မုန်ညင်းချဥ်အိုးထဲ နောက်တစ်ကြိမ်အနှပ်ခံရပြန်ပြီ
Vol. 10 Ch. 93
အိမ်ပြန်ရောက်သော် လီနန်ခယ့်သည် သူ၏တဲအိမ်လေးဘေးတွင် ကျောက်ကြိတ်ဆုံအသေးလေးအသစ်တစ်ခုကို တွေ့လိုက်ရပြီး ထိုအပေါ်တွင် ပဲဖတ်အချို့တင်ကျန်နေသည်။
မီးဖိုချောင်အတွင်း၌ လော့ချန်းချိုးသည် ကိုယ်ကိုကိုင်းညွတ်ကာ ယောက်မတစ်ချောင်းဖြင့် ဆူပွက်ပြီးခါစ ရေနွေးများအား ပဲနို့များဖြည့်ထားသော သစ်သားပုံးထဲသို့ လောင်းထည့်နေပြီး ပဲနို့များကို အပူပေးနေသည်။ လတ်လတ်ဆတ်ဆတ်တိုဖူးများ ကိုယ်တိုင်ပြုလုပ်ရန် ရည်ရွယ်ထားပုံရ၏။
ထိုအမျိုးသမီးမှာ လုပ်လက်စအလုပ်တွင် အလွန်အာရုံစိုက်နေပုံရပြီး ရေနွေးငွေ့များဟပ်နေသော လှပသည့်နဖူပြင်ထက်တွင် ချွေးစက်ကလေးများမှာ စိန်ပွင့်လေးများကဲ့သို့ အစီအရီတောက်ပနေသည်။
လည်တိုင်ကျော့မှာ ပန်းရောင်သမ်းနေသော ငန်းဖြူမလေးကဲ့သို့ အနီရောင်ဖျော့ဖျော့လေးစွဲထင်လျက် ဖြူဝင်းသောအသားအရည်နှင့်ဟပ်သော် စကားလုံးဖြင့်ဖော်ပြလို့မရအောင်ပင် ဆွဲဆောင်မှုရှိလေသည်။
"ယောက်ျားပြန်လာပြီပဲ"
နီးကပ်လာသောခြေသံများကိုကြားတော့ အမျိုးသမီးက သူ့ဆီလှည့်ကြည့်ကာ ညင်သာစွာပြုံးပြလာသည်။
"အစားအသောက်တွေ စားပွဲပေါ်မှာပြင်ထားပြီးသား နွေးနေတုန်းပဲ"
ထိုသို့ပြောပြီး လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေလေသည်။
လီနန်ခယ့်က ပဲနို့ပုံးကို အနီးကပ်စူးစမ်းကြည့်ရင်းမေးသည်။
"ဝယ်လိုက်ရင်ပြီးနေတာကို"
"ကျွန်မစားနေကျတို့ဖူးတွေက သိပ်ပြီးစားလို့မကောင်းတော့သလိုခံစားရလို့၊ ကိုယ့်ဘာသာပဲလုပ်လိုက်မလို့လေ။ ထည့်ချင်တဲ့ဆေးပင်တွေလည်း ထည့်လုပ်လို့ရတယ်"
အမျိုးသမီးက ပြုံးလျက်ပြန်ဖြေပြီး နူးညံ့သောဆံနွယ်တစ်စုကို လက်သန်းလေးဖြင့် နားနောက်သို့ သပ်တင်လိုက်သည်။
လီနန်ခယ့်က ခေါင်းတညိတ်ညိတ်နားထောင်နေပြီး မေးသည်။
"ကိုယ်ကူပေးရမလား"
"ယောက်ျားက ပဲနို့လုပ်တတ်လို့လား"
ဇနီးဖြစ်သူက မေးသည်။
လီနန်ခယ့် ခဏတာတုံ့ဆိုင်းသွားပြီး ရိုးသားစွာဆိုသည်။
"လုပ်တတ်ပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ပင်ပန်းတယ်၊ ထွက်လာတဲ့ပမာဏကလည်း သိပ်မများတတ်ဘူး။” (မှတ်ချက်- ပဲနို့အကြောင်းပြောနေခြင်းမဟုတ်နိုင်)
အမျိုးသမီးကပြုံးသည်။
"ယောက်ျားရယ် ထမင်းသာအရင်သွားစားစမ်းပါ။ အခုရှင်က ကိုယ်ရေးအရာရှိတစ်ယောက်တောင်ဖြစ်နေပြီပဲ၊ ရုံးကအလုပ်တွေနဲ့တင်ဖိအားများနေမှာကို၊ အိမ်မှုကိစ္စလေးတွေလောက်တော့ ကျွန်မဘာသာ ကိုင်တွယ်နိုင်ပါတယ်။"
"ဟုတ်ပါပြီ"
လီနန်ခယ့်ခေါင်းညိတ်ကာ မီးဖိုထဲမှပြန်ထွက်လာလိုက်သည်။
တံခါးအပြင်ဘက်သို့ရောက်ကာမှ တစ်ခုခုကိုသတိရပြီး ဇနီးသည်ဘက်ပြန်လှည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုဆုပ်ကာ ခါးညွှတ်လျက်အရိုအသေပြုပြီး ဆို၏။
"တိုဖူးတွေ ကြိုးကြိုးစားစားလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းမ"
...
ညစာစားပြီးနောက် လီနန်ခယ့်သည် ပန်းကန်များကို ကိုယ်တိုင်ဆေးကြောလိုက်ပြီးနောက် လိန်ရှင်းနန် ပေးထားသော အဖိုးတန်ဓားကိုယူကာ ရေကန်ဘေးရှိ မြေကွက်လပ်တွင် ဓားခုတ်ခြင်းသင်ခန်းစာ နံပါတ်(၁)ကို စတင်လေ့ကျင့်လေတော့သည်။
ပထမအဆင့်မှာ ဆယ်ကြိမ်သာခုတ်ရန် လိုအပ်သဖြင့် အလွန်ရိုးရှင်းပါ၏။
လီနန်ခယ့်မှာ လွန်စွာ တည်ငြိမ်အေးဆေးနေသည်။ ထိုနေရာတွင်ရပ်ရင်း စိတ်ခံစားချက်များ ပြည့်ဝတက်ကြွလာသည့်အခါ အလွန်ခန့်ညားသော အမူအရာဖြင့် ဓားသွားကို ရွှပ်ခနဲမြည်အောင် ဆွဲထုတ်လိုက်သည်။
သို့သော် လက်ကဓားကို ငြိမ်ငြိမ်မကိုင်နိုင်သေးသဖြင့် ဓားတစ်ချောင်းလုံး လှစ်ခနဲလွင့်ထွက်သွားရှာလေသည်။
လီနန်ခယ့်က ဓားကိုချက်ချင်းပြန်မကောက်ဘဲ အနောက်ကိုတစ်ချက်လှမ်းအကဲခတ်သည်။ ဇနီးသည်က သူ့ကိုအာရုံမစိုက်ဘဲ လုပ်စရာရှိတာဆက်လုပ်နေတာမြင်မှ စိတ်အေးလက်အေးသက်ပြင်းချကာ ဓားကိုသွားကောက်ပြီး တင်းတင်းပြန်ဆုပ်ထားရ၏။
သို့ပေမဲ့ ငန်းမမကြီးဆီမှ ရုတ်တရတ်ဆန်သော တဂွက်ဂွက်အော်သံကြီး ကြားလိုက်ရ၏။
ငန်းမမကြီးက သူမ၏ရှည်လျားသောလည်တံကို ဆန့်ထုတ်ထားကာ တဂွက်ဂွက်အော်နေသည်မှာ သူ့ကိုသက်သက်ကြီးလှောင်ပြောင်နေမှန်း သိသာလှသည်ပင်။
အားရပါးရရယ်မောနေစဥ် သူမနောက်မှ အန္တရာယ်အငွေ့အသက်တစ်ခုအား ခံစားလိုက်ရ၏။
သူမအနောက်ကိုလှည့်ကြည့်လိုက်သော် အုံ့မှိုင်းနေသောမျက်နှာဖြင့် ဓားကိုဆွဲကိုင်လျက် ချဥ်းကပ်လာသောအမျိုးသားအား မြင်လိုက်ရ၏။
ငန်းမမကြီးမှာ ချက်ချင်းပင် အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရေကန်ထဲသို့ ပလုံခနဲခုန်ဆင်းသွားပြီး ဝေးရာသို့ကူးခတ်သွားတော့သည်။
အနီးအနားတွင် လေညင်းခံနေသော လိပ်ဆရာကြီးသည်လည်း အခြေအနေမကောင်းသည်ကို မြင်သဖြင့် ရေငုပ်ပုန်းရန် ကြိုးစားသော်လည်း သူ၏ နှေးကွေးလှသောလှုပ်ရှားမှုကြောင့် တစ်ဖက်လူထံမှ အငြှိုးတကြီးဖြင့် မြေပြင်ပေါ်သို့ အဖိခံလိုက်ရပြီး ပြင်းပြင်းထန်ထန် အရိုက်ခံ၊ အလှိမ့်ခံလိုက်ရသဖြင့် ခေါင်းကိုသာကျုံ့ထားရပြီး အသံပင်မထွက်ဝံ့တော့ပေ။
ငန်းမမကြီးက အနောက်ကိုလှည့်ကြည့်စဥ် ထိုအဖြစ်ကိုမြင်လေတော့ သူမမျက်လုံးများ နူးညံ့ညင်သာသွားရ၏။
ချစ်သော လိပ်လုလင်၊ ရှင်ကျွန်မကို အသက်စွန့်ကာကွယ်ပြန်ပါပြီလား။
ဒေါသကို တွေ့ကရာပုံချပြီး လီနန်ခယ့် ဓားလေ့ကျင့်ရေးကိုဆက်သည်။
သူ့လှုပ်ရှားမှုများက စံတင်လောက်အောင်တိကျမနေပေသည့် အနည်းဆုံးတော့ ဓားကို ဓားအိမ်မှဆွဲထုတ်ကာ တစ်ခါတည်းခုတ်ချနိုင်လောက်သည်အထိ ချောမွေ့ပါပေသည်။
ဓားကို ဓားအိမ်ထဲပြန်ထည့်သည့်အခါ မှန်ကန်အောင်ချိန်ဆဖို့သာ လိုအပ်တော့သည်ပင်။
ဆယ်ကြိမ်မြောက် ဓားခုတ်ချက်တွင်တော့ လီနန်ခယ့်သည် ဓားသွားဆီမှ အသံသဲ့သဲ့လေးတစ်ခု ထွက်ပေါ်လာသည်ကို အထင်အရှား ခံစားလိုက်မိရပြီး နောက်တစ်ကြိမ်ထပ်ထုတ်ရာတွင် အရှိန်မှာ များစွာပိုမြန်လာခဲ့လေသည်။
"ကောင်းတယ် ကောင်းတယ် ဒါဟာ ကျင့်ကြံရေးလမ်းစဥ်ရဲ့ လမ်းစပဲ"
လီနန်ခယ့် ကျေကျေနပ်နပ်ပြုံးကာ ရေရွတ်လိုက်သည်။
အဆင့်၁၀ထိရောက်ဖို့တော့ သူလည်းရည်ရွယ်မထား။ မိမိကိုယ်ကို လုံခြုံအောင်ကာကွယ်နိုင်ရုံလောက်ဆို လုံလောက်ပြီပင်။
ထို့နောက် ခြေထောက်များကိုဆန့်ကားကာ ခပ်မိုက်မိုက်ပုံစံတစ်ခုဖြင့် ဇွဲရှိရှိ ဆက်လက်လေ့ကျင့်ဖို့ပြင်ဆင်သည်။
ဓားကိုဆွဲထုတ်လိုက်သည်။
လရောင်ကဲသို့ ဖြူစင်တောက်ပသောဓားသွားက လေထုအား အကွေးအဝိုက်တစ်ခုအဖြစ် ခုတ်ချလိုက်၏။
ထို့နောက် ဓားအိမ်ထဲသို့ပြန်ထည့်သည်။
တိတ်ဆိတ်နေသောခြံဝင်းအတွင်း ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သော ရွှပ်ခနဲအသံက ပဲ့တင်ထပ်သွားသည်။
ထပ်ဆွဲထုတ်သည်။
ဤသို့ဖြင့် ထိုလှုပ်ရှားမှုကို ထပ်ခါထပ်ခါပြန်ကျော့လေသည်။
သေချာစွာသွန်းလုပ်ထားသော သံမဏိဓားသွားမှာ အသံတရွှပ်ရွှပ်မြည်နေပြီး ကျင့်ကြံသူအမျိုးသား၏ ပုံရိပ်ကို အရှိန်အဝါတစ်မျိုးဖြင့် ပံ့ပိုးပေးနေကာ ဝတ်ရုံစသည်လည်း ဒဏ္ဍာရီဆန်ဆန် လေထဲတွင်တလွင့်လွင့်။
အချိန်သည် တိတ်ဆိတ်စွာစီးဆင်းသွားခဲ့သည်။
ကျောက်ကြိတ်ဆုံဝိုင်းဝိုင်းကြီးနှင့်တူသော လမင်းကြီးသည် ကောင်းကင်အလယ်မှ ငုံ့ကြည့်နေပြီး အိမ်လေးကို ပိုမိုတောက်ပစွာ လင်းထိန်စေသည်။
အေးစက်မှောင်မိုက်သော ကန်ရေပြင်လေးထက် ဓားသွားမှဟပ်သော အလင်းရောင်တလဲ့လဲ့နှင့် အမျိုးသားတစ်ဦး၏ ရှည်လျားဖြောင့်မတ်သော ကိုယ်ဟန်တို့ထပ်ဟပ်နေခဲ့၏။
လီနန်ခယ့်မှာ ချွေးစက်များကြား စိုနစ်နေလျက်ရှိလေပြီ။ သူသည် အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး ရင်အုပ်ဗလာဖြင့် ဓားကို အကြိမ်ကြိမ်အထပ်ထပ် ဆွဲထုတ်ခုတ်ယမ်းနေသည့်ပုံရိပ်မှာ အေးချမ်းလှသော တဲအိမ်လေး၏ နောက်ခံတွင် လေထုထက် လှပသက်ဝင်သောပန်းချီတစ်ကားကို ကြိုးကြိုးစားစား ရေးဆွဲနေသကဲ့သို့ပင်။
တဲအိမ်လေး၏ရှေ့တွင် အမျိုးသမီး၏ပုံရိပ်ကား ဝေဝါးဝါးလရောင်အောက်တွင် ပျောင်းပျောင်းနွဲ့နွဲ့ရပ်ကာ ထိုမြင်ကွင်းကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့၏။
ခင်ပွန်းဖြစ်သူ မောပန်းနွမ်းနယ်လှသဖြင့် အသက်ရှူသံများ ပြင်းထန်လှိုက်မောလာချိန်မှသာ သူမက မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် ချဉ်းကပ်လာကာ သူ့ကိုကမ်းပေးပြီး တိုးတိုးလေးဆို၏။
“ယောက်ျားရယ် ခဏလောက် အနားယူပါဦး။ မနက်ဖြန်မှ ဆက်လေ့ကျင့်ရင်လည်း နောက်မကျပါဘူး။”
လီနန်ခယ့်က ပုဝါစကိုလှမ်းမယူဘဲ အသက်ပြင်းပြင်းရှူသွင်းရင်း သူခုတ်ခဲ့သောဓားခုတ်ချက် အကြိမ်အရေအတွက်ကို ပြန်လည်စဥ်းစားကြည့်နေသည်။
သို့သော် မောပန်းမှုဖြင့် မူးဝေထုံထိုင်းနေသောဦးနှောက်ကြောင့် ဘာအရေအတွက်ကိုမှမမှတ်မိခဲ့။
အဆင့်၃ဆီသို့နီးကပ်လောက်ပြီ ဖြစ်ချေမည်။
ချွေးစက်များက အမျိုးသား၏ သန်မာကြံ့ခိုင်သော ကြေးရောင်အသားအရည်ထက်မှ နံနက်ခင်းနှင်းစက်များအလား ခိုတွဲကျနေခဲ့သည်။
လီနန်ခယ့်၏ ခန္ဓာကိုယ်မှာ ကိုယ်ခံပညာရှင်များကဲ့သို့ ကြွက်သားကြီးမားပြီး ကြမ်းတမ်းသည်မဟုတ်သလို၊ လူအိုကြီးတစ်ယောက်လို ပိန်လှီချိနဲ့နေသည်လည်း မဟုတ်ပြန်ပေ။
သို့သော် သူသည် ယောက်ျားပီသစွာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသည်။
အထူးသဖြင့် ယခုကဲ့သို့ ချွေးတစက်စက် စိုရွှဲနစ်နေချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လရောင်အောက်တွင် ဆီသုတ်ထားသကဲ့သို့ တောက်ပထင်းလင်းလျက်ရှိ၏။ ခန့်ညားပြီး ရဲရင့်မှုပြည့်ဝသော မျက်နှာအချိုးအစားနှင့် ပေါင်းစပ်လိုက်သောအခါ ယောက်ျားဟော်မုန်းများကို မမြင်စဖူး အပြည့်အဝထုတ်လွှတ်နေသကဲ့သို့ ရှိတော့သည်။
လော့ချန်းချိုးမှာ သတိလက်လွတ် ငေးကြည့်နေမိပြီး မျက်စိရှေ့မှ ထိုရင်အုပ်ကြွက်သားများကိုထိတွေ့ရန် အလိုလိုလက်လှမ်းလိုက်မိသည်။
အမျိုးသမီး၏ ကျောက်စိမ်းကဲ့သို့နုနယ်သော လက်ထိပ်လေးများက အမျိုးသား၏ သံမဏိကဲ့သို့ မာကျောကျစ်လျစ်သော ရင်အုပ်ကြွက်သားများကို ထိမိလိုက်သည့် တစ်ခဏတွင် သူမသည် ဓာတ်လိုက်သည့်အလား ကျဥ်တက်သွားပြီး လက်ကိုချက်ချင်းပြန်ရုပ်လိုက်မိသည်။
နားရွက်လေးများမှာ ရုတ်တရက် နီမြန်းသွားပြီး ခင်ပွန်းဖြစ်သူ၏ နဖူးပေါ်ကချွေးများကို သဘာဝကျကျလှမ်းသုတ်ပေးရင်း အရှက်ပြေဆိုလိုက်သည်။
“နည်းနည်းလောက် ထပ်လေ့ကျင့်ပြီးရင် အမြန်နားပါတော့။ ကျင့်ကြံရေးမှာ ကြိုးစားအားထုတ်မှုနဲ့ အနားယူမှုက မျှတဖို့လိုပါတယ်၊ အရမ်းမပင်ပန်းပါစေနဲ့"
“အင်း၊ ကိုယ်သိပါတယ်။”
လီနန်ခယ့်က ပြုံးပြလိုက်ပြီး ဓားကို ဓားအိမ်ထဲပြန်သွင်းကာ နောက်တစ်ကြိမ်ဆွဲထုတ်ရန် ပြင်ဆင်လိုက်သည်။
လော့ချန်းချိုးက မျက်လွှာချလျက် အိမ်ထဲသို့ ပြန်ဝင်သွားသည်။
သူမ၏ ပုံမှန် တည်ငြိမ်အေးဆေးနေလေ့ရှိသော အမူအရာနှင့်နှိုင်းယှဥ်လျှင် ယခုခြေလှမ်းများမှာ အကြောင်းမဲ့မြန်ဆန်နေခဲ့လေသည်။ အမျိုးသမီး၏ခြေကျင်းဝတ်တွင် ရှုပ်ထွေးပွေလီကာ ဖြတ်ချရခက်သော နှလုံးသားကြိုးမျှင်အချို့ ချိတ်တွယ်ငြိပါသွားဟန်ပင်။
ထိုအချိန်တွင် လီနန်ခယ့်က ရုတ်တရတ်နောက်ဘက်လှည့်ကာ ပြောလိုက်သည်။
"ကိုယ်မင်းကို မြန်မြန်ကာကွယ်ပေးနိုင်အောင်လို့ပါ"
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တောင့်တင်းသွားသည်။ ထို့နောက် ဘာမှပြန်မပြောဘဲ အိမ်ထဲသို့လျှောက်ဝင်သွားခဲ့၏။
လော့ချန်းချိုးသည် တံခါးကို ညင်သာစွာပိတ်လိုက်ပြီး စားပွဲဆီသို့လျှောက်သွားကာ ရေအေးတစ်ခွက်ကိုယူပြီး တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်သည်။
အေးစိမ့်သော လက်ဖက်ရည်ကြမ်းများ သူမ၏ လည်ချောင်းအတွင်းသို့ စီးဝင်သွားချိန်တွင် အနည်းငယ်မြန်ဆန်လှုပ်ရှားနေသောကြောင့် မနည်းဖုံးဖိသိုဝှက်ထားခဲ့ရသော နှလုံးသားလေးမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး ခန္ဓာကိုယ်အတွင်း၌ အေးချမ်းစွာ အနားယူသွားတော့သည်။
လော့ချန်းချိုးသည် ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ကာ တံခါးကိုစိုက်ကြည့်ရင်း အတွေးထဲနစ်နေမိသည်။
အချိန်အတော်ကြာပြီးနောက် အမျိုးသမီးသည် စားပွဲအောက်မှ ဆူးချွန်တစ်ခုထုတ်ယူလိုက်ပြီး ခပ်တိုးတိုးဆို၏။
"အချိန်ကျလာပြန်ပြီပဲ။ ဒီတစ်ခေါက်တော့ ပိုပြီးပြင်းပြင်းလေးထိုးကြတာပေါ့"
—
နောက်တစ်နေ့ လီနန်ခယ့်နိုးလာချိန်တွင် သူ၏တစ်ကိုယ်လုံးမှာ အလွန်အမင်း ကိုက်ခဲနေလျက်ရှိသည်။
အထူးသဖြင့် လက်မောင်းနှစ်ဖက်စလုံးမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်တော့မည့်အလား ညောင်းညာကိုက်ခဲကာ လက်ချောင်းလေးပင်မမနိုင်တော့လောက်အောင် တောင့်တင်းနေလျက်။
သို့သော် သူ့ကို အစိုးရိမ်စေဆုံးမှာ နိုးလာတိုင်းဖြစ်တတ်သဖြင့် ရင်းနှီးနေပြီပင်ဖြစ်သော ရင်ဘတ်ထဲမှနာကျင်မှုပင်။
မုန်ညင်းချဉ်အိုးဟောင်းတစ်လုံးထဲ သိပ်ထည့်ခံလိုက်ရပြီး အားကောင်းမောင်းသန် အဒေါ်ကြီးတစ်အုပ်ဆီမှ နင်းချေထုရိုက်ခြင်းခံထားရသကဲ့သို့။
"ယောက်ျား နိုးပြီလား”
ညင်သာသိမ်မွေ့သော အသံလေးနှင့်အတူ ချစ်ဇနီး၏ နူးညံ့သည့်အပြုံးမှာ အမျိုးသား၏ မနက်ခင်းမြင်ကွင်းတွင် ပေါ်နေကျအတိုင်းပေါ်လာခဲ့သည်။
လီနန်ခယ့်သည် ကိုက်ခဲနေသော လက်မောင်းများကို ပွတ်သပ်ဖြေလျော့ရင်း ပြန်ထူးလိုက်ပြီး မျက်နှာသစ်၊ သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်သည်။
"မနေ့ညက အိပ်လို့ကောင်းရဲ့လား"
“အဆင်ပြေပါတယ်။”
“ကောင်းတာပေါ့” အမျိုးသမီးက ခပ်မြူးမြူးပြုံးလျက်ဆိုလေသည်။
အိပ်ရာမှ ခက်ခက်ခဲခဲထကာ မနက်စာစားသောက်ပြီးနောက် လီနန်ခယ့်သည် ဓားကိုခါးမှာချိတ်လျက် အိမ်မှထွက်ခွာလာခဲ့၏။
သို့သော် ရုံးတော်သို့ တန်းတန်းမသွားဘဲ တောင်ကုန်းတစ်ခုဆီ ဦးတည်လျှောက်လာခဲ့လိုက်သည်။
ထိုမိုးနီသေတ္တာကို သူစိတ်ဝင်တစားရှိလှသည်ပင်။
မိစ္ဆာဆီမှ မှတ်ဉာဏ်အပိုင်းအစအချို့ကိုသာ ရရှိခဲ့သော်လည်း လိန်ရှင်းနန်နှင့် နောက်တော်ပါများ ယခင်ကရှာဖွေခဲ့သော နေရာများကို အခြေခံ၍ လီနန်ခယ့်သည် မှတ်ဉာဏ်ထဲမှဂူအား နာရီဝက်မပြည့်ခင် ရှာတွေ့သွားခဲ့သည်။