← Chapters

မယ်မယ်ကြီးအဆူခံရခြင်း

Vol. 10 Ch. 99

မယ်မယ်ကြီးအဆူခံရခြင်း

Vol. 10 Ch. 99

တုန်းဝမ်ခွင်းမှာ ဒေါသမီးငွေ့အပေါ် ဆီလောင်းလိုက်သည့်အလား အလျှံတငြီးငြီးတောက်လောက်နေလေပြီ။ သူသည် ကုလားထိုင်တွင်ထိုင်ချကာ ရပ်နေသောလီနန်ခယ့်ကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်။

"ပြောစမ်း၊ သူတို့က ဒီနည်းလမ်းကိုသုံးပြီး မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်းကို လုယူမယ်ဆိုတာ မင်းကဘယ်လိုလုပ် တပ်အပ်သိနေရတာလဲ"

သို့သော် လီနန်ခယ့်ကတော့ မကြားယောင်ဆောင်ကာ တခြားကိစ္စတစ်ခုကို လေးနက်စွာစဉ်းစားနေသည်။

အပေါ်ယံကြည့်လျှင် လိန်ရှင်းနန်က တုန်းဝမ်ခွင်းကို လက်သီးဖြင့်ထိုးလွှတ်လိုက်သည်ဟု ထင်ရသော်လည်း တစ်ဖက်လူ၏ အကာအကွယ်စွမ်းအင်ကို မိမိ၏တိုက်ကွက်က အရင်ဖြိုခွင်းလိုက်ခြင်းဖြစ်ကြောင်း သူကောင်းကောင်းခံစားမိသည်။

တုန်းဝမ်ခွင်း၏ ကျင့်စဉ်အဆင့်မှာ အလွန်မြင့်မားပေမည်။ သို့မဟုတ်ပါက အထက်လူကြီးများက မင်းသမီးရှန်းယွမ်ကို စောင့်ရှောက်ရန်ဟူသော ဤမျှအရေးကြီးသည့်တာဝန်ကို ဘာကြောင့်လွှဲအပ်ရမည်နည်း။ လိန်ရှင်းနန်သည်ပင် သူ့ပြိုင်ဘက်နေရာတွင်မရှိ။

သို့သော် သူ၏ ဓားခုတ်ကျင့်စဉ်မှာ တတိယအဆင့်သို့သာရောက်ရှိသေးရာ ဤမျှပြင်းထန်သောစွမ်းအားမျိုး ရုတ်တရက်ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်လှပေးပေ။ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ၏လက်မောင်းရှိ မိစ္ဆာတက်တူးသာ ဖြစ်ရပေမည်။

လီနန်ခယ့်သည် တက်တူးရှိသောနေရာကို မသိမသာထိကြည့်လိုက်သည်။ စူးရှရှ နာကျင်မှုလေးက စွဲကျန်နေဆဲပင်။

"ငါက မိစ္ဆာရဲ့ စွမ်းအားတွေကို ဒီခန္ဓာမှာ ပြောင်းလဲအသုံးပြုနိုင်တာလား"

လီနန်ခယ့်မှာ တိတ်တဆိတ်ဝမ်းသာသွားပြီး ဟုတ်မဟုတ်စမ်းသပ်ကြည့်ရန် ဓားကိုထုတ်ကိုင်ဝှေ့ယမ်းချင်စိတ်များပါ ပေါက်လာတော့သည်။

လီနန်ခယ့်က အကြာကြီးစကားမပြောဘဲ ငြိမ်နေသည်ကိုမြင်သောအခါ တုန်းဝမ်ခွင်း၏မျက်နှာမှာ ပို၍ မှောင်ကျလာသည်။

နောက်ဆုံးတွင် နျဲ့ယင်းကသာ လီနန်ခယ့် အရင်ပြောခဲ့သောစကားများကို သူမနားမလည်သော နည်းပညာဆိုင်ရာအသုံးအနှုန်းများ ပါဝင်နေလင့်ကစား မချွင်းမချန်ပြန်ပြောပြလိုက်သည်။

တုန်းဝမ်ခွင်းလည်း နားမလည်ပါးမလည် တွေဝေသွားရပြန်၏။

သို့သော် သူစိတ်ပြန်ငြိမ်ကာ သတိဝင်လာချိန်၌ လီနန်ခယ့်နှင့် ထျန်ချုန်းဂိုဏ်းကို ပူးပေါင်းသည်ဟုစွပ်စွဲရအောင် လုံလောက်သောသက်သေမရှိသလို ဖြစ်နိုင်ချေလည်းမရှိကြောင်း နားလည်သွားသည်။ ဒေါသထွက်ထွက်ဖြင့် စားပွဲကို တစ်ချက်ပြင်းပြင်းထိုးချလိုက်ရာ လက်ဖက်ရည်ခွက်များ၏ ဂလောင်ဂလွမ်မြည်သံဖြင့် ဆူညံသွားခဲ့သည်။

သူ တစ်ခုခုပြောချင်သော်လည်း ဘာပြောရမည်မှန်းမသိသဖြင့် မျက်နှာပျက်ပျက်နှင့်သာ တိတ်ဆိတ်နေလိုက်တော့၏။

လီနန်ခယ့်၏ သတိပေးစကားကို နားမထောင်ခဲ့မိသည်အား ယခုမှ အကြီးအကျယ်နောင်တရမိနေဟန်ပင်။

ရှန်ချွန်းဟယ်က တုန်းဝမ်ခွင်းကို ဝက်ဦးနှောက်ဟု စိတ်ထဲတွင်ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ တတ်နိုင်သမျှ ကာကွယ်ပြောဆိုပေးနေသည်။

"ဒီသူခိုးတွေက အရမ်းဉာဏ်များတာပဲ။ တပ်မှူးမပြောနဲ့၊ တခြားဘယ်သူမှ သူတို့ဒီလိုလုပ်မယ်လို့ တွေးမိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကံကောင်းတာက ကျွန်တော်ဒီနေရာကို ပိတ်ဆို့ထားပြီးပြီမို့ သူတို့ထွက်သွားဖို့ မဖြစ်နိုင်ပါဘူး။ အိမ်တိုင်းကိုသေချာရှာမယ်၊ လိုအပ်ရင် မြေကြီးကို သုံးပေလောက်အထိတူးပြီးတော့တောင် ရှာမယ်ဆိုရင် မင်းသမီးရဲ့ ရုပ်အလောင်းကို ရှာတွေ့မှာပါ။ အဲဒါ... နန်ခယ့်..."

ရှန်ချွန်းဟယ်က လီနန်ခယ့်ကိုကြည့်ကာ ပြုံးလျက်မေးလိုက်သည်။

"မင်းမှာရော အကြံပြုချက်တစ်ခုခု ရှိမလား။ အားလုံးရှိတုန်း ပြောပေးပါဦး"

"အရာရှိမင်း၊ ကျွန်တော်မသိပါဘူးခင်ဗျာ"

လီနန်ခယ့်က မျက်နှာသေနှင့်ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။

အကြံပြုချက်ဟုတ်လား။

အခုလေးတင်ဒေါသထွက်ပြနေပြီးမှတော့ တစ်ခုခုသိနေရင်တောင် ပြောပြစရာအကြောင်းမရှိတော့ဘူး။

ဘာပဲဖြစ်ဖြစ် ဒီပြဿနာက အရိပ်နက်တပ်ဖွဲ့ရဲ့တာဝန်ပဲမဟုတ်လား၊ ငါနဲ့ဘာဆိုင်လို့ဝင်ကူပေးနေရမှာလဲ။

ရုံးတော်လောကတွင် နှံ့စပ်ကျင်လည်လာသော မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်နှင့်အညီ ရှန်ချွန်းဟယ်သည် လီနန်ခယ့်တစ်ယောက် စိတ်မကျေမနပ်ဖြစ်သွားသည်ကို မြင်နိုင်သည်ပင်။ သို့သော် တုန်းဝမ်ခွင်းရှေ့တွင် စည်းရုံးသိမ်းသွင်းလို့မရနိုင်သေး။ လေသံပျော့လေးဖြင့်သာ သူထပ်ပြောလိုက်သည်။

"ဒါဆိုရင် ရုံးတော်ရဲမက်တွေကိုဦးဆောင်ပြီး တပ်မှူးနှစ်ယောက်ကိုကူညီပေးမယ်ဆိုရင်ရော"

သူစကားအဆုံးမသတ်နိုင်သေးခင်မှာပင် လိန်ရှင်းနန်ဆီမှဖြတ်ချခံလိုက်ရသည်။

"ဝန်မင်းရှန်၊ လီနန်ခယ့်လည်း သူ့အလုပ်နဲ့သူမအားလပ်နေပါဘူး။ မင်းသမီးရှန်းယွမ်အလောင်းကိုရှာဖို့ကိစ္စအတွက် တခြားတစ်ယောက်ကိုတာဝန်ပေးလိုက်တာကောင်းပါမယ်"

ထိုသို့ဆိုပြီး လီနန်ခယ့်ကိုခေါ်ကာ ခန်းမထဲမှတန်းထွက်သွားလေတော့သည်။

ရှန်ချွန်းဟယ်ကြီးမှာတော့ ကို့ရို့ကားရားဖြင့်သာ အကြောင်သားကျန်ရန်ခဲ့တော့လေသည်။

တုန်းဝမ်ခွင်း၏ မျက်နှာမည်းကြီးကိုမြင်တော့ ရှန်ချွန်းဟယ်က အားနာပါးနာဖြေသိမ့်လိုက်သည်။

"တပ်မှူးစိတ်အေးအေးထားပါ။ ဒီငယ်သားက ရဲမက်တွေစေလွှတ်ပြီး တစ်မြို့လုံးအနှံ့ မြေလှန်ရှာခိုင်းလိုက်ပါ့မယ်"

"အဲ့ဒီလီနန်ခယ်က အရမ်းဉာဏ်ကောင်းတာပဲလား"

နျဲ့ယင်းက ရုတ်တရတ်ဝင်မေးလာသည်။

ရှန်ချွမ်းဟယ် အံ့သြသွားပြီး စိတ်ထဲပြောမိသည်။ အခုလေးတင် သူဘယ်လောက်ဉာဏ်ကောင်းသလဲဆိုတာ တပ်မှူးမျက်မြင်တွေ့လိုက်ရပြီမဟုတ်လား။

ရှန်ချွန်းဟယ်ကပြုံးလျက် ခေါင်းညိတ်သည်။

"အမှုကိစ္စတွေဖြေရှင်းတဲ့နေရာမှာတော့ သူကအတော်လေးလုပ်ရည်ကိုင်ရည်ရှိပါတယ်။ အရင်ကတော့အလောင်းစစ်သမားတော်လေးပါပဲ။ ဒါပေမဲ့ အဲ့ကောင်လေးကသာမန်အလောင်းစစ်တွေနဲ့ မတူထူးခြားတာကိုမြင်မိတာကြောင့် ကျွန်တော်ကပဲ စည်းမျဥ်းတွေကိုချိုးဖောက်ပြီး သူ့ကိုအနားခေါ်ထားလိုက်တာ။ ပုံမှန်မဟုတ်တဲ့အမှုကိစ္စတွေကအစ နိုင်နိုင်နင်းနင်းဖြေရှင်းပေးနိုင်ခဲ့တာကြောင့် အခြေခံလူတန်းစားတွေ အားကိုးချီးမြှောက်ကြတဲ့အရာရှိပါပဲ"

"နှမြောစရာကောင်းတာက ညကင်းလှည့်တပ်ဖွဲ့ခေါင်းဆောင် အရာရှိလိန်ကလည်း သူ့ကိုမျက်စိကျသွားခဲ့တယ်လေ"

"အရာရှိလိန်ဆိုတာလည်း ပါရမီရှင်တွေကိုရှာတဲ့နေရာမှာ အလွန်အမြင်စူးရှတာပဲကိုး၊ သူကလည်း ဒီကလေးမှာ ကြီးကျယ်တဲ့အနာဂတ်တစ်ခုရှိလိမ့်မယ်လို့ယုံကြည်တာကြောင့် ရအောင်ယူသွားခဲ့တာ။ ကျွန်တော်လည်း ပေးလိုက်ရမှာနှမြောပေမဲ့ သူ့အနာဂတ်ကိုငဲ့ပြီး လွှတ်ပေးလိုက်ရတော့တာပါပဲ"

နျဲ့ယင်း၏မျက်နှာအမူအရာက တည်ငြိမ်အေးဆေးကာ နားထောင်ရုံသာနားထောင်ပြီး ဘာမှထပ်မေးမလာတော့။

တုန်းဝမ်ခွင်းက အေးစက်စက်နှာခေါင်းရှုံ့သည်။

"ဘယ်လိုပါရမီမျိုးမလို့လဲ။ ကောင်လေးချောချောတွေ့တာနဲ့ လောဘတကြီးလာဆွဲခေါ်သွားတာပဲမဟုတ်ဘူးလား"

ထိုသို့ပြောဆိုပြီး ခန်းမထဲမှ ဒေါသတကြီးထထွက်သွားလေသည်။

...

ခရိုင်ရုံးမှ ထွက်လာပြီးနောက် လီနန်ခယ့်မှာ သက်ပြင်းအရှည်ကြီးချမိသည်။

သူ့မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်နေဟန်ကိုမြင်တော့ လိန်ရှင်းနန်အသံပျော့သွားသည်။

"ဒီရက်တွေထဲတော့ ကျွန်မတို့ဌာနပဲ လာနေလိုက်ပါ"

"ကျေးဇူးပါ"

လီနန်ခယ့်က သဘောလည်းမတူ၊ ငြင်းဆန်ဟန်လည်းမရှိစွာ တုံ့ပြန်သည်။

သူအင်္ကျီလက်စကိုလိပ်တင်ကာ လက်မောင်းပေါ်ရှိမိစ္ဆာတက်တူးအား တစ်ချက်ကြည့်လိုက်သည်။ အရင်နှင့်စာလျှင်တော့ အတော်လေးဖျော့တော့သွားဟန်ပင်။

ထိုဓားချက်သည် မိစ္ဆာအစွမ်းကို အမှန်တကယ် ချေးယူအသုံးပြုလိုက်ပုံပင်။

လိန်ရှင်းနန်က နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်ကာ အသံတိုးတိုးလေးဖြင့် ခပ်ပြတ်ပြတ်ဆိုလာသည်။

"မင်းသမီးရှန်းယွမ်ကိစ္စမှာတော့ ရှင်ထပ်ဝင်ပါလို့မရတော့ဘူးနော်။ ဒီရေနက်က ရှင်ခြေထောက်လို့မီနိုင်တဲ့အတိုင်းအတာမဟုတ်ဘူး။ ဒီလိုနဲ့မြုပ်လိမ့်မယ်"

"စိတ်မပူနဲ့ ကျွန်တော်လုပ်နေတာ ကျွန်တော်သိပါတယ်"

ထိုအမျိုးသမီး သူ့အတွက်စိတ်ပူပေးနေကြောင်းသိသဖြင့် လီနန်ခယ့် ရင်ထဲနွေးထွေးသွားသည်။

"ကျွန်တော်လည်း အဲ့လောက်အနစ်နာခံပေးဖို့ စိတ်ကူးမရှိပါဘူး။ အစောကသူ့ကိုသတိပေးလိုက်တာကလည်း နောက်ပိုင်းသံသယဝင်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ အဲ့လူရဲ့ဉာဏ်ရည်ကိုတော့ ဒီ့ထက်ပိုကောင်းလိမ့်မယ်ထင်ခဲ့မိတာပေါ့"

"သူ့မှာ ကျောထောက်နောက်ခံတွေရှိလို့ ဒီလောက်မြန်မြန်အမြင့်ရောက်သွားတာလေ" အမျိုးသမီးကဆိုသည်။

"သေချာတာပေါ့"

လီနန်ခယ့် ထိုအချက်ကို ခန့်မှန်းနိုင်ခဲ့သည်ပင်။ သူရယ်လိုက်သည်။

"ဒီလိုဖြစ်စဥ်တွေကတော့ ပုံမှန်လိုကိုဖြစ်နေပြီ။ ကျွန်တော်ဆိုလည်း ခင်ဗျားနောက်ဖေးတံခါးကနေ ဝင်လာခဲ့ရတာပဲမလား"

"ရှင်က ကိုယ့်အစွမ်းအစနဲ့ကိုယ်တက်လာတဲ့သူပါ"

လိန်ရှင်းနန်က သူ့စကားကို တင်းမာပြတ်သားစွာ ပြန်လည်ပြင်ဆင်သည်။

သေချာပေါက် သူ့အစွမ်းအစကို အတော်လေးအသုံးပြုခဲ့ရသည်ပင်။

လီနန်ခယ့်က နောက်ပြောင်လိုက်သည်။

"ကျွန်တော့်အစွမ်းအစကို အရိပ်နက်တပ်ဖွဲ့တွေမျက်စိကျမသွားတာပဲ တော်သေးတာပေါ့။ မဟုတ်ရင် အသက်ဆက်ရှင်နေဖို့တောင်မသေချာဘူး။ ညကင်းလှည့်တပ်ဖွဲ့ထဲဝင်ပြီးရင်လည်း ကျွန်တော်ပြဿနာတွေပဲရှာမိနေမလား မပြောတတ်ဘူး"

လိန်ရှင်းနန်၏နှုတ်ခမ်းများက ကွေးညွှတ်သွားခဲ့သည်။

"ရှင့်နောက်မှာကျွန်မရှိပါတယ်။ အလုပ်သာကြိုးစားလုပ်"

"ဒီလိုဆိုလည်း ကျွန်တော့်ကိုကာကွယ်ပေးတဲ့အတွက် အစ်မလိန်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ"

လီနန်ခယ့်ကခပ်နောက်နောက်ဖြင့် လက်ယှက်ကာအရိုအသေပြုသည်။

လိန်ရှင်းနန်၏လေသံကတော့ ခပ်တည်တည်သာ။

"ဟယ့်ပန်ကျွင်းပြောသွားတဲ့ ကိစ္စအကြီးကြီးဆိုတာ ဒီတစ်ခုပဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ဘာကြောင့် ရှင့်ကိုဒီလိုကြိုပြောပြသွားတာလဲဆိုတာ ကျွန်မစဥ်စားလို့မရသေးဘူး။ တကယ်ဆို ရှင်ကလိုက်ပိတ်မှာကို သူကစိုးရိမ်နေရမှာမဟုတ်လား။ "

"ကျွန်တော့်မှာ သူ့ကိုတားနိုင်လောက်အောင် အရည်အချင်းမရှိဘူးလေ"

လီနန်ခယ့်က ပြုံးလျက်ခေါင်းယမ်းလိုက်သည်။

"အရင်ကဖြစ်ခဲ့တဲ့ ချင်ချင့်အိမ်မက်ဆိုးကိစ္စနဲ့ပါ တွဲစဉ်းစားကြည့်ရင် သူက အပြစ်မရှိတဲ့လူတွေ ဒုက္ခမရောက်အောင် ကျွန်တော့်ကိုသုံးပြီး ကြိုတင်ရွှေ့ပြောင်းခိုင်းတာလို့ ထင်တာပဲ"

"နောက်ပြီး ကျွန်တော်လူတွေကို ဘေးကင်းရာရွှေ့ပြီးချိန်လောက်မှ မြေပြိုမှုစတင်တာလေ၊ သူတစ်နေရာရာကနေ ကျွန်တော့်ကိုလျှို့ဝှက်စောင့်ကြည့်နေတာပဲဖြစ်မယ်။ ကျွန်တော့်ဘက်က ကိုယ့်ဘာသာမဆက်စပ်နိုင်ခဲ့ရင်တောင် သူကိုယ်တိုင်လာပြောပြမဲ့ပုံရှိတယ်"

"သူ့အစီအစဥ်ကိုလည်း မထိခိုက်စေဘဲ လူတွေလွတ်အောင်ပြေးဖို့လည်း အချိန်စီစဥ်ပေးထားခဲ့တာပဲ"

"ဒီလိုဆိုရင်တော့ ဟယ့်ပန်ကျွင်းက သိပ်မဆိုးဘူးဆိုရမှာပဲ"

လိန်ရှင်းနန်၏မျက်နှာထားက တစ်မျိုးရှုပ်ထွေးနေဟန်ရှိသည်။

လီနန်ခယ့်ကဆိုသည်။

"တကယ်တော့အဲ့ဒါကြီးက အန္တရာယ်များပါတယ်။ တုန်းဝမ်ခွင်းသာ ကျွန်တော်ပြောသမျှယုံပြီး ရထားကိုရွှေ့လိုက်မယ်ဆိုရင် သူ့အစီအစဥ်တွေအကုန် ဖျက်ဆီးခံလိုက်ရပြီးဖြစ်သွားမှာ။ ကံကောင်းတာက တုန်းဝမ်ခွင်းကလည်း အရမ်းပူးပေါင်းပေးခဲ့တာကိုး။ ကြည့်ရတာ အဲ့ဒီတပ်မှူးရဲ့ တုံးအအတွေးခေါ်ပုံကိုပါ သူသိထားပြီးသားဖြစ်လောက်မယ်"

လိန်ရှင်းနန် မတတ်နိုင်စွာ သက်ပြင်းချလိုက်မိသည်။

"ထက်မြက်ပြီးရဲရင့်တဲ့ မိန်းမမျိုးပဲ"

လီနန်ခယ့်က ခဏရပ်စဥ်းစားလိုက်ပြီးမှ စကားဆက်သည်။

"တစ္ဆေနတ်ဘုရားလှံတံကလည်း ထျန်ချုန်းဂိုဏ်းနဲ့ ပူးပေါင်းပြီးလောက်ပြီလို့ ကျွန်တော်ထင်တယ်"

"တစ္ဆေနတ်ဘုရားလှံတံကလား"

လိန်ရှင်းနန်မှာ တအံ့တသြဖြစ်သွားရသည်။

"မဖြစ်နိုင်ဘူးနော်။ အဲ့ဒီအမျိုးသမီးက တစ်ချိန်လုံး တစ်ကိုယ်တော်ဝံပုလွေလို လှည့်လည်နေခဲ့တာ။ မာနကလည်းကြီးကြီးနဲ့၊ တခြားအဖွဲ့နဲ့ပူးပေါင်းမဲ့သူမျိုးမဟုတ်ဘူး"

"မင်းသမီးရှန်းယွမ်ရဲ့အလောင်းကို ခိုးယူဖို့ဆိုရင်တော့ သူလည်းပူးပေါင်းဖို့ပဲရှိတော့တယ်လေ"

လီနန်ခယ့်က ဝေဖန်ပိုင်းခြားကြည့်သည်။

"ပူးပေါင်းမှုမရှိဘူးဆိုရင်တောင် ထျန်ချုန်းမှာ အတွင်းလူတစ်ယောက်တော့ ချထားလိမ့်မယ်ထင်တယ်။ မဟုတ်ရင် ဒီလောက်တင်းကျပ်တဲ့အစီအစဥ်ကို သူသိနေစရာအကြောင်းမရှိဘူး"

"ဟုတ်တာပဲ"

လိန်ရှင်းနန်က ခေါင်းညိတ်သည်။

"စကားမစပ် ယုန်မ‌လေးနဲ့တခြားသူတွေ ဘယ်ရောက်နေကြလဲ"

လီနန်ခယ့် ထိုအကြောင်းကို ထပ်မပြောလိုတော့သောကြောင့် စကားလွှဲလိုက်သည်။

"သူတို့ ပျောက်နေတဲ့မိုးနီသေတ္တာကို သွားရှာနေကြတယ်လေ"

လိန်ရှင်းနန်က ခြေထောက်အောက်မှကျောက်ခဲလေးကို ကန်လိုက်ရင်း မျက်နှာလှလှလေးတွင် စိုးရိမ်စိတ်များထင်ဟပ်လာသည်။

"တိမ်တိုက်မြို့တော်ကိုလည်း အကြောင်းကြားထားပြီးပြီ၊ သူတို့ လူအင်အားထပ်လွှတ်ပြီး ဝိုင်းရှာကြလိမ့်မယ်"

"ရှာတွေ့ဖို့ကတော့ တော်တော်ခက်လောက်မယ်ထင်တယ်"

အမျိုးသားက ရင်ဘတ်ထဲသိမ်းဝှက်ထားသော မိုးနီခဲလေးများကိုအသာစမ်းသပ်ရင်း ခပ်တိုးတိုးဆိုလေသည်။

...

သူတို့လမ်းခွဲလိုက်ပြီး လီနန်ခယ့်အိမ်ပြန်လာခဲ့သည်။

ခြံဝင်းငယ်လေးဆီသို့ ရောက်သည့်အချိန်မှာပင် သူစိမ်းအမျိုးသမီး လှလှလေးတစ်ယောက် မြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်ချကာ ငန်းမမကြီးကိုအသာထိပွတ်လျက် တစ်စုံတစ်ခုကို တိုးတိုးလေးကပ်ပြောနေသည်အား တွေ့လိုက်ရ၏။

လီနန်ခယ့် မျက်နှာချက်ချင်းပျက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဟေ့ ပိုက်ဆံမရှိရင် အဲ့ငန်းကိုမထိရဘူးနော်"

All Chapters