← Chapters

လီချန်ဘုရားကျောင်း

Vol. 10 Ch. 94

လီချန်ဘုရားကျောင်း

Vol. 10 Ch. 94

မြင့်မားမတ်စောက်သော ကျောက်တောင်နံရံကြီးတစ်ခုကို ပတ်ကျော်ပြီးနောက် လီနန်ခယ့်သည် ရှာဖွေတွေ့ရှိရန် မလွယ်ကူလှသော တောကြိုအုံကြားမှ ဂူတစ်ခုအတွင်းသို့ လျှောခနဲဝင်လိုက်သည်။

ဂူအတွင်းပိုင်းမှာ အလွန်အမင်းကျယ်ဝန်းလှသည်မဟုတ်ဘဲ ကျောက်သားအက်ကြောင်းများတွင် ထူထပ်ပြီး အလင်းမပေါက်နိုင်သော မှော်ပင်များ ကပ်တွယ်လျက်ရှိနေသည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံးများမှာ သူ၏ မှတ်ဉာဏ်အပိုင်းအစထဲက မိစ္ဆာသတ္တဝါတစ်ကောင် ဒေါသတကြီးဖြင့် အရာအားလုံးကို ရိုက်ခွဲဖျက်ဆီးခဲ့သောမြင်ကွင်းနှင့် ထပ်တူကျနေသည်။

လီနန်ခယ့်သည် ထောင့်တစ်ခုသို့ လျှောက်သွားပြီး အပျက်အစီးများကို ဖယ်ရှားလိုက်သည်။

ထိုနေရာတွင် ပိတ်စဖြင့်ပတ်ထားသည့် လေးထောင့်ပုံစံ သစ်သားသေတ္တာတစ်ခုကို အမှန်တွေ့ရလေသည်။

ပိတ်စကိုဖြည်လိုက်သောအခါ အနက်ရောင်သစ်မာဖြင့် ပြုလုပ်ထားသော ရှည်လျားသည့်သစ်သားသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ သို့သော်လည်း သစ်သားသေတ္တာမှာ ဆိုးရွားစွာပျက်စီးနေပြီး အတွင်းထဲက ကြွေပုလင်းငယ်အချို့မှာလည်း ကွဲအက်ကြေမွလျက်ရှိ၏။

ထိုကြွေပုလင်းလေးများမှာ လက်ရာမြောက်လှပြီး ကလေးတစ်ယောက်၏ လက်ဖဝါးထဲတွင် ထည့်ထားနိုင်လောက်အောင် သေးငယ်သည်။

ပုလင်းအဆို့များကိုပင် ကြွေဖြင့် သွန်းလောင်းပြုလုပ်ထားခြင်းဖြစ်ပြီး ပုလင်းနှုတ်ခမ်းနှင့် အံဝင်ခွင်ကျ ဖြစ်နေကာ အနီရောင်ပိတ်စအလွှာတစ်ခုဖြင့် ပတ်၍ ရွှေချည်မျှင်များဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလေသည်။

လီနန်ခယ့် ရေတွက်ကြည့်လိုက်ရာ စုစုပေါင်းကြွေပုလင်း တစ်ဆယ့်ငါးလုံးရှိပြီး ခုနစ်လုံးမှာ ကွဲအက်နေပြီဖြစ်၏။

ကွဲနေသောပုလင်းများထဲတွင် ပုံဆောင်ခဲအကြွင်းအကျန် အနည်းငယ်သာ ကျန်ရှိတော့လေသည်။

ညကင်းလှည့်တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေး မှတ်တမ်းများအရ စစ်မှန်သော မိုးနီရေကို ကြွေထည်ဖြင့်ပြုလုပ်ထားသော ပုံးများခွက်များတွင်သာ သိမ်းဆည်းနိုင်ပြီး ၎င်းမှာ အတွင်းတွင် သေးငယ်သောပုံဆောင်ခဲများအဖြစ် ခဲသွားလေ့ရှိသည်။ အကယ်၍ အခြားအရာတစ်ခုခုနှင့် ထိတွေ့မိပါက အငွေ့ပျံပျောက်ကွယ်သွားလိမ့်မည်။

မိုးနီရေကို လက်ဖဝါးပေါ်လောင်းချဖို့အတွက်ပင် ထိုမိုးနီမှာ အရင်ဆုံး ပုံဆောင်ခဲဖြစ်နေဖို့လိုလေသည်။

လီနန်ခယ့်သည် ပျက်စီးနေသောကြွေပုလင်းများထဲမှ မိုးနီပုံဆောင်ခဲများကို လက်ဖဝါးထဲသို့ လောင်းထည့်ပြီး အနီးကပ်စူးစမ်းကြည့်လိုက်သည်။ ထို အနီရောင်ရင့်ရင့် ပုံဆောင်ခဲများသည် သွေးစွန်းနေသော စိန်ပွင့်ငယ်လေးများနှင့် ဆင်တူလှပြီး တလက်လက်တောက်ပနေသောအလင်းရောင်များကြောင့် ထူးဆန်းစွာ ဆွဲညှို့နိုင်စွမ်းရှိလေသည်။

“ဒါက မိုးနီဆိုတာပေါ့” လီနန်ခယ့်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် လက်ညှိုးဖျားဖြင့် နှစ်စေ့ခန့်ကို ညင်သာစွာကောက်ယူပြီး ပါးစပ်နားသို့အသာတေ့လိုက်သည်။ သို့သော် ခဏမျှတွေဝေပြီးနောက် သူမမြည်းစမ်းဝံ့တော့ပေ။

မိုးနီအိမ်မက်ကမ္ဘာထဲသို့ ကျရောက်သွားမှာကို သူမကြောက်သော်လည်း မိစ္ဆာသတ္တဝါအဖြစ်သို့ ပြောင်းလဲသွားမှာကိုတော့ ကြောက်မိသည်။ ဤဓားကိုချိတ်လျက်သားကြီးဖြင့် မိစ္ဆာအဖြစ်ပြောင်းလဲသွားမည်ဆိုလျှင် သေမင်းကိုဖိတ်ခေါ်ခြင်းနှင့်မခြားပေတော့။

ပတ်ဝန်းကျင်တွင် အခြားပစ္စည်းများထပ်မရှိတော့ကြောင်း စစ်ဆေးအတည်ပြုပြီးနောက် လီနန်ခယ့်သည် အကောင်းအတိုင်းကျန်ရှိသော ကြွေပုလင်းတစ်လုံးကို ဖွင့်လိုက်သည်။

အထဲရှိမိုးနီများမှာ တစ်ဝက်ပင်မပြည့်တတ်လောက်။

လီနန်ခယ့်သည် တစ်ဖက်ပုလင်းကွဲများအတွင်း ကျန်ရှိနေသောပုံဆောင်ခဲများကို ပုလင်းအကောင်းထဲသို့ သတိကြီးစွာပြောင်းထည့်သည်။

သို့သော် ပုံဆောင်ခဲအနည်းငယ်သာ ကျန်ရှိတော့သည့် အချိန်တွင် သူ့လက် တစ်ဖန်တန့်သွားပြန်၏။

ထိုထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံဆောင်ခဲများကို စိုက်ကြည့်ရင်း လီနန်ခယ့်၏ မျက်ဝန်းများထဲ အလင်းရောင်သဲ့သဲ့လေးတစ်ခု ဖြတ်ပြေးသွားပြီး အတွင်းစိတ်ထဲမှ ရှင်းပြ၍မရသော ခံစားချက်တစ်ခုက သူ့ကို ပုံမှန်မဟုတ်သောအရာတစ်ခုခု စမ်းသပ်လုပ်ဆောင်လိုက်ဖို့ တိုက်တွန်းနေသကဲ့သို့။

အတော်အတန် တွန့်ဆုတ်နေပြီးနောက် သူပါးစပ်ကို အနည်းငယ်ဟကာ မိုးနီပုံဆောင်ခဲ အနည်းငယ်ကို လျှာဖျားဖြင့် အသာအယာ တို့ထိမြည်းစမ်းကြည့်လိုက်သည်။

ထိုပုံဆောင်ခဲသေးသေးလေးများသည် ပါးစပ်ထဲသို့ ရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားပြီး ဘာအရသာမှတော့ထွက်မလာ။

လီနန်ခယ့်၏ နှလုံးသားမှာ စိုးရိမ်တကြီးတုန်လှုပ်နေပြီး လက်တစ်ဖက်က ဓားရိုးကို တင်းတင်းဆုပ်ကိုင်ကာ ခန္ဓာကိုယ်အတွင်းမှ‌‌ ပြောင်းလဲမှုများကို သေချာအာရုံခံနေလိုက်သည်။

သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည်အထိ ပုံမှန်မဟုတ်သောအပြောင်းအလဲ တစ်ခုမှရှိမလာခဲ့။

ထိုအစား တစ်ကိုယ်လုံးရှိ ကိုက်ခဲနေမှုများ လျော့ပါးသွားသလို ခံစားရသည်။

ညကင်းလှည့်ဌာန အဖွဲ့ဝင်တစ်ဦး ပုလင်းတစ်လုံးလုံးကို လက်မတွန့်စွာ တိုက်ရိုက်သောက်ချလိုက်ပြီး မိစ္ဆာသတ္တဝါအဖြစ်ခံခဲ့လိုက်သော မှတ်ဉာဏ်အပိုင်းအစကို ပြန်လည်အမှတ်ရမိကာ လီနန်ခယ့်မှာ မိမိကိုယ်ကိုယ် ကြောက်တတ်လိုက်တာဟု လှောင်ပြောင်ရင်း ခါးသီးစွာ ရယ်မောလိုက်မိသည်။

ဒီလောက်နည်းနည်းလေးနှင့်ဆိုလျှင် မိစ္ဆာအဖြစ် အကောင်လိုက်ပြောင်းလဲဖို့ ဝေးစွ၊ မိုးနီအိမ်မက်ကမ္ဘာထဲသို့ ကျရောက်ရန်ပင် ခက်ခဲပါလိမ့်မည်။

“နောက်ထပ် နည်းနည်းလောက် ထပ်စားကြည့်သင့်သလား”

လီနန်ခယ့်သည် လက်ထဲရှိကြွေပုလင်းထဲမှ မိုးနီရေပုံဆောင်ခဲများကိုကြည့်ရင်း ခဏတာ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင်တော့ ထပ်မစွန့်စားတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။

ကျန်ရှိသော မိုးနီရေပုံဆောင်ခဲအားလုံးကို စုပေါင်းလိုက်သော် ကြွေပုလင်းသုံးလုံး အပြည့်ရရှိခဲ့သည်။ ပုလင်းများကို သေချာစွာပိတ်ဆို့ပြီးနောက် အင်္ကျီရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။

ထို့နောက် အလွန်ကျန်သောပုလင်းခွံများနှင့် ပျက်စီးနေသောပုလင်းများကို စုပေါင်းရိုက်ခွဲကာ အတူတူရောမွှေလိုက်ပြီး မိုးနီပုံဆောင်ခဲ အကြွင်းအကျန်အချို့ကို အပေါ်မှဖြန်းလိုက်သည်။ ထို့နောက် ပျက်စီးနေသော သစ်သားသေတ္တာထဲသို့ ပြန်ထည့်၍ ပိတ်စဖြင့်ပတ်ပြီး ကျောက်တုံးများဖြင့် ပြန်လည်ဖုံးအုပ်ထားလိုက်၏။

ရိုးရိုးသားသားပြောရလျှင် လီနန်ခယ့်ကိုယ်တိုင်ပင် သူဘာကြောင့်ဒါတွေလုပ်နေသလဲ သူ့ကိုယ်သူသေချာမသိ။ သူခိုးဆီမှ ပစ္စည်းပြန်ခိုးသည်ဟုဆိုရမလားတော့ မပြောတတ်။

မှောင်မည်းနေသောဂူဝမှ လှမ်းထွက်လိုက်သည့်အခါ တောက်ပသောနေရောင်ခြည်က သူ့ထံသို့ တိုက်ရိုက်ကျရောက်လာသည်။

လက်တစ်ဖက်ကို အလိုလိုမြှောက်ကာ သူ့မျက်လုံးများကို ကွယ်ထားမိလိုက်သည်။

ထိုဂူအတွင်း၌ အအေးဓာတ်အလွန်များပြားနေခြင်းကြောင့်များလား မပြောတတ်၊ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော တောက်ပသည့်နေရောင်ခြည်က လီနန်ခယ့်ကို ရှင်းပြလို့မရသော သက်တောင့်သက်သာမရှိမှုတစ်ခုကို ပေးစွမ်းနေပြီး ပျို့အန်ထွက်တော့မတတ် နေလို့မကောင်းဖြစ်စေလေသည်။

ရှေ့သို့ နှစ်လှမ်းခန့်လှမ်းလိုက်ရာတွင် ခေါင်းတစ်ခုလုံး ရုတ်တရတ်မူးဝေသွားပြီး ပတ်ဝန်းကျင် ရှုခင်းများမှာ ဝေဝါးမှုန်မှိုင်းကာ ပုံရိပ်နှစ်ထပ်ဖြစ်သွားသလို ခံစားရသည်။

စိမ်းလန်းသော မြက်ခင်းပြင်၊ ညိုမည်းသော ကျောက်ဆောင်များ၊ အရာအားလုံးမှာ တဖြည်းဖြည်းနှင့် အနီရင့်ရောင်များ ပက်ဖြန်းစွန်းထင်လာပြီး လတ်ဆတ်အေးမြသော လေထုထဲတွင်လည်း ညှီစို့စို့ သွေးနံ့အချို့ ရောယှက်ပါဝင်လာခဲ့၏။

“ငါ့ခေါင်းကြီးက အရမ်းလေးနေသလိုပဲ။”

လီနန်ခယ့်သည် သူ၏ မူးဝေနောက်ကျိနေသော ခေါင်းကို လှုပ်ခါလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ဖို့ကြိုးစားလိုက်သည်။

ရလဒ်မှာတော့ အနီရောင်မှန်ပါသော နေကာမျက်မှန်ကိုတပ်ဆင်ထားသည့်အလား အရာအားလုံး အနီရောင်လွှမ်းလျက်။

ကမ္ဘာကြီးတစ်ခုလုံး ရာသီလာနေကြသကဲ့သို့။

လီနန်ခယ့်သည် အမှတ်မထင် နောက်သို့ ပြန်ကြည့်လိုက်မိရာတွင်၊

စိမ်းလန်းစိုပြည်သော သစ်ပင်များဖြင့် ဖုံးကွယ်ထားသော ဂူဝတွင် ဗိုက်ဖောက်ခံထားရသော အလောင်းများစွာ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

ဂူအတွင်းသို့ တစ်ခေါက်ထပ်ကြည့်လိုက်သောအခါ ၎င်းမှာလည်း အနီရင့်ရောင်လွှမ်းသော အမှောင်ထုကြီးဖြင့် ကြောက်မက်ဖွယ်နက်ရှိုင်းနေခဲ့သည်။

နံရံလေးဖက်စလုံးတွင် ထူထပ်လှသော သွေးရောင်ပင့်ကူအိမ်များ ဖုံးလွှမ်းနေပြီး လက်မောင်းတစ်ဖက်စာလောက်တုတ်သော လောက်ကောင်ကြီးများမှာ ၎င်းတို့ပေါ်တွင် တွန့်လိမ်တွားသွားနေကာ ဂူမျက်နှာကြက်တွင်လည်း ထူထဲသောပိုးအိမ်များစွာဖြင့်။

ဂူတွင်းမြေပြင်ပေါ်တွင်မူ အရိုးစုများ တောင်ပုံရာပုံ။

ဂူ၏ အလယ်ဗဟိုတွင်မူ ညိုပြာရောင်အသားအရည်ရှိပြီး မျက်နှာတွင် မျက်လုံးကြီးတစ်လုံးသာပါသော အိုမင်းရင့်ရော်ပြီး ရုပ်ရည်ကြမ်းတမ်းလှသည့် သီလရှင်အိုကြီးတစ်ဦးသည် ပင်လယ်ပြာရောင် ဝတ်ရုံကို ခြုံလွှမ်းဝတ်ဆင်ထားကာ အရိုးဖြူပုံကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။

သူမ၏ ကြီးမားလှသော အနီရောင်မျက်လုံးကြီးသည်ကား လီနန်ခယ့်ကို ကြောက်ခမန်းလိလိ စိုက်ကြည့်နေပြီး နားရွက်အထိပြဲလန်နေသော နှုတ်ခမ်းထောင့်များက ကြင်ကြင်နာနာပြုံးပြနေသည့်အလား ထင်မှတ်ရစေ၏။

နောက်ကျောကကျောက်နံရံထက် စာလုံးကြီးလေးလုံးကို ရေးထွင်းထားသည်။

သတ္တဝါအပေါင်းကို သနားကြင်နာပါ။ (တရုတ်စာနဲ့ဆို လေးလုံး)

ရုတ်တရက် ထူးဆန်းသောအသံတစ်ခုက သူ့နားထဲသို့ ပြေးဝင်လာ၏။

မူးဝေနောက်ကျိနေသော လီနန်ခယ့်မှာ ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထသွားခဲ့ပြီး ရုတ်တရက် စိတ်ပြန်ကြည်လာချိန်၌ လက်ကဓားကိုဆွဲကာ အလိုလိုခုတ်လွှဲမိပြီးသွားဖြစ်သွားသည်။

ရွှပ်

ဓားအလင်းတန်းက နေရောင်အောက်တွင် ဖျတ်ခနဲ လက်သွားသည်။

သေချာကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် နှစ်ပိုင်းပြတ်သွားသော မြွေပေါက်လေးတစ်ကောင်အား တွန့်လိမ်တွန့်လိမ်တွေ့ရ၏။

လီနန်ခယ့် ခေါင်းပြန်မော့ပြီး ပတ်ဝန်းကျင်ကို အမြန်လှည့်ကြည့်လိုက်ရာ အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။

ဂူဝတွင် စိမ်းလန်းစိုပြည်သောအပင်များ နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး ဂူအတွင်းပိုင်းမှာလည်း လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ပျို့အန်ချင်စိတ်မှာလည်း မျက်လှည့်ပြသည့်အလား ပျောက်ကွယ်သွားခဲ့ပြီး ရှူသွင်းလိုက်သောလေက လတ်ဆတ်အေးမြလျက်သား။

ထိုစဥ် လေပြေညင်းလေးက တိုက်ခတ်လာပြီး သစ်ရွက်လေးများကို လှုပ်ခတ်စေသည်။

အရာအားလုံးမှာ ပကတိအတိုင်း အေးချမ်းသာယာနေလျက်သာ။

လီနန်ခယ့်သည် ရင်ဘတ်ထဲမှပုလင်းများကို ထိတွေ့ကြည့်ရင်း တိုးတိုးရေရွတ်မိ၏။

“မိုးနီရေနည်းနည်းသောက်လိုက်တာက လူကိုအမြင်မှားစေတာလား၊ ဒါမှမဟုတ် အဲ့လူရဲ့ရင်ထဲက အမှောင်ဘက်ခြမ်းကို ပြသပေးတာမျိုးလား"

သူ၏ ထင်မြင်ချက်ကို အတည်ပြုချင်စိတ်ဖြင့် လီနန်ခယ့်သည် ပြင်းပြသောစူးစမ်းလိုစိတ်ကို မထိန်းလိုက်နိုင်ခဲ့စွာ နောက်ထပ် ပုံဆောင်ခဲအနည်းငယ်ကို ထပ်မံမြည်းစမ်းလိုက်ပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ဘယ်လောက်ကြာကြာ ဘာမှမထူးခြားလာခဲ့။

ပျို့အန်ချင်စိတ်ပင် မရှိတော့ပေ။

လီနန်ခယ့်မှာ ဆက်စဉ်းစားမရတော့ဘဲ ခေါင်းကိုက်လာသဖြင့် ဆက်လက်ခန့်မှန်းရန် ပျင်းရိသွားခဲ့သည်။ မြွေအသေကောင်ကို ဖယ်ရှားပြီးနောက် မိုးနီခဲပုလင်းများကိုယူကာ တောအုပ်ထဲမှ ထွက်ခွာလာခဲ့လိုက်၏။

တောင်ပေါ်မှဆင်းလာစဉ် လမ်းတစ်ဝက်တွင် ရင်းနှီးသောမိတ်ဆွေနှစ်ဦးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့လေသည်။

လီချန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးနှစ်ပါးပင်။

ချန်မင်နှင့်ချန်ယွိ ဖြစ်၏။

ယခင်က လင်ကျောင်ယွဲ့နှင့်ပတ်သက်သောအမှုတွင် ဤဘုန်းကြီးနှစ်ပါးမှာ အလွန်အသုံးဝင်သောသဲလွန်စများကို ပေးနိုင်ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုတွင် များစွာအထောက်အကူဖြစ်ခဲ့သည်။

“ဒကာကြီးလီ”

လီနန်ခယ့်ကိုမြင်သောအခါ သူတို့နှစ်ဦးစလုံး ကပျာကယာ ဦးညွှတ်နှုတ်ဆက်လာကြသည်။

"ကိုယ်ရေးအရာရှိလီလို့ပဲခေါ်ပါ"

လီနန်ခယ့်က သူတို့ကို စကားပြင်ပေးလိုက်သည်။

ဘုန်းကြီးနှစ်ပါးမှာ မှင်တက်သွားပြီးနောက် တစ်ပြိုင်နက်တည်း ကိုယ်ရေးအရာရှိလီဟု ပြင်ဆင်နှုတ်ဆက်လာကြသည်။

လီနန်ခယ့် ကျေနပ်စွာခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့၏ပုခုံးများထက် သစ်သားရေပုံးများထမ်းထားသည်ကို မြင်သဖြင့် နားမလည်နိုင်စွာမေးလိုက်သည်။

“ကိုယ်တော်တို့ မြစ်ဆီကိုရေသွားခပ်မလို့လား။ ကျွန်‌တော်မှတ်မိသလောက် လီချန်ဘုရားကျောင်းရဲ့အနောက်မှာ မြစ်ငယ်လေးတစ်စင်းရှိသလားလို့လေ"

ချန်မင်က ရှင်းပြသည်။

“ကိုယ်ရေးအရာရှိလီ၊ တောင်နောက်ဘက်ကမြစ်က ဒီရက်ပိုင်းအတွင်းမှာ ရုတ်တရက်ခမ်းခြောက်သွားလို့ပါ၊ ဒါကြောင့် ကျွန်တော်နဲ့ဆရာတူအစ်ကိုတို့ ပိုဝေးတဲ့နေရာဆီ သွားခပ်နေရတော့တာပဲ"

“ခမ်းခြောက်သွားတာလား”

လီနန်ခယ့် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာအကြောင်းပြချက်မှ ရှိဘဲ ဘာလို့ ခမ်းခြောက်သွားရတာလဲ”

ချန်မင်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။

“ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့လည်းမသိပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ရေစီးဆင်းမှု တဖြည်းဖြည်းနည်းလာပြီး အခုတော့ လုံးဝကိုခမ်းခြောက်သွားပါပြီ။ အနီးအနားက စမ်းချောင်းလေးတွေလည်း တော်တော်လေးကျုံ့သွားပါတယ်။ မြစ်အထက်ပိုင်းမှာ ရေကို အလွန်အကျွံသုံးစွဲနေတာကြောင့် ဖြစ်နိုင်သလို မိုးခေါင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။”

“ဪ ဒါကြောင့်ကိုး”

လီနန်ခယ့်က ခေါင်းညိတ်လိုက်ပြီး သိပ်လည်းအလေးမထားမိပေ။

ခြေလှမ်းအနည်းငယ်ခန့်အရောက်တွင်မှ စားသောက်ဆိုင်တွင် ဝါးခမောက်ဆောင်းထားသောအမျိုးသမီး ပြောခဲ့သည့် စကားများကို ရုတ်တရက် သတိရသွားမိ၏။

‘ဒီရက်ပိုင်းအတွင်း မိုးတွေသည်းသည်းထန်ထန်ရွာမလားလို့ ကျွန်မသိချင်နေတာ'

လီနန်ခယ့်၏ခြေလှမ်းများ ရုတ်တရတ်ရပ်တန့်သွားပြီး မျက်မှောင်တင်းတင်းကြုတ်သွားခဲ့သည်။

“မိုးရွာတာနဲ့ မြစ်ရေခမ်းတာ တစ်ခုခုများ ဆက်စပ်နေမလား"

ထိုဆက်စပ်မှုမှာ ပို၍စဥ်းစားလေလေ ပို၍ သံသယဖြစ်ဖွယ်ကောင်းလေလေ ဖြစ်နေသည်။ သူစဥ်းစားရင်း စကားလုံးအချို့ကို တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် မော့ကြည့်လိုက်ရာ ချန်မင်နှင့်ချန်ယွိတို့ သိပ်မဝေးသေးသည်ကိုမြင်သဖြင့် အပြေးလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့်ကို အဲဒီမြစ်လိုက်ပြပါလား"

All Chapters