ညကင်းလှည့်တပ်ဖွဲ့ဝင်
Vol. 10 Ch. 97
မြေပြင်ကြီးမှာ မိုးကြိုးပစ်သံကဲ့သို့ တုန်ခါဟိန်းဟောက်နေသည်။
နှေးကွေးသည်ဟု ထင်ရသော်လည်း အားကြီးလှသော ရိုက်ခတ်မှုအရှိန်ကြောင့် တုန်းဝမ်ခွင်း၏ မျက်နှာမှာ ပြာနှမ်းလာတော့သည်။
သူမှင်တက်နေစဉ်မှာပင် ရန်သူက နောက်ထပ် ကောင်းကင်တုန်ခါမိုးကြိုးတစ်ခုကို ပစ်ပေါက်လိုက်ရာ အိမ်ဝင်းတံတိုင်းများနှင့် အတားအဆီးအားလုံး ပေါက်ကွဲပျက်စီးသွားပြီး တဟုန်ထိုးစီးဆင်းလာသော မြေသားများမှာလည်း အဟန့်အတားမရှိဘဲ ဒေါသတကြီး တိုးဝင်လာခဲ့သည်။
ပထမလှိုင်း၏ အရှိန်မလျော့သေးခင်မှာပင် ဒုတိယလှိုင်းက ထပ်မံလိုက်ပါလာသည်။ အရိပ်နက်တပ်ဖွဲ့ဝင်နှစ်ဦးမှာ ရေခဲခေါင်းတလားကို အတင်းအဓမ္မရွှေ့ရန် ကြိုးစားပါသော်လည်း ကျောက်တုံးများနှင့် ရွှံ့နွံများကြား ချက်ချင်းပင် လွင့်ပါသွားလေတော့၏။
လိမ့်ဆင်းလာသော အပျက်အစီးများကြားတွင် အမြစ်မှကျွတ်ထွက်လာသည့် သစ်ပင်ကြီးတစ်ပင်ပင် ပါလာခဲ့သည်။
"နန်းတွင်းအစေခံကောင်တွေ သေဖို့သာပြင်ထားကြတော့"
တုန်းဝမ်ခွင်းသည် ရေခဲခေါင်းတလားကိုထိန်းထားရန် သံချိတ်ကို ပစ်ပေါက်လိုက်စဉ်မှာပင် ဓားနှစ်လက်ကိုင်စွဲထားသော အနက်ရောင်ဝတ် အဘိုးအိုတစ်ဦးက လေထဲခုန်ပျံလျက် လှစ်ခနဲခုန်အုပ်လာသည်။
ဤအနက်ရောင်ဝတ်လူ၏ ကျင့်စဉ်မှာ အလွန်မြင့်မားအားကောင်းကြောင်း သိသာလှ၏။ လွှဲယမ်းလိုက်သော ဓားအလင်းတန်းများမှာ ထောင်သောင်းချီပွားထွက်သွားပြီး တုန်းဝမ်ခွင်းအား ရေခဲခေါင်းတလားဆီသွားမည့်လမ်းမှ လုံးဝ ပိတ်ဆို့ထားလိုက်သည်။
"ထျန်ချုံးဂိုဏ်းက ယန့်ဓားနှစ်လက်ပဲ"
တုန်းဝမ်ခွင်း၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး သွားမည့်လမ်းကိုရပ်ကာ ထိုတိုက်ကွက်ကို မဖြစ်မနေရင်ဆိုင်လိုက်ရသည်။
ချိတ်ကောက်နှင့်ဓားတို့ ထိတွေ့သံမှာ အဆက်မပြတ်ထွက်ပေါ်နေသည်။ မြေစီးကြောင်းကြီးက ပျက်စီးနေသောဝေါယာဉ်ကို တွန်းတိုက်သွားပြီးနောက် ဒဏ်ရာရနေသောမြင်းများမှာလည်း ရုန်းရင်းကန်ရင်းပင် ဝါးမြိုခံလိုက်ရသည်။ ရေခဲခေါင်းတလားမှာလည်း စတင် ရွေ့လျားသွားတော့၏။
အရိပ်နက်တပ်ဖွဲ့ဝင်များမှာလည်း ရွေ့ပါသွားသောရေခဲခေါင်းတလားကြီးကို ကြောင်အအငေးကြည့်နေကြလျက်။
"နောက်ကလိုက်ကြ"
တုန်းဝမ်ခွင်းသည် ယန့်ဓားနှစ်လက်ကိုရင်ဆိုင်ရင်း အမိန့်ပေးလိုက်သည်။
ထိုအမိန့်ကိုကြားသောအခါမှ အရိပ်နက်တပ်ဖွဲ့ဝင်များသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ခွဲထွက်လိုက်ပြီး မျောပါသွားသော ရေခဲခေါင်းတလားတင်ဆောင်ထားသည့် ဝေါယာဉ်ကို မျက်စိမလွှတ်တမ်း စောင့်ကြည့်နေကြသည်။ ဤခေါင်းတလား မျက်စိအောက်မှပျောက်လို့မဖြစ်ပေ။
ထိုစဥ် နျဲ့ယင်း၏ မြင့်မားကြံ့ခိုင်သောကိုယ်လုံးက ရေခဲခေါင်းတလားပေါ်တွင် အသာအယာဆင်းသက်ရပ်တည်လိုက်၏။
ထိုအချိန်တွင် အနက်ရောင်ဝတ်လူအများအပြားရောက်လာပြီး သူတို့ကို ထပ်မံတိုက်ခိုက်လာပြန်သည်။
တိုက်ပွဲရှုပ်ထွေးမှုများကြားတွင် ရေခဲခေါင်းတလားမှာ မြေသားများကြား တစ်ဝက်ခန့်နစ်မြုပ်နေပြီး ပေ ၃၀ခန့်ကျယ်သော မြောင်းတစ်ခုဆီသို့ မျောပါသွားသည်။
ရေခဲခေါင်းတလားပေါ်တွင် ခြေမြဲအောင်ကပ်ထားသော နျဲ့ယင်းသည် ဟန်ချက်ညီအောင် ခက်ခဲစွာထိန်းရင်း ရှေ့သို့စိုက်ကြည့်နေသည်။
ရွှပ်
ဝိုင်အိုးတစ်လုံး လေထဲမှ ပျံထွက်လာသည်။
ဖိတ်စင်လာသော ဝိုင်များက ရေမြှားတန်းများအဖြစ်ပြောင်းသွားပြီး နျဲ့ယင်းအား တည့်တည့်တိုက်ခိုက်လာကြ၏။
ထို့နောက် ကမ်းပါးပေါ်တွင် ခမောက်ဆောင်းအမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ကျောပေါ်တွင် ချိတ်ဆွဲထားသော ငွေလှံနှစ်ပိုင်းမှာ ယခုအခါ တစ်ခုတည်းအဖြစ် ဆက်သွယ်ထားလျက် လက်ထဲတွင် ကိုင်စွဲထားလျက်ရှိ၏။
နျဲ့ယင်းသည် ရေခဲခေါင်းတလားပေါ်မှ မဖြစ်မနေဆင်းပေးလိုက်ရသည်။ ထို့နောက် သူမလက်ထဲရှိ အဲမေ့လှံသွားကို ဝှေ့ယမ်းကာ ကမ်းပါးပေါ်ရှိ ခမောက်ဆောင်းအမျိုးသမီးဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုလှုပ်ရှားမှုကို ကြိုတင်သတိထားမိသော ခမောက်ဆောင်းအမျိုးသမီးက သူမ၏လှံဖြင့် အဲမေ့ကို ပုတ်ထုတ်လိုက်သည်။ သို့သော် အဲမေ့ကလွင့်စင်မသွားဘဲ ကိုယ်ပိုင်အတောင်ပံ ကိုယ်ပိုင်မျက်လုံး ပါလာသည့်အလား သူမ၏နောက်ကျောဘက်သို့ ပျံတင်သွားခဲ့၏။
ထိုစဥ် နျဲ့ယင်းက လျှပ်စီးလက်သည့်အရှိန်ဖြင့် ရှေ့သို့ပျံတက်လာသည်။ ထို့နောက် လျင်မြန်သွက်လက်စွာ အောက်ကိုလျှောဆင်းလျက် ခမောက်ဆောင်းအမျိုးသမီးကို ပြင်းထန်သောတိုက်ကွက်များဖြင့် ထိုးစစ်ဆင်လေသည်။
ခဏအတွင်းမှာပင် နှစ်ဦးသား တိုက်ကွက်အချို့ဖလှယ်လိုက်ကြပြီး ပြင်းထန်သောစွမ်းအင်များ ပေါက်ကွဲထွက်လာသောကြောင့် လူချင်းခွာလိုက်ကြရသည်။
"ခေါင်းဆောင်"
အနက်ရောင်ဝတ်လူများကို ရှင်းလင်းပြီးသော အခြားအရိပ်နက်တပ်ဖွဲ့ဝင်များ လျင်မြန်စွာရောက်ရှိလာကြသည်။
ငွေရောင်လှံရှည်ကိုကိုင်စွဲထားပြီး မာန်တက်နေဟန်အမူအရာရှိသည့် ခမောက်ဆောင်းအမျိုးသမီးကို ကြည့်ကာ အရိပ်နက်တပ်ဖွဲ့ဝင်အားလုံးမှာ နေရာတွင်အသေရပ်ကာ ရှေ့သို့ဆက်မတိုးဝံ့ကြတော့။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးမှာ ဓားနတ်သမီးယဲ့ယောင်ယောင် ပြီးလျှင် ဒုတိယအဆင့်ချိတ်သော အမျိုးသမီးကျင့်ကြံသူဖြစ်သောကြောင့်။
"ခေါင်းဆောင်နျဲ့၊ ကျွန်မ ရှင်မသေအောင်ကယ်လိုက်တာလေ၊ ဘာလို့ ကျွန်မကိုရန်လိုနေတာလဲ"
တိုက်ပွဲအလယ်တွင် ခမောက်ဆောင်းအမျိုးသမီး၏ အသံမှာ နောက်ပြောင်ကျီစယ်နေပုံရသည်။
နျဲ့ယင်းက အရှိန်လျော့လာသော မြေစီးကြောင်းကို တစ်ချက်လှမ်းကြည့်ရင်း ရေခဲခေါင်းတလားလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အေးစက်စက်သာတုံ့ပြန်လိုက်သည်။
"တစ္တေနတ်ဘုရားလှံသွားရှင်က ထျန်းချုံးဂိုဏ်းသားတွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ လုံးဝမထင်ထားဘူး"
"မှားနေပြီ၊ ဒါကို ပုစဉ်းရင်ကွဲကိုဖမ်းဖို့စောင့်နေတဲ့ ပုစဉ်း၊ သူ့နောက်မှာငှက်ရှိနေတာကို မသိတာ လို့ ခေါ်တယ်"
ခမောက်ဆောင်းအမျိုးသမီးက ရယ်မောလိုက်သေးသည်။
နျဲ့ယင်းက နောက်တစ်ချီတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ခမောက်ဆောင်းအမျိုးသမီးက လှံကိုပြန်သိမ်းလိုက်ပြီး ဆိုသည်။
"ထားလိုက်ပါတော့၊ ရှင်နဲ့ ဆက်မကစားတော့ဘူး"
ထို့နောက် ခြေဖျားဖြင့် မြေပြင်ကိုပွတ်ဆွဲကာ အဝေးသို့လှစ်ခနဲပြေးထွက်သွားလေတော့၏။
နျဲ့ယင်းက နောက်မှအမီလိုက်ရန် ကြိုးစားနေစဉ်မှာပင် လေထုကိုဖောက်ထွက်လာသော စွမ်းအင်တစ်ခုက စူးရှသောအသံနှင့်အတူ ထွက်ပေါ်လာသည်။
သူမ ကိုယ်ကိုတိမ်းလိုက်ရာ ငွေရောင်လှံရှည်တစ်စင်းက သူမ၏ရင်ဘတ်အနားမှ ကပ်ဖြတ်သွားပြီး မြေပြင်ပေါ်သို့ ဇွက်ခနဲစိုက်ဝင်သွားလေသည်။
နျဲ့ယင်းသည် မြေပြင်ပေါ်ရှိလှံရှည်ကို ကြည့်ကာ အံ့သြတကြီးဖြစ်သွားရ၏။
တစ်ဖက်ရန်သူက သူမကိုသတ်ဖို့အရေး အသက်တမျှတန်ဖိုးထားရသော လက်စွဲတော်လက်နက်ကိုပင် စွန့်ပစ်သွားလိမ့်မည်ဟု မထင်ခဲ့။
သူမ မှင်တက်နေစဉ်မှာပင် တစ်ဖက်လူ၏ပုံရိပ်မှာ ဝေးရာသို့ ရောက်သွားနှင့်လေပြီ။
"ခေါင်းဆောင်နျဲ့၊ ကျွန်မအတွက် အဲဒါကို သေချာသိမ်းထားပေးပါဦး၊ နောက်နှစ်ရက်နေရင် ပြန်လာယူမယ်"
ခမောက်ဆောင်းအမျိုးသမီးက ရွှင်လန်းစွာရယ်မောကာ နုနယ်ဖြူစင်သောလက်ကလေးကို ဝှေ့ယမ်းပြပြီး လူတိုင်း၏အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့လေသည်။
စိန်ခေါ်ဟန်ပါသောစကားများကို နျဲ့ယင်းက မြေပြင်မှလှံရှည်ကို ဆွဲနှုတ်လိုက်ပြီး ခပ်အေးအေးသာတုံ့ပြန်၏။
"စောင့်နေပါ့မယ်"
တစ်ဖက်လူ ကတိဖျက်လိမ့်မည်ကိုတော့ သူမ မစိုးရိမ်ပါ။
တစ္တေနတ်ဘုရားလှံသွားရှင်လို လက်နက်နှင့်တွဲလျက်ကျော်ကြားသူအနေဖြင့် အသက်နှင့်ထပ်တူတန်ဖိုးထားသော လက်နက် ပျောက်ဆုံးသွားပါက သိုင်းလောကတွင် လှောင်လို့မဆုံးသောဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်တော့မည်ပင်။
"မင်းသမီး ဘယ်မှာလဲ၊ မင်းသမီး ဘယ်မှာလဲ"
ထိုအချိန်တွင် ယန့်ဓားနှစ်လက်ထံမှ လွတ်မြောက်လာသော တုန်းဝမ်ခွင်းရောက်ရှိလာသည်။ မြေပြိုမှုထဲတွင် ပျောက်ကွယ်သွားသော ရေခဲခေါင်းတလားကိုလိုက်ရှာရင်း မတွေ့သောအခါ အတွေးများဗလာဖြစ်ကာ ပြူးပြူးပြာပြာဖြစ်ကုန်လေသည်။
ထို့နောက် ဒေါသတကြီး ဟိန်းဟောက်ခြိမ်းခြောက်လာသည်။
"အခုသွားရှာကြ၊ မတွေ့ရင် အကုန်အသေသတ်ပစ်မယ်"
အရိပ်နက်တပ်ဖွဲ့ဝင်များမှာလည်း လျင်မြန်စွာ ရှာဖွေကြရတော့သည်။
တုန်းဝမ်ခွင်းသည် လက်သီးကိုတင်းတင်းဆုပ်ထားသဖြင့် နဖူးကြောများပင်ထောင်ထွက်နေပြီး နှုတ်ခမ်းကိုလည်း သွေးထွက်မတတ်ဖိကိုက်ထားသေး၏။
"အဲဒီအကြံပေးက သံသယဖြစ်စရာပဲ"
ထို့နောက် တုန်းဝမ်ခွင်းက ကျားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့် ဟိန်းဟောက်လိုက်သည်။
"ဒီကောင်ကြံရာပါဖြစ်ရမယ်၊ သေချာပေါက်ပဲ"
နျဲ့ယင်းက သူ့ကို အရူးတစ်ယောက်လို လှမ်းကြည့်လိုက်သည်
...
ရွှံ့စေးမြေစီးကြောင်းကြီးမှာ မြောင်းများတလျှောက်စီးဆင်းသွားပြီး မြေပြန့်သို့ ရောက်သောအခါမှသာ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။
တုန်းဝမ်ခွင်းသည် အရိပ်နက်တပ်ဖွဲ့ဝင်များနှင့် အရာရှိအားလုံးကို စုစည်းစေလိုက်သည်။
သို့သော် လူအင်အားသုံးပြီး ပြင်းပြင်းထန်ထန် ရှာဖွေပြီးနောက်တွင် အပိုင်းပိုင်းပြတ်နေသော ဝေါယာက်ကိုသာ ရှာတွေ့ခဲ့ရပြီး မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းပါသော ရေခဲခေါင်းတလားမှာမူ လေထဲတွင်အငွေ့ပျံသွားသည့်အလား ရှာလို့မတွေ့လေတော့။
တုန်းဝမ်ခွင်းသည် ကျယ်ပြောစွာဖုံးအုပ်နေသော ရွှံ့နွံကျောက်တုံးများကို ငေးကြည့်ရင်း ရေခဲတွင်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ တစ်ကိုယ်လုံး ထုံကျင်အေးခဲသွားတော့၏။
ခရိုင်ရုံးအတွင်း၌၊
လီနန်ခယ့်ကို အရိပ်နက်တပ်ဖွဲ့ဝင်များက ခန်းမဆောင်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအခန်းထဲတွင် နျဲ့ယင်းတစ်ဦးသာ ရှိ၏။
"ငါမေးမယ်၊ မြေပြိုမှုဖြစ်မယ်ဆိုတာ နင်ဘယ်လိုသိတာလဲ"
အမျိုးသမီး၏အသံမှာ အမူအရာကဲ့သို့ပင် အလွန်အေးစက်လှသည်။
လီနန်ခယ့်သည် စိတ်ကိုတည်ငြိမ်အောင်ထားပြီး သူတွေ့ရှိခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။ ဟယ့်ပန်ကျွင်းနှင့် တစ္တေနတ်ဘုရားလှံသွားရှင်တို့ သူ့ကိုလာရောက်တွေ့ဆုံခဲ့သည့်အချက်ကိုတော့ ချန်လှပ်ထားခဲ့လိုက်၏။
"တောင်ရဲ့ ပထဝီဝင်အနေအထားနဲ့ မြစ်ကြောင်းပြတ်တောက်နေတာကိုကြည့်ရုံနဲ့ ဒီလောက်တိတိကျကျ တွက်ချက်နိုင်တာလား"
ပါးစပ်က မယုံသလို မေးခွန်းထုတ်နေပသေည့် လီနန်ခယ့်ကိုကြည့်နေသော အေးစက်စက်မျက်လုံးများတွင် ထူးထူးခြားခြား အလင်းတစ်ခု တောက်ပနေခဲ့သည်။
ဒီလူငယ်က တကယ်ပဲ ပါရမီရှိတာပဲ။
လီနန်ခယ့်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုးက ကိုယ့်ကိုယ်ကိုယ် ဓားပြတွေရဲ့နေရာမှာထားပြီး စဉ်းစားကြည့်တာပါ၊ အဲဒါကို လက်ရှိအခြေအနေနဲ့ ပေါင်းစပ်တွက်ချက်လိုက်တဲ့ ဖြစ်နိုင်ချေရလဒ်တစ်ခုပါပဲ"
"သူတို့ဘက်က ခေါင်းတလားကိုခိုးယူချင်တယ်ဆိုရင် ပေါ်တင်လာလုမယ်ဆို သေချာပေါက်အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အကာအကွယ်တွေကို အားသုံးဖျက်ဆီးဖို့ တခြားအင်အားတစ်ခု သေချာပေါက်လိုပါတယ်"
"မြေပြင်အနေအထားအရ မြေပြိုမှုက အကောင်းဆုံးအင်အားပါပဲ"
"မြေသားအစိုင်အခဲတွေနဲ့ ရေတွေက တစ်သားတည်းစီးဆင်းလာတဲ့အခါ သိပ်သည်းဆအလေးချိန်ရော ဆွဲငင်မှုအားပါ အလွန်မြင့်မားပါတယ်။ မြေသားတွေက အလေးချိန်အလွန်စီးတာကြောင့် စီးဆင်းမှုနှုန်းနှေးပေမဲ့ ပိဿာရာချီလေးတဲ့ ခေါင်းတလားကို သူတို့လိုရာဆီ တွန်းပို့ဖို့အတွက်တော့ လုံလောက်ပါတယ်"
နျဲ့ယင်းသည် အစပိုင်းတွင် သေချာနားထောင်နေသော်လည်း နောက်ပိုင်းတွင် နဝေတိမ်တောင်ဖြစ်လာသည်။
သူဘာတွေပြောနေတာလဲ။
ဘာလို့ရုတ်တရတ်ကြီး ဂြိုဟ်သားစကားတွေ ထပြောလာတာလဲ။
သို့သော် ဘာမှအထူးတလည်မေးမနေတော့ဘဲ အေးတိအေးစက်သာပြန်ဖြေလိုက်သည်။
"အင်း... ခွဲခြမ်းစိတ်ဖြာချက်က ယုတ္တိရှိပါတယ်"
ထိုအချိန်တွင် မျက်လုံးအစုံ သွေးရောင်နီကျင်ကျင်လွှမ်းနေသော တုန်းဝမ်ခွင်းတစ်ယောက် ခန်းမထဲသို့ ဝင်လာသည်။
လီနန်ခယ့်ကိုမြင်သောအခါ တုန်းဝမ်ခွင်းသည် အရူးတစ်ယောက်လို ရှေ့သို့ပြေးဝင်လာပြီး ကော်လာစကိုဆွဲကာ ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်နေသော မျက်လုံးများဖြင့် ဟိန်းဟောက်ငေါက်ငမ်းလေသည်။
"မင်းသမီးရှန်းယွမ်ကိုခိုးယူဖို့ ထျန်းချုံးဂိုဏ်းနဲ့ မင်းပူးပေါင်းခဲ့တာလား။ ဒီနေ့ မင်းသေချာမရှင်းပြနိုင်ရင် မင်းရဲ့အရေခွံကို ငါအရှင်လတ်လတ် ဆွဲခွာပစ်မယ်။ မင်းရဲ့ဘဝကို သေတာထက်ပိုဆိုးအောင် ငါလုပ်ပစ်မယ်"
လီနန်ခယ့်မှာ ပြောစရာစကားပင် ပျောက်ရှသွားရသည်။
အကြံပေးတာကိုနားမထောင်လို့ သောက်တလွဲတွေဖြစ်ကုန်ပြီးမှ ငါ့ကိုလာအပြစ်တင်နေတယ်ပေါ့။
သူ ပြန်ပြောဖို့ပြင်လိုက်စဉ်မှာပင် ခန်းမအပြင်ဘက်မှ အလွန်အေးစက်သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။
"တပ်မှူးတုန်း၊ ရှင်သူ့ကို ဘယ်လိုများအရေခွံခွာမလဲဆိုတာ ကျွန်မကြည့်ချင်သေးတယ်"