← Chapters

ပူးပေါင်းကြံစည်မှု

Vol. 10 Ch. 95

ပူးပေါင်းကြံစည်မှု

Vol. 10 Ch. 95

ချန်မင်နှင့်ချန်ယွိတို့နောက်သို့ လိုက်ပါလာခဲ့ရင်း လီနန်ခယ့်တစ်ယောက် လီချန်ဘုရားကျောင်းနောက်ဘက်ရှိ မြစ်ငယ်လေးဆီသို့ ရောက်ရှိလာခဲ့သည်။

ချန်မင်ပြောခဲ့သလိုပင် တစ်ချိန်က ရေအားကောင်းကောင်းနှင့် ကွေ့ကောက်စီးဆင်းခဲ့သော မြစ်ငယ်လေးမှာ ယခုအခါ လုံးဝနီးပါ ခမ်းခြောက်နေပြီး မြစ်ကြမ်းပြင်တွင် ကျောက်ခဲများသာ ပြန့်ကျဲကျန်ရစ်လေတော့သည်။

လီနန်ခယ့်သည် ရွှံ့နွံဗွက်အိုင်များကိုကျော်ဖြတ်ကာ ကျောက်ခဲတစ်လုံးကိုကောက်ယူပြီး ဟိုဟိုဒီဒီစူးစမ်းရင်း ချန်မင်ကိုမေးလိုက်သည်။

"ဒီလိုမျိုး အရင်နှစ်တွေက ဖြစ်ခဲ့ဖူးလား"

ချန်မင်က ခေါင်းခါပြသည်။ "တစ်ခါမှ မဖြစ်ဖူးပါဘူး။"

ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ရင်း လီနန်ခယ့်မှာ အတွေးနက်သွားခဲ့ရသည်။

လက်တွေ့ကျကျပြောရလျှင် မြစ်ချောင်းအများစုမှာ ရေစီးဆင်းမှု ပိတ်ဆို့ရပ်တန့်ခြင်း၊ အချို့နေရာများတွင် နွေရာသီအပူကြောင့် ရေခမ်းခြောက်တတ်ခြင်း စသဖြင့် ဖြစ်ရပ်များစွာရှိတတ်ပေသည်။

သို့သော် ယခုအခြေအနေမှာတော့ အတော်လေးကိုပုံမှန်မဟုတ်။

တစ်စုံတစ်ယောက်က မြစ်အထက်ပိုင်းတစ်နေရာရာတွင် ရေစီးဆင်းမှုကို တမင်တကာ ဖြတ်တောက်ထားသကဲ့သို့ပင်။

မင်းသမီးရှန်းယွမ်ကို လိုက်ပါပို့ဆောင်နေသော အရိပ်နက်တပ်ဖွဲ့ဝင်များသာ ဤမြို့တွင်မရပ်နားခဲ့ပါလျှင် ဤအဖြစ်ကို သူသံသယရှိမိမည်မဟုတ်။ သို့သော် ဝါးခမောက်ဆောင်းထားသောအမျိုးသမီးက သူ့ကို အထူးတလည် သတိပေးခဲ့ပြီးနောက်တွင်မူ ထိုအကြောင်းအရာများကို သူ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်စဥ်းစားမိနေတော့သည်။

ဘာကြောင့် မြစ်ရေစီးကြောင်းကို ဖြတ်တောက်ရတာလဲ။

အဲဒီလုပ်ရပ်က မင်းသမီးရှန်းယွမ်ကိုလုယူတဲ့နေရာမှာ ဘယ်လိုမျိုး အထောက်အကူဖြစ်စေမှာလဲ။

လီနန်ခယ့်သည် မည်သို့ပင် ကြိုးစားစဉ်းစားစေကာမူ အဓိကသော့ချက်ကို ရှာမတွေ့နိုင်သဖြင့် မြစ်အထက်ပိုင်းဆီသို့ ဆက်လက်စုံစမ်းစစ်ဆေးခဲ့သည်။ မကြာမီမှာပင် သူသည် အရိပ်နက်တပ်ဖွဲ့များ စခန်းချရာအိမ်ကြီးကို အပေါ်စီးမှမြင်နိုင်သော မြစ်စွန်းကမ်းပါးတစ်ခုသို့ ရောက်ရှိခဲ့၏။

"အရမ်းသန်မာအားကောင်းတဲ့ တပ်မှူးနှစ်ယောက်၊ ထိပ်တန်းအရိပ်နက်တပ်ဖွဲ့ဝင် အယောက်သုံးဆယ်ကျော်၊ ပေါင်လေးရာကျော်လေးတဲ့ အထူးရေခဲခေါင်းတလား၊ ခေါင်းတလားပတ်လည်က အဆင့်မြင့် အင်းချပ်တွေ ပြီးတော့ အိမ်ဝင်းအတွင်းထဲမှာလည်း အကာအကွယ် အင်းချပ်တွေ ရှိနေသေးတယ်"

လီနန်ခယ့်သည် မေးစေ့ကိုပွတ်သပ်ရင်း သူ့ကိုယ်သူ ဓားပြတစ်ယောက်နေရာတွင်ထားကာ မင်းသမီးရှန်းယွမ်ကို ဘယ်လိုအောင်အောင်မြင်မြင်လုယူနိုင်မည်နည်းဟု စဥ်းစားနေလိုက်သည်။

သို့သော် မည်သို့ပင်လှည့်ပတ်စီစဥ်ပါစေ သူ့အတွက်တော့ စိတ်ကူးယဥ်မှုတစ်ခုဖြင့်မခြား။

လုံးဝကို မဖြစ်နိုင်ပေ။

ထျန်းချုံးဂိုဏ်းတွင် ထိုမျှစွမ်းအားကြီးသော ပုဂ္ဂိုလ်များစွာ ရှိမနေနိုင်သလို ရှိနေခဲ့လျှင်တောင် ဤနေရာတွင် အင်အားအလုံးအရင်းဖြင့် စုစည်းနိုင်လိမ့်မည်မဟုတ်။ စုစည်းလာခဲ့လျှင်တောင် အရိပ်နက်တပ်ဖွဲ့၏စွမ်းရည်ဖြင့်ဆိုလျှင် သူတို့ အနားတောင်ကပ်လိုက်နိုင်မည်မဟုတ်။

နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး ဝေါယာဉ်ကို မယူသယ်ဆောင်သွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

"နေဦး တကယ်သယ်ဆောင်သွားမယ်ဆိုရင်ကော"

လီနန်ခယ့်၏စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲပေါ်လာသည်။

သူ့မျက်လုံးများကို မှေးစင်းပြီး ပတ်ဝန်းကျင်ကို သေချာစွာစစ်ဆေးလိုက်သည်။ တဖြည်းဖြည်းနှင့် သူ့အကြည့်မှာ အိမ်ကြီးနှင့် မီတာငါးရာခန့်ဝေးသော တောင်ထိပ်မြင့်မြင့်တစ်ခုဆီ ဆိုက်ရောက်သွားခဲ့၏။

"ကိုယ်တော်တို့၊ ဟိုဘက်ကို သွားကြည့်ရအောင်။"

တစ်ခဏမျှ လေ့လာစစ်ဆေးပြီးနောက် လီနန်ခယ့်သည် ဦးတည်ရာတစ်ခုသို့ အလျင်အမြန် လျှောက်သွားလေတော့သည်။

ချန်မင်နှင့်ချန်ယွိတို့မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မလိုက်ချင်ပါသော်လည်း ရုံးတော်အရာရှိကို မငြင်းဆန်ဝံ့သဖြင့် နောက်မှ အသာတကြည်လိုက်သွားရုံသာ တတ်နိုင်လေသည်။

တောင်ပေါ်သို့ရောက်သောအခါ လီနန်ခယ့်သည် ထိုနေရာတွင် သစ်ပင်ပန်းမန် အလွန်နည်းပါးသည်ကို တွေ့လိုက်ရသည်။ သစ်ပင်ကြီးကြီးမားမားဆိုလျှင် ပို၍ပင်ရှားပါးလှ၏။ တောင်မျက်နှာပြင်ပေါ်တွင် ကျောက်လွှာများမှာ အထင်းသားထွက်ပေါ်နေပြီး ကျောက်သားဖွဲ့စည်းပုံမှာ လျော့ရဲပွယောင်းသောကြောင့် ရေဖြင့်တိုက်စားလျှင် အလွန်တကူကျိုးပဲ့လွင့်စင်ကုန်မည့်ဟန်ရှိသည်။

လီနန်ခယ့်သည် မြေဆီလွှာရှိသောနေရာကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန်နင်းကြည့်ပြီးနောက် လက်ဖဝါးဖြင့်စမ်းကြည့်ရာ မြေကြီးမှာ စိုစွတ်အိစက်နေသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲ အတော်လေးဖြစ်နိုင်ချေမရှိကာ ရဲတင်းလွန်းသော အတွေးတစ်ခုဝင်လာခဲ့၏။

သူ ချန်မင်ဘက်သို့လှည့်ကာ မေးလိုက်သည်။

"တုန်းချီခရိုင်မှာ အရင်က ငလျင်လှုပ်ဖူးလား"

"လှုပ်ဖူးပါတယ်"

ချန်မင်က အများကြီးမစဉ်းစားဘဲ ရိုးသားစွာပြန်ဖြေသည်။

"ပြီးတော့ ဒီတောင်တန်းဒေသမှာလည်း ငလျင်တွေ နည်းနည်းပါးပါးလှုပ်ဖူးတယ်။ ဒါပေမဲ့ သိပ်မပြင်းထန်ပါဘူး။ အချို့ကတော့ အဲ့ဒါ မင်မိသားစုသမီးကြီးရဲ့ ဝိညာဉ်က ပြဿနာရှာနေတာလို့ ပြောကြတာပဲ။ ဒါကြောင့် လူအများစုက ဒီနေရာကိုမလာရဲကြဘူး"

ချန်မင်၏အသံမှာ အဆုံးသတ်တွင် တိုးဝင်သွားခဲ့သည်။

"မင်မိသားစုသမီးကြီးဆိုတာ ဘာကြီးလဲ"

လီနန်ခယ့်က ကြောင်တောင်တောင်ပြန်မေးသည်။

အနားရှိချန်ယွိက သူ့ဆီတိုးကပ်လာပြီး အသံကိုနှိမ့်ကာ ဇာတ်ကြောင်းတစ်ခုကို ပြောပြလာသည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တုန်းချီခရိုင်မှာ မင်မျိုးရိုးအမည်ရှိတဲ့ လူချမ်းသာမိသားစုတစ်ခု ရှိခဲ့တယ်။ သူတို့ရဲ့သမီး မင်ရွှယ်အာဆိုတာက အိမ်နီးချင်းခရိုင်က လူတော်လေးတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ်"

"ဒါပေမဲ့ မင်္ဂလာဆောင်ဖို့ ရက်အနည်းငယ်အလိုမှာပဲ မင်ရွှယ်အာဟာ အပြင်ထွက်ကစားရင်း ချောက်ထဲပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်။ အဲ့ဒီနောက် သင်္ချိုင်းလူသားအနေနဲ့ ပြန်ပေါ်လာခဲ့သေးတယ်တဲ့"

"မင်မိသားစုကလည်း သူတို့သမီးသေသွားတာကိုရော ပြောင်းလဲသွားတာကိုပါ လုံးဝသတိမထားမိခဲ့ဘူး"

"မင်္ဂလာဝေါယာဉ်နဲ့ မင်္ဂလာဆောင်အဖွဲ့ ဒီတောင်ကြားလမ်းကို ဖြတ်သန်းသွားတဲ့နေ့မှာ အဲဒီ သင်္ချိုင်းလူသားသတို့သမီး ပျောက်ကွယ်သွားခဲ့ပြီး မင်္ဂလာဆောင်အဖွဲ့တစ်ခုလုံးလည်း အရိုးစုတွေဖြစ်သွားခဲ့တယ်လေ"

"ဒီကိစ္စက ယွင်ချန်းညကင်းလှည့်တပ်ဖွဲ့တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာမှ ချောက်အောက်ခြေမှာ မင်မိသားစုသမီးကြီးရဲ့ အလောင်းကို တွေ့ခဲ့ရတာ"

ချန်ယွိ၏ ပြန်လည်ပြောကြားချက်တွင် လီနန်ခယ့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ထို့နောက် သူ၏ခြေဖဝါးမှတစ်ဆင့် အအေးဓာတ်တစ်ခု စိမ့်ဝင်လာခဲ့၏။

အဘယ့်ကြောင့်ဆိုသော် သူ၏မိုးနီအိပ်မက်ကမ္ဘာထဲမှ ခေါင်းပြတ်တစ်လုံးကိုင်ထားသော အူကြောင်ကြောင်သတို့သမီးကြီးကို ပြေးမြင်မိသွားသောကြောင့်။

ဒီလောက်ကြီးတော့ တိုက်ဆိုင်နေမှာမဟုတ်ပါဘူးနော်။

တကယ်လို့ အဲ့သတို့သမီးက မင်မိသားစုကသမီးကြီးသာဆိုရင် သူကဘာလို့ ငါ့မိုးနီအိပ်မက်ထဲမှာမှ ပေါ်လာရတာလဲ။

မိုးနီအိပ်မက် လိုင်းမှားဖမ်းမိတာများလား။

ဒါမှမဟုတ် ငါ့မိုးနီအိပ်မက်ကမ္ဘာက သူများတွေရဲ့ဟာနဲ့မတူဘဲ တစ်မူထူးခြားနေလို့လား။

ဒါမှမဟုတ် ညကင်းလှည့်တပ်ဖွဲ့ရဲ့ သင်္ချိုင်းစောင့်လူသားစည်းကမ်းချက်တွေက အစကတည်းကမှားနေခဲ့တာများလား။ သူတို့ပြောတော့ သင်္ချိုင်းလူသားတွေက ရက်ပြည့်ရင်ပျောက်ကွယ်သွားတတ်ကြတာဆို။

"ကိုယ်ရေးအရာရှိလီ"

လီနန်ခယ့် မျက်နှာပျက်ပျက်နှင့် အချိန်အတော်ကြာတိတ်ဆိတ်နေသည်ကိုမြင်တော့ ချန်ယွိ စိုးရိမ်တကြီးနှင့် အသံပေးလိုက်သည်။

လီနန်ခယ့် သတိပြန်ဝင်လာပြီး ဘုန်းကြီးနှစ်ပါးက သူ့ကို ထူးဆန်းသောအမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ အားတင်းပြုံးလိုက်ပြီး ဖြေရသည်။

"ဘာမှမဟုတ်ပါဘူး၊ တခြားစိတ်ရောက်သွားလို့"

လီနန်ခယ့်သည် သူ့ရင်ထဲက သံသယပေါင်းများစွာကို အတင်းဖိနှိပ်ထားလိုက်ပြီး လက်ရှိအခြေအနေကို စတင်တွက်ချက်တော့သည်။

ထို့‌နောက် သူ့ခြေထောက်အောက်ကတောင်ထိပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"ကြည့်ပါဦး၊ ဒီမြေမျက်နှာသွင်ပြင်က မြင့်မားတဲ့တောင်တွေနဲ့ နက်ရှိုင်းတဲ့လျှိုမြောင်တွေ ရှိတယ်၊ တောင်စောင်းတွေကလည်း အရမ်းမတ်စောက်တယ်။ ပိုအရေးကြီးတာက လျှိုမြောင်ကြမ်းပြင်က အနိမ့်အမြင့်ကွာခြားချက် အရမ်းကြီးပြီး ရေဆင်းတဲ့လမ်းကြောင်းက ရေစီးဆင်းမှုကို စုစည်းပေးဖို့ အထောက်အကူဖြစ်စေတယ်"

လီနန်ခယ့်သည် ကျောက်လွှာပေါ်သို့ ခြေထောက်ဖြင့် တစ်ဖန်နင်းလိုက်ပြန်သည်။

"ပြီးတော့ ဒီနေရာက ကျောက်သားပြင်ဖွဲ့စည်းပုံ အရမ်းလျော့ရဲနေတယ်။ မိုးသည်းသည်းထန်ထန်ရွာလိုက်တာနဲ့ တောင်တန်းမြေမျက်နှာသွင်ပြင်နဲ့ပေါင်းစပ်ပြီး မြေပြိုကမ်းပါးပြိုတွေ ချက်ချင်းဖြစ်တော့မဲ့ပုံစံပဲ"

ဘုန်းကြီးနှစ်ပါးမှာ ဘာမှနားမလည်ဘဲ ကြောင်ကြည့်နေကြသည်။ တစ်ဖက်လူပြောသမျှမှာ သူတို့နားထဲ ဂြိုဟ်သားစကားများကဲ့သို့သာ။

လီနန်ခယ့်က အောက်ဘက်သို့ ထပ်မံညွှန်ပြလိုက်ပြီး မျက်လုံးများတောက်ပလာကာ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

"မြစ်အောက်ပိုင်း လျှိုမြောင်ထွက်ပေါက်က မြေမျက်နှာသွင်ပြင်က ကျယ်ပြန့်ချောမွေ့တယ်။ ဒီအပေါ်မှာမြေပြိုရင် လျှိုမြောင်ကနေတစ်ဆင့် အဲ့ဒီသွားပြီးစုပုံမှာပဲ။ ပြီးတော့ အဲဒီနေရာက အရင်က မြစ်ဟောင်းတစ်စင်းရဲ့ကြမ်းပြင်"

"ရုတ်တရက် ရေထကြီးတာပဲဖြစ်ဖြစ်၊ မြေပြိုတာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် အဲဒါတွေအကုန် အိမ်ကြီးဆီကိုပဲ မလွဲမသွေ ဦးတည်သွားလိမ့်မယ်။ အိမ်ဝင်းတံတိုင်းလေးက‌‌ ရေအားမြေအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ခေါင်းတလားတင်မကဘူး၊ ဝေါယာဉ်တစ်ခုလုံးကိုတောင် တွန်းထုတ်သွားနိုင်တယ်"

လီနန်ခယ့်သည် အလကားနေဇာတ်လမ်းထွင်ပြီး လူကြောက်အောင်ခြောက်နေခြင်းမဟုတ်။

မြေပြိုခြင်းအဖြစ်ကို မြင်ဖူးသူတိုင်း သဘာဝတရားကြီး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မျက်မြင်သိထားကြသည်။ အထူးသဖြင့် စေးကပ်သော ရွှံ့စေးမြေပြိုမှုများဖြစ်လျှင် တန်ချိန်ဆယ်ချီလေးသော ကျောက်တုံးကြီးများကိုပင် ပေါ့ပေါ့ပါးပါး တွန်းထုတ်သွားနိုင်ပေသည်။

"ဒါက သူတို့ရဲ့ အစီအစဉ်ပဲ"

လီနန်ခယ့် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

"အရင်ဆုံး မြစ်ရေကိုဖြတ်တောက်ပြီး ရေအမြောက်အမြားသိုလှောင်ထားမယ်၊ ပြီးရင် တောင်တန်းမြေမျက်နှာသွင်ပြင်နဲ့ လျော့ရဲတဲ့ ကျောက်သားမြေသားတွေကိုအသုံးချပြီး ဝေါယာဉ်ကို အတင်းအဓမ္မ တွန်းထုတ်သွားဖို့ မြေပြိုမှုကိုဖန်တီးလိမ့်မယ်။ အဲဒီနောက်မှာ လူအင်အားနဲ့ပါ ဝိုင်းပြီးတိုက်ခိုက်လိုက်ရင် အရိပ်နက်တပ်ဖွဲ့တွေလည်း ဘယ်လိုမှ ကိုင်တွယ်နိုင်မှာမဟုတ်တော့ဘူး"

လီနန်ခယ့် မျက်နှာတင်းသွားပြီး တောင်ထိပ်ဆီသို့ အမြန်ပြေးသည်။

သို့သော် မကြာမီမှာပင် သူ၏ခြေလှမ်းများကို ပြန်လည်ရပ်တန့်လိုက်သည်။

ကျဉ်းမြောင်းပြီးမတ်စောက်သော တောင်ကြားကိုကြည့်ရင်း လီနန်ခယ့် အံကြိတ်သံဖြင့်ဆိုလိုက်သည်။

"နောက်ကျသွားပြီ၊ အခုသွားပြီး သတိပေးမှရမယ်"

သူချက်ချင်းလှည့်ထွက်ကာ အရိပ်နက်တပ်ဖွဲ့များ စခန်းချရာနေရာသို့ အပြေးလာခဲ့လိုက်သည်။

ဘုန်းကြီးနှစ်ပါးမှာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့်ကျန်နေခဲ့သည်ကို မြင်သဖြင့် သူကအော်ဟစ်ပြောလိုက်သည်။

"ကျောင်းထဲကလူအားလုံးကို ချက်ချင်းထွက်သွားခိုင်းလိုက်၊ ဘယ်သူ့ကိုမှ အမွှေးတိုင်လာမထွန်းခိုင်းနဲ့တော့"

ချန်မင်နှင့်ချန်ယွိတို့မှာ ဇဝေဇဝါဖြစ်နေသော်လည်း လီနန်ခယ့်၏ လေးနက်သောအမူအရာမှတစ်ဆင့် ပြဿနာကြီးကြီးတစ်ခုဖြစ်တော့မည်ကို ရိပ်မိလိုက်ကြ၏။ ထိုသူ၏အမှုဖြေရှင်းပုံမှတစ်ဆင့် ထက်မြက်မှုကိုလည်း သိမြင်ပြီးဖြစ်ရာ ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ကျောင်းတော်ရှိရာသို့ အမြန်ပြေးသွားလိုက်ကြသည်။

လီနန်ခယ့်သည် စံအိမ်ကြီးဆီသို့ အလွန်မြန်သောအရှိန်ဖြင့် ပြေးဝင်သွားရာ ကြက်ပေါင်ကိုင်ပြီး ထွက်လာသော တုန်းဝမ်ခွင်းနှင့် အချိန်ကိုက်ဆုံလိုက်သည်။

"တပ်မှူး"

လီနန်ခယ့်သည် ရှေ့သို့တက်ကာ လက်ယှက်နှုတ်ဆက်လိုက်သည်။

တုန်းဝမ်ခွင်းက ရယ်ရယ်မောမောနှုတ်ဆက်သည်။

"ဟာ ကိုယ်ရေးအရာရှိ၊ ဒီလောက်တောင် အရေးတကြီးဖြစ်နေရအောင် မသကာ ရှန်ချွန်းဟယ်ကြီးများ ကြွသွားလို့လားဟေ"

"တပ်မှူး၊ ဒီငယ်သားက သဲလွန်စအချို့ ရှာတွေ့ထားပါတယ်"

လီနန်ခယ့်သည် အပိုစကားများမပြောတော့ဘဲ စောစောက သူ၏တွက်ချက်မှုများကိုသာ တရစပ်ရှင်းပြလိုက်သည်။

လီနန်ခယ့်၏တွက်ချက်မှုများကို ကြားပြီးနောက် တုန်းဝမ်ခွင်း၏အမူအရာမှာ ချန်မင်နှင့်ချန်ယွိတို့ထက် သိပ်မထူးခြားလှပေ။ သူသည်လည်း နဝေတိမ်တောင်အကြည့်ဖြင့် ကြောင်ငေးနေသောကြောင့် အတွေးအခေါ်ရိုးရှင်းသည့် သိုင်းသမားသက်သက်သာဖြစ်ကြောင်း သိသာလှ၏။

ဤနေရာသို့ရောက်ရန် အဆက်အသွယ်တော်တော်များများသုံးခဲ့ရမည့် ဉာဏ်ရည်မျိုးပင်။

"မင်းဆိုလိုတာက တောင်ပေါ်မြေပြိုပြီး အဲ့ဒီမြေတွေက ဒီဝေါယာဥ်ကိုသယ်သွားမယ်လို့ ပြောတာပေါ့"

"ဖြစ်နိုင်ခြေအလွန်များပါတယ်"

လီနန်ခယ့်က အလေးအနက်ပြောလိုက်သည်။

"တပ်မှူး၊ ဒီငယ်သားအကြံပြုလိုတာကတော့ မင်းသမီးရှန်းယွမ်ကို လောလောဆယ် တခြားနေရာတစ်ခုကို ပြောင်းရွှေ့ထားတာ အကောင်းဆုံးပါပဲ"

"ပြောင်းရွှေ့ရမယ်လား"

တုန်းဝမ်ခွင်း၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူသည် လီနန်ခယ့်ကို စူးစမ်းသော အကြည့်ဖြင့် စိုက်ကြည့်ရင်း အေးစက်စက်ပြုံးလိုက်၏။

"ကိုယ်ရေးအရာရှိ၊ မင်းလည်း ရိုးသားမှုကိုအဝယ်ခံလိုက်ရပြီး ကျားကိုတောင်ပေါ်ကမျှားထုတ်တဲ့အကွက်မျိုး သုံးနေတာလား"

ပြက်လုံးတစ်ခုဟု ထင်ရသော်လည်း တပ်မှူး၏မျက်လုံးများက စနောက်နေခြင်းမဟုတ်ခဲ့။

ဤအချိန်တွင် သူ့အနေဖြင့် အရိပ်နက်တပ်ဖွဲ့ဝင်များမှလွဲ၍ မည်သူ့ကိုမှ မယုံကြည်နိုင်ပေ။ အထူးသဖြင့် မင်းသမီးရှန်းယွမ်ကို ပြောင်းရွှေ့သည့်ကိစ္စမျိုးတွင် ဖြစ်သည်။

လီနန်ခယ့်သည် ဒေါသထွက်လုနီးပါး ဖြစ်သွားသော်လည်း စိတ်ရှည်ရှည်ထားကာ ထပ်ပြောလိုက်ရသည်။

"တပ်မှူး၊ ဒီငယ်သားအနေနဲ့ အသေးစိတ်ရှင်းမပြနိုင်ပေမဲ့ ကျေးဇူးပြုပြီး ယုံကြည်ပေးပါ၊ မင်းသမီးရှန်းယွမ်ကို ပြောင်းရွှေ့မှသာ ဒီအစီအစဥ်ကို ဖျက်ဆီးနိုင်မှာပါ"

"ဪ ကိုယ်ရေးအရာရှိနှယ်"

တုန်းဝမ်ခွင်းက ကြက်ပေါင်ကို တစ်ကိုက်ကိုက်လိုက်ပြီး လှောင်သံဖြင့်ဆိုသည်။

"မင်းသမီးရှန်းယွမ်ကို လိုက်ပါပို့ဆောင်ဖို့က ငါတို့အရိပ်နက်တပ်ဖွဲ့တွေရဲ့အလုပ်ပါ၊ အလကားနေရင်း လာပြီး စိတ်မပူပါနဲ့ဗျာ။ ငါတို့ မင်းသမီးကို ကောင်းကောင်းကာကွယ်ပေးသွားမှာပါ"

"မလိုအပ်တာတွေစိတ်ပူနေရင် ပြဿနာတွေပဲ ရောက်လာပါလိမ့်မယ်"

"မင်းက ဒီလိုနည်းနဲ့ ငါတို့နဲ့ ဆက်ဆံရေးတည်ဆောက်ချင်တာ ဒါမှမဟုတ် ရာထူးတက်ဖို့ကြိုးစားနေတာဆိုရင်တော့ ရှန်ချွန်းဟယ်ဆီကနေ သင်ယူဖို့လိုဦးမယ်။ ဒီလိုလှည့်ကွက်မျိုးတွေကို ငါအကြိမ်ပေါင်းများစွာ မြင်ဖူးပြီးလှပြီ၊ ငြီးငွေ့နေပါပြီကွာ"

"အမှန်အတိုင်းပြောရရင် အဲ့အဘိုးကြီးရှန်ချွန်းဟယ်ကို မျက်နှာထောက်နေရသေးလို့သာ၊ မဟုတ်ရင် မင်းကိုငါ ချက်ချင်းပါးရိုက်လွှတ်လိုက်မှာ"

တုန်းဝမ်ခွင်းသည် သူ၏ ဆီများပေပွနေသောလက်ကြီးကို လီနန်ခယ့်အင်္ကျီနှင့် သုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"ငါမင်းကို စကားသုံးလုံးပဲပြောမယ်၊ ထွက်သွားစမ်း"

လီနန်ခယ့်သည် သူ့ကို တစ်ချက်စိုက်ကြည့်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားခဲ့သည်။

သူ ပြောသင့်သည်များကို အကုန်အစင်ပြောခဲ့ပြီးပြီ။ နားထောင်ခြင်း၊ နားမထောင်ခြင်းမှာ သူတို့အပိုင်းသာပင်။ သူဒီ့ထက်ပိုပြီး ဝင်မပါချင်တော့။

သူလုပ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။

ယခုအချိန် အရေးကြီးဆုံးက အရပ်သားများကို လုံခြုံရာသို့ တတ်နိုင်သမျှရွှေ့ပြောင်းပေးဖို့ပင်။

လီနန်ခယ့်၏ကျောပြင် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း တုန်းဝမ်ခွင်းက တံတွေးတစ်ချက် ပစ်ခနဲထွေးကာ လှောင်ပြောင်လိုက်သည်။

"တကယ့်အရူးပဲ။"

နာရီဝက်ခန့်ကြာပြီးနောက် မလှမ်းမကမ်းရှိ တောင်ကြားထဲမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်က ယမ်းကိုအသုံးပြု၍ တစ်ခုခုကို ဖောက်ခွဲလိုက်ပုံရပြီး ပေါက်ကွဲသံမှာ ခရိုင်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်အထိ ပြင်းထန်လေသည်။

အနားယူနေသော တုန်းဝမ်ခွင်းမှာ အလန့်တကြားဖြင့် ဝုန်းခနဲခုန်ထမိလိုက်၏။

All Chapters