လက်နက်မဲ့ တိုက်ခိုက်ခြင်း
Vol. 81-85 Ch. 1204
လုံမိသားစု၏ အပယ်ခံအမှိုက်ကောင်က ယခုအခါ၌ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များအား တစ်ပြိုင်တည်း နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ကြောင်း ကိုယ်တိုင် မမြင်ခဲ့ရလျင် အခြားသူများ ပြောလာပါက ယုံနိုင်လိမ့်မည် မဟုတ်ပါ။
“ဒီလူက တော်တော် အစွမ်းထက်တာပဲ”
အဘိုးအိုတစ်ယောက်သည် သူ လုံရှာကို ချီးကျူးရသော နေ့မျိုး ရောက်လာလိမ့်မည်ဟု ထင်မထားမိချေ။ လက်ရှိတွင် သွေးပင်လယ်သည် လေဟာနယ်တွင်း၌ အလျားလိုက် ပျံ့လွင့်လာပြီး ရှေးဟောင်း သားရဲကောင် သဖွယ် ၎င်းနှင့် ထိမိသည့် အရာရာတိုင်းကို ဖျက်ဆီးသွားလေသည်။
“မဟာတာအို အငွေ့အသက်ပါလား၊ ဒါ ဘယ်လိုဖြစ်ရတာလဲ”
လုံရှာ၏ ခန္ဓာကိုယ်မှ မဟာတာအို အငွေ့အသက်ကို ခံစားလိုက်မိသဖြင့် ကျန်လူများ မျက်လုံးပြူးကာ မယုံသင်္ကာ ဖြစ်သွားကြသည်။
*မဟာတာအိုကို နားလည်နိုင်ရအောင် သူက အသက် ဘယ်လောက်ပဲ ရှိသေးလို့လဲ၊ တစ်ချို့မိစ္ဆာအိုကြီး တွေတောင် မလုပ်နိုင်တာ*
“ခွေးကောင် ငါတို့ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား”
လုံမိသားစုဝင်များသည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် အန္တရာယ်ကင်းနိုင်သည့် အကွာအဝေးသို့ နောက်ဆုတ်ပြီးသည်နှင့် အလွန် မုန်းတီးသော အမူအရာမျိုး ဖြစ်ပေါ်လာကြသည်။
ယခုအချိန်တွင် သူတို့သည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား သတ်ဖြတ်ရန် မစောင့်နိုင်ကြတော့ချေ။ ကျုံးကျိုး အင်ပါယာ၏ ကျော်ကြားသော သိုင်းပညာရှင်များဖြစ်သည့် သူတို့က အမှိုက်ကောင်ကို ကြောက်လန့်၍ နောက်ဆုတ်ခဲ့ရသည်။ ဤအဖြစ်ကို သူတို့ သည်းမခံနိုင်ကြပေ။
“ဒေါင်”
ထည်ဝါသော ခေါင်းလောင်းသံနှင့်အတူ ခေါင်းလောင်းတစ်လုံးက လေထဲသို့ မြောက်တက်သွား၏။ ယင်းထံမှ ရိုးစင်း၍ သဘာဝဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ထိုခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ကိုးလောကလုံး တစ်ခုတည်းအဖြစ် ဆက်နွယ်သွားသည်ဟု ထင်မှတ်ရလောက်အောင် တစ်မူထူးခြားလှသည်။
“အရှင်ယဲ့ဘုရင်၊ ဒီခေါင်းလောင်းက ရှေးဟောင်းရတနာ ယန်ခေါင်းလောင်းပါ၊ အရှင် ကျုပ်တို့ကို ဝင်ပါစေ ချင်ပါလား”
ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ မနေနိုင်ဘဲ မေးလိုက်ကြသည်။ ယန်ခေါင်းလောင်း ကြောက်စရာကောင်းမှုကို သူတို့လည်း ကြားဖူးကြပါသည်။
ယန်စွမ်းအင်များကို စုပ်ယူ၍ သန့်စင်ထားသည့် သံနီအား ထုဆစ်ပြီး အင်မော်တယ် တာအိုသင်္ကေများပါ ထွင်းထု ထားပြီးမှ ဤရတနာ ဖြစ်လာခြင်း ဖြစ်လေသည်။
ဤယန်ခေါင်းလောင်း မြည်လာချိန်တွင် ကောင်းကင်မှ နေကဲ့သို့ အပူချိန်များ ဖြာကျလာပြီး ဆယ်မိုင်အတွင်းမှ သက်ရှိများအားလုံး ပြာဖြစ်သွားသည်ဟု ဆိုကြသည်။
ထိုအခါ ယဲ့ဖန်က ခေါင်းအသာခါပြလိုက်သည်။
“ခေါင်းလောင်းပျက်တစ်ခုကို ကြောက်စရာ မလိုဘူး”
*ဟမ်*
ထန်မင်လီနှင့် အခြားသူများ ကြက်သေ သေသွားကြသည်။
*ယဲ့ဖန်ရဲ့ အမြင်မှာ ချွန်းယန်အဆင့် လက်နက်က ခေါင်းလောင်းပျက်တစ်ခုလောက်ပဲ ရှိတာလား*
*ဒါက …*
သူတို့ ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ကတုံးနှင့် အဘိုးအိုတစ်ယောက်က မုန်းတီးနေသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီး ဟားတိုက် ရယ်မောလာသည်။
“လုံရှာ မင်း ငါ့ယန်ခေါင်းလောင်းအောက်မှာ သေရမှာမို့ ဂုဏ်ယူသင့်တယ်ကွ”
သူ့စကားနှင့်အတူ ယန်ခေါင်းလောင်းမှ ပူပြင်းသော မီးလျှံများ ထွက်လာပြီး သွေးပင်လယ်နှင့် ထိပ်တိုက် တွေ့သွား လေသည်။ ဤသည်ကိုကြည့်ပြီး လုံမိသားစုဝင်များက ရယ်မောလေသည်။
“နံပါတ်ငါး ကောင်းတယ်ကွာ၊ မင်းရဲ့ ရတနာကို သုံးပြီး ဒီမိစ္ဆာကောင်ကို သတ်ပစ်လိုက်စမ်းပါ”
အဘိုးအိုတစ်ယောက်က ဝမ်းသာအားရ ဖြစ်နေသော မျက်နှာထားဖြင့် အော်ဟစ်လေသည်။
“ဒီယန်ခေါင်းလောင်းက တစ်ခါမှ မလွဲဖူးဘူး၊ ဒါကို တစ်ခါ ထုတ်သုံးလိုက်တာနဲ့ သေကြေမှုတွေ ဖြစ်လာမှာပဲ”
“လုံရှာ မင်း သွေးကြီးလွန်းတယ်၊ ဒါနဲ့ဆိုရင် မင်း လုံးဝ နိုင်နိုင်ချေ မရှိဘူး”
သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြလေသည်။ ဤယန်ခေါင်းလောင်းအကြောင်း သူတို့ ကောင်းကောင်း သိသဖြင့် အလွန် ယုံကြည်မှု ရှိနေ၏။
အခြားသူများသည်လည်း ၎င်းအကြောင်း ပြောနေကြပြီး လုံရှာအပေါ် သနားသော အကြည့်များဖြင့် ကြည့်လာကြ လေသည်။ လုံရှာ သေကိုသေလိမ့်မည်ဟု သူတို့ ယုံကြည်နေသည်။
“ဟားဟား…”
သတ်ဖြတ်ခြင်း နတ်ဆိုးကမူ လှောင်ရယ်၍သာ နေပြီး သွေးပင်လယ်ကလည်း ပိုမို၍ ပြင်းထန်လာ၏။ သွေးပင်လယ်သည် ရုတ်တရက် ထောင်ချီ၍ ပျံ့နှံ့လာပြီး ယန်ခေါင်းလောင်းနှင့် ပြင်းထန်စွာ တိုက်မိလေသည်။
“ဝုန်း ဝုန်း ဝုန်း”
လေထုထဲ၌ ကြောက်စရာကောင်းသော အသံများ ထွက်ပေါ်လာသည်။ ထိုသွေးပင်လယ်သည် ယန်ခေါင်းလောင်းနှင့် တိုက်မိသည်နှင့် ၎င်း၏ ဖိအားကို တားဆီးနိုင်သောကြောင့် ခေါင်းလောင်းက ဆက်တိုက် မြည်သံ ထွက်လာသဖြင့် ခံရခက်လှသည်။
“အား … ငါ့နားတွေ”
လူတိုင် ထအော်လာကြသည်။ ဤသို့ ကောင်းကင်ပင် တုန်ခါနိုင်လောက်သည့် အသံက သူတို့ တောင့်ခံနိုင်သော အရာ မဟုတ်ပေ။
“ဒါ ဘယ်လို ဖြစ်ရတာလဲ၊ သူ တကယ် ယန်ခေါင်းလောင်းကို တားနိုင်တာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခိုက်တွင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား သွေးမြူခိုးများက ဝိုင်းရံထားပြီး မျက်လုံးများက စူးရဲနေပြီး မျက်နှာက ကြောက်စရာ ကောင်းနေသည်။ သူသည် ဆက်တိုက် လက်သီးချက်များ ပစ်သွင်းနေ၏။
လက်ရှိတွင် သူသည် ဘီလူးသဘက် စီးသကဲ့သို့ အပြင်းအထန် တိုက်ခိုက်နေသဖြင့် ယန်ခေါင်းလောင်းက တုန်ခါပြီးရင်း တုန်ခါလာသည်။
“မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ထိုအခါ ကတုံးနှင့် အဘိုးအိုသည် စိတ်မထိန်းနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်လာလေသည်။ သူတို့၏ အမြင်တွင် မည်သူမှ ယန်ခေါင်းလောင်းကို မတားဆီးနိုင်ဟု ထင်မှတ်ခဲ့ကြသည်။
“အခု ငါက အရင်ကနဲ့ မတူတော့ဘူး၊ ဒီနေ့ မင်းတို့ သေကိုသေရမယ်”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ဟားတိုက် ရယ်မောနေပြီး သူ့စကားတွင် နက်ရှိုင်းသော အမုန်းတရားများ ပါဝင်နေ၏။
ထိုအမုန်းတရားကြောင့် လက်ရှိရှိနေသည့် လုံမိသားစုဝင်များအားလုံး ခေါင်းမွေးထောင်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားကြသည်။ သူတို့ အလွန်အမင်း သွေးပျက်နေ၏။
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ဆက်တိုက် ထိုးနှက်လာသဖြင့် တုန်ခါသံများနှင့် တာအို အငွေ့အသက်များ ပျံ့လွင့်နေသလို မီးလျှံများ တောက်ပနေသဖြင့် ဟိုတယ်တစ်ခုလုံး ပျက်စီးပြိုကျလာ၏။ လူတိုင်း ထွက်ပြေး တိမ်းရှောင်ရပြီး အဝေးမှ ပြန်ကြည့်နေမိသည်။
ယခုလုံရှာသည် နတ်ဆိုးတစ်ကောင်သဖွယ် ကြမ်းတမ်းပြီး လက်သီးချက်များဖြင့် ယန်ခေါင်းလောင်းကို ထိုးနှက် နေသည်က ထိတ်လန့်ဖွယ်ကောင်းလှသည်။
“ဘာလို့ ယဲ့ဘုရင်နဲ့ လုံရှာက ဟွိုင်အန်းစီရင်စုထဲမှ ပေါ်လာရတာလဲ”
ဂိုဏ်းချုပ်အိုကြီးတစ်ယောက်က လုံရှာကြောင့် အံ့ဩမှင်တက်ကာ သက်ပြင်းချလိုက်လေသည်။ သူ့စကားကို လူတိုင်း ခေါင်းညိတ်၍ ထောက်ခံကြသည်။
ကျုံးကျိုး အင်ပါယာ တည်ထောင်ခဲ့သည်မှာ နှစ်များစွာ ကြာနေပြီဖြစ်သော်လည်း သူတို့ကဲ့သို့ ကြောက်စရာ ကောင်းသူများ မရှိခဲ့ဖူးချေ။
“ယဲ့ဘုရင်ရဲ့ လက်အောက်ငယ်သားလို့ မပြောရဘူး၊ ခွန်အားက သူ့လိုပဲ၊ နတ်ဆိုးတစ်ကောင်လို ကြမ်းကြုတ်၊ ရဲရင့်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်တယ်၊ လုံမိသားစုရဲ့ အသက်သွေးကြော အုတ်မြစ်ကို ကိုင်လှုပ်နိုင်တာပဲ”
“ငါ ဒုတိယ ယဲ့ဘုရင် မွေးဖွားလာတာကို ကြည့်နေရသလိုပဲ”
ထိတ်လန့်ကြောက်ရွံ့စွာ ပြောလာသည့် စကားသံ ထွက်ပေါ်လာသည်။ သူတို့သည် ယခင်ကဲ့သို့ ယဲ့ဘုရင်နှင့် လုံရှာအပေါ် အထင်သေး၍ မိမိကိုယ်ကိုယ် မာနကြီးသောစိတ်များ မရှိတော့ချေ။ သူတို့အပေါ် အတော မသတ်နိုင်သော ကြောက်စိတ်များသာ ရှိတော့သည်။
“ဂျွတ်”
ရုတ်တရက် အက်သံလေးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ညင်သာသော်လည်း လူတိုင်းအတွက် ပြင်းထန်ပုံ ရသည်။ အားလုံး မနေနိုင်ဘဲ ယန်ခေါင်းလောင်းကို မော့ကြည့်လိုက်သောအခါ အက်ရာတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဘာ … ယန်ခေါင်းလောင်းမှာ အက်ရာ ဖြစ်နေတာလား”
“ဘယ်လိုလုပ် ဖြစ်ရတာလဲ၊ ဒါ … ချွန်းယန်အဆင့် လက်နက်နေ၊ အင်မော်တယ်ဖြစ်ဖို့ နီးနေပြီကို”
*အစက ယန်ခေါင်းလောင်းကို တားဆီးတယ်၊ အခု အက်ရာပါ ထင်အောင် လုပ်နေပြီ*
*သူ့လက်သီးက ဘယ်လိုတောင် ကြောက်စရာကောင်းရတာလဲ*
*ဒါ မယုံနိုင်စရာပဲ*
“ဂျွတ် ဂျွတ်”
အားလုံး၏ သေချာအောင် ကြည့်နေသော အကြည့်အောက်၌ ယန်ခေါင်းလောင်းပေါ်ရှိ အက်ရာက ဆက်လက် ပျံ့နှံ့လာပြီး ခေါင်းလောင်းတစ်ခုလုံး အက်ရာထင်သွားပြီးနောက် ပျက်စီးသွားလေသည်။
“ဝုန်း”
ပေါက်ကွဲသံနှင့်အတူ ချွန်းယန်အဆင့် ယန်ခေါင်းလောင်း တစ်စစီ ပေါက်ကွဲသွားပြီး ပြန်ပြုတ်ကျလာ၏။
“မင်း …”
ကတုံးနှင့် အဘိုးအို ထိတ်လန့်သွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း ဖိအားတစ်ခုက သူ့အား ထာဝရ ပါးစပ်ပိတ် သွားအောင် ပြုလုပ်လာ၏။
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က လေတစ်ချက် ချွန်လိုက်ပြီး တာအို သဘောတရားများ ပါဝင်သော သွေးပင်လယ်က ကတုံးနှင့် အဘိုးအိုထံ တိုးဝင်သွားပြီး ချက်ချင်း အရည်ပျော်ကျအောင် ပြုလုပ်သွားသဖြင့် အလောင်းပင် မကျန်ရစ်ဘဲ သေဆုံးသွားလေသည်။