သတို့သမီးငယ်
Vol. 10 Ch. 91
ဆူနားတူရိယာ၏ စူးရှအားကောင်းပြီး အနိမ့်အမြင့် အတက်အကျပြင်းပြလှသော တီးမှုတ်သံများသည် စိတ်လှုပ်ရှားရင်ခုန်ဖွယ် ပြဇာတ်တစ်ခု၏ နောက်ခံတေးတစ်ပုဒ်ကဲ့သို့သော သံစဥ်စည်းချက်ကို ဖန်တီးနေပြီး ပျော်ရွှင်ဖွယ်ရာ ပွဲလမ်းသဘင်အငွေ့အသက်ကို အဆုံးစွန်ထိ ဖော်ကြူးပေးနေသကဲ့သို့။
သို့သော်လည်း တစ်ကိုယ်လုံး နာရေးဝတ်စုံများကို ဆင်တူဝတ်ဆင်ထားသော လူအပေါင်းခြံရံထားသည့် မင်္ဂလာစီတန်းလှည့်လည်မှုမှာ အလွန်ထူးဆန်းကာ အံ့သြထိတ်လန့်ချင်စရာကောင်းလှသည်။
ထိုအလှည့်တန်းကြီး၏ အရှေ့ဆုံးတန်းမှ သယ်ဆောင်လာသော အလံများ၊ မောင်းများ၊ ထီးများနှင့် ယပ်တောင်များကိုလည်း ရိုးရိုးအဖြူရောင်ပိတ်စများဖြင့် ပတ်ထားသော်လည်း ထိုပိတ်စပေါ်တွင် သွေးဖြင့်ရေးထားသော စာလုံးအချို့ ရှိနေသည်။ ထိုစာလုံးများသည် အင်းစာလုံးများကဲ့သို့ တွန့်လိမ်ကောက်ကွေးနေပြီး လီနန်ခယ့်တော့ ဘယ်လိုဖတ်ဖတ် နားမလည်နိုင်ပါပေ။
လူတို့ကို အကြောင်းမဲ့ ထိတ်လန့်တုန်လှုပ်စေပြီး အရိုးထဲအထိ အေးစိမ့်သွားစေမည့် မြင်ကွင်းမျိုးပင်။
"ဒါဘာကြီးတုန်းဟ"
လီနန်ခယ့် တံတွေးတစ်ချက်မျိုချကာ အလိုအလျောက်ပင်နောက်ပြန်ဆုတ်၍ ရှောင်တိမ်းဖို့ပြင်သည်။
သူ့တွင် စူးစမ်းချင်စိတ် ဘယ်လောက်ပြင်းပြပါသည်ဆိုဆို၊ ကျန်ကောင်းကျန်ရာ ကျိုးကြောင်ဆင်ခြင်စိတ်လေးက နောက်တစ်ကြိမ်သတိမလွတ်သွားဖို့နှင့် ဤအရာကိုရင်ဆိုင်ဖို့ အင်အားမပြည့်ဝသေးကြောင်း သတိပေးနေခဲ့သည်။ ကြောက်သင့်သည့်အချိန်တွင် ကြောက်ကိုကြောက်ရမည်။
သို့သော် သူနောက်ပြန်ဆုတ်သည့်အခိုက်အတန့်မှာပင် ဆူနာတေးသံ ရပ်တန့်သွားခဲ့၏။
အသုဘဝတ်စုံများဝတ်ဆင်ထားသော မင်္ဂလာအလှည့်တန်းကြီးတစ်ခုလုံးမှာ ရပ်တန့်ခလုတ်ကိုနှိပ်လိုက်သည့်အလား မလှုပ်မယှက် တုံ့ဆိုင်းရပ်တန့်သွားခဲ့ကြသည်။
ဆူညံသက်ဝင်နေသော ပတ်ဝန်းကျင်ကြီးတစ်ခုလုံး သုသာန်တစပြင်အလား ဆိတ်သုဥ်းသွားခဲ့ရ၏။
လီနန်ခယ့် ဘာမှမတုံ့ပြန်လိုက်နိုင်ခင်မှာပင် သူတို့အားလုံး၏မျက်နှာများက သူ့ဆီသို့ တညီတည်းလှည့်ကာ စိုက်ကြည့်လာကြသည်။
ဤမြင်ကွင်းကြောင့် လီနန်ခယ့်မှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
သို့သော် အသက်တစ်ချက်ရှူသွင်းလိုက်ခြင်းက ကမ္ဘာကိုမီးလောင်တိုက်သွင်းမိသည့်အလား ထင်မှတ်မှားစေလောက်အောင် သူ့တစ်ကိုယ်လုံး ငရဲကျသည့်အလား ပူပြင်းလောင်မြိုက်လာခဲ့၏။
ဘာလို့လဲဆိုတော့ ထိုသူအားလုံး၏ မျက်နှာများမှာ မီးလောင်ကျွမ်းထားသလို မည်းတူးနေသောကြောင့် ဖြစ်သည်။
လီနန်ခယ့်မှာ နယူးအော်လန်မှ ကြက်တောင်ပံကင်များကိုပင် ဖျတ်ခနဲပြေးသတိရလိုက်သေးသည်။
မြူထုမှာ ထူထပ်ဖုံးလွှမ်းနေလျက်ရှိကာ တောင်ကြားထဲမှ မြူခိုးဝေနေသော လေပြင်းများက ကျောစိမ့်မတတ် အေးစိမ့်မှုကို သယ်ဆောင်လာသော်လည်း ကောင်းကင်ယံထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော နေမင်းမှာမူ နွေးထွေးတောက်ပဆဲရှိသည်။
သို့သော် ထိုနေမင်းသည်ပင် မမှိတ်မသုန်စိုက်ကြည့်နေသော မျက်လုံးတစ်လုံးနှင့် တူလာသယောင်ရှိ၏။
ကလင် ကလင်
ခေါင်းလောင်းသံတစ်ခု ရုတ်တရတ် မြည်ဟည်းလာ၏။
ဝေါယာဉ်၏လိုက်ကာကို သွယ်လျပြီး အလွန်အမင်းဖြူဖျော့ကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်ကြည်လင်သော လက်တစ်ဖက်က ဖယ်ရှားလိုက်သည်။
အတွင်းတွင် အနီရောင်အတွင်းအင်္ကျီကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ပန်းထိုးဖိနပ်များကိုစီးနင်းလျက် ခါးတွင် ပန်းပွားပါသောခါးစည်းကို ပတ်ဆင်ထားသော သတို့သမီးသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ သူမ၏ လှုပ်လီလှုပ်လဲ့ရှိလှသော သိမ်သိမ်မွေ့မွေ့အမူအရာမှာ လေအဝေ့တွင်ယိမ်းနွဲ့ကခုန်နေသော မိုးမခပင်နှင့်တူပြီး ရှင်းပြ၍မရသော ဆွဲဆောင်မှုအရှိန်အဝါတစ်ခုလည်း ပေါ်ထွက်နေသေးလျက်။
သတို့သမီးသည် သူမ၏ ပုခုံးထက်တွင် မင်္ဂလာရှိခြင်းကိုဆောင်သည့် သင်္ကေတအမျိုးမျိုးအား ပန်းထိုးထားသည့် ပိုးထည်ခြုံစောင်ကို ခြုံလွှမ်းထားသည်။
သို့သော် ထိုနေရာမှ အပေါ်ကိုဆက်ကြည့်ပါလျှင်...
ဦးခေါင်း မပါရှိ။
ခေါင်းက ဘယ်ကိုရောက်သွားတာလဲ။
ပျောက်နေသောခေါင်းကို သတို့သမီးက လက်ထဲတွင် သယ်ဆောင်ယူလာခြင်းသာပင်။
ညှို့ယူဖမ်းစားနိုင်ခြင်းဖြင့် ပြည့်စုံလှပသော ထိုမျက်နှာထက်တွင် အဖြူရောင်ပေါင်ဒါမှုန့်များ ဖွေးနေအောင်သုတ်လိမ်းထားပြီး ပါးနီအရောင်မှာလည်း ထူးဆန်းစွာစူးရဲနေလျက်ရှိ၏။
သူမက လီနန်ခယ့်ဆီကို အပြုံးတစ်ခုဖြင့်လှမ်းကြည့်လာ၏။
အလွန် ရင်းနှီးဖော်ရွေလှသော အပြုံးတစ်ပွင့်ပင်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သတို့သမီးသည် လီနန်ခယ့်ထံသို့ တစ္ဆေသရဲတစ်ကောင်အလား တရှိန်ထိုး ခုန်အုပ်လာခဲ့သည်။
လက်တစ်ဖက်က ကိုယ်ပိုင်ဦးခေါင်းကို ကိုင်ထားပြီး အခြားတစ်ဖက်က သူမ၏ပန်းထိုးရောင်စုံစကတ်ကို ဆွဲမထားကာ ပြေးလာသော ထိုမြင်ကွင်းမှာ စကတ်ရှည်ကို ကပိုကရိုမပြီး နေဝင်ချိန်တွင် လွင့်ဝဲစွာပြေးလွှားနေသော မင်းသမီးငယ်လေးတစ်ပါးနှယ် ထင်မှတ်ရ၏။
လီနန်ခယ့် ဦးရေပြားများကျဥ်တက်လာကာ သေနတ်ကိုကောက်ယူပြီး သုံးချက်တိတိ အောင်မြင်စွာ တည့်တည့်ပစ်ခတ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း
တစ်ချိန်က အိပ်မက်ဆိုးမိစ္ဆာများကို အောင်မြင်ထိရောက်စွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့သော ဤအိပ်မက်သေနတ်မှာလည်း ထိုသတို့သမီးကို ခဏတာတုံ့ဆိုင်းသွားစေရုံသာတတ်နိုင်ပြီး အပြေးအလွှား လာရောက်ခုန်အုပ်နေသည်ကို မတားဆီးနိုင်ခဲ့။
"သွားပြီ"
လီနန်ခယ့် ဒီ့ထက်ပိုပြီး စိတ်ငြိမ်ငြိမ်ထားမနေနိုင်တော့။ အနောက်ကိုလှည့်ပြီး အိမ်ငယ်လေးဆီသို့သာ ကမူးရှူးထိုးပြေးဝင်ရလေသည်။
ကံကောင်းထောက်မစွာဖြင့် မြူဖြူများဖုံးလွှမ်းနေသော်လည်း သူသည် လမ်းကြောင်းမှန်ကို မှန်းဆခွဲခြားနိုင်ဆဲဖြစ်၏။ လီနန်ခယ့်သည် ငန်းမမကြီး သူ့ထံမှပုန်းရှောင်လိုသည့်အခါ ပြေးထွက်သောအရှိန်မျိုးဖြင့် မင်္ဂလာခန်းမအတွင်းသို့ ပြေးဝင်သွားပြီး ချက်ချင်းပင်တံခါးပိတ်ကာ မင်းတုန်းကိုအမြန်တပ်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
တံခါးခေါက်သံများက မြန်ဆန်ကြမ်းတမ်းစွာထွက်ပေါ်လာသည်။ သတို့သမီးမှာ လက်ထဲမှဦးခေါင်းကိုအသုံးပြုပြီး တံခါးကိုထုရိုက်နေဟန်ရှိသည်။
လီနန်ခယ့် သေနတ်ကိုကျည်ပြန်ဖြည့်ရင်း ကြမ်းတမ်းသောထုရိုက်မှုကြောင့် ပြင်းစွာယမ်းခါတုန်လှုပ်နေသည့် တံခါးချပ်ကို မျက်စိမလွှဲကြည့်ရင်း စားပွဲဆီသို့ နောက်ပြန်ဆုတ်လာခဲ့မိသည်။ နဖူးပေါ်တွင် ချွေးအေးများအစီအရီသီးကာ နောက်ကျောတစ်ခုလုံးလည်း ချွေးများရွှဲနစ်လျက် အင်္ကျီဖြင့်ပင်စိုကပ်ကုန်၏။
အကယ်၍ ထိုအရာက တံခါးကိုဖျက်ဆီးပြီး ဝင်လာပါက သူသည် မိုးနီအိမ်မက်ကမ္ဘာမှ ချက်ချင်းထွက်ခွာတော့မည်။
ကံကောင်းထောက်မစွာဖြင့် အပြင်ဘက်က ထူးဆန်းသော ခေါင်းပြတ်သတို့သမီးသည် မင်္ဂလာခန်းမတံခါးကို အတင်းအဓမ္မဖျက်ဆီးခွင့် မရှိပုံပေါ်သည်ပင်။ သူမက တရစပ်သာ ထုနှက်နေပြီး ဘာမှဆက်မလုပ်လာ။
အချိန်ကြာလာသည်နှင့်အမျှ ထုရိုက်သံများနှေးကွေးသွားပြီးနောက် လုံးဝတိတ်ဆိတ်သွားတော့၏။
"သွားပြီလား"
လီနန်ခယ့် သံသယမကင်းစွာဖြင့် အသံများဆက်ထွက်လာဦးမလားဟု ငြိမ်သက်စွာနားစိုက်ထောင်နေမိသည်။
သို့သော် တံခါးနားသို့သွား၍ အနီးကပ်စစ်ဆေးရန် မဝံ့ရဲသဖြင့် သေနတ်ကိုသာ တင်းတင်းဆုပ်ကိုင်ကာ နောက်သို့ အနည်းငယ်ထပ်ဆုတ်လိုက်သည်။
အမှတ်မထင် ပြတင်းပေါက်ဆီသို့ အကြည့်တစ်ချက်ရောက်လိုက်မိ၏။
ထိုပြတင်းပေါက်မှန်တွင် လှပနုပျိုသော်လည်း သေခြင်းတရားကိုကိုယ်စားပြုနေသကဲ့သို့ တရားလွန်ဖျော့တော့နေသော မျက်နှာတစ်ခုကို ဖိကပ်ထားသည်ကို တွေ့လိုက်ရသည်။ ဓားနှစ်လက်ကဲ့သို့ စူးရှသော မျက်လုံးများက သူ့ကို မမှိတ်မသုန် အေးစက်စက်စိုက်ကြည့်နေခဲ့ကြသည်။
မွေးမေလေ့
လီနန်ခယ့်မှာ ဝိညာဥ်လွင့်မတတ် လန့်ဖျပ်သွားရပြီး လက်ထဲမှသေနတ်မောင်းကို ပြတင်းဆီသို့ချိန်လျက် အလိုအလျောက်ပစ်ခတ်လိုက်မိသည်။
သို့သော် ပြတင်းမှန်သည် တစ်ခုခုဖြင့်ကာရံထားသကဲ့သို့ သေနတ်ပစ်ချက်ဖြင့်ပင် မပျက်မစီးကျန်ရစ်ခဲ့သည်။
သတို့သမီးကိုလည်း ခြောက်လှန့်ဖို့ရာ မစွမ်းသာခဲ့။
ဤမင်္ဂလာခန်းမကသာ သူ၏လုံခြုံရာနိဗ္ဗာန်လေးဖြစ်ကြောင်း လီနန်ခယ့်နားလည်လိုက်သည်။ ကြောက်ရွံ့တုန်လှုပ်နေသော နှလုံးသားလည်း အတော်လေးငြိမ်သက်သွားပြီး မနေနိုင်စွာ အော်ဟစ်ဆဲရေးမိ၏။
"မင်းကဘာလာကြည့်နေတာလဲ"
သတို့သမီးက သူ့ကိုဆက်၍သာစိုက်ကြည့်နေသည်။ ကြည့်တော့ဘာဖြစ်သလဲဟု ပြန်မေးနေသလိုလို။
အကြောက်တရားအားလုံးမှာ ခုခံကာကွယ်ရန် အင်အာမမျှတခြင်းမှ မြစ်ဖျားခံလာခြင်းသာပင်။
လက်ရှိအချိန် သူ့တွင် တင့်ကားတစ်စီးလောက်ရှိပါက ချက်ချင်းအပြင်ကိုထွက်ပြီး ထိုအမျိုးသမီးနှင့် ပြေးတမ်းလိုက်တမ်းကစားဖို့ပင် ဝန်မလေး။
လီနန်ခယ့်၏အတွေးများ ဟိုရောက်ဒီရောက် မငြိမ်မသက်ဖြစ်လာကုန်သည်။
အုန်း
နားကွဲမတတ်ကျယ်လောင်သော မိုးကြိုးပစ်သံတစ်ချက်က ကောင်းကင်တစ်လျှောက်လုံးဆီသို့ ဟိန်းတက်သွားသည်။
မတိုင်မီက ကြည်လင်စင်ကြယ်သော ကောင်းကင်ပြာသည် အနီရောင်တိမ်တိုက်များဖြင့် တမုဟုတ်ချင်း ဖုံးလွှမ်းလိုက်ရပြီး နေရာမလပ်ကျဆင်းလာသော မိုးနီရေစက်များက အိမ်ခေါင်မိုးကို တဖျောက်ဖျောက်မြည်အောင် ရိုက်ခတ်လို့လာသည်။
မိုးစက်များမှာ တစ်စတစ်စ ပြင်းထန်လာပြီး ခဏချင်းမှာပင် သည်းထန်စွာ ရွာသွန်းလေတော့သည်။
အနီရင့်ရောင် မိုးရေစက်များက အကြားအလပ်မရှိရွာချနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနီရောင်လိုက်ကာကြီးဖြင့် အုပ်မိုးလွှမ်းခြုံထားသည့်အလား ထင်မှတ်မှားစေသည်။
ထိုအချိန်တွင် လီနန်ခယ့် ပြတင်းပေါက်ကိုတစ်ချက်ကြည့်မိသော် သတို့သမီးက ထွက်သွားလေပြီ။
အခန်းအပြင်ဘက်တွင် မည်သည့်သက်ရှိလှုပ်ရှားမှုမှမရှိတော့ဟန် တိတ်ဆိတ်သွားခဲ့သည်ပင်။