← Chapters

မယ်မယ်ကြီး ပြန်ပေးဆွဲခံရ

Vol. 10 Ch. 96

မယ်မယ်ကြီး ပြန်ပေးဆွဲခံရ

Vol. 10 Ch. 96

ကိုယ်ရေးအရာရှိတစ်ဦး၏ ရာထူးအရှိန်အဝါကို အသုံးချကာ လီနန်ခယ့်သည် ပတ်ဝန်းကျင်ရှိ ပြည်သူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ရုံးတော်အရာရှိအားလုံးကို လျင်မြန်စွာစုစည်းခဲ့ပြီး လူတွေတင်မက အဖိုးတန်အိမ်သုံးပစ္စည်းများကိုပါ တတ်နိုင်သမျှ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့သည်။

တုန်းဝမ်ခွင်း နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူကတော့ အသိပေးပြီးလေပြီ။

မဟုတ်ပါက တကယ်တမ်းမြေပြိုမှုဖြစ်လာပြီး သူက အရပ်သားများကို ကြိုတင်ရွှေ့ပြောင်းထားသည်ကို လူတွေမြင်သွားလျှင် မလွဲမသွေ သံသယဖြစ်စရာဖြစ်လာလိမ့်မည်။

အရပ်သားများမှာလည်း ဘာဖြစ်နေမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်နေကြသော်လည်း လီနန်ခယ့် ၏အမိန့်ကိုမူ မလွန်ဆန်ဝံ့ကြပေ။

ထိုစဥ် ကျယ်လောင်သော ဟိန်းဟောက်ပေါက်ကွဲသံကြီးနှင့်အတူ လူတိုင်း၏အကြည့်မှာ တောင်ကြားဆီသို့ ဆိုက်ရောက်သွားကြသည်။

မြင့်မားသောတောင်ထိပ်ကြီးမှာ မြစ်ရေလျှံကျလာသကဲ့သို့ တရှိန်ထိုးပြိုကျလာပြီးနောက် တောင်ခြေမြေသား၏ဟန်ချက်မှာ အလေးချိန်ကိုမခံနိုင်စွာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။ ကျောက်လွှာအက်ကြောင်းများကြားရှိ ရေစီးအားသန်သန်မှာ မြေပြင်အကာအကွယ်ကိုဖောက်ထွက်ကာ တောင်လယ်နှင့် တောင်ထိပ်ပိုင်းတို့မှ အရှိန်အဟုန်ဖြင့် ချက်ချင်းစီးဆင်းလာခဲ့သည်။ ရွှံ့နွံသဲမြေ ကျောက်တုံးကျောက်စများမှာ ဝါးမျိုခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ပျက်သွားကုန်ကြ၏။

"လာပြီ"

လီနန်ခယ့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

ရှင်းပြနေရန် အချိန်မရှိသဖြင့် တွန့်ဆုတ်နေသောလူများကို သူ အော်ပြောလိုက်သည်။

"ဒီနားမှာဆက်မနေကြနဲ့တော့ မြန်မြန်ပြေးကြ"

လူတိုင်း အိပ်မက်မှလှုပ်နှိုးခံလိုက်ရသကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။

စံအိမ်အတွင်းမှ တုန်းဝမ်ခွင်းသည်လည်း ပေါက်ကွဲသံကြောင့် တုန်တက်လန့်ဖျပ်သွားရ၏။

သူသည် တောင်ထိပ်ရှိရာဆီ စိုက်ကြည့်နေရင်းမှ ကျယ်ပြန့်ပြီးနောက်ကျိသော ရွှံ့နွံစီးကြောင်းကြီးတစ်ခု မတ်စောက်သောလျှိုမြောင်တစ်လျှောက် ဟိန်းဟောက်သံပေးကာ စီးဆင်းလာသည်ကိုမြင်သော် တဖြည်းဖြည်း မှင်တက်အံ့သြလာသောမျက်နှာဖြင့် ကြောင်သာကြည့်နေမိတော့သည်။

မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး တောင်ကြားတစ်ခုလုံးမှာ ဟိန်းသံကြီးများ မြည်ဟီးပဲ့တင်ထပ်လျက်။

သဘာဝတရား၏ ပဲ့ကိုင်ခြိမ်းခြောက်နိုင်စွမ်းပင်။

"ဝေါယာဉ်ကို ရွှေ့ကြ"

တုန်းဝမ်ခွင်းသည် ဤအချိန်ကျမှသာ သတိပြန်ဝင်လာပြီး မှင်တက်နေသော အရိပ်နက်တပ်ဖွဲ့ဝင်များကို မျက်နှာကြီးနီမြန်းလာသည်အထိ အသံကုန်အော်ဟစ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် အနက်ရောင်အစက်အပြောက် ဒါဇင်ပေါင်းများစွာ စံအိမ်ဝင်းဆီသို့ ပျံသန်းလာခဲ့ကြ၏။

ထိုအနက်ရောင်အစက်အပြောက်များ နီးကပ်လာသောအခါ ၎င်းတို့မှာ အနက်ရောင်အလုံးများဖြစ်သည်အား တွေ့လိုက်ရသည်။

"ဒါ... ကောင်းကင်တုန်ခါမိုးကြိုးတွေပဲ"

တုန်းဝမ်ခွင်း၏ မျက်လုံးများ သွေးရောင်လွှမ်းသွားပြီး ဝေါယာဉ်ဆီသို့ အမြန်ပြေးသွားတော့သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ အိမ်ဝင်းအတွင်း ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာပြီး ပြင်းပြသိပ်သည်းသော အပူလှိုင်းများမှာ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားကာ ထူထပ်သော မီးခိုးများဖြင့် လေထုတစ်ခုလုံး ပြည့်နှက်မွန်းကျပ်သွားရတော့၏။

မီးခိုးများ ငြိမ်သက်သွားသောအခါ အရိပ်နက်တပ်ဖွဲ့ဝင်များမှာ အတွင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်ထားသဖြင့် ထိခိုက်မှုမရှိသော်လည်း ဝေါယာဉ်ကိုဆွဲနေသော မြင်းများမှာမူ ဒဏ်ရာဒဏ်ချက်ကိုယ်စီဖြင့် မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်အော်ဟစ်နေကြရသည်။ နှစ်ကောင်မှာ ခြေထောက်များပင်ပြတ်ထွက်သွားရလျက်။

ဤအခြေအနေတွင် ဝေါယာဉ်ကိုပြောင်းရွှေ့ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

"မြန်မြန် ရေခဲခေါင်းတလားကိုချပြီး သယ်သွားလိုက်ကြ"

တုန်းဝမ်ခွင်းမှာ အလွန်စိုးရိမ်ပူပန်နေရသည်။ ဖြစ်ချင်တော့ ရေခဲခေါင်းတလားကို သူတို့ဖွင့်လို့မရနိုင်။ အလောင်းကို ကိုယ်တိုင်ကိုယ်ကျသယ်ယူသွားဖို့ မဖြစ်နိုင်မှတော့ အခေါင်းလိုက်သာသယ်ရတော့မည်။

အမိန့်ကိုကြားသောအခါ အရိပ်နက်တပ်ဖွဲ့ဝင်ငါးဦးသည် ပျက်စီးနေသောဝေါယာဥ်ဆီအမြန်ပြေးသွားကာ ခေါင်းတလားကိုချရန်ပြင်ဆင်ကြသည်။

အရိပ်နက်တပ်ဖွဲ့ဝင်ဆယ်ဦးက ဝေါယာဉ်ကို အလျင်အမြန် ဝိုင်းရံကာကွယ်လိုက်ကြသည်။

ကျန်ရှိသော အရိပ်နက်တပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြရ၏။

နျဲ့ယင်းလည်း ခေါင်မိုးပေါ်တွင်ပေါ်လာပြီး တဟုန်ထိုးစီးဆင်းလာသော မြေပြိုမှုကို စိုက်ကြည့်နေသည်။

သို့သော် ရန်သူက သူတို့ကို ခေါင်းတလားရွှေ့ရန် အခွင့်အရေးမပေးဘဲ ကောင်းကင်တုန်ခါမိုးကြိုးများကို ထပ်မံပစ်ပေါက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ သတိကပ်နေပြီဖြစ်သော အရိပ်နက်တပ်ဖွဲ့များက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး အမျိုးအမည်မသိ ကြီးမားသည့်ပိုက်ကွန်ကြီးတစ်ခုကို အထက်သို့ဖြန့်ထုတ်ကာ ကောင်းကင်တုန်ခါမိုးကြိုး အားလုံးကို တားဆီးလိုက်သည်။ ဤတစ်ကြိမ်တွင် မည်သည့်ထိခိုက်မှုမှမရှိခဲ့။

ကောင်းကင်တုန်ခါမိုးကြိုးများ အလုပ်မဖြစ်သည်ကို မြင်သောအခါ ရောင်စုံစက္ကူရုပ်ဆယ်ရုပ်ခန့် လေထဲသို့ပျံတက်လာသည်။

ထိုစက္ကူရုပ်များကို ပိုက်ကွန်ကြီးက တားဆီးပါသော်လည်း ၎င်းတို့မှာ အနားရောက်ချိန်တွင် ချက်ချင်းပင် ရောင်စုံလိပ်ပြာများအဖြစ်ပြောင်းလဲကာ ပိုက်ကွန်ကြားမှ တိုးဝင်ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် စက္ကူရုပ်များအဖြစ် ပြန်လည်အသွင်ပြောင်းကာ အရိပ်နက်တပ်ဖွဲ့ဝင်များဆီသို့ ပြေးဝင်ပြီး တိုက်ခိုက်ကြတော့သည်။

ဤစက္ကူရုပ်များမှာ ထိရောက်အောင်မတိုက်ခိုက်နိုင်သော်လည်း ရိုက်ချလိုက်တိုင်း အကြိမ်ကြိမ် ပြန်လည် ပုံဖော်ထရပ်နိုင်သဖြင့် အရိပ်နက်တပ်ဖွဲ့ဝင်များ လုပ်လက်စကိုဆက်မလုပ်နိုင်အောင် နှောင့်ယှက်နိုင်လေသည်။

"မီးအင်းချပ်တွေကို သုံးကြ"

နျဲ့ယင်းက ရုတ်တရက် သတိပေးလိုက်သည်။

ရွှပ် ရွှပ် ရွှပ်

အင်းချပ်များဖြင့် တစ်ခုပြီးတစ်ခု ပစ်ပေါက်လိုက်ရာ လိပ်ပြာအဖြစ်ပြောင်းလဲထားသော ထိုစက္ကူရုပ်များမှာ ပြာအဖြစ်လောင်ကျွမ်းသွားတော့၏။

နျဲ့ယင်း နောက်ထပ်အမိန့်မပေးနိုင်ခင်မှာပင် မြေပြင်မှာ ရုတ်တရက်လှုပ်ရှားလာပြန်ကာ အနက်ရောင်ဝတ်လူခြောက်ဦးက မြေကြီးထဲမှ ရုတ်တရက်ထွက်ပေါ်လာကြပြီး ဓားရှည်များကိုကိုင်စွဲ၍ ဝေါယာဉ်ကိုကာကွယ်နေသော အရိပ်နက်တပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်ကြတော့သည်။

"သေချင်နေကြတာပဲ"

တုန်းဝမ်ခွင်းသည် ချိတ်ကောက်တစ်စုံကိုကိုင်စွဲကာ အေးစိမ့်သောအရိပ်မည်းများနှင့် ချိတ်လှိုင်းများကို ကောင်းကင်အနှံ့ဖန်တီးလိုက်ပြီး အနက်ရောင်ဝတ်လူနှစ်ဦးကို ပင်လယ်ဒီရေတက်သလို ပြင်းထန်သောအရှိန်ဖြင့် အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။

သွေးများ ‌ငေါက်ခနဲပန်းထွက်လာသော်လည်း မြေပြင်ပေါ်သို့ကျသောအခါ စူးရှရှအနံ့တစ်ခု ထွက်ပေါ်လာသည်။

သွေးစင်သွားသော အရိပ်နက်တပ်ဖွဲ့ဝင်များမှာ အတွင်းသံချပ်ကာများဖြင့် ကာကွယ်ထားသော်လည်း အရေပြားများ လျင်မြန်စွာလောင်ကျွမ်းသွားခြင်းကို တားဆီးမရနိုင်ခဲ့။

"အဆိပ်လူသားတွေပဲ"

တုန်းဝမ်ခွင်းမှာ ထိတ်လန့်သလို ဒေါသလည်းထွက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၏။

ကျန်ရှိနေသော အနက်ရောင်ဝတ်အဆိပ်လူသားများသည် ဝေါယာဉ်ဆီသို့ တဟုန်ထိုးပြေးဝင်ကာ အသေခံဖောက်ခွဲခဲ့သောကြောင့် ပန်းထွက်လာသော အဆိပ်သွေးများမှာ အရပ်မျက်နှာအနှံ့ စင်ထွက်သွားခဲ့သဖြင့် ခေါင်းတလားကိုချရန်ပြင်နေသော အရိပ်နက်တပ်ဖွဲ့ဝင်များကိုလည်း လုပ်လက်စအလုပ်ပျက်အောင်‌နှောင့်ယှက်သလိုဖြစ်ပြန်လေသည်။

ဝုန်း

မလှမ်းမကမ်းတွင် ရွှံ့နွံများ၊ သဲများနှင့် ကျောက်တုံးကြီးများရောနှောနေသော စေးကပ်သည့် မြေပြိုစီးကြောင်းကြီးမှာ ဇက်ကြိုးပြတ်နေသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ မတ်စောက်သောတောင်စောင်းမှ တဟုန်ထိုးစီးဆင်းလာပြီး မြေတံတိုင်းတစ်ခုကို ဖြိုလဲပစ်လိုက်တော့၏။

...

ခမ်းနားထည်ဝါသော ဝေါယာဉ်ကြီးတစ်စင်းသည် တောင်လမ်းတလျှောက် ဖြည်းညှင်းစွာမောင်းနှင်လာပြီး တုန်းချီခရိုင် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဝေါယာဉ်အတွင်းတွင်မူ ဟယ့်လန်ရှောင်းသည် ပုံမှန်အတိုင်းပင် ပြတင်းပေါက်ငယ်လေးပေါ်တွင် မေးတင်ကာ ပြင်ပရှုခင်းများကို စိတ်ဝင်တစား ကြည့်ရှုနေသည်။

ဒူးထောက်ထိုင်နေသဖြင့် ကိုယ်တွင်ကပ်နေသောဂါဝန်စမှာ ကျော့ရှင်းပြီးလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည်။ ပြည့်ဖြိုးပြီး ဆွဲဆောင်မှုအပြည့်ရှိသော ထိုပုံရိပ်သည် မယ်မယ်ကြီး၏ ဝတ်စုံအောက်တွင် သိမ်းဝှက်ထားသော ခန္ဓာကိုယ်လေး မည်မျှဆန်းကြယ်လှမည်အား စူးစမ်းချင်စိတ် ဖြစ်ပေါ်စေလျက်။

မင်းသမီးကြီး ပိုင်ရူယွဲ့ပင်လျှင် ခဏတာ ငေးမောသွားခဲ့ရသည်။

ထိုခန္ဓာကိုယ်အလှကို သူမအားကျနေမိသော်လည်း တစ်ဖက်တွင်လည်း နှမြောမိ၏။

ဤမျှလှပ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် အရွယ်ကောင်းအမျိုးသမီးပင်ဖြစ်သော်လည်း ဖိုမထိတွေ့ဆက်နွယ်မှုအကြောင်းကို လားလားမှမသိဖူးသေးသလို တစ်သက်လုံးသိရန်လည်း လမ်းမရှိရှာပေ။

ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်ကို အလဟဿဖြုန်းတီးလိုက်သလိုပါပဲလား။

သူမ တွေးတောနေစဉ်မှာပင် ဟယ့်လန်ရှောင်း၏ စိတ်လှုပ်ရှားစွာအော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

"ရူယွဲ့လေးရေ ကြည့်စမ်းပါဦး ငန်းဖြူကြီး ငန်းဖြူအကြီးကြီး"

ငန်းတစ်ကောင်မှာ ဘာများ စိတ်ဝင်စားစရာရှိလို့ ဒီလောက်တက်ကြွနေတာလဲ။

ပိုင်ရူယွဲ့ ရယ်ချင်သွားသော်လည်း မလွန်ဆန်နိုင်သဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုသို့ကြည့်လိုက်သောအခါ သူမလည်း အိုခနဲ အံ့သြသွားခဲ့ရသည်။

လမ်းဘေးတွင် ကျော့ရှင်းစွာလမ်းလျှောက်နေသော ထိုငန်းဖြူကြီးမှာ သာမန်ငန်းများနှင့်မတူဘဲ ကိုယ်လုံးကိုယ်ထည်ပိုကြီးပြီး အမွေးအတောင်များမှာ ဆီးနှင်းကဲ့သို့ဖြူဖွေးကာ ဖော်ပြမတတ်အောင် လှပနေသည်။

အထူးသဖြင့် ထိုငန်းဖြူကြီးထံတွင် အလွန်မာန်တက်နေသော အရှိန်အဝါတစ်ခုကိုလည်း ခံစားမိနေသေး၏။

မှူးမတ်ကတော်တစ်ဦးကဲ့သို့ပင်။

အံ့သြတကြီးနှင့် စိတ်လှုပ်ရှားနေသော ဟယ့်လန်ရှောင်း၏ မျက်နှာလှလှလေးကိုကြည့်ရင်း ပိုင်ရူယွဲ့ ခေတ္တစဉ်းစားလိုက်ပြီး ဝေါယာဉ်ကိုရပ်ရန် အချက်ပြလိုက်သည်။

"မယ်မယ်ကြီး၊ ကျွန်မနဲ့အတူ အောက်ကိုဆင်းရအောင်။"

ပိုင်ရူယွဲ့သည် ဟယ့်လန်ရှောင်း၏ နူးညံ့သောလက်ကလေးကို ဆွဲကိုင်ကာ ဝေါယာဥ်ပေါ်မှ အတူဆင်းလာခဲ့လိုက်ကြသည်။

ဝေါယာဉ်က သူမအနားမှာရပ်သွားသည်ကို မြင်သော်လည်း ငန်းဖြူကြီးက လန့်ဖျပ်သွားခြင်းမရှိသလို ထွက်ပြေးခြင်းလည်း မရှိပေ။ ဝေါယာဉ်ပတ်လည်က အစောင့်များကို ခပ်တည်တည်လျစ်လျူရှုကာ အေးအေးလူလူပင် ဆက်လက်လျှောက်သွားနေသည်မှာ အမှန်တကယ်ပင် မာန်တက်နေပုံရသည်။

"ဝါး ဒီငန်းဖြူကြီးက တော်တော်ကိုလှတာပဲ"

အနီးကပ်ကြည့်လိုက်သောအခါ ငန်းဖြူကြီး၏ အရိုးခြင်ဆီထဲထိ စိမ့်ဝင်နေဟန်ရှိသော မြင့်မြတ်သန့်ရှင်းသည့် အရှိန်အဝါမှာ ပို၍ပင်ထင်ရှားလာသည်။ ဟယ့်လန်ရှောင်း၏ မျက်နှာလေးမှာ အံ့သြမှုဖြင့် မျက်လုံး‌လေးများပင် ကြယ်ပွင့်လေးအလားတောက်ပနေလျက်။

သူမသည် လက်ကလေးကိုဆန့်ထုတ်ကာ ပွတ်သပ်ရန်ကြိုးစားလိုက်သည်။ ငန်းဖြူကြီးက အစပိုင်းတွင် သူတို့ကို နည်းနည်းသတိထားနေပုံရသော်လည်း ထိုအမျိုးသမီး၏ ဖြူစင်သောမျက်လုံးများကြောင့်လားမသိ၊ ဘာမှပြန်လုပ်မလာပေ။

ဟယ့်လန်ရှောင်းသည် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ ငန်းဖြူကြီး၏ကိုယ်လုံးအား ပျော်ရွှင်ကြည်နူးစွာ ပွတ်သပ်ပေးနေခဲ့၏။

နူးညံ့သောမြင်ကွင်းကိုကြည့်ရင်း ပိုင်ရူယွဲ့၏နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခုပေါ်လာသည်။ ဤငန်းဖြူကြီး၏ပိုင်ရှင်ကို အစောင့်များအားစုံစမ်းစေပြီး မယ်မယ်ကြီးအတွက် အပျင်းပြေအဖော်အဖြစ် ဝယ်ယူပေးရမည်ဟုပင် တွေးနေမိ၏?။

ပိုင်ရူယွဲ့သည် ဟယ့်လန်ရှောင်းကို အေးအေးဆေးဆေးပျော်စေဖို့ ထားခဲ့ကာ အနီးအနားရှိအိမ်များကို လှည့်ပတ်ကြည့်နေလိုက်သည်။

အချိန်အရဆိုလျှင် မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းကို အရိပ်နက်တပ်ဖွဲ့ဝင်များက တုန်းချီခရိုင်သို့ သယ်ဆောင်လာပြီးဖြစ်မည်။ နောက်တစ်ဆင့်အနေဖြင့် မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းကို သူမတစ်ဦးတည်း သီးသန့်စစ်ဆေးနိုင်မည့်နည်းလမ်းအား ရှာဖွေရပေမည်။

တစ်ဖက်လူမှာ ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ပြီး အကြောင်းရင်းကို သူမ မသိရသေး။

သတင်းအချက်အလက်များသာ မှန်ကန်လျှင် မင်းသမီးသည် လွန်ခဲ့သောတစ်လကထိ အသက်ရှင်နေသေးသည်ပင်။

"မင်းသမီး ဪ မင်းသမီးရယ်... မင်းကတော့တကယ်ကို ခေါင်းခဲစရာပါပဲလား"

ပိုင်ရူယွဲ့က တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

ဝုန်း

သူမ စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး တောင်တစ်ခုလုံး တုန်ခါသွားတော့သည်။

လမ်းဘေးတွင်ရပ်နေသော ပိုင်ရူယွဲ့ မှာလည်း ရုတ်တရက်ဆန်သောတုန်ခါမှုကြောင့် ဟန်ချက်ပျက်ကာ လဲကျလုနီးပါးဖြစ်သွားခဲ့သော်လည်း သွက်လက်သော အမျိုးသမီးအစောင့်တစ်ဦးက ရှေ့သို့အပြေးတက်ကာ တွဲကူပေးလာသည်။

"ဘာဖြစ်တာလဲ"

ပိုင်ရူယွဲ့၏မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

မကြာမီမှာပင် လူတိုင်းမှာ အလွန်ပင်တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

မြေသားမြေစိုင်များမှာ ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်ကဲ့သို့၊ သွေးဆာနေသော သားရဲအုပ်ကြီးကဲ့သို့ ဝေးလံသောတောင်ကြားထဲမှ ဒေါသတကြီး စီးဆင်းလာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တဟုန်ထိုးဖျက်ဆီးပစ်ကုန်သည်။ ကြွေးကြော်ဟိန်းဟောက်သံကြီးမှာ ကြောက်ခမန်းလိလိ။

ကံကောင်းထောက်မစွာဖြင့် သူတို့အုပ်စုမှာ အနည်းငယ်ဝေးကွာသောနေရာတွင် ရှိနေသဖြင့် ထိခိုက်မှုမရှိခဲ့ပေ။

သို့သော် အလစ်အငိုက်တွင်ဖြစ်သွားသော ထိုဖြစ်ရပ်ကြောင့် သူတို့အားလုံး ကြောင်တက်တက်ဖြင့် ရပ်ကြည့်နေမိခဲ့ကြသည်။

ငန်းဖြူကြီးနောက်ပြေးလိုက်သွားသော မယ်မယ်ကြီး ပျောက်ဆုံးသွားသည်ကိုပင် မည်သူမျှ သတိမထားခဲ့မိလိုက်။

All Chapters