ၍ ကျန်ရှိသော အဆင့်ကိုး မှော်ပညာရှင် ရှစ်ယောက်လုံးမှာ အခြေခံနှင့် အလယ်အလတ် အဆင့်များတွင်သာ ရှိကြသေးရာ ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်အတွင်း၌ ဖိအားပေးခံရသကဲ့သို့ ခံစားနေကြရသည်။

“မျိုးနွယ်စုခေါင်းဆောင်ကောင်း... သူတို့ကို လွှတ်ပေးလိုက်ရမလား”

ရွှီနင်က ခေါင်းကို လှည့်၍ ကောင်းလင်ဟယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားပဲ ဆုံးဖြတ်ပါ”

ရွှီနင်၏ ဤလုပ်ရပ်မှာ ကောင်းမိသားစုအပေါ် ကျေးဇူးဆပ်ခြင်း တစ်မျိုးပင် ဖြစ်သည်။

ကောင်းမိသားစုက သူတို့၏ အကျိုးအမြတ်အတွက် သူ့ကို ခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း ကောင်းမိသားစုသာ မရှိခဲ့ပါက ရွှီနင်အနေဖြင့် ဤမျှ မြန်မြန်ဆန်ဆန် အဆင့်ကိုးသို့ တက်လှမ်းနိုင်ပြီး မှော်ပညာရှင်လောက၏ မူလအစကို နားလည်နိုင်လိမ့်မည် မဟုတ်သည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။

ယခု သူသည် မှော်ပညာရှင်လောကမှ ထွက်ခွာတော့မည် ဖြစ်ရာ ကောင်းမိသားစုအတွက် တစ်ခုခု လုပ်ပေးခဲ့ခြင်းက သူ့အတွက် ပို၍ စိတ်သက်သာရာ ရစေပေလိမ့်မည်။

ရွှီနင် ပေါ်လာခြင်းကြောင့် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရာ ကောင်းလင်ဟယ်မှာပင် အိပ်မက်မက်နေသလို ခံစားနေရလေသည်။

“မျိုးနွယ်စုခေါင်းဆောင်ကောင်း...”

ချိုးရှစ်လိသည် သူ၏ သဘောထားကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။

“အရင်က ခင်ဗျားကို ပြစ်မှားမိတာတွေရှိရင် ခွင့်လွှတ်ပေးပါ”

“ကျွန်တော်တို့သာ လျှို့ဝှက်အပိုင်းအစတွေရဲ့ လျှို့ဝှက်ချက်ကို သိလာပြီး အဆင့်တစ်ဆယ် တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ရင် သေချာပေါက် ခင်ဗျားတို့နဲ့ ဝေမျှပေးပါ့မယ်”

ချိုးရှစ်လိက သူ၏ ကောင်းမွန်သော သဘောထားကို အလျင်အမြန် ဖော်ပြလိုက်လေသည်။

ဖေ့ချင်းယီးကမူ ဘေးမှ မျက်မှောင်ကြုတ်၍ တိတ်တဆိတ် ရပ်နေသည်။

အားနည်းချက်ကို ပြသလိုက်ခြင်းက သူ၏ သိက္ခာကို ထိခိုက်စေသည်ဟု သူ ခံစားနေရသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

ကောင်းလင်ဟယ်သည် ခေတ္တမျှ တွေဝေသွား‌လေသည်။

ချင်းကောကျောင်းတော်နှင့် ယန်းဝမ်ကျောင်းတော်တို့မှာ ကောင်းမိသားစုအပေါ် မကောင်းကြံရန် ကြိုးစားနေကြသည်မှာ ထင်ရှားလှပေသည်။

နှစ်ဖက်ကြားတွင် ပြင်းထန်သော ပဋိပက္ခများ ရှိနေလေသည်။

ကောင်းလင်ဟယ်သည် သူတို့အားလုံးကို သတ်ပစ်ချင်စိတ်များ ပေါက်နေသော်လည်း...

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် ကောင်းမိသားစုသည် မြို့ရှိ လူတိုင်း၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

ချင်းကောကျောင်းတော်၊ ယန်းဝမ်ကျောင်းတော်နှင့် သူတို့နှင့် ရင်းနှီးသော အဖွဲ့အစည်းများကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပါက ရွှီနင် မှော်ပညာမြို့တော်မှ ထွက်သွားသည်နှင့် ကောင်းမိသားစု၏ အခြေအနေမှာ အန္တရာယ်ရှိလာနိုင်ပေသည်။

“ညီအစ်ကို ရွှီနင်... ဒီလူတွေကို လွှတ်ပေးလိုက်ပါတော့”

အကျိုးအပြစ်များကို ချိန်ဆပြီးနောက် ကောင်းလင်ဟယ်မှာ ရွှီနင်ကို ဆက်လက် မလုပ်ဆောင်ခိုင်းတော့ပေ။

“ကောင်းပါပြီ”

ကောင်းလင်ဟယ်က ထပ်မံ မလုပ်ဆောင်လိုတော့သဖြင့် ရွှီနင်လည်း ဝင်ရောက် စွက်ဖက်ရန် မလိုအပ်တော့ချေ။

အနာဂတ်တွင် ကောင်းမိသားစုအား ထိုနှစ်ဖက်မှ ပစ်မှတ်ထားခြင်း ရှိ မရှိမှာ ရွှီနင်နှင့် မသက်ဆိုင်တော့ပေ။

“သွားကြစို့”

ရွှီနင်သည် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို ရုပ်သိမ်းလိုက်ပြီး သူတို့ကို လွှတ်ပေးလိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

ချိုးရှစ်လိက အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

ဖေ့ချင်းယီးကမူ ရွှီနင်ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေတော့သည်။

ထို့နောက်တွင် အခြားအဆင့်ကိုး မှော်ပညာရှင်များသည်လည်း ကောင်းမိသားစု၏ ခြံဝင်းအတွင်းမှ ထွက်ခွာသွားကြလေသည်။

“ညီအစ်ကိုရွှီနင်... ကျေးဇူးတင်ပါတယ်”

ကောင်းလင်ဟယ်က ရှေ့သို့ အလျင်အမြန် တက်လာခဲ့သည်။

ရွှီနင်သည် အဘယ့်ကြောင့် ရုတ်တရက် ဤမျှ သန်မာသွားသည်ကို သူ မသိသော်လည်း သူ၏အပေါ်တွင် ကောင်းမွန်သော သဘောထား ပြသထားခြင်းမှာ သေချာပေါက် မမှားနိုင်သည့်ကိစ္စပင်။

“ဘာမှ မဟုတ်ပါဘူး”

ရွှီနင်သည် စိတ်ထဲ၌ ကျေးဇူးဆပ်ပြီးပြီဟု ယူဆကာ မှော်ပညာရှင်လောကမှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

“ညီအစ်ကိုရွှီ... ခင်ဗျားအနေနဲ့ ကောင်းမိသားစုရဲ့ အကြီးအကဲဖြစ်ချင်လား၊ စိတ်မပူပါနဲ့၊ ခင်ဗျားကို ဘယ်လိုနည်းနဲ့မှ ကန့်သတ်ထားမှာ မဟုတ်ပါဘူး၊ ဒါ့အပြင် မိသားစုရဲ့ အခွင့်အာဏာအားလုံးကိုလည်း ခင်ဗျား သုံးနိုင်မှာပါ၊ ကောင်းမိသားစုကနေပြီးတော့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း အကန့်အသတ်မရှိ ထောက်ပံ့ပေးသွားမှာ ဖြစ်သလို လျှို့ဝှက်အပိုင်းအစတွေကိုလည်း ခင်ဗျား လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်”

ကောင်းလင်ဟယ်သည် ရွှီနင်၏ အရေးပါမှုကို သိထားသည်။ ကောင်းမိသားစုတွင် ဤကဲ့သို့သော သူတစ်ယောက် ရှိနေပါက မှော်ပညာရှင်လောကတွင် မည်သူကမျှ သူတို့ကို လာရောက် ရန်စရဲမည် မဟုတ်ပေ။

ထို့ကြောင့် သူသည် သူ၏ အကြီးမားဆုံးသော စိတ်ရင်းစေတနာကိုပြသပြီး ရွှီနင်ကို မိသားစုတွင် ဆွဲထားလိုခြင်း ဖြစ်သည်။

“မျိုးနွယ်စုခေါင်းဆောင်ကောင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ထွက်သွားရမယ့်အချိန် ရောက်ပါပြီ”

ကောင်းလင်ဟယ်၏ ကမ်းလှမ်းချက်များမှာ ယခု ရွှီနင်အတွက် မဆွဲဆောင်နိုင်တော့ပေ။

ကောင်းလင်ဟယ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသည်လည်း ရွှီနင်၏ ထွက်ခွာလိုသော ဆန္ဒကို သတိထားမိလိုက်သဖြင့် ဆက်လက် မတိုက်တွန်းတော့ပေ။

“ဒါဆိုရင်လည်း...”

ကောင်းလင်ဟယ် စကားပြောနေစဉ်မှာပင် ရွှီနင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ကောင်းလင်ဟယ်မှာ ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်အတွင်းသို့ ချက်ချင်း ရောက်ရှိသွားလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ် ပြင်ပတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

“ဒါက...”

ကောင်းလင်ဟယ်နှင့် ကျန်ရှိသော အဆင့်ကိုး မှော်ပညာရှင် သုံးယောက်လုံးမှာ အခြေအနေကို နားမလည်နိုင်သေးပေ။

ရွှီနင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဖေ့ချင်းယီးနှင့် မိန်းမဆန်သော လူတစ်ဦးမှာ လေပေါ်တွင် ရပ်နေကြပြီး သူတို့၏ မှော်ပိုင်နက်နယ်ပယ်များကို ဖြန့်ကြက်ကာ သူ့အား စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

“အဲဒီလူက ယန်းဝမ်ကျောင်းတော်ရဲ့ ကျောင်းအုပ် ဖုန်းယွီရှန်းပဲ”

ကောင်းလင်ဟယ်က ထိုသူအား မှတ်မိလိုက်လေသည်။

‘ပြန်လာကြပြန်ပြီပဲ၊ ဒီနှစ်ယောက်က ငါ့အသက်ကို လာယူကြတာလား’

ရွှီနင်သည် အံ့အားသင့်ခြင်း မရှိပေ။

“ကောင်းပြီလေ၊ ကျုပ်က ဒီကနေ ထွက်သွားဖို့ ပြင်နေတာ၊ ဒါပေမဲ့ ခင်ဗျားတို့က ကျာပ်ကို ဒီလိုမျိုး လာရောက် စိန်ခေါ်နေမှတော့ မထွက်သွားခင် ကျုပ်ရဲ့ အစွမ်းကို အပြည့်အဝ ပြသပေးခဲ့တာပေါ့”

ရွှီနင်သည် ကောင်းလင်ဟယ်နှင့် အခြားသူများကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် သူ၏ မှော်ပိုင်နက်နယ်ပယ်ကို ချက်ချင်း ဖြန့်ကြက်လိုက်လေသည်။

ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်အတွင်း၌ လျှပ်စီးများ၊ မုန်တိုင်းများနှင့် သည်းထန်သော မိုးများမှာ သူ့ကို ရစ်ပတ်ထားကြသည်။

သာမန်အဆင့်ကိုး မှော်ပညာရှင်များသာ သူ၏ နယ်ပယ်အတွင်းသို့ ဆွဲသွင်းခံရပါက ကြာရှည် ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ကျောင်းအုပ်ဖုန်း... ဒီလူကို သတိထားပါ၊ သူက ကျွန်တော်တို့ နှစ်ယောက်ထက်တောင် သန်မာတယ်”

ရွှီနင် နယ်ပယ်ကို အသက်သွင်းလိုက်သည်ကို မြင်သောအခါ ဖေ့ချင်းယီးက ဖုန်းယွီရှန်းကို အလျင်အမြန် သတိပေးလိုက်သည်။

ဖေ့ချင်းယီးသည် အစောပိုင်း၌ ထွက်ခွာသွားပြီးနောက် အခြားမိသားစုထံမှ လျှို့ဝှက်အပိုင်းအစများကို လုယူခဲ့သော ဖုန်းယွီရှန်းအား ခေါ်ယူခဲ့ပြီး ရွှီနင်အား အတူတူ ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်မှာ မှော်ပညာရှင်လောက၏ ထိပ်ဆုံးတွင် ရှိနေကြသူများဟု ဆိုနိုင်ပေသည်။

သို့သော် ယခု ရွှီနင် ရုတ်တရက် ပေါ်လာခြင်းက သူတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်နေရုံသာမက သူတို့ကိုလည်း စော်ကားရာ ရောက်နေလေသည်။

ထို့ကြောင့် ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့က ရွှီနင်ကို သေချာပေါက် ဖယ်ရှားပစ်ရမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ကောင်းပြီ”

ဖုန်းယွီရှန်းက ပြန်လည် တုံ့ပြန်လိုက်လေသည်။

ထို့နောက်တွင် မှော်ပိုင်နက်နယ်ပယ် နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်ကို ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။

‘သန်မာလိုက်တာ’

ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်သည် ပေါင်းစည်းထားသော နယ်ပယ်နှစ်ခုနှင့် ရင်ဆိုင်နေရသည်။

နယ်ပယ်အတွင်း၌ အမျိုးမျိုးသော စွမ်းအားများမှာ ပေါက်ကွဲထွက်နေကြသည်။

ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့၏ နယ်ပယ်မှ စွမ်းအားများမှာ ရွှီနင်ထံသို့ ပြေးဝင်လာကြသော်လည်း ရွှီနင်အား အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ကြပေ။

ဤအတောအတွင်း ရွှီနင်မှာ ခုခံမှုကိုသာ အဓိကထား လုပ်ဆောင်နေပြီး တိုက်စစ်ကို စတင်ခြင်း မပြုသေးပေ။

“ကျောင်းအုပ်ဖေ့... သူက ခင်ဗျားပြောတာထက်တောင် ပိုပြီး သန်မာနေသလိုပဲ”

ဖုန်းယွီရှန်းသည် ဤပြဿနာကို သတိထားမိသွားလေသည်။

ဖေ့ချင်းယီးမှာ အနည်းငယ် ထိတ်လန့်သွားတော့သည်။

ရွှီနင်သည် သူ့ထက် ၃၀ ရာခိုင်နှုန်းခန့်သာ ပို၍ သန်မာမည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် ဖုန်းယွီရှန်းကိုပါ ခေါ်လာခဲ့ပါက ရွှီနင်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်ဟု သူ တွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ သူ မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်ရချေပြီ။

အခန်း (၃၆၄) - အဆင့် ၁၀ ပေါ်ထွက်လာခြင်း

ရွှီနင်သည် ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့ထံမှ မည်သည့်ဖိအားကိုမျှ မခံစားရပေ။

သူ၏ လက်ရှိနယ်ပယ်အရ အဆင့် ၁၀ မှော်ပညာရှင်တစ်ဦးမှလွဲ၍ သူ့ကို မည်သူမျှ မနှိမ်နင်းနိုင်ချေ။

“တော်ပြီ... ဒါကို မြန်မြန်ပဲ အဆုံးသတ်ကြစို့...”

ရွှီနင်က ခုခံနေခြင်းကို ရပ်တန့်လိုက်ပြီး အင်အားအကုန် ထုတ်သုံးလိုက်တော့သည်။

ဘုန်း…

ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ် အင်အားသည် နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားသည်။

ဂျွတ်…

မှော်ပိုင်နက်နယ်ပယ်များ၏ တိုက်ပွဲတွင် ရွှီနင် အနိုင်ရရှိသွားခဲ့ပြီ။

ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့၏ မှော်ပိုင်နက်နယ်ပယ်များမှာ ပေါင်းစပ်ထားသော်လည်း ရွှီနင်၏ နယ်ပယ်က ၎င်းတို့ကို ရိုက်ခွဲပစ်လိုက်လေသည်။

‘ဒါ ဘယ်လိုဖြစ်တာလဲ’

ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။

အထူးသဖြင့် ဖေ့ချင်းယီးမှာ သူမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားနေသဖြင့် ပို၍ ထိတ်လန့်နေသည်။ ဖုန်းယွီရှန်းနှင့် အင်အားချင်း ပူးပေါင်းလိုက်လျှင် ရွှီနင် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ အခြေအနေက ပြောင်းပြန် ဖြစ်နေချေပြီ။ သူနှင့် ဖုန်းယွီရှန်းသည် ဤမြို့၌ ပထမနှင့် ဒုတိယ အသန်မာဆုံး ပုဂ္ဂိုလ်များဖြစ်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။

“ဆုတ်မယ်”

ဖုန်းယွီရှန်းသည်လည်း သူတို့ ရွှီနင်ကို မယှဉ်နိုင်တော့မှန်း သိလိုက်သည်။

ထိုအခါမှ ဖေ့ချင်းယီးသည် ရွှီနင်ကို အထင်သေးခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။

“မင်းတို့ ပြေးလို့မရဘူး...”

ရွှီနင်သည် သူတို့နှစ်ဦးကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။

သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ ဒုန်းစိုင်းပြေးဝင်သွားပြီး မှော်ပိုင်နက်နယ်ပယ်ကို ထပ်မံချဲ့ထွင်ကာ သူတို့နှစ်ဦးကို လွှမ်းခြုံလိုက်သည်။

ထို့နောက် သူ၏ နယ်ပယ်အတွင်းရှိ ဆွဲအားဖြင့် သူတို့နှစ်ဦးကို ဆွဲခေါ်လိုက်လေသည်။

မှော်ပိုင်နက်နယ်ပယ်၏ နှိမ်နင်းခြင်းကို ခံထားရသဖြင့် ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့မှာ ပြန်လည်မခုခံနိုင်ရုံသာမက မှော်ပိုင်နက်နယ်ပယ်အင်အားကိုပင် ထုတ်သုံးရန် ခက်ခဲနေကြသည်။

“ပြီးပြီ…”

ရွှီနင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာသည်။

မြို့၏ အသန်မာဆုံး ပုဂ္ဂိုလ်နှစ်ဦးမှာ ယခုအခါ ကြောက်လန့်တကြား ဖြစ်နေကြလေပြီ။

သူတို့ တကယ်ပဲ သေရတော့မှာလား။

“သခင်လေး... ကျုပ်မျက်နှာကို ထောက်ထားပြီး သူတို့ကို ကရုဏာသက်ပေးပါဦး”

သို့သော် အရေးကြီးသော အခိုက်အတန့်တွင် နူးညံ့သော အသံတစ်သံကို ရွှီနင် ကြားလိုက်ရသည်။ ထိုအသံမှာ လေထဲမှ ပေါ်ထွက်လာသကဲ့သို့ ရွှီနင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ရွှီနင် တုန်လှုပ်သွားရသည်။

ထို့နောက် သူ၏ မှော်ပိုင်နက်နယ်ပယ်မှာ မသိစိတ်အရ ရုပ်သိမ်းသွားပြီး ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့ လွတ်မြောက်သွားကြသည်။

ဝတ်စုံဖြူ ဝတ်ဆင်ထားသော လူတစ်ယောက်သည် သာမန်လူသားတို့ထက် သာလွန်သော အငွေ့အသက်များကို ထုတ်လွှင့်လျက် ရွှီနင်၏ ရှေ့တွင် ပေါ်လာပြီး ပြုံးလျက် ကြည့်နေသည်။

သို့သော် ရွှီနင်ကမူ ထိုအပြုံးကြောင့် စိတ်အေးမသွားဘဲ အစွမ်းထက်သောရန်သူနှင့် တွေ့ဆုံရသကဲ့သို့ ခံစားလိုက်ရသည်။

‘အဆင့် ၁၀ မှော်ပညာရှင်...’

ပြိုင်ဘက်၏ အင်အားကို ရွှီနင် ခန့်မှန်းမိလိုက်သည်။

ရွှီနင်၏ မှော်ပိုင်နက်နယ်ပယ်အား ရုပ်သိမ်းသွားအောင် ဖိအားပေးနိုင်ပြီး သူ၏ အာရုံခံနိုင်စွမ်းအတွင်းသို့ ရုတ်တရက် ပေါ်လာနိုင်သူမှာ အဆင့် ၁၀ မှော်ပညာရှင်သာ ဖြစ်နိုင်ပေသည်။

“အဆင့် ၁၀ မှော်ပညာရှင်”

ဖေ့ချင်းယီးနှင့် ဖုန်းယွီရှန်းတို့လည်း ကြောင်အမ်းသွားကြသည်။

မှော်ပညာရှင်လောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်များအနေဖြင့် ဤလောကတွင် အဆင့် ၁၀ မှော်ပညာရှင် ရှိနေသေးသည်ကို သူတို့ မသိခဲ့ကြပေ။

အဆင့် ၉ မှ အဆင့် ၁၀ သို့ တက်လှမ်းနိုင်သည့် လျှို့ဝှက်ချက်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလား။

“တခြားနေရာမှာ စကားပြောရအောင်”

ဝတ်စုံဖြူနှင့်လူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ကြီး ပုံပျက်သွားသကဲ့သို့ ရွှီနင် ခံစားလိုက်ရသည်။

ဤခံစားချက်မှာ မျှော်စင်အတွင်းရှိ တည်နေရာကူးပြောင်းသည့် ခံစားချက်နှင့် အလွန်တူလှသည်။

ရွှီနင်၏ အမြင်အာရုံနှင့် အာရုံခံစားမှုများ ပြန်လည်ကောင်းမွန်လာသောအခါ ပတ်ဝန်းကျင်က ပြောင်းလဲသွားချေပြီ။

သူနှင့် ဝတ်စုံဖြူနှင့်လူသည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိနေကြသည်။ တောင်ထိပ်တွင် တိမ်ထူထပ်စွာ ဖုံးလွှမ်းနေပြီး အနုပညာဆန်သော မြင်ကွင်းတစ်ခုကို ပေးစွမ်းနေလေသည်။

“ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ၊ ကျုပ်နာမည်က ရှန့်ကွမ်းကျိပါ”

ဝတ်စုံဖြူနှင့်လူက ပြုံးလျက် ဆိုလိုက်သည်။

“ရှန့်ကွမ်းကျိ”

ရွှီနင် မျက်မှောင်ကြုတ်လိုက်သည်။

ဤလောကတွင် ကြာမြင့်စွာ နေထိုင်ခဲ့ပြီးနောက် ဤနာမည်ကို သူ ကြားဖူးသည်မှာ ကြာလှပြီဖြစ်သည်။

ရှန့်ကွမ်းကျိသည် မှော်ပညာရှင်လောကတွင် အဆင့် ၁၀ မှော်ပညာရှင်ဖြစ်ပြီး မျှော်စင်ကို တည်ဆောက်ခဲ့သည့် အဆင့် ၁၀ မှော်ပညာရှင် သုံးဦးအနက် တစ်ဦးလည်း ဖြစ်သည်။

နှစ်ပေါင်းတစ်ထောင်နီးပါး ပျောက်ကွယ်နေခဲ့သည့် ပုဂ္ဂိုလ်ကြီးမှာ ယခု သူ့ရှေ့တွင် ပေါ်လာခြင်းဖြစ်သည်။

“ဂုဏ်ယူပါတယ် သခင်လေး... မင်းလည်း အဆင့် ၁၀ ကို တက်လှမ်းတော့မှာပဲ... မဟုတ်သေးဘူး... ခဏလေး...”

ရှန့်ကွမ်းကျိက ဆက်ပြောသည်။

“မင်းက မှော်ပညာရှင်လောကက လူမဟုတ်ဘူးပဲ၊ ဒါကြောင့် မင်းတို့ကမ္ဘာက ကျင့်စဉ်စနစ်ကတော့ ကွဲပြားမှာပေါ့...”

ရွှီနင် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

ရှန့်ကွမ်းကျိက သူ ဤလောကမှ မဟုတ်သည်ကို သိနေသည်မှာ ထင်ရှားလှသည်။

သို့သော် ရှန့်ကွမ်းကျိက သူ့အပေါ် ရန်လိုခြင်းမရှိသည်ကိုလည်း ရွှီနင် သတိပြုမိလိုက်သည်။ ထိုသို့မဟုတ်ပါက သူ၏ ကိုယ်ပွားကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။

“ပြီးတော့ ကျုပ် မင်းကို အရင်ဆုံး တောင်းပန်ပါရစေ...”

ရှန့်ကွမ်းကျိက ပြောလိုက်သည်။

“မင်း အဲဒီလူနှစ်ယောက်ကို သတ်မှာကို ကျုပ် တားခဲ့ရလို့ပါ။ လက်ရှိ မှော်ပညာရှင်လောကမှာ သူတို့နှစ်ယောက်ပဲ အဆင့် ၁၀ ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိတာ။ တကယ်လို့ မင်း သူတို့ကို သတ်လိုက်ရင် ဒါက မှော်ပညာရှင်လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်”

“သူတို့က အဆင့် ၁၀ ကို တက်လှမ်းနိုင်မယ် ဟုတ်လား”

ထိုစကားကို ကြားသောအခါ ရွှီနင် အံ့အားသင့်သွားသည်။

ဤလောကရှိ အဆင့် ၉ မှော်ပညာရှင်များသည် ပြင်ပလောက၏ တည်နေရာကိုပင် ရှာမတွေ့နိုင်ကြရာ အဆင့် ၁၀ သို့ မည်ကဲ့သို့ တက်လှမ်းနိုင်မည်နည်း။

“အခုတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်”

ရှန့်ကွမ်းကျိ၏ မျက်လုံးထဲတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်လာသည်။

ရွှီနင် မျက်ခုံးပင့်လိုက်မိသည်။

သူ သိချင်နေမိသည်။ ရှန့်ကွမ်းကျိက မှော်ပညာရှင်လောကနှင့် မျှော်စင်၏ လျှို့ဝှက်ချက်များကို ဖြေပေးနိုင်ပေလိမ့်မည်။

“သခင်ကြီးရှန့်ကွမ်း... ဒါကို ကျွန်တော့်ကို အသေးစိတ် ရှင်းပြပေးနိုင်မလား”

ရွှီနင်က ထပ်မေးလိုက်သည်။

“ကျွန်တော် အဆင့် ၉ ကို ရောက်ပြီးတဲ့နောက် မှော်ပညာရှင်လောကမှာ တခြားပြင်ပကမ္ဘာတွေရဲ့ တည်နေရာကို လုံးဝ အာရုံမခံနိုင်ဘူး ဖြစ်နေတယ်။ လူတိုင်းကသာ ဒီလိုဆိုရင် မှော်ပညာရှင်လောကရဲ့ အဆင့် ၉ တွေက တခြားပြင်ပကမ္ဘာရဲ့ မူလအစကို နားလည်ဖို့ အခွင့်အရေး မရှိဘူးလေ၊ အဆင့် ၁၀ ကို တက်လှမ်းဖို့ ဆိုတာကတော့ ပိုတောင် မဖြစ်နိုင်သေးဘူး။”

ရှန့်ကွမ်းကျိက ပြန်လိုက်ဖြေသည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကတော့ မှော်ပညာရှင်လောကက ပြင်ပကမ္ဘာတွေရဲ့ တည်နေရာကို အာရုံခံနိုင်ပါသေးတယ်။ ကျုပ် တခြားကမ္ဘာတစ်ခုရဲ့ မူလအစကို နားလည်ပြီး အဆင့် ၁၀ ရောက်ခဲ့တာကလည်း အဲဒီအချိန်တုန်းကပဲ”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်မှာ မှော်ပညာရှင်လောကကို ဝန်းရံထားတဲ့ ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်တွေမှာ အာကသလှိုင်းလုံးတွေ ဖြစ်ခဲ့တယ်။ ဒီအာကသလှိုင်းလုံးက မှော်ပညာရှင်လောကရဲ့ ပြင်ပပတ်ဝန်းကျင်ကို အများကြီး ပြောင်းလဲသွားစေခဲ့တယ်”

“အာကသလှိုင်းလုံး ဟုတ်လား”

ရွှီနင်က ဤအာကသလှိုင်းလုံးများအကြောင်း အနည်းငယ် သိထားသည်။

ကမ္ဘာများအကြား ဟင်းလင်းပြင်ကို ဟင်းလင်းပြင်နှင့် အချိန်ဝဲဂယက်များက ပိတ်ဆို့ထားခြင်းဖြစ်သည်။

၎င်းက ပြင်ပကမ္ဘာများအကြား ခြားနားမှုနှင့် အချိန်စီးဆင်းမှု ကွဲပြားခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

အကယ်၍ အာကသလှိုင်းလုံးသာ ကမ္ဘာတစ်ခုအနီးတွင် ဖြစ်ပေါ်ခဲ့ပါက ထိုကမ္ဘာကိုပင် ထိခိုက်ပျက်စီးစေနိုင်သည်။

“မှန်တယ်”

ရှန့်ကွမ်းကျိက ဆက်ပြောသည်။

“ဒီအာအသလှိုင်းလုံးတွေက မှော်ပညာရှင်လောကကို မထိခိုက်စေခဲ့ပေမဲ့ မှော်ပညာရှင်လောကရဲ့ ပြင်ပအပိုင်းကိုတော့ အကြီးအကျယ် သက်ရောက်ခဲ့တယ်။ မှော်ပညာလောကရဲ့ အပြင်ဘက်က ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်တွေက ပိုပြီးတော့ ရှုပ်ထွေးသွားတဲ့အတွက် မှော်ပညာရှင်လောကရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း အချိန်စီးဆင်းမှုကလည်း ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားခဲ့ရတယ်”

အချိန်စီးဆင်းမှု ပြောင်းလဲသွားခြင်း…

ရွှီနင် မှတ်မိသွားသည်။ သွမ့်ဟွေးယဲ့မှ သူ့အား ပြင်ပကမ္ဘာ၏ တည်နေရာများ ပေးခဲ့စဉ်က တခြားကမ္ဘာများနှင့် သိုင်းပညာလောက၏ အချိန်စီးဆင်းမှုမှာ ၃ ဆ ၁ ဆ ခန့်သာ ရှိသော်လည်း မှော်ပညာရှင်လောကမှာမူ ၁၀ ဆ ၁ ဆ ဖြစ်နေသဖြင့် အံ့သြခဲ့ရသည် မဟုတ်ပါလား။

ယခုကြည့်ရသည်မှာ ထိုဖြစ်ရပ်သည် ဤအာကာသလှိုင်းလုံးများကြောင့် ဖြစ်ပုံရလေသည်။

All Chapters