အခန်း (၄၁၅-၄၁၆)
Vol. 40 Ch. 415-416
အပိုင်း(၄၁၅)
မဟာမိတ် ကတိ
မဟာမိတ်သတင်းကိုကြားပြီးသောအခါ ရှို့ယိဘုရားကျောင်းသခင် ချန်ရှောင်ချိုး လေးနက်သွားခဲ့သည်။
အဇူရာတိမ်ဂိုဏ်းတစ်ခုတည်းကပင် အန္တရာယ်များနေပြီဖြစ်ပြီး အခုတော့ သူတို့က မဟာမိတ် ၃ခုပင် ရှိသွားခဲ့ချေပြီ။
ကမ္ဘာ့မြေပုံကို ကြည့်ရင်း ချန်ရှောင်ချိုးအမူအရာ ပိုပိုပျက်လာခဲ့သည်။ သူတိုပတ်ပတ်လည်တွင်ရှိနေသည်မှာ လန်ကျားအထွတ်အမြတ်မြေ မဟာနှင်းတောင်ဂိုဏ်းနှင့် ယွင်မုန့်စိမ့်တောတို့ဖြစ်၏။ အကယ်၍ မဟာနှင်းတောင်ဂိုဏ်းကပါ အဇူရာတိမ်ဂိုဏ်းနှင့် ပူးပေါင်းသွားခဲ့လျှင် သူတို့သည် ထောင်ချောက်ထဲ ပိတ်မိသွားပေတော့မည်။
အတန်ကြာတွေးတောပြီးနောက် သူယွင်စုန့်ကို မဟာနှင်းတောင်ဂိုဏ်းနှင့် တကယ့်စစ်မှန်သော မဟာမိတ်များဖြစ်လာစေရန် ဆွေးနွေးခဲ့ဖို့ မဟာနှင်းတောင်ဂိုဏ်းဆီ လွှတ်လိုက်လေသည်။ ထိုသို့မလုပ်လျှင် သူတို့ ဂိုဏ်းအခြေအနေက အန္တရာယ်တောထဲ ကျသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယွင်ရှောင်နန်းတော်လည်း ဖိအားကိုခံစားနေခဲ့ရ၏။ သူတို့ပတ်ပတ်လည်တွင် လန်ကျားအထွတ်အမြတ်မြေ ယွင်မုန့်စိမ့်တော ပင်လယ်ကောင်းကင်မျှော်စင် ကောင်းကင်နှလုံးသားကျွန်းနှင့် ချိတ်ဆက်နေသည့် ပင်လယ်ပြင်တို့ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် တားမြစ်နယ်မြေကို မျက်နှာချင်းဆိုင်ထားရင်း အဇူရာတိမ်ဂိုဏ်း မဟာမိတ်များ၏ ၀န်းရံပိတ်ဆို့ခြင်းကို ခံထားရသလို ဖြစ်နေခဲ့၏။
ထိုကိစ္စကြောင့် ယွင်ရှောင်နန်းတော်ထဲတွင် စိတ်၀မ်းကွဲမှုများ ဖြစ်ပေါ်နေခဲ့သည်။ အချို့ကတော့ သူတို့နှင့်အဇူရာတိမ်ဂိုဏ်း၏ ရန်ငြှိုးက သိပ်မနက်ရှိုင်းသောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိုချောမွေ့စေရန်နှင့် အနာဂတ်အန္တရာယ်များကို ရှောင်ရှားနိုင်ရန် အဇူရာတိမ်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့သင့်သည်ဟု ယူဆနေခဲ့ကြ၏။
အချို့ကတော့ ထိုအယူအဆကို ဆန့်ကျင်ကြသည်။ အဇူရာတိမ်ဂိုဏ်းသည် အပေါ်ယံတွင်အဆင်ပြေနေပုံပေါက်သော်လည်း သူတို့အတွင်းပိုင်းပဋိပက္ခများက မသေးလှပေ။ ဂိုဏ်းသည် အမတရတနာများနှင့် မတည်မြဲသောမိစ္ဆာများ၏ခွန်အားအပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်၏။ ထို့အပြင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျိုးရွှမ်ရှန်းကလည်း မကြာခင် အစစ်အမှန်အမတ ဖြစ်လာနိုင်နေသေးသည်။ သူ့ကိုဆန့်ကျင်ပြီး အဇူရာတိမ်ဂိုဏ်းဘက်တွင် ရပ်တည်ခြင်းက အန္တရာယ်များလွန်းလှသည်။
နန်းတော်သခင်ထင်မြင်ချက်များကို တိတ်တဆိတ်သာနားထောင်နေခဲ့၏။ နှစ်ဖက်လုံး၏ ထင်မြင်ချက်များက အဓိပ္ပာယ်ရှိပေသည်။
အတန်ကြာအောင် ဆွေးနွေးပြီးနောက်တွင်တော့ သူတို့ ဘယ်ဘက်ကိုမှ မပါဖို့သာ ဆုံးဖြတ်လိုက်၏။ သူတို့အဇူရာတိမ်ဂိုဏ်းနှင့်မပူးပေါင်းသလို ဆန့်ကျင်မှာလည်း မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့ပတ်ပတ်လည်က ဂိုဏ်းများဖြစ်သော လန်ကျားအထွတ်အမြတ်မြေ ကောင်းကင်မျှော်စင်ကျွန်းတို့နှင့် ဘာပဋိပက္ခမှမဖြစ်အောင် ရှောင်ရှားရပေမည်။ ဒါမှသာ သူတို့ကုန်သွယ်ရေးလမ်းကြောင်း ချောေမွ့နိုင်ပေလိမ့်မည်။
ထိုစဉ် ကောင်းကင်နှလုံးသားကျွန်းနှင့်ပင်လယ်ကောင်းကင်မျှော်စင် အဇူရာတိမ်ဂိုဏ်းနှင့် တရား၀င်ပူးပေါင်းသွားပြီဟူသော သတင်းကြောင့် ကျိုးကျွင်းချန် လုံး၀ တုန်လှုပ်သွားခဲ့ရသည်။ အဇူရာတိမ်ဂိုဏ်းသည် အခုလေးတင် ကပ်ဘေးဖြတ်ကျော်ထားခဲ့ခြင်းဖြစ်ပြီး အခုပဲ နောက်ပပ်အင်အားကြီးဂိုဏ်းနှစ်ဂိုဏ်းက သူတို့နှင့် တရား၀င်ပူးပေါင်းသွားခဲ့ပြန်၏။ သူတို့တိုးတက်မှုက ရပ်တန့်မရတော့ပေ။
ထိုသတင်းက ဘယ်လောက်အရေးကြီးလဲ သိသောကြောင့် သူချက်ချင်း ထိုကိစ္စကို ကျိုးရွှမ်ရှန်းကို သတင်းပို့ဖို့ လုပ်လိုက်သည်။ ကျိုးရွှမ်ရှန်းတံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် သူအခန်းအပြင်မှသာ သတင်းပို့ရ၏။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ကျိုးရွှမ်ရှန်းနောက်ဆုံးတွင် အေးစက်စက်ပြန်ပြောလိုက်လေသည်။
“၁၅နှစ်အတွင်း ငါအစစ်အမှန်အမတအဆင့်ကို တက်လှမ်းတော့မယ်လို့ ကမ္ဘာကြီးကို ထုတ်ပြန်လိုက်”
သူ့အမြင်တွင် စစ်မှန်သောခွန်အားကသာ အားလုံးကို အောင်နိုင်သော အရာဖြစ်၏။ သူသာ အစစ်အမှန်အမတဖြစ်သွားခဲ့လျှင် မဟာမိတ်ဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်တော့ပေ။
ထိုသတင်းက ချက်ချင်းဆိုသလို အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အစက ကြားနေဂိုဏ်းများက ၀မ်လင်းဂိုဏ်းကို ပိုကပ်လာခဲ့ကြပြီး အဇူရာတိမ်ဂိုဏ်း၏ မဟာမိတ်များကလည်း အများကြီး ပိုပြီးသတိထားလာခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းတွင် ယိလင် ကျန်းယန်နှင့်ထိုကိစ္စကို ဆွေးနွေးနေခဲ့သည်။ သူမလေးလေးနက်နက်မေးလိုက်၏။
“တကယ်လို့ ကျိုးရွှမ်ရှန်း အစစ်အမှန်အမတအဆင့်ကိုရောက်သွားရင် သူ့ပထမဆုံးပစ်မှတ်က အဇူရာတိမ်ဂိုဏ်းဖြစ်လာမှာပဲ ရှင်ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
ကျန်းယန်အေးအေးဆေးဆေးပြုံးလိုက်သည်။
“အစစ်အမှန်အမတလေးတစ်ယောက်လောက်နဲ့ ငါ့ကိုခြောက်ဖို့ မလုံလောက်သေးဘူး”
မိစ္ဆာဧကရာဇ်လိုတည်ရှိမှုများအကြောင်း ကြားပြီးကတည်းက ကျန်းယန် ထိုအဆင့်လောက်ကို မကြောက်တော့ပေ။ သူတို့အတွက်က အခြေအနေများအရမ်းဆိုးလာလျှင် ၀င်္ကပါထဲက မိစ္ဆာတွေအားလုံးကို လွှတ်ပေးလိုက်ရုံသာ။
ယိလင်ကျန်းယန်ကိုကြည့်ကာ အံ့အားသင့်သွားခဲ့၏။ ကြည့်ရတာ အဇူရာတိမ်ဂိုဏ်းက သူမမသိသော ဝှက်ဖဲတစ်ချပ်ချပ်ကို ကိုင်ထားပုံပင်။
ထို့နောက် သူမ ကောင်းကင်နှလုံးသားကျွန်းကိုခြိမ်းခြောက်ခဲ့သော ၀တ်ရုံနက်အကြောင်း ပြောပြလိုက်သည်။ ထိုရန်သူကို အနာဂတ် ၁၅နှစ်ဆီပို့လိုက်ပြီဖြစ်သော်လည်း အန္တရာယ်က ကျန်ရှိနေတုန်းပင်။ အခုသူတို့က မဟာမိတ်တွေဖြစ်သွားပြီဖြစ်သောကြောင့် အဇူရာတိမ်ဂိုဏ်းက အနာဂတ်တွင် သူတို့နှင့်အတူ ထိုရန်သူကို ရင်ဆိုင်ပေးဖို့ သူမ မျှော်လင့်နေခဲ့မိသည်။
ကျန်းယန် တုန့်ဆိုင်းခြင်းမရှိခေါင်းငြိမ့်ပြလိုက်၏။
“အချိန်ကျလာရင် ကျွန်တော်ကိုယ်တိုင် မိစ္ဆာငါးယောက်ကို ဦးဆောင်ပြီး ကူညီပေးပါ့မယ်”
ယိလင်ကျန်းယန်အမူအရာကိုေသချာအကဲခတ်ပြီးမှ နောက်ဆုံးတွင် စိတ်အေးသွားခဲ့ရသည်။
“ကောင်းတယ် ဒီစကားကို ရှင့်ကတိအဖြစ်မှတ်ယူထားလိုက်မယ်”
ကျန်းယန်ခပ်ပေါ့ပေါ့ရယ်မောလိုက်ကာ ထရပ်လိုက်၏။
“တာအိုမိတ်ဆွေအချိန်ကိုက်ရောက်လာခဲ့တာပဲ ဒီညက အဇူရာတိမ်မြို့အတွက် အရေးကြီးတဲ့ညဗျ”
“ပွဲတော်တစ်ခုခုရှိလို့လား” ယိလင်စိတ်၀င်တစားမေးလိုက်သည်။
“အဇူရာတိမ်မြို့က ကမ္ဘာ့ပထမဆုံး ဘယ်တော့မှမအိပ်စက်တဲ့မြို့ ဖြစ်လာမယ့် ညပေါ့ဗျာ”
ထို့နောက် သူအမိန့်ပေးလိုက်၏။
“ဂျူနီယာညီလေးကျန်း မြို့ကိုအလင်းပေးလိုက်”
အပိုင်း(၄၁၆)
မီးမငြိမ်းမြို့
အဇူရာတိမ်မြို့၏ အဓိကလမ်းမကြီးများထက်တွင် မီးအိမ်များက တစ်ခုပြီးတစ်ခု ပွင့်လာခဲ့သည်။ မကြာခင်မှာပင် လူရှုပ်လှသော ဈေးများနှင့် ရင်ပြင်များတွင် လင်းထိန်သွားခဲ့ပြီး အမှောင်ထုသည် အလင်းပင်လယ်ကြီး၏ အစားထိုးခြင်းကို ခံလိုက်ရ၏။ အချို့လမ်းများဆိုလျှင် နေ့အချိန်လိုပင် လင်းထိန်နေခဲ့ကြသည်။
မြို့ထဲရှိလူတိုင်း ငေးကြောင်နေခဲ့ကြ၏။
ဤနေရာသည် သာမန်လူများကို ဘယ်သူမှတန်ဖိုးမထားသော ကျင့်ကြံခြင်းကမ္ဘာကြီး ဖြစ်သည်။ ဘယ်သူကမှ သူတို့မြို့များလမ်းများကို မီးထွန်းပေးဖို့ စိတ်မ၀င်စားသလို သူတို့ဘ၀ကို တိုးမြှင့်ပေးဖို့လည်း စိတ်မ၀င်စားပေ။ အစွမ်းထက်ကျင့်ကြံသူများအတွက် မီးအိမ်ဆိုသည်မှာ မလိုအပ်သောအရာသာဖြစ်ပြီး လူအများစုအတွက်လည်း မီးအိမ်သည် သူတို့မတတ်နိုင်သည့် အလွန်ဈေးကြီးသော ရတနာတစ်ခုဖြစ်သည်။
သို့သော်အခုတော့ အဇူရာတိမ်ဂိုဏ်းက အားလုံးအတွက် မြို့တစ်မြို့လုံးကို လင်းထိန်နေအောင် လုပ်ပေးခဲ့ချေပြီ။
လူများက အိမ်များထဲမှ သတိထား၍ ထွက်လာခဲ့ကြ၏။ ကလေးငယ်များဆိုလျှင် အမတမှော်ပညာကို မြင်ရသည်ဆိုပြီး စိတ်လှုပ်ရှားစွာပင် မြူးထူးအော်ဟစ်နေခဲ့ကြသည်။ ဈေးသိမ်းဖို့ပြင်နေကြသော ဈေးသည်များကလည်း တစ်မြို့လုံးလင်းထိန်နေသည်ကို မြင်ပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့ဆိုင်များကို ပြန်ဖွင့်ခဲ့ကြပြီး မြို့ကြီးက ညအချိန်တွင်ပင် ပြန်လည်စည်းကားလာခဲ့ကာ တစ်မြို့လုံးလည်း အပျော်များဖြင့် ပြည့်နေခဲ့၏။
မရေတွက်နိုင်သည့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများသည် တောက်ပနေသော လမ်းများပေါ်တွင် တိတ်တဆိတ်လမ်းလျှောက်နေခဲ့ကြရင်း မှော်မီးအိမ်များကို အံ့အားတကြီး ကြည့်ရှုနေခဲ့ကြသည်။
ထိုရတနာများက ဘယ်လောက်အဖိုးတန်လဲ ဆိုတာ သူတို့က သာမန်လူများထက် ပိုသိကြ၏။ ထိုကဲ့သို့ မီးအလင်းပေးနိုင်ဖို့က မှော်အသုံးအဆောင်ပစ္စည်းတစ်ခုခုလိုအပ်သလို စွမ်းအင်အတွက် စိတ်ဝိညာဉ်ကျောက်တုံးထည့်သုံးဖို့လည်း လိုအပ်ပေသည်။ သို့သော် အဇူရာတိမ်ဂိုဏ်းကတော့ ထိုအရာများအားလုံး အကုန်အကျခံကာ မြို့သူမြို့သားများအားလုံးအတွက် မီးအလင်းပေးခဲ့၏။
ထိုအခိုက်တွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအတော်များများ ဤမြို့တွင်အေခြချဖို့ စိတ်ပိုင်းဖြတ်လိုက်ကြသည်။ သူတို့တွင် အိမ်ရှိနေပြီဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်းရှိကာ ကျင့်ကြံခြင်းသင်ခန်းစာများပင် နားထောင်ရသေးသည်။ ယခုဆိုလျှင်မြို့၏ ညအချိန်ကပင် နေ့အဖြစ်ပြောင်းလဲသွားခဲ့ချေပြီ။သူတို့အဖို့ ကမ္ဘာပေါ်ရှိ ဘယ်နေရာကမှ ဤနေရာနှင့်ယှဉ်နိုင်တော့မည် မဟုတ်ပေ။
အဇူရာတိမ်ဂိုဏ်းအကြီးအကဲများ မြို့အထက်မှ မြို့ထဲရှ်ိ အဆုံးမဲ့သောမီးအလင်းများကိုတိတ်တဆိတ်ကြည့်ရှုနေခဲ့ကြသည်။ သူတို့နတ်အာရုံဖြင့် မြို့ထဲရှ်ိပျော်ရွှင်နေသောသူများကိုလည်း မြင်နေခဲ့ရ၏။ ထိုအခါမှသာ ကျန်းယန်ဘာလို့ ဤမီးအိမ်များကို အရင်းအမြစ်များစွာ အကုန်ကျခံပြီး ပြုလုပ်ခဲ့လဲဆိုတာ သူတို့နားလည်သွားခဲ့ကြသည်။
ကျန်းယန်ဘေးရှ်ိ ယိလင် မီးများလင်းထိန်နေသောမြို့ကြီးကို အလွန်အံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
“ကျွန်မကုန်းမြေတိုက်ကြီးတွေ အများကြီးဆီ အလည်ရောက်ခဲ့ဖူးတယ်” သူမနူးညံ့စွာပြောလိုက်သည်။
“ဒါပေမယ့် အဇူရာတိမ်မြို့ထက်ကောင်းတဲ့မြို့မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ထိုအခိုက်တွင် ကျန်းယန်၏သာမန်လူများကို ကူညီချင်သည်ဟူသော အိပ်မက်ကို သူမစတင်ယုံကြည်လာခဲ့သည်။ သာမန်လူများအတွက် မြို့တစ်မြို့လုံးကို အလင်းပေးပစ်သော သူတစ်ယောက်သည် ထိုကဲ့သို့သောစကားမျိုးကို လိမ်ညာထွက်ဆိုလိမ့်မည် မဟုတ်ပေ။
အသာအယာပြုံးနေသော ယိလင် ကောင်းကင်နှလုံးသားကျွန်းနှင့်အဇူရာတိမ်ဂိုဏ်း၏ ပူးပေါင်းမှု ပိုမိုခိုင်မြဲသွားစေရန် အဇူရာတိမ်မြို့တွင် တခဏနေဦးမည် ဟုပြောခဲ့၏။ ကုန်သွယ်ရေးကိစ္စများကိုတော့ သူမ ၀မ်ချင်းဆီလွှဲထားလိုက်သည်။
ထို့အပြင် ကျန်းယန်ကလည်း နောက်၁၅နှစ်တွင်ကပ်ဘေးကျရောက်လာလျှင် သူတို့ကူညီပါမည်ဟု နောက်တစ်ကြိမ် ကတိထပ်ပေးခဲ့၏။
“ဒါပေမယ့် ကျွန်မအဇူရာတိမ်ဧည့်ဂေဟာမှာတော့ တစ်သက်လုံး မနေနိုင်ဘူးနော်” ယိလင်ပြုံး၍ ပြောလိုက်သည်။
“ရှင်ကျွန်မကို မြို့ထဲမှာ နေစရာနေရာတစ်ခုလောက်ရှာပေးနိုင်မလား”
အဇူရာတိမ်မြို့သည် အတော်လေးဆန်းကြယ်သည်ဟု ယိလင်ခံစားနေရပြီး မြို့အရသာကို တွေ့ကြုံခံစားရန် ထိုမြို့တွင် ပိုကြာကြာနေမည်ဟု သူမဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းယန် ပြုံးလိုက်၏။
“မြို့ကိစ္စမှန်သမျှကို ဂျူနီယာညီလေးကျန်းက ကိုင်တွယ်တာပါ ကျွန်တော်နဲ့လိုက်ခဲ့ သူ့ဆီခေါ်သွားပေးမယ်”
မြို့တော်၀န်စံအိမ်ကြီးထဲတွင် ကျန်းကျစ်ချိုး အတော်လေးအလုပ်ရှုပ်နေခဲ့သည်။ ဒီညသည် အဇူရာတိမ်မြို့၏ မီးမငြိမ်းမြို့ဖွင့်ပွဲည ဖြစ်သောကြောင့် သူအမှားအယွင်းလေးတစ်ခုမှ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် မြို့စောင့်တပ်များက လျှို့ဝှက်ခွာကင်းလှည့်နေပြီး မီးအိမ်များတစ်ညလုံး အလင်းပေးနိုင် မပေးနိုင်ကို လိုက်လံစစ်ဆေးနေခဲ့ကြ၏။
ထိုစဉ် လျူမင်နှင့်ဓာတ်ပုံဆရာယုစုန့်တို့လည်း မြို့အထက်ဆီ ပျံသန်းလာကာ လင်းထိန်နေသော လမ်းများကို မှတ်တမ်းရယူနေခဲ့ကြသည်။ ဤမီးမငြိမ်းမြို့တော်အကြောင်းက နောက်ထွက်မည့်သတင်းစာတွင် ခေါင်းစည်းသတင်း ဖြစ်လာပေလိမ့်မည်။
ကျန်းယန်ကျန်းကျစ်ချိုးကို ယိလင်အတွက် နေရာတစ်ခုစီစဉ်ပေးဖို့ ပြောပေးပြီးနောက်တွင် သူတို့အလွန်အလုပ်နေတာကို သိသောကြောင့် ယိလင်ယဉ်ကျေးစွာပင် သူမတည်းခိုရာအဇူရာတိမ်ဧည့်ဂေဟာဆီ ပြန်သွားခဲ့၏။
သူမထွက်သွားပြီးသည်နှင့် ကျန်းယန်မေးလိုက်သည်။
“အားလုံးအဆင်ပြေလား”
“အခုထိတော့ ပြဿနာမရှိသေးပါဘူး” ကျန်းကျစ်ချိုး စိတ်လှုပ်ရှားစွာပြောလိုက်၏။
“စီနီယာအစ်ကိုကြီးတွေ ကျွန်တော်တို့တွေဒီည သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ပြီလို့ ကျွန်တော်ထင်တယ်”
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။
လူများ ညဉ့်အခါတွင် အိမ်တွင်း၌သာ အောင်းမနေစေရန် သူညပိုင်းအစီအစဉ်များကိုလည်း မြို့ထဲတွင် တိတ်တဆိတ်စီစဉ်ထားသေး၏။
ထို့နောက် သူအဇူရာတိမ်မြို့၏ လူဦးရေအကြောင်း မေးလိုက်လေသည်။
ကျန်းကျစ်ချိုး အမြန် တင်ပြလိုက်၏။
“ကုန်းရှန်ကလွဲပြီး ဒီမြို့မှာအခြေချနေတဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတော့ မရှ်ိပါဘူး
နတ်ဝိညာဉ်အဆင့် ၅ယောက်မြို့ထဲမှာ နေထိုင်ကြပါတယ် အဲ့ဒီထဲက ၄ယောက်က မြို့ကိုရောက်ပြီးမှ အဆင့်ချိုးဖြတ်သွားကြတာပါ
ဝိညာဉ်အခြေတည်အဆင့်က ၁၈၉ယောက်ရှိပါတယ် သူတို့ထဲက အများစုက မြို့ထဲရောက်ပြီးမှ အဆင့်ချိုးဖြတ်သွားခဲ့ကြတာပါ
ရွှေအမြုတေအဆင့်ကတော့ ၅၇၂ယောက်တောင် ရှိနေတာပါ အများစုက အလုပ်လုပ်ရင်း ဆုလဒ်တွေယူရင်း အဆင့်ချိုးဖြတ်သွားကြတဲ့ သူတွေပါ
အခြေခံတည်ဆောက်ခြင်းက အားလုံးပေါင်း ၂၂၃၀၀၀ ရှိပြီး လူဦးရေကဆက်တိုးနေဆဲပါပဲ အစ်ကိုကြီး”
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။ မြို့၏လူဦးရေက သူမျှော်လင့်ထားသော အရေအတွက်သို့တော့ မရောက်သေးပေ။ သို့သော် အဇူရာတိမ်မြို့ကို အခုမှ ဆောက်လုပ်ပြီးစီးထားခြင်း ဖြစ်၏။ နောက်ပိုင်းတွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများနှင့် မိသားစုငယ်လေးများ ထပ်မံရောက်ရှိလာနိုင်သေးသည်။
“ငါတို့တွေ အဇူရာတိမ်မြို့ကို အဆက်မပြတ်တိုးတက်အောင်လုပ်ပြီး လူတွေကို ဆွဲဆောင်ရမယ်” သူလေးလေးနက်နက်ပြောလိုက်၏။
“ဒါပေမယ့် အတွင်းပိုင်းစီမံခန့်ခွဲမှုတွေကိုတော့ တင်းကြပ်ထားရမယ် ငါတို့ဂုဏ်သတင်းကို ထိခိုက်စေလို့မဖြစ်ဘူး”
အဇူရာတိမ်ဂိုဏ်းကို ဗဟိုပြုပြီး ပွဲတော်များ ဖန်တီးဖို့ပင် သူအကြံပြုခဲ့သေးသည်။ ဥပမာ အဇူရာတိမ်ဂိုဏ်းတည်ထောင်သည့်နေ့ကိုအစွဲပြုပြီး အဇူရာတိမ်ပွဲတော်ဟူသော ပွဲတော်မျိုး ကျင်းပဖို့ ဖြစ်၏။
ပွဲတော်အတွင်းတွင် သာမန်လူများက အပြေး ရေကူး အဆို အက နှင့် ဘက်စကက်ဘောလို အရာမျိုးကိုယှဉ်ပြိုင်နိုင်ပြီး ကျင့်ကြံသူများကတော့ အဂ္ဂိရတ်ပညာ လက်နက်သန့်စင်ခြင်း အဆောင်ရေးဆွဲခြင်းနှင့် ၀င်္ကပါတည်ဆောက်ခြင်းလို ကဏ္ဍများတွင် ပါ၀င် ယှဉ်ပြိုင်နိုင်ပေသည်။ အနိုင်ရရှိသူများကတော့ အဇူရာတိမ်ဂိုဏ်းထဲ ၀င်ခွင့်နှင့် ဆုလဒ်များကို ရရှိနိုင်၏။
ကျန်းကျစ်ချိုး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ကျန်းယန်၏ သာမန်အကြံပေးချက်ကပင် မယုံကြည်နိုင်စရာကောင်းလောက်အောင် အမြင်ဆန်းသစ်နေခဲ့၏။ ထို့ကြောင့် သူကျန်းယန်ပြောသမျှကို မေ့မသွားစေရန် စာအုပ်ထဲတွင် ချရေးလေတော့သည်။