အခန်း (၃၆၅-၃၆၆)
Vol. 36 Ch. 365-366
အခန်း (၃၆၅) - ပြန်လည်ရောက်ရှိခြင်းနှင့် ရှေ့သို့တိုးခြင်း
“ပြီးတော့ အာကသလှိုင်းလုံးတွေ ဖြစ်ပြီးတဲ့နောက်မှာ မှော်ပညာရှင်လောကရဲ့ အပြင်ဘက်က ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်တွေကလည်း ပြောင်းလဲသွားခဲ့တယ်”
ရှန့်ကွမ်းကျိက ဆက်လက်ပြောကြားလေသည်။
“မှော်ပညာရှင်လောကထဲကို ပြင်ပကမ္ဘာကနေ ဝင်လာတာကတော့ အရင်အတိုင်းပါပဲ။ မင်း မှော်ပညာရှင်လောကကို လာတုန်းက ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်တွေ၊ ကမ္ဘာ့အမြှေးပါးတွေကို ဖြတ်ကျော်ခဲ့ရပေမဲ့ ဘာမှ မသက်မသာ ဖြစ်တာမျိုး ခံစားခဲ့ရမှာ မဟုတ်ဘူး”
“ဒါပေမဲ့ မှော်ပညာရှင်လောကရဲ့ အတွင်းဘက်ကနေ အပြင်ဘက်က ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်တွေကို ဖြတ်ကျော်ဖို့ ကြိုးစားရင်တော့ ကြီးမားတဲ့ အတားအဆီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်”
ရှန့်ကွမ်းကျိက ပြောလိုက်သည်။
“အဆင့် ၁၀ မှော်ပညာရှင်တွေက ဒီလိုအတားအဆီးမျိုးကို ဖောက်ထွက်နိုင်ပေမဲ့ အဆင့် ၉ မှော်ပညာရှင်တွေကတော့ မတတ်နိုင်ကြဘူး”
“တစ်နည်းပြောရရင် ပြင်ပကမ္ဘာတွေရဲ့ တည်နေရာတွေကို ရှာဖွေနိုင်ခဲ့ရင်တောင် မှော်ပညာရှင်လောကရဲ့ မှော်ပညာရှင်တွေမှာ ပြင်ပကမ္ဘာတွေဆီ ရောက်နိုင်တဲ့ နည်းလမ်း မရှိသေးဘူးဆိုတဲ့ သဘောပဲ”
“ဒါကို ကျွန်တော် မထင်ထားခဲ့ဘူး...”
အာကာသလှိုင်းလုံးများ၏ သက်ရောက်မှုမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု ရွှီနင် မထင်မှတ်ထားခဲ့ပေ။
“ဒါဆို မှော်ပညာရှင်လောကမှာ အဆင့် ၁၀ မှော်ပညာရှင် နောက်ထပ် မပေါ်ပေါက်နိုင်တော့တာက ဒီအကြောင်းကြောင့်ပေါ့...”
“မှန်တာပေါ့...”
ရှန့်ကွမ်းကျိက သက်ပြင်းချလိုက်သည်။
“အဲဒီအချိန်တုန်းက ငါအပါအဝင် မှော်ပညာရှင်လောကမှာ အဆင့် ၁၀ မှော်ပညာရှင် စုစုပေါင်း သုံးယောက် ရှိခဲ့တာ။ ငါတို့ သုံးယောက်လုံးက အာကသလှိုင်းလုံးတွေက မှော်ပညာရှင်လောကအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ သိခဲ့ကြတယ်”
“တကယ်လို့ ဒီလှိုင်းထန်မှုတွေရဲ့ ဆိုးကျိုးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ရင် မှော်ပညာရှင်လောကရဲ့ သဘာဝလွန်စွမ်းအား စနစ်တစ်ခုလုံး လှုပ်ခတ်သွားလိမ့်မယ်”
“အဆင့် ၉ မှော်ပညာရှင်တွေက ရှေ့ဆက်သွားရမယ့် လမ်းကြောင်းကို မမြင်ရတော့တဲ့အခါ မှော်ပညာရှင်လောကက သဘာဝလွန်စွမ်းအား စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ရပ်တန့်သွားလိမ့်မယ်၊ ဒါမှမဟုတ် ပိုဆိုးတဲ့ အခြေအနေထဲကိုတောင် ကျရောက်သွားနိုင်တယ်”
ရွှီနင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ရှန့်ကွမ်းကျိ ဆိုလိုသည်ကို သူ နားလည်သွားခဲ့ချေပြီ။
သိုင်းပညာလောကမှ သိုင်းပညာရှင်ဖြစ်စေ၊ မှော်ပညာရှင်လောကမှ မှော်ပညာရှင်ဖြစ်စေ သဘာဝလွန်စွမ်းအားရှင်တိုင်းသည် ပိုမိုမြင့်မားသော နယ်ပယ်များနှင့် ပိုမိုအားကောင်းသော ခွန်အားများကိုသာ လိုက်စားကြသည် မဟုတ်ပါလား။
ရှေ့ဆက်သွားရမည့် လမ်းကြောင်းကြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် သဘာဝလွန်စွမ်းအား စနစ်အတွက် အခြေခံကျကျ ထိခိုက်ပျက်စီးစေလိမ့်မည် ဖြစ်သည်။
စနစ်တစ်ခုလုံးမှာ ငြင်းပယ်ခံရပေလိမ့်မည်။
“ဒါကြောင့် ဒီအဖြစ်မှန်ကို ဖုံးကွယ်ဖို့အတွက် ငါနဲ့ ကျန်တဲ့ မှော်ပညာရှင် နှစ်ယောက်က မျှော်စင်ကို တည်ဆောက်ခဲ့ကြတာ”
ရှန့်ကွမ်းကျိက ရှင်းပြလေသည်။
“ငါတို့က အာကသလှိုင်းလုံးကို ဖုံးကွယ်ထားချင်ခဲ့တာ။ ငါတို့ သုံးယောက်က အဆင့် ၁၀ ကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို မှော်မျှော်စင်ထဲမှာ ဝှက်ထားတယ်ဆိုပြီး ကောလာဟလတွေကိုတောင် တမင်တကာ ဖန်တီးခဲ့ကြတယ်”
“ဒါဆို ဝှက်ထားတဲ့ အပိုင်းအစတွေနဲ့ လိမ်ညာထားတာပေါ့ ဟုတ်လား”
ရွှီနင်က မေးလိုက်သည်။
“ဒါက လိမ်ညာတာ မဟုတ်ပါဘူး”
ရှန့်ကွမ်းကျိက ပြောလေသည်။
“ပြင်ပကမ္ဘာတွေရဲ့ တည်နေရာတွေကို လျှို့ဝှက်အပိုင်းအစတွေထဲမှာ တကယ် ထည့်သွင်းထားတာပါ။ လှိုင်းလုံးတွေရဲ့ ဆိုးကျိုးကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့ပြီးတဲ့နောက်မှာတော့ ပြင်ပကမ္ဘာတွေရဲ့ တည်နေရာတွေက အသုံးဝင်လာမှာပဲ”
“သခင်ကြီး ရှန့်ကွမ်း...”
ရွှီနင်က ထပ်မေးလိုက်သည်။
“သခင်ကြီးအပြင် ကျန်တဲ့ အဆင့် ၁၀ မှော်ပညာရှင် နှစ်ယောက်က မှော်ပညာရှင်လောကမှာ ရှိနေသေးလား”
“မရှိတော့ဘူး၊ မှော်ပညာရှင်လောကထဲမှာ အာကသလှိုင်းလုံးတွေကို ဖြေရှင်းမယ့် နည်းလမ်းကို ငါတို့ ရှာမတွေ့ခဲ့ကြဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်က မှော်ပညာရှင်လောကကနေ ထွက်ခွာပြီး ဖြေရှင်းနည်း ရှာဖို့အတွက် ပြင်ပကမ္ဘာတွေဆီကို စွန့်စားသွားခဲ့ကြတယ်”
“ဒါပေမဲ့ နှစ်ပေါင်း ရာနဲ့ချီ ကြာသွားတဲ့အထိ သူတို့ ပြန်မလာကြသေးဘူး...”
ရှန့်ကွမ်းကျိ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ဖြတ်သန်းသွားလေသည်။
‘ကိုယ့်ရဲ့ ကိုယ်ပွားမဟုတ်ဘဲ ခန္ဓာကိုယ်အစစ်နဲ့ ပြင်ပကမ္ဘာတွေကို သွားရောက် စူးစမ်းတာက တကယ့်ကို ကြီးမားတဲ့ စွန့်စားမှုတစ်ခုပဲ...’
ရွှီနင် ထိုသို့ တွေးလိုက်မိသည်။
အဆင့် ၁၀ မှော်ပညာရှင် တစ်ယောက်၏ ခန္ဓာကိုယ်သည်ပင် ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်များကို အကြာကြီး ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
အဆုံးမရှိသော ကမ္ဘာများ၏ မူလအစကို နားလည်သဘောပေါက်မှသာ ဟင်းလင်းပြင်နဲ့ အချိန်ဝဲဂယက်များကြားတွင် အချိန်အကြာကြီး ရှင်သန်နိုင်မည် ဖြစ်သည်။
“သူတို့က မှော်ပညာရှင်လောကအတွက် အများကြီး ကြိုးစားပေးခဲ့ကြတာပဲ...”
ရွှီနင်သည် အဆင့် ၁၀ မှော်ပညာရှင် နှစ်ဦးကို လေးစားသွားမိသည်။
မှော်ပညာရှင်လောကမှ သဘာဝလွန်စွမ်းအား စနစ်၏ အနာဂတ်အတွက် သူတို့သည် သူတို့၏ အသက်များကိုပင် လောင်းကြေးထပ်ခဲ့ကြသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် ရှန့်ကွမ်းကျိက အဝေးသို့ လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။
“သခင်လေး... မှော်ပညာရှင်လောကမှာ ဘယ်လောက်ကြာကြာနေဖို့ အစီအစဉ်ရှိလဲ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှန့်ကွမ်းကျိက မေးလိုက်လေသည်။
ရှန့်ကွမ်းကျိသည် ရွှီနင်ကို မြင်လိုက်ရသည့်အချိန်မှစ၍ ရွှီနင်သည် ကိုယ်ပွားတစ်ခု ဖြစ်ကြောင်း သိထားခဲ့ခြင်းဖြစ်သည်။
ရွှီနင်သည် မှော်ပညာရှင်လောက၏ မူလအစကို နားလည်သဘောပေါက်ထားပြီဖြစ်ကြောင်း သူ သိလေသည်။
မိမိ၏ မူလကမ္ဘာသို့ ပြန်ရောက်သည်နှင့် ရွှီနင်သည် သူ့ကဲ့သို့ပင် အဆင့် ၁၀ သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
“အဲဒီလူ နှစ်ယောက်သာ မရှိရင် ကျွန်တော် မူလကမ္ဘာကို ပြန်သွားလောက်ပြီ”
ရွှီနင်က ပြုံးလျက် ဆိုလိုက်သည်။
“သခင်လေး... မူလကမ္ဘာကို ပြန်ရောက်လို့ အဆင့် ၁၀ ကို တက်လှမ်းပြီးတဲ့အခါ ဒီအာကသလှိုင်းလုံးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ရင် ကျွန်တော့်ကို ပြောပြပေးပါဦး”
ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ခံစားနေရသော်လည်း ရှန့်ကွမ်းကျိသည် ရွှီနင်ထံမှ အကူအညီ တောင်းလိုက်လေသည်။
“ကောင်းပါပြီ”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
သူသည် ရှန့်ကွမ်းကျိအပေါ် အမြင်ကောင်း ရှိသည့်အပြင် မှော်ပညာရှင်လောကသည်လည်း သူ ပထမဆုံး စူးစမ်းခဲ့သည့် ပြင်ပကမ္ဘာ ဖြစ်ပေသည်။
“ဒါဆို ကျွန်တော် မကြာခင် ထွက်ခွာတော့မယ်”
ရွှီနင်အတွက် မှော်ပညာရှင်လောကတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။
“ဪ... ဒါနဲ့”
ရွှီနင် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
“သခင်ကြီးရှန့်ကွမ်း... မှော်ပညာမြို့တော်က ကောင်းမိသားစုကို စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော် ထွက်သွားပြီးတဲ့နောက် သခင်ကြီးကယ်ခဲ့တဲ့ လူနှစ်ယောက်က ကောင်းမိသားစုကို ဒုက္ခပေးနိုင်လို့ပါ”
“ကောင်းပါပြီ”
ရှန့်ကွမ်းကျိ ခေါင်းညိတ်လိုက်သည်။
ရွှီနင်၏ စကားတစ်ခွန်းကပင် ကောင်းမိသားစု ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်ကို ဖြေရှင်းပေးလိုက်လေပြီ။
“နှုတ်ဆက်ပါတယ်”
ရွှီနင်က ရှန့်ကွမ်းကျိကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ်”
ရှန့်ကွမ်းကျိကလည်း ပြန်လည် နှုတ်ဆက်လိုက်လေသည်။
‘ပြန်မယ်’
ရွှီနင်သည် သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်သည်။
သူ့ခန္ဓာကိုယ်မှ တောက်ပသော အဖြူရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။
ဝူး…
ထို့နောက်တွင် ရွှီနင်သည် ထိုနေရာ၌ မရှိခဲ့ဖူးသည့်အလား လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ရှန့်ကွမ်းကျိသည် ရွှီနင် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ ငေးငိုင်နေမိသည်။ ထို့နောက် မကြာမီတွင် သူ၏ ပုံရိပ်သည်လည်း တောင်ထိပ်မှ ပျောက်ကွယ်သွားခဲ့လေပြီ။
…
ကိုယ်ခံပညာကမ္ဘာ…
ဝမ့်ရှန့်ပြည်နယ်…
ဧကရာဇ်မြို့တော်…
တားမြစ်နယ်မြေ…
မှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် ရွှီနင်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။
“မအောင်မြင်ဘူးလား”
ရွှီနင် မျက်လုံးဖွင့်လိုက်သည်နှင့် သွမ့်ဟွေးယောင့်နှင့် သွမ့်ဟွေးယွဲ့တို့သည်လည်း သတိပြုမိသွားကြသည်။
သူတို့သည် ရွှီနင်ကို နှမြောတသသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
‘ပြင်ပကမ္ဘာတစ်ခုရဲ့ သဘာဝလွန်စွမ်းအား စနစ်ရဲ့ ထိပ်ဆုံးကို ပထမဆုံးအကြိမ် ကြိုးစားရုံနဲ့ ရောက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့အရာပဲ...’
သွမ့်ဟွေးယောင့်နှင့် သွမ့်ဟွေးယွဲ့တို့ ထိုသို့ တွေးလိုက်မိကြသည်။
“မဟုတ်ဘူး”
သို့သော် ရွှီနင်၏ တုံ့ပြန်မှုက သူတို့ နှစ်ဦးကို အံ့အားသင့်သွားစေလေသည်။
ဝူး…
ထို့နောက်တွင် ရွှီနင်၏ ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအား နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။
တာအိုနယ်ပယ်၏ အတားအဆီးမှာ နောက်ဆုံးတွင် ကျိုးပျက်သွားခဲ့ချေပြီ။
မူလအစနယ်ပယ်မှ သိုင်းသခင်ကြီး…
ရွှီနင်သည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။
“ဒါ... ဒါက”
သွမ့်ဟွေးယွဲ့နှင့် သွမ့်ဟွေးယောင့်တို့ တုန်လှုပ်သွားကြသည်။
လက်တွေ့ကမ္ဘာတွင် ခြောက်လတောင် မပြည့်သေးသည့် အချိန်အတွင်းမှာပင် ရွှီနင်သည် တာအိုနယ်ပယ် ကိုးဆင့်မှ မူလနယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့သည်။
“ကောင်းတယ်... တကယ်ကို ကောင်းတယ်”
သွမ့်ဟွေးယွဲ့က စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ယွီကျီးယင်တစ်ယောက် မည်သည့်အချိန်တွင် ရောက်လာမည်ကို သူ မသိပေ။
သို့သော် ရွှီနင်၏ အဆင့်တက်နှုန်းအရဆိုလျှင် ယွီကျီးယင် ပေါ်မလာခင်မှာပင် သူသည် အဆုံးမရှိသော ကမ္ဘာများ၏ မူလအစကို နားလည်သေဘောပေါက်သွားနိုင်လေသည်။ ထိုသို့ဆိုလျှင် ယွီကျီးယင်ကို ကြောက်နေစရာ မလိုတော့ပေ။
‘ဒါက သိုင်းသခင်နယ်ပယ်ပေါ့...’
အဆင့်တက်ပြီးနောက် ထိုခံစားချက်ကို ရွှီနင် ခံစားလိုက်ရသည်။
သူသည် မှော်ပညာရှင်လောကမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သော်လည်း မှော်ပညာရှင်လောက၏ မူလစွမ်းအားကို ဆက်လက် အသုံးပြုနိုင်နေဆဲပင်။
‘နောက်တစ်ဆင့်ကတော့ ဒီမူလအစ နှစ်ခုရဲ့ တူညီတဲ့ သဘောသဘာဝကို ရှာဖွေပြီး အဆုံးမရှိတဲ့ ကမ္ဘာတွေရဲ့ မူလအစကို နားလည်အောင် လုပ်ရမယ်...’
ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ရွှီနင် သိရှိထားသည်။
ထိုအရာသည် တခြားသူများအတွက် ခက်ခဲနိုင်သော်လည်း ရွှီနင်အတွက်မူ စွမ်းအင်ရှိရန်သာ လိုအပ်သည်။
“သခင်ကြီး... ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်”
ရွှီနင်က ပြောလိုက်သည်။
“ပြောစမ်းပါဦး”
သွမ့်ဟွေးယွဲ့က ပြောလိုက်သည်။
“ကျွန်တော် ကျင့်ကြံရေး အရင်းအမြစ်တွေ လိုချင်ပါတယ်၊ အများကြီး... အများကြီး လိုချင်တာပါ”
ရွှီနင်က ပြောလိုက်လေတော့သည်။
အခန်း (၃၆၆) - တိုးတက်မှု အစီအစဉ်
“ကျင့်ကြံခြင်း အရင်းအမြစ်တွေလား”
သွမ့်ဟွေးယဲ့နှင့် သွမ့်ဟွေးယောင့်တို့သည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။
အမှန်စင်စစ် ရွှီနင်၏ နယ်ပယ်အရ သူသည် ကျင့်ကြံခြင်းကို အထောက်အကူပြုရန် သိုင်းပညာအရင်းအမြစ်များ မလိုအပ်တော့ချေ။
“ကောင်းပြီလေ... မင်းလိုချင်သလောက် ငါပေးပါ့မယ်”
သို့သော် သွမ့်ဟွေးယဲ့သည် သိချင်စိတ် ဖြစ်နေသော်လည်း သဘောတူလိုက်လေသည်။
ရွှီနင်တွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိနေမည်ဖြစ်ရာ သူ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ သူလုပ်ပေးရမည်မှာ လိုအပ်သည်ကို ပံ့ပိုးပေးရန်သာ ဖြစ်သည်။
“သခင်ကြီး... မိစ္ဆာအရှင်... ကျေးဇူးတင်ပါတယ်”
ရွှီနင်က သူတို့နှစ်ဦးကို ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း ခေါ်ဝေါ်ပုံကိုတော့ ပြောင်းလဲခြင်း မရှိခဲ့ပေ။
သွမ့်ဟွေးယဲ့နှင့် သွမ့်ဟွေးယောင့်တို့သည် ရွှီနင်အား အကူအညီများစွာ ပေးခဲ့ကြသူများ ဖြစ်ပေသည်။
“မလိုပါဘူးကွာ...”
သွမ့်ဟွေးယဲ့က ပြောလိုက်သည်။
“မင်းရဲ့ သိုင်းပညာပါရမီနဲ့ မတူညီတဲ့ စွမ်းအားစနစ်တွေကြားထဲ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းက ငါ့ရဲ့ အသိဉာဏ်ထက်တောင် ကျော်လွန်နေပြီ။ မင်းအနေနဲ့ အဆုံးမဲ့ကမ္ဘာတွေရဲ့ မူလအစကို နားလည်သဘောပေါက်တာကို ငါမြင်ချင်ပါသေးတယ်”
“ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”
ရွှီနင်က ပြန်လည် ဖြေကြားလိုက်သည်။
ထိုခဏ၌ပင် သွမ့်ဟွေးယဲ့နှင့် သွမ့်ဟွေးယောင့်တို့၏ ရင်ထဲမှ ဖိအားများ လျော့ကျသွားလေသည်။
ယခင်က ယွီကျီးယင်၏ ကြေညာချက်ကြောင့် သူတို့နှစ်ဦးမှာ ခေါင်းပေါ်တွင် ဓားတစ်လက် ချိတ်ဆွဲထားသကဲ့သို့ ခံစားနေခဲ့ရလေသည်။
ယွီကျီးယင် မည်သည့်အချိန်တွင် အဆင့်တက်မည် သို့မဟုတ် မည်သည့်အချိန်တွင် ကလဲ့စားချေရန် ပြန်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ယွီကျီးယင်က သူတို့ထက် အဆင့်တက် မြန်သွားမည်ကိုလည်း စိုးရိမ်နေခဲ့ကြသည်။
ပြီးခဲ့သည့်အကြိမ်က သွမ့်ဟွေးယဲ့နှင့် ယွီကျီးယင်တို့ ဆုံတွေ့ခဲ့စဉ်က ယွီကျီးယင်သည် သူ အဆုံးမဲ့ကမ္ဘာများ၏ မူလအစကို နားလည်ပြီးပါက သွမ့်ဟွေးယဲ့နှင့် အသေအကြေ တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ဖူးသည်။
ထိုစဉ်က ယွီကျီးယင်မှာ ယုံကြည်မှု အပြည့်ရှိနေပုံရပြီး မူလအစကို သေချာပေါက် နားလည်နိုင်မည်ဟု တွေးထားခဲ့လေသည်။
သွမ့်ဟွေးယဲ့ ကိုယ်တိုင်မှာမူ သူ၏ အဆင့်တက်နိုင်မှုအပေါ် ယုံကြည်မှု မရှိခဲ့ပေ။
သို့သော် ယခုမူ ရွှီနင်သည် နှစ်ဝက်အတွင်း မူလအစနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ပါရမီမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှရာ အဆုံးမဲ့ကမ္ဘာများ၏ မူလအစကို ပထမဆုံး နားလည်နိုင်သူ ဖြစ်လာနိုင်ပေသည်။
ဤအခြေအနေမျိုးတွင် ရွှီနင်သည် သူ့ကိုယ်စား ယွီကျီးယင်၏ ဖိအားများကို ရင်ဆိုင်ပေးနိုင်ပေလိမ့်မည်။ ရွှီနင်သည် ယခုအခါ သွမ့်ဟွေးယဲ့အတွက် အကြီးမားဆုံးသော ယုံကြည်ချက် ဖြစ်လာခဲ့ချေပြီ။
“ကျွန်တော် ပင်လယ်နီမိစ္ဆာဂိုဏ်းကို အရင်ပြန်ရဦးမယ်”
ရွှီနင်က ပြောလိုက်သည်။
“အခု ကျွန်တော် မူလအစနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လုပ်နေဖို့က အဓိပ္ပာယ် သိပ်မရှိတော့ဘူး။ ဒီဂိုဏ်းချုပ်ရာထူးကို သွမ့်ချောင်မြန်ကို လွှဲပေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒါကို သခင်ကြီးတို့ သဘောတူမလား သိချင်ပါတယ်”
သွမ့်ချောင်မြန်သည် သွမ့်တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်ပြီး အစကတည်းက သွမ့်ဟွေးယဲ့သည် ပင်လယ်နီမိစ္ဆာဂိုဏ်းကို သူ့အား လွှဲပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှီနင်၏ စွမ်းဆောင်ရည်မှာ အလွန် ထူးချွန်လွန်းသဖြင့် ရွှီနင်က ဂိုဏ်းချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“ဒါဆိုရင်တော့ သွမ့်တော်ဝင်မိသားစုကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ”
သွမ့်ဟွေးယဲ့က ပြောလိုက်သည်။
ရွှီနင်တစ်ယောက် ဂိုဏ်းချုပ်ရာထူးကို သွမ့်ချောင်မြန်အား လွှဲပေးရသည့် အကြောင်းအရင်းကို သူ နားလည်ပေသည်။
ထို့နောက်တွင် ရွှီနင်သည် သွမ့်မိသားစု၏ တားမြစ်နယ်မြေမှ ထွက်ခွာသွားလေသည်။
သွမ့်ဟွေးယဲ့သည်လည်း ထိုမှောင်မည်းနေသော ဟင်းလင်းပြင်မှ ထွက်လာပြီး သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများကို ရွှီနင်အတွက် အရင်းအမြစ်များ တတ်နိုင်သမျှ စုဆောင်းပေးရန် အမိန့်ပေးလိုက်တော့သည်။
ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ရွှီနင် ပြန်ရောက်လာခဲ့သည်။
သူ ကျွန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သွမ့်ချောင်မြန်၊ ယွိချောင့်နှင့် အခြားသော ဂိုဏ်းအကြီးအကဲများကို စုဝေးစေလိုက်သည်။
အားလုံးက ပင်မတောင်ထိပ်သို့ ရောက်ရှိနေကြသော်လည်း ရွှီနင်မှာ ပေါ်မလာသေးပေ။
ရွှီနင်မှ အကြီးအကဲများအား တစ်နေရာတည်းတွင် စုဝေးစေသည့် အကြောင်းအရင်းကို မည်သူမျှ မသိကြပေ။
ရွှီနင် ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် များမကြာမီမှာပင် သူသည် အာဏာကို စွန့်လွှတ်ကာ နှစ်ဝက်ခန့် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လုပ်ဆောင်ပုံမှာ ပင်လယ်နီမိစ္ဆာအရှင်နှင့် အလွန်တူလှပေသည်။
ဝှစ်...
ရွှီနင် ရုတ်တရက် ပေါ်လာလေသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ရွှီနင်ကို မြင်လိုက်ရသည်နှင့် အကြီးအကဲအားလုံးက အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
‘ဟမ်...’
တာအိုနယ်ပယ် အဆင့်ကိုးတွင်ရှိသော အကြီးအကဲအချို့မှာ တစ်ခုခု ထူးခြားနေသည်ကို ဦးစွာ သတိပြုမိလိုက်ကြသည်။
ရွှီနင်သည် ယခင်နှင့် မတူတော့ကြောင်း သူတို့ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
သူ၏ လက်ရှိအခြေအနေမှာ သွမ့်တော်ဝင်မိသားစုမှ အရှင်သခင်ကြီးနှင့် အလွန်တူညီနေလေသည်။
‘ဒါက... ဖြစ်နိုင်မလား...’
သူတို့၏ ရင်ခုန်သံများ မြန်လာခဲ့သည်။
ထို့နောက်တွင် အင်အားနည်းသော တာအိုနယ်ပယ် အဆင့်ရှစ်ရှိ အကြီးအကဲများပါ ဤအချက်ကို သတိထားမိသွားကြသည်။
သွမ့်ချောင်မြန်နှင့် ယွိချောင့်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်စွာ ကြည့်လိုက်မိပြီး မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေလေသည်။
“ဒီနေ့ ဂိုဏ်းကို ပြန်လာတာက အားလုံးကို ပြောစရာ တစ်ခုရှိလို့ပါ”
ရွှီနင်က အားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သွမ့်ချောင်မြန်အပေါ် အကြည့်ချင်း ဆုံလိုက်သည်။
“အရှင်သခင်ကြီး၊ မိစ္ဆာအရှင်တို့နဲ့ ဆွေးနွေးပြီးနောက်မှာ ဒီနေ့ကစပြီး ကျွန်တော်က ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ပြီး ဒီရာထူးကို သွမ့်ချောင်မြန်က ဆက်ခံမှာ ဖြစ်ပါတယ်”
ရွှီနင်၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားရသည်။ ဂိုဏ်းချုပ်ဖြစ်ပြီး တစ်နှစ်ပင် မပြည့်သေးသည့်အချိန်တွင် သူသည် ရာထူးမှ ဆင်းပေးလိုက်ခြင်း ဖြစ်သည်။
“ဒါက...”
သွမ့်ချောင်မြန်မှာ ဝေခွဲမရ ဖြစ်နေဆဲပင်။
ယွိချောင့်က သူ့အား တို့လိုက်မှသာ သူ သတိပြန်ဝင်လာသည်။
ယခုအခါ သွမ့်ချောင်မြန်နှင့် ယွိချောင့်တို့၏ ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာခဲ့ချေပြီ။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော် စိတ်ပျက်အောင် မလုပ်ပါဘူး”
သွမ့်ချောင်မြန်၏ စိတ်ထဲတွင် ရှုပ်ထွေးနေမိသည်။
သူသည် စိတ်လှုပ်ရှားသလို ဝေခွဲမရလည်း ဖြစ်နေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် ဂိုဏ်းချုပ်ရာထူးအတွက် ရွှီနင်နှင့် တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။
သူသည် ဂိုဏ်းချုပ်ရာထူးနှင့် ကံမပါတော့ဟု ထင်ထားခဲ့သော်လည်း ယခုအခါ တစ်ပတ်ပြန်လည်လာပြီး ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့ချေပြီ။
“အင်း...”
ရွှီနင်က ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပြီးရင် ကျွန်တော့်ရဲ့ ယန့်လုဂိုဏ်းကိုလည်း ဂရုစိုက်ပေးပါဦး”
ရွှီနင်သည် သူ၏ဆန္ဒကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
“စိတ်ချပါ ဂိုဏ်းချုပ်”
သွမ့်ချောင်မြန်က ရွှီနင်ကို အလွန်လေးစားစွာဖြင့် ပြန်ပြောလိုက်သည်။
ဤသူအား လေးစားခြင်းမှာ ရွှီနင်မှ ဂိုဏ်းချုပ်ရာထူးကို သူ့အား ပေးခဲ့သောကြောင့် မဟုတ်ဘဲ ရွှီနင်သည် သိုင်းသခင်ကြီးတို့၏ နယ်ပယ်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
“ကောင်းပြီ... အားလုံးပဲ နှုတ်ဆက်ပါတယ်”
ထို့နောက်တွင် ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်းအတွက် စိုးရိမ်စရာ မရှိတော့ပေ။
ကုဆုန်းယင့်နှင့် သူ၏ ယုံကြည်ရသော လူများအတွက်မူ သွမ့်ချောင်မြန်သာ မိုက်မဲခြင်း မရှိပါက သူတို့ကို သေချာပေါက် ကူညီပေးလိမ့်မည် ဖြစ်သည်။
“ဂိုဏ်းချုပ်”
ရွှီနင် ထွက်ခွာတော့မည့် အချိန်တွင် ယွိချောင့်က လူအုပ်ထဲမှ ထွက်လာခဲ့သည်။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အကြီးအကဲများထဲတွင် ယွိချောင့်တစ်ဦးတည်းသာ ရွှီနင်နှင့် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ရှိခဲ့ခြင်း ဖြစ်သည်။
“ဘာကိစ္စလဲ”
ရွှီနင်က မေးလိုက်သည်။
“ဂိုဏ်းချုပ် သိုင်းသခင်ကြီးတို့ရဲ့ နယ်ပယ်ကို အဆင့်တက်သွားပြီလား”
ယွိချောင့်က လူတိုင်း သိချင်နေသော မေးခွန်းကို မေးလိုက်လေသည်။ အကြီးအကဲအားလုံးမှာလည်း ရွှီနင်၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
“ဟုတ်တယ်... အဆင့်တက်သွားပြီ”
ရွှီနင်က အတည်ပြု ပြောကြားလိုက်သည်။
သူတို့ ကြိုတင် မှန်းဆထားသော်လည်း အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားရလေသည်။
ရွှီနင်၏ အဆင့်တက်မှုနှုန်းမှာ သူတို့ သိထားသမျှ သိုင်းပညာပါရမီ အသိဉာဏ်များကို လုံးဝ ကျော်လွန်နေချေပြီ။
ထိုသို့ပြောပြီးနောက် ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ ပျောက်ကွယ်သွားတော့သည်။ လူတိုင်းမှာ ထိုနေရာတွင်ပင် ငေးငိုင်စွာ ကျန်ရစ်ခဲ့ကြသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်းမှ ထွက်ခွာပြီးနောက် ရွှီနင်သည် ယန့်လုဂိုဏ်းသို့ ပြန်သွားကာ အစီအစဉ်အချို့ကို လုပ်ဆောင်ခဲ့သည်။
ထို့နောက်တွင် သွမ့်ချောင်ဖုန်းနှင့် တွေ့ဆုံရန် ယဲ့ဘုရင်ခံအိမ်တော်သို့ သွားခဲ့လေသည်။
ရွှီနင်က သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကြားလိုက်ရသော် သွမ့်ချောင်ဖုန်းမှာ ချက်ချင်းပင် မှင်တက်သွားရသည်။
သူ စိတ်ကူးပေါက်၍ ခင်မင်ခဲ့သော ရွှီနင်မှာ တာအိုနယ်ပယ်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ရွှီနင်နှင့် သူငယ်ချင်းဖြစ်ခြင်းက သွမ့်တော်ဝင်မိသားစုအတွင်းရှိ သူ၏ အဆင့်အတန်းမှာ တော်ဝင်မိသားစုဝင်များထက်ပင် သာလွန်သွားနိုင်ကြောင်း သွမ့်ချောင်ဖုန်း ကောင်းစွာ သိပေသည်။
ရွှီနင်သည် ယဲ့ဘုရင်ခံအိမ်တော်တွင် အချိန်အကြာကြီး မနေခဲ့ပေ။
ကိစ္စများ ပြီးစီးသွားသောအခါ တော်ဝင်မြို့တော်သို့ ပြန်သွားခဲ့သည်။ သွမ့်ဟွေးယဲ့ စီစဉ်ထားသော အရင်းအမြစ်များသည်လည်း လမ်းခရီးတွင် ရှိနေပေလိမ့်မည်။
ရွှီနင်သည် ချောက်နက်မြောက်ပိုင်းသို့ ပြန်သွားပြီး သူ၏ မိသားစုနှင့် တွေ့ဆုံရန် စဉ်းစားမိသေးသည်။
သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက်တွင်မူ အဆုံးမဲ့ကမ္ဘာများ၏ မူလရင်းမြစ်ကို နားလည်သဘောပေါက်ပြီးမှသာ ပြန်သွားရန် ဆုံးဖြတ်လိုက်လေသည်။
ဤသို့ဖြင့် ရွှီနင်သည် သူ၏ နောက်ထပ် အဆင့်တက်ခြင်းအတွက် စတင် ပြင်ဆင်လေတော့သည်။