← Chapters

ဈေးအလျှော့အတင်း

Vol. 10 Ch. 100

ဈေးအလျှော့အတင်း

Vol. 10 Ch. 100

"ဟေ့ ပိုက်ဆံမရှိရင် အဲ့ငန်းကိုထိခွင့်မရှိဘူးနော်"

ထိုအမျိုးသားဆီမှ ဟိန်းဟောက်လိုက်သံကြောင့် အလန့်မပြေသေးသောငန်းဖြူကြီးကို နှစ်သိမ့်ချော့မြူနေသည့် ဟယ့်လန်ရှောင်းလည်း လန့်ဖျပ်သွားရကာ ငန်းဖြူကြီးကိုရင်ထဲပွေ့ပိုက်ထားလျက်မိသွားဖြစ်သွားရသည်။ မျက်လုံးများကလည်း ရုတ်တရတ်ပေါ်လာသောအမျိုးသားကို သတိကြီးစွာစိုက်ကြည့်လျက်။

လီနန်ခယ့် ရှေ့သို့လှမ်းလာခဲ့ပြီး ထိုအမျိုးသမီး၏မျက်နှာကိုမြင်သော် မထင်မှတ်ထားသောအလှတရားကြောင့် နေရာတွင်ပင် မှင်တက်သွားရ၏။

အလယ်ပိုင်းဒေသရှိ အမျိုးသမီးများ၏ မြင်နေကျရုပ်ရည်နှင့် နှိုင်းယှဉ်လျှင် အရှေ့မှ ထိုမိန်းမငယ်မှာ အလွန်ပင်ပေါ်လွင်ထင်ရှားသော မျက်နှာအချိုးအစားရှိပြီး နှာတံမှာ သွယ်လျစွင့်ကားနေသည်။ သို့သော် သူမ၏မျက်နှာထက်မှ ကလေးဆန်သောဖြူစင်မှုက စူးရှသောအလှတရားကိုလျော့ပါးစေကာ သနားစရာနုနယ်မှုကို ဆင့်ကဲတိုးမြင့်စေသည်။

ညှစ်ချလိုက်လျှင် ရေထွက်လာမလားပင်ထင်ရနိုင်သည့် မျက်နှာဖြူဖြူနုနုမှာ အပြာရောင်တောက်သော ကျောက်မျက်ရတနာနှယ် မျက်လုံးမျက်ဆံများနှင့်၊ လှိုင်းပြေပြေထသော ဆံနွယ်သားတို့ဖြင့် ပေါင်းစပ်လိုက်သော် ဘာဘီရုပ်မလေးတစ်ရုပ်ချထားသည့်နှယ်။

"မင်းဘာလုပ်နေတာလဲ။ ငါ့ငန်းကိုခိုးဖို့လုပ်နေတာလား"

ငန်းမမကြီး သူတစ်ပါးလက်မောင်းကြား ပွေ့ပိုက်ဖက်တွယ်ခံထားရသည့်ကိုမြင်သော် လီနန်ခယ့်အလွန်စိတ်ဆိုးသွားပြီး ငန်းကိုပြန်ဆွဲဖို့ကြိုးစားသည်။

တံခါးကိုတစ်ချက်လှမ်းကြည့်တော့ တင်းကျပ်စွာစေ့ပိတ်ထားလျက်သား။

တံခါးနားချထားလေ့ရှိသောဝါးခြင်းတောင်းလေး မရှိသည်ကိုမြင်သော် လော့ချန်းချိုးတစ်ယောက် တောင်ပေါ်ဆေးပင်သွားတူးနေလောက်ကြောင်း သူခန့်မှန်းမိလိုက်သည်။

"မင်း မင်းသူ့ကိုအခုချက်ချင်းပြန်ချလိုက်"

ဟယ့်လန်ရှောင်းမှာ တစ်သက်လုံးတစ်ခါမှ ထိုသို့လေသံမာမာဖြင့် ဆူပူငေါက်ငမ်းခံရဖူးသည်မဟုတ်။ ထိုအမျိုးသားလက်ထဲတွင် ကုပ်မှဆွဲကိုင်ခံထားရသောငန်းဖြူကြီး ရုန်းကန်လှုပ်ယမ်းနေသည်ကိုမြင်တော့ မျက်လုံးများက ချက်ချင်းရဲတက်ကာ စိုးရိမ်တကြီးဖြင့် အမြန်ပြန်ဆွဲယူဖို့ အားသွန်ခွန်စိုက်ကြိုးစားလေသည်။

လီနန်ခယ့်မှာ ပြောစရာစကားမဲ့သွားရ၏။

အိမ်ရှင်မရှိတုန်း ငန်းကိုခိုးဖို့ကြိုးစားတာ ထားပါဦး၊ အိမ်ရှင်နဲ့ထိပ်တိုက်တွေ့နေတာကို ပြန်ဆွဲလုဖို့ကြိုးစားနေတာကြီးကတော့...

ငန်းမမကြီးဆိုတာ သာမန်လူတွေ လက်လွတ်စပယ်လာထိလို့ရသောအရာမျိုး မဟုတ်။

ထိုမိန်းကလေး အားမလျှော့စွာ ငန်းမမကြီးကိုပြန်ဆွဲဖို့ကြိုးစားနေသည်ကိုမြင်သော် လီနန်ခယ့်မှာ ခရိုင်ဝန်ရုံးတွင်သည်းခံခဲ့ရသောဒေါသများနှင့် နှစ်ရက်ဆက်တိုက်ကြုံခဲ့ရသော ထူးဆန်းဖြစ်ရပ်များပေါင်းစည်းကာ ရှင်းပြမရစွာ စိတ်တိုဒေါသထွက်လာပြီး မိန်းကလေး၏နောက်ဘက်အား တွန့်ဆုတ်ခြင်းမရှိ ခပ်ဆတ်ဆတ်တစ်ချက် ဖြတ်ရိုက်လိုက်တော့၏။

ဖြန်းခနဲအသံက ခြံဝင်းငယ်လေးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

ဟယ့်လန်ရှောင်းတစ်ယောက် နာကျင်မှုဖြင့် နောက်ပိုင်းကိုအုပ်ကာ ထအော်လိုက်မိသည်။ ထို့နောက် နေရာတွင်ပင် ကြောင်အအရပ်နေရင်း မျက်လုံးများက မျက်ရည်အပြည့်ရစ်ဝိုင်းလာတော့၏။

လီနန်ခယ့်က သူမကိုညှာပေးဖို့မစဥ်းစားတော့ဘဲ လက်ထဲရှိငန်းမမကြီးကိုခါယမ်းပြကာ ဆိုလိုက်သည်။

"မင်းဘယ်သူပဲဖြစ်ဖြစ် သူများအိမ်ကငန်းကိုခိုးတဲ့ပြစ်မှုက ရုံးတော်ထိတက်တိုင်လို့ရတယ်နော်၊ မင်းကိုအကျဥ်းချပစ်လို့ရတယ်"

"သူက ရှင့်ငန်းလား"

ဟယ့်လန်ရှောင်းမှာ ထိုအခါမှအသိစိတ်ပြန်ဝင်လာပြီး ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ရာ ထိုငန်းဖြူကြီးနောက် တကောက်ကောက်လိုက်ခဲ့ရင်း ဤအမျိုးသား၏အိမ်ထဲရောက်နေမိကြောင်း သူ့ဘာသာသတိထားမိသွားသည်။

ထိုစကားကိုကြားတော့ လီနန်ခယ့်ကရယ်လေသည်။

"ငါ့ငန်းမဟုတ်လို့ မင့်ငန်းဖြစ်မလား။ သူ့ကိုပဲဆုံးဖြတ်ခိုင်းလိုက်တာပေါ့။ မင်းနောက်လိုက်မလား ငါ့နောက်လိုက်မလားလို့"

လီနန်ခယ့် ငန်းမမကြီးကို မြေပြင်ပေါ်ချလိုက်သည်။

ငန်းဖြူကြီးက အတောင်ပံကိုတဖျပ်ဖျပ်ခတ်ကာ ဟယ့်လန်ရှောင်းလက်မောင်းထဲသို့ ပျံဝင်သွားလေသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ကာ ကြောင်ရပ်နေမိရင်း လေထုမှာ ရှင်းပြလို့မရစွာ ကို့ရို့ကားရားနိုင်လှပေ၏။

လီနန်ခယ့်သည် ငန်းမမကြီးကို သူ့လက်မောင်းထဲဆွဲယူလိုက်ပြီး အေးစက်စက်ဆိုသည်။

"ဘာပဲဖြစ်ဖြစ် မင်းငါ့ငန်းကိုနောက်တစ်ကြိမ်ထပ်ခိုးဖို့ကြိုးစားရင်း မင်းကို ရုံးတော်ဆီ ငါကိုယ်တိုင်ဆွဲခေါ်သွားမယ်"

"ကျွန်မသူ့ကိုဝယ်မယ်"

ငန်းဖြူကြီး လည်ပင်းမှနောက်တစ်ကြိမ်ဆွဲခေါ်သွားခံရသည်ကိုမြင်သော် ဟယ့်လန်ရှောင်းမှာ ရင်နာစွာဖြင့် စကားကလွှတ်ခနဲထွက်သွားခဲ့သည်။

လီနန်ခယ့် တန်းလန်းကြီးရပ်သွားပြီး ပြန်မေးသည်။

"မင်းကဝယ်မှာလား"

"အွန်း"

ဟယ့်လန်ရှောင်းက ခေါင်းကို ထပ်ခါထပ်ခါညိတ်ပြသည်။

နန်းတော်အစေခံလေးများဆီမှ ကြားခဲ့ဖူးသော ဈေးနှုန်းအရေအတွက်များကိုပြန်စဥ်းစားရင်း ဈေးစခေါ်ဖို့ သူမပြင်ဆင်ထားလိုက်သည်။ သို့သော် ငန်းဖြူကြီး၏အသွင်အပြင်မှာ အလွန်မြင့်မြတ်သာလွန်နေဟန်ရသဖြင့် သူမ တစ်ခဏမျှတွန့်ဆုတ်သွားပြီးမှ လက်ဖြူဖြူနုနုလေးတစ်ချောင်းကိုထောင်ပြလာ၏။

"ငွေစတစ်ရာဆိုရလား"

သူမတွင်လည်း စုဆောင်းငွေများများစားစားမရှိပါချေ။

မိန်းကလေးကိုယ်ပေါ်မှ ခမ်းနားတောက်ပသောဝတ်စုံကိုကြည့်ပြီး လီနန်ခယ့်မျက်မှောင်ကြုတ်ကာ အေးစက်စက်ဆိုလိုက်သည်။

"ဒီငန်းက ရောင်းဖို့မဟုတ်ဘူး"

"နောက်ထပ် ငွေစတစ်ရာထပ်ပေးမယ်ဆိုရင်ရော"

အမျိုးသား၏ မထင်မှတ်ထားသောတင်းမာမှုကြောင့် သူမစုဆောင်းသိုဝှက်ထားသောစည်းစိမ်လေးများထဲမှ နည်းနည်းပိုထုတ်ဖို့ပြင်လိုက်သည်။

လီနန်ခယ့်က ဟက်ခနဲရယ်သည်။

"မိန်းကလေး မမြင်ဘူးလား၊ ဒီငန်းကကျုပ်ရဲ့ ချစ်လှစွာသောမိတ်ဆွေရင်း၊ ကျုပ်ရဲ့မိသားစုဝင်ပဲ"

"ဒီလိုဆိုတော့လည်း ထားလိုက်ပါ"

"အဲ့ထက်ပိုပေးကြည့်ရင်တော့ စဥ်းစားပေးမယ်"

"..."

ဟယ့်လန်ရှောင်းမှာ တအံ့တသြငေးမောရင်း ရူယွဲ့လေးတွင် စုဆောင်းငွေရှိလောက်ဦးမည်လားဟု တွေးလိုက်မိပြီး အရဲစွန့်၍ ထပ်မံကမ်းလှမ်းလိုက်သည်။

"နောက်ထပ် ငွေစတစ်ထောင်ထပ်ပေါင်းမယ်ဆိုရင်ရော"

"..."

"ငွေစနှစ်ထောင်ဆိုရင်ရော"

ထိုစကားလုံး သူမပါးစပ်ထဲမှခုန်ထွက်လာပြီးသည်နှင့် ငန်းဖြူကြီးလည်း သူမလက်မောင်းထဲသို့ တိုက်ရိုက်ပစ်ဝင်သွားတော့လေသည်။

လီနန်ခယ့်သည် တစ်ဖက်လူမှ စိတ်ပြန်ပြောင်းသွားမည်စိုးရိမ်သည်ထင့်၊ ကြင်နာပြုံးချိုသောမျက်နှာထားဖြင့် လက်ဆွဲနှုတ်ဆက်ဖို့ကမ်းလာသည်။

"နည်းနည်းတော့နိမ့်သေးတယ်ဆိုပေမဲ့ မိန်းကလေးက သူ့ကိုဒီလောက်ချစ်ခင်တွယ်တာနေမှာတော့ ကျွန်တော်ကပဲ ခွဲခွာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ငွေကတော့ ချက်ချင်းချေရမယ်နော်။ ဪ ဟုတ်သားပဲ ဒီလိပ်ကြီးကိုရော မိန်းကလေးမလိုချင်ဘူးလား"

လီနန်ခယ့်က ရေကန်ဘေးတွင် လေညင်းခံနေသောလိပ်ကြီးကို ညွှန်ပြလိုက်သည်။

"ဒီလိပ်ကြီးကလည်း ကျွန်တော့်မိတ်ဆွေရင်းပဲ၊ မိန်းကလေးသူ့ကိုကြိုက်ရင် လျှော့ဈေးနဲ့ပေးလိုက်မယ်လေ။ နှစ်ရာ့ငါးဆယ်နဲ့ပဲယူသွား။ ကျွန်တော်တို့ချင်းလည်း သူငယ်ချင်းဖြစ်ပြီပဲထားလိုက်ပါတော့။ နောက်ထပ်ဘာမှထပ်ပေးစရာမလိုတော့ဘူး"

ဟယ့်လန်ရှောင်းက လိပ်ကြီးကိုတစ်ချက်လှမ်းကြည့်ပြီး ခေါင်းသေးသေးလေးကိုယမ်းသည်။

"အရမ်းရုပ်ဆိုးတယ် မလိုချင်ပါဘူး"

"ဟုတ်တယ် သူကနည်းနည်းတော့ရုပ်ဆိုးတယ်"

လိပ်ကြီး၏လည်ပင်းတိုတို ခေါင်းပုပုကိုကြည့်ရင်း လီနန်ခယ့်ညည်းလိုက်သည်။ တစ်ဖက်ကမလိုချင်မှတော့ သူလည်းအတင်းရောင်းမနေတော့။

"ကောင်းပြီ ဒါဆိုငွေရှင်းလို့ရပါပြီ"

"ကျွန်မဆီမှာ အခုတော့ ဘာမှပါမလာသေးဘူးရယ်"

"ဒါဆို ပြန်ပါ"

အမျိုးသားသည် ငန်းဖြူကြီးကို လည်ပင်းမှဆတ်ခနဲဆောင့်ဆွဲလိုက်ပြီး အိမ်ထဲသို့ ချာခနဲလှည့်ဝင်သွားသည်။ အိမ်ရှေ့တွင် ဘယ်ကဘယ်လိုပေါ်လာမှန်းမသိသော ထိုအမျိုးသမီးငယ်ကို ထပ်ပြီးအာရုံစိုက်ပေးဖို့ သူပျင်းရိသွားလေပြီ။

ဆောင့်ပိတ်သွားသော အိမ်တံခါးကိုကြည့်ရင်း ဟယ့်လန်ရှောင်းတစ်ယောက် ကြောင်တက်တက်ရပ်ကျန်နေခဲ့သည်။

...

ခရိုင်ရုံးတော်တွင်တော့ လေထုဖိအား အတော်များလှသားပင်။

တုန်းဝမ်ခွင်းနှင့် နျဲ့ယင်းတို့သည် အင်မတန်ရိုကျိုးသေဝပ်သောအမူအရာများဖြင့် မြေပြင်ပေါ်ဒူးထောက်နေကြသည်။

ရှန်ချွန်းဟယ်မှာ မြေပြင်ပေါ် ပြားပြားဝပ်မှောက်လျက် နဖူးပေါ်ဝယ် ချွေးသီးချွေးပေါက်များအစီအရီဖြင့် အရှေ့တွင်ရှိသော ထိုအထက်တန်းစားအမျိုးသမီးအား မော်ကြည့်မဝံ့စွာရှိလေသည်။

ခရိုင်ဝန်မင်းမှာ ရင်ထဲတွင် ညည်းတွားသံများအပြည့်ဖြင့်။

ပြဿနာတွေမှ ဖြေရှင်းဖို့နည်းမစဥ်းစားရသေးဘူး၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းသမီးကြီးကိုယ်တော်တိုင် ရောက်လာခဲ့ပြီ၊ တုန်းချီခရိုင်ငယ်လေးရဲ့ ကောင်းကင်ကြီးကတော့ ပြောင်းပြန်လန်တော့မှာအသေအချာပဲ။

"ထကြပါ။"

ပိုင်ရူယွဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။ မျက်နှာလှလှတွင်တော့ စိုးရိမ်စိတ်များ ပြည့်သိပ်မှုန်ဝေလျက်။

ရှန်ချွန်းဟယ်ကို အရင်ထွက်သွားဖို့အချက်ပြလိုက်ပြီး ခန်းမထဲတွင် အရိပ်နက်တပ်မှူးနှစ်ယောက်သာကျန်တော့သည်နှင့် သူမစကားစလိုက်သည်။

"မယ်မယ်ကြီးပျောက်ဆုံးနေတယ်။ လူတွေတတ်နိုင်သလောက်စုပြီး သူ့ကို အခုချက်ချင်းရှာကြ"

"ဘယ်လို"

သူတို့နှစ်ဦးစလုံး နားမလည်နိုင်စွာဖြင့် တအံ့တသြမော့ကြည့်လိုက်ကြသည်။

မယ်မယ်ကြီးက နန်းတော်ထဲမှာပဲရှိမှာမလား။ ဘယ်လိုပျောက်ဆုံးသွားတာဖြစ်မလဲ။

ပိုင်ရူယွဲ့က အသေးစိတ်ရှင်းပြမနေချင်တော့ဟန်ဖြင့် အေးတိအေးစက်ဆိုသည်။

"မယ်မယ်ကြီးက ငါနဲ့အတူအပြင်ကိုအလည်အပတ်ထွက်လိုက်လာတာ၊ ဒါပေမဲ့ တုန်းချီထဲဝင်ခါစမှာပဲ မတော်တဆတစ်ခုဖြစ်ပြီး သူပျောက်သွားတယ်။ မြန်နိုင်သမျှမြန်မြန် ရှာမှဖြစ်မယ်"

"ဒါပေမဲ့ မယ်မယ်ကြီးရဲ့နောက်ခံရာထူးကို လူသိခံလို့မဖြစ်သလို မင်းတို့လည်း တတ်နိုင်သမျှသိုသိုသိပ်သိပ်လုပ်ကြ။ မယ်မယ်ကြီးသာ တစ်ခုခုဖြစ်သွားရင် နောက်ဆက်တွဲရလဒ်တွေကို မင်းတို့လည်းသိမှာပါ"

မင်းသမီးကြီးမှာ အလွန်ပင် စိတ်သောကရောက်နေရလေသည်။

တစ်ချက်လောက် သတိလွတ်သွားရုံအချိန်တွင် လူတစ်ယောက်လုံးပျောက်ဆုံးသွားခဲ့သည်မဟုတ်လော။

မယ်မယ်ကြီးကို သူမကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပါမည်ဟု ဧကရီလင်ဝေယန်ရှေ့ ကျိန်ဆိုကတိပေးခဲ့ပြီး ပထမနေ့တွင်ပင် သူမတာဝန်ကိုလစ်ဟင်းခဲ့သည်။ တစ်စုံတစ်ခုမှားယွင်းသွားခဲ့ပါက နောက်ဆက်တွဲပြဿနာများမှာ စိတ်ပင်ကူးချင်စရာမရှိလေပြီ။

မင်းသမီးကြီးမှာ နောင်တရသလို မိမိကိုယ်ကိုယ်လည်း အပြစ်တင်နေမိသည်။

မင်းသမီး၏အမိန့်ကို ကြားသောအခါ တုန်းဝမ်ခွင်းနှင့် နျဲ့ယင်းတို့မှာ ပြောစရာစကားပင် မရှိတော့ပေ။

ကောင်းလိုက်လေ၊ အမှုကြီးတစ်ခု ဖြစ်ထားတုန်းရှိသေးတယ်၊ အခုတော့ မယ်မယ်ကြီးကပါ ပျောက်သွားပြန်ပြီ၊ ပြဿနာရှာတဲ့နေရာမှာတော့ တော်တော်ကျွမ်းကျင်တဲ့မိန်းကလေးပဲ။

နျဲ့ယင်းက အခိုက်အတန့်မျှတွန့်ဆုတ်နေပြီးမှ စိတ်တင်းကာ လျှောက်တင်လာသည်။

"မင်းသမီးကြီးရှင်၊ မကြာသေးခင်ကပဲ မင်းသမီးရှန်းယွမ်ရဲ့အလောင်းကို ထျန်ချုံးဂိုဏ်းကလူတွေခိုးယူသွားခဲ့တာကြောင့် အခုအချိန်မှာ လူအင်အားကုန်သုံးပြီးရှာဖွေနေရဆဲပါ။ ဒါကြောင့် ဒီကိစ္စအတွက် လူအင်အားထပ်မကျန်တော့မှာကို စိုးရွံ့မိ..."

"မင်းသမီးရှန်းယွမ် အခိုးခံလိုက်ရတာလား"

ထိုင်ခုံပေါ်မှ ပိုင်ရူယွဲ့မှာ ဖျတ်ခနဲထရပ်ကာ အထိတ်တလန့်ဆိုလေသည်။

...

သူ့ဇနီးသည် တောင်ပေါ်ဆေးမြစ်ရှာပြီး ပြန်လာဖို့ အချိန်အများကြီးလိုဦးမည်ဟု တွက်ဆကာ လီနန်ခယ့်သည် ငန်းမမကြီးကို ကုတင်ပေါ် ပစ်တင်လိုက်ပြီး သူမအပေါ်သို့ ခုန်အုပ်လိုက်သည်။

ငန်းမမကြီးမှာ အလန့်လန့်အဖျပ်ဖျပ်ဖြင့် ကြောင်အော်သံလေးပင် ထွက်လာမိတော့မတတ်။

သူမ အတောင်ပံများကိုမြန်မြန်ခတ်ကာ ထောင့်တစ်နေရာသို့ပျံသွားလိုက်ပြီး အနိုင်ကျင့်စော်ကားခံရတော့မည့် သခင်မလေးတစ်ပါးအလား တုန်ယင်ငုံ့လျှိုးနေမိလေသည်။

ခုတင်ပေါ်မှထိုအမျိုးသား အိပ်မောကျသွားသည်ကိုမြင်မှ ငန်းမမကြီးလည်း စိတ်အေးရတော့လေသည်။

မိုးနီအိပ်မက်ကမ္ဘာထဲတွင်၊

လီနန်ခယ့်သည် ရင်းနှီးကျွမ်းဝင်ပါသော မင်္ဂလာခန်းမဟောင်းအတွင်း၌ ရပ်နေပြီး တောက်ပနေသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို စဉ်းစားတွေးတောရင်း ငေးကြည့်နေသည်။

ပြီးခဲ့သည့်အကြိမ်ကလိုပင် အပြင်ဘက်ကမိုးနီမှာ ပြန်လည်ရပ်တန့်သွားပြန်ပြီ။

သို့ဆိုလျှင် တံခါးကိုလည်း ဖွင့်လို့ရလောက်မည်ပင်။

လီနန်ခယ့်သည် မဆင်မခြင် အပြင်ချက်ချင်းမထွက်သေးဘဲ သေနတ်ကိုအရင်ကိုင်ကာ ခေါင်းကို သတိကြီးကြီးဖြင့် အပြင်ထုတ်ကြည့်လိုက်သည်။ ထို ခေါင်းပြတ်သတို့သမီး အနီးအနားတွင်စောင့်ကြည့်နေဦးမလား အရင်စစ်ဆေးရမည်ပင်။

လူရိပ်သူရိပ်မတွေ့သည့်နောက်တွင် ဖယောင်းတိုင်ကျိုးတစ်ခုကို အပြင်သို့ပစ်ထုတ်ကာ ထပ်မံစမ်းသပ်ကြည့်သည်။

အကြိမ်ကြိမ် စမ်းသပ်ပြီးနောက်တွင်မူ ထိတ်လန့်စရာကောင်းသောသတို့သမီး ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်သဖြင့် သူသတ္တိမွေးကာ ထူထပ်သော မြူနှင်းများကြားသို့ လမ်းလျှောက်ဝင်ခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အိမ်မက်ကမ္ဘာ၊ ကျွမ်းဝင်ခြင်းမရှိသော နေရာသစ်တစ်ခု၊ ဤအရာများသည် လူတစ်ယောက်၏ စူးစမ်းလိုစိတ်ကို အလွယ်တကူဆွဲဆောင်နိုင်သောအရာများ ဖြစ်သည်။

ထိုအမျိုးသားထွက်ခွာသွားပြီး မကြာမီမှာပင် တောက်ပသော အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မင်္ဂလာခန်းမဝင်ပေါက်တွင် ပေါ်လာခဲ့သည်။

ထိုအမျိုးသမီးမှာ တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ပြီး သူမ၏ပုံရိပ်မှာ ဖယောင်းတိုင်မီးပမာ ယိမ်းနွဲ့လှုပ်ခါနေသည်။

မြူနှင်းများကြားတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော အမျိုးသား၏ပုံရိပ်ကို စိုက်ကြည့်ရင်း သတို့သမီး၏ နီရဲသောနှုတ်ခမ်းလွှာများမှာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ကွေးညွှတ်သွားတော့သည်။

ဂျိမ်း

သစ်သားတံခါးနှစ်ချပ်မှာ တင်းကျပ်စွာစေ့ပိတ်သွားတော့၏။

All Chapters