ဝှက်ဖဲကိုထုတ်သုံးခြင်း
Vol. 10 Ch. 98
ထိုစဉ်မှာပင် အရပ်ရှည်ရှည် ဝတ်စုံနက်ဖြင့် လိန်ရှင်းနန်တစ်ယောက် ခန်းမထဲသို့ ဝင်ရောက်လာသည်။ တုန်းဝမ်ခွင်းက လီနန်ခယ့်၏ကော်လာကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ သူမ၏ နက်မှောင်သောမျက်လုံးများမှာ ကျောက်မျက်ရတနာအလား အရောင်တလက်လက်ဖြင့် အေးစက်ခဲသက်လျက်။
တုန်းဝမ်ခွင်းက မျက်မှောင်ကြုတ်ကာ လှောင်သံဖြင့်ဆိုသည်။
"ဘယ်သူများလဲလို့ ကြည့်လိုက်တာ၊ လိန်မိသားစုက ကောင်မလေးကိုး"
ရာထူးအရဆိုလျှင် လိန်ရှင်းနန်မှာ သူ့ထက်တစ်ဆင့်နိမ့်သော်လည်း သူမသည် ညကင်းလှည့်တပ်ဖွဲ့၏ အရာရှိတစ်ဦးဖြစ်သည်။ တုန်းဝမ်ခွင်း၏ ခေါ်ဝေါ်ပုံမှာ ရိုင်းပျလွန်းလှသည်ပင်။
ဘေးတွင် အခြေအနေစောင့်ကြည့်နေသော နျဲ့ယင်းပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"လီနန်ခယ့်က ကျွန်မလက်အောက်က ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်ပဲ။ တပ်မှူးတုန်းမှာ သူ့ကို စစ်မေးပိုင်ခွင့် မရှိဘူး"
လိန်ရှင်းနန်၏ လေသံမှာ အေးစက်တည်ငြိမ်လှသည်။
"သူက ညကင်းလှည့်တပ်ဖွဲ့ဝင် ဟုတ်လား"
တုန်းဝမ်ခွင်းမှာ လီနန်ခယ့်တွင် ဤကဲ့သို့သောအဆင့်အတန်းရှိနေမည်ကို မမျှော်လင့်ထားသဖြင့် အံ့သြသွားပြီး မေးလိုက်သည်။
"ဒါဆို သူကဘာလို့ ခရိုင်ရုံးတော်မှာ ကိုယ်ရေးအရာရှိလုပ်နေရတာလဲ"
လိန်ရှင်းနန်က တိုက်ရိုက်ပြန်မဖြေဘဲ သူ့ကိုစိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"သူ့ကို အခုလွှတ်လိုက်"
တုန်းဝမ်ခွင်းက တစ်ခုခုကိုရိပ်မိသွားသည့်အလား မျက်လုံးကစားလိုက်ပြီး ဆိုသည်။
"ကြည့်ရတာ သူ့ရဲ့ ရာထူးခန့်အပ်လွှာက ကျမလာသေးဘူးထင်တယ်၊ အခုလောလောဆယ် သူက ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက် မဟုတ်သေးဘူးပဲလေ။ ကျွန်တော့်ရဲ့ အရိပ်နက်တပ်ဖွဲ့က သာမန်ကိုယ်ရေးအရာရှိလေးတစ်ယောက်ကို စစ်မေးဖို့အတွက် ခင်ဗျားကိုညကင်းလှည့်တပ်ဖွဲ့ရဲ့ ခွင့်ပြုချက်လိုအပ်သေးသလား"
"သူ့ကိုလွှတ်လိုက်လို့ ကျွန်မပြောနေတယ်"
လိန်ရှင်းနန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ တိုက်ခိုက်လိုသော အရှိန်အဝါက ဟုန်းခနဲထွက်ပေါ်လာသည်။
နှစ်ဖက်လုံးမှာ ဓားဆွဲထုတ်ရန် အသင့်ဖြစ်နေကြပြီး ခန်းမတွင်းရှိလေထုမှာလည်း မုန်တိုင်းမလာခင် လေငြိမ်ခြင်းကဲ့သို့ မှုန်မှိုင်းလေးလံနေသည်။
ထိုအချိန်တွင် ဖျားချင်ယောင်ဆောင်နေသော ရှန်ချွန်းဟယ်မှာလည်း ဆက်လက်၍ အခန်းမအောင်းနိုင်တော့ပေ။ အခြေအနေမှာ ပေါက်ကွဲလုနီးပါးဖြစ်နေသည်ကို မြင်သောအခါ မျက်နှာဖောင်းဖောင်းကြီးကို အပြင်ထွက်ပြကာ ခန်းမအထိ လာရောက်ဖျန်ဖြေပေးရတော့လေသည်။
"ဟော အရာရှိမင်းတို့ ဘာဖြစ်ကြတာလဲခင်ဗျာ"
ရှန်ချွန်းဟယ်က အပြုံးတုတစ်ခုဖြင့် ကြားဝင်လာသည်။
"ကျွန်တော်တို့အားလုံးက တစ်ဖက်တည်းသားတွေပဲလေ။ နဂါးမင်းဗိမာန်ကို နဂါးမင်းစစ်သည်တွေက ပြန်တိုက်သလို ဖြစ်နေပါဦးမယ်။ ကိစ္စတစ်ခုခုရှိရင် ထိုင်ပြီး အေးအေးဆေးဆေးစကားပြောကြပါဦး။ ရန်ပွဲတွေက စည်းလုံးညီညွတ်မှုကို ပျက်စီးစေပါတယ်"
ကံဆိုးသည်မှာ မည်သူကမျှ သူ့ကိုဂရုမစိုက်ကြခြင်းပင်။
သူ့ကို တည့်တည့်လာစိန်ခေါ်နေသော လိန်ရှင်းနန်ကိုကြည့်ကာ တုန်းဝမ်ခွင်းက ခပ်ကြမ်းကြမ်းဆိုလာသည်။
"အရာရှိလိန်၊ မင်းအစ်ကိုကြီးတောင် ကျုပ်ကို ဒီလိုမျက်နှာချင်းဆိုင် စကားပြောရဲမှာမဟုတ်ဘူး။ မင်းကတော့ ရေကြည်မှာမနေဘဲ ရေနောက်ထဲကို တမင်သက်သက်ဆင်းချင်နေတာပဲ။ အခု မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းက ပျောက်ဆုံးနေပြီ၊ ဒီအမှုထဲ မင်းပါဝင်ပက်သက်နေတယ်ဆို ဘာဆက်ဖြစ်မလဲ မင်းသိလောက်မှာပါ"
လိန်ရှင်းနန်က ခြိမ်းခြောက်မှုအပြီး မေးကိုပင်ပိုမော့လိုက်သေး၏။
"ကျွန်မလိန်ရှင်းနန်က ဓားပြတွေနဲ့ပူးပေါင်းပြီး မင်းသမီးကိုပြန်ပေးဆွဲတယ်လို့ တပ်မှူးတုန်းကယူဆရင် ကြိုက်သလို စုံစမ်းစစ်ဆေးနိုင်ပါတယ်၊ ဧကရာဇ်မင်းမြတ်ဆီတောင် တိုင်ကြားနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ လီနန်ခယ့်က ကျွန်မတို့ တိမ်တိုက်မြို့တော် ညကင်းလှည့်တပ်ဖွဲ့၊ ငှက်နီဌာနခွဲရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ရှင်သာ သူ့ကိုစစ်မေးဖို့ ကြိုးစားလာရင် ကျွန်မဘာလုပ်မိမလဲဆိုတာ မပြောနိုင်ဘူးနော်။ ကျွန်မရဲ့ စိတ်တိုတတ်တဲ့အကျင့်ကို ရှင်လည်းသိမှာပါ။ နောက်ပြီး လီနန်ခယ့်က ရှင့်ကို ကြိုတင်သတိပေးခဲ့တယ်လို့ ကျွန်မသိထားတယ်။ ရှင့်ဘာသာမာနမလျှော့ဘဲ စကားနားမထောင်ခဲ့လို့ မြေပြိုတဲ့အချိန်မှာ မင်းသမီးကို မကာကွယ်နိုင်ခဲ့တာ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကို စစ်မေးရမယ်ဆိုရင် အဲဒါရှင်ပဲဖြစ်သင့်တယ်"
"နင် နင်..."
တုန်းဝမ်ခွင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးတပြင်လုံး ပြာနှမ်းသွားသည်။
ထို့နောက် လီနန်ခယ့်၏လည်ပင်းကိုလှမ်းဆွဲကာ ဆိုလေသည်။
"ဒီနေ့တော့ဒီကောင့်ကို ငါမရရအောင် စစ်မေးမယ်"
ထိုစဥ် ဝှူးခနဲမြည်သံနှင့်အတူ လက်သီးတစ်လုံးက ရိပ်ခနဲပေါ်လာပြီး သူ၏ရင်ညွန့်ကို ထိုးနှက်လိုက်သည်။ တုန်းဝမ်ခွင်းမှာ ထိတ်လန့်သွားသည်ကိုတော့ ဝန်ခံရမည်ပင်။ ဤအမျိုးသမီးက သူ့ကို တကယ် လက်ပါလိမ့်မည်ဟု မထင်ထားသဖြင့် အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်လိုက်ရသည်။
လက်သီးနှင့် လက်ဝါးတို့ ထိတွေ့သံမှာ ပေါက်ကွဲသံတစ်ခုအလား အားပြင်းပြင်းထွက်ပေါ်လာသည်။ နှစ်ဦးလုံးမှာ တစ်ဖက်စီသို့ နောက်ဆုတ်သွားကြရပြီး ဘေးရှိ စားပွဲ၊ ကုလားထိုင်များမှာလည်း ရိုက်ခတ်မှုလှိုင်းကြောင့် အပိုင်းပိုင်းကွဲထွက်ကုန်၏။
လိန်ရှင်းနန်၏ အတွင်းဒဏ်ရာများမှာ ပိုမိုဆိုးရွားလာနေပြီဖြစ်သည်။ ဤအချိန်တွင် လီနန်ခယ့်အတွက် တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသဖြင့် မျက်နှာလှလှထက် နာကျင်မှုအရိပ်အယောင်များ ပေါ်လွင်လာသည်။
သူမသည် နောက်သို့ဆုတ်ရင်း လီနန်ခယ့်ကိုလည်း သူမ၏နောက်ဘက်သို့ ဆွဲပို့လိုက်သည်။
"အရာရှိလိန်"
လိန်ရှင်းနန်က သူ့ကို ဤကဲ့သို့ အဆုံးထိကာကွယ်ပေးလိမ့်မည်ဟု လီနန်ခယ့် မထင်ထားခဲ့ပေ။ အမျိုးသမီး၏ နုနယ်သောကိုယ်လုံးလေး ယိုင်နဲ့သွားသည်ကို မြင်သောအခါ သူမ၏ကျောပြင်ကို သူ့လက်ဖြင့် အမြန်ဖေးမပေးလိုက်ရသည်။
ထို့နောက် တုန်းဝမ်ခွင်းကို စိုက်ကြည့်လိုက်သော သူ့မျက်လုံးများမှာ ရေခဲပြင်ကဲ့သို့ အေးစက်နေပြီး အခြားလက်တစ်ဖက်က ဓားရိုးကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားမိသည်။ ဤအချိန်တွင် အရိပ်နက်တပ်ဖွဲ့ဝင်တစ်ဦး၏ အသားလွတ်မာန်တက်မှုကို သူမျက်မြင်တွေ့ဖူးရလေပြီ။
"လိန်ရှင်းနန် နင် သေချင်နေတာပဲ"
တုန်းဝမ်ခွင်းမှာ ဒေါသထွက်လွန်းသဖြင့် ဆင်ခြင်ဉာဏ်ကင်းမဲ့သွားပြီး သူ၏ သံချိတ်ကောက်ကိုထုတ်ကာ သူမဆီသို့ ပြေးဝင်လာသည်။ နျဲ့ယင်းက တားဆီးရန်ပြင်သော်လည်း အနည်းငယ်နောက်ကျသွားခဲ့သည်။
ရှန်ချွန်းဟယ်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ တုန်းဝမ်ခွင်း၏အရှိန်မှာ ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှသည်ပင်။
လိန်ရှင်းနန်က နောက်သို့ ဆုတ်ရှောင်ချင်သော်လည်း သူမ၏နောက်တွင် လီနန်ခယ့်ရှိနေသည်ကို သတိရသဖြင့် သွားကိုတင်းတင်းဖိကြိတ်ကာ စွမ်းအင်များကို လက်ဖဝါးတွင်စုစည်းလိုက်သည်။
တုန်းဝမ်ခွင်းတစ်ယောက် ဒေါသတကြီးပြေးဝင်လာသည်ကို မြင်သောအခါ လီနန်ခယ့်လည်း ထပ်ပြီးတွန့်ဆုတ်မနေတော့။ သူ့အင်အား ဘယ်လောက်ပင်နည်းနေပါစေဦး၊ အနည်းဆုံးတော့ ကြိုးစားကြည့်ရမည်။
သူ့ဓားကို ဓားအိမ်မှ တစ်လက်မခန့် ဆွဲထုတ်လိုက်စဉ်မှာပင် သူ၏လက်မောင်းတွင် စူးရှသော အပူရှိန်တစ်ခုကို ခံစားလိုက်ရသည်။ ထိုခဏချင်းမှာပင် လက်မောင်းရှိတက်တူးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ စီးဝင်လာသည်ကို သူ သိသိသာသာခံစားလိုက်ရ၏။
မျက်လုံးများမှာ ရုတ်တရက် နာကျင်စွာဖောင်းကားလာပြီး သွေးကြောမျှင်များ ဖုံးလွှမ်းယှက်သန်းလို့လာသည်။
ထို့နောက် သူ့ရှေ့မှအရာအားလုံး သိသိသာသာ နှေးကွေးသွားခဲ့သည်။ တုန်းဝမ်ခွင်း၏ ပြင်းထန်သောတိုက်ကွက်၊ လိန်ရှင်းနန်၏ ကာကွယ်ရန်ပြင်ဆင်မှု၊ သို့မဟုတ် ထောင့်တစ်နေတွင် ကွယ်ပုန်းနေသော ရှန်ချွန်းဟယ်၏ ထိတ်လန့်နေသော အဆီတဝင်းဝင်းမျက်နှာ...
မြင်ကွင်းတိုင်းမှာ အနှေးပြကွက်ဖြင့် ပြသနေသည့်အလား။
လီနန်ခယ့်၏အတွေးမှာ ထိုရုတ်တရက်ဆန်သောအပြောင်းအလဲကို အမီမလိုက်နိုင်သဖြင့် ပုံမှန်အရှိန်အတိုင်းပင် ဓားကိုဆွဲကာ ခုတ်ချလိုက်သည်။
တုန်းဝမ်ခွင်း၏ ခိုင်မာလှပါသည်ဆိုသော အကာအကွယ်စွမ်းအင်မှာလည်း ရေခဲချပ်ကြီးကွဲကျသည့်အလား တစ်စစီပြိုကွဲသွားရ၏။
ထို့နောက် သူ့ဓားကို ဓားအိမ်ထဲသို့ ဖျတ်ခနဲပြန်ထည့်လိုက်သည်။
ဓားကို ဓားအိမ်ထဲမှဆွဲထုတ် ခုတ်ပိုင်းကာ ပြန်ထည့်ရသည့် ရိုးရှင်းသည့်လှုပ်ရှားမှုမှာ သူအကြိမ်ပေါင်း ထောင်ချီ လေ့ကျင့်ခဲ့ဖူးသည်ထက် အဆတစ်ရာမက ပိုချောမွေ့သွားသည်ပင်။ ဓားပြန်သိမ်းချိန်တွင် ဓားချက်မှထွက်လာသောအလင်းတန်းပင် မပျောက်ချင်သေးပေ။
ထိုသို့လုပ်ဆောင်ပြီးနောက် နှေးကွေးနေသောအချိန်များမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး နာကျင်မှုများမှာလည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည်ပျောက်ကွယ်သွားသည်။
ထိုစဥ် လိန်ရှင်းနန်သည် စွမ်းအင်များစုစည်းထားသော လက်သီးတစ်ချက်ကို ပစ်ထိုးလိုက်ချိန်ဖြစ်ရာ သူမ၏လက်သီးမှ စွမ်းအားလှိုင်းများ အရှိန်အဟုန်ဖြင့်ပေါက်ကွဲထွက်လာသလို ဖြစ်သွားလေသည်။
ဝုန်းခနဲ အသံနှင့်အတူ တုန်းဝမ်ခွင်းမှာ နောက်ဘက်ရှိနံရံဆီသို့ လွင့်စင်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ နံရံပေါ်ရှိ ပန်းချီကားများနှင့် ဆိုင်းဘုတ်များမှာ တစ်ခုပြီးတစ်ခု ပြုတ်ကျလာပြီး သူ့အပေါ်သို့ အပုံလိုက်ဖိမိသွားတော့၏။
ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ ရှန်ချွန်းဟယ်မှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေမိဆဲ။ သူဘာမှမမြင်လိုက်ရစဥ် တစ်ခဏလေးတွင် တုန်းဝမ်ခွင်းမှာ အရှိန်ပြင်းပြင်း လွင့်စင်သွားခဲ့ပြီဖြစ်သည်။
နျဲ့ယင်းကလည်း လိန်ရှင်းနန်ကို အံ့သြစွာကြည့်နေသည်။ လိန်ရှင်းနန်၏ ကျင့်စဉ်အဆင့်အတန်းကို သူမ သိထားသဖြင့် တစ်ကွက်တည်းနှင့် တုန်းဝမ်ခွင်းကိုအနိုင်ယူရန်မှာ မဖြစ်နိုင်ကြောင်းလည်းသိထားသည်။
လီနန်ခယ့်ကို မသိမသာ လှမ်းကြည့်မိလိုက်သော်လည်း ထိုသူ၏ဓားမှာ ဓားအိမ်ထဲတွင်ပင် လက်ရာခြေရာမပျက် ရှိနေသဖြင့် ဆက်တွေးမနေတော့ဘဲ လိန်ရှင်းနန်ကိုသာ ပြန်ကြည့်ကာ မနေနိုင်စွာချီးမွမ်းမိသည်။
"အရာရှိလိန်ရဲ့ကျင့်စဉ်က သိသိသာသာတိုးတက်လာတာပဲ"
ကာယကံရှင်ဖြစ်သူ လိန်ရှင်းနန်မှာမူ ဇဝေဇဝါဖြစ်နေဆဲပင်။
ဘာဖြစ်သွားတာလဲ။ ငါဘယ်လိုလုပ် ဒီလောက်အစွမ်းထက်သွားတာလဲ။
အသက်အန္တရာယ်ကြုံလာလို့ ငါ့ရဲ့ ကန့်သတ်ခံထားရတဲ့ပါရမီတွေ ပေါက်ကွဲထွက်လာတာလား။
ဆရာပြောခဲ့သလို ငါ့ပါရမီတွေ တစ်နေ့နေ့မှာပွင့်ထွက်လာလိမ့်မယ်ဆိုတာ မှန်နေတာပဲ။
တုန်းဝမ်ခွင်းမှာ မြေပြင်မှပြန်ထလာပြီး ခေါင်းများမူးနောက်နေသည်။ သူသည် ခေါင်းကို အတင်းခါယမ်းကာ လိန်ရှင်းနန်၏လက်ချက်ဖြင့် သူလွင့်စင်သွားသည်ကို သိလိုက်ရသောအခါ အလွန်အံ့သြပြီး ဒေါသတကြီးထအော်သည်။
"လိန်ရှင်းနန် နင်ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"
"ကျွန်မလူကို ဘယ်သူက အရင်စတင်စော်ကားခဲ့သလဲဆိုတာ ဒီမှာရှိတဲ့လူတိုင်းမြင်ပါတယ်"
လိန်ရှင်းနန်က အေးစက်စက်ဆိုသည်။
"ကျွန်မ ပြောပြီးသားပဲ၊ ကျွန်မလူကိုလာထိရင် ငြိမ်ခံနေမှာမဟုတ်ဘူးလို့၊ မကျေနပ်ရင်လည်း ဧကရာဇ်ရှေ့တော်မှောက်ထိ သွားကြတာပေါ့"
တုန်းဝမ်ခွင်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော်လည်း သူ ဘာမှမလုပ်နိုင်တော့ပေ။ ပြန်တိုက်ရန်လည်း မဝံ့သလို၊ နောက်ဆုတ်ရန်လည်း ခက်ခဲနေသည်။
ကံကောင်းထောက်မစွာဖြင့် ရှန်ချွန်းဟယ်က အချိန်မီဖျန်ဖြေပေးလိုက်သည်။
"တပ်မှူးတုန်း၊ အခု အရေးကြီးဆုံးက မင်းသမီးကို ဓားပြတွေ ဘယ်မှာဝှက်ထားသလဲဆိုတာ ရှာဖို့ပါပဲ။ ကျွန်တော် ခရိုင်တစ်ခုလုံးရဲ့ အဝင်အထွက်တွေကို ပိတ်ထားပြီးပါပြီ။ ဒီလောက်ကြီးတဲ့ ခေါင်းတလားကို အပြင်သယ်သွားဖို့ မဖြစ်နိုင်ပါဘူး။ လီနန်ခယ့်က ကျွန်တော့်ရုံးက ကိုယ်ရေးအရာရှိပါ၊ သူက အနာဂတ်လမ်းရှိတဲ့သူမို့လို့ ဓားပြတွေနဲ့ ပူးပေါင်းမှာမဟုတ်ပါဘူး။ စိတ်အေးအေးထားပြီး အဖြေရှာကြရအောင်..."
ရှန်ချွန်းဟယ်၏ ဖျန်ဖြေမှုကြောင့် တုန်းဝမ်ခွင်းသည် သံချိတ်ကိုပြန်သိမ်းလိုက်ပြီး အားမတန်မာန်လျှော့သည်။
"ငါ့မှာအခု အရေးကြီးကိစ္စရှိသေးတယ်၊ မင်းသမီးရှန်းယွမ်ကို ရှာတွေ့တဲ့အခါမှ ငါတို့ အေးဆေးစာရင်းရှင်းကြတာပေါ့"
မကျေမနပ် စကားနာထိုးခဲ့သော်လည်း ရင်ထဲတွင်မူ လိန်ရှင်းနန်ကို ကြောက်ရွံ့နေပြီဖြစ်သည်။ ဤအမျိုးသမီးမှာ အဖွဲ့သားတွေကို အလွန်ကာကွယ်တတ်ပြီး ဒေါသလည်းကြီးလေသောကြောင့် ရူးသွပ်သွားလျှင် ရှင်းရခက်သောကိစ္စများ ဖြစ်လာနိုင်သည်။ ထို့အပြင် ယခုအခါ သူမ၏ကျင့်စဥ်မှ မယုံနိုင်လောက်အောင်မြင့်မားနေသဖြင့် ဆက်ပြီးခြိမ်းခြောက်နေလို့လည်း အလုပ်မဖြစ်တော့ပေ။