← Chapters

လက်နက်သစ်

Vol. 10 Ch. 92

လက်နက်သစ်

Vol. 10 Ch. 92

အချိန်အတော်ကြာ တွန့်ဆုတ်တွေးတောနေပြီးနောက်မှ လီနန်ခယ့်သတ္တိမွေးကာ တံခါးကိုအသာဖွင့်ကြည့်လိုက်သည်။ အမှန်တကယ်ပင် မိုးနီစတင်ရွာသွန်းသည်နှင့် တံခါးမှာလည်း အပြင်ရောအတွင်းပါဖွင့်လို့မရအောင် မြဲမြဲမြံမြံ စေ့ပိတ်ထားပြီးသားဖြစ်လေပြီ။

လီနန်ခယ့် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး စိတ်ငြိမ်ငြိမ်ထားကာ သစ်သားခုံရှည်တစ်လုံးထက်ထိုင်နေလိုက်သည်။

ယနေ့ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်လည်တွေးတောကြည့်မိတော့ လက်တွေ့နှင့်ပင်မတူ။ အိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့သလိုခံစားရသည်။ အမှန်တော့ တကယ့်အိပ်မက်က ယခုလက်ရှိအချိန်ပင်။

ဤအိပ်မက်မှာ လွန်စွာကြောက်ဖို့ကောင်းလွန်း၍ သူ့လက်ရှိအခြေအနေမှာ အိပ်မက်နှင့်လက်တွေ့ ခွဲမရလောက်အောင် ဝေဝါးနေပြီဖြစ်၏။

မိုးနီအိပ်မက်ကမ္ဘာ မိုးနီအိပ်မက်ကမ္ဘာ...

သူ့နှုတ်ဖျားမှ တိုးတိုးလေးရေရွတ်နေရင်း ခြောက်ကပ်ကပ်ရယ်သံတစ်ချက်ပြုကာ သေနတ်ကိုကောက်ကိုင်လိုက်သည်။ ထို့နောက် နားထင်တည့်တည့်ကိုချိန်ရွယ်၍ မောင်းခလုတ်ကိုဆွဲလိုက်တော့လေသည်။

သို့သော် ခလုတ်ကိုဆွဲလိုက်သည့်အချိန်မှာ အိပ်ရာပေါ်တွင်ထိုင်နေခဲ့သော အနီရောင်ပုံရိပ်တစ်ခုကို သူ့မျက်လုံးထောင့်မှ ဖျတ်ခနဲမြင်လိုက်မိရ၏။

—

လီနန်ခယ့်သည် မျက်တောင်တဖျတ်ဖျတ်ခတ်လျက်သားဖြင့် အိပ်ရာမှနိုးလာခဲ့ပြီး သူ့ကိုယ်သူ လိန်ရှင်းနန်၏အိပ်ရာထက်တွင် အိပ်ပျော်နေခြင်းဖြစ်ကြောင်း သတိရရန် စက္ကန့်အနည်းငယ်မျှ အချိန်ယူလိုက်ရသည်။

ထို့နောက် သူထထိုင်လိုက်ပြီး မူးဝေနောက်ကျိနေသောဦးခေါင်းကား လက်ဖြင့် တဖတ်ဖတ်ပုတ်သည်။

ကုတင်ဘေးတွင် ယုန်မလေးမုန့်မရှိတော့ဘဲ လိန်ရှင်းနန်က အစားထိုးစောင့်ကြည့်ပေးနေသည်။

ထိုအမျိုးသမီးမှာ ကုလားထိုင်ထက်တွင် မတ်မတ်ထိုင်နေသောကြောင့် သူမ၏ သွယ်လျကျော့ရှင်းသော ခါးလေးမှာ တောင့်တင်းဖြောင့်စင်းနေကာ ခန္ဓာကိုယ်မှာ ပိန်သွယ်ပုံရပေသည့် အေးစက်စက်ရဲရင့်မှုကိုတော့ မပြတ်ထုတ်လွှတ်နေသည်။

သူမသည် အတွင်းဒဏ်ရာများသက်သာကာ အားအင်တိုးပွားစေဖို့ မျက်လုံးကိုမှေးစင်းလျက် ကျင့်ကြံအားထုတ်နေသည်ကို မြင်သဖြင့် လီနန်ခယ့် မနှောင့်ယှက်ဝံ့ပေ။ ကုတင်ပေါ်မှ သတိထားပြီး ဆင်းလိုက်သည်။ သူ ဖိနပ်စီးပြီး မော့ကြည့်လိုက်သောအခါ တစ်ဖက်အမျိုးသမီးက မျက်လုံးကိုဖွင့်ကာ သူ့ကိုစိုက်ကြည့်နေခဲ့ပြီဖြစ်၏။

သူမ၏ လှပရွှန်းလက်သော မျက်ဝန်းများသည် ငြိမ်သက်အေးဆေးနေသကဲ့သို့ ရှိသော်လည်း စိုးရိမ်ပူပန်မှုများကို အလုံးစုံဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

“တောင်းပန်ပါတယ်၊ ကျွန်တော်ခင်ဗျားကို နှောင့်ယှက်မိသွားလား” လီနန်ခယ့်က အားနာပါးနာ ပြုံးပြလိုက်သည်။

လိန်ရှင်းနန်က နှုတ်ခမ်းနီနီလေးများကို တလှုပ်လှုပ်ဟကာ မေးလာသည်။

“ရှင်နေကောင်းသွားပြီလား”

လီနန်ခယ့်က 'လုံးဝမကောင်းပါ' ဟု ပြန်ပြောလိုက်ချင်သော်လည်း သူ၏ လက်ရှိအခြေအနေကို ရှင်းပြလို့မရနိုင်သေးသဖြင့် ပုံမှန်အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ယူလိုက်ရသည်။

"အိပ်ရေးဝဝအိပ်လိုက်ရတော့ သက်သာသွားသလိုပါပဲ"

အမျိုးသမီးသည် ရှေ့သို့တိုးလာပြီး လီနန်ခယ့်၏လက်မောင်းကို လာရောက်ဆုပ်ကိုင်ကာ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်အခြေအနေကို လျှပ်တပြက် စစ်ဆေးပေးလိုက်သည်။

တစ်ဖက်လူ၏ခန္ဓာကိုယ်တွင် မူမမှန်မှုမျိုးမတွေ့ရမှသာ သူမ သက်ပြင်းဖြောင့်ဖြောင့်ချနိုင်ပါ၏။

လီနန်ခယ့်က အနည်းငယ်ရှုပ်ပွနေသော အိပ်ရာခင်းကို တစ်ချက်လှည့်ကြည့်ပြီး ဆိုသည်။

“ဒါတွေကို ကျွန်တော်ပြန်လျှော်ပေးရဦးမလား"

“မလိုပါဘူး။”

လိန်ရှင်းနန်က ခေါင်းခါပြလိုက်သည်။

သူတို့ကြားတွင် တိတ်ဆိတ်မှုကြီးက အနေရခက်စွာစိုးမိုးသွားလျက် နှစ်ယောက်လုံး တစ်ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြသည်။

ထိုစဥ် အပြင်ဘက်မှ ကောင်းကင်ကြီးမှောင်ရိပ်ကျလာသည်ကို သတိထားမိလိုက်သဖြင့် လီနန်ခယ့်က တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွဲလိုက်သည်။

"ကျွန်တော်အခု အိမ်ပြန်တော့မယ်။ တစ်ခုခုဆို ယုန်မလေးမုန့်ကို ကျွန်တော့်ဆီလွှတ်လိုက်ပါနော်"

“အွန်း”

ထိုအမျိုးသမီးက မပွင့်တပွင့်သာ တုံ့ပြန်သည်။

တံခါးဝသို့ရောက်ချိန်တွင် လီနန်ခယ့်သည် မိုးနီရေသေတ္တာနှင့်ပတ်သက်ပြီး မိစ္ဆာထံမှ သူရရှိခဲ့သော မှတ်ဉာဏ်အပိုင်းအစများကို သတိရသွားကာ အလိုလို ရပ်လိုက်မိသည်။

“ဪ ဟုတ်သားပဲ၊ အဲဒီသေတ္တာက—”

ထိုအမျိုးသားသည် စကားလုံးများ ထွက်လာပြီးနောက်မှာပင် စကားကိုရပ်လိုက်သည်။

လိန်ရှင်းနန်၏ မျက်နှာတွင် အူကြောင်ကြောင်အမူအရာလေးပေါ်လာပြီး သူ့ကိုပြန်မေးလာ၏။

“ဘာဖြစ်လို့လဲ”

အကြောင်းတစ်ခုခုကြောင့် လီနန်ခယ့်၏စိတ်ထဲတွင် အခြားအတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။ သူ တွန့်ဆုတ်သွားပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ခင်ဗျားဆီမှာ ဓားတစ်လက်လောက်ရှိလား"

“ဓားလား”

“ဟုတ်တယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် တစ်လက်လောက်ပေးလို့ရမလား” လီနန်ခယ့်က ရယ်မောရင်းပြောလိုက်သည်။

'ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့' ဆိုသောစကားကို ကြားရချိန်တွင် လိန်ရှင်းနန်မှာ ဤသူသည် စောစောက မိစ္ဆာတိုက်ခိုက်မှုကြောင့် သွေးလန့်ရင်ထိတ်နေဆဲဖြစ်ပြီး စိတ်အေးလက်အေးရှိစေရန် လက်နက်တစ်ခုလောက်ဆောင်ထားချင်ဟန်ရှိသည် ဟုသာ ထင်လိုက်၏။ ထို့နောက် သူမက တိုးတိုးလေးပြောလာသည်။

“ရှင်က ကျင့်ကြံသူမှမဟုတ်တာ၊ ဓားကရှင့်ဆီမှာ ဘယ်လိုလုပ်အသုံးဝင်မှာလဲ"

“တစ်ခုပဲရှာပေးပါ။ ခင်ဗျားဆီမှာမရှိရင် ကျွန်တော် ရုံးတော်ဆီပဲသွားတောင်းလိုက်တော့မယ်"

လီနန်ခယ့်သည် ထိုအခါမှ သူ၏ ကိုယ်ရေးအရာရှိရာထူးကို သတိရလိုက်သည်။ ဤရာထူးဖြင့် ရုံးတော်၏လက်နက်တိုက်မှ ဓားတစ်လက်တောင်းရန်မှာ မခက်ခဲလှပေ။

“ခဏစောင့်ဦး။ ကျွန်မ ဆိုင်ယွင့်ကိုသွားယူခိုင်းလိုက်မယ်။”

လိန်ရှင်းနန်က ဆိုင်ယွင်ကိုခေါ်ရန် တံခါးဖွင့်လိုက်သော်လည်း သူမ အတွေးပြောင်းသွားဟန်ဖြင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသောမျက်နှာထက်တွင် တွန့်ဆုတ်တွေဝေနေဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

နောက်ဆုံးတွင် နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူမ၏ ကုတင်အောက်မှ ဓားတစ်လက်ကိုဆွဲထုတ်ကာ လီနန်ခယ့်ကိုပေးလိုက်သည်။

“ရော့”

သူ့ရှေ့သို့ ထိုးပေးလာသောဓားမှာ အလွန်လက်ရာမြောက်လှသည်။ နဂါးကနုတ်များနှင့် အခြားပုံစံအမျိုးမျိုးကို အသေးစိတ်ထွင်းထု တန်ဆာဆင်ထားသည်။ ဓားအိမ်မှာ အထိအတွေ့အားဖြင့် ကြမ်းတမ်းသော်လည်း အမြင်အားဖြင့် သိမ်မွေ့လှပပြီး ဓားရိုးကိုမူ တစ်ပေခန့်ရှည်သော အဖြူရောင်ဦးချိုဖြင့် ပြုလုပ်ထားသည်။

ဓားသွားကို ဆွဲထုတ်လိုက်သောအခါ မကြုံစဖူး ပြင်းထန်လှသော သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖြန့်ကျက်ထွက်ပေါ်လာလေသည်။

“ဒါက ခင်ဗျားကိုယ်ပိုင်လက်နက်လား” လီနန်ခယ့် တအံ့တသြမေးမိသည်။

ထိုအမျိုးသမီး၏ ပန်းရောင်သမ်းသော ချယ်ရီနှုတ်ခမ်းလွှာလေးများမှာ အနည်းငယ် ပွင့်ဟသွားပြီး ချက်ချင်းပြန်စေ့ပိတ်သွားခဲ့သည်။ သူမက ခေါင်းငုံ့လိုက်ပြီး ခဏတာတိတ်ဆိတ်သွားပြီးမှ ပြောပြလာ၏။

"ကျွန်မမသုံးဖြစ်တော့တဲ့ လက်နက်ဟောင်းတစ်ခုပါ။ နောက်ကျ ရှင့်အတွက်ပိုကောင်းတဲ့တစ်ခုရှာတွေ့ရင် ဒါကိုလွှင့်ပစ်လိုက်လို့ရတယ်"

“ဒါနဲ့တင် အရမ်းကို လုံလောက်နေပါပြီ။”

လီနန်ခယ့်က ဓားသွားကို ပွတ်သပ်ကြည့်ပြီး အလွန်ကျေနပ်သွားသည်။ သူက ဓားကို ဓားအိမ်ထဲပြန်သွင်းပြီး ခါးမှာ ဟန်ပါပါချိတ်လိုက်ကာ ကျန်းဟူသိုင်းလောကသားတို့ နှုတ်ဆက်သည့်အလေ့အတိုင်း လက်နှစ်ဖက်ကိုဆုပ်ကာ ဦးညွှတ်လိုက်သည်။

“ကျွန်တော်သွားတော့မယ်။ နောက်မှ ပြန်တွေ့ကြတာပေါ့။”

လိန်ရှင်းနန်ကတော့ ထိုအမူအရာကို လှောင်ပြောင်စရာဟုမသတ်မှတ်ဘဲ ခပ်တည်တည်နှင့် တိုးတိုးလေးသာတုံ့ပြန်လိုက်သည်။

ထို့နောက် လီနန်ခယ့်က ခေါင်းကိုအသာကုတ်ရင်း ရှက်ကိုးရှက်ကန်းဆိုလာသည်။

"ဟုတ်သားပဲ၊ ခင်ဗျားဒီနေ့ ကျွန်တော့်မိန်းမဆီလာပြီး အနှိပ်ခံရဦးမှာမလား"

“မနက်ဖြန်မှ”

“ဪ ဟုတ်ပါပြီ၊ ဒါဆို ကျွန်တော်သွားပြီနော်"

လီနန်ခယ့်က ဓားရိုးကို တင်းတင်းဆုပ်ကိုင်ပြီး အခန်းပြင်သို့ လျှောက်လှမ်းထွက်ခွာသွားသည်။

လိန်ရှင်းနန်သည်လည်း တံခါးကို ထပိတ်လိုက်သော်လည်း လုံးဝစေ့အောင်မပိတ်ဘဲ အနည်းငယ် ဟထားခဲ့သည်။

တံခါးကြားမှတစ်ဆင့် ထိုအမျိုးသား၏ ဟိတ်ဟန်ကြီးလှပြီး ရယ်စရာကောင်းသော မြောက်ကြွကြွခြေလှမ်းများ တဖြည်းဖြည်းဝေးကွာသွားသည်ကို ကြည့်ရင်း အမျိုးသမီး၏ နှုတ်ခမ်းထောင့်တွင် ဆောင်းဦးလခြမ်းကွေးကဲ့သို့ လှပသောအပြုံးလေးတစ်ခု ဖြစ်ပေါ်လာတော့သည်။

All Chapters